Main menu

ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

တရုတ်နိုင်ငံက နိုင်ငံပေါင်း ၆၃ နိုင်ငံသို့ အခွန်ကင်းလွတ်ခွင့် စတင်ပေးအပ်

        တရုတ်နိုင်ငံသည် စံချိန်စံညွှန်းမြင့်မားသော တံခါးဖွင့်ဝါဒကို ပိုမိုတိုးချဲ့ဆောင်ရွက်လျက်ရှိရာ လက်ရှိတွင် နိုင်ငံပေါင်း ၆၃ နိုင်ငံအတွက် အခွန်ကင်းလွတ်ခွင့်မူဝါဒများကို ခွင့်ပြုပေးထားပြီး ဖြစ်ကြောင်း အကောက်ခွန်အရာရှိတစ်ဦးက ဇူလိုင်လ ၂၂ ရက်နေ့တွင် ပြောကြားခဲ့ကြောင်း သိရသည်။

       အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ (GAC) ၏ အကြီးအကဲ Sun Meijun က သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ၂၀၂၆-၂၀၃၀ ကာလအတွင်း အကောက်ခွန်အာဏာပိုင်အဖွဲ့အနေဖြင့် မတူကွဲပြားသော ဈေးကွက်များကို ဆက်လက်တိုးချဲ့သွားမည်ဟု ပြောကြားခဲ့သည်။ ပြီးခဲ့သည့် မေလတွင် တရုတ်နိုင်ငံသည် မိမိနှင့် သံတမန်ဆက်ဆံရေးရှိသည့် အာဖရိက ၅၃ နိုင်ငံစလုံးမှ တင်သွင်းကုန်ပစ္စည်းများအပေါ် တိုးချဲ့ထားသော အခွန်ကင်းလွတ်ခွင့် ပေးအပ်ခြင်းကို စတင် အကောင်အထည်ဖော်ခဲ့ကြောင်း သိရသည်။

      ယင်းမူဝါဒကို လွယ်ကူချောမွေ့စေရန်အတွက် GAC အနေဖြင့် ဘေးအန္တရာယ်အပေါ် အခြေခံသည့် အကောက်ခွန်စီမံခန့်ခွဲမှု၊ ပေါင်းစပ်ဈေးကွက်ဝင်ရောက်မှု လုပ်ထုံးလုပ်နည်းများနှင့် စိုက်ပျိုးရေး/အစားအသောက်ထုတ်ကုန်များအတွက် Green Channels များ တိုးချဲ့ခြင်း အပါအဝင် လုပ်ဆောင်ချက်များကို မိတ်ဆက်ဆောင်ရွက်ခဲ့ကြောင်း Sun Meijun ၏ ပြောကြားချက်အရ သိရသည်။ ၂၀၂၆ ခုနှစ် ပထမနှစ်ဝက်အတွင်း တရုတ်နှင့် အာဖရိက ကုန်သွယ်မှုသည် ယခင်နှစ်ကာလတူထက် ၁၉.၆ ရာခိုင်နှုန်း တိုးတက်လာခဲ့ကြောင်း သိရသည်။

      အနာဂတ်ကို မျှော်ကြည့်လျှင် အကောက်ခွန်အာဏာပိုင်အဖွဲ့သည် တံခါးဖွင့်ရေး လုပ်ဆောင်ချက်များနှင့် စံချိန်စံညွှန်းမြင့်မားသော ကုန်သွယ်ရေးသဘောတူညီချက်များ အကောင်အထည်ဖော်မှုကို တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ပြီး၊ အကောက်ခွန်လုပ်ထုံးလုပ်နည်းများ၊ သီးခြား ကန့်သတ်စစ်ဆေးခြင်း (Quarantine) နှင့် မူရင်းဒေသဆိုင်ရာ စည်းမျဉ်းများ (Rules of Origin) တွင် ကိုက်ညီဆီလျော်မှု ပိုမိုကောင်းမွန်အောင် ပြုလုပ်သွားမည်ဖြစ်ကြောင်း Sun Meijun က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Source : Xinhua                                                                          

DOCA (ရန်ကုန်)

အမေရိကန်က ကုန်သွယ်ဖက် ၆၀ ကျော်အပေါ် အခွန်တိုးမြှင့်ကောက်ခံမှုသစ်များ စတင်

         အတင်းအဓမ္မ စေခိုင်းထားသော လုပ်အားများကို အသုံးပြု၍ ထုတ်လုပ်ထားသည့် ကုန်ပစ္စည်းများ တင်သွင်းမှုကို ပိတ်ပင်တားဆီးသည့် စည်းမျဉ်းများကို ထိုကုန်သွယ်ဖက် နိုင်ငံများက ပြဋ္ဌာန်းခြင်း သို့မဟုတ် ထိရောက်စွာ အကောင်အထည်ဖော်ခြင်းမရှိဟု ဝါရှင်တန်က စွပ်စွဲပြောဆိုထားကြောင်း သိရသည်။

         ယာယီကမ္ဘာလုံးဆိုင်ရာ ၁၀ ရာခိုင်နှုန်း သွင်းကုန်အခွန် သက်တမ်းကုန်ဆုံးပြီး မကြာမီ အမေရိကန်စံတော်ချိန် ဇူလိုင် ၂၄ ရက်တွင် အခွန်တိုးမြှင့်ကောက်ခံမှုအသစ်များ စတင်သက်ရောက်မည်ဖြစ်သည်။ ယခုလှုပ်ရှားမှုသည် မကြာသေးမီက ဥပဒေကြောင်းအရ စိန်ခေါ်မှုများနှင့် ရင်ဆိုင်ခဲ့ ရပြီးနောက်ပိုင်း ကျယ်ပြန့်သော သွင်းကုန်အခွန် မူဝါဒကို ဆက်လက်ထိန်းသိမ်းရန် အိမ်ဖြူတော်၏ နောက်ဆုံးကြိုးပမ်းမှုတစ်ခုလည်း ဖြစ်ကြောင်း သိရသည်။

        ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက အမျိုးသား အရေးပေါ်အခြေအနေ ပြဋ္ဌာန်းချက်ဥပဒေကို အခြေခံ၍ ထရန့်အစိုးရအဖွဲ့က လွန်ခဲ့သည့်နှစ်တွင် စတင်ကောက်ခံခဲ့သော ၁၀ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းအထိရှိသည့် သွင်းကုန်အခွန်များကို အမေရိကန် တရားလွှတ်တော်ချုပ်က ပယ်ဖျက်ခဲ့သည်။ အဆိုပါ မူဝါဒကို အမေရိကန်၏ ကုန်သွယ်ရေး လိုငွေပြမှုကို လျှော့ချရန်နှင့် ကုန်ထုတ်လုပ်မှုများကို အမေရိကန်သို့ ပြန်လည်ယူဆောင်လာရန် ယခင်က အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

       ဇူလိုင် ၂၃ ရက်တွင် Federal Register ၌ ထုတ်ပြန်ခဲ့သည့် ကြေညာချက်အရ အခွန်တိုးမြှင့်ကောက်ခံမှု အသစ်များသည် အမေရိကန် သွင်းကုန်၏ ၉၉.၄ ရာခိုင်နှုန်း အပေါ်သက်ရောက်မည် ဖြစ်သည်။ သို့သော် ရေနံနှင့် သဘာဝဓာတ်ငွေ့၊ ဓာတ်မြေဩဇာနှင့် အချို့သော အစားအသောက် ထုတ်ကုန်များအပါအဝင် ပစ္စည်းအမြောက်အမြားကိုမူ သွင်းကုန်အခွန် ကင်းလွတ်ခွင့်ပေးထားကြောင်း သိရသည်။

