Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ပခုက္ကူဈေးကွက်တွင် ပြည်ပပို့ကုန် ပဲစင်းငုံနီများ ဈေးဆက်လက်မြင့်တက်လျက်ရှိ

       မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူကုန်စည်ဒိုင်၌ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ (ပထမပတ်)တွင်  ပဲစင်းငုံနီ ဈေးနှုန်းမှာ တစ်တင်း(၂၀ပိဿာ)လျှင် ကျပ်(၁၂၉၈၀၀)ဈေးဖြင့် နေ့စဉ်ပုံမှန် အရောင်းအဝယ်ဖြစ်နေပါသည်။ ယခင်လ(စက်တင်ဘာ)တွင် ပဲစင်းငုံနီတစ်တင်းလျှင် ကျပ်(၁၁၀၅၀၀) ဈေးပေါက်ခဲ့သဖြင့် ကာလတူဈေးနှုန်းနှိုင်းယှဉ်ပါက ကျပ်(၁၉၃၀၀)ဈေးနှုန်းမြင့်တက်လာကြောင်း တွေ့ရပြီး ယခင်နှစ် (၂၀၂၅ ခုနှစ်)တွင် ပဲစင်းငုံနီ တစ်တင်းလျှင် ကျပ်(၈၀၆၀၀)ဈေးသာ ပေါက်ခဲ့သဖြင့် ယခင်နှစ်နှင့် ဈေးနှုန်းနှိုင်းယှဉ်ပါက ကျပ်(၄၉၂၀၀)ဖြင့် သိသာစွာဈေးနှုန်းမြင့်တက်လာကြောင်း တွေ့ရပါသည်။

          သီးနှံအသစ်ပေါ်ရန် လအနည်းငယ်လိုသေးချိန်တွင် ကုန်သည်များနှင့် လှောင်လက်များထံ၌ ပဲလက်ကျန် နည်းပါးနေခြင်းကြောင့် ဈေးနှုန်းကျဆင်းခြင်းမရှိဘဲ ခိုင်မာနေခြင်း၊ ရန်ကုန်နှင့် မန္တလေး  ကုန်စည်ဒိုင်များတွင် ပဲစင်းငုံနီကို  အရည်အသွေးနှင့် သီးနှံအဟောင်း/ အသစ်အပေါ် မူတည်၍ ဈေးအမြင့်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ လက်ရှိရရှိထားသော ပဲစင်းငုံနီဈေးနှုန်းများသည် တောင်သူများအတွက် စိုက်ပျိုးလိုစိတ်ကို မြှင့်တင်ပေးနိုင်သော်လည်း ရာသီသစ်ပဲများ ဈေးကွက်ထဲ အလုံးအရင်း မဝင်ရောက်မီအထိ ပဲစင်းငုံနီ ဈေးနှုန်းသည် လက်ကျန်နည်းပါးမှုအပေါ်မူတည်ကာ ဈေးအမြင့်တန်းတွင် ဆက်လက် တည်ငြိမ်နိုင်ကြောင်း သိရသည်။

          ပဲစင်းငုံဈေးကွက်သည် အိန္ဒိယနိုင်ငံ၏ ပဲဝယ်လိုအားကောင်းလာသည့်အချက်များကြောင့် ဈေး ဆက်လက်မြင့်တက်ခြင်း၊ လက်ရှိအချိန်သည် သီးနှံရာသီအကူးအပြောင်းဖြစ်သဖြင့် ကုန်သည်များနှင့် လှောင်လက်များထံတွင် ပဲလက်ကျန်နည်းပါးနေခြင်း၊ တောင်သူများနှင့် ကုန်သည်များက ဈေးလျှော့မရောင်းဘဲ တင်းခံထားခြင်းတို့ကြောင့် ဈေးနှုန်းများ ဆက်လက်မြင့်တက်နေခြင်းဖြစ်သည်။ လာမည့် ရာသီသစ် ပဲများ ဈေးကွက်ထဲသို့ အလုံးအရင်းနှင့် မဝင်ရောက်မီကာလအထိ (ဒီဇင်ဘာလ / ဇန်နဝါရီလ မတိုင်ခင်အထိ)ပဲစင်းငုံနီဈေးနှုန်းသည် လက်ရှိ ဈေးတန်းတစ်တင်းလျှင် (၁)သိန်းကျော် ဝန်းကျင်ထက် ဈေးမကျနိုင်ဘဲ အတက်ဘက်သို့ ဆက်လက်ဦးတည်နိုင်ကြောင်း ကုန်သည်များ၏ သုံးသပ်ချက်အရ သိရှိရပါသည်။

