Main menu

ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

ကမ္ဘောဒီးယားနိုင်ငံနှင့် တူရကီနိုင်ငံတို့ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဆက်ဆံရေး ပိုမိုခိုင်မာစေရေး ကတိပြု

          ကမ္ဘောဒီးယားနိုင်ငံနှင့် တူရကီနိုင်ငံတို့သည် နှစ်နိုင်ငံ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့ဆောင်ရွက်ရန် ကတိပြုခဲ့ကြပြီး ပိုမိုခိုင်မာသော ကုန်သွယ်ရေး၊ ရင်းနှီးမြှပ်နှံမှုနှင့် ဖွံဖြိုးတိုးတက်ရေးမိတ်ဖက်များအတွက် အကောင်းမြင်မှုများကို ဖော်ပြခဲ့ကြသည်။ ၆.၆.၂၀၂၅ ရက်နေ့တွင် အမျိုးသားအလွှတ်တော် နန်းတော်တွင် တူရကီသံအမတ်ကြီး Mesut Ozcan နှင့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ Khuon Sudary အား ဂါရဝပြုတွေ့ဆုံစဉ် ကတိပြုခဲ့ကြခြင်း ဖြစ်သည်။ တွေ့ဆုံစဉ်အတွင်း နှစ်ဖက်လုံးမှ နှစ်နိုင်ငံအကြား ရေရှည်ချစ်ကြည်ရင်းနှီးမှုကို အလေးပေးဖော်ပြခဲ့ကြပြီး နိုင်ငံတကာဥပဒေနှင့် ဘက်စုံပါဝင်အမှုအပေါ် ကတိကဝတ်သည် ပိုမိုနက်ရှိုင်းသော ထိတွေ့ဆက်ဆံမှုများအတွက် အခြေခံအုတ်မြစ်ဖြစ်ကြောင်း ဖော်ပြခဲ့ကြသည်။ Sudary က Mesut Ozcan သည် နှစ်နိုင်ငံဆက်ဆံရေးကို မြှင့်တင်ပေးနိုင်မည်ဟု ယုံကြည်ကြောင်း၊ ဒေသတွင်း တည်ငြိမ်မှုနှင့် ပွင့်လင်းသောနိုင်ငံတကာ အစီအစဉ်တစ်ခုကို ထိန်းသိမ်းရန် အရေးကြီးကြောင်းနှင့် စီးပွားရေးတိုးတက်မှုကို ထိန်းသိမ်းရန် ငြိမ်းချမ်းရေးသည် မရှိမဖြစ်လိုအပ်ကြောင်း ထောက်ပြခဲ့သည်။ Sudary က စီးပွားရေးကိစ္စများတွင် ကမ္ဘောဒီးယား-တူရကီ ပူးတွဲစီးပွားရေးကော်မတီ (JEC) ကို ခရီးသွားလုပ်ငန်း၊ ပညာရေးနှင့် ယဉ်ကျေးမှု ဖလှယ်ရေးတို့တွင် အရေးကြီးကြောင်းနှင့် အဆင့်မြင့်ဖလှယ်မှုများမှတဆင့် နှစ်နိုင်ငံဆက်ဆံရေးကို မဟာ ဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးအဖြစ် မြှင့်တင်နိုင်ရန် မျှော်လင့်ကြောင်းပြောကြားခဲ့သည်။ Ozcan က အစိုးရနှင့် လွှတ်တော်လမ်းကြောင်းများမှတဆင့် ကမ္ဘောဒီးယားနိုင်ငံနှင့် ပူးပေါင်း ဆောင်ရွက်မှု အားကောင်းလာစေရန် ကတိပြုကြောင်း၊ တူရကီပူးပေါင်းဆောင်ရွက်ရေးနှင့် ညှိနှိုင်းရေးအေဂျင်စီ (TIKA) မှတဆင့် ဆက်လက်လုပ်ဆောင်နေသော ဖွံ့ဖြိုးတိုးတက်ရေး အကူအညီများကိုလည်းပံ့ပိုးသွားမည်ဖြစ်ကြောင်း အလေးပေးပြောကြားခဲ့သည်။ နှစ်နိုင်ငံမှ တာဝန်ရှိသူများသည် နှစ်နိုင်ငံဆက်ဆံရေးတိုးမြင့်လာခြင်းသည် အပြန်အလှန်စီးပွားရေး အကျိုးကျေးဇူးများစွာရရှိစေမည်ဖြစ်ပြီး ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကို ပံ့ပိုးပေးမည်ဟု ယုံကြည်ကြောင်း ဖော်ပြခဲ့ကြောင်း သိရှိရပါသည်။

Source: Khmer Times

DOCA(ရန်ကုန်)                                                          

အိန္ဒိယနိုင်ငံက ငါး၊ ပုစွန် မွေးမြူရေးထုတ်ကုန်များ တင်ပို့ရန် ဥရောပသမဂ္ဂ (EU) ၏ ခွင့်ပြုချက်ရရှိ

       ဥရောပသမဂ္ဂ (EU) သည် ၎င်းတို့၏ ပြင်ဆင်သတ်မှတ်လိုက်သော လုပ်ထုံးလုပ်နည်းဘောင်အောက်တွင် လာမည့် စက်တင်ဘာလနောက်ပိုင်း၌လည်း ငါး၊ ပုစွန် မွေးမြူရေးထုတ်ကုန်များ၊ ကြက်ဥ/ဘဲဥ၊ ပျားရည်နှင့် တိရစ္ဆာန်အူချောင်းခွံများကို ၂၇ နိုင်ငံပါဝင်သော EU အဖွဲ့ဝင်နိုင်ငံများသို့ ဆက်လက်တင်ပို့ခွင့်ရှိသည့် နိုင်ငံများစာရင်းတွင် အိန္ဒိယနိုင်ငံကို ထည့်သွင်းပေးခဲ့ကြောင်း သိရပါသည်။

         ပိုးသတ်ဆေးဒဏ်ခံနိုင်ရည်ရှိလာမှုအပေါ် စိုးရိမ်ပူပန်မှုများ မြင့်တက်လာခြင်းကြောင့် ဥရောပသမဂ္ဂသည် စည်းမျဉ်း (EU) 2021/405 အား ပြင်ဆင်ချက်တစ်ရပ်ကို အကြောင်းကြားစာ ထုတ်ပြန်ခဲ့ကြောင်း ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဇွန်လ ၈ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။ ယခုပြင်ဆင်လိုက်သော စည်းမျဉ်းသည် ၂၀၂၆ ခုနှစ် စက်တင်ဘာလမှစတင်၍ အာဏာတည်မည်ဖြစ်ပြီး၊ ဥရောပသမဂ္ဂ (EU) သို့ သတ်မှတ်ထားသော တိရစ္ဆာန်အခြေခံထုတ်ကုန်များတင်ပို့သည့် နိုင်ငံများအတွက် နောက်ထပ်လိုအပ်ချက်များကို ပြဋ္ဌာန်းထားကြောင်း သိရပါသည်။

        ခွင့်ပြုချက်ရရှိထားသည့် နိုင်ငံများစာရင်းတွင် အိန္ဒိယနိုင်ငံ ပါဝင်လာခြင်းကြောင့် ၂၀၂၆ ခုနှစ် စက်တင်ဘာလနောက်ပိုင်းတွင်လည်း အဆိုပါထုတ်ကုန်များကို ဥရောပသမဂ္ဂဈေးကွက်သို့ အဆက်မပြတ် ဆက်လက်တင်ပို့နိုင်မည်ဖြစ်ကြောင်း အိန္ဒိယနိုင်ငံ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ထုတ်ပြန်သော ထုတ်ပြန်ချက်များအရ သိရပါသည်။ လက်ရှိတွင် အိန္ဒိယနိုင်ငံမှ EU သို့ ငါးနှင့် ရေထွက်ကုန်ပစ္စည်း တင်ပို့မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁.၅၉ ဘီလီယံခန့် ရှိနေသဖြင့် ယခုခွင့်ပြုချက်သည် အထူးသဖြင့် ငါးလုပ်ငန်းကဏ္ဍအတွက် များစွာအရေးပါလှ ကြောင်း သိရှိရပါသည်။

