ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

“(၅.၁၀.၂၀၂၆)ရက်နေ့ မှ (၁၀.၁၀.၂၀၂၆) ရက်နေ့ထိ တစ်ပတ်အတွင်းစားအုန်းဆီ ထုတ်ပေးမှုအခြေအနေ”

      ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်  သီလဝါစက်မှုဇုန်အတွင်းရှိ Wilmar ဆီကန်မှ ထုတ်လုပ်ပေးလျက်ရှိသော စားအုန်းဆီများကို ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်များနှင့် အခြားတိုင်းဒေသကြီး/ ပြည်နယ်များရှိ ဆီကိုယ်စားလှယ်များသို့ စားအုန်းဆီ နေ့စဉ်ထုတ်ပေးလျက်ရှိပါသည်။ ထိုသို့ ထုတ်ပေးလျက်ရှိသော စားအုန်းဆီများအား ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရာတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားအုန်းဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီမှ အပတ်စဉ် သောကြာနေ့တိုင်း ထုတ်ပြန်ထားသော အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းအပေါ် လက်ကား ပြန်လည်ဖြန့်ဖြူး  ရောင်းချသူများအနေဖြင့် ဒေသအရောက် ဈေးနှုန်းများအပေါ် (၂)ရာခိုင်နှုန်း အမြတ်ထက် မပိုသော ဈေးနှုန်းဖြင့်သာ ဈေးကွက်အတွင်းသို့ ပြန်လည်ဖြန့်ဖြူး ရောင်းချစေရေးနှင့် ဈေးနှုန်းအဆ မတန် မြှင့်တင်ရောင်းချခြင်းများ မပြုလုပ်စေရေးတို့အတွက်လည်း တောင်ပိုင်း ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများ ကွင်းဆင်းကြပ်မတ် ဆောင်ရွက်လျက်ရှိရာ (၅.၁၀.၂၀၂၆)ရက်နေ့မှ (၁၀.၁၀.၂၀၂၆) ရက်နေ့အထိ ဆီကုမ္ပဏီ(၂၉)ခုနှင့် စားအုန်းဆီတန်ချိန် (၆၈၉၂.၆၁၁)တန်ကို ထုတ်ပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကြက်သွန်နီဝင်ရောက်ရာ အရပ်ဒေသများနှင့် ဈေးနှုန်းများအခြေအနေ

          ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ(၈) ရက်နေ့တွင် ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကြက်သွန်နီ ဝင်ရောက်ရာဒေသများဖြစ်သည့် ဆိပ်ဖြူ နှင့် မုံရွာဒေသတို့မှ ကြက်သွန်နီ (၇၄၄၀၀၀) ပိဿာဝင် ရောက်ခဲ့ပြီး (၆၀) ရာခိုင်နှုန်းခန့် ပြန်လည်စီးထွက်မှုရှိကြောင်း သိရှိရပါသည်။ ထို့ကြောင့် ကြက်သွန် နီလက်ကျန်မှာ(၂၉၇၆၀၀)ကျန်ရှိကြောင်း ကုန်စည်ဒိုင်သတင်းအရ သိရှိရသည်။ ဆိပ်ဖြူ ကြက်သွန်နီ (အသစ်) အချော တစ်ပိဿာ ကျပ် ၇၅၀၀၊ အသန့်မှာတစ်ပိဿာ ကျပ် ၉၀၀၀၊ အကြီးမှာ ကျပ် ၉၂၀၀၊ ရှယ်မှာ ကျပ် ၉၄၀၀၊ မုံရွာ ကြက်သွန်နီ (အသစ်) အချော တစ်ပိဿာ ကျပ် ၇၆၀၀၊ အသန့်မှာ တစ်ပိဿာ ကျပ် ၉၁၀၀၊ အကြီးမှာ ကျပ် ၉၃၀၀၊ ရှယ်မှာ ကျပ် ၉၅၀၀ ဈေးတို့ အသီးသီးရှိကြောင်း စုံစမ်းသိရှိရပါသည်။

          ယခုတစ်ပတ်တွင် ဆိပ်ဖြူနှင့် မုံရွာကြက်သွန်နီဈေးနှုန်းမှာ ယခင်အပတ်ကထက် ဈေးနှုန်း အနည်းငယ်မြင့်တက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ကြက်သွန်ဖြူ၏ပြည်တွင်းဈေးကွက်

 

လွိုင်ကော်မြို့တွင် ကြက်သွန်ဖြူသည် နေ့စဉ်စားသုံးမှုရှိသော အခြေခံစားဖိုဆောင် သီးနှံဖြစ်သဖြင့် ဝယ်လိုအားပုံမှန်ရှိသည်။ ဒေသတွင်း ထုတ်လုပ်မှုအပြင် ရှမ်းပြည်နယ် တောင်ပိုင်းရှိ တောင်ကြီး၊ အောင်ပန်း၊ ကလော စည့်ဒေသများမှ ကြက်သွန်ဖြူများ ဝင်ရောက်လာပြီး ပြည်တွင်းဈေးကွက်များသို့ ဖြန့်ဖြူးရောင်းချကြသည်။ မြန်မာနိုင်ငံ၏ ကြက်သွန်ဖြူဈေးကွက်တွင်လည်း ရှမ်းကြက်သွန်ဖြူသည် အရေးပါပြီး တောင်ကြီးနှင့် အောင်ပန်းဘက်မှ ထွက်ကုန်များသည် အဓိကအရင်းအမြစ်များအဖြစ်တွေ့ရသည်။ ကြက်သွန်ဖြူသည် မြန်မာနိုင်ငံတွင် နေ့စဉ်ချက်ပြုတ်စားသုံးရာ၌ မရှိမဖြစ်အသုံး ပြုကြသော ဟင်းခတ်အမွှေးအကြိုင် သီးနှံတစ်မျိုးဖြစ်သဖြင့် ပြည်တွင်းဈေးကွက်တွင် ဝယ်လိုအား တည်ငြိမ်စွာရှိသည်။ အိမ်ထောင်စုများသာမက စားသောက်ဆိုင်များ၊ ဟင်းခတ်အမွှေး အကြိုင်ပြုလုပ်သူများနှင့် အစားအစာပြုပြင်ထုတ်လုပ်သည့် လုပ်ငန်းများကလည်း ကြက်သွန်ဖြူကို ပုံမှန်ဝယ်ယူသုံးစွဲကြသည်။ ထို့ကြောင့် ကြက်သွန်ဖြူသည် ရာသီအလိုက် ဈေးနှုန်းအတက်အကျရှိသော်လည်း ပြည်တွင်းတွင် အမြဲတမ်းဈေးကွက်ရှိသော စိုက်ပျိုး ရေးထွက်ကုန်တစ်မျိုးဖြစ်သည်။

          မြန်မာနိုင်ငံတွင် ကြက်သွန်ဖြူကို အဓိကအားဖြင့် ရှမ်းပြည်နယ်တွင် စိုက်ပျိုးကြပြီး အင်းလေး၊ ဟဲဟိုး၊ ပင်းတယ၊ ရွာငံနှင့် အခြားတောင်ပေါ်ဒေသများမှ ထွက်ရှိသော ကြက်သွန်ဖြူများကို ဒေသတွင်းဈေးများမှတစ်ဆင့် မန္တလေး၊ ရန်ကုန်၊ နေပြည်တော်နှင့် အခြားမြို့များသို့ ကုန်သည်များက သယ်ယူဖြန့်ဖြူးရောင်းချကြသည်။ ထို့အပြင် ကယား ပြည်နယ်၊ လွိုင်ကော်မြို့တွင်လည်း ရှမ်းပြည်နယ်ဘက်မှ ဝင်ရောက်လာသောကြက်သွန်ဖြူ များသည်  ပြည်တွင်းစားသုံးသူများ၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးသည့်အရေးပါသော ကုန်သွယ်လမ်းကြောင်းတစ်ခုဖြစ်သည်။

          ကြက်သွန်ဖြူ၏ ဈေးနှုန်းသည် ထွက်ရှိမှုပမာဏ၊ ရာသီဥတုအခြေအနေ၊ ဝယ်လိုအား၊ သယ်ယူပို့ဆောင်ရေးရရိတ်နှင့် သိုလှောင်ထားသောပမာဏ တို့အပေါ်မူတည်၍ ပြောင်းလဲ လေ့ရှိသည်။ ရိတ်သိမ်းချိန်တွင် ကြက်သွန်ဖြူများ ဈေးကွက်အတွင်း အများအပြားဝင်ရောက် လာပါက ရောင်းလိုအားများပြားသဖြင့် ဈေးနှုန်းကျဆင်းနိုင်ပြီး ရာသီကုန်ချိန်တွင် ကုန်စည် လက်ကျန်နည်းလာပါက ဝယ်လိုအားနှင့်ရောင်းလိုအား မမျှတသဖြင့် ဈေးနှုန်းမြင့်တက်နိုင်

သည်။ ထို့အပြင် အလုံးကြီး၍အခြောက်ကောင်းပြီး အရည်အသွေးမြင့်သော ကြက်သွန်ဖြူ များသည် အလုံးသေး သို့မဟုတ် ပျက်စီးမှုရှိသော ကြက်သွန်ဖြူများထက် ဈေးပိုမိုရရှိ တက်သည်။

          ကြက်သွန်ဖြူသည် ပြည်တွင်းစားသုံးမှုမြင့်မားပြီး ဈေးကွက်ဝင်သော သီးနှံတစ်မျိုး ဖြစ်သည်။ ကယားပြည်နယ်အတွင်း ၂၀၂၅-၂၀၂၆ ခုနှစ်တွင် ၁၃၆၆ စိုက်ဧက၊ ၂၁၅၅၁၁၂ ပိဿာခန့်အထွက်နှုန်းရှိကြောင်း သက်ဆိုင်ရာစာရင်းအရသိရပါသည်။ ပြည်နယ်တွင် ကြက်သွန်ဖြူထွက်ရှိသော်လည်း စားသုံးမှု၏လိုအပ်ချက်အရ ရှမ်းတောင်မှ တင်သွင်း ရောင်းချကြောင်း သီရိမင်္ဂလာဈေးတွင် ကြက်သွန်ဖြူ ရှမ်းစ(ဒေသစ) တစ်ပိဿာ (၁၀၀၀၀) ကျပ် နှင့် ကြက်သွန်ဖြူ (ကြူကုပ်) တစ်ပိဿာ (၂၀၀၀၀) ကျပ်ဖြင့် ရောင်းချလျှက်ရှိကြောင်း ဈေးသည်တစ်ဦးထံမှသိရှိရပါသည်။ ထုတ်လုပ်သူများ အနေဖြင့် အရည်အသွေးကောင်းသော မျိုးများကိုစိုက် ပျိုးခြင်း၊  ရိတ်သိမ်းပြီးနောက်  စနစ်တကျအခြောက်ခံခြင်းနှင့်  သိုလှောင် ခြင်း၊  ထို့အပြင် ဈေးကွက်ဝယ်လိုအားကို လေ့လာ၍ အချိန်ကိုက်ရောင်းချခြင်းတို့  ပြုလုပ် နိုင်ပါက ဝင်ငွေနှင့်အကျိုးအမြတ် ပိုမိုရရှိနိုင်မည် ဖြစ်သည်။

DOCA(ကယား)

ဝင်ငွေတိုးရန်ဖရုံသီးစိုက်စို့

 

          ဖရုံသီးသည် မြန်မာနိုင်ငံတွင် လူအများစားသုံးကြသော ဟင်းသီးဟင်းရွက်သီးနှံတစ် မျိုးဖြစ်ပြီး ကယားပြည်နယ်တွင် ဒေသအခြေအနေ၊ မြေအမျိုးအစား၊ ရာသီဥတုအခြေအနေ များနှင့် ကိုက်ညီသောနေရာများ၌ စိုက်ပျိုးကြသည်။ဖရုံးသီးသည် နေရောင်ခြည်ကောင်းစွာ ရရှိပြီး ရေစီးဆင်းမှုကောင်းသော မြေသြေဇာပြည့်ဝသည့်မြေကိုနှစ်သက်သည်။ ထို့ကြောင့် စိုက်ပျိုးမည့်မြေကို ထွန်ယက်ပြင်ဆင်ပြီး နွားချေး၊ မြေဆွေး စသည့် သဘာဝမြေသြေဇာများ ထည့်သွင်းပေးသင့်သည်။ ဖရုံပင်သည် အနွယ်ဝင်ပင်ဖြစ်သောကြောင့် နွယ်များပြန့်ပွားနိုင်ရန် လုံလောက်သောနေရာ ချန်ထားပေးရန်လည်းလိုအပ်ပါသည်။

          ဖရုံသီးကို အများအားဖြင့် မျိုးစေ့မှ စိုက်ပျိုးကြသည်။ အရည်အသွေးကောင်းပြီး ကျန်း မာသောမျိုးစေ့များကိုရွေးချယ်၍ မြေထဲတွင်အပေါက်ပြုလုပ်ကာစိုက်ပျိုးရသည်။ အပင်ပေါက် လာပြီးနောက် အားနည်းသောအပင်များကိုဖယ်ရှားပြီး ကျန်းမာသန်စွမ်းသောအပင်များကို သာ ချန်ထားသင့်သည်။ အပင်ကြီးထွားနေစဉ်အတွင်း မြေမခြောက်စေရန် ရေကိုပုံမှန်ပေးရ ပြီး ပေါင်းပင်များကိုလည်း ရှင်းလင်းပေးရသည်။ ထို့အပြင် အပင်ကြီးထွားမှု ကောင်းစေရန် သင့်တင့်သောမြေသြေဇာများပေးနိုင်ပြီး ပိုးမွှားနှင့် ရောဂါများဖြစ်ပွားမှု ရှိ/မရှိ ကိုလည်း ပုံမှန် စစ်ဆေးပေးရပါသည်။ ဖရုံသီးကို လွိုင်ကော်မြို့၊ လောပိသမြို့နှင့် ဒီးမော့ဆိုမြို့နယ် အတွင်းရှိ ကျေးရွာများတွင် စိုက်ပျိုးကြသည်။

          ဖရုံပင်ကြီးထွားလာသောအခါ အဖိုပန်းနှင့်အမပန်းများပွင့်လာပြီး အမပန်းမှ အသီး များစတင်သီးလာကြပါသည်။ အသီးများသည်အစပိုင်းတွင် သေးငယ်သော်လည်း အချိန်ကြာ လာသည်နှင့်အမျှ ကြီးထွားလာပြီး ရင့်မှည့်လာသည်။ ဖရုံသီးကို အသီးငယ်စဉ်တွင်ဟင်းချက် စားရန်ရိတ်သိမ်းနိုင်သကဲ့သို့ အသီးရင့်မှည့်သောအခါတွင်လည် ရိတ်သိမ်းနိုင်သည်။ အသီး ရင့်လာသောအခါ အခွံမာလာခြင်းတို့ကို တွေ့ရတက်သည်။ ရိတ်သိမ်းရာတွင် အသီးကို မထိ ခိုက်စေရန် အညှာအနည်းငယ်ချန်၍ ဖြတ်ယူသင့်သည်။ ရိတ်သိမ်းပြီးသောဖရုံသီးများကို အရွယ်အစားနှင့်အရည်အသွေးအလိုက် ခွဲခြားပြီး ပျက်စီးနေသောအသီးများကို ဖယ်ရှားပေးရ ပါသည်။ ထို့နောက်လေဝင်လေထွက်ကောင်းပြီး အရိပ်ရသောနေရာတွင်ထားရှိကာဈေးကွက် သို့သယ်ယူရောင်းချနိုင်ပါသည်။ ကယားပြည်နယ်တွင် ထွက်ရှိသော ဖရုံသီးများကို‌ဒေသအ တွင်းရှိဈေးများ၊  လက်ကားကုန်သယ်များနှင့်  စားသောက်ဆိုင်များသို့   ရောင်းချနိုင်ပါသည်။

ဖရုံသီး၏ဈေးနှုန်းသည် ရာသီ၊  အထွက်နှုန်း၊  အရည်အသွေး၊ အရွယ်အစားနှင့် ဝယ်လိုအား တို့အပေါ်မူတည်၍ အတက်အကျရှိနိုင်ပါသည်။ လွိုင်ကော်မြို့ပေါ်ရှိ သီရိမင်္ဂလာဈေးတွင် ဖရုံသီးတစ်လုံးကို ( ၁၅၀၀ မှ ၂၀၀၀ ) ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း ဈေးသည် တစ်ဦးထံမှသိရှိရပါသည်။

          ဖရုံသီးသည် ကယားပြည်နယ်တွင် ဒေသအခြေအနေအလိုက် စိုက်ပျိုးနိုင်ပြီး အိမ်စား ဖို့အတွက်သာမကဘဲ စီးပွားဖြစ်ရောင်းချရန်အတွက်ပါ အသုံးဝင်သော ဟင်းသီးဟင်းရွက်သီး နှံတစ်မျိုးဖြစ်သည်။ မြေကိုစနစ်တကျပြုပြင်ခြင်း၊ အရည်အသွေးကောင်းသောမျိုးစေ့အသုံး ပြုခြင်း၊ ရေနှင့်မြေသြဇာကိုသင့်တင့်စွာပေးခြင်း၊ ပိုးမွှားရောဂါများကို ကာကွယ်ခြင်းနှင့် အထွက်များသောအချိန်တွင် ဈေးနှုန်းကျဆင်းနိုင်သောကြောင့် စိုက်ပျိုးမည့်အချိန်တွင် ဈေး ကွက်ကို ကြိုတင်လေ့လာခြင်းတို့ကိုပြုလုပ်နိုင်ပါက ဖရုံသီးစိုက်ပျိုးခြင်းမှ တောင်သူများ အတွက် ဝင်ငွေရရှိနိုင်မည်ဖြစ်သည်။

DOCA(ကယား)

ကန်စွန်းရွက်ဈေးနှုန်း/ဈေးကွက်အခြေအနေ

 

          ကယားပြည်နယ်တွင် စိုက်ပျိုးထွက်ရှိသော ကန်စွန်းရွက်သည် ဒေသခံများ နေ့စဉ်စားသုံးကြ သော ဟင်းသီးဟင်းရွက်တစ်မျိုးဖြစ်ပြီး ဒေသ၏ဈေးကွက်အတွင် အရောင်းအဝယ်ဖြစ်လျက်ရှိပါ သည်။ ကန်စွန်းရွက်သည် စိုက်ပျိုးပြီးနောက် အချိန်တိုအတွင်း ခူးဆွတ်ရောင်းချနိုင်သည့်အပြင် တစ်ကြိမ်စိုက်ပျိုးပြီး အကြိမ်ကြိမ် ခူးဆွတ်နိုင်သောကြောင့် တောင်သူများအတွက် ပုံမှန်ဝင်ငွေ ရရှိနိုင်သော ဟင်းရွက်တစ်မျိုးဖြစ်သည်။ ထို့အပြင် ကန်စွန်းရွက်ကို လတ်ဆတ်စွာစားသုံးကြသော ကြောင့် ခူးဆွတ်ပြီးနောက် အချိန်ကြာကြာမထားဘဲ ဈေးကွက်သို့ အမြန်တင်ပို့ရောင်းချရန်လိုအပ် ပါသည်။

          ကယားပြည်နယ်ထွက် ကန်စွန်းရွက်များကိုအများအားဖြင့် ဒေသအတွင်းဈေးများ၊ ရပ်ကွက် ဈေးဆိုင်များ၊ ဟင်းသီးဟင်းရွက်ဆိုင်များနှင့် စားသောက်ဆိုင်များသို့ ရောင်းချနိုင်သည်။ ကန်စွန်း ရွက်၏ဈေးနှုန်းမှာ ရာသီအလိုက် ထွက်ရှိမှုပမာဏ၊ စားသုံးသူဝယ်လိုအား၊ ရာသီဥတု၊ သယ်ယူပို့ ဆောင်ရေးစရိတ်နှင့် အရွက်၏ လတ်ဆတ်မှုအပေါ်မူတည်၍ ဈေးအတက်အကျရှိနိုင်ပါသည်။

          ကန်စွန်းရွက်သည် ပုပ်လွယ်ညှိုးလွယ်သော ဟင်းရွက်ဖြစ်သောကြောင့် ခူးဆွတ်ပြီးနောက် သန့်ရှင်းစွာစုစည်းခြင်း၊ အရွယ်အစားနှင့် အရည်အသွေးအလိုက်ခွဲခြားခြင်း၊ အရိပ်ရပြီးအေးမြသော နေရာတွင် ထားရှိခြင်းနှင့် ဈေးကွက်သို့အချိန်မီ ပို့ဆောင်ခြင်းတို့ကို ပြုလုပ်ရန်အရေးကြီးသည်။ အရည်အသွေးကောင်းပြီးလတ်ဆတ်သော ကန်စွန်းရွက်များသည် စားသုံးသူများ၏ ဝယ်လိုအား ပိုမို ရရှိနိုင်သဖြင့် ဈေးကောင်းရရှိနိုင်သည်။ ထို့ကြောင့် ကယားပြည်နယ်တွင် ကန်စွန်းရွက်ကို စနစ်တ ကျစိုက်ပျိုးပြီး ဈေးကွက်အခြေအနေနှင့် ကိုက်ညီအောင်ခူးဆွတ်ရောင်းချနိုင်ပါက တောင်သူများ အတွက် နေ့စဉ်စားသုံးမှုရှိပြီး ဝင်ငွေရရှိနိုင်သော ဟင်းရွက်တစ်မျိုးဖြစ်ပါသည်။ လွိုင်ကော်မြို့ပေါ်ရှိ သီရိမင်္ဂလာဈေးတွင် ကန်စွန်းရွက် တစ်စည်းကို (၅၀၀) ကျပ်ဖြင့် ရောင်းချလျှက်ရှိကြောင်း ဈေးသည်တစ်ဦးထံမှ သိရှိရပါသည်။

DOCA(ကယား)

တောင်သူအကျိုးများမည့် ဈေးကွက်အတွင်းမှ ငှက်ပျောသီးမှည့်

              ငှက်ပျောသီးသည် လူမျိုးမရွေးဘာသာမရွေး စားသုံးကြပါသည်။ မြန်မာဓလေ့အရ ငှက်ပျော ပင်သည် မင်္ဂလာဆောင်နှင့် အလှူပွဲများတွင် အုန်းသီးနှင့် ငှက်ပျောသီးတွဲဖက်ပြီး ရိုးရာဓလေ့အရ ပွဲတင်ပွဲတွင် တွဲဖက်အသုံးပြုလေ့ရှိပါသည်။ ငှက်ပျောပင်ကို မြန်မာအမျိုးသားရေး ပဒေသာပင် ဟု တင်စားခေါ်ကြောင်းသိရှိရပါသည်။ မြန်မာနိုင်ငံတွင် ထင်ရှားသော ငှက်ပျောမျိုးများမှာ ဖီးကြမ်းငှက်ပျော၊ ဗျင်ပြည့်ငှက်ပျော၊ ငှက်ပျောသူငယ်စာ၊ ရခိုင်ငှက်ပျော၊ ဝက်မလွတ်ငှက်ပျော၊ သီးမွှေးငှက်ပျော၊ ရွှေနီငှက်ပျော၊ ရွှေဝါငှက်ပျော၊ နံ့သာပု၊ ထောပတ်၊ ဆင်စွယ်၊ ငှက်ပျောချဉ်၊ သုံးလုံး တစ်ပိဿာ စသည့် ငှက်ပျောမျိုးများ ရှိပါသည်။

          ငှက်ပျောပင်စိုက်ပျိုးရာတွင် ပူအိုက်စိုစွတ်သော၊ အပူပိုင်းမိုးများသော ရာသီများတွင် စိုက်ပျိုးလျှင် ငှက်ပျောအထွက်နှုန်းကောင်းပါသည်။ ငှက်ပျောစိုက်ပျိုးမြေသည် မြေဆီလွှာကောင်းပြီး အလွယ်တကူ  ထွန်ယက်နိုင်သော မြေနှင့် မြေဆွေးဓါတ်နှင့် မြေတွင် အာဟာရဓါတ်ကြွယ်ဝသော မြေအမျိုးအစားနှင့် နုန်းတင်မြေနု၊ သဲနုန်းမြေများတွင် ဖြစ်ထွန်းပါသည်။

          ငှက်ပျောပင်စိုက်ပျိုးပြီး ပင်သက်ခြောက်လ၊ ခုနှစ်လအကြာတွင် သားတက်များ ထွက်လာ ပါသည်။ထွက်လာသော သားတက်များထဲမှ အပင်ကြီးဆုံးနှင့် အသန်ဆုံးအပင်ကို ချန်ထားပြီး ကျန်သားတက်များကို ရှင်းလင်းပစ်ရပါသည်။