DOCA(မကွေး)

မင်းတုန်းဒေသထွက် ရခိုင်ငှက်ပျောသီးများ သရက်မြို့အတွင်း အရောင်းသွက်လျက်ရှိ

      မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့မစည်ပင်ဈေးကြီးနှင့် အခွန်လွတ်ဈေးများတွင် ရခိုင်ငှက်ပျောသီးများ မင်းတုန်းမြို့နယ်ရှိကျေးရွာများမှ ဝင်ရောက်လျက်ရှိပါသည်။ ကျန်းမာရေးနှင့် ခန္ဓာကိုယ်အတွက် ဘက်ပေါင်းစုံမှ အာဟာရဓာတ်များစွာပါရှိသည့် အဖိုးတန်သီးနှံဖြစ်သော ရခိုင်ငှက်ပျောသီးများကို မင်းတုန်းမြို့နယ်ရှိ ကျေးရွာများဖြစ်သည့် အကြီးစားကျေးရွာနှင့် မြို့ဟောင်းကျေးရွာများမှ အများအပြားထွက်ရှိပြီး သရက်မြို့ပေါ်ရှိ ဈေးကွက်များသို့ လာရောက်ရောင်းချကြကြောင်း သိရသည်။

      ရခိုင်ငှက်ပျောသီး ဈေးနှုန်းအနေဖြင့်၂၀၂၆ခုနှစ်၊ အောက်တိုဘာလ (ပထမပတ်)တွင် ရခိုင်ငှက်ပျောသီး (၁)ဖီးလျှင် ကျပ်(၁၇၀၀)ဖြစ်ပြီး (ဒုတိယပတ်)တွင် ရခိုင်ငှက်ပျောသီး (၁)ဖီးလျှင် ကျပ်(၁၅၀၀) ဖြင့် ဈေးကွက်အတွင်း ရောင်းအားကောင်းလျက်ရှိပါသည်။ ဈေးနှုန်းနှိုင်းယှဉ်ပါက ယခု (ဒုတိယပတ်) တွင် ရခိုင်ငှက်ပျောသီး (၁)ဖီးလျှင် ကျပ်(၂၀၀)ကျဆင်းခဲ့ပြီး ရောင်းအားမှာလည်း ပိုမိုကောင်းမွန်ကြောင်း၊ ငှက်ပျောသီး အထွက်နှုန်းလည်းပိုလာကြောင်း၊ ရခိုင်ငှက်ပျောသီး အဖီးတစ်နေ့လျှင်(၅၀)မှ (၇၀)ဖီးအတွင်း ရောင်းချရကြောင်း ရခိုင်ငှက်ပျောသီးများ လက်လီ/လက်ကား ရောင်းချနေသည့်ဈေးသည်(၁)ဦးထံမှ သိရှိရပါသည်။

DOCA(မကွေး)

မြိတ်မြို့တွင် ပြည်သူများအား အခြေခံစားကုန်များအား သက်သာသော နှုန်းထားများဖြင့်ရောင်းချပေးခြင်း

          ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ(၁၀)ရက်နေ့၊ နံနက်(၈း၀၀)နာရီအချိန်တွင် တနင်္သာရီတိုင်း ဒေသကြီးအစိုးရအဖွဲ့၏ စီမံမှုဖြင့် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအပါအဝင် မြိတ်ခရိုင် စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်သမဝါယမဦးစီးဌာနတို့မှ ပူးပေါင်းကူညီမှုဖြင့် ခရိုင်ဆန်ကုန်သည်အသင်းနှင့် ဆန်စက်လုပ်ငန်းရှင်များအသင်း၊ ခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်အသင်းတို့မှ အခြေခံစားသောက်ကုန်များဖြစ်သော စားသုံးဆီ၊ ဆန်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ မန်ကျည်းသီးမှည့်၊ ကုလားပဲခြမ်း၊ အိုင်အိုဒင်းဆား၊ ကန်စွန်းရွက်၊ ကြက်ဥနှင့် ငါးများအား ချမ်းမြေ့သာယာ(၃)လမ်း၊ အင်းလေးမြိုင် (၅)ရပ်တွင် ပြည်သူများအား သက်သာသောဈေးနှုန်းများသတ်မှတ်ကာ ဈေးကားဖြင့် ရောင်းချပေးခဲ့ပြီး အပတ်စဉ် စနေနေ့တိုင်းတွင် မြိတ်မြို့ပေါ်ရှိ ရပ်ကွက်များအလိုက် ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ရာ စားသုံးသူပြည်သူများအနေဖြင့် အခြေခံစားကုန်များအား စျေးနှုန်းသက်သာစွာဖြင့် ဝယ်ယူနိုင်မည့်အပြင် ကုန်စျေးနှုန်းများ ကြီးမြင့်မှုမရှိစေရန်အတွက်လည်း တစ်ဖက်တစ်လမ်းမှ ထိမ်းချုပ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