Source: the pioneer                                                                   

DOCA (ရန်ကုန်)

ပုစွန်တင်ပို့မှုအငြင်းပွားခြင်းနှင့် ပတ်သက်၍ ထိုင်းနိုင်ငံထံမှ အကြောင်းပြန်ကြားချက် မရရှိသေးကြောင်း မလေးရှားနိုင်ငံမှ ပြောကြား

         ပင်လယ်စာတင်သွင်းမှု ပိတ်ပင်ခြင်းနှင့် ပတ်သက်၍ နှစ်နိုင်ငံကြား အငြင်းပွားမှုများ ဆက်လက်ဖြစ်ပွားနေစဉ်၊ သန့်ရှင်းရေးနှင့် ပိုးမွှားကင်းစင်ရေးဆိုင်ရာ စိုးရိမ်ပူပန်မှုများအပေါ် ထိုင်းနိုင်ငံ၏ တုံ့ပြန်ချက်ကို မလေးရှားနိုင်ငံက စောင့်ဆိုင်းနေဆဲဖြစ်ကြောင်း သိရပါသည်။ မလေးရှား ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် Adnan Hussain က ဇွန်လ ၈ ရက်နေ့တွင် ပိတ်ပင်ကန့်သတ်မှုကို ပြန်လည်ရုပ်သိမ်းရန် ဆုံးဖြတ်ခြင်းမပြုမီ ကြိုတင်သတ်မှတ်ထားသော စည်းကမ်းချက်တစ်ခုဖြစ်သည့် ထိုင်းနိုင်ငံမှ တင်သွင်းသော ပုစွန်များ၏ ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ စိုးရိမ်ပူပန်မှုများနှင့် ပတ်သက်၍ ထိုင်းနိုင်ငံထံမှ မည်သည့်အဖြေမျှ မရရှိသေးကြောင်း ပြောကြားခဲ့ကြောင်း သိရသည်။

    ၎င်း၏ ပြောကြားချက်သည် ထိုင်းနိုင်ငံ စိုက်ပျိုးရေးနှင့် သမဝါယမဝန်ကြီး Suriya Juangroongruangkit ပြောကြားခဲ့သည့်အချက်များနှင့် ကွဲလွဲနေကြောင်း သိရပါသည်။ ဇွန်လ ၅ ရက်နေ့တွင် ထိုင်းငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ပြည့်စုံသော ရှင်းလင်းချက်ကို ပေးပို့ထားပြီးဖြစ်ကြောင်းနှင့် မလေးရှားဘက်မှလည်း အပြုသဘောဆောင်သည့် တုံ့ပြန်မှုကို ရရှိထားပြီးဖြစ်ကြောင်း မစ္စတာ Suriya က ပြောကြားခဲ့ပါသည်။

          ထိုင်းနိုင်ငံဘက်က ဓာတုကြွင်းကျန်ပစ္စည်း ညစ်ညမ်းမှုကို တွေ့ရှိရသည်ဟုဆိုကာ ကက်ကတစ်ငါး (seabass) များအပေါ် တင်းကျပ်စွာ စစ်ဆေးမှုများ ပြုလုပ်ခဲ့ခြင်းကို မလေးရှားက တုံ့ပြန်သည့်အနေဖြင့် ဇွန်လ ၁ ရက်နေ့မှစတင်ကာ ထိုင်းနိုင်ငံမှ ပုစွန်မျိုးစိတ် ၅ မျိုး တင်သွင်းမှုကို ပိတ်ပင်ခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။

          မလေးရှားနိုင်ငံမှ ကက်ကတစ်ငါး တင်ပို့သူများကလည်း ဆုန်ခလာ (Songkhla) ပြည်နယ်ရှိ စဒေါင် (Sadao) နယ်စပ်စစ်ဆေးရေးဂိတ်တွင် စစ်ဆေးမှုများ ပြုလုပ်ရာ၌ ကုန်ပစ္စည်း ရှင်းလင်းရေးအတွက် တစ်ရက်မှ နှစ်ရက်အထိ ကြာမြင့်နိုင်သဖြင့် ကုန်ပစ္စည်း၏ လတ်ဆတ်မှုကို ထိခိုက်စေသည်ဟု တိုင်ကြားထားကြကြောင်း သိရပါသည်။

           ထိုင်းနိုင်ငံအစိုးရ၏ အချက်အလက်များအရ ထိုင်းနိုင်ငံသည် မလေးရှားနိုင်ငံသို့ လစဉ် ပုစွန်တန်ချိန် ၄၀၀ ခန့် (တန်ဖိုးအားဖြင့် ဘတ် ၄၄ သန်းခန့်) တင်ပို့လျက်ရှိကြောင်း သိရပါသည်။ အကယ်၍ ယခုအငြင်းပွားမှုသည် ရေရှည်ဆွဲနေမည်ဆိုပါက ထိခိုက်နစ်နာမှုမှာ ဘတ် ၂ ဘီလီယံကျော်အထိ ရှိလာနိုင်ကြောင်း ပုစွန်လုပ်ငန်းရှင်များအသင်းက ခန့်မှန်းထားပါသည်။

           ထိုင်းနိုင်ငံအစိုးရပြောရေးဆိုခွင့်ရှိသူ Rachada Dhanadirek က ဇွန်လ ၇ ရက်နေ့တွင် နှစ်နိုင်ငံစလုံး အနေဖြင့် ယခုပုစွန်အငြင်းပွားမှုကို အမြန်ဆုံးဖြေရှင်းရန် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ သို့သော်လည်း ပုစွန်မွေးမြူရေးတောင်သူများကို ကာကွယ်ရန် အတွက် ယခုကိစ္စကို ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) နှင့် အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) တို့တွင် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ရန် ထိုင်းနိုင်ငံဘက်က စဉ်းစားနေကြောင်းလည်း ၎င်းက ဆက်လက်ပြောကြားခဲ့ကြောင်း သိရပါသည်။

       ထို့အပြင် ဒုတိယအစိုးရပြောရေးဆိုခွင့်ရှိသူ Rachada Dhanadirek က ထိုင်းပုစွန်များအတွက် အစားထိုးဈေးကွက်များ ရှာဖွေနိုင်ရန် အစိုးရက ကြိုးပမ်းအားထုတ်မှုများကို အရှိန်မြှင့်လုပ်ဆောင်နေကြောင်း၊ ယင်းမှာ မွေးမြူရေးခြံထွက်ဈေးနှုန်းများကျဆင်းမှုကို တားဆီးရန်နှင့် တောင်သူများအပေါ် သက်ရောက်မည့် ဒဏ်ကိုလျှော့ချရန် အာဏာပိုင်များက ကြိုးပမ်းနေခြင်းဖြစ်သည်ဟု ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Source: Bangkok Post                                                     

DOCA (ရန်ကုန်)

အင်ဒိုနီးရှား၏ ပို့ကုန်စည်းမျဉ်းများကြောင့် အာရှကျောက်မီးသွေးဈေးနှုန်း နှစ်နှစ်အတွင်း အမြင့်ဆုံးသို့ ရောက်ရှိ