        အမေရိကန်သည် အာဂျင်တီးနား၊ ဘင်္ဂလားဒေ့ရှ်၊ ဗြိတိန်၊ ကမ္ဘောဒီးယား၊ ကနေဒါ၊ အီကွေဒေါ၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ဂျော်ဒန်၊ မလေးရှား၊ မက္ကဆီကိုနှင့် သီရိလင်္ကာ အပါအဝင် ကုန်သွယ်ဖက် ၁၇ နိုင်ငံ မှ တင်သွင်းလာသော ကုန်ပစ္စည်းများအပေါ် အပိုဆောင်း ၁၀ ရာခိုင်နှုန်း အခွန် ကောက်ခံမည်ဖြစ်ကြောင်း သိရသည်။

          ဥရောပသမဂ္ဂ (EU)၊ ထိုင်ဝမ်၊ ဂျပန်၊ တောင်ကိုရီးယားနှင့် ဆဗစ်ဇာလန်တို့အတွက်မူ သီးခြားတွက်ချက်မှု နည်းလမ်းများကို အသုံးပြုမည်ဖြစ်သည်။ EU နှင့် ထိုင်ဝမ်တို့မှ ကုန်ပစ္စည်းများအတွက် အမေရိကန်သည် လက်ရှိအထူးအခွင့်အရေးပေး ကုန်သွယ်ခွင့် (MFN) အခွန်အပါအဝင် စုစုပေါင်း အခွန်နှုန်းထား ၁၀ ရာခိုင်နှုန်း ပြည့်မီစေရန် အပိုဆောင်း အခွန်များ စည်းကြပ်မည် ဖြစ်သည်။ ဂျပန်၊ တောင်ကိုရီးယားနှင့် ဆဗစ်ဇာလန်တို့မှ ကုန်ပစ္စည်းများအတွက် အဆိုပါ သတ်မှတ်ချက်မှာ ၁၂.၅ ရာခိုင်နှုန်း ဖြစ်သည်။ အကယ်၍ လက်ရှိ MFN အခွန်နှုန်းထားသည် သတ်မှတ်ထားသော သတ်မှတ်ချက်နှင့် ညီမျှနေပါက သို့မဟုတ် ပိုမိုမြင့်မားနေပါက ပုဒ်မ ၃၀၁ အရ အပိုဆောင်းအခွန်များ ကောက်ခံမည် မဟုတ်ပါ။ တရုတ်နိုင်ငံ အပါအဝင် ကျန်ရှိသော ကုန်သွယ်ဖက် ၃၈ နိုင်ငံမှ ကုန်ပစ္စည်းများသည် အပိုဆောင်း ၁၂.၅ ရာခိုင်နှုန်း အခွန်ကောက်ခံခြင်း ခံရမည်ဖြစ်ကြောင်း သိရှိရပါသည်။

Source : Nation Thailand                                                                   

DOCA (ရန်ကုန်)

ဖိလစ်ပိုင်နှင့်အမေရိကန်ဒေါ်လာ ၁.၄ သန်းတန်ဖိုးရှိသောကုန်သွယ်မှုအလားအလာ ရရှိခဲ့သည့် အင်ဒိုနီးရှားအလှကုန်လုပ်ငန်း

        အင်ဒိုနီးရှားနိုင်ငံ၏ အလှကုန်လုပ်ငန်းသည် Cosmobeauté Philippines 2026 ပြပွဲတွင် ပထမဆုံးအကြိမ် ပါဝင်ပြသခဲ့ရာ အင်ဒိုနီးရှားရူပီး ၂၆.၃၅ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁.၄ သန်း ခန့်) တန်ဖိုးရှိသော ကုန်သွယ်မှုအလားအလာရရှိခဲ့ကြောင်း မနီလာမြို့ရှိအင်ဒိုနီးရှား ကုန်သွယ်ရေးရုံးက ဇူလိုင် ၂၄ ရက်တွင် ထုတ်ပြန်ခဲ့ပါသည်။ အင်ဒိုနီးရှားကုန်သွယ်ရေးသံမှူး Rahayu Ningsih က ယခုရရှိခဲ့သည့် ကုန်သွယ်မှုအလားအလာသည် ဖိလစ်ပိုင်ဈေးကွက်၌ အင်ဒိုနီးရှားအလှကုန် များအပေါ် စိတ်ဝင်စားမှုမြင့်တက်နေကြောင်း ပြသနေသည်ဟု ပြောကြားခဲ့ပါသည်။ ၎င်းက အရည်အသွေးမြင့် အင်ဒိုနီးရှားအလှကုန်များသည် ဖိလစ်ပိုင်ဈေးကွက်တွင် စားသုံးသူများ၏ လက်ခံအားပေးမှုကိုရရှိကာ ယှဉ်ပြိုင်နိုင်စွမ်း ဆက်လက်ထိန်းသိမ်းနိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့ပါသည်။ အင်ဒိုနီးရှားပြခန်းတွင် မိတ်ကပ်ပစ္စည်းများ၊ မျက်နှာအသားအရေထိန်းသိမ်းရေး ဆီရမ်များ၊ ခန္ဓာကိုယ်လိမ်းလိုးရှင်းများ၊ ဆံကေသာထိန်းသိမ်း ရေးပစ္စည်းများ၊ ကလေးအသုံး အဆောင်အလှကုန်များ၊ ရေမွှေးများနှင့် မရှိမဖြစ်လိုအပ်သော သဘာဝအဆီများကို ထုတ်လုပ်သည့် ကုမ္ပဏီရှစ်ခုက ပါဝင်ပြသခဲ့ကြောင်း သိရပါသည်။ အဆိုပါ ကုမ္ပဏီများကို ၂၀၂၆ ခုနှစ် မတ်လနှင့် ဧပြီလအတွင်း မနီလာရှိ အင်ဒိုနီးရှားကုန်သွယ်ရေး သံမှူးရုံးနှင့် ကုန်သွယ်ရေးဝန်ကြီး ဌာန၏ စက်မှုထုတ်ကုန်တင်ပို့မှုညွှန်ကြားရေးရုံး တို့ကဖွင့်လှစ်ခေါ်ယူ၍ စိစစ်ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။ ပြပွဲအတွင်း အင်ဒိုနီးရှား ကုမ္ပဏီတစ်ခုစီသို့ ဖိလစ်ပိုင်၊ တူရကီ၊ ထိုင်း၊ ထိုင်ဝမ်၊ တောင်ကိုရီးယား စသည့်နိုင်ငံများမှ ကုမ္ပဏီအနည်းဆုံး ၂၀ ခန့် လာရောက်ဆွေးနွေးခဲ့ကြ‌ကြောင်း သိရပါသည်။ ပြပွဲကိုအသုံးချ၍ ကုမ္ပဏီများသည် ၎င်းတို့၏ ထုတ်ကုန်များကို မိတ်ဆက်ကြော်ငြာခြင်း၊ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများရှာဖွေခြင်းနှင့် ဖိလစ်ပိုင်ဈေးကွက်အတွင်း တင်သွင်းဖြန့်ချိရေးဆိုင်ရာ အခွင့်အလမ်းများကိုဆွေးနွေးခဲ့ကြောင်း သိရပါသည်။ ထို့ပြင် ပြခန်းဝင်ရောက်ပြသသည့်ကုမ္ပဏီ အချို့သည် အလားအလာရှိသော စီးပွားရေးမိတ်ဖက်များထံမှ စာချုပ်အရထုတ်လုပ်ပေးခြင်း (Contract Manufacturing) နှင့် မူရင်းပစ္စည်းအမှတ် တံဆိပ်ဖြင့်ထုတ်လုပ်ပေးခြင်း (OEM) ဝန်ဆောင်မှုများအတွက် ကမ်းလှမ်းချက်များလည်း ရရှိခဲ့ ကြောင်း သိရပါသည်။ အင်ဒိုနီးရှားအလှကုန်များသည် အရည်အသွေးကောင်းမွန်မှုကြောင့် လာရောက်ကြည့်ရှုသူများ၏ စိတ်ဝင်စားမှုကိုရရှိခဲ့ပြီး ဈေးကွက်လက်ခံမှုပိုမိုတိုးချဲ့နိုင်မည့် အလားအလာရှိကြောင်းလည်း Ningsih ကပြောကြားခဲ့ပါသည်။ ဖိလစ်ပိုင်နိုင်ငံသည် အင်ဒိုနီးရှား၏ အရေးပါသောကုန်သွယ် ဖက်နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ၂၀၂၅ ခုနှစ်တွင် အင်ဒိုနီးရှား၏ပို့ကုန်ဈေးကွက် အဆင့် ၈ နှင့် သွင်းကုန်ရင်းမြစ်နိုင်ငံအဆင့် ၂၁ တွင် ရပ်တည်ခဲ့ကြောင်း သိရပါသည်။ ၂၀၂၅ ခုနှစ်အတွင်း နှစ်နိုင်ငံကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၁၂.၀၂ ဘီလီယံရှိခဲ့ပြီး အင်ဒိုနီးရှားက အမေရိကန်ဒေါ်လာ ၁၀.၂၂ ဘီလီယံတန်ဖိုးတင်ပို့ခဲ့ပြီး ဖိလစ်ပိုင်ထံမှ အမေရိကန် ဒေါ်လာ ၁.၈၀ ဘီလီယံတန်ဖိုးပြန်လည်တင်သွင်းခဲ့ကြောင်း သိရပါသည်။ အင်ဒိုနီးရှား၏ အဓိကပို့ကုန်များတွင် မော်တော်ယာဉ်နှင့် အစိတ်အပိုင်းများ၊ တွင်းထွက်လောင်စာများ၊ တိရစ္ဆာန်နှင့် အပင်အခြေပြုဆီနှင့်အဆီများ ပါဝင်ကြောင်းသိရပါသည်။ Trade Map အချက်အလက်များ အရ အလှကုန်အမျိုးအစား HS 3304 အောက်ရှိ ဖိလစ်ပိုင်၏ အလှကုန်တင်သွင်းမှုဈေးကွက်တွင် အင်ဒိုနီးရှားက ၄.၄၇ ရာခိုင်နှုန်း ဈေးကွက်ဝေစု ရရှိထားကြောင်း သိရပါသည်။ ဖိလစ်ပိုင် စားသုံးသူများအကြား အသားအရေထိန်းသိမ်းမှုသည် ကျန်းမာရေးနှင့် အလှအပအတွက် အရေးပါ ကြောင်း အသိအမြင်မြင့်တက်လာခြင်းကြောင့် အလှကုန်နှင့် အသားအရေထိန်းသိမ်းရေး ထုတ်ကုန်များအပေါ် ဝယ်လိုအားဆက်လက်မြင့်တက်နေကြောင်း Ningsih က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Antara News                                                                             