မြိတ်မြို့ပေါ်တွင် ဖြစ်ပေါ်လျက်ရှိသော ဘူးသီးဈေးနှုန်း

          မြိတ်ခရိုင်အတွင်း သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ စားဖိုဆောင်သီးနှံဖြစ်သော ငရုတ်၊ ကန်စွန်း၊ ခရမ်း၊ ပဲသီး တို့အပြင် ဘူးသီး သီးနှံကိုလည်း စီးပွားဖြစ် စိုက်ပျိုးလာကြပါသည်။ ဘူးသီးစိုက်ပျိုးရာတွင် မြေဆွေး၊ မြေဩဇာများအား သမအောင်ရောမွှေပြီး ဘောင်ပြုလုပ်၍စိုက်ပျိုးရကြောင်း၊ တစ်ပိုင်တစ်နိုင်အနေဖြင့်လည်း မိမိတို့လယ်ယာများနှင့် နေအိမ်များတွင်လည်းစိုက်ပျိုးကြကြောင်း သိရှိရပါသည်။ ဘူးသီးသည် မြန်မာနိုင်ငံတွင် လူအများစားသုံးကြသော ဟင်းသီးဟင်းရွက်တစ်မျိုးဖြစ်သည်။ ဘူးသီးပင်သည် နွယ်ပင်အမျိုးအစားဖြစ်ပြီး အိမ်ခြံဝင်းများ၊ ဥယျာဥ်များနှင့် လယ်ယာမြေများတွင် စိုက်ပျိုးလေ့ရှိကြပါသည်။ ဘူးသီးသည် အာဟာရဓာတ်များစွာပါဝင်ပြီး ရေဓာတ်ပါဝင်မှုမြင့်မားသဖြင့် ပူအိုက်သောရာသီတွင် စားသုံးရန်သင့်တော်သည်။ ဘူးသီးကို ဟင်းချက်စားခြင်း၊ ပြုတ်စားခြင်း၊ အကြော်ကြော်စားခြင်းတို့ ပြုလုပ်၍စားသုံးနိုင်သည်။ ဘူးသီးတွင် ဗီတာမင်ဓာတ်များပါဝင်ပြီး အမျှင်ဓာတ်လည်း ကြွယ်ဝသောကြောင့် စားသုံးသင့်သည်။ ဘူးသီးပင်မှ အသီးတင်မက ရွက်နု၊ အညွန့်များကိုလည်း အသုတ်၊ ဟင်းများတွင် ထည့်သွင်းချက်ပြုတ် စားသုံးကြပြီး စားသောက်ဖွယ်ရာတစ်ခု အဖြစ်သာမက အိမ်ထောင်စုဝင်ငွေရရန်အလို့ငှာစိုက်ပျိုးနိုင်သော သီးနှံတစ်မျိုးလည်းဖြစ်သည်။ ရာသီဥတုဒဏ်ခံနိုင်မှုနှင့် ဈေးကွက်ဝယ်လိုအားကောင်းမွန်သည့်အတွက် လွယ်ကူစွာစိုက်ပျိုးနိုင်သည်။ မြိတ် မြို့ပေါ်တွင် ဘူးသီးဈေးနှုန်းမှာ အရွယ်အစားပေါ်မှု၍ တစ်လုံးလျှင်(၃၅၀၀)ကျပ်နှင့် (၄၀၀၀)ကျပ် ရှိကြောင်း သိရှိရပါသည်။ ထို့ကြောင့် ဘူးသီးသည် စိုက်ပျိုးရလွယ်ကူပြီး ဈေးကွက်အတွင်း ရောင်းဝယ်မှုကောင်းမွန်သောကြောင့် တောင်သူများအတွက် အသုံးဝင်သော အသီးတစ်မျိုး ဖြစ်သကဲ့သို့ စိုက်ပျိုးသူများ ယခင်ကထက် ပိုမို များပြားလာသည်ဟုလည်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