        အင်ဒိုနီးရှားနိုင်ငံ၏ ပို့ကုန်စည်းမျဉ်းအသစ်များကြောင့် ကုန်စည်တင်ပို့မှုများ ကြန့်ကြာကာ ထောက်ပံ့မှုလျော့နည်းသွားခြင်း၊ နွေရာသီအစတွင် လျှပ်စစ်ဓာတ်အားပေးစက်ရုံသုံး လောင်စာဆီဝယ်လိုအား မြင့်တက်လာခြင်းတို့နှင့် တိုက်ဆိုင်ပြီး အာရှဒေသတွင်း အဓိကကျောက်မီးသွေး ရည်ညွှန်းဈေးနှုန်းမှာ နှစ်နှစ်နီးပါးကာလအတွင်း အမြင့်ဆုံးအဆင့်သို့ မြင့်တက်သွားခဲ့ကြောင်း သိရပါသည်။

         ဇွန်လအတွက် သတ်မှတ်ထားသော သြစတြေးလျ နယူးကာဆယ် (Newcastle) ကျောက်မီးသွေး ကြိုပွိုင့်ဈေးနှုန်းမှာ တနင်္လာနေ့တွင် ၁.၅ ရာခိုင်နှုန်း မြင့်တက်ကာ တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၁၅၁ ဒေါ်လာ (ရင်းဂစ် ၆၁၄.၇၂) သို့ ရောက်ရှိခဲ့ပြီး၊ ယင်းမှာ ၂၀၂၄ ခုနှစ် မေလနောက်ပိုင်း ရှေ့ပြေးစာချုပ်တစ်ခုအတွက် တစ်ရက်တာအတွင်း အမြင့်ဆုံးဈေးနှုန်း ဖြစ်လာခဲ့ကြောင်း သိရပါသည်။

           အင်ဒိုနီးရှားနိုင်ငံသည် ကျောက်မီးသွေးအပါအဝင် အဓိကကုန်စည်များ တင်ပို့မှုကို ၎င်းတို့ကိုယ်တိုင် ထိန်းချုပ်သွားမည်ဖြစ်ကြောင်း ပြီးခဲ့သည့်လက ပြောကြားခဲ့ပြီး၊ ဇွန်လတွင် စတင်ကျင့်သုံးခဲ့သည့် စနစ်အသစ်ကြောင့် ရှုပ်ထွေးမှုများဖြစ်ပေါ်ကာ ကမ္ဘာ့အကြီးဆုံး ကျောက်မီးသွေးတင်ပို့သည့် နိုင်ငံမှ ကုန်ပစ္စည်းပေးပို့မှုများ ကြန့်ကြာခဲ့ရကြောင်း သိရပါသည်။ ယင်းအခြေအနေကြောင့် အဆိုပါ လိုအပ်ချက်ကို ဖြည့်ဆည်းရန်အတွက် သြစတြေးလျ၏ ထောက်ပံ့မှုအပေါ် မျှော်လင့်ချက်များ မြင့်တက်လာခဲ့ပါသည်။

         ထို့အပြင် အာရှအရှေ့မြောက်ပိုင်းတွင် ပိုမိုပူပြင်းသော ရာသီဥတု ရောက်ရှိလာတော့မည်ဖြစ်သောကြောင့် လာမည့်လအနည်းငယ်အတွင်း ကျောက်မီးသွေးဝယ်လိုအား ပိုမိုမြင့်တက်လာရန် မျှော်လင့်ထားပြီး၊ အဓိကကျောက်မီးသွေးသုံးစွဲသည့် တရုတ်နိုင်ငံကဲ့သို့ ဈေးကွက်ကြီးများတွင် လေအေးပေးစက် အသုံးပြုမှုများလည်း မြင့်တက်လာမည်ဖြစ်ကြောင်း သိရပါသည်။

         တစ်ချိန်တည်းမှာပင် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) ပိတ်ဆို့မှုနှင့် ကာတာနိုင်ငံရှိ အကြီးဆုံး ကုန်ထုတ်လုပ်ငန်းအပေါ် တိုက်ခိုက်မှုများကြောင့် ကမ္ဘာလုံးဆိုင်ရာ သဘာဝဓာတ်ငွေ့စီးဆင်းမှု၏ ၂၀ ရာခိုင်နှုန်းခန့် ပြတ်တောက်သွားခဲ့ပြီးနောက်၊ ဂျပန်နိုင်ငံကဲ့သို့ သော နိုင်ငံများသည် သဘာဝဓာတ်ငွေ့ရည် (LNG) အပေါ် မှီခိုနေရမှုကို လျှော့ချရန်အတွက် ကျောက်မီးသွေးအသုံးပြုမှုကို တိုးမြှင့်နေကြကြောင်း သိရပါသည်။ သြစတြေးလျ ကျောက်မီးသွေးကို အဓိကဝယ်ယူနေသည့် ဂျပန်နိုင်ငံရှိ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံများသည် ၂၀၂၅ခုနှစ်နှင့် နှိုင်းယှဉ်ပါက ပိုမိုမြင့်မားသောနှုန်းထားဖြင့် လည်ပတ်လျက်ရှိပါသည်။

          ဓာတ်ငွေ့ဈေးကွက် ဆက်လက်ကျပ်တည်းနေမည့် အခြေအနေကို အခြေခံတွက်ချက်ပါက ဓာတ်အားပေးစက်ရုံများ ပိုမိုတိုးမြှင့်လည်ပတ်လာခြင်းကြောင့် ၂၀၂၆ ခုနှစ်တွင် အာရှ၏ ကျောက်မီးသွေးသုံးစွဲမှုသည် တန်ချိန် ၇၀ သန်းနီးပါးအထိ မြင့်တက်လာလိမ့်မည်ဖြစ်ကြောင်း Rystad Energy မှ ထုတ်ပြန်သော ထုတ်ပြန်ချက်များအရ သိရှိရပါသည်။

Source: The Edge Malaysia                                                        

DOCA (ရန်ကုန်)

၂၀၂၆ ခုနှစ်တွင် အီလက်ထရွန်နစ်ပစ္စည်း တင်ပို့မှုမှ ရင်းဂစ် ၈၀၀ ဘီလီယံအထိ ရရှိရန် မျှော်မှန်းနေသည့် မလေးရှားနိုင်ငံ

          မလေးရှားနိုင်ငံ၏ ဆီမီးကွန်ဒက်တာ(semiconductors) အပါအဝင် လျှပ်စစ်နှင့် အီလက်ထရွန်နစ် (E&E) ပစ္စည်းများ တင်ပို့မှုသည် ယခုနှစ်အတွင်း ရင်းဂစ် ၈၀၀ ဘီလီယံ (RM800 billion) ကျော်အထိ ရှိလာနိုင်ကြောင်း နိုင်ငံ၏ ချစ်ပ် (chip) လုပ်ငန်းဆိုင်ရာ အကြီးအကဲက ပြောကြားခဲ့ကြောင်း သိရသည်။

           လျှပ်စစ်နှင့်အီလက်ထရောနစ်ပစ္စည်းများ တင်ပို့မှုသည် ၂၀၂၄ ခုနှစ်က ရင်းဂစ် ၆၀၁ ဘီလီယံ ရှိခဲ့ရာမှ ၂၀၂၅ ခုနှစ်တွင် ရင်းဂစ် ၇၁၁ ဘီလီယံအထိ မြင့်တက်လာခဲ့ပါသည်။ မလေးရှား ဆီမီးကွန်ဒက်တာ စက်မှုလုပ်ငန်းအသင်း (MSIA) ဥက္ကဋ္ဌ Datuk Seri Wong Siew Hai က Bloomberg TV မှ Haslinda Amin နှင့် ပြုလုပ်ခဲ့သော အင်တာဗျူးတစ်ခုတွင် "ဒီအရှိန်အဟုန် ကျဆင်းသွားမယ်လို့ ကျွန်တော်မမြင်ပါဘူး၊ ဒါက ဆက်ပြီးတိုးတက်နေမှာပါ။ အမှန်တော့ ယခုနှစ်မှာ ဒီထက်မက ပိုမိုမြင့်မားတဲ့ ကိန်းဂဏန်းတွေ ဖြစ်လာနိုင်ပါတယ်" ဟု ပြောကြားခဲ့ပါသည်။ မလေးရှားနိုင်ငံ၏ လျှပ်စစ်နှင့်အီလက်ထရောနစ်ပစ္စည်းများ တင်ပို့မှု စုစုပေါင်း၏ ၆၅ ရာခိုင်နှုန်းခန့်မှာ ဆီမီးကွန်ဒက်တာများ ဖြစ်ကြောင်း သိရပါသည်။

         အီရန်နိုင်ငံတွင် ဖြစ်ပွားနေသော စစ်ပွဲကြောင့် ဟီလီယံ (helium) ဓာတ်ငွေ့စျေးနှုန်းများ မြင့်တက်လာပြီး၊ ယင်းက ဆီမီးကွန်ဒက်တာ ထုတ်လုပ်မှုအပေါ် ကုန်ကျစရိတ်ဖိအားများ ပိုမိုဖြစ်ပေါ်စေခဲ့သော်လည်း ယခုခန့်မှန်းချက်ကို အောင်မြင်စွာရရှိနိုင်ဖွယ်ရှိနေကြောင်း သိရပါသည်။ ထို့အပြင် ထုတ်လုပ်မှုအပေါ် သက်ရောက်မှုမရှိသေးကြောင်းနှင့် မလေးရှား ချစ်ပ်ကုမ္ပဏီများသည် ပထဝီနိုင်ငံရေး တင်းမာမှုများ၊ အခွန်စည်းကြပ်မှု ဖိအားများနှင့် ရင်းဂစ်ငွေကြေး အားကောင်းလာမှုများကို ကျော်ဖြတ်ကာ "အခုအချိန်အထိ အဆင်ပြေချောမွေ့စွာ လုပ်ကိုင်နိုင်နေကြဆဲ" ဖြစ်ကြောင်း Wong ၏ ပြောကြားချက်အရ သိရပါသည်။

          မလေးရှားနိုင်ငံသည် ဆီမီးကွန်ဒက်တာ ထောက်ပံ့မှုကွင်းဆက်တွင် ပိုမိုမြင့်မားသော အဆင့်တစ်ခုသို့ တက်လှမ်းရန် ကြိုးပမ်းနေကြောင်းနှင့် အရှေ့တောင်အာရှနိုင်ငံတစ်ခုဖြစ်သည့် မလေးရှားနိုင်ငံသည် အမေရိကန်နိုင်ငံနှင့် တရုတ်နိုင်ငံ ဈေးကွက်နှစ်ခုလုံးကို ဝန်ဆောင်မှု ပေးနိုင်သည့် နေရာကောင်းတစ်ခုဖြစ်သောကြောင့် ဝယ်လိုအားကို ဖြည့်ဆည်းပေးရန် "မျိုးဆက်တစ်ခုတွင် တစ်ကြိမ်သာ ရနိုင်ခဲသော" အခွင့်အရေးကို ရရှိထားကြောင်း Wong က ပြောကြားခဲ့ပါသည်။

         ထို့အပြင် Wong က အရှေ့တောင်အာရှနိုင်ငံဖြစ်သော မလေးရှားတွင် ရှိနေသည့် ထောက်ပံ့မှုကွင်းဆက် လိုအပ်ချက်အချို့ကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် ဂျပန်နိုင်ငံ၏ ဆီမီးကွန်ဒက်တာ ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်နိုင်မည့် မလေးရှား၏ အလားအလာများကိုလည်း အမွှန်းတင်ပြောကြားခဲ့ကြောင်း သိရပါသည်။ လက်ရှိတွင် မလေးရှားဝန်ကြီးချုပ် Datuk Seri Anwar Ibrahim သည် ဇွန်လ ၁၀ ရက်နေ့အထိ သုံးရက်ကြာ ခရီးစဉ်အဖြစ် လတ်တလောတွင် ဂျပန်နိုင်ငံသို့ ရောက်ရှိနေကြောင်း သိရှိရပါသည်။

Source: The Edge Malaysia                                                        

DOCA (ရန်ကုန်)

အိန္ဒိယစျေးကွက်သို့ တင်ပို့ရန် ပြင်ဆင်နေသည့် ဗီယက်နမ်ဒူးရင်းသီးများ

          ဗီယက်နမ်နိုင်ငံ၏ ဒေါ်လာဘီလီယံချီတန်ဖိုးရှိသော ဒူးရင်းသီးလုပ်ငန်းသည် လာမည့် ဇူလိုင်လတွင် အိန္ဒိယစျေးကွက်သို့ ဝင်ရောက်ခွင့်ရရှိရန် မျှော်မှန်းထားပြီး ဈေးကွက်အများအပြားတွင်လည်း ဝယ်လိုအားမြင့်တက်နေသဖြင့် တိုးတက်မှုအခွင့်အလမ်းသစ်များနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။

          ဗီယက်နမ်နိုင်ငံ၏ ဒူးရင်းသီးအများဆုံးထွက်ရှိရာ Dak Lak ပြည်နယ်တွင် စိုက်ပျိုးမြေဧရိယာ တိုးချဲ့လာခြင်းနှင့် အထွက်နှုန်းကောင်းမွန်လာခြင်းတို့ကြောင့် ၂၀၂၆ ခုနှစ်တွင် ဒူးရင်းသီးတန်ချိန် ၅ သိန်းကျော်အထိ ရိတ်သိမ်းရရှိရန် မျှော်မှန်းထားပြီး ယင်းပမာဏမှာ ၂၀၂၅ ခုနှစ်ကထက် ၂၀ ရာခိုင်နှုန်းခန့် တိုးတက်လာခြင်း ဖြစ်သည်။

        ဗီယက်နမ်ဒူးရင်းသီးများသည် လာမည့်ဇူလိုင်လတွင် အိန္ဒိယစျေးကွက်အတွင်းသို့ ဝင်ရောက်ခွင့်ရရှိရန် မျှော်မှန်းထားသဖြင့် ဈေးကွက်စုံလင်ကွဲပြားစေရန် လမ်းပွင့်သွားမည်ဖြစ်သည်။ အပင်စိုက်ပျိုးရေးနှင့် ကာကွယ်ရေးဦးစီးဌာန၏ ပြောကြားချက်အရ ဗီယက်နမ်နှင့် အိန္ဒိယနိုင်ငံတို့သည် ဈေးကွက်ဝင်ရောက်ခွင့်အတွက် လိုအပ်သော နောက်ဆုံးအဆင့် နည်းပညာပိုင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို အချောသတ်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။ အကယ်၍ အရာအားလုံး အစီအစဉ်အတိုင်း ဖြစ်လာပါက ဗီယက်နမ်သည် အိန္ဒိယစျေးကွက်သို့ ဒူးရင်းသီး ပထမဆုံး တင်ပို့သည့်နိုင်ငံ ဖြစ်လာမည်ဖြစ်ကြောင်း သိရသည်။