DOCA (ရန်ကုန်)

ဗီယက်နမ် အစားအစာထုတ်လုပ်သူများအတွက် အလားအလာကောင်းသည့် ဈေးကွက်အဖြစ်ပေါ်ထွက်လာသည့် တူရကီ

        တူရကီနိုင်ငံသည် ဗီယက်နမ်နိုင်ငံ၏ အစားအစာ၊ အဖျော်ယမကာနှင့် စိုက်ပျိုးရေးထွက်ကုန်များအတွက် အလားအလာကောင်းသည့် ဈေးကွက်တစ်ခုအဖြစ် ပေါ်ထွက်လာနေသော်လည်း ဈေးကွက်ဝေစုတိုးချဲ့လိုသည့် စီးပွားရေးလုပ်ငန်းများအနေဖြင့် နည်းပညာဆိုင်ရာနှင့် ကုန်သွယ်ရေးဆိုင်ရာ အတားအဆီးများကို ကျော်လွှားရန်လိုအပ်နေကြောင်း ဇူလိုင် ၂၁ ရက်က ကျင်းပသည့်ဆွေးနွေးပွဲတွင် ပြောကြားခဲ့ကြပါသည်။ အဆိုပါဆွေးနွေးပွဲကို စက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ ဗီယက်နမ်ကုန်သွယ်မှုမြှင့်တင်ရေးအေဂျင်စီ (Vietrade) ၏ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး အထောက်အကူပြုဗဟိုဌာနက စီစဉ်ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။ ဖွင့်ပွဲအခမ်းအနားတွင် ဗဟိုဌာနညွှန်ကြားရေးမှူး Ta Manh Cuong က ကမ္ဘာ့ကုန်သွယ်ရေးမတည်ငြိမ်မှုများ မြင့်တက်လာနေသည့်အခြေအနေတွင် တူရကီနိုင်ငံသည် အာရှ၊ ဥရောပနှင့် အာဖရိကတိုက်တို့ကိုချိတ်ဆက်ပေးသည့် မဟာဗျူဟာမြောက် ကုန်သွယ်ရေး အကူးအပြောင်းဗဟိုချက်တစ်ခုအဖြစ် ပိုမိုအရေးပါလာကြောင်း ပြောကြားခဲ့ပါသည်။ ၂၀၂၆ ခုနှစ် ပထမနှစ်ဝက်အတွင်း ဗီယက်နမ်နှင့် တူရကီနှစ်နိုင်ငံအကြား ကုန်သွယ်မှုပမာဏမှာ အမေရိကန် ဒေါ်လာ ၁.၃၉ ဘီလီယံရှိခဲ့ပြီး ဗီယက်နမ်၏ တင်ပို့မှုသည် ယခင်နှစ်တူညီသည့်ကာလထက် ၃၂ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း သိရပါသည်။ တူရကီနိုင်ငံသည် ၂၀၂၆ ခုနှစ်တွင် ကုန်စည်နှင့် ဝန်ဆောင်မှုတင်ပို့မှု စုစုပေါင်းတန်ဖိုးကို အမေရိကန်ဒေါ်လာ ဘီလီယံ ၄၀၀ ကျော်အထိ တိုးမြှင့် ရန်ရည်မှန်းထားသဖြင့် ဗီယက်နမ်၏ စိုက်ပျိုးရေးထွက်ကုန်များ၊ အစားအစာနှင့် အဖျော်ယမကာများအတွက် အခွင့်အလမ်းသစ်များ ပိုမိုဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း သိရပါသည်။ ဗီယက်နမ်၏ အစားအစာနှင့် အဖျော်ယမကာလုပ်ငန်းသည် ကုန်ကြမ်းအရည်အသွေးမြှင့်တင်ခြင်းနှင့် တန်ဖိုးမြှင့်ပြုပြင်ထုတ်လုပ်ရေးနည်းပညာများ အသုံးပြုခြင်းတို့တွင် သိသာထင်ရှားစွာ တိုးတက်လာခဲ့ပြီး လက်ရှိတွင် ကမ္ဘာ့ထိပ်တန်းစိုက်ပျိုးရေးနှင့် အစားအစာထုတ်ကုန်တင်ပို့သည့် နိုင်ငံများထဲမှ တစ်နိုင်ငံအဖြစ် ရပ်တည်နေကြောင်း Cuong က ပြောကြားခဲ့ပါသည်။ ယခုနှစ် ဇန်နဝါရီလမှ ဇွန်လအထိ ကော်ဖီ၊ သီဟိုဠ်စေ့၊ ဆန်၊ ဟင်းခတ်အမွှေးအကြိုင်နှင့် ငရုတ်ကောင်းတို့၏ တင်ပို့မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၉၅၀.၂ သန်းရှိခဲ့ပြီး ယခင်နှစ်ထက် ၁၂.၁ ရာခိုင်နှုန်း တိုးတက် ခဲ့သည့်အပြင် နိုင်ငံတကာအစားအစာဘေးကင်းလုံခြုံရေး စံချိန်စံညွှန်းများနှင့်လည်း ပိုမိုကိုက်ညီလာကြောင်း သိရပါသည်။ သို့သော် တူရကီဈေးကွက်သို့ ပိုမိုနက်ရှိုင်းစွာဝင်ရောက်လိုသည့် စီးပွားရေးလုပ်ငန်းများအနေဖြင့် အပင်ကျန်းမာရေးဆိုင်ရာ စည်းမျဉ်းသတ်မှတ်ချက်များ (Phytosanitary Requirements)၊ အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့် မွတ်စလင်စားသုံးသူ များအတွက်လိုအပ်သည့် ဟာလာလ် (Halal) အသိအမှတ်ပြုလက်မှတ်ဆိုင်ရာ သတ်မှတ်ချက်များကို ကျော်လွှားရမည်ဖြစ်ကြောင်း Cuong က သတိပေးပြောကြားခဲ့ပါသည်။ ထို့ပြင် နိုင်ငံတကာထောက်ပံ့ပို့ဆောင်ရေးကုန်ကျစရိတ်၊ ပင်လယ်ရေကြောင်းကုန်စည်ပို့ဆောင်ခနှင့် ငွေပေးချေမှုနည်းလမ်းများကိုလည်း ဂရုတစိုက်ထည့်သွင်းစဉ်းစားရန် လိုအပ်ကြောင်းလည်း သိရပါသည်။ ထိုဆွေးနွေးပွဲသည် စည်းမျဉ်းကြီးကြပ်ရေးအဖွဲ့များ၊ တူရကီနိုင်ငံဆိုင်ရာ ဗီယက်နမ် ကုန်သွယ်ရေးရုံး၊ လုပ်ငန်းအသင်းအဖွဲ့များ၊ ကျွမ်းကျင်ပညာရှင်များနှင့် စီးပွားရေးလုပ်ငန်းရှင်များအကြား ဈေးကွက်အချက်အလက်များ ဖလှယ်နိုင်ရေးနှင့် ပြည်ပတင်ပို့သူများ ကြုံတွေ့နေရသည့် အခက်အခဲများအတွက် ဖြေရှင်းနည်းများရှာဖွေနိုင်ရေးကို အထောက်အကူပြုခဲ့ကြောင်း သိရပါသည်။ Vietrade အနေဖြင့် ဈေးကွက်အချက်အလက်ဝန်ဆောင်မှုများ၊ ဈေးကွက်လေ့လာ ရေးခရီးစဉ်များ၊ စီးပွားရေးချိတ်ဆက်ပွဲများနှင့် နိုင်ငံတကာစံချိန်စံညွှန်းများနှင့် ကိုက်ညီစေရန် လေ့ကျင့်ရေးအစီအစဉ်များမှတစ်ဆင့် စီးပွားရေးလုပ်ငန်းများကို ဆက်လက်ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း Cuong က ပြောကြားခဲ့ပါသည်။ ၂၀၂၆ ခုနှစ် အမျိုးသားကုန်သွယ်မှုမြှင့်တင် ရေးအစီအစဉ်အရ Vietrade သည် ဩဂုတ် ၂၅ ရက်မှ စက်တင်ဘာ ၃ ရက်အထိ တူရကီနှင့် စပိန်နိုင်ငံများသို့ ကုန်သွယ်ရေးကိုယ်စားလှယ်အဖွဲ့ စေလွှတ်သွားမည်ဖြစ်ပြီး ထိုအစီအစဉ်မှတစ်ဆင့် ဗီယက်နမ်စီးပွားရေးလုပ်ငန်းများသည် ဈေးကွက်ကိုလေ့လာနိုင်သည့်အပြင် အလားအလာရှိသည့် မိတ်ဖက်လုပ်ငန်းရှင်များနှင့် တိုက်ရိုက်ချိတ်ဆက်နိုင်မည်ဖြစ်ကြောင်း သိရပါသည်။ တူရကီနိုင်ငံဆိုင်ရာ ဗီယက်နမ်ကုန်သွယ်ရေးအတိုင်ပင်ခံနှင့် ကုန်သွယ်ရေးရုံးအကြီးအကဲ Nguyen Viet Hang က တူရကီစားသုံးသူများ၏စားသုံးမှုပုံစံ၊ အစားအစာနှင့် အဖျော်ယမကာ တင်သွင်းမှုဝယ်လိုအားနှင့် ကုန်သွယ်ရေးမူဝါဒသစ်များကို ဆွေးနွေးတင်ပြခဲ့ကြောင်း သိရပါသည်။

        ဗီယက်နမ်လူမှုသိပ္ပံအကယ်ဒမီလက်အောက်ရှိ တောင်အာရှ၊ အနောက်အာရှနှင့် အာဖရိက လေ့လာရေးဌာနမှ တွဲဖက်ပါမောက္ခ ဒေါက်တာ Dinh Cong Hoang က စိုက်ပျိုးရေးထွက်ကုန်၊ ရေထွက်ပစ္စည်း၊ ပြုပြင်ထုတ်လုပ်ထားသော အစားအစာနှင့် အဖျော်ယမကာများ တင်ပို့နိုင်မည့် အလားအလာများကို သုံးသပ်တင်ပြခဲ့ပြီး သင့်လျော်သည့် ဖြန့်ဖြူးရေးလမ်းကြောင်းများကိုလည်း အကြံပြုခဲ့ကြောင်း သိရပါသည်။ VIETTURK ကုမ္ပဏီလီမိတက်၏ ဒါရိုက်တာ Doan The Hop ကလည်း တူရကီစီးပွားရေးမိတ်ဖက်များနှင့် ဆောင်ရွက်ခဲ့သည့်အတွေ့အကြုံများ၊ စီးပွားရေးယဉ်ကျေးမှုနှင့် သွင်းကုန်၊ ထုတ်ကုန်လုပ်ငန်းများတွင် အရေးကြီးသည့်အချက်များကို မျှဝေတင်ပြခဲ့ကြောင်း သိရပါသည်။ အဆိုပါဆွေးနွေးပွဲမှတစ်ဆင့် ဗီယက်နမ်စီးပွားရေးလုပ်ငန်းများသည် တူရကီဈေးကွက်၏လိုအပ်ချက်များကို ပိုမိုရှင်းလင်းစွာနားလည်သဘောပေါက်လာပြီး အစားအစာ၊ အဖျော်ယမကာနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် စိုက်ပျိုးရေးထွက်ကုန်များကို ပြည်ပတင်ပို့မှု တိုးချဲ့နိုင်ရန် ပိုမိုထိရောက်သည့်မဟာဗျူဟာများ ချမှတ်နိုင်လိမ့်မည်ဟု ဆွေးနွေးပွဲစီစဉ်သူများက မျှော်လင့်ထားကြောင်း သိရှိရပါသည်။