တနင်္သာရီတိုင်း၊ မြိတ်မြို့ပေါ်တွင် ရောင်းချလျက်ရှိသော အခြေခံစားကုန်အခြေအနေ

        ၂၀၂၆ခုနှစ်၊ အောက်တိုဘာလဒုတိယပတ်တွင် မြိတ်မြို့တွင် စားဖိုဆောင်သုံးကုန်များဖြစ်သည့် အခြေခံစားကုန်ဈေးနှုန်းမှာ ဖျာပုံပေါ်ဆန်း ဆန်တစ်ပြည်လျှင် (၇၈၀၀)ကျပ်၊ ဧည့်မထ(စူပါ) တစ်ပြည်လျှင်(၄၃၀၀)ကျပ်၊ မြေပဲဆီတစ်ပိဿာလျှင် (၂၃၀၀၀)ကျပ်၊ စားအုန်းဆီတစ်ပိဿာလျှင် (၈၆၇၀)ကျပ်၊ ငရုတ်ခြောက်တစ်ပိဿာလျှင် (၂၂၀၀၀)ကျပ်၊ ကြက်သွန်နီတစ်ပိဿာလျှင် (၁၂၀၀၀) ကျပ်၊ ကြက်သွန်ဖြူ (ရှမ်း)တစ်ပိဿာလျှင်(၁၂၀၀၀)ကျပ်၊ ကြက်သွန်ဖြူ(ကြူဂုတ်)တစ်ပိဿာလျှင် (၁၄၀၀၀)ကျပ်၊ ချင်းတစ်ပိဿာလျှင်(၇၀၀၀)ကျပ်၊ မြေပဲဆံတစ်ပိဿာလျှင်(၁၆၀၀၀)ကျပ်၊ ကုလား ပဲခြမ်းတစ်ပိဿာလျှင် (၇၅၀၀)ကျပ်၊ အာလူး တစ်ပိဿာလျှင်(၆၅၀၀)ကျပ်၊ သကြားတစ်ပိဿာလျှင် (၅၀၀၀)ကျပ်၊ ပဲနီလေးတစ်ပိဿာလျှင် (၁၃၀၀၀)ကျပ်၊ မန်ကျည်းသီးအစေ့လွတ်တစ်ပိဿာလျှင် (၁၂၀၀၀)ကျပ်၊ ဆားတစ်ပိဿာလျှင် (၂၀၀၀)ကျပ်၊ ကြက်ဥတစ်လုံးလျှင် (၆၅၀)ကျပ်နှင့် ဘဲဥတစ်လုံး လျှင်(၇၅၀)ကျပ်ဖြင့် အသီးသီးရောင်းချလျက်ရှိပြီး ဂေါ်ဖီထုတ်တစ်လုံးလျှင်(၆၀၀၀)ကျပ်၊ ခရမ်းချဥ် သီးတစ်ပိဿာလျှင်(၆၅၀၀)ကျပ်၊ကြက်သား(cp)တစ်ပိဿာလျှင်(၂၃၅၀၀)ကျပ်၊ဝက်သားတစ်ပိဿာ လျှင်(၂၉၀၀၀)ကျပ်၊ အမဲသားတစ်ပိဿာလျှင်(၂၈၀၀၀)ကျပ်၊ ဆိတ်သား တစ်ပိဿာလျှင်(၄၀၀၀၀) ကျပ်ဖြင့် ရောင်းချကြကြောင်းသိရှိရပါသည်။ မြိတ်မြို့ပေါ်ရှိ အခြေခံစားကုန်စျေးများမှာ စက်တင် ဘာလ စတုတ္ထအပတ်အတွင်း မိုးလေများ သည်းထန်စွာရွာသွန်းတိုက်ခတ်ခဲ့ပြီး ရန်ကုန်-မော်လမြိုင်-ထားဝယ်-မြိတ် ပြည်ထောင်စုကားလမ်းမကြီး ထားဝယ်-မြိတ်လမ်းပိုင်းတွင် ရေကြီး၊ တောင်ပြိုကာ လမ်းပိုင်းများပျက်စီးခဲ့သည့်အပြင် မြိတ်-တနင်္သာရီ-ကော့သောင်း လမ်းမကြီးတွင်လည်း တနင်္သာရီ မြစ်ရေတက်ကာ ကားလမ်းရေကျော်ခဲ့ခြင်းများဖြစ်ပေါ်ခဲ့ရာကုန်စည်စီးဆင်းမှုများ ခက်ခဲသွားသဖြင့် ယခုအပတ်အတွင်း စျေးနှုန်းများမြင့်တက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