          Dak Lak အသင်းဥက္ကဋ္ဌ Le Anh Trung က အိန္ဒိယစားသုံးသူများအတွက် ဒူးရင်းသီးသည် ထုတ်ကုန်အသစ်တစ်ခု ဖြစ်နေသေးကြောင်း ပြောကြားခဲ့သည်။ အိန္ဒိယစျေးကွက်သည် ကဏ္ဍအလွန် ကွဲပြားသော်လည်း ပရီမီယံအဆင့်မြင့် သစ်သီးဝလံ တင်သွင်းမှုများကို အားပေးနိုင်သည့် လူလတ်တန်းစားနှင့် ဝင်ငွေမြင့်မားသူ လူဦးရေ အမြောက်အမြား တိုးပွားလျက်ရှိသည်။

        ဗီယက်နမ် သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်အသင်း အထွေထွေအတွင်းရေးမှူး Dang Phuc Nguyen ကမူ အိန္ဒိယနိုင်ငံကို ရေရှည်မဟာဗျူဟာမြောက် စျေးကွက်တစ်ခုအဖြစ် ရှုမြင်ထားကြောင်း သိရသည်။

          လတ်တလောတွင် ဒူးရင်းသီးအေးခဲနှင့် အခြောက်ခံထုတ်ကုန်များသည် လတ်ဆတ်သော အလုံးလိုက်အသီးများထက် အိန္ဒိယနိုင်ငံနှင့် ပိုမိုကိုက်ညီမှုရှိနိုင်ကြောင်း၊ အကြောင်းမှာ အဆိုပါ ထုတ်ကုန်များက သိုလှောင်သက်တမ်း ပိုမိုကြာရှည်ပြီး သယ်ယူပို့ဆောင်ရေး ပိုမိုလွယ်ကူသောကြောင့် ဖြစ်ကြောင်း ၎င်းက ပြေားကြားခဲ့သည်။

         ယင်းအလားအလာကို အိန္ဒိယနိုင်ငံတွင် ဗီယက်နမ်နဂါးမောက်သီး အောင်မြင်မှုရရှိခဲ့ခြင်းက သက်သေပြနေသည်။ ၂၀၂၅ ခုနှစ်တွင် အိန္ဒိယသို့ နဂါးမောက်သီးတင်ပို့မှုသည် ယခင်နှစ်ထက် ၆ ဒသမ ၄ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၄၂ သန်းအထိရှိခဲ့ရာ တရုတ်နိုင်ငံပြီးလျှင် အကြီးမားဆုံး ပို့ကုန်စျေးကွက်တစ်ခု ဖြစ်လာခဲ့သည်။

       ယခုနှစ်အစောပိုင်းတွင် ပြည်တွင်းဒူးရင်းသီးဈေးနှုန်းများ သိသိသာသာ ကျဆင်းခဲ့သော်လည်း ပို့ကုန်တင်ပို့မှုမှာ အားကောင်းနေဆဲဖြစ်သည်။ ပထမ ၄ လအတွင်း ပို့ကုန်တင်ပို့မှုမှာ အမေရိကန် ဒေါ်လာ ၂၉၃ သန်းအထိ ရှိခဲ့ပြီး ယခင်နှစ်ကာလတူထက် ၆၀ ရာခိုင်နှုန်း တိုးတက်လာခဲ့သည်။

          တရုတ်နိုင်ငံသည် အဓိကစျေးကွက်အဖြစ် ဆက်လက်တည်ရှိနေပြီး ပို့ကုန်တန်ဖိုး ၁၄၃ ရာခိုင်နှုန်းအထိ မြင့်တက်ကာ အမေရိကန်ဒေါ်လာ ၂၅၆ သန်းအထိ ရှိခဲ့သည်။ အမေရိကန်သို့ တင်ပို့မှုမှာ ၁၂ ရာခိုင်နှုန်း မြင့်တက်ပြီး ဒေါ်လာ ၇ သန်းနီးပါး ရှိခဲ့ကာ တောင်ကိုရီးယားသို့ တင်ပို့မှုမှာလည်း ၂၀၁ ရာခိုင်နှုန်းအထိ ခုန်တက်သွားပြီး ဒေါ်လာ ၁ သန်းအထိ ရှိခဲ့သည်။

            စျေးနှုန်းမတည်ငြိမ်မှုနှင့် စျေးကွက်အတက်အကျ ဘေးအန္တရာယ်များကို လျှော့ချနိုင်ရန်နှင့် တန်ဖိုးမြှင့်ထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ရန်အတွက် ရေရှည်တည်တံ့သော ဒူးရင်းစိုက်ပျိုးရေးဇုန်များကို မြှင့်တင်ရန်နှင့် အဆင့်မြင့်မွမ်းမံထုတ်လုပ်ခြင်း (Deep Processing) လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုများကိုအားပေးရန် အစိုးရ၏ ပံ့ပိုးကူညီမှုများ ပိုမိုလိုအပ်လျက်ရှိကြောင်း သိရှိရပါသည်။

Source : VN Express                                                                           

DOCA (ရန်ကုန်)

ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ၁၁ လတာကာလအတွင်း ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၄၄ ဘီလီယံနီးပါး ရရှိ

         ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပထမ ၁၁ လတာကာလအတွင်း စုစုပေါင်း ကုန်စည်ပို့ကုန်ဝင်ငွေသည် ယခင်နှစ်ကာလတူထက် ၂ ဒသမ ၅၅ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး အမေရိကန်ဒေါ်လာ ၄၄ ဘီလီယံနီးပါး ရရှိခဲ့ကြောင်း သိရသည်။

       ဘင်္ဂလားဒေ့ရှ် ပို့ကုန်မြှင့်တင်ရေးဗျူရို (Export Promotion Bureau) ၏ နောက်ဆုံးထုတ်ပြန်ချက် တရားဝင်စာရင်းဇယားများအရ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ဇူလိုင်လမှ မေလအထိ ကာလအတွင်း ပို့ကုန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၄၃ ဒသမ ၇၉၉ ဘီလီယံ ရရှိခဲ့ပြီး ယခင်နှစ်ကာလတူကမူ ၄၄ ဒသမ ၉၄၆ ဘီလီယံ ရရှိခဲ့ခြင်း ဖြစ်သည်။

         လက်ရှိဘဏ္ဍာရေးနှစ် (၂၀၂၅ ဇူလိုင် - ၂၀၂၆ ဇွန်) ၏ ၁၁ မြောက်လဖြစ်သော မေလတွင် အမေရိကန်ဒေါ်လာ ၄ ဒသမ ၄၀ ဘီလီယံတန်ဖိုးရှိ ကုန်စည်များကို တင်ပို့နိုင်ခဲ့သော်လည်း ယင်းပမာဏမှာ ယခင်နှစ် မေလထက် ၇ ဒသမ ၀၇ ရာခိုင်နှုန်း လျော့နည်းခဲ့သည်။

         စုစုပေါင်း ပို့ကုန်ဝင်ငွေအနက် ချည်ထည်နှင့် ရက်ကန်းထည်များ အပါအဝင် အထည်ချုပ်ကဏ္ဍ (Ready-Made Garments) မှ အမေရိကန်ဒေါ်လာ ၃၅ ဒသမ ၃၁ ဘီလီယံအထိ အများဆုံး ဝင်ငွေရရှိခဲ့ကြောင်း သိရသည်။

      ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် စုစုပေါင်း ပို့ကုန်ရည်မှန်းချက်ကို အမေရိကန်ဒေါ်လာ ၅ ဘီလီယံ သတ်မှတ်ထားပြီး ယင်းအနက် အထည်ချုပ် ကဏ္ဍတစ်ခုတည်းမှ ဒေါ်လာ ၄၅ ဘီလီယံနီးပါးရရှိရန် မျှော်မှန်းထားကြောင်း သိရှိရပါသည်။

Source : Xinhua                                                                                 

DOCA (ရန်ကုန်)

အင်ဒိုနီးရှားနိုင်ငံ၏ ပို့ကုန်တိုးတက်မှုကို ကော်ဖီနှင့် ဆေးရွက်ကြီး တင်ပို့မှုများက ဦးဆောင်နေ

          ကမ္ဘာ့ဝယ်လိုအား မြင့်တက်လာခြင်းကြောင့် စွမ်းအင်ကဏ္ဍ ပို့ကုန်ကျဆင်းမှုကို အဖတ်ဆယ်နိုင်ခဲ့ပြီး နိုင်ငံ၏ ကုန်သွယ်မှုစွမ်းဆောင်ရည်ကို ပိုမိုအားကောင်းစေခဲ့ရာ၊ အင်ဒိုနီးရှားနိုင်ငံ၏ ပို့ကုန်များသည် ဧပြီလအတွင်း ကော်ဖီ၊ ဟင်းခတ်အမွှေးအကြိုင်များနှင့် ဆေးရွက်ကြီး ထွက်ကုန်များကဲ့သို့သော ရေနံမဟုတ်သည့် ပို့ကုန်များကြောင့် အရှိန်အဟုန်ဖြင့် မြင့်တက်ခဲ့ကြောင်း သိရပါသည်။

          ကော်ဖီ၊ လက်ဖက်ရည်၊ ဟင်းခတ်အမွှေးအကြိုင်များ၊ ဆေးရွက်ကြီးနှင့် စီးကရက်တို့သည် အင်ဒိုနီးရှားနိုင်ငံ၏ တိုးတက်မှုအမြန်ဆုံး ရေနံမဟုတ်သော ပို့ကုန်အမျိုးအစားများထဲတွင် ပါဝင်ကြောင်း ကုန်သွယ်ရေးဝန်ကြီး ဘူဒီဆန်တိုဆို (Budi Santoso) က ပြောကြားခဲ့ပါသည်။ ၂၀၂၆ ခုနှစ် ဧပြီလတွင် စုစုပေါင်း ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၂၅.၃၀ ဘီလီယံအထိရှိခဲ့ပြီး မတ်လနှင့် နှိုင်းယှဉ်ပါက ၁၂.၃၂ ရာခိုင်နှုန်းနှင့် ယမန်နှစ်ကာလတူထက် ၂၁.၉၈ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း သိရပါသည်။ လအလိုက် တိုးတက်မှုနှုန်းမှာ ရေနံမဟုတ်သော ပို့ကုန်များ ၁၃.၆၆ ရာခိုင်နှုန်း တိုးတက်လာခြင်းကြောင့်ဖြစ်ပြီး ရေနံနှင့် သဘာဝဓာတ်ငွေ့ ပို့ကုန်များမှာမူ ၉.၈၁ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း သိရပါသည်။

          ကော်ဖီ၊ လက်ဖက်ရည်နှင့် ဟင်းခတ်အမွှေးအကြိုင် တင်ပို့မှုများသည် ယခင်လထက် ၅၄.၄၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ဆေးရွက်ကြီးနှင့် စီးကရက် တင်ပို့မှုမှာမူ ၄၃.၄၉ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း ဘူဒီက ဇွန်လ ၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော ထုတ်ပြန်ချက်တစ်ခုတွင် ပြောကြားခဲ့ပါသည်။ လအလိုက် နှိုင်းယှဉ်ချက်များအရ သစ်နှင့် သစ်အချောထည်ပစ္စည်းများ တင်ပို့မှု ၄၀.၉၁ ရာခိုင်နှုန်း၊ တိရစ္ဆာန်နှင့် အပင်မှရသော အဆီနှင့် အဆီခဲများ ၃၈.၇၁ ရာခိုင်နှုန်းနှင့် စက်ပစ္စည်းနှင့် စက်မှုဆိုင်ရာ ကိရိယာများ တင်ပို့မှု ၃၇.၂၆ ရာခိုင်နှုန်း အသီးသီး တိုးတက်လာခဲ့ကြောင်း သိရပါသည်။

       အဓိက ကုန်သွယ်ဖက်နိုင်ငံများထံမှ ဝယ်လိုအား ပိုမိုခိုင်မာလာခြင်းကလည်း ရေနံမဟုတ်သော ပို့ကုန်ကဏ္ဍကို အထောက်အကူပြုခဲ့ကြောင်းနှင့် ဧပြီလအတွင်း အာရပ်စော်ဘွားများ ပြည်ထောင်စု (UAE) သို့ တင်ပို့မှုမှာ ၃၀၅.၂၁ ရာခိုင်နှုန်းအထိ ခုန်တက်သွားခဲ့ပြီး ၎င်းနောက်တွင် တောင်အာဖရိကနိုင်ငံသို့ ၂၈၈.၄၀ ရာခိုင်နှုန်းနှင့် ဘယ်လ်ဂျီယံနိုင်ငံသို့ ၁၁၇.၈၄ ရာခိုင်နှုန်း အသီးသီး တိုးတက်ခဲ့ကြောင်း သိရပါသည်။

          ဇန်နဝါရီမှ ဧပြီလအထိ လေးလတာကာလအတွင်း အင်ဒိုနီးရှားနိုင်ငံ၏ စုစုပေါင်း ပို့ကုန်တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၉၂.၁၅ ဘီလီယံအထိ ရှိခဲ့ပြီး ယမန်နှစ် ကာလတူထက် ၅.၄၈ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပါသည်။ အဆိုပါ  တိုးတက်မှုသည် ရေနံမဟုတ်သော ပို့ကုန်များ ၆.၂၈ ရာခိုင်နှုန်း တိုးတက်ပြီး ဒေါ်လာ ၈၇.၇၄ ဘီလီယံအထိ ရှိခဲ့ခြင်းကြောင့်ဖြစ်ကြောင်းနှင့် ရေနံနှင့် သဘာဝဓာတ်ငွေ့ ပို့ကုန်များမှာမူ ၈.၃၀ ရာခိုင်နှုန်း ကျဆင်းပြီး အမေရိကန်ဒေါ်လာ ၄.၄၁ ဘီလီယံသာ ရှိခဲ့ရာ၊ ယင်းက အင်ဒိုနီးရှားနိုင်ငံ၏ ပိုမိုကျယ်ပြန့်သော ကုန်သွယ်မှုကဏ္ဍ၏ ကြံ့ကြံ့ခံနိုင်စွမ်းကို ထင်ဟပ်နေကြောင်း သိရပါသည်။

       ၂၀၂၆ ခုနှစ်၏ ပထမ လေးလတာအတွင်း ပို့ကုန်တိုးတက်မှုမှာ ကုန်ထုတ်လုပ်မှုကဏ္ဍမှ အဓိက ပံ့ပိုးပေးခဲ့ခြင်းဖြစ်ပြီး ယမန်နှစ် ကာလတူထက် ပို့ကုန် ၉.၇၈ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း ဘူဒီက ပြောကြားခဲ့ပါသည်။ အမြင့်မားဆုံး တိုးတက်မှုများအဖြစ် နီကယ်နှင့် နီကယ်ထွက်ကုန်များ ၆၃.၉၉ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး၊ ၎င်းနောက်တွင် အလူမီနီယံထွက်ကုန်များ ၅၅.၃၀ ရာခိုင်နှုန်း၊ အော်ဂဲနစ်ဓာတုပစ္စည်းများ ၃၀.၈၆ ရာခိုင်နှုန်း၊ ကြေးနီထွက်ကုန်များ ၂၅.၃၄ ရာခိုင်နှုန်းနှင့် ခဲမဖြူထွက်ကုန်များ ၂၄.၂ ရာခိုင်နှုန်း အသီးသီး တိုးတက်လာခဲ့ကြောင်း သိရပါသည်။

      ကမ္ဘာ့ဝယ်လိုအား မြင့်မားလာခြင်းနှင့် နိုင်ငံတကာစျေးနှုန်းများ အားကောင်းလာခြင်းတို့က အဆိုပါ ကုန်စည်များတင်ပို့မှုကို အထောက်အကူပြုခဲ့ပြီး အင်ဒိုနီးရှားနိုင်ငံ၏ ကုန်ထုတ်လုပ်မှု လုပ်ငန်းကဏ္ဍကို မြှင့်တင်ပေးနိုင်ခဲ့ကြောင်း ဘူဒီက ပြောကြားခဲ့ပါသည်။ သို့သော် ဇန်နဝါရီမှ ဧပြီလအတွင်း စိုက်ပျိုးရေးပို့ကုန် တင်ပို့မှုမှာ ၂၆.၂၇ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး သတ္တုတွင်းနှင့် အခြားကဏ္ဍများမှာ ၈.၄၄ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း သိရပါသည်။

         စိုက်ပျိုးရေးထွက်ကုန်များထဲတွင် အဆိုးရွားဆုံး ကျဆင်းမှုကို ကိုကိုးထွက်ကုန်များတွင် တွေ့ရှိရပြီး ၃၆.၃၃ ရာခိုင်နှုန်း ကျဆင်းခဲ့ကာ ကော်ဖီ၊ လက်ဖက်ရည်နှင့် ဟင်းခတ်အမွှေးအကြိုင် တင်ပို့မှုမှာ ယမန်နှစ် ကာလတူထက် ၃၃.၄၈ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း သိရပါသည်။ ပို့ကုန်သွားရာ လမ်းကြောင်းများအရ ဇန်နဝါရီမှ ဧပြီလအတွင်း အီဂျစ်နိုင်ငံသို့ ရေနံမဟုတ်သော ပို့ကုန်တင်ပို့မှုမှာ ၄၂.၇၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး၊ စပိန်နိုင်ငံသို့ ၃၃.၁၈ ရာခိုင်နှုန်း၊ တောင်အာဖရိကနိုင်ငံသို့ ၂၃.၁၃ ရာခိုင်နှုန်း၊ ဟောင်ကောင်သို့ ၂၁.၃၁ ရာခိုင်နှုန်းနှင့် တရုတ်နိုင်ငံသို့ ၂၀.၅၈ ရာခိုင်နှုန်း အသီးသီး တိုးတက်လာခဲ့ကြောင်း သိရှိရပါသည်။

Source: Antaranews                                                           

DOCA (ရန်ကုန်)

အီရန်နိုင်ငံ၏ ရေနံတင်ပို့မှု ကျဆင်း

          အီရန်နိုင်ငံ၏ သန့်စင်ခြင်းမပြုလုပ်ရသေးသော ရေနံစိမ်းနှင့် ရေနံဓာတ်ငွေ့ရည် တင်ပို့မှုသည် မေလအတွင်းက အနည်းဆုံး ခြောက်နှစ်တာကာလအတွင်း အနိမ့်ဆုံးအဆင့်သို့ ကျဆင်းသွားခဲ့ပြီး တစ်ရက်လျှင် ဘာရယ်ပေါင်း ၃၀၀,၀၀၀ အောက်သို့ သိသိသာသာ လျော့ကျသွားခဲ့ကြောင်းနှင့် ၎င်းမှာ အဓိကအားဖြင့် အမေရိကန်၏ ရေတပ်ပိတ်ဆို့မှုကြောင့်ဖြစ်ကြောင်း သင်္ဘောလိုင်းဆိုင်ရာ အချက်အလက်များနှင့် လေ့လာဆန်းစစ်သူများအရ သိရပါသည်။

          အီရန်နိုင်ငံက ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) ကို ထိရောက်စွာ ပိတ်ပစ်ခဲ့ခြင်းကြောင့် ဆော်ဒီအာရေဗျ၊ ကူဝိတ်၊ အီရတ်နှင့် အာရပ်စော်ဘွားများပြည်ထောင်စု (UAE) တို့မှ ရေနံတင်ပို့မှုများ ပြတ်တောက်သွားကာ ရေနံစျေးကွက်တွင် ထောက်ပံ့မှု ပြတ်တောက်မှုနှင့် ရင်ဆိုင်နေရချိန်တွင်၊ အမေရိကန်သည် ဧပြီ ၁၃ ရက်၌ အဆိုပါ ပိတ်ဆို့မှုကို စတင်အကောင်အထည်ဖော်ခဲ့ပြီး အီရန်၏ ရေနံတင်ပို့မှုကို ပိတ်ဆို့ဖြတ်တောက်ခဲ့ပါသည်။

        Vortexa ၏ အချက်အလက်များအရ မေလတွင် အီရန်၏ ရေနံတင်ပို့မှုသည် တစ်ရက်လျှင် ပျမ်းမျှ ဘာရယ် ၂၀၉,၀၀၀ ခန့်သာ ရှိခဲ့ပြီး၊ ဧပြီလက တစ်ရက်လျှင် ဘာရယ် ၁.၃၄ သန်းနှင့် မတ်လက တစ်ရက်လျှင် ဘာရယ် ၁.၉ သန်းနီးပါးရှိခဲ့ရာမှ သိသိသာသာ ထိုးဆင်းသွားခြင်း ဖြစ်ကြောင်း သိရပါသည်။

     ၎င်းသည် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ ပထမသက်တမ်းအတွင်း အီရန်အပေါ် "အပြင်းထန်ဆုံး ဖိအားပေးမှု" (maximum pressure) ကမ်ပိန်းကို လုပ်ဆောင်ခဲ့သည့် ၂၀၁၉ ခုနှစ်နှောင်းပိုင်းနှင့် ၂၀၂၀ ပြည့်နှစ်အစောပိုင်းနောက်ပိုင်း အနိမ့်ဆုံးအဆင့်သို့ ရောက်ရှိသွားခြင်းဖြစ်ကြောင်း Vortexa က ပြောကြားခဲ့ပါသည်။

         အခြားကုမ္ပဏီတစ်ခုဖြစ်သည့် Kpler မှ အချက်အလက်များတွင်လည်း အလားတူကျဆင်းမှုကို ပြသနေသော်လည်း မေလအတွင်း တင်ပို့မှုကို တစ်ရက်လျှင် ဘာရယ် ၂၆၀,၀၀၀ ဟု အနည်းငယ် ပိုမိုတွက်ချက်ထားပြီး၊ ၎င်းသည်လည်း ခြောက်နှစ်တာကာလအတွင်း အနိမ့်ဆုံးအဆင့်ပင်ဖြစ်ကြောင်း သိရပါသည်။

         တရုတ်နိုင်ငံတွင် ရေနံတင်သင်္ဘောများ ပိုမိုချနေခြင်းကြောင့် သင်္ဘောများပေါ်၌ သိုလှောင်ထားသည့် အီရန်ရေနံပမာဏသည် ကျဆင်းလျက်ရှိကြောင်း Kpler ၏ အချက်အလက်များအရ သိရပါသည်။ ရေပေါ်တွင် သိုလှောင်ထားသည့် အီရန်ရေနံစိမ်းနှင့် ရေနံဓာတ်ငွေ့ရည် စုစုပေါင်း ဘာရယ် ၁၄၇ သန်းခန့်အနက် ဘာရယ် ၆၇ သန်းခန့်မှာ အရှေ့အလယ်ပိုင်းပင်လယ်ကွေ့နှင့် အိုမန်ပင်လယ်ကွေ့အတွင်း၌ သောင်တင်နေကြောင်း Kpler က ပြောကြားခဲ့ပါသည်။ ရေပေါ်သိုလှောင်မှု ပမာဏသည် ဧပြီလနှောင်းပိုင်းက အမြင့်ဆုံးဖြစ်ခဲ့သည့် ဘာရယ် သန်း ၁၉၀ ခန့်မှ ပြန်လည်ကျဆင်းသွားခြင်းဖြစ်ကြောင်း သိရပါသည်။

       FGE NexantECA မှ လေ့လာဆန်းစစ်သူ အီမန်နာဆာရီ (Iman Nasseri) က ပိတ်ဆို့မှု စည်းနောက်ကွယ်ရှိ သင်္ဘောများပေါ်တွင် သောင်တင်နေသော အီရန်ရေနံစိမ်းပမာဏသည် ဘာရယ် ၅၅ သန်းခန့်ရှိမည်ဟု ခန့်မှန်းထားပြီး၊ ၎င်းမှာ Kpler ၏ ကိန်းဂဏန်းထက် နည်းပါးနေကြောင်း သိရပါသည်။

          အကယ်၍ အဆိုပါ ပိတ်ဆို့မှုသည် နောက်ထပ် နှစ်လအထိ ဆက်ရှိနေပါက အီရန်အနေဖြင့် ၎င်း၏ အဓိကဝယ်ယူသူဖြစ်သော တရုတ်နိုင်ငံသို့တင်ပို့ရန် ရေနံလုံးဝပြတ်တောက်သွားနိုင်ကြောင်း Kpler မှ လေ့လာဆန်းစစ်သူ ဟိုမာယွန် ဖာလက်ရှာဟီ (Homayoun Falakshahi) က ပြောကြားခဲ့ပါသည်။ Kpler ၏ အဆိုအရ တရုတ်နိုင်ငံ၏ အီရန်ရေနံစိမ်း တင်သွင်းမှုသည် မေလတွင် တစ်ရက်လျှင် ဘာရယ် ၁.၁၀ သန်းအထိ ကျဆင်းခဲ့ပြီး၊ ၎င်းမှာ ၂၀၂၅ ခုနှစ် ဇန်နဝါရီလနောက်ပိုင်း အနိမ့်ဆုံးဖြစ်ကြောင်း သိရှိရပါသည်။

Source: Reuter                                                                          

DOCA (ရန်ကုန်)

အင်ဒိုနီးရှားနိုင်ငံ၏ လျှပ်စစ်မီးရရှိမှုနှုန်းသည် ၂၀၂၆ ခုနှစ် ပထမသုံးလပတ်တွင် ၉၉.၈၃ ရာခိုင်နှုန်းသို့ ရောက်ရှိလာ

          အင်ဒိုနီးရှားနိုင်ငံ၏ လျှပ်စစ်မီးရရှိမှုနှုန်းသည် ၂၀၂၆ ခုနှစ် ပထမသုံးလပတ်တွင် ၉၉.၈၃၂ ရာခိုင်နှုန်းသို့ ရောက်ရှိခဲ့ပြီး၊ ၎င်းမှာ ၂၀၂၅ ခုနှစ်က မှတ်တမ်းတင်ထားခဲ့သည့် ၉၉.၈၃၁ ရာခိုင်နှုန်းမှ အနည်းငယ်မြင့်တက်လာခြင်းဖြစ်ကြောင်း စွမ်းအင်နှင့် တွင်းထွက်သယံဇာတ ဝန်ကြီး ဌာနမှထုတ်ပြန်သော ထုတ်ပြန်ချက်များအရ သိရပါသည်။

        ဇွန်လ ၄ ရက်နေ့တွင် ဂျကာတာမြို့ရှိ ပြည်သူ့လွှတ်တော် (DPR) နှင့် ပြုလုပ်သည့် အစည်းအဝေးတစ်ခုတွင် ဝန်ကြီးဌာန၏ လျှပ်စစ်စွမ်းအားဆိုင်ရာ ယာယီညွှန်ကြားရေးမှူးချုပ် တြီဝီနာနို (Tri Winarno) က အဆိုပါကိန်းဂဏန်းသည် လျှပ်စစ်မီးရရှိမှုနှုန်း ၉၁.၁၆ ရာခိုင်နှုန်း သာရှိခဲ့သည့် ၂၀၁၆ ခုနှစ်နှင့်နှိုင်းယှဉ်ပါက သိသာထင်ရှားစွာ ခုန်တက်သွားခြင်းဖြစ်ကြောင်း  ပြောကြားခဲ့ပါသည်။

         ၎င်း၏ပြောကြားချက်အရ အဆိုပါအောင်မြင်မှုသည် နိုင်ငံအတွင်း ပြည်နယ်အများစုတွင် လျှပ်စစ်မီးရရှိမှုနှုန်း ၉၅ ရာခိုင်နှုန်းကျော်ကို ကျော်လွန်နေပြီဖြစ်ကြောင်းနှင့် အင်ဒိုနီးရှား နိုင်ငံသားများအတွက် လျှပ်စစ်မီးရရှိနိုင်မှု အခွင့်အလမ်းမှာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အပြည့်အဝရရှိတော့မည့် အခြေအနေသို့ နီးကပ်လာနေပြီး လက်တွေ့ဖြစ်လာနေပြီဖြစ်ကြောင်း သိရပါသည်။

        သမ္မတ ပရာဘိုဝို ဆူဘီယန်တို (Prabowo Subianto) ၏ လမ်းညွှန်ချက်များနှင့်အညီ အင်ဒိုနီးရှားနိုင်ငံတစ်ဝန်းရှိ ကျေးရွာတိုင်းသို့ လျှပ်စစ်မီးရရှိစေရန် ဆောင်ရွက်ပေးမည့် အစိုးရ၏ ခိုင်မာသောကတိကဝတ်ကို ၄ နှစ်တာကာလအတွင်း အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း ဝီနာနိုက အလေးပေးပြောကြားခဲ့ပါသည်။

          အဆိုပါကတိကဝတ်ကို ပံ့ပိုးပေးနေသည့် အဓိကလုပ်ငန်းစဉ်များထဲမှ တစ်ခုမှာ ကျေးရွာလျှပ်စစ်မီးလင်းရေး အစီအစဉ်ဖြစ်ကြောင်းနှင့် လျှပ်စစ်မီးရရှိမှုကို တိုးချဲ့ရန် ကြိုးပမ်းမှုအဖြစ် အင်ဒိုနီးရှားနိုင်ငံအစိုးရသည် ဒေသတစ်ခုချင်းစီ၏ သတ်မှတ်ထားသော အခြေအနေများနှင့် အညီ မဟာဗျူဟာ ၄ ရပ်ကိုလည်း စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရပါသည်။

         ၎င်းတို့တွင် လက်ရှိဖြန့်ဖြူးရေးကွန်ရက်များနှင့် နီးကပ်စွာ တည်ရှိနေသော ကျေးရွာများအတွက် လျှပ်စစ်ဓာတ်အားလိုင်းများ တိုးချဲ့သွယ်တန်းပေးခြင်း ပါဝင်နေကြောင်း သိရပါသည်။ ထို့အပြင် လူနေအိမ်များ စုစုဝေးဝေးဖြင့် နေထိုင်ကြသော်လည်း လျှပ်စစ်ဓာတ်အားလိုင်း တိုးချဲ့ရန်ခက်ခဲသော ဒေသများကိုရည်မှန်း၍ မီနီဂရစ် မဟာဗျူဟာဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

Source: Antaranews                                                                  

DOCA (ရန်ကုန်)

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