Vietnam Plus                                                                            

DOCA (ရန်ကုန်)

ကမ္ဘာလုံးဆိုင်ရာရောင်းလိုအား အနှောက်အယှက်များကြောင့် ဓာတ်မြေဩဇာတင်ပို့မှု အားကောင်းခဲ့သည့် ဗီယက်နမ်

        အရှေ့အလယ်ပိုင်းဒေသတွင် ဖြစ်ပွားနေသည့်ပဋိပက္ခများကြောင့် ကမ္ဘာ့ဓာတ်မြေဩဇာ ထောက်ပံ့မှုအနှောင့်အယှက်များဖြစ်ပေါ်လာပြီး နိုင်ငံတကာဈေးကွက်တွင် ဝယ်လိုအားမြင့်တက်လာမှုကြောင့် ၂၀၂၆ ခုနှစ် ပထမနှစ်ဝက်အတွင်း ဗီယက်နမ်နိုင်ငံ၏ ဓာတ်မြေဩဇာတင်ပို့မှု သိသိသာသာ တိုးတက်ခဲ့ကြောင်း သိရပါသည်။ အကောက်ခွန်ဌာန၏ အချက်အလက်များအရ ယခုနှစ် ဇန်နဝါရီလမှ ဇွန်လအထိ ဗီယက်နမ်နိုင်ငံသည် ဓာတ်မြေဩဇာ တန်ချိန် ၁.၇ သန်းကို အမေရိကန်ဒေါ်လာ ၉၃၃ သန်းဖိုး တင်ပို့နိုင်ခဲ့ပြီး ယခင်နှစ်တူညီသည့်ကာလနှင့် နှိုင်းယှဉ်ပါက တင်ပို့မှုပမာဏတွင် ၅၂ ရာခိုင်နှုန်းနှင့် တန်ဖိုးတွင် ၁၀၇ ရာခိုင်နှုန်း အသီးသီး မြင့်တက်ခဲ့ကြောင်း သိရပါသည်။ တင်ပို့မှုအများဆုံးဈေးကွက်မှာ ကမ္ဘောဒီးယားနိုင်ငံဖြစ်ပြီး အမေရိကန်ဒေါ်လာ ၁၄၆ သန်းတန်ဖိုးရှိသော တန်ချိန် ၃၃၀,၀၀၀ ကျော်ကို တင်သွင်းခဲ့‌‌‌ကြောင်း သိရပါသည်။ ထို့နောက် တောင်ကိုရီးယားနိုင်ငံက တန်ချိန် ၁၄၉,၀၀၀ နီးပါးကို အမေရိကန်ဒေါ်လာ ၁၀၄ သန်းတန်ဖိုး၊ ဖိလစ်ပိုင်နိုင်ငံက တန်ချိန် ၁၁၈,၀၀၀ ကို အမေရိကန်ဒေါ်လာ ၆၄ သန်းတန်ဖိုးနှင့် မလေးရှားနိုင်ငံက တန်ချိန် ၈၈,၀၀၀ ကို အမေရိကန်ဒေါ်လာ ၄၉ သန်းတန်ဖိုး အသီးသီးတင်သွင်းခဲ့ကြောင်း သိရ ပါသည်။ လုပ်ငန်းနယ်ပယ်ဆိုင်ရာတာဝန်ရှိသူများက ယခုကဲ့သို့တင်ပို့မှုတိုးတက်လာခြင်းမှာ ကမ္ဘာ့ဈေးကွက်တွင် ဓာတ်မြေဩဇာထောက်ပံ့မှုလျော့နည်းလာခြင်းကြောင့်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ အရှေ့အလယ်ပိုင်းဒေသရှိပထဝီနိုင်ငံရေးတင်းမာမှုများကြောင့် ဟော်မုဇ်ရေလက်ကြားမှတစ်ဆင့် ရေကြောင်းသယ်ယူပို့ဆောင်ရေး အနှောင့်အယှက်များဖြစ်ပေါ်ခဲ့ပြီး ပင်လယ်ကွေ့ ဒေသရှိ ဓာတ်မြေဩဇာထုတ်လုပ်သူအများအပြားသည် ထုတ်လုပ်မှုကိုလျှော့ချခဲ့ရကြောင်း သိရပါ သည်။ ထို့အပြင် ရုရှားနှင့် တရုတ်နိုင်ငံတို့က ဓာတ်မြေဩဇာတင်ပို့မှုအပေါ် ကန့်သတ်ချက်များ ချမှတ်ထားခြင်းကြောင့် နိုင်ငံတကာဈေးကွက်တွင် ထောက်ပံ့မှုပိုမိုလျော့နည်းလာကြောင်း သိရပါသည်။ ထိုအခြေအနေများကြောင့် ကမ္ဘာ့ဈေးကွက်တွင် ဓာတ်မြေဩဇာဝယ်လိုအား မြင့်တက်လာချိန်၌ ဗီယက်နမ်ထုတ်လုပ်သူများက ဈေးကွက်အခွင့်အလမ်းကိုအသုံးချကာ ပြည်ပတင်ပို့မှုများကို တိုးမြှင့်ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။ Petrovietnam Ca Mau Fertiliser Joint Stock Company (PVCFC) မှ ကိုယ်စားလှယ် Vu Dinh Tuan က အရှေ့အလယ်ပိုင်းပဋိပက္ခ ပိုမိုပြင်းထန်လာချိန်သည် ဗီယက်နမ်ပြည်တွင်း ဓာတ်မြေဩဇာသုံးစွဲမှုနည်းပါးသည့်ရာသီနှင့် တိုက်ဆိုင်နေသဖြင့် ကုမ္ပဏီအနေဖြင့် ထုတ်လုပ်မှုနှင့် ငွေသားစီးဆင်းမှုကိုထိန်းသိမ်းနိုင်ရန် ယူရီးယားနှင့် NPK ဓာတ်မြေဩဇာများကို ပြည်ပသို့ပိုမိုတင်ပို့ခဲ့ကြောင်း ယခင်ကပြည်တွင်း မီဒီယာများသို့ ပြောကြားခဲ့ပါသည်။ ပြည်ပတင်ပို့မှုအားကောင်းလာခြင်းကြောင့် ဓာတ်မြေဩဇာ လုပ်ငန်းများ၏ ဘဏ္ဍာရေးစွမ်းဆောင်ရည်လည်း တိုးတက်လာခဲ့ကြောင်း သိရပါသည်။ PVCFC သည် ပထမနှစ်ဝက်အတွင်း ထုတ်ကုန်တန်ချိန် ၉၀၀,၀၀၀ ကျော် ရောင်းချနိုင်ခဲ့ပြီး ဝင်ငွေ ဗီယက်နမ်ဒေါင် ၁၁.၈ ထရီလီယံကျော် (အမေရိကန်ဒေါ်လာ ၄၄၉ သန်းခန့်) ရရှိခဲ့ကာ ယခုနှစ်အတွက် သတ်မှတ်ထားသည့်ရည်မှန်းချက်၏ ၅၉ ရာခိုင်နှုန်းကျော်ကို ပြည့်မီခဲ့ကြောင်း သိရပါသည်။ တစ်ဖက်တွင်လည်း Phu My Fertiliser အမှတ်တံဆိပ်ကို ထုတ်လုပ်သည့် Petrovietnam Fertiliser and Chemicals Corporation (PVFCCo) သည် ပထမနှစ်ဝက်အတွင်း ဓာတ်မြေဩဇာနှင့် ဓာတုပစ္စည်း တန်ချိန် ၅၅၁,၅၀၀ ခန့် ထုတ်လုပ်နိုင်ခဲ့ကြောင်း ခန့်မှန်းထားပါသည်။ စုစုပေါင်းရောင်းချမှုပမာဏမှာ တန်ချိန် ၉၇၂,၃၀၀ ခန့်ရှိခဲ့ပြီး ၎င်းအနက် ဓာတ်မြေဩဇာတန်ချိန် ၉၀၆,၀၀၀ ကျော်ပါဝင်ကာ ခြောက်လတာရောင်းချမှုပစ်မှတ်ထက် ၃၂ ရာခိုင်နှုန်း ကျော်လွန်ခဲ့ကြောင်း သိရပါသည်။ Phu My NPK ဓာတ်မြေဩဇာမှာလည်း ရောင်းချမှုပမာဏ တန်ချိန် ၁၄၄,၂၀၀ နှင့် ဝင်ငွေ ဗီယက်နမ်ဒေါင် ၁.၈ ထရီလီယံကျော်ရရှိကာ အကောင်းဆုံးစွမ်းဆောင်ရည်ကို ပြသခဲ့ကြောင်း သိရပါသည်။ ဗီယက်နမ်ပြည်တွင်း၌လည်း အထူးသဖြင့် နိုင်ငံတောင်ပိုင်းဒေသများတွင် ယူရီးယား၊ DAP နှင့် NPK ဓာတ်မြေဩဇာ ဈေးနှုန်းများ ဆက်လက်မြင့်တက်လျက်ရှိသော်လည်း မြောက်ပိုင်းဒေသများတွင် ဈေးနှုန်းများမှာ အများအားဖြင့် တည်ငြိမ်လျက်ရှိကြောင်း သိရပါသည်။ ကမ္ဘာ့ဈေးကွက်တွင်မူ စိုက်ပျိုးရေး ဈေးကွက်သုတေသနအဖွဲ့ DTN ၏ အချက်အလက်များအရ ယခုနှစ်ဇွန်လအတွင်း အမေရိကန်နိုင်ငံရှိ ဓာတ်မြေဩဇာလက်လီဈေးနှုန်းများမှာ ယခင်လနှင့်နှိုင်းယှဉ်ပါက ကုန်ပစ္စည်းအမျိုးအစား အများစုတွင် ကျဆင်းခဲ့သော်လည်း ယခင်နှစ်တူညီသည့်ကာလထက် ၄ ရာခိုင်နှုန်းမှ ၄၁ ရာခိုင်နှုန်းအထိ ပိုမိုမြင့်မားနေဆဲဖြစ်ကြောင်း သိရပါသည်။ ထိုအခြေအနေသည် ကမ္ဘာ့ဓာတ် မြေဩဇာဈေးနှုန်းများ မြင့်မားနေဆဲဖြစ်သည်ကို ဖော်ပြနေကြောင်း သိရှိရပါသည်။

Vietnam Plus                                                                            

DOCA (ရန်ကုန်)

လေအေးပေးစက်ထုတ်လုပ်သူများအား ဥရောပဈေးကွက်သို့ ပိုမိုတိုးချဲ့ ဝင်ရောက်ရန် တိုက်တွန်းခဲ့သည့် ထိုင်းနိုင်ငံ

         ဥရောပတိုက်၌ စံချိန်တင်အပူလှိုင်းများ ဖြစ်ပေါ်နေမှုကြောင့် လေအေးပေးစက်ဝယ်လိုအား မြင့်တက်လာသဖြင့် ထိုင်းနိုင်ငံမှ လေအေးပေးစက်ထုတ်လုပ်သူများအနေဖြင့် ဥရောပဈေးကွက်သို့ ပိုမိုတိုးချဲ့ဝင်ရောက်သင့်ကြောင်း ထိုင်းကုန်သွယ်ရေးမူဝါဒနှင့် မဟာဗျူဟာရုံး (Trade Policy and Strategy Office – TPSO) က တိုက်တွန်းထားကြောင်း သိရပါသည်။ ဥရောပသမဂ္ဂ၏ တင်းကျပ်သည့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး စည်းမျဉ်းစည်းကမ်းများနှင့် ကိုက်ညီသည့် စွမ်းအင်ချွေတာနိုင်သော လေအေးပေးစက်များကို ဦးစားပေးထုတ်လုပ်သင့်ကြောင်း TPSO က အကြံပြုထားပါသည်။ ယခုနှစ်မေလအတွင်း ထိုင်းနိုင်ငံ၏ လေအေးပေးစက်တင်ပို့မှုတန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၄၉ သန်းရှိခဲ့ပြီး ယခင်နှစ် တူညီသည့်ကာလထက် ၄၀.၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ကာ ၂၀၂၅ ခုနှစ် အောက်တိုဘာလနောက်ပိုင်း အမြင့်ဆုံးတိုးတက်မှုအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရပါသည်။ ယခုနှစ်ဇန်နဝါရီလမှမေလအထိ လေအေးပေးစက်တင်ပို့မှုစုစုပေါင်းတန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၇၈၄ သန်းရှိခဲ့ပြီး ယခင်နှစ် တူညီသည့်ကာလထက် ၁၈.၉ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း သိရပါသည်။ မေလအတွင်း တင်ပို့မှုအများဆုံးတိုးတက်ခဲ့သည့် ကုန်ပစ္စည်းများမှာ အပူစုပ်စနစ် (Heat Pump) ပါဝင်သည့် နှစ်မျိုးသုံးလေအေးပေးစက်များဖြစ်ပြီး ၇၀.၆ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း သိရပါသည်။ ထို့နောက် လေအေးပေးစက် အပိုပစ္စည်းများမှာ ၄၉.၆ ရာခိုင်နှုန်းနှင့် ပြတင်းပေါက် သို့မဟုတ် နံရံတွင် တပ်ဆင်သည့် လေအေးပေးစက်များမှာ ၂၁.၆ ရာခိုင်နှုန်း အသီးသီး တိုးတက်ခဲ့ကြောင်း သိရပါသည်။ တင်ပို့မှုအများဆုံးဈေးကွက်မှာ ဂျာမနီနိုင်ငံဖြစ်ပြီး တင်ပို့မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၃၀.၈ သန်းရှိကာ ယခင်နှစ်ထက် ၈၉.၆ ရာခိုင်နှုန်း တိုးတက်ခဲ့‌ ကြောင်း သိရပါသည်။ ပြင်သစ်နိုင်ငံသို့တင်ပို့မှုမှာ ၅၀.၉ ရာခိုင်နှုန်း၊ ဗြိတိန်နိုင်ငံသို့ ၅၈.၂ ရာခိုင်နှုန်းနှင့် စပိန်နိုင်ငံသို့ ၄၂.၂ ရာခိုင်နှုန်းအသီးသီးတိုးတက်ခဲ့ကြောင်း သိရပါသည်။ ယခုနှစ် အစပိုင်းမှစ၍ ဥရောပမြောက်ပိုင်းဈေးကွက်များတွင်လည်း တင်ပို့မှုအားကောင်းလာခဲ့ပြီး ဖင်လန်နိုင်ငံသို့ တင်ပို့မှုမှာ ၃၆၇ ရာခိုင်နှုန်းနှင့် ဆွီဒင်နိုင်ငံသို့ ၁၇၇ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ကြောင်း သိရပါသည်။ TPSO ညွှန်ကြားရေးမှူးချုပ် Nantapong Chiralerspong က အနောက်ဥရောပတွင် မေလအတွင်း ပုံမှန်ထက်စောစီးစွာနှင့် ပိုမိုပြင်းထန်သည့် အပူလှိုင်းဖြစ်ပေါ်ခဲ့ခြင်းကြောင့် လေအေးပေးစက်တင်ပို့မှု သိသိသာသာမြင့်တက်ခဲ့ကြောင်း ပြောကြားခဲ့ပါသည်။ အပူဖိအား မြင့်လေထု (Heat Dome) ဖြစ်ပေါ်ခဲ့သဖြင့် ဒေသအများအပြားတွင် နေ့စဉ်ပျမ်းမျှအပူချိန်သည် ပုံမှန်ထက် ၁၀ ဒီဂရီဆဲလ်စီးယပ်ကျော် မြင့်တက်ခဲ့ကြောင်း သိရပါသည်။ အပူချိန်မြင့်မားမှုနှင့် နွေရာသီကာလ ပိုမိုပူပြင်းမည်ဟုခန့်မှန်းထားမှုတို့ကြောင့် ဥရောပမှတင်သွင်းသူများနှင့် လက်လီရောင်းချသူများသည် ဇွန်လမှ ဩဂုတ်လအထိရှိမည့် ဝယ်လိုအားမြင့်မားသည့်ကာလအတွက် ကြိုတင်အမှာစာများ တင်သွင်းခဲ့ကြကြောင်း သိရပါသည်။ ဥရောပရှိ အိမ်ထောင်စုများအနက် လေအေးပေးစက်အသုံးပြုမှုနှုန်းမှာ ၂၀ ရာခိုင်နှုန်းခန့်သာရှိပြီး ၂၀၂၂ ခုနှစ် ကမ္ဘာ့ပျမ်းမျှ ၃၇ ရာခိုင်နှုန်းထက် နည်းပါးနေသည့်အတွက် ယခုတင်ပို့မှုတိုးတက်ခြင်းသည် ဝယ်လိုအားဖွဲ့စည်းပုံ ပြောင်းလဲလာခြင်းကို ထင်ဟပ်နေကြောင်း Nantapong Chiralerspong က ပြောကြားခဲ့ပါသည်။ TPSO က ဥရောပဒေသတွင် ယခုနှစ်တတိယသုံးလပတ်အတွင်း လေအေးပေးစက်ဝယ်လိုအား ဆက်လက်အားကောင်းနေမည်ဟု ခန့်မှန်းထားကြောင်း သိရပါသည်။ ကမ္ဘာ့မိုးလေဝသအဖွဲ့ (WMO) ၏ ခန့်မှန်းချက်အရ ဇူလိုင်လမှ စက်တင်ဘာလအထိ ဥရောပတစ်ဝန်း၊ အထူးသဖြင့် တောင်ပိုင်းနှင့် အလယ်ပိုင်းဒေသများတွင် El Niño ဖြစ်စဉ်၏ သက်ရောက်မှုကြောင့် ပုံမှန်ထက် အပူချိန်ပိုမိုမြင့်မားနေမည်ဖြစ်ကြောင်း သိရပါသည်။ ဝယ်လိုအား ဆက်လက်မြင့်မားနေမှုကြောင့် လက်လီရောင်းချသူများ၏ သိုလှောင်လက်ကျန်များလျော့နည်းလာခဲ့ပြီး ကုန်ပစ္စည်းများ ထပ်မံဖြည့်တင်းရမည့်လိုအပ်ချက် ဆက်လက်ရှိနေမည်ဟု ခန့်မှန်းထား‌ကြောင်း သိရပါသည်။ Nantapong Chiralerspong က ဥရောပဈေးကွက်သည် ထိုင်းလေအေးပေးစက်တင်ပို့မှုအတွက် ရေရှည်ဖွံ့ဖြိုးတိုးတက်နိုင်သည့် အလားအလာကောင်းများရှိကြောင်း ပြောကြားခဲ့ပါသည်။ ဥရောပသည် ကမ္ဘာပေါ်တွင် အပူချိန်မြင့်တက်နှုန်းအလျင်မြန်ဆုံးတိုက်ဖြစ်ပြီး ၁၉၉၀ ပြည့်လွန် နှစ်များအလယ်ပိုင်းမှစ၍ ဆယ်စုနှစ်တစ်ခုလျှင် ၀.၅၃ ဒီဂရီဆဲလ်စီးယပ်နှုန်းဖြင့် အပူချိန်မြင့်တက်လာသဖြင့် လေအေးပေးစက်လိုအပ်ချက် ဆက်လက်တိုးလာဖွယ်ရှိကြောင်း သိရပါသည်။ ဥရောပသမဂ္ဂ၏ Heat Pump အသုံးပြုမှု မြှင့်တင်ရေးမူဝါဒများကြောင့်လည်း လေအေးပေးစက်များသည် မရှိမဖြစ်အိမ်သုံးပစ္စည်းတစ်မျိုးဖြစ်လာကာ ဈေးကွက်ကြီးထွားမှုကို ရေရှည်အထောက်အကူ ပြုမည်ဖြစ်ကြောင်း TPSO က ပြောကြားခဲ့ပါသည်။ ထို့ပြင် ဥရောပဈေးကွက် ကြီးထွားလာမှုသည် တင်းကျပ်သည့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးမူဝါဒများနှင့် နီးကပ်စွာဆက်နွှယ်နေသည့်အတွက် ထုတ်လုပ်သူများအနေဖြင့် အထူးသဖြင့် အအေးပေးဓာတ်ငွေ့ (Refrigerants) အသုံးပြုမှုကို ဥရောပက တဖြည်းဖြည်းကန့်သတ်လာမည့် စည်းမျဉ်းများကို အနီးကပ်စောင့်ကြည့်သင့်ကြောင်း TPSO က တိုက်တွန်းထားပါသည်။ ယှဉ်ပြိုင်နိုင်စွမ်းရှိရန်ဆိုပါက ပြည်ပတင်ပို့သူများအနေနှင့် ထုတ်ကုန်အရည်အသွေး၊ စွမ်းအင်ချွေတာနိုင်မှုနှင့် ပတ်ဝန်းကျင်ထိခိုက်မှု လျော့နည်းစေသည့် စွမ်းဆောင်ရည်များကို အဓိကထား ဆောင်ရွက်သင့်သည်ဟု Nantapong Chiralerspong က ပြောကြားကြောင်း သိရှိရပါသည်။

Bangkok Post                                                                           

DOCA (ရန်ကုန်)

ကမ္ဘောဒီးယားနိုင်ငံ၏ ၂၀၂၆ ခုနှစ် စီးပွားရေးတိုးတက်မှု ခန့်မှန်းချက် ၄.၂ ရာခိုင်နှုန်းသို့ လျှော့ကျသွားမည်ဟု အစီရင်ခံစာဖော်ပြ