တနင်္သာရီတိုင်း၊ မြိတ်မြို့ပေါ်ရှိ အုန်းသီးနုရည်(ခေါ်)အုန်းစိမ်းရည်

       တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့၊ ထားဝယ်မြို့တွင် အုန်းပင်သည် အလွန်ပင်များပြားသော အပင်တစ်မျိုးဖြစ်သည်။ အုန်းပင်ကို မြန်မာနိုင်ငံအနှံ့အပြားနှင့် ပင်လယ်ကမ်းရိုးတန်း ဒေသများတွင် အများအပြား ပေါက်လေ့ရှိသည်။ ယခုပူပြင်းသောရာသီများတွင် မြိတ်မြို့တွင် အုန်းစိမ်းရည်များ အရောင်းသွက်လျက်ရှိပြီး အုန်းစိမ်းဝယ်ရောင်းလုပ်ငန်းရှင်များမှ ခြံအရောက်ကိုယ်တိုင် အပင်တက်ခူးသည့်စနစ်ဖြင့် သွားရောက်ခူးဆွက်ဝယ်ယူကြကြောင်း သိရှိရပါသည်။ အုန်းစိမ်းရည်ကို သဘာဝအတိုင်း သောက်သုံးခြင်းအပြင် အချို့မှာ အုန်းစိမ်းဂျယ်လီပြုလုပ်ခြင်း၊ အုန်းစိမ်းရေခဲမုန့်များ ပြုလုပ်ရောင်းချကြကြောင်း သိရှိရပါသည်။ တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်အတွင်းရှိ အုန်းသီးနုရည်ကို ဈေးကြီးများနှင့် လမ်းဘေးဈေးသည်များတွင် အလွန်ပင် အရောင်းသွက်နေကြောင်းလည်း တွေ့ရှိရပါသည်။ အုန်းစိမ်းရည် ရောင်းချရန်အတွက် အုန်းစိမ်းရည်ကို ဒေသတွင်းစားသူံးသူများသောကြောင့် ဈေးကွက်ချဲ့ထွင်သူများလည်း အလွန်ပင်များပြားလာကြောင်းလည်း သိရှိရပါသည်။ အုန်းစိမ်းရည်များကို အုန်းချိုမွှေးနှင့် အုန်းဂျယ်လီများလည်း ပြုလုပ်ရောင်းချကြကြောင်းလည်း သိရှိရပါသည်။ အုန်းစိမ်းရည်သည် ပိုတက်စီ ယမ်ကြွယ်ဝစွာ ပါဝင်သောကြောင့် အားအင်များကိုလည်း ပြန်လည်ဖြည့်တင်းပေးပါသည်။ မြိတ်မြို့ပေါ်တွင် အုန်းသီးနုရည်တစ်လုံးလျှင် (၃၅၀၀)ကျပ်ရှိကြောင်း တွေ့ရှိရပါသည်။

DOCA(တနင်္သာရီ)

စားအုန်းဆီအခြေခံလက်ကား ရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ငွေကျပ် ၇,၃၆၉ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ

 

      စားသုံးသူပြည်သူများ စားသုံးဆီဝယ်ယူစားသုံးရာတွင် ဘေးအန္တရာယ် ကင်းရှင်းပြီး သင့်တင့်သောဈေးနှုန်းဖြင့်ဝယ်ယူစားသုံးနိုင်စေရန်နှင့်ပြည်တွင်းလိုအပ်ချက်များကို ဖြည့်ဆည်း ပေးနိုင်ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်း သိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရပါသည်။

          စားအုန်းဆီကို ပြည်ပမှဝယ်ယူတင်သွင်းရာတွင် စားအုန်းဆီ တင်ပို့သည့်နိုင်ငံများ၏ စျေးနှုန်းအတက်အကျပေါ်မူတည်၍ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးနှုန်းများ ဖြစ်ပေါ် စေရေးကို ထိန်းကျောင်းဆောင်ရွက်လျက်ရှိပါသည်။

          ပြည်ပမှစားအုန်းဆီထုတ်လုပ်တင်ပို့သည့်နိုင်ငံများတွင် ဈေးကွက်နှင့်ဈေးနှုန်းဖြစ်ပေါ်မှု များအရ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက်နေ့မှ ၂၂ ရက်နေ့အထိ ရန်ကုန် အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာလျှင် ငွေကျပ် ၇,၃၆၉ ဖြစ်ကြောင်း စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီ က အသိပေးထုတ်ပြန် ကြေညာထားကြောင်း သိရှိရပါ​သည်။  

          စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို အပတ်စဉ် သောကြာနေ့တိုင်း ထုတ် ပြန်ကြေညာလျက်ရှိပြီး စားသုံးသူပြည်သူများအနေဖြင့် စားသုံးသူရေးရာဦးစီးဌာန၏ Website: www.doca.gov.mm၊  Facebook Page  နှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း၏ Facebook Page တို့တွင် ဝင်ရောက် ကြည့်ရှုလေ့လာနိုင်ကြောင်း သိရှိရပါသည်။

ကရင်ပြည်နယ်အတွင်းရှိ ကြက်ဥ၊ ဘဲဥ ဈေးနှုန်းဈေးကွက်

 

 

          ကရင်ပြည်နယ်အတွင်းရှိ စီးပွားရေးနှင့်ကုန်စည်စီးဆင်းမှု အဓိကကျသောမြို့နယ်များ ဖြစ်သည့် ဘားအံ၊ ကော့ကရိတ်၊ မြဝတီ၊ လှိုင်းဘွဲ့နှင့်ကြာအင်းဆိပ်ကြီးမြို့နယ်များတွင် အခြေခံ စားသောက်ကုန်တစ်မျိုးဖြစ်သော  ကြက်ဥ၊ ဘဲဥနှင့်ဆေးဘဲဥဈေးကွက်မှာ ဒေသတွင်း သယ်ယူပို့ ဆောင်ရေးစရိတ်ပေါ်မူတည်၍ အပြောင်းအလဲရှိနေပါသည်။ ဘားအံမြို့သည် ကရင်ပြည်နယ်၏ ဘားအံမြို့သည် မြို့တော် ဖြစ်သည်နှင့်အညီ ရန်ကုန်၊ ပဲခူး၊ တောင်ကြီးဘက်မှဝင်ရောက်လာသော ကြက်ဥများနှင့် ဒေသတွင်း မွေးမြူရေး ခြံထွက်ဥများကို အဓိကဖြန့်ချိရာ နေရာဖြစ်ပါသည်။ မြို့မဈေး၊ ရေပေါ်ဈေးနှင့် အခြားမြို့တွင်း ဈေးများမှာပါ အရောင်းအဝယ်သွက်ပြီး အခြားမြို့နယ်များသို့လည်း လက်ကားပြန်လည် ဖြန့်ဖြူးပေးနေသော မြို့တစ်မြို့ဖြစ်သည်။ ထိုင်းနိုင်ငံဘက်မှ တင်သွင်းလာသည့် ကုန်စည်များအပြင် ပြည်တွင်း အောက်ပြည်အောက်ရွာဘက်မှ တင်သွင်းလာသည့် ကြက်ဥ၊ ဘဲဥများ ကိုပါ လက်ခံရရှိသောဈေးကွက်ဖြစ်သည်။ နယ်စပ်ဒေသဖြစ်သဖြင့် ငွေကြေး လဲလှယ်နှုန်းနှင့် လမ်းပန်းဆက်သွယ်ရေး အခြေအနေအပေါ်မူတည်၍ ဈေးနှုန်း အတက်အကျမြန်ဆန်သည့် ဈေးကွက် ဖြစ်သည်။ ကော့ကရိတ်မြို့နှင့်ကြာအင်းဆိပ်ကြီးမြို့နယ်များသည် ဘားအံနှင့်မြဝတီဘက်မှ ကုန်စည် များကို မှီခိုအားထားရသော မြို့နယ်များဖြစ်သည်။ လှိုင်းဘွဲ့မြို့နယ်သည် ဒေသတွင်း စိုက်ပျိုးမွေးမြူ ရေး လုပ်ငန်းများကိုလုပ်ကိုင်ကြပြီး အနီးဆုံးမြို့တော် ဘားအံမှတစ်ဆင့် ကြက်ဥနှင့်ဘဲဥများကို အဓိကမှာယူ တင်သွင်းဖြန့်ချိလျက်ရှိ သည်။ ယခုကာလဒေသတွင်း ကြက်ဥ၊ ဘဲဥဈေးနှုန်းများ မှာ မွေးမြူရေးကြက်ဥ အလုံးကြီးတစ်လုံး လျှင်(၆၀၀)ကျပ်၊ အလုံးလတ်တစ်လုံးလျှင်(၅၅၀)ကျပ်၊ အလုံးသေးတစ်လုံးလျှင်(၅၀၀)ကျပ်၊ ဘဲဥ အလုံးကြီး တစ်လုံး လျှင် (၇၀၀)ကျပ်၊ အလုံးသေးတစ်လုံး လျှင် (၅၅၀)ကျပ်နှင့် ဆေးဘဲဥ တစ်လုံးလျှင် (၁၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း ဒေသခံ ကြက်ဥ၊ ဘဲဥ အရောင်းဆိုင်များမှ သိရပါသည်။

DOCA(ကရင်)

ကရင်ပြည်နယ်ဒေသထွက်ပီလောပီနံဈေးနှုန်းဈေးကွက်

 

 

          ပီလောပီနံပင်သည် နှစ်ရှည်ခံချုံပုတ်ပင်အမျိုးအစားဖြစ်ပြီး ပင်စည်မှာ သစ်သားကဲ့သို့မာ ကျော၍ အူတိုင်အခေါင်းပွသည့်အပင်မျိုးဖြစ်ကာ ကာဘိုဟိုက်ဒရိတ်ဓာတ် တတိယအများဆုံးပါဝင် သည့် သီးနှံဖြစ်သည့်အပြင် စိုက်ပျိုးကုန်ကျစရိတ်နဲနဲဖြင့် စိုက်ပျိုးနိုင်ပြီး အကြမ်းခံကာ တစ်ဧက အထွက်နှုန်းမြင့်မား၍ မြန်မာနိုင်ငံအနှံ့အပြားတွင် စိုက်ပျိုးနိုင်သောသီးနှံဖြစ်ကြောင်း သိရသည်။  

 ကရင်ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးတွင် အဓိက စီးပွားဖြစ်သီးနံတစ်ခုအဖြစ်သည့် ပီလောပီနံကို ဘားအံ၊ ကြာအင်းဆိပ်ကြီး၊ ကော့ကရိတ်၊ ဖာပွန်နှင့် လှိုင်းဘွဲ့၊ မြဝတီ၊ နှင့် ဘုရားသုံးဆူ စသည့်မြို့နယ်များတွင် အဓိကထားစိုက်ပျိုးကြသည်။ ဒေသတွင်း တောင်ကုန်းမြေနှင့် မြေလွတ် မြေရိုင်းများတွင် သီးထပ်သီးညှပ်အဖြစ်လည်းကောင်းစိုက်ပျိုးကြသည်။ ပြည်နယ်တစ်ခုလုံးအနေဖြင့် စိုက်ပျိုးဧက ၅၁၄၆ ခန့်ရှိပြီး၊ ရိတ်သိမ်းဧကမှာလည်း ၅၁၄၆ ဧကဖြစ်ပါသည်။ ပျမ်းမျှအထွက်နှုန်း သည် မြေဆီလွှာနှင့်ပြုပြင်ထိန်းသိမ်းမှုပေါ်မူတည်၍ ၃၃၆၅.၃ ခန့်ရှိကာ စုစုပေါင်းအထွက်နှုန်းမှာ ၁၇၃၁၇၈၀၅ ခန့် အထိ ရှိပါသည်။ နည်းစနစ်ကျ စိုက်ပျိုးနိုင်ပါက တစ်ဧကလျှင် တန်၁၅ အထက်အထိ ထွက်ရှိနိုင်သော်လည်း ဒေသခံတောင်သူအများ စုမှာ ရိုးရာစိုက်ပျိုးနည်းစနစ်များကိုသာ အသုံးပြုကြဆဲ ဖြစ်သည်။ ခန့်မှန်းကုန်ကျစရိတ်များမှာ ပီလောပီနံ တစ်ဧကလျှင်     ကျပ် ၅ သိန်း မှ၂၀ သိန်း ဝန်းကျင်ခန့်၊ အထွက်နှုန်း တစ်ဧကလျှင် ကျပ် ၃၀ သိန်း မှ ကျပ် ၄၅ သိန်း ဝန်းကျင်ခန့် နှင့် ထုတ်လုပ်မှုစရိတ် ပေါ်မူတည်၍အပြောင်းအလဲရှိနိုင်သည။ အသားတင်အကျိုးအမြတ်မှာတော့ တစ်ဧကလျှင် ကျပ် ၁၀ သိန်း မှ ၂၀ သိန်း ဝန်းကျင်ခန့်အထိရရှိနိုင်ပါသည်။

          ကရင်ပြည်နယ်ဒေသထွက် ပီလောပီနံများကို တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် ကော်ရည်၊ ကော်မှုန့်၊ အချိုမှုန့်၊ အရက်နှင့်နို့မှုန့်အစားထိုးပစ္စည်းများအဖြစ်လည်းကောင်း၊ တိရစ္ဆာန်အစားအစာ အဖြစ်လည်းကောင်း၊ စက်မှုကုန်ကြမ်းသီးနှံတစ်ခုအဖြစ်လည်းကောင်း လူတို့၏နေ့စဉ်ဘဝတွင် များစွာပါဝင်လျက်ရှိပြီး ပြည်တွင်းနှင့် ပြည်ပ ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံ၊ အန္ဒိယနိုင်ငံတို့မှ ဝယ်လိုအား ရှိပြီး သီးနှံစိုက်ပျိုးရာတွင် ကုန်ကျစရိတ်ကျဉ်းပြီး အထွက်နှုန်းမြင့်မားသောကြောင့် တောင်သူများ အနေဖြင့် ပီလောပီနံကို တိုးချဲ့စိုက်ပျိုးသင့်သော  သီးနှံတစ်မျိုးဖြစ်ပါကြောင်း စုံစမ်းသိရှိရသည်။

DOCA(ကရင်)

         

မြင်းခြံကုန်စည်ဒိုင်(MDCCI ) တွင် ပဲမျိုးစုံအရောင်းအဝယ်ဖြစ်လျက်ရှိသောဈေးနှုန်းဈေးကွက်

             မြင်းခြံခရိုင်သည် ပဲမျိုးစုံအဓိကစိုက်ပျိုးထုတ်လုပ်လျက်ရှိပြီး၊ စိုက်ပျိုးသောသီးနှံများမှာ ပဲစဉ်းငုံနီ၊ မတ်ပဲ၊ ကုလားပဲ၊ ပဲတီစိမ်း၊ ပဲနောက်၊ ပဲကြီးနှင့် ဆီထွက်သီးနှံများဖြစ်သော မြေပဲ၊ နှမ်းမျိုးစုံတို့ကို အဓိကစိုက်ပျိုးကြသည်။ မြင်းခြံကုန်စည်ဒိုင် (MDCCI)တွင် အများဆုံး အရောင်း အဝယ်ဖြစ်သော သီးနှံများမှာ ပဲစဉ်းငုံနီ၊ ပဲတီစိမ်း၊ ကုလားပဲမျိုးစုံနှင့် နှမ်းတို့ကို ဥပုသ် နေ့မှ လွဲ၍  ကုန်စည်ဒိုင်သာမက  မြို့ပေါ်ရှိပွဲရုံများတွင်လည်း နေ့စဉ်အရောင်းအဝယ် ဖြစ်လျှက်ရှိ ကြောင်းသိရှိရသည်။

           ၂၀၂၆ခုနှစ်၊ စက်တင်ဘာလ နောက်ဆုံးပတ်တွင် အရောင်းအဝယ်ဖြစ်လျှက်ရှိသော ဈေးနှုန်း များမှာ ပဲစဉ်းငုံနီ တစ်တင်းလျှင်  (၁၁၀၀၀၀)ကျပ်၊ ပဲစဉ်းငုံအဖြူတစ်တင်း လျှင်(၁၀၀၀၀၀) ကျပ်၊ မတ်ပဲတစ်တင်းလျှင်ကျပ် (၉၇၀၀၀-၁၀၀၀၀၀)၊ ပဲတီစိမ်းတစ်တင်းလျှင်(၇၅၀၀၀-၇၉၀၀၀)ကျပ်၊ မြေပဲဆံ S1 (၁၇၇၈၀၀) ကျပ်၊ ကုလားပဲ (V2) တစ်တင်းလျှင် (၈၂၀၀၀)ကျပ်၊ နှမ်းညိုတစ်တင်းလျှင် (၁၆၆၀၀၀)ကျပ်ပေါက်ဈေးများဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိကြောင်း၊ တစ်ပတ်အတွင်း အိတ် အရောင်းအဝယ်ဖြစ်မှုမှာ တစ်တင်းခွဲဝင် ပဲစဉ်းငုံနီ (၅၀)အိတ်၊ ပဲတီစိမ်း  (၂၀၀)အိတ်၊ ကုလားပဲ (၃၀၀)အိတ်၊ မြေပဲဆံ S1 (၅၀၀)အိတ်၊ နှမ်းညို (၂၀၀) အိတ် တို့ဖြင့်အရောင်းအဝယ် ဖြစ်လျက် ရှိကြောင်း၊ ဈေးကွက်တင်ပို့မှုအနေဖြင့် မန္တလေးမြို့၊ မကွေးမြို့နှင့် ရန်ကုန်မြို့ရှိ ဘုရင့်နောင် ကုန်စည်ဒိုင်သို့ တင်ပို့ရောင်းချကြောင်း၊ ယခုအချိန်ပဲသစ်များစိုက်ပျိုးချိန်ဖြစ်၍သီးနှံများထွက် ပေါ်မှုမရှိသောကာလဖြစ်သောကြောင့် ကုန်လက်ကျန်များ ဒေသတွင်းပွဲရုံများတွင် လျော့နည်း လာပြီဖြစ်ကြောင်း ပဲကုန်သည်တစ်ဦး၏ ပြောပြချက်အရသိရှိရသည်။

DOCA(မန္တလေး)      

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း