          အပင်(၆)လသားရောက်ပြီး အပင်များအား သေချာစွာပြုစုပေးသည်။ မိခင်အပင်မှ ငှက်ပျော ဖူးများစတင်ထွက်ရှိလာပါသည်။ ငှက်ပျောဖူးအတွင်းမှ အပွင့်ကလေးများသည် တဖြေးဖြေး ကြီးလာပြီး ငှက်ပျောခိုင်အဖြစ်ပြောင်းလဲပြီး အသီးများ ထွက်ရှိလာပါသည်။ ငှက်ပျောတစ်ခိုင်တွင် အဖီး ၉ ဖီးမျှ ပါတတ်ပြီး တစ်ဖီးလျှင် အသီး (၁၀)လုံး၊ (၁၅)လုံးခန့်အထိရှိတတ်သည်။ ငှက်ပျောပင် တစ်ပင်လုံးသည် အလွန်အသုံးဝင်သည့်စားပင်တစ်မျိုးဖြစ်သည်။ ငှက်ပျောဖူးကို သုတ်စားခြင်း၊ ချက်ပြုတ်စားခြင်းနှင့် ငှက်ပျောပင်အထဲမှ အူတိုင်လေးများကို မုန့်ဟင်းခါးချက်စားရာတွင် ငှက်ပျောအူကိုထည့်ပြီး စားလေ့ရှိ ပါသည်။ ငှက်ပျောခိုင်ကို ငှက်ပျောသီးအလွန်မရင့်မီ ခုတ်ယူထား ရပါသည်။ ငှက်ပျောပင်သည် ခြံများဖြင့် စိုက်ပျိုးသည့် ဦးရေမှာ မြန်မာနိုင်ငံ၌ ပေါများပါသည်။

          ငှက်ပျောသီးများကို ဈေးကွက်အတွင်းရောင်းချရာတွင် စီးပွားဖြစ်စိုက်ပျိုးသည့်အတွက် ကုန်စည်ဒိုင်ပွဲစားများသည် ခြံအပြတ်ဝယ်ယူလေ့ရှိပါသည်။ တစ်နိုင်တစ်ပိုင် စိုက်ပျိုးသည့် တောင်သူများသည် ဈေးကွက်အတွင်း လက်လီရောင်းချရာတွင် ငှက်ပျောသီးအဖီးအရွယ်အစား အလိုက် ဈေးနှုန်း အသီးသီးဖြင့် ရောင်းချကြပါသည်။

          ငှက်ပျောသီးကို အမှည့်အဖြစ် စားသောက်၍ရသကဲ့သို့ ငှက်ပျောသီးအစိမ်းကိုလည်း စားသောက်ကုန်အဖြစ် ရောင်းချရာတွင် ငှက်ပျောသီးကို အစိမ်းကြော်နှင့် အမှည့်ကြော်အဖြစ်လည်း ဈေးကွက်အတွင်း တစ်နိုင်တစ်ပိုင် မိသားစုစီးပွားအဖြစ်လည်း ရောင်းချကြပါသည်။

          မြန်မာလူမျိုးအများစုသည် ငှက်ပျောသီးမှည့်များအား မြန်မာရိုးရာစားသောက်ဖွယ်ရာအဖြစ် ငှက်ပျောသီးမုန့်၊ ငှက်ပျောသီးရွှေကြည်၊ ငှက်ပျောအုန်းနို့ပေါင်း၊ ငှက်ပျောကော်ပြန့်ကြော်စသည်တို့ သည် ငှက်ပျောသီးဖြင့်ပြုလုပ်ထားပြီး ဈေးကွက်အတွင်း နံနက်စာသရေစာအဖြစ် လည်းကောင်း၊ အချိုပွဲများအဖြစ် ရောင်းချခြင်းဖြင့်လည်း စီးပွားရေးအတွက် အခွင့်အလမ်းတစ်ခု ဖြစ်ပါသည်။

          ငှက်ပျောသီးသည် ယခုအခါ ဈေးကွက်ရှိပြီး ဈေးကောင်းသော အသီးတစ်မျိုးဖြစ်ပါသစည်။ ပဲခူးတိုင်းအတွင်းရှိ ပြည်မြို့နယ်နှင့်အနီးတစ်ဝိုက်ဒေသများတွင် စိုက်ပျိုးသည့် ငှက်ပျောမျိုးများမှာ ဒေသအခေါ် ရခိုင်ငှက်ပျောသီး၊ ဖီးကြမ်းငှက်ပျောသီး၊ သီးမွှေးငှက်ပျောသီးများကို စိုက်ပျိုးပြီး ဈေးကွက်အတွင်း ငှက်ပျောသီးအစိမ်း၊ အမှည့်များကို ရောင်းချရာတွင် တဆင့်ခံဝယ်လက်များသည် ငှက်ပျောခြံများသို့ အခင်းပြတ်(သို့)ခြံပြတ်ဝယ်ယူပြီး ကုန်စည်ဒိုင်များဖြစ်သည့် ရန်ကုန် - မန္တလေးမြို့ ကြီးများသို့ ကုန်တင်ကားကြီးများဖြင့် စနစ်တကျထုတ်ပိုးပြီး တင်ပို့ရောင်းချကြပါသည်။

          တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြသည့် တောင်သူများမှာ ခြံထွက် သီးနှံအဖြစ် မြို့မဈေးများသို့ လက်လီရောင်းချရာတွင် ရခိုင်ငှက်ပျောသီးတစ်ဖီးလျှင် (၂၀၀၀)ကျပ်မှ ၂၅၀၀)ကျပ်နှုန်းဖြင့် လည်းကောင်း၊ဖီးကြမ်းငှက်ပျောသီးများကို (၁၀)လုံး ၊ (၁၅)လုံးပါ တစ်ခိုင်လျှင် (၄၅၀၀)ကျပ်မှ (၅၀၀၀)ကျပ်နှုန်းဖြင့် ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်လျက်ရှိပြီး မြန်မာတို့ဓလေ့ထုံးစံအရ ဝါတွင်းကာလတွင် ငှက်ပျောသီးမျာ အရောင်းအဝယ်နှေးလျက်ရှိပြီး ဝါလကင်းလွတ်သည့် သီတင်းကျွတ်လများတွင် ရိုးရာပွဲတော်များတင်မြောက်ခြင်း၊ အလှူအတန်းများပြုလုပ်ခြင်းနှင့် မင်္ဂလာ ဆောင်ပွဲများဖြင့်စည်ကားသည့်အတွက် ဖီးကြမ်းငှက်ပျောသီးထက် ရခိုင်ငှက်ပျောသီးများမှာ ပိုမို အရောင်းအဝယ်ဖြစ်လျှက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ပြည်မြို့ရှိဈေးကွက်များအတွင်းအရောင်းအဝယ်ဖြစ်လျှက်ရှိသော ကြက်သွန်ဖြူနှင့်အာလူးဈေးနှုန်းဈေးကွက်အခြေအနေ

                    ပြည်ခရိုင်၊ ပြည်မြို့ရှိဈေးကွက်များနှင့် ပွဲရုံများအတွင်းသို့ ကြက်သွန်ဖြူနှင့်အာလူးများကို ရှမ်းပြည်နယ်တောင်ကြီးဘက်မှ အဓိက ဝင်ရောက်မှုရှိသလို အခြားတိုင်းနှင့် ပြည်နယ်များမှ လည်းဝင်ရောက်လျှက်ရှိပါသည်။ တစ်ခါဝင်လျှင် သီးနှံ(၂)မျိုးပေါင်း အိတ် ၃၀၀ခန့်အဝင်ရှိပြီး တစ်အိတ်လျှင် ပိဿာ ၃၀ဝင်ဆံ့ကြောင်း သိရှိရပါသည်။ ဈေးနှုန်းအနေဖြင့် ကြက်သွန်ဖြူ (ရှမ်း)တစ်ပိဿာလျှင် အရွယ်အစားပေါ်မူတည်၍ (၁၅၀၀၀)ကျပ်၊ ကြက်သွန်ဖြူ (ကြူကုတ်) တစ်ပိဿာလျှင် (၁၅၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။ အာလူးသီးနှံ အနေဖြင့် အရွယ်အစားနှင့် အရည်အသွေးပေါ်လိုက်၍ တစ်ပိဿာလျှင် ၄၀၀၀ကျပ်မှ ၆၀၀၀ကျပ်အထိ ဈေးဖြစ်လျှက်ရှိပါသည်။ ကြက်သွန်ဖြူ၊ အာလူးသီးနှံများအနေဖြင့် မိမိတို့ခရိုင် အတွင်း စိုက်ပျိုးထွက်ရှိမှုမရှိသည့်အတွက် အခြားတိုင်းဒေသကြီး/ပြည်နယ်များမှ ထွက်ရှိသော သီးနှံများ ဒေသတွင်း ဝင်ရောက်မှုအား ရောင်းချရခြင်းဖြစ်ပါသည်။ ဒေသတွင်းမှ လက်လီဝယ်ယူသူများ၊ လုပ်ငန်းရှင်များနှင့် အရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။

DOCA(ပဲခူး)

ပြည်ဒေသထွက် ကန်စွန်းဥဈေးကွက်

            ပြည်ခရိုင်၊ ပြည်မြို့ရှိ စည်ပင်သာယာဈေးများနှင့် ရပ်ကွက်ဈေးများတွင် ခရိုင်အတွင်းရှိ မြို့နယ်အသီးသီးမှ ကန်စွန်းဥစိုက်တောင်သူများ လာရောက်ရောင်းချလျက်ရှိသည်။ ပြည်ဈေးကွက်ရှိ  ကန်စွန်းဥများကို ပေါက်ခေါင်း၊ ပန်းတောင်း၊ ရွှေတောင်၊ ပေါင်းတလည်ဘက်မှ အများဆုံးဝင်ရောက် လျက်ရှိပြီး ပြည်မြို့နယ်အနီးတစ်ဝိုက်ရှိ ကျေးရွာများဖြစ်သော မှော်ဇာကျေးရွာ၊ တောင်လုံးညို ကျေးရွာများမှ လာရောက်ရောင်းချလျက်ရှိသည်။ ဈေးကွက်အတွင်း ရောင်းချလျက်ရှိသော ကန်စွန်းဥအမျိုးအစားပေါင်း များစွာရှိပြီး အသားမာမျိုးနှင့် အသားပျော့မျိုးဟူ၍ ခွဲခြားနိုင်သည်။ ကန်စွန်းဥ၏ အရောင်ပေါ်မူတည်၍ အမျိုးအစားခွဲခြားခြင်းဖြစ်သည်။ ကန်စွန်းဥသည် နွေ၊ မိုး၊ ဆောင်း ရာသီအသီးသီးတွင် မြေအခြေအနေပေါ်မူတည်၍ စိုက်ပျိုးကြပြီး ဥများရင့်ပြီး (၅) ပတ်၊ (၆) ပတ်အတွင်း ရိတ်သိမ်းနိုင်သည်။ ပြည်ဈေးကွက်တွင် မြန်မာကန်စွန်းဥ၊ ရွှေကန်စွန်းဥနှင့် ငချိတ် ကန်စွန်းဥများဟူ၍ အမျိုးအစား အမျိုးမျိုးဖြင့် ရောင်းချလျက်ရှိပြီး မြန်မာကန်စွန်းဥနှင့် ရွှေကန်စွန်းဥ တစ်ပိဿာလျှင် ကျပ် (၃၅၀၀ - ၄၀၀၀) အတွင်းရှိပြီး ငချိတ်ကန်စွန်းဥတစ်ပိဿာလျှင် ကျပ် (၄၀၀၀ - ၄၅၀၀) အတွင်း ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

၂၀၂၆ ခုနှစ် အောက်တိုဘာလ ပထမပတ်တွင် ဘုရင့်နောင်ကုန်စည်ဒိုင် ပဲနှမ်းအသင်းမှ မြေပဲ၊ နှမ်းဖြူ၊ နှမ်းနက်တို့၏ FOB ဈေးနှုန်းစာရင်းနှင့် ပဲပုတ်လက်ကျန်စာရင်း

       ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ဘုရင့်နောင်ကုန်စည်ဒိုင် ပဲနှမ်းအသင်းမှ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ပထမပတ်တွင် မြေပဲ၊ နှမ်းဖြူ၊ နှမ်းနက်တို့၏ FOB ဈေးနှုန်းများမှာ မြေပဲ တစ်ပိဿာလျှင် မြေပဲလုံးဆံ ၁၂၅၀၀ ကျပ်ခန့်၊ မြေပဲဆီဆံ တစ်ပိဿာလျှင် ၁၁၈၀၀ ကျပ်ခန့်ရှိ ပါသည်။ မြေပဲစတင်ထွက်ရှိနေပြီဖြစ်ပါသည်။ နှမ်းဖြူ မန္တလေးဈေးမှာ ၄၅ ပိဿာ တစ်အိတ်လျှင် ၄၂၀၀၀၀ ကျပ်ခန့်ရှိပါသည်။ ကျောက်ပန်းတောင်းနှင့် မကွေးတိုင်းဒေသကြီးတို့တွင်  နှမ်းဖြူအသစ် ပေါ်ချိန်ဖြစ်ပါသည်။ နှမ်းနက်(ရိုးရိုး) ဈေးနှုန်းမှာ ၄၅ ပိဿာ တစ်အိတ်လျှင် ၄၇၀၀၀၀ ကျပ်ခန့် ရှိပါသည်။ အောင်လံ၊ တောင်တွင်း၊ မကွေး၊ နတ်မောက်တို့တွင် နှမ်းနက်အသစ်ပေါ်ချိန်ဖြစ်ပါသည်။ ရန်ကုန်ဈေးကွက်တွင် မုန့်ညှင်းဈေးကွက်မရှိပါ၊ ၂၀၂၆ ခုနှစ် အတွက် ပဲပုတ် လက်ကျန်တန်ချိန် (၁၆၅၀၀) ရှိကြောင်း၊ ယခင်တစ်ပတ် စက်တင်ဘာလ စတုတ္ထပတ်တွင် မြေပဲ တစ်ပိဿာလျှင် မြေပဲလုံးဆံ ၁၂၀၀၀ ကျပ်ခန့်ရှိရာမှ ယခုတစ်ပတ်တွင် ၁၁၀၀၀ ကျပ်၊ မြေပဲဆီဆံ တစ်ပိဿာလျှင် ၁၁၀၀၀ ကျပ်ခန့်ရှိရာမှ ယခုတစ်ပတ်တွင် ၁၁၈၀၀ ကျပ်ခန့်ရှိပါကြောင်း၊ ပဲပုတ်လက်ကျန်တန်ချိန် (၁၆၃၀၀) ရှိရာမှ ယခုတစ်ပတ်တွင် ပဲပုတ်လက်ကျန်တန်ချိန် (၁၆၅၀၀) ရှိကြောင်း ကုန်စည်ဒိုင်ပဲနှမ်းအသင်းထံမှ သိရှိရပါသည်။

DOCA(ရန်ကုန်)

တိုင်းဒေသကြီး/ပြည်နယ် မြို့နယ်များအလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါးနှင့် ဥ‌ဈေးနှုန်းများ(၁၃-၁၀-၂၀၂၆)

တိုင်းဒေသကြီး/ပြည်နယ် မြို့နယ်များအလိုက် ၁၃-၁၀ -၂၀၂၆ ရက်နေ့တွင် ဖြစ်ပေါ်လျက်ရှိသော ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါးနှင့် ဥ‌ဈေးနှုန်းများကို ပူးတွဲပါ ဖိုင်တွင် ကြည့်ရှုနိုင်ပါသည်-

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း