       အာဆီယံ+၃ မက်ခရိုစီးပွားရေး သုတေသနရုံး (AMRO) က ဇူလိုင်လ ၂၇ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် နောက်ဆုံးအစီရင်ခံစာအရ ကမ္ဘောဒီးယားနိုင်ငံ၏ စီးပွားရေးတိုးတက်မှုသည် လွန်ခဲ့သည့်နှစ်က ၅.၃ ရာခိုင်နှုန်း ရှိခဲ့ရာမှ ၂၀၂၆ ခုနှစ်တွင် ၄.၂ ရာခိုင်နှုန်းသို့ လျော့နည်းသွားမည်ဟု ခန့်မှန်းထားကြောင်း သိရသည်။

          သို့သော်လည်း အဆိုပါ အရှေ့တောင်အာရှနိုင်ငံ၏ စီးပွားရေးတိုးတက်မှုသည် ၂၀၂၇ ခုနှစ် တွင် ၄.၉ ရာခိုင်နှုန်းသို့ ပြန်လည်မြင့်တက်လာမည်ဟု ခန့်မှန်းထားသည်။ ကမ္ဘာ့ရေနံစျေးနှုန်းများ မြင့်တက်လာမှုကြောင့် စားသုံးသူကုန်ဈေးနှုန်း ငွေကြေးဖောင်းပွမှုသည် လွန်ခဲ့သည့်နှစ်က ၂.၅ ရာခိုင်နှုန်းရှိခဲ့ရာမှ ယခုနှစ်တွင် ၅.၁ ရာခိုင်နှုန်းအထိ မြင့်တက်သွားနိုင်ပြီး ၂၀၂၇ ခုနှစ်တွင် ၂.၈ ရာခိုင်နှုန်းသို့ ပြန်လည်ကျဆင်းသွားမည်ဟု အစီရင်ခံစာကဆိုသည်။

        အရှေ့အလယ်ပိုင်းဒေသတွင် ပဋိပက္ခများ တစ်ကျော့ပြန် အရှိန်မြင့်တက်လာပါက စွမ်းအင်၊ ရေကြောင်းပို့ဆောင်ရေးနှင့် အစားအသောက်စရိတ်များကို မြင့်တက်စေနိုင်ကြောင်း AMRO က အဓိက ကျဆင်းနိုင်ခြေရှိသော ဘေးထွက်ဆိုးကျိုးများအဖြစ် ထောက်ပြထားသည်။

       ကမ္ဘောဒီးယား နည်းပညာနှင့် သိပ္ပံတက္ကသိုလ်၊ တရုတ်-အာဆီယံ လေ့လာရေးစင်တာ၏ ဒုတိယညွှန်ကြားရေးမှူး Thong Mengdavid က ကမ္ဘောဒီးယား၏ စီးပွားရေးသည် ကြံ့ကြံ့ ခံနိုင်စွမ်းရှိနေဆဲဖြစ်သော်လည်း အရှေ့အလယ်ပိုင်းပဋိပက္ခနှင့် ကမ္ဘောဒီးယား-ထိုင်း နယ်စပ် အငြင်းပွားမှုကဲ့သို့သော ပြင်ပနှင့် ပြည်တွင်း စိန်ခေါ်မှုနှစ်မျိုးလုံးနှင့် ရင်ဆိုင်နေရသည်ဟု ပြောကြားခဲ့သည်။ ဤပြဿနာများသည် စွမ်းအင်စျေးနှုန်းများကို အတက်အကျဖြစ်စေပြီး နယ်စပ်ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှုကို ထိခိုက်စေကြောင်း သူက Xinhua သတင်းဌာနသို့ ပြောကြားခဲ့သည်။

     အဆိုပါပြဿနာများကို ဖြေရှင်းရန်အတွက် အစိုးရအနေဖြင့် ပြည်တွင်းဝယ်လိုအားကို မြှင့်တင်ရန်၊ ရင်းနှီးမြှုပ်နှံမှုဝန်းကျင်ကို တိုးမြှင့်ကောင်းမွန်စေရန်နှင့် ပြင်ပအတက်အကျများကို လျှော့ချကာ ဒေသတွင်း ကြံ့ကြံ့ခံနိုင်စွမ်းကို ခိုင်မာစေရန်အတွက် ဒေသတွင်းစီးပွားရေးပူးပေါင်း ဆောင်ရွက်မှုကို ပိုမိုနက်ရှိုင်းစွာ ဆောင်ရွက်သင့်သည်။

     တစ်ချိန်တည်းမှာပင် အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်မှုများကို နှိမ်နင်းရန် ကြိုးပမ်းမှုများကို အရှိန်မြှင့်တင်သင့်ပြီး ငြိမ်းချမ်းသော တွေ့ဆုံဆွေးနွေးမှုများမှတစ်ဆင့် နယ်စပ်တည်ငြိမ်ရေးကို အာမခံသင့်ကြောင်း Mengdavid က ပြောကြားခဲ့သည်။

       ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် ပိုမိုမြင့်မားသော တန်ဖိုးရှိသည့် စီးပွားရေးတိုးတက်မှုနှင့် ပိုမိုအားကောင်းသော ကြံ့ကြံ့ခံနိုင်စွမ်းတို့ကို ရရှိစေရန်အတွက် စက်မှုလုပ်ငန်း ပြိုင်ဆိုင်ဆိုင်မှု စွမ်းရည်၊ ပြည်သူ့ဝန်ဆောင်မှုများ၊ သယ်ယူပို့ဆောင်ရေးနှင့် လုပ်သားစွမ်းရည်များကို မြှင့်တင်ရန် AI ကို အသုံးချသင့်ကြောင်းလည်း Thong Mengdavid က ဆက်လက်ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Source : Xinhua                                                                                 

DOCA (ရန်ကုန်)

ဥရောပဖရဲသီးဈေးကွက်မှာ ရောင်းလိုအား ပိုမိုများနေပြီး ယူကရိန်းနိုင်ငံတွင်လည်း ဈေးနှုန်းများ ကျဆင်းလျက်ရှိ

 

   ၂၀၂၆ ခုနှစ်၊ ဇူလိုင်လအတွင်း ဥရောပ၏ ဖရဲသီးဈေးကွက်တွင် ရောင်းလိုအား ပိုမိုများပြား သောကြောင့် နိုင်ငံအများစု၌ လက်ကားဈေးနှုန်းများအပေါ် သက်ရောက်မှုရှိပြီး ဈေးနှုန်းများ ကျဆင်းလျက်ရှိကြောင်း၊ စပိန်နိုင်ငံနှင့် ဂရိနိုင်ငံတို့သည် အဓိက တင်ပို့သူနိုင်ငံများအဖြစ် ဆက် လက် တည်ရှိနေပြီး ကောင်းမွန်သော ရာသီဥတုအခြေအနေများကြောင့် သီးနှံထွက်ရှိမှု ကောင်းမွန် ကာ ဥရောပဈေးကွက်များသို့ ပုံမှန် တင်ပို့လျက်ရှိကြောင်း သိရှိရပါသည်။

   သစ်သီးဝလံနှင့်ဟင်းသီးဟင်းရွက်လုပ်ငန်းဖြစ်သည့် FruitVeB ၏ ဖော်ပြချက်အရ စပိန် နိုင်ငံသည် ၂၀၂၅-၂၀၂၆ ခုနှစ်တွင် ဖရဲသီး စိုက်ပျိုးဧရိယာကို ၁၁ ရာခိုင်နှုန်းအထိ တိုးချဲ့ခဲ့သဖြင့် ဟက်တာ ၁၂.၃ ထောင်နီးပါး ရှိလာခဲ့ကြောင်း၊  ဂျာမနီ၊ ပြင်သစ်နှင့် နယ်သာလန်နိုင်ငံတို့မှာ စပိန် