Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကြို့ပင်ကောက်မြို့၏ ဖရဲသီးအရောင်းအဝယ်ဖြစ်မှုဈေးကွက်အခြေအနေ

       ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်၊ ဘူတာရုံလမ်း၊ ရထားဘူတာရုံအနီးရှိ ဖရဲသီးရောင်းချသူ ဦးဝင်းထွဋ်အား ဖရဲသီးဈေးကွက်အခြေအနေကိုသိရှိနိုင်ရန်အတွက် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်ရီရီရှိန်သည် (၉-၉-၂၀၂၄)ရက်နေ့တွင် ကွင်းဆင်းမေးမြန်းခဲ့ပါသည်။

        ယခုနှစ်ဖရဲသီးများကို မန္တလေးတိုင်း မလိုင်မြို့၊ ချောင်းဦးမြို့၊ တံတားဦးမြို့များနှင့် မကွေးတိုင်း အောင်လံမြို့၊ ကံမကျွန်းရွာများတွင် မှာယူရောင်းချလျက်ရှိကြောင်းနှင့် ဖရဲမျိုးအစုံ၊ အလုံးအကြီး/ အသေးမျိုးစုံမှာယူရောင်းချကြောင်းသိရှိရပါသည်။ ယခုမှာယူသောမျိုးမှာ (အိန္ဒိယ)မျိုးဟုခေါ်သော ဘာဟုဘာပေးမျိုး အမဲသီး (သို့မဟုတ်) ကျောက်စိမ်းသီးဟုလည်းခေါပြီး အလုံးသေးပြီး ကျွတ်ဆတ်၍ ချိုပါသည်။ အသားနီ၊ အသားဝါဟူ၍ အမျိုးအစား (၂) မျိုးရှိပါသည်။ ၎င်းဖရဲသီးကို စစ်ကိုင်းဘက်မှမှာယူပြီး ၁၀ဘီးကားတစ်စီးလျှင် အလုံးရေ(၂၆၅၀)ပါရှိရာ အသီးတန်ဖိုး ကျပ်(၅၀)သိန်း၊ ကားခ ကျပ်(၁၅)သိန်းဖြင့် ကြို့ပင်ကောက်မြို့သို့ အရောက်ပေးရကြောင်းသိရှိရပါသည်။

         ဈေးနှုန်းဈေးကွက်အနေဖြင့် တစ်လုံးလျှင် (၂၅၀၀/၃၀၀၀/၃၅၀၀) ကျပ်ဖြင့် အလုံးအကြီး/ အသေးပေါ်မူတည်၍ ကိုယ်တိုင်ဆိုင်များတွင် ရောင်းချသည့်အပြင် ဖောက်သည်အသီးဆိုင်များနှင့် အနီးနားမြို့များကိုလည်း တစ်ဆင့်ဖြန့်ပေးကြောင်း၊ ဖရဲသီးစိပ်ဗန်းရွက်သမားများကိုလည်းခွဲပေး၍ ရောင်းချပေးကြောင်း တစ်စိပ်လျှင် (၃၀၀)ကျပ်၊ နှစ်စိပ်လျှင် (၅၀၀)ကျပ်ဖြင့် ရောင်းချကြောင်းသိရပါသည်။

    ယခုအခါ ဖရဲသီးများသည် (၁၂)လရာသီစိုက်ပျိုးသည့်အတွက် အရောင်းပြတ်သည်ဟူ၍မရှိပါ။ တစ်ပတ်လျှင် အသီးများကုန်ပြီး ထပ်၍မှာရကြောင်း၊ အကျိုးအမြတ်အနေဖြင့် ကျပ်သိန်း(၆၅)ရင်းလျှင် ကျပ် (၁၀) သိန်း/ ကျပ် (၁၅) သိန်းခန့်ကျန်ရှိကြောင်း ဖရဲသီးရောင်းချသူထံမှသိရှိရပါသည်။

DOCA(ပဲခူး)

မကွေးမြို့နယ်၌ မိုးမြေပဲများ ရိတ်သိမ်းလျက်ရှိ

     မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်အတွင်းရှိ ကျေးရွာများတွင် နှမ်း၊ ဆီထွက်သီးနှံနှင့် ပဲမျိုးစုံတို့ကို အဓိကထား စိုက်ပျိုးလျက်ရှိကြသည်။  ယခုနှစ်တွင် မကွေးခရိုင်အတွင်း၌ ဩဂုတ်လကုန်တွင် မိုးမြေပဲကို စတင်ရိတ်သိမ်းလျက်ရှိကြောင်း၊ ရိတ်သိမ်းရာတွင် မြေပဲပင်နှုတ်၊ မြေပဲတောင့်ခြွေ ခြင်းများ ပြုလုပ်ရသည့်အတွက် တစ်ရက်လုပ်သားတစ်ဦးလျှင် မြေပဲနှုတ်ခ ကျပ်(၁၂၀၀၀)နှင့် မြေပဲတောင်ခြွေခ တစ်တင်းလျှင် ကျပ်(၃၀၀၀) ပေးရကြောင်း၊ မြေပဲပေါ်ချိန်တွင် လုပ်သားများအနေဖြင့် နေ့စဉ်ဝင်ငွေရရှိ၍ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

    ဈေးနှုန်းအနေဖြင့် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ(ဒုတိယပတ်)တွင် မြေပဲတောင့် တစ်တင်းလျှင် ကျပ်(၁၅၀၀၀-၂၀၀၀၀)  ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး မကွေးမြို့ပေါ်ရှိ ပွဲရုံများသို့ တင်ပို့ရောင်းချပြီး ထိုမှတဆင့် ဒေသတွင်းရှိ ဆီစက်လုပ်ငန်းရှင်များနှင့် မြေပဲကို တန်ဖိုးမြှင့်ထုတ်ကုန် (Value Added) ပြုလုပ်၍ ပြန်လည်ရောင်းချသည့် လုပ်ငန်းရှင်များမှလည်းကောင်း ဝယ်ယူကြကြောင်း၊ ဈေးနှုန်းမှာ ယခင်နှစ်ကထက် ဈေးကောင်းရရှိသောကြောင့် တောင်သူများအနေဖြင့် အကျိုးအမြတ်များ ရရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

 

တောင်ငူမြို့တွင် နာနတ်သီးဈေးကျပြီး ဖရဲသီးဈေးတက်

          တောင်ငူမြို့၊ ညောင်ပင်ဈေးသို့ သီပေါဒေသမှထွက်ရှိသော ပျားရည်သီးဟုအမည်ရသည့် နာနတ်သီးများနှင့် ဖရဲသီးများဝင်ရောက်လျက်ရှိပါသည်။

         နာနတ်သီးမှာ ယခင်ဩဂုတ်လ၊ နောက်ဆုံးအပတ်တွင် အကြီးတစ်လုံးလျှင် ၂၀၀၀ကျပ်၊ နှစ်လုံးဝယ်ယူလျှင် ၃၅၀၀ကျပ်ရှိခဲ့ရာမှ ယခုစက်တင်ဘာလ၊ ဒုတိယအပတ်တွင် တစ်လုံးလျှင် ၁၅၀၀ကျပ်၊ နှစ်လုံးယူလျှင် ၂၅၀၀ကျပ်ဖြင့်ဈေးနှုန်းကျဆင်းလာပါသည်။  

            နာနတ်သီးအသေးမှာ တစ်လုံးလျှင် ယခင်ဩဂုတ်လ၊ နောက်ဆုံးအပတ်တွင် ၁၅၀၀ကျပ်၊ နှစ်လုံးယူလျှင် ၂၅၀၀ကျပ်ရှိခဲ့ရာမှ ယခုစက်တင်ဘာလ၊ ဒုတိယအပတ်တွင် တစ်လုံးလျှင် ၁၀၀၀ကျပ်၊ သုံးလုံးယူလျှင် ၂၅၀၀ကျပ်ဖြင့်ဈေးနှုန်းကျဆင်းလာပါသည်။

            ဖရဲသီးမှာ ယခင်ဩဂုတ်လ၊ နောက်ဆုံးအပတ်တွင် တစ်လုံးလျှင် ၂၅၀၀ကျပ်ရှိခဲ့ရာမှ ယခုစက်တင်ဘာလ၊ ဒုတိယအပတ်တွင် တစ်လုံးလျှင် ၃၀၀၀ကျပ်ဖြင့် ဈေးနှုန်း ၅၀၀ကျပ်မြင့်တက်လာကြောင်း တောင်ငူမြို့ရှိ သစ်သီးဆိုင်များမှသိရပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့တွင် ငါးများဈေးတက်

        တောင်ငူမြို့၊ ညောင်ပင်ဈေးရှိ ငါးဆိုင်များတွင် ငါးမြစ်ချင်းမှာ ယခင်ဩဂုတ်လ နောက်ဆုံးပတ်တွင် တစ်ပိဿာလျှင် ၁၅၀၀၀ကျပ်ရှိခဲ့ရာမှ ယခုစက်တင်ဘာလ၊ ဒုတိယအပတ်တွင် ၁၈၀၀၀ကျပ်ရှိသဖြင့် တစ်ပိဿာလျှင် ၃၀၀၀ကျပ်နှုန်းဖြင့် ဈေးနှုန်းမြင့်တက်လျက်ရှိပါသည်။

          ငါးကြင်းဖြူဈေးမှာ ယခင်ဩဂုတ်လ နောက်ဆုံးပတ်တွင် တစ်ပိဿာလျှင် ၁၈၀၀၀ကျပ်ရှိခဲ့ရာမှ ယခုစက်တင်ဘာလ၊ ဒုတိယအပတ်တွင် တစ်ပိဿာလျှင် ၂၀၀၀၀ကျပ်ရှိသဖြင့် တစ်ပိဿာလျှင် ၂၀၀၀ကျပ်ဈေးနှုန်းမြင့်တက်လာပါသည်။

         ငါးတန်ဈေးမှာ ယခင်ဩဂုတ်လ နောက်ဆုံးပတ်တွင် တစ်ပိဿာလျှင် ၁၀၀၀၀ကျပ်ရှိခဲ့ရာမှ ယခုစက်တင်ဘာလ၊ ဒုတိယအပတ်တွင် တစ်ပိဿာလျှင် ၁၂၀၀၀ကျပ်ရှိသဖြင့် တစ်ပိဿာလျှင် ၂၀၀၀ကျပ်ဈေးနှုန်းမြင့်တက်လာပါသည်။

        ငါးခူဈေးမှာ အကောင်အကြီးအသေးပေါ်မူတည်၍ ယခင်ဩဂုတ်လ နောက်ဆုံးပတ်တွင် တစ်ပိဿာလျှင် ၁၈၀၀၀ကျပ်မှ ၂၀၀၀၀ကျပ်အထိရှိခဲ့ရာမှ ယခုစက်တင်ဘာလ၊ ဒုတိယအပတ်တွင် တစ်ပိဿာလျှင် ၂၂၀၀၀ကျပ်မှ ၂၅၀၀၀ကျပ်အထိရှိသဖြင့် တစ်ပိဿာလျှင် ၂၀၀၀ကျပ်မှ ၃၀၀၀ကျပ်အထိဈေးနှုန်းမြင့်တက်လာကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

ပွင့်ဖြူမြို့နယ်၌ ဥယျာဉ်ခြံမြေသီးနှံဖြစ်သည့် ငှက်ပျော စိုက်ပျိုးခြင်းဖြင့် တောင်သူများတွက်ချေကိုက်

    မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်သည် ဆန်စပါး၊ နှမ်းနှင့် ပဲမျိုးစုံ၊ ပန်းမျိုးစုံနှင့် စားဖိုဆောင်သီးနှံတို့အပြင် ဥယျာဉ်ခြံမြေသီးနှံများလည်း စီးပွားဖြစ်စိုက်ပျိုးလျက်ရှိကြသည်။ ပွင့်ဖြူ မြို့နယ်အတွင်းရှိ ကျေးရွာအများစုတွင် ငှက်ပျောစိုက်ပျိုးကြပြီး စိုက်ဧက (၁၀၀၀) ကျော် စိုက်ပျိုးထားကြောင်း သိရသည်။

     ငှက်ပျောကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လတွင် စတင်စိုက်ပျိုးပြီး ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလတွင် လှိုင်လှိုင်ထွက်ပေါ်ကြောင်း၊ မျိုးအနေဖြင့် ဖီးကြမ်းငှက်ပျောမျိုးကို အများဆုံးစိုက်ပျိုးပြီး ငှက်ပျောချဉ်၊ သီးမွှေးငှက်ပျောနှင့် ရခိုင်ငှက်ပျောမျိုးများလည်း စိုက်ပျိုးကြောင်း၊ တစ်ဧကလျှင် ငှက်ပျောသားတက် (၇၀၀-၈၀၀) ခန့် စိုက်ပျိုးရကြောင်း၊ စိုက်ပျိုးရာတွင် ငှက်ပျောသားတက်များကို အရိပ်အောက်တွင် (၃-၄) ရက် အခြောက်ခံ၍ စိုက်ပျိုးရကြောင်း၊ စိုက်ပျိုးထွက်ရှိမှု ကုန်ကျစရိတ်အနေဖြင့် သားတက်ပြုပြင်ခြင်း အပါအဝင် တစ်ဧကလျှင် ငွေကျပ် သိန်း(၄၀)ခန့် ကုန်ကျပြီး အခိုင်ရေ ၁၃၀၀-၁၄၀၀ ခန့် ထွက်ရှိ၍ တစ်ခိုင်လျှင် ရောင်းတန်းဝင် ဖီးရေ(၄-၅)ဖီးခန့်ရရှိကြောင်း၊ စက်တင်ဘာလ ဒုတိယပတ်တွင် ဖီးကြမ်းငှက်ပျောတစ်ဖီးလျှင် လက်ကားဈေး ငွေကျပ် ၁၅၀၀-၁၈၀၀ ဖြင့် ရောင်းချရပြီး အကျိုးအမြတ် အနေဖြင့် ငွေကျပ် (၃၈) သိန်းခန့် ရရှိကြောင်း၊ ဈေးကွက်အနေဖြင့် မကွေး၊ မင်းဘူး၊ ချောက်၊ ရေနံချောင်းနှင့် ကျောက်ပန်းတောင်းမြို့များသို့ တင်ပို့ရောင်းချကြောင်း၊ ယခုနှစ်တွင် ငှက်ပျောများ ဈေးကောင်းရသောကြောင့် တောင်သူများအနေဖြင့် အကျိုးအမြတ်များရရှိကာ တွက်ခြေကိုက်ကြောင်း ဥယျာဉ်ခြံစိုက်ပျိုးသူထံမှ သိရှိရသည်။

DOCA(မကွေး)

 

စလင်းမြို့နယ်၌ ပဲတောင့်ရှည်သီးနှံများ စိုက်ပျိုးခြင်းဖြင့် တောင်သူများအဆင်ပြေ

     မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်သည် ဆန်စပါး၊ နှမ်းနှင့် ပဲမျိုးစုံတို့အပြင် စားဖိုဆောင်သီးနှံများလည်း စီးပွားဖြစ်စိုက်ပျိုးလျက်ရှိကြသည်။ စလင်းမြို့နယ်၊  ဆင်ချုံးကျေးရွာတွင် ပဲတောင့်ရှည်သီးနှံကို  စိုက်ဧက(၈)ဧကခန့် စိုက်ပျိုးထားကြောင်း သိရသည်။

      ပဲတောင့်ရှည်သီးနှံကို ဇွန်လကုန်ပိုင်းတွင် စိုက်ပျိုးပြီး စက်တင်ဘာလဆန်းပိုင်းတွင် ခူးဆွတ်ရကြောင်း၊ မျိုးအနေဖြင့် ပန်ထွာ(၁၁၁) ပဲတောင့်ရှည်မျိုးစေ့ တစ်ထုပ်လျှင် ငွေကျပ် ၁၉၀၀၀ ဖြင့် ဝယ်ယူပြီး တစ်ဧကလျှင် မျိုးစေ့ (၃) ထုပ်ခန့် စိုက်ပျိုးရကြောင်း၊ စိုက်ပျိုးရာတွင် မြေအောက်ရေတင်စနစ်ဖြင့် အတန်းလိုက်အစေ့ချ၍ စိုက်ပျိုးပြီး ရက်(၂၀)အကြာတွင် တိုင်ထောင်ပေးရကြောင်း၊ စိုက်ပျိုးမှုအတွက် မျိုး၊ သွင်းအားစု၊ ဝါး၊ လုပ်သားခ အပါအဝင် တစ်ဧကလျှင် ငွေကျပ် ၁၁၀၀၀၀၀ ခန့် ကုန်ကျပြီး အထွက်နှုန်းပိဿာ ၂၅၀၀-၃၅၀၀ ခန့် ထွက်ရှိကြောင်း၊ စက်တင်ဘာလ ဒုတိယပတ်တွင် ဈေးနှုန်းအနေဖြင့် ပဲတောင့်ရှည် တစ်ပိဿာလျှင် လက်ကားဈေး ငွေကျပ် ၁၀၀၀-၁၃၀၀ ဖြင့် ရောင်းချရပြီး အကျိုးအမြတ်အနေဖြင့် ငွေကျပ် ၁၄၀၀၀၀၀ ခန့် ရရှိကြောင်း၊ ဈေးကွက်အနေဖြင့် စလင်းမြို့ပေါ်ရှိ ဝယ်လက်များမှ စိုက်ခင်းအထိလာရောက်ဝယ်ယူကြကြောင်း၊ ယခုနှစ်တွင် ပဲတောင့်ရှည် ဈေးနှုန်းကောင်းမွန်မှုကြောင့် တောင်သူများအနေဖြင့် အကျိုးအမြတ်များရရှိကာ အဆင်ပြေလျက်ရှိကြောင်း တောင်သူထံမှ သိရှိရသည်။

DOCA(မကွေး)

ဖြူးမြို့နယ်မှ ပဲတောင့်ရှည် တစ်နိုင်တစ်ပိုင်စိုက်ပျိုးသူများ အပိုဝင်ငွေရ

        ဖြူးမြို့နယ်ရှိ ညောင်ကားယားကျေးရွာနှင့် ကျွန်းကုန်းကျေးရွာများတွင် ပဲတောင့်ရှည်များကို တစ်နိုင်တစ်ပိုင်စိုက်ပျိုးခြင်းဖြင့် အပိုဝင်ငွေများရရှိနေကြပါသည်။ တစ်နည်းအားဖြင့် တိုင်ထောင်ပဲဟုလည်းခေါ်ပါသည်။

          ပဲတောင့်ရှည်အပင်တွင် အပင်ပုနှင့်  အပင်ရှည်ဟူ၍ (၂)မျိုးရှိရာ ဤဒေသတွင် အပင်ရှည်မျိုးကိုသာစိုက်ပျိုးကြပါသည်။ ပဲတောင့်ရှည်သည် ထွန်ရေးအသင့်အတင့်ရှိပြီး ရေမဝပ်သောမြေကိုနှစ်သက်ပါသည်။ ရေရရှိပါက တစ်နှစ်ပတ်လုံးစိုက်ပျိုးနိုင်ပါသည်။

            ပဲတောင့်ရှည်အစေ့ တစ်ထုတ်လျှင် ၂၁၀၀၀ကျပ်ပေးရပြီး အပင် ၂၀၀၀ခန့်ရရှိပါသည်။ ပဲတောင့်ရှည်ကို အပွင့်ပွင့်ပြီး တစ်ပတ်အကြာတွင် ဆွတ်ခူးနိုင်ပါသည်။ ပဲသီးများအား မနုမရင့်တွင် ခူးဆွတ်မှသာ စားကောင်းသဖြင့် ဈေးကွက်ဝင်သည့် ပဲသီးများကိုရရှိမည်ဖြစ်ပါသည်။ တစ်ရက်ခြားစီခူးဆွတ်နိုင်ပါသည်။

         ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ၊ ဒုတိယအပတ်တွင် ပဲတောင့်ရှည် အတောင့် ၂၀ပါ တစ်စည်းလျှင် ၇၀၀ကျပ်ဖြင့် ဖြူးမြို့စည်ပင်သာယာဈေးယာယီပျံကျဈေးများသို့ တင်ပို့ရောင်းချလျက်ရှိပါသည်။ ကြော်စား၊ ချက်စား၊ ပြုတ်စား၊ အစိမ်းစား စသည်ဖြင့် ကြိုက်နှစ်သက်သလိုစားသုံးနိုင်ပြီး ဤဒေသ၌ မုန့်ဟင်းခါးများတွင် ပဲတောင့်ရှည်သီးများကိုထည့်စားကြသဖြင့် ရောင်းအားကောင်းကြောင်း ပဲတောင့်ရှည်စိုက်ပျိုးသူတစ်ဦးထံမှသိရပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့တွင် ရောင်းချလျက်ရှိသည့် ရှမ်းပြည်ထွက် ခေါပုတ်

         တောင်ငူမြို့ရှိ ညောင်ပင်ဈေးသို့ နေရာဒေသအသီးသီးမှ  ဒေသထွက်ကုန်များ၊ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများ လာရောက်ရောင်းချလျက်ရှိရာ ရှမ်းပြည်ဒေသထွက် ခေါပုတ်များမှာလည်း လူကြိုက်များ၍ ရောင်းအားကောင်းကြောင်းသိရပါသည်။

       ခေါပုတ်ကို ကောက်ညှင်းဖြင့်ပြုလုပ်ပြီး မီးကင်၍သော်လည်းကောင်း၊ ဆီဖြင့်ကြော်၍သော်လည်းကောင်း စားသုံးနိုင်ပါသည်။ ခေါပုတ်ကို ထန်းလျက်၊ ဆား၊ သကြား၊ ဆီတို့ဟူး၊ ငါးခြောက် စသည်တို့နှင့် မိမိတို့ကြိုက်နှစ်သက်ရာ အဆာပြေစားသုံးနိုင်ပါသည်။

           ခေါပုတ်ကို ယခင်ဩဂုတ်လတွင် တစ်ထုပ်လျှင် ၁၀၀၀ ကျပ်ဖြင့်ရောင်းချခဲ့ပြီး ယခုစက်တင်ဘာ၊ ဒုတိယအပတ်တွင် တစ်ထုပ်လျှင် ၁၃၀၀ကျပ်၊ နှစ်ထုပ်ယူလျှင် ၂၅၀၀ကျပ်ဖြင့် ရောင်းချကြောင်းသိရပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့တွင် ခရမ်းချဉ်သီးများ ဈေးကျ

        တောင်ငူမြို့၊  ညောင်ပင်ဈေးတွင် ခရမ်းချဉ်သီး(အချိုသီး)မှာ  ယခင်ဩဂုတ်လ၊ နောက်ဆုံးအပတ်တွင် တစ်ပိဿာလျှင် (၁၆၀၀)ကျပ်မှ (၂၀၀၀)ကျပ်အထိရှိခဲ့ရာမှ ယခုစက်တင်ဘာလ၊ဒုတိယအပတ်တွင် တစ်ပိဿာလျှင် (၁၀၀၀)ကျပ်မှ (၁၅၀၀)ကျပ်အထိဖြင့် ဈေးနှုန်း ၅၀၀ကျပ်၊ ခရမ်းချဉ်သီး (အချဉ်သီး)မှာ ယခင်ဩဂုတ်လတွင် တစ်ပိဿာလျှင် (၂၅၀၀)ကျပ်မှ (၃၀၀၀)ကျပ်အထိရှိခဲ့ရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် (၂၀၀၀) ကျပ်မှ (၂၅၀၀) ကျပ်ဖြင့် ဈေးနှုန်းတစ်ပိဿာလျှင် ၅၀၀ကျပ်ကျဆင်းလာပါသည်။

         ခရမ်းသီး(ရှည်/အညို)မှာ တစ်ပိဿာလျှင် ၂၂၀၀ကျပ်မှ ၂၅၀၀ကျပ်အထိ၊ ခရမ်းသီး (ရှည်/ အဖြူ)မှာ တစ်ပိဿာလျှင် ၁၈၀၀ကျပ်မှ ၂၀၀၀ကျပ်အထိဖြင့် ဈေးနှုန်းတည်ငြိမ်နေပြီး (ပြုတ်သီး) ခေါ် ပြုတ်၍ အတို့အဖြစ်စားသုံးကြသော ခရမ်းသီးအသေးများမှာ ယခင်ဩဂုတ်လ၊ နောက်ဆုံးအပတ်တွင် တစ်ပိဿာလျှင် ၂၅၀၀ကျပ်မှ ၃၀၀၀ကျပ်အထိရှိခဲ့ရာမှ ယခုစက်တင်ဘာလ၊ ဒုတိယအပတ်တွင် တစ်ပိဿာလျှင် ၃၅၀၀ကျပ်မှ ၄၉၀၀ကျပ်အထိဖြင့် တစ်ပိဿာလျှင် ၁၀၀၀ကျပ်နှုန်းဖြင့် ဈေးနှုန်းမြင့်တက်လာပါသည်။

           ခရမ်းသီးအဝိုင်းနှင့် ခရမ်းကြွပ်သီးများလည်းပေါ်နေပြီဖြစ်ရာ ပေါ်ကာစအချိန်တွင် ခရမ်းသီး (ဝိုင်း/ အဖြူ)တစ်ပိဿာလျှင် ၂၈၀၀ကျပ်မှ ၃၀၀၀ကျပ်အထိ၊ ခရမ်းသီး(ဝိုင်း/အညို)တစ်ပိဿာလျှင် ၃၂၀၀ကျပ်မှ ၃၅၀၀ကျပ်အထိနှင့် ခရမ်းကြွပ်သီးတစ်ပိဿာလျှင် ၂၅၀၀ကျပ်မှ ၃၀၀၀ကျပ်အထိရောင်းချရကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့တွင် ငရုတ်သီးစိမ်းများဈေးကျ

        တောင်ငူမြို့၊ ညောင်ပင်ဈေးရှိ ဟင်းသီးဟင်းရွက်အရောင်းဆိုင်များတွင် ငရုတ်သီးစိမ်း (ကုလားအော်သီး) မှာ ယခင်ဩဂုတ်လ၊ နောက်ဆုံးအပတ်တွင် တစ်ပိဿာလျှင် ၁၈၀၀၀ကျပ်မှ ၂၀၀၀၀ကျပ်အထိရှိခဲ့ရာမှ ယခုစက်တင်ဘာလ၊ ဒုတိယအပတ်တွင် တစ်ပိဿာလျှင် ၁၀၀၀၀ကျပ်မှ ၁၂၀၀၀ကျပ်အထိဈေးနှုန်းရှိသဖြင့် တစ်ပိဿာလျှင် ၈၀၀၀ကျပ်ဈေးနှုန်းကျဆင်းလာပါသည်။

           ငရုတ်သီးစိမ်း(မိုးထောင်သီး)မှာ ယခင်ဩဂုတ်လ နောက်ဆုံးပတ်တွင် တစ်ပိဿာလျှင် ၁၀၀၀၀ကျပ်ရှိခဲ့ရာမှ ယခုစက်တင်ဘာလ၊ ဒုတိယအပတ်တွင် တစ်ပိဿာလျှင် ၇၅၀၀ကျပ်မှ ၈၀၀၀ကျပ်အထိရှိသဖြင့် တစ်ပိဿာလျှင် ၂၀၀၀ကျပ်မှ ၂၅၀၀ကျပ်ခန့်အထိဈေးနှုန်းကျဆင်းလာပါသည်။

         ငရုတ်သီးစိမ်း(ကျောက်စိမ်းသီး)မှာ ယခင်ဩဂုတ်လ နောက်ဆုံးပတ်တွင် တစ်ပိဿာလျှင် ၇၀၀၀ကျပ်မှ ၈၀၀၀ကျပ်အထိရှိခဲ့ရာမှ ယခုစက်တင်ဘာလ၊ ဒုတိယအပတ်တွင် တစ်ပိဿာလျှင် ၃၀၀၀ကျပ်မှ ၃၅၀၀ကျပ်အထိရှိသဖြင့် တစ်ပိဿာလျှင် ၄၀၀၀ကျပ်မှ ၄၅၀၀ကျပ်အထိဈေးနှုန်းကျဆင်းလာပါသည်။

           ငရုတ်သီးစိမ်းအပွမှာ တစ်ပိဿာလျှင် ၄၅၀၀ကျပ်မှ ၅၀၀၀ကျပ်အထိဖြင့် ဈေးနှုန်းတည်ငြိမ်နေကြောင်း ဟင်းသီးဟင်းရွက်အရောင်းဆိုင်များမှသိရှိရပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း