Main menu

ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

ကမ္ဘောဒီးယားနိုင်ငံ၏ အထည်ချုပ်နှင့် ဆက်စပ်ပစ္စည်း တင်ပို့မှုမြင့်တက်

       ကမ္ဘောဒီးယားနိုင်ငံ၏ အထည်ချုပ်၊ အထည်အလိပ်၊ ဖိနပ်နှင့် ခရီးသွားသုံးပစ္စည်းများ တင်ပို့မှုတန်ဖိုးသည် ၂၀၂၆ ခုနှစ် ပထမကိုးလအတွင်း အမေရိကန်ဒေါ်လာ ၁၃.၁၅ ဘီလီယံအထိ ရောက်ရှိခဲ့ပြီး ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၇.၇ ရာခိုင်နှုန်း မြင့်တက်လာကြောင်း အောက်တိုဘာလ ၉ ရက်နေ့တွင် ထုတ်ပြန်သည့် တရားဝင်အစီရင်ခံစာအရ သိရသည်။

    ကမ္ဘောဒီးယား ကုန်သွယ်ရေးဝန်ကြီးဌာန၏ အစီရင်ခံစာအရ ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအထိ ကာလအတွင်း အထည်ချုပ်ပစ္စည်း တင်ပို့မှုတန်ဖိုးသည် အမေရိကန်ဒေါ်လာ ၉.၂၃ ဘီလီယံရှိခဲ့ပြီး ယခင်နှစ် အလားတူကာလထက် ၆.၉ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။ အထည်အလိပ် တင်ပို့မှုတန်ဖိုးမှာလည်း ၂၁.၅ ရာခိုင်နှုန်း သိသိသာသာ မြင့်တက်လာကာ ဒေါ်လာ ၆၁၄ သန်းအထိ ရောက်ရှိခဲ့ကြောင်း သိရသည်။

         အလားတူ ဖိနပ်တင်ပို့မှုတန်ဖိုးသည် ၈ ရာခိုင်နှုန်း မြင့်တက်ပြီး ဒေါ်လာ ၁.၆၆ ဘီလီယံရှိ ခဲ့ကာ ခရီးသွားသုံးပစ္စည်းများ တင်ပို့မှုတန်ဖိုးမှာလည်း ၇.၆ ရာခိုင်နှုန်း မြင့်တက်ကာ ဒေါ်လာ ၁.၆၅ ဘီလီယံအထိ ရောက်ရှိခဲ့ကြောင်း သိရသည်။

        ကုန်ထုတ်လုပ်မှုကဏ္ဍသည် ကမ္ဘောဒီးယားနိုင်ငံ၏ အဓိကစီးပွားရေးမောင်းနှင်အားဖြစ်ပြီး နိုင်ငံခြားငွေ အများဆုံးရရှိစေသည့် ကဏ္ဍလည်းဖြစ်သည်။ အရှေ့တောင်အာရှနိုင်ငံဖြစ်သည့် ကမ္ဘောဒီးယား၏ စုစုပေါင်းပို့ကုန်တန်ဖိုးတွင် ကုန်ထုတ်လုပ်မှုကဏ္ဍက ၄၈ ရာခိုင်နှုန်းနီးပါး ပါဝင်လျက်ရှိကြောင်း သိရသည်။

         ကမ္ဘောဒီးယား နည်းပညာနှင့် သိပ္ပံတက္ကသိုလ်ရှိ တရုတ်-အာဆီယံလေ့လာရေးစင်တာ၏ ဒုတိယညွှန်ကြားရေးမှူး Thong Mengdavid က ယခုကဲ့သို့ တင်ပို့မှုတိုးတက်လာခြင်းမှာ ကမ္ဘောဒီးယားနိုင်ငံ၏ မဟာဗျူဟာမြောက် ကုန်သွယ်ရေးမိတ်ဖက်ဆက်ဆံမှုများကြောင့်ဖြစ် ကြောင်း သုံးသပ်ပြောကြားခဲ့သည်။ ဒေသတွင်း ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက် (RCEP) တွင် ပါဝင်ခြင်းအပြင် တရုတ်၊ တောင်ကိုရီးယားနှင့် အာရပ်စော်ဘွားများ ပြည်ထောင်စု (UAE) တို့နှင့် နှစ်နိုင်ငံ လွတ်လပ်သောကုန်သွယ်ရေး သဘောတူညီချက်များ ချုပ်ဆို ထားခြင်းကြောင့် ဈေးကွက်ဝင်ရောက်နိုင်မှုနှင့် ကုန်ပစ္စည်းထောက်ပံ့ရေးကွင်းဆက်၏ ထိရောက်မှု တို့ သိသိသာသာ တိုးတက်လာခဲ့ကြောင်း ၎င်းက ပြောကြားခဲ့ကြောင်း သိရသည်။

       တရုတ်၊ တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံတို့မှ ရင်းနှီးမြှုပ်နှံမှုအသစ်များ ဆက်လက်ဝင်ရောက်လာခြင်းနှင့် ပြည်ပဈေးကွက်ဝယ်လိုအား ခိုင်မာနေခြင်းတို့ကြောင့် အထည်ချုပ်နှင့် ဆက်စပ် ကုန်ထုတ်လုပ်မှုကဏ္ဍ၏ တိုးတက်မှုလမ်းကြောင်းသည် ဆက်လက်တည်ရှိနိုင်ခြေ မြင့်မားကြောင်း ၎င်းက Xinhua သတင်းဌာနသို့ ပြောကြားခဲ့ကြောင်း သိရသည်။

    ကမ္ဘောဒီးယား အလုပ်သမားနှင့် အသက်မွေးဝမ်းကျောင်းသင်တန်းပေးရေးဝန်ကြီးဌာန၏ အချက်အလက်များအရ အရေးပါသည့် အဆိုပါကုန်ထုတ်လုပ်မှုကဏ္ဍတွင် စက်ရုံနှင့် ဌာနခွဲပေါင်း ၁,၈၀၀ ကျော်ရှိပြီး အလုပ်သမား ၁.၁ သန်းခန့်ကို အလုပ်အကိုင်ပေးထားသည်။ ယင်းအလုပ်သမားများအနက် အများစုမှာ အမျိုးသမီးများဖြစ်ကြောင်း သိရှိရပါသည်။

Source : Xinhua                                                                                   

DOCA (ရန်ကုန်)

ဗီယက်နမ်နိုင်ငံတွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ဟင်းသီးဟင်းရွက်အမွှေးအကြိုင်များ၏ ဈေးနှုန်းမှာ အသားဈေးနှုန်းနှင့် တန်းတူမြင့်တက်လာ

        မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ဟင်းသီးဟင်းရွက်ဈေးနှုန်းများ မြင့်တက်လာခဲ့ပြီး အချို့သော ဟင်းခတ်အမွှေးအကြိုင်များ၏ ဈေးနှုန်းမှာ တစ်ကီလိုဂရမ်လျှင် ဗီယက်နမ်ဒေါင် ၁၅၀,၀၀၀ အထိ ရောက်ရှိလာကာ အသားအမျိုးအစားများစွာ၏ ဈေးနှုန်းနှင့် တန်းတူဖြစ်လာကြောင်း သိရသည်။

     ဟိုချီမင်းမြို့ရှိ Xom Moi၊ Thach Da၊ Pham Van Bach နှင့် Pham Van Hai ဈေးများအပြင် ဟင်းသီးဟင်းရွက်အရောင်းဆိုင်များတွင် လေ့လာချက်အရ နံနံပင်ဈေးနှုန်းမှာ ပြီးခဲ့သည့် သီတင်း ပတ်က တစ်ကီလိုဂရမ်လျှင် ဗီယက်နမ်ဒေါင် ၈၀,၀၀၀ မှ ၉၀,၀၀၀ အထိသာ ရှိခဲ့သော်လည်း ယခုအခါ အမျိုးအစားအလိုက် ၁၂၀,၀၀၀ မှ ၁၅၀,၀၀၀ အထိ မြင့်တက်လာခဲ့သည်။  ဈေးနှုန်းများ မြင့်တက်လာခြင်းကြောင့် အရောင်းဆိုင်တိုင်းတွင် အဆိုပါဟင်းသီးဟင်းရွက်များကို ရောင်းချနိုင်ခြင်း မရှိတော့ကြောင်း သိရသည်။  ထို့ပြင် ယခင်က ဝယ်ယူသူများအနေဖြင့် ဗီယက်နမ်ဒေါင် ၁,၀၀၀ မှ ၂,၀၀၀ ဖိုးအထိသာ ဝယ်ယူနိုင်ခဲ့သော်လည်း ယခုအခါ အနည်းဆုံး ၅,၀၀၀ မှ ၁၀,၀၀၀ ဒေါင်ဖိုးအထိ ဝယ်ယူရတော့ကြောင်း သိရသည်။

        နံနံပင် ဈေးနှုန်းမှာ တစ်ကီလိုဂရမ်လျှင် ၁၂၀,၀၀၀ မှ ၁၅၀,၀၀၀ ဒေါင် အထိ ရှိလာသဖြင့် အသားအမျိုးအစားများစွာနှင့် ဈေးနှုန်းတူညီလာသည်။ လက်ရှိတွင် ဝက်သားဈေးနှုန်းမှာ တစ်ကီလို ဂရမ်လျှင် ၉၀,၀၀၀ မှ ၁၄၀,၀၀၀ ဒေါင်အထိရှိပြီး ဝက်နံရိုးနှင့် ဝက်ဗိုက်သား တို့မှာ ၁၅၀,၀၀၀ မှ ၁၈၀,၀၀၀ ဒေါင်အထိ ရှိသည်။ မွေးမြူရေးကြက်သားမှာ ၉၀,၀၀၀ မှ ၁၀၀,၀၀၀ ဒေါင်အထိရှိပြီး လွှတ်ကျောင်းမွေးမြူထားသည့် ကြက်သားမှာ ၁၀၀,၀၀၀ မှ ၁၃၀,၀၀၀ ဒေါင်အထိ ရှိကြောင်း သိရသည်။ ကြက်သွန်မြိတ်၊ ပင်စိမ်းတို့၏ ဈေးနှုန်းများလည်း တစ်ကီလိုဂရမ်လျှင် ၇၀,၀၀၀ မှ ၉၀,၀၀၀ ဒေါင်အထိ မြင့်တက်လာခဲ့ပြီး ယခင်သီတင်းပတ်နှင့် ယခင်နှစ်ကာလတူထက် ၁၀ ရာခိုင်နှုန်းခန့် မြင့်တက်လာခဲ့ကြောင်း သိရသည်။

       ဟင်းခတ်အမွှေးအကြိုင်များသာမက အရွက်စားဟင်းသီးဟင်းရွက်အများအပြား၏ ဈေးနှုန်းများလည်း သိသိသာသာ မြင့်တက်လာခဲ့သည်။ ဆလတ်ရွက်ဈေးနှုန်းမှာ တစ်ကီလိုဂရမ်လျှင် ၆၀,၀၀၀ မှ ၈၀,၀၀၀ ဒေါင်အထိ ရှိလာပြီး လွန်ခဲ့သည့်တစ်လခန့်ကထက် နှစ်ဆမြင့်တက်လာကာ ယခင်နှစ်ကာလတူထက်လည်း ၂၀ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။ ကန်စွန်းရွက်၊ မုန်ညင်းရွက်၊ ဟင်းနုနွယ်ရွက်နှင့် ပန်းဂေါ်ဖီတို့၏ ဈေးနှုန်းများမှာလည်း ပြီးခဲ့သည့်လထက် ၃၀ မှ ၅၀ ရာခိုင်နှုန်း အထိ မြင့်တက်လာခဲ့သည်။ စိုက်ပျိုးထုတ်လုပ်ရာဒေသများတွင် ရက်ပေါင်းများစွာ မိုးအဆက်မပြတ်ရွာသွန်းခဲ့ခြင်းကြောင့် လက်လီဈေးများ၌ ဟင်းသီးဟင်းရွက်ပြတ်လပ်မှုများ ဖြစ်ပေါ်နေသည်။ မြေနိမ့်ပိုင်းစိုက်ခင်းများမှာ ရေလွှမ်းနေပြီး မြင့်သောနေရာရှိ စိုက်ခင်းများတွင်လည်း ရေဝပ်နေသဖြင့် အပင်များ၏ အမြစ်များ အောက်ဆီဂျင်မရတော့ဘဲ ကြီးထွားမှုနှေးကွေးခြင်း၊ အပင်သေဆုံးခြင်းများ ဖြစ်ပေါ်နေကြောင်း သိရှိရပါသည်။

Source : VN Express                                                                           

DOCA (ရန်ကုန်)

ရင်းနှီးမြှုပ်နှံမှုများကို ကာကွယ်စောင့်ရှောက်ခြင်းသည် နိုင်ငံ့ဂုဏ်သိက္ခာနှင့် သက်ဆိုင်ကြောင်း အင်ဒိုနီးရှားသမ္မတ ပြောကြား

       အင်ဒိုနီးရှားနိုင်ငံတွင် ပြည်တွင်းနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ကာကွယ်စောင့်ရှောက်ခြင်းသည် နိုင်ငံ့ဂုဏ်သိက္ခာနှင့် သက်ဆိုင်သည့် ကိစ္စရပ်ဖြစ်ကြောင်း သမ္မတ Prabowo Subianto က ပြောကြားခဲ့ပြီး နိုင်ငံတကာစီးပွားရေးအသိုက်အဝန်းအား အာမခံချက်ပေးခဲ့ကြောင်း သိရသည်။

        North Maluku ပြည်နယ်၊ Central Halmahera ခရိုင်ရှိ Indonesia Weda Bay Industrial Park (IWIP) ၌ အောက်တိုဘာလ ၈ ရက်နေ့ကကျင်းပသည့် အခမ်းအနားတွင် သမ္မတက ရင်းနှီးမြှုပ်နှံသူများနှင့် ခိုင်မာသည့် မိတ်ဖက်ဆက်ဆံရေးများ ထိန်းသိမ်းထားခြင်းသည် နိုင်ငံ၏ ရေရှည်သာယာဝပြောရေးအတွက် မရှိမဖြစ်လိုအပ်ကြောင်း ပြောကြားခဲ့ကြောင်း သိရသည်။

     အင်ဒိုနီးရှားနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံထားသည့် မည်သည့်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုကိုမဆို အစိုးရအနေဖြင့် လေးစားလိုက်နာပြီး ကာကွယ်စောင့်ရှောက်သွားမည်ဖြစ်ကြောင်း သမ္မတက ထပ်လောင်းအတည်ပြုပြောကြားခဲ့သည်။ ယင်းပြောကြားချက်ကို သမ္မတရုံးအတွင်းဝန်ရုံးက ထုတ်လွှင့်ခဲ့ကြောင်း သိရသည်။

      အင်ဒိုနီးရှားနိုင်ငံအပေါ် ယုံကြည်မှုထားရှိသည့် စီးပွားရေးမိတ်ဖက်များနှင့် ချုပ်ဆိုထားသော ကတိကဝတ်များကို လေးစားလိုက်နာခြင်းသည် နိုင်ငံ၏ ဂုဏ်သိက္ခာနှင့် ဂုဏ်ယူဝင့်ကြွားမှုကို ဖော်ပြခြင်းဖြစ်ကြောင်း Prabowo Subianto က ပြောကြားခဲ့ကြောင်း သိရသည်။

       နိုင်ငံတစ်ဝန်းရှိ စက်မှုဇုန်များ ဖွံ့ဖြိုးတိုးတက်ရေးတွင် ပူးပေါင်းပါဝင်နေသည့် ရင်းနှီးမြှုပ်နှံသူများကို ညီအစ်ကိုများသဖွယ် သဘောထားကြောင်း၊ ၎င်းတို့နှင့် ပူးပေါင်းဆောင်ရွက်မှုကို ကာကွယ်စောင့်ရှောက်ခြင်းသည် အင်ဒိုနီးရှားနိုင်ငံ၏ ဂုဏ်သိက္ခာနှင့် သက်ဆိုင်ကြောင်း သမ္မတက အလေးထားပြောကြားခဲ့ကြောင်း သိရသည်။

        အဆိုပါပြောကြားချက်သည် အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၂ ဘီလီယံတန်ဖိုးရှိ တန်ဖိုးမြှင့်ထုတ်လုပ်ရေး စီမံကိန်းကြီးတစ်ရပ် စတင်ဖွင့်လှစ်သည့် အခမ်းအနားတွင် ထွက်ပေါ်လာခြင်းဖြစ်သည်။ ယင်းအခမ်းအနား၌ အင်ဒိုနီးရှားနိုင်ငံတွင် ပြည်တွင်းထုတ်လုပ်သည့် လျှပ်စစ်မော်တော်ယာဉ် (EV) ဘက်ထရီများကို ပထမဆုံးအကြိမ် ပြည်ပတင်ပို့ခြင်း၊ စက်မှုလုပ်ငန်းစီမံကိန်း လေးခုကို စီးပွားဖြစ် စတင်လည်ပတ်ခြင်းနှင့် IWIP စက်မှုဇုန်အတွင်း စက်ရုံအသစ် ခုနစ်ရုံ တည်ဆောက်ရေး လုပ်ငန်းများ စတင်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

         ရင်းနှီးမြှုပ်နှံမှုနှင့် တန်ဖိုးမြှင့်ထုတ်လုပ်ရေးဝန်ကြီးဌာန၏ အစီရင်ခံစာများအရ IWIP စက်မှုဇုန်အတွင်း အမှန်တကယ်ဝင်ရောက်ထားသည့် ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ ဘီလီယံ ၂၀ ခန့်ရှိပြီး အနာဂတ်တွင် ဒေါ်လာ ခုနစ်ဘီလီယံ ထပ်မံရင်းနှီးမြှုပ်နှံရန် အစီအစဉ်ရှိကြောင်း သမ္မတက ပြောကြားခဲ့ကြောင်း သိရသည်။

     Central Halmahera ရှိ အဆိုပါစက်မှုဇုန်ကို တိုးချဲ့ဖွံ့ဖြိုးခြင်းကြောင့် အလုပ်အကိုင်အခွင့်အလမ်းများ တိုးပွားလာခဲ့ပြီး လက်ရှိတွင် အလုပ်သမား ၁၀၀,၀၀၀ ကျော်ကို အလုပ်အကိုင် ပံ့ပိုးပေးနိုင်ခဲ့ကြောင်း သိရသည်။

        ပြည်တွင်းနှင့် နိုင်ငံတကာကုမ္ပဏီများအကြား ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်လာခြင်းကို ကြိုဆိုကြောင်း သမ္မတက ပြောကြားခဲ့ပြီး ယင်းမိတ်ဖက်ဆက်ဆံရေးများမှတစ်ဆင့် နှစ်ဖက်အကျိုးဖြစ်ထွန်းစေရန်နှင့် မိတ်ဖက်နိုင်ငံများနှင့် နှစ်နိုင်ငံဆက်ဆံရေး ပိုမိုနက်ရှိုင်းခိုင်မာလာစေရန် မျှော်လင့်ကြောင်း ဖြည့်စွက်ပြောကြားခဲ့ကြောင်း သိရသည်။

       ရင်းနှီးမြှုပ်နှံသူများ၏ ပူးပေါင်းဆောင်ရွက်မှုနှင့် ယုံကြည်မှုအတွက် ကျေးဇူးတင်ရှိကြောင်း၊ နှစ်နိုင်ငံအကြား မိတ်ဖက်ဆက်ဆံရေးနှင့် ချစ်ကြည်ရင်းနှီးမှုများ ပိုမိုခိုင်မာလာပြီး နှစ်နိုင်ငံပြည်သူများအတွက် အကျိုးကျေးဇူးများ ပိုမိုရရှိလာစေရန် မျှော်လင့်ကြောင်း Prabowo Subianto က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Antara News                                                                             

DOCA (ရန်ကုန်)

အင်ဒိုနီးရှားနှင့် အမေရိကန်အကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် ကြိုးပမ်း

       အင်ဒိုနီးရှားနိုင်ငံသည် အမေရိကန်နိုင်ငံနှင့် နှစ်နိုင်ငံအကြား ကုန်သွယ်မှုမြှင့်တင်ရေး၊ ထောက်ပံ့ရေးကွင်းဆက်များ ခိုင်မာရေးနှင့် တန်ဖိုးမြှင့်ရင်းနှီးမြှုပ်နှံမှုများ ဆွဲဆောင်နိုင်ရေး တို့အတွက် အပြန်အလှန်ကုန်သွယ်ရေးသဘောတူညီချက် (ART) မှတစ်ဆင့် စီးပွားရေး ဆက်ဆံမှုများ တိုးချဲ့ရန် ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။

       ကမ္ဘာ့ဈေးကွက်အခြေအနေများ ပြောင်းလဲနေသော်လည်း အင်ဒိုနီးရှားနိုင်ငံသည် ကုန်သွယ်ရေးနှင့် မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုများအတွက် ဆက်လက်ဖွင့်လှစ်ထားပြီး ပြည်တွင်း စက်မှုလုပ်ငန်းများ အားကောင်းလာစေရန်နှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများ တိုးချဲ့နိုင်ရန် ပြည်တွင်းပြုပြင်ပြောင်းလဲမှုများကိုလည်း ဆက်လက်ဆောင်ရွက်နေကြောင်း ကုန်သွယ်ရေးဝန်ကြီး Budi Santoso က အောက်တိုဘာလ ၇ ရက်နေ့တွင်ထုတ်ပြန်သည့် ကြေညာချက်၌ ပြောကြားခဲ့ကြောင်း သိရသည်။

       ART သဘောတူညီချက်မူဘောင်သည် ဈေးကွက်အခြေအနေများအပေါ် ပိုမိုသေချာ မှုရှိစေရန်၊ ကုန်သွယ်ရေးဈေးကွက်ဝင်ရောက်ခွင့် တိုးတက်စေရန်နှင့် အင်ဒိုနီးရှားစက်မှု လုပ်ငန်းများကို ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ရေးကွင်းဆက်များနှင့် ပိုမိုချိတ်ဆက်နိုင်ရန် ရည်ရွယ်ထားကြောင်း Budi Santoso က ပြောကြားခဲ့ကြောင်း သိရသည်။

      အင်ဒိုနီးရှားနိုင်ငံတွင် လူငယ်လုပ်သားအင်အား များပြားခြင်း၊ ထုတ်လုပ်မှုစွမ်းအားရှိသော လူဦးရေရှိခြင်းနှင့် သဘာဝသယံဇာတပေါကြွယ်ဝခြင်းတို့ကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအတွက် ဆွဲဆောင်မှုရှိသည့် မိတ်ဖက်နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း ၎င်းက ထောက်ပြခဲ့သည်။ အထူးသဖြင့် အစိုးရက စက်မှုကုန်ကြမ်းများကို ပြည်တွင်း၌ တန်ဖိုးမြှင့်ထုတ်လုပ်ရေး၊ စားနပ်ရိက္ခာဖူလုံရေးနှင့် ရေရှည်တည်တံ့သော ထုတ်လုပ်မှုတို့ကို ဦးစားပေးဆောင်ရွက်နေချိန်တွင် ယင်းအားသာချက်များသည် ပိုမိုအရေးပါလာကြောင်း သိရသည်။

       အင်ဒို-ပစိဖိတ်ဒေသ၏ ကမ္ဘာ့စီးပွားရေးအပေါ် သက်ရောက်မှု တိုးမြင့်လာခြင်းကြောင့် အင်ဒိုနီးရှားနိုင်ငံသည် အဓိကဈေးကွက်တစ်ခုအဖြစ်သာမက ထုတ်လုပ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် ပို့ကုန်လုပ်ငန်းများအတွက် မဟာဗျူဟာမြောက် အချက်အချာနေရာတစ်ခုအဖြစ်ပါ ရပ်တည်လာကြောင်း Budi Santoso က ပြောကြားခဲ့ကြောင်း သိရသည်။

      အောက်တိုဘာ ၆ ရက် အင်္ဂါနေ့က Jakarta မြို့တွင် ကျင်းပသည့် ၁၄ ကြိမ်မြောက် အမေရိကန်-အင်ဒိုနီးရှား ရင်းနှီးမြှုပ်နှံမှုထိပ်သီးအစည်းအဝေး၌ စီးပွားရေးရာ ညှိနှိုင်းရေးဝန်ကြီး Airlangga Hartarto ကလည်း ART သဘောတူညီချက်ကို အကောင်အထည်ဖော်ခြင်းသည် ဈေးကွက်ဝင်ရောက်ခွင့် တိုးချဲ့ရေးနှင့် ကုန်သွယ်ရေးအတားအဆီးများ လျှော့ချရေးတို့အတွက် အဓိကကျကြောင်း ပြောကြားခဲ့ကြောင်း သိရသည်။

      အမေရိကန်စီးပွားရေးအသိုက်အဝန်းနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်ကာ မဟာဗျူဟာမြောက် အခွင့်အလမ်းများကို လက်တွေ့ရင်းနှီးမြှုပ်နှံမှုများအဖြစ် ပြောင်းလဲနိုင်ရန်နှင့် ပိုမိုခိုင်မာသည့် မိတ်ဖက်ဆက်ဆံရေးများ တည်ဆောက်နိုင်ရန် မျှော်လင့်ထားကြောင်း၊ ယင်းမှတစ်ဆင့် နှစ်နိုင်ငံစလုံး၏ စီးပွားရေးတိုးတက်မှုကို အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း Airlangga Hartarto က ပြောကြားခဲ့ကြောင်း သိရသည်။

        ထို့ပြင် ကမ္ဘာ့စီးပွားရေး မရေရာမှုများ ဆက်လက်ဖြစ်ပေါ်နေသည့်အခြေအနေတွင် ရေရှည်တည်တံ့သော စီးပွားရေးတိုးတက်မှု ရရှိစေရန်နှင့် နိုင်ငံ၏ စီးပွားရေးခံနိုင်ရည်အား ပိုမိုခိုင်မာစေရန် အမေရိကန်နိုင်ငံနှင့် စီးပွားရေးမိတ်ဖက်ဆက်ဆံမှုများ တိုးမြှင့်ပြီး တန်ဖိုးမြှင့်ရင်းနှီးမြှုပ်နှံမှုများကို အားပေးရန် လိုအပ်ကြောင်း ၎င်းက အလေးထားပြောကြားခဲ့ကြောင်း သိရသည်။

       နှစ်နိုင်ငံကုန်သွယ်ရေးဆက်ဆံမှုမှာလည်း တည်ငြိမ်စွာ တိုးတက်လာခဲ့ပြီး အင်ဒိုနီးရှားနိုင်ငံ၏ အမေရိကန်နိုင်ငံသို့ ပို့ကုန်တန်ဖိုးသည် ၂၀၂၁ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၂၅ ဒသမ ၈၃ ဘီလီယံရှိခဲ့ရာမှ ၂၀၂၅ ခုနှစ်တွင် ဒေါ်လာ ၃၁ ဒသမ ၀၁ ဘီလီယံအထိ မြင့်တက်လာခဲ့ကြောင်း သိရသည်။

        ၂၀၂၆ ခုနှစ် ပထမခြောက်လအတွင်း အမေရိကန်နိုင်ငံသို့ အင်ဒိုနီးရှား၏ ပို့ကုန်တန်ဖိုးမှာ ဒေါ်လာ ၁၅ ဒသမ ၈၅ ဘီလီယံရှိခဲ့ပြီး ကုန်သွယ်မှုပိုငွေ ဒေါ်လာ ၈ ဒသမ ၅၆ ဘီလီယံ ရရှိခဲ့ကြောင်း သိရသည်။

       အမေရိကန်နိုင်ငံသည် အင်ဒိုနီးရှားနိုင်ငံ၏ အဓိကနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုရင်းမြစ် ငါးနိုင်ငံအနက် တစ်နိုင်ငံအဖြစ် ဆက်လက်ရပ်တည်လျက်ရှိသည်။ ၂၀၂၆ ခုနှစ် ပထမခြောက်လအတွင်း အမေရိကန်နိုင်ငံမှ အင်ဒိုနီးရှားနိုင်ငံသို့ အမှန်တကယ်ဝင်ရောက်လာသည့် ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၇၂ ဘီလီယံရှိကြောင်း သိရှိရပါသည်။

Antara News                                                                             

DOCA (ရန်ကုန်)

လျှပ်စစ်ထောက်ပံ့ကြေး ရူပီး ၇၃ ထရီလီယံအထိ လျှော့ချနိုင်မည့် အင်ဒိုနီးရှား

      အင်ဒိုနီးရှားနိုင်ငံတွင် ဆိုလာလျှပ်စစ်ဓာတ်အားပေးစက်ရုံများမှ လျှပ်စစ်ဓာတ်အား ၁၀၀ ဂီဂါဝပ်အထိ ထုတ်လုပ်နိုင်သည့် စီမံကိန်းကို အကောင်အထည်ဖော်ပြီးစီးပါက အစိုးရ၏ လျှပ်စစ်ထောက်ပံ့ကြေး ရူပီး ၇၃ ထရီလီယံ (အမေရိကန်ဒေါ်လာ လေးဘီလီယံ) အထိ လျှော့ချနိုင် မည်ဖြစ်ကြောင်း Downstreaming နှင့် စွမ်းအင်ကူးပြောင်းရေးဆိုင်ရာ ညှိနှိုင်းရေးဝန်ကြီးနှင့် စွမ်းအင်နှင့် သတ္တုသယံဇာတဝန်ကြီး Bahlil Lahadalia က ပြောကြားကြောင်း သိရသည်။

         အဆိုပါစီမံကိန်းကို West Java၊ East Java၊ Bangka Belitung နှင့် Riau Islands ဒေသတို့တွင် ဆိုလာလျှပ်စစ်ဓာတ်အားပေးစက်ရုံ ၁၄ ရုံ စတင်တည်ဆောက်ခြင်းဖြင့် အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့ကြောင်း သိရသည်။

         Jakarta မြို့တွင် အောက်တိုဘာလ ၇ ရက်နေ့ကျင်းပသည့် Investor Daily Summit အခမ်းအနား၌ Bahlil Lahadalia က စီမံကိန်းပြီးစီးပါက နိုင်ငံတော်ဘတ်ဂျက်မှ လျှပ်စစ်ထောက်ပံ့ ကြေးပေးအပ်ရသည့် ပမာဏကို ရူပီး ၇၀ ထရီလီယံမှ ၇၃ ထရီလီယံအထိ လျှော့ချနိုင်မည်ဟု မျှော်လင့်ထားကြောင်း ပြောကြားခဲ့ကြောင်း သိရသည်။

          အဆိုပါစီမံကိန်းသည် လျှပ်စစ်ထောက်ပံ့ကြေးအတွက် ရူပီး ၂၀၀ ထရီလီယံ ခွဲဝေသုံးစွဲထား ရသည့် နိုင်ငံတော်ဘတ်ဂျက်အပေါ် ဖိအားကို လျှော့ချနိုင်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ ယင်းပြဿနာကို ဖြေရှင်းရန် လျင်မြန်စွာ တုံ့ပြန်နိုင်သည့် ဆန်းသစ်တီထွင်မှုများ လိုအပ်ကြောင်းလည်း ၎င်းက အလေးထားပြောကြားကြောင်း သိရသည်။

        အင်ဒိုနီးရှားသမ္မတ Prabowo Subianto သည် ဆိုလာလျှပ်စစ်ဓာတ်အား ၁၀၀ ဂီဂါဝပ် ထုတ်လုပ်နိုင်ရေး မဟာဗျူဟာစီမံကိန်းကို ဩဂုတ် ၂၅ ရက်တွင် Bali ပြည်နယ်၊ Jembrana ရှိ Gilimanuk Operations Monument ၌ စတင်ကြေညာခဲ့ကြောင်း သိရသည်။

          စီမံကိန်းစတင်ခြင်းအခမ်းအနားကို Gilimanuk ၌ ကျင်းပခဲ့သည့်အပြင် Central Java ပြည်နယ်၊ Wonogiri ရှိ Gajah Mungkur ရေပေါ်ဆိုလာလျှပ်စစ်စက်ရုံ၊ Riau Islands ဒေသ၊ Batam ရှိ Sembur ကျေးရွာဆိုလာလျှပ်စစ်စက်ရုံနှင့် Bangka Belitung ဒေသရှိ Rengit ကျွန်းဆိုလာလျှပ်စစ်စက်ရုံတို့တွင်လည်း အွန်လိုင်းမှတစ်ဆင့် တစ်ပြိုင်နက် ကျင်းပခဲ့ကြောင်း သိရသည်။

    သုံးနှစ်အတွင်း ဆိုလာလျှပ်စစ်ဓာတ်အား ၁၀၀ ဂီဂါဝပ် ထုတ်လုပ်နိုင်ရန် ရည်မှန်းထားပြီး ယင်းလုပ်ငန်းကို အလေးအနက်ထား အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း သမ္မတ Prabowo Subianto က ပြောကြားခဲ့ကြောင်း သိရသည်။

        ယင်းရည်မှန်းချက် ပြည့်မီပါက အင်ဒိုနီးရှားနိုင်ငံအနေဖြင့် စွမ်းအင်ဖူလုံမှုရရှိနိုင်မည်ဟု ယုံကြည်ကြောင်း ၎င်းက ပြောကြားသည်။ လက်ရှိတွင် နိုင်ငံ၏ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုမှာ ကျောက်မီးသွေး၊ ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် ဘူမိအပူစွမ်းအင်တို့မှ စုစုပေါင်း ၈၈ ဂီဂါဝပ် ရှိကြောင်း သိရသည်။

        ဆိုလာလျှပ်စစ်စီမံကိန်းကို အကောင်အထည်ဖော်ရန် အစိုးရက ဆောင်ရွက်နေခြင်းမှာ အင်ဒိုနီးရှားနိုင်ငံတွင် ဆိုလာစွမ်းအင် ထုတ်လုပ်နိုင်သည့် အလားအလာ ၃,၂၉၄ ဂီဂါဝပ်အထိ ရှိနေကြောင်း အသိအမှတ်ပြုထားသည့်အတွက် ဖြစ်ကြောင်း သမ္မတက ရှင်းလင်းပြောကြားသည်။ ယင်းအစီအစဉ်သည် လက်ရှိ ၁ ဒသမ ၅ ဂီဂါဝပ်သာရှိသည့် တပ်ဆင်ပြီးဆိုလာလျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်စွမ်းကို သိသိသာသာ တိုးမြှင့်ရန် ရည်ရွယ်ထားခြင်းဖြစ်ကြောင်း သိရသည်။

        ထို့ပြင် စွမ်းအင်ဖူလုံမှုရရှိရေး ရည်မှန်းချက် အောင်မြင်စေရန် Red and White Cabinet အဖွဲ့ဝင်များ၊ Danantara Indonesia၊ နိုင်ငံပိုင်လျှပ်စစ်လုပ်ငန်း PT PLN နှင့် နိုင်ငံပိုင်ရေနံကုမ္ပဏီ Pertamina တို့အနေဖြင့် အစိုးရ၏ ကြိုးပမ်းဆောင်ရွက်မှုများကို ပူးပေါင်းပံ့ပိုးပေးကြရန် သမ္မတ Prabowo Subianto က တိုက်တွန်းထားကြောင်း သိရှိရပါသည်။

Antara News                                                                             

DOCA (ရန်ကုန်)

ပင်လယ်ရေညှိစိုက်ပျိုးထုတ်လုပ်မှု တိုးမြှင့်ခြင်းဖြင့် စားနပ်ရိက္ခာလိုအပ်ချက် ဖြည့်ဆည်းနိုင်မည်ဟု အင်ဒိုနီးရှားဝန်ကြီးပြောကြား

       အင်ဒိုနီးရှားနိုင်ငံတွင် စိုက်ပျိုးမြေဧရိယာ လျော့နည်းလာသည့်အခြေအနေ၌ ပြည်တွင်းနှင့် ကမ္ဘာ့စားနပ်ရိက္ခာလိုအပ်ချက် မြင့်တက်လာမှုကို ဖြည့်ဆည်းနိုင်ရန် ပင်လယ်ရေညှိသည် အရေးပါသော အစားထိုးအရင်းအမြစ်တစ်ရပ်ဖြစ်ကြောင်း အဏ္ဏဝါရေးရာနှင့် ငါးလုပ်ငန်းဝန်ကြီး Sakti Wahyu Trenggono က ပြောကြားခဲ့ကြောင်း သိရသည်။

        အောက်တိုဘာ ၆ ရက် နေ့က Jakarta မြို့တွင် ကျင်းပသည့် ၂၀၂၆ ခုနှစ် အမျိုးသားပင်လယ်ရေညှိဖိုရမ်၌ ၎င်းက ယင်းသို့ပြောကြားခဲ့ခြင်းဖြစ်သည်။ လယ်ယာစိုက်ပျိုးမြေ များကို အခြားအသုံးပြုမှုများအတွက် အလျင်အမြန် ပြောင်းလဲအသုံးပြုလာခြင်းကြောင့် စိုက်ပျိုးမြေရရှိနိုင်မှု လျော့နည်းလာသည့်အချိန်တွင် ပင်လယ်ရေညှိအပါအဝင် ပင်လယ်နှင့် ရေထွက်အရင်းအမြစ်များမှ ရရှိသည့် အစားအစာများသည် ရေရှည်တည်တံ့သော စားနပ်ရိက္ခာဖြည့်ဆည်းရေးအတွက် အလားအလာကောင်းတစ်ရပ်ဖြစ်ကြောင်း ၎င်းက အလေးထားပြောကြားခဲ့ကြောင်း သိရသည်။

       ပင်လယ်နှင့် ရေထွက်အရင်းအမြစ်များမှ ရရှိသည့် အစားအစာများသည် စားနပ်ရိက္ခာပြဿနာ ဖြေရှင်းရေး၏ အရေးပါသော အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ပင်လယ်ရေညှိကို စိုက်ပျိုးထုတ်လုပ်ခြင်းဖြင့် ကုန်းမြေပေါ်ရှိ စိုက်ပျိုးမြေအရင်းအမြစ်များအပေါ် ဖိအားထပ်မံမဖြစ်စေဘဲ စားနပ်ရိက္ခာလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ကြောင်း Sakti Wahyu Trenggono က ပြောကြားခဲ့ကြောင်း သိရသည်။

       ကမ္ဘာ့လူဦးရေသည် ၂၀၅၀ ပြည့်နှစ်တွင် ၉ ဒသမ ၆၆ ဘီလီယံအထိ ရောက်ရှိလာမည်ဟု ခန့်မှန်းထားသဖြင့် ကမ္ဘာလုံးဆိုင်ရာ စားနပ်ရိက္ခာလိုအပ်ချက်မှာ လက်ရှိထက် ၅၀ ရာခိုင်နှုန်းမှ ၆၀ ရာခိုင်နှုန်းအထိ မြင့်တက်လာမည်ဖြစ်ကြောင်း ဝန်ကြီးက ထောက်ပြခဲ့သည်။ အလားတူ ကာလအတွင်း ငါးမှရရှိသည့် ပရိုတင်းဓာတ် လိုအပ်ချက်မှာလည်း ၆၆ ရာခိုင်နှုန်း တိုးတက်လာကာ တန်ချိန် ၁၇၉ သန်းအထိ ရှိလာမည်ဟု ခန့်မှန်းထားကြောင်း သိရသည်။

      အင်ဒိုနီးရှားနိုင်ငံတွင်လည်း ၂၀၅၀ ပြည့်နှစ်၌ လူဦးရေ ၃၂၀ ဒသမ ၇ သန်းအထိ ရှိလာမည်ဟု ခန့်မှန်းထားပြီး နှစ်စဉ်ပရိုတင်းဓာတ်လိုအပ်ချက်မှာ တန်ချိန် ၇ ဒသမ ၆၂ သန်းအထိ မြင့်တက်လာမည်ဖြစ်သည်။ ယင်းပမာဏသည် လတ်ဆတ်သောငါး တန်ချိန် ၃၅ သန်းနှင့် ညီမျှကြောင်း သိရသည်။

       တစ်ဖက်တွင် အင်ဒိုနီးရှားနိုင်ငံသည် နှစ်စဉ် စပါးစိုက်ပျိုးမြေ ဟက်တာ တစ်သိန်းကျော် ဆုံးရှုံးလျက်ရှိပြီး ၂၀၄၅ ခုနှစ်တွင် ကျန်ရှိမည့် စိုက်ပျိုးမြေဧရိယာမှာ ဟက်တာ ၅ ဒသမ ၁ သန်းခန့်သာ ရှိမည်ဟု ခန့်မှန်းထားသည်။ အင်ဒိုနီးရှားနိုင်ငံသည် ကမ္ဘာပေါ်တွင် ပင်လယ်ရေညှိ အများဆုံးထုတ်လုပ်သည့် နိုင်ငံများအနက် ဒုတိယအကြီးဆုံးနိုင်ငံဖြစ်သည့်အတွက် မဟာဗျူဟာ မြောက် အားသာချက်ရှိကြောင်း ဝန်ကြီးက ပြောကြားခဲ့သည်။ ၂၀၂၅ ခုနှစ်တွင် နိုင်ငံ၏ ပင်လယ်ရေညှိထုတ်လုပ်မှုမှာ တန်ချိန် ၁၁ ဒသမ ၆ သန်းရှိခဲ့ပြီး ယခင်နှစ်ထက် ၁၈ ဒသမ ၂၇ ရာခိုင်နှုန်း တိုးတက်ခဲ့သည်။ ယင်းပမာဏသည် ပြည်တွင်းငါးလုပ်ငန်းကဏ္ဍ၏ စုစုပေါင်းထုတ်လုပ်မှု ၏ ၄၂ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

         ပင်လယ်ရေညှိလုပ်ငန်းကဏ္ဍသည် လက်ရှိတွင် တောင်သူ ၂၀၀,၀၀၀ ကျော်ကို အလုပ်အကိုင် အခွင့်အလမ်း ပံ့ပိုးပေးထားပြီး အင်ဒိုနီးရှားနိုင်ငံသား တစ်သန်းကျော်၏အသက်မွေး ဝမ်းကျောင်း လုပ်ငန်းများကိုလည်း အထောက်အကူပြုလျက်ရှိသည်။ ထို့ပြင် ကာဗွန်စုပ်ယူသိုလှောင်နိုင်ခြင်းနှင့် ရေအရည်အသွေး ပိုမိုကောင်းမွန်လာစေခြင်းစသည့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကျိုး ကျေးဇူးများလည်း ရရှိစေကြောင်း သိရသည်။

      သို့သော် ထုတ်လုပ်မှုပမာဏ မြင့်မားနေသော်လည်း အင်ဒိုနီးရှားနိုင်ငံ၏ ပင်လယ်ရေညှိကဏ္ဍတွင် အထူးသဖြင့် တန်ဖိုးမြှင့်ထုတ်လုပ်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၌ အသုံးချနိုင်ခြင်းမရှိသေးသည့် အလားအလာများစွာ ကျန်ရှိနေကြောင်း ဝန်ကြီးက ထောက်ပြခဲ့ကြောင်း သိရသည်။

         ၂၀၂၅ ခုနှစ်တွင် အင်ဒိုနီးရှားနိုင်ငံသည် ပင်လယ်ရေညှိ တန်ချိန် ၂၄၂,၀၀၀ ကို အမေရိကန်ဒေါ်လာ ၃၁၅ သန်းတန်ဖိုးဖြင့် ပြည်ပသို့ တင်ပို့ခဲ့ပြီး အဓိကတင်ပို့ရာနိုင်ငံမှာ တရုတ်နိုင်ငံဖြစ်သည်။ သို့သော် တင်ပို့မှုစုစုပေါင်း၏ ၇၀ ရာခိုင်နှုန်းနီးပါးမှာ တန်ဖိုးမြင့်ထုတ်ကုန်များအဖြစ် ပြုပြင်ထုတ်လုပ် ထားခြင်းမဟုတ်ဘဲ ကုန်ကြမ်းအဖြစ် အခြောက်ခံထားသည့် ပင်လယ်ရေညှိများသာ ဖြစ်ကြောင်း သိရသည်။

         ထို့အပြင် အင်ဒိုနီးရှားနိုင်ငံ၏ ရေပိုင်နက်အတွင်း တွေ့ရှိရသည့် ဒေသရင်းပင်လယ် ရေညှိမျိုးစိတ် ၁,၀၀၆ မျိုးအနက် လက်ရှိတွင် ခြောက်မျိုးကိုသာ ဒေသခံများက စိုက်ပျိုးထုတ် လုပ်လျက်ရှိသည်။ ယင်းတို့အနက် ကာရာဂျီနန် (Carrageenan) ထုတ်လုပ်နိုင်သည့် Kappaphycus မျိုးစိတ်များနှင့် Eucheuma denticulatum တို့မှာ အဓိကဖြစ်ကြောင်း သိရသည်။

       ပင်လယ်ရေညှိလုပ်ငန်းကဏ္ဍတွင် မျိုးစေ့အရည်အသွေး၊ ဈေးကွက်ပေါက်ဈေး မတည်ငြိမ်မှု၊ သယ်ယူပို့ဆောင်ရေးနှင့် စီမံခန့်ခွဲမှုဆိုင်ရာ စိန်ခေါ်မှုများကို ဖြေရှင်းနိုင်ရန် ဝန်ကြီးဌာနသည် မဏ္ဍိုင်ငါးရပ်ပါဝင်သည့် ပေါင်းစပ်ဆောင်ရွက်ရေးအစီအစဉ်တစ်ရပ်ကို ချမှတ်ထားကြောင်း သိရသည်။

       ယင်းအစီအစဉ်တွင် ထုတ်လုပ်မှုအရည်အသွေး မြှင့်တင်ရေး၊ ကုန်ကြမ်းမှ တန်ဖိုးမြင့် ထုတ်ကုန်များအဖြစ် ပြုပြင်ထုတ်လုပ်ရေး၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှု၊ ဘဏ္ဍာငွေထောက်ပံ့ မှုနှင့် ရင်းနှီးမြှုပ်နှံမှု၊ အဖွဲ့အစည်းဆိုင်ရာ စီမံအုပ်ချုပ်မှုတို့ ပါဝင်ကြောင်း သိရသည်။

         ပင်လယ်ရေညှိကဏ္ဍ အသွင်ပြောင်းလဲရေးတွင် ထုတ်လုပ်မှုပမာဏ တိုးမြှင့်ရေးကိုသာ ဦးစားပေးနေခြင်းမှ ထုတ်လုပ်မှုစွမ်းအား၊ တန်ဖိုးမြှင့်ထုတ်လုပ်နိုင်မှုနှင့် ယှဉ်ပြိုင်နိုင်စွမ်းတို့ကို အဓိကထားသည့် လုပ်ငန်းပုံစံသို့ ပြောင်းလဲရန်လိုအပ်ကြောင်း Sakti Wahyu Trenggono က နိဂုံးချုပ်ပြောကြားခဲ့သည်။ ထိုသို့ဆောင်ရွက်ခြင်းဖြင့် ပင်လယ်ရေညှိဈေးကွက်၏ အလားအလာကို ခိုင်မာသည့် စက်မှုလုပ်ငန်းကဏ္ဍအဖြစ် ဖော်ဆောင်နိုင်မည်ဖြစ်သကဲ့သို့ ကမ်းရိုးတန်းဒေသခံများ၏ လူမှုစီးပွားဘဝကိုလည်း ပိုမိုတိုးတက်ကောင်းမွန်စေနိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။

Antara News                                                                             

DOCA (ရန်ကုန်)

အမေရိကန်ရေနံနှင့် သဘာဝဓာတ်ငွေ့ကုမ္ပဏီတွင် ဒေါ်လာသန်း ၂၅၀ ရင်းနှီးမြှုပ်နှံခဲ့သည့် အင်ဒိုနီးရှားနိုင်ငံပိုင် ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေ Danantara

     အင်ဒိုနီးရှားနိုင်ငံပိုင် ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေ Danantara Indonesia သည် အမေရိကန်နိုင်ငံ Texas ပြည်နယ်အခြေစိုက် ရေနံနှင့် သဘာဝဓာတ်ငွေ့ကုမ္ပဏီ HighPeak Energy, Inc. (NASDAQ: HPK) တွင် အမေရိကန်ဒေါ်လာ သန်း ၂၅၀ ရင်းနှီးမြှုပ်နှံမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ အဆိုပါရင်းနှီးမြှုပ်နှံမှုကို ၎င်း၏ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းခွဲ PT Danantara Investment Management (DIM) မှတစ်ဆင့် ဆောင်ရွက်မည်ဖြစ်‌ကြောင်း သိရသည်။

     HighPeak Energy သည် အမေရိကန်နိုင်ငံ၏ ရေနံစိမ်းအများဆုံးထုတ်လုပ်ရာ ဒေသဖြစ်သည့် Permian Basin တွင် ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ကွက်များ ဝယ်ယူခြင်း၊ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခြင်းနှင့် ရှာဖွေတူးဖော်ခြင်းလုပ်ငန်းများ လုပ်ကိုင်လျက်ရှိသည်။ ယင်းရင်းနှီးမြှုပ်နှံမှုကို အဆင့်ဆင့်ခွဲဝေထုတ်ပေးမည့် ပြောင်းလဲနိုင်သော ဦးစားပေးရှယ်ယာများ ထုတ်ပေးခြင်းဖြင့် အကောင်အထည်ဖော်မည်ဖြစ်ကြောင်း သိရသည်။

        DIM ၏ အမှုဆောင်အရာရှိချုပ် Pandu Sjahrir က အဆိုပါရင်းနှီးမြှုပ်နှံမှုသည် ရေရှည်တည်တံ့သော အကျိုးအမြတ်များရရှိစေပြီး အင်ဒိုနီးရှားနိုင်ငံ၏ အမျိုးသားအကျိုးစီးပွားကို အထောက်အကူပြုနိုင်သည့် မဟာဗျူဟာမြောက်ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံရန် ချမှတ်ထားသော မိမိတို့၏ လုပ်ငန်းတာဝန်နှင့် ကိုက်ညီကြောင်း အောက်တိုဘာလ ၆ ရက်နေ့ထုတ်ပြန်သည့် ကြေညာချက်တွင် ပြောကြားခဲ့ကြောင်း သိရသည်။

       ထို့ပြင် ကမ္ဘာ့အဆင့်မြင့်ဆုံး ရေနံနှင့် သဘာဝဓာတ်ငွေ့ ထုတ်လုပ်ရေးဈေးကွက်များအနက် တစ်ခုဖြစ်သည့် အမေရိကန်နိုင်ငံ၏ အထက်ပိုင်းရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းကဏ္ဍတွင် HighPeak Energy ၏ မဟာဗျူဟာမြောက် ရပ်တည်ချက်သည် Danantara အနေဖြင့် ကမ္ဘာတစ်ဝန်းရှိ ဈေးကွက်များတွင် အမျိုးမျိုးခွဲဝေထားသော ရင်းနှီးမြှုပ်နှံမှုအစုစုကို တည်ဆောက်ရာ၌ အလားအလာကောင်းသည့် အခွင့်အလမ်းတစ်ရပ်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့ကြောင်း သိရသည်။

      ယင်းပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် နည်းပညာနှင့် အသိပညာများ လွှဲပြောင်းရယူနိုင်ပြီး အင်ဒိုနီးရှားနိုင်ငံ၏ စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုနိုင်မည်ဖြစ်သကဲ့သို့ အင်ဒိုနီးရှားနှင့် အမေရိကန်နိုင်ငံတို့အကြား ကာလရှည်ကြာတည်ရှိခဲ့သော စွမ်းအင်နှင့် စီးပွားရေးဆိုင်ရာ ဆက်ဆံရေးများကိုလည်း ပိုမိုခိုင်မာစေမည်ဟု မျှော်လင့်ကြောင်း Pandu Sjahrir က ဖြည့်စွက်ပြောကြားခဲ့ကြောင်း သိရသည်။

      HighPeak Energy ၏ ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ် Michael Hollis ကလည်း DIM နှင့် ပူးပေါင်းဆောင်ရွက်မှုကြောင့် ရေရှည်အရင်းအနှီးများ ဆက်လက်ဖြည့်တင်းပေးနိုင်မည်ဖြစ်ပြီး တူးဖော်ရေးအစီအစဉ်များ တိုးချဲ့ဆောင်ရွက်ခြင်းအပါအဝင် လုပ်ငန်းပိုင်ဆိုင်မှုများ ဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်မြှင့်တင်နိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့ကြောင်း သိရသည်။

    HighPeak Energy သည် အဆိုပါရင်းနှီးမြှုပ်နှံမှုငွေကြေးကို ၎င်း၏ အရင်းအနှီးဖွဲ့စည်းပုံ ပိုမိုခိုင်မာစေရန်နှင့် ဘဏ္ဍာရေးဆိုင်ရာ လိုက်လျောညီထွေစွာ ဆောင်ရွက်နိုင်စွမ်း မြှင့်တင်ရန် အသုံးပြုမည်ဖြစ်သည်။ ထို့အပြင် အရည်အသွေးမြင့် လုပ်ငန်းပိုင်ဆိုင်မှုများကို ရေရှည်တည်တံ့စွာ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် လုပ်ငန်းတိုးချဲ့နိုင်ရန်လည်း အထောက်အကူပြုမည်ဖြစ်ကြောင်း သိရသည်။

       Michael Hollis က အဆိုပါပူးပေါင်းဆောင်ရွက်မှုသည် ရေရှည်ရင်းနှီးမြှုပ်နှံမှုနှင့် တန်ဖိုးဖန်တီးမှုတို့အပေါ် တူညီသော ကတိကဝတ်ရှိသည့် ရင်းနှီးမြှုပ်နှံသူများကို ပေါင်းစည်းပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့ကြောင်း သိရသည်။

       အမေရိကန်နိုင်ငံ စွမ်းအင်သတင်းအချက်အလက်စီမံခန့်ခွဲရေးအဖွဲ့ (U.S. Energy Information Administration) ၏ အချက်အလက်များအရ Permian Basin ဒေသသည် ၂၀၂၅ ခုနှစ်အတွင်း အမေရိကန်နိုင်ငံ၏ ရေနံစိမ်းထုတ်လုပ်မှုစုစုပေါင်း၏ ၄၈ ရာခိုင်နှုန်းကို ထုတ်လုပ်ပေးခဲ့သည်။ ယင်းဒေသ၌ ၂၀၀၇ ခုနှစ်မှစတင်၍ ရေနံထုတ်လုပ်မှု တိုးတက်လာခြင်းမှာ အလျားလိုက်တူးဖော်သည့် နည်းပညာနှင့် ဖိအားမြင့်အရည်အသုံးပြု၍ ကျောက်လွှာများအတွင်းမှ ရေနံနှင့် သဘာဝဓာတ်ငွေ့ ထုတ်ယူသည့် Hydraulic Fracturing (Fracking) နည်းပညာတို့ကြောင့် အဓိကဖြစ်ကြောင်း သိရသည်။

      မြေအောက်သိုက်အခြေအနေများ သင့်လျော်ပါက အဆိုပါခေတ်မီထုတ်ယူရေးနည်းပညာများကို ကုန်းတွင်းရှိ သက်တမ်းရင့် ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ကွက်များတွင်လည်း အသုံးပြုနိုင်ပြီး ရေတွင်းများ၏ ထုတ်လုပ်နိုင်စွမ်းကို မြှင့်တင်ပေးနိုင်သည်။ ယင်းနည်းလမ်းသည် ပြည်တွင်းရေနံထုတ်လုပ်မှု တိုးမြှင့်ရန် ကြိုးပမ်းနေသည့် အင်ဒိုနီးရှားနိုင်ငံအတွက် နမူနာယူနိုင်သည့် နည်းလမ်းတစ်ရပ်ဖြစ်လာနိုင်ကြောင်း သိရသည်။

       DIM သည် စည်းကမ်းတကျ ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်ခြင်းနှင့် အင်ဒိုနီးရှားနိုင်ငံ၏ ရေရှည်စီးပွားရေးတိုးတက်မှုအတွက် အဓိပ္ပာယ်ရှိသော ပံ့ပိုးမှုများ ပြုလုပ်ခြင်းတို့မှတစ်ဆင့် မိမိ၏ လုပ်ငန်းတာဝန်များကို ဆက်လက်အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း ပြောကြားထားကြောင်း သိရသည်။

      ရင်းနှီးမြှုပ်နှံမှုသဘောတူညီချက်အရ DIM သည် ရင်းနှီးမြှုပ်နှံမှုတန်ဖိုး ကျဆင်းလာပါက အကာအကွယ်ရရှိနိုင်မည့် အခွင့်အရေးများနှင့်အတူ အနာဂတ်တွင် ရှယ်ယာတန်ဖိုးမြင့် တက်လာပါက အကျိုးအမြတ်ရရှိနိုင်မည့် အခွင့်အလမ်းကိုလည်း ရရှိမည်ဖြစ်သည်။ ယင်းအတွက် DIM သည် မိမိပိုင်ရှယ်ယာများကို သာမန်ရှယ်ယာများအဖြစ် ပြောင်းလဲနိုင်မည်ဖြစ်ကြောင်း သိရသည်။

        ထို့အပြင် HighPeak Energy က အနာဂတ်တွင် ပုဂ္ဂလိကနေရာချထားမှုစနစ်ဖြင့် ထပ်မံထုတ်ဝေမည့် ရှယ်ယာများတွင် ပါဝင်ရင်းနှီးမြှုပ်နှံခွင့်ကိုလည်း DIM က ရရှိမည်ဖြစ်သည်။ ယင်းအပြင် HighPeak Energy ၏ ဒါရိုက်တာအဖွဲ့တွင် DIM ကိုယ်စားလှယ်တစ်ဦး ခန့်အပ်ခွင့်လည်း ရရှိမည်ဖြစ်ကြောင်း သိရသည်။

        အဆိုပါရင်းနှီးမြှုပ်နှံမှုလုပ်ငန်းစဉ် ပြီးစီးသည့်အခါ HighPeak Energy သည် အင်ဒိုနီးရှားလုပ်သားများ၏ လုပ်ငန်းစွမ်းရည်နှင့် နည်းပညာကျွမ်းကျင်မှု တိုးတက်စေရန် လေ့ကျင့်ရေးအစီအစဉ်များနှင့် ကုမ္ပဏီအချင်းချင်း ဝန်ထမ်းအပြန်အလှန် စေလွှတ်တာဝန်ထမ်း ဆောင်စေသည့် အစီအစဉ်များကို ဖော်ဆောင်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

Antara News                                                                             

DOCA (ရန်ကုန်)

EUနှင့် အင်ဒိုနီးရှား CEPA သဘောတူညီချက် အမြန်ဆုံး လက်မှတ်ရေးထိုးရန် အင်ဒိုနီးရှား တိုက်တွန်း

       အင်ဒိုနီးရှားနှင့် ဥရောပသမဂ္ဂ (EU) အကြား ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက် (I-EU CEPA) ကို အမြန်ဆုံး လက်မှတ်ရေးထိုးနိုင်ရေးနှင့် ၂၀၂၇ ခုနှစ်တွင် EU ၏ အထွေထွေ အခွင့်အရေးပေးကုန်သွယ်ရေးအစီအစဉ် (GSP) သက်တမ်းကုန်ဆုံးမည့်မတိုင်မီ ဈေးကွက်ဝင်ရောက်ခွင့် ရရှိရေးအတွက် အင်ဒိုနီးရှားကုန်သွယ်ရေးဝန်ကြီး Budi Santoso က တိုက်တွန်းထားကြောင်း သိရသည်။

       ယင်းနှင့်စပ်လျဉ်း၍ Budi Santoso သည် မကြာသေးမီက ပြုလုပ်ခဲ့သည့် နှစ်နိုင်ငံအကြား တွေ့ဆုံဆွေးနွေးမှုတွင် ပြင်သစ်နိုင်ငံ၏ နိုင်ငံခြားကုန်သွယ်ရေးနှင့် စီးပွားရေးဆွဲဆောင်မှုဆိုင်ရာ ဒုဝန်ကြီး Nicolas Forissier ထံမှ အဆိုပါသဘောတူညီချက်ကို ဥရောပသမဂ္ဂကောင်စီမှ အတည်ပြုနိုင်ရေးအတွက် ထောက်ခံပေးရန် တိုက်ရိုက်တောင်းဆိုခဲ့ကြောင်း သိရသည်။

         I-EU CEPA လက်မှတ်ရေးထိုးရေး လုပ်ငန်းစဉ် ချောမွေ့စေရန် ဥရောပသမဂ္ဂကောင်စီအတွင်း ပြင်သစ်နိုင်ငံ၏ ထောက်ခံမှုကို အင်ဒိုနီးရှားက မျှော်လင့်ထားပြီး ၂၀၂၇ ခုနှစ် အစောပိုင်းတွင် သဘောတူညီချက်ကို စတင်အကောင်အထည်ဖော်နိုင်ရန် ပြည်တွင်းလုပ်ငန်းစဉ်များကိုလည်း ဆက်လက်ဆောင်ရွက်နေကြောင်း Budi Santoso က ပြောကြားခဲ့ကြောင်း သိရသည်။

       နှစ်နိုင်ငံကုန်သွယ်ရေးသဘောတူညီချက်ကို အမြန်ဆုံး အကောင်အထည်ဖော်နိုင်ခြင်းသည် ၂၀၂၇ ခုနှစ်တွင် အင်ဒိုနီးရှားထုတ်ကုန်များအတွက် အကျုံးဝင်မှု ရပ်ဆိုင်းမည့် GSP စနစ်မှ CEPA အောက်ရှိ ကုန်သွယ်ရေးအခွင့်အရေးသို့ ချောမွေ့စွာ ကူးပြောင်းနိုင်ရေးအတွက် အရေးကြီးကြောင်း ၎င်းက ဆိုသည်။

     ထို့ပြင် အင်ဒိုနီးရှားနိုင်ငံအနေဖြင့် ရေရှည်တည်တံ့သော စားအုန်းဆီနှင့် ၎င်းမှထုတ်လုပ်သည့် ထုတ်ကုန်များ၊ ဖိနပ်၊ အထည်အလိပ်နှင့် ရေထွက်ကုန်များအတွက် အီးယူဈေးကွက်သို့ ထိရောက်သည့် ဝင်ရောက်ခွင့်များ ရရှိရန်လည်း မျှော်လင့်ထားကြောင်း သိရသည်။

        နှစ်နိုင်ငံအကြား တွေ့ဆုံဆွေးနွေးမှုတွင် Nicolas Forissier က အင်ဒိုနီးရှား၏ အထူးအခွင့်အရေးပေး ကုန်သွယ်ရေးစနစ်များကို အသုံးချရန် ပြင်သစ်နိုင်ငံရှိ စီးပွားရေးလုပ်ငန်းများအကြား စိတ်ဝင်စားမှု မြင့်မားနေကြောင်း ပြောကြားခဲ့ပြီး နှစ်နိုင်ငံအကြား အပြန်အလှန် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုတိုးမြှင့်နိုင်ရန် မျှော်လင့်ထားကြောင်းလည်း ဖော်ပြထားကြောင်း သိရသည်။

           ထို့အပြင် အင်ဒိုနီးရှားနိုင်ငံတွင် မကြာမီ စတင်ကျင့်သုံးမည့် မဖြစ်မနေ ဟာလာလ်အသိအမှတ်ပြု လက်မှတ်ရယူရမည့် စည်းမျဉ်းများနှင့်ပတ်သက်၍ ပြင်သစ်နိုင်ငံရှိ စီးပွားရေးအဖွဲ့အစည်းများ၏ သဘောထားများကိုလည်း Nicolas Forissier က တင်ပြခဲ့ပြီး လုပ်ငန်းများအနေဖြင့် စည်းမျဉ်းအသစ်များနှင့် ကိုက်ညီစေရန် လုံလောက်သည့် ပြင်ဆင်ချိန်ကာလ လိုအပ်ကြောင်း ဖော်ပြခဲ့‌ကြောင်း သိရသည်။

        ယင်းကိစ္စနှင့်ပတ်သက်၍ အင်ဒိုနီးရှားအာဏာပိုင်များသည် ဟာလာလ်အသိအမှတ်ပြု လက်မှတ် စတင်ကျင့်သုံးမည့် အချိန်ဇယားကို ပြင်ဆင်နိုင်ခြေရှိ၊ မရှိ ပြန်လည်သုံးသပ်လျက်ရှိကြောင်း Budi Santoso က ပြောကြားခဲ့ကြောင်း သိရသည်။

          ဟာလာလ်အသိအမှတ်ပြုလက်မှတ်စနစ်သည် စားသုံးသူများ၏ အခွင့်အရေးနှင့် လုံခြုံမှုကို ကာကွယ်ရန်အတွက်သာ ရည်ရွယ်ခြင်းဖြစ်ပြီး သွင်းကုန်ကန့်သတ်ရေး သို့မဟုတ် ကုန်သွယ်ရေး အတားအဆီးတစ်ရပ်အဖြစ် သတ်မှတ်ထားခြင်းမရှိကြောင်း ၎င်းက ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Antara News                                                                             

DOCA (ရန်ကုန်)

ပြည်တွင်းထုတ်လုပ်နိုင်သည့် ကုန်ပစ္စည်းများ တင်သွင်းမှုကို ရွေးချယ်ကန့်သတ်သင့်ဟု ပြောကြားခဲ့သည့် Kadin

        အင်ဒိုနီးရှားနိုင်ငံတွင် ပြည်တွင်း၌ ထုတ်လုပ်နိုင်ပြီးဖြစ်သည့် ကုန်ပစ္စည်းများ၏ တင်သွင်းမှုကို ရွေးချယ်ကန့်သတ်ခြင်းဖြင့် ပြည်တွင်းစက်မှုလုပ်ငန်းများအတွက် အခွင့်အလမ်းများ ပိုမိုရရှိလာစေပြီး ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ပေးနိုင်မည်ဖြစ်ကြောင်း Indonesian Chamber of Commerce and Industry (Kadin) က ပြောကြားကြောင်း သိရသည်။

         Kadin ၏ စက်မှုလုပ်ငန်းဆိုင်ရာ ဒုဥက္ကဋ္ဌ Saleh Husin က တင်သွင်းမှု ထိန်းချုပ်ရေးနှင့် အတူ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အတားအဆီးများကို ဖယ်ရှားပေးရန် လိုအပ်ပြီး ယင်းမှတစ်ဆင့် ပြည်တွင်းထုတ်လုပ်မှုစွမ်းရည် တိုးချဲ့ကာ ဈေးကွက်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

          ပြည်တွင်း၌ ထုတ်လုပ်ပြီးဖြစ်သည့် ကုန်ပစ္စည်းများအပါအဝင် သွင်းကုန်ပမာဏ မြင့်မားနေခြင်းသည် အမျိုးသားစက်မှုလုပ်ငန်းများ၏ ခံနိုင်ရည်အား မြှင့်တင်ရေး ကြိုးပမ်းမှုများကို ထိခိုက်စေနိုင်သဖြင့် စက်မှုကဏ္ဍတစ်ရပ်ချင်းစီ၏ အခြေအနေအလိုက် ကာကွယ်ရေးအစီအမံများ ချမှတ်သင့်ကြောင်း Saleh Husin က ဆိုသည်။

      ပြည်တွင်းစက်မှုလုပ်ငန်းများကို ကာကွယ်ရေးအစီအမံများ ပိုမိုခိုင်မာစွာ ဆောင်ရွက်ရန်လိုအပ်သော်လည်း တိကျစွာတိုင်းတာနိုင်ပြီး ရွေးချယ်မှုရှိကာ အချက်အလက်အပေါ် အခြေခံသည့် မူဝါဒဖြစ်ရန် လိုအပ်ကြောင်း၊ ပြည်တွင်းစက်မှုလုပ်ငန်းများက အရည်အသွေးနှင့် ပမာဏ လုံလောက်စွာ ထုတ်လုပ်ပေးနိုင်သည့် ကုန်ပစ္စည်းများကိုသာ အဓိကထား ကာကွယ်သင့်ကြောင်း ၎င်းက ပြောကြားခဲ့ကြောင်း သိရသည်။

     ထို့ပြင် ဈေးကွက်တစ်ခုတည်းတွင် ပြည်တွင်းထုတ်ကုန်များနှင့် ပြည်ပမှတင်သွင်းသည့် ထုတ်ကုန်များအကြား ယှဉ်ပြိုင်မှုကို အစိုးရအနေဖြင့် အလေးထားသင့်ပြီး ပြည်တွင်းစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ကာ ပြည်ပထုတ်ကုန်များနှင့် ယှဉ်ပြိုင်နိုင်ရန် လုံလောက်သည့် အခွင့်အလမ်းများ ပေးသင့်ကြောင်း သိရသည်။

         သို့သော် စက်မှုကဏ္ဍများအလိုက် သွင်းကုန်လိုအပ်ချက်များ ကွဲပြားသဖြင့် တစ်ပြေးညီ သတ်မှတ်မထားသင့်ကြောင်း Saleh Husin က ဆိုသည်။ ထုတ်လုပ်မှုကဏ္ဍအချို့သည် ပြည်တွင်းပေးသွင်းသူများက လိုအပ်ချက်အားလုံးကို ဖြည့်ဆည်းပေးနိုင်ခြင်း မရှိသေးသဖြင့် ကုန်ကြမ်းနှင့် အရင်းအနှီးပစ္စည်းများအတွက် သွင်းကုန်များအပေါ် ဆက်လက်မှီခိုနေရကြောင်း ၎င်းက ရှင်းပြခဲ့ကြောင်း သိရသည်။

      ထို့ကြောင့် သွင်းကုန်စည်းမျဉ်းများကို စဉ်ဆက်မပြတ် ပြန်လည်သုံးသပ်ပြီး လိုအပ်ပါက မမျှတသည့် ယှဉ်ပြိုင်မှုများကို တားဆီးနိုင်ရန် ရွေးချယ်ကန့်သတ်မှုများ ပြုလုပ်သင့်သော်လည်း ပြည်တွင်း၌ မဖြည့်ဆည်းနိုင်သေးသည့် ကုန်ကြမ်း၊ အရင်းအနှီးပစ္စည်းများနှင့် ကုန်ပစ္စည်းများ တင်သွင်းမှုကို ထိခိုက်စေခြင်းမရှိစေရန် လိုအပ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။ ထို့အပြင် သွင်းကုန်ထိန်းချုပ်မှုသည် အမျိုးသားထုတ်လုပ်မှုစွမ်းရည် မြှင့်တင်ရေး အစီအစဉ်များ၏ တစ်စိတ်တစ်ပိုင်းအဖြစ် ဆောင်ရွက်သင့်ကြောင်း Saleh Husin က ပြောကြားခဲ့ကြောင်း သိရသည်။

        သွင်းကုန်ကန့်သတ်မှုတစ်ခုတည်းဖြင့် လုံလောက်မည်မဟုတ်ဘဲ စက်မှုလုပ်ငန်းထုတ်လုပ်မှုစွမ်းရည် မြှင့်တင်ခြင်းနှင့် စီးပွားရေးလုပ်ငန်းများအတွက် လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ သေချာမှုရှိစေရေးတို့ကိုလည်း တိုးမြှင့်ဆောင်ရွက်ရန် လိုအပ်ကြောင်း ၎င်းက ဆိုသည်။

        ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အတားအဆီးများကို ဖြေရှင်းခြင်းသည် စက်မှုလုပ်ငန်းကာကွယ်ရေး၏ အရေးပါသည့် အစိတ်အပိုင်းတစ်ရပ်ဖြစ်ပြီး လိုင်စင်ရယူမှုများ ရိုးရှင်းလွယ်ကူစေခြင်း၊ စီးပွားရေးလုပ်ငန်းများအတွက် မူဝါဒနှင့် လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ သေချာမှုရှိစေခြင်းနှင့် ထုတ်လုပ်မှုစွမ်းရည် တိုးချဲ့ရေးအတွက် အထောက်အပံ့ပေးခြင်းတို့သည် အင်ဒိုနီးရှားနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်လာစေရန် အရေးကြီးကြောင်း သိရသည်။

     အမျိုးသားစက်မှုလုပ်ငန်းများ၏ ခံနိုင်ရည်အား ထိန်းသိမ်းရန် အစိုးရတွင် အမျိုးမျိုးသော မူဝါဒများရှိပြီး စက်မှုကဏ္ဍတစ်ခုချင်းစီ၏ အခြေအနေနှင့် လက္ခဏာများအပေါ်မူတည်၍ အသုံးပြုသင့်ကြောင်း Saleh Husin က ပြောကြားခဲ့ကြောင်း သိရသည်။

       ယင်းမူဝါဒကိရိယာများတွင် သွင်းကုန်ထိန်းချုပ်ခြင်း၊ ပြည်တွင်းအစိတ်အပိုင်းအသုံးပြုမှုအဆင့် (TKDN) မြှင့်တင်ခြင်း၊ ပြည်တွင်းစက်မှုလုပ်ငန်းများ ထိခိုက်နစ်နာမှုမှ ကာကွယ်ရေးအစီအမံများနှင့် မက်လုံးပေးမှုများ ပါဝင်နိုင်သော်လည်း ထုတ်ကုန်တစ်မျိုးချင်းစီ၏ သဘောသဘာဝနှင့် ကိုက်ညီအောင် အကောင်အထည်ဖော်ရန် လိုအပ်ကြောင်း ၎င်းက ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Antara News                                                                             

DOCA (ရန်ကုန်)

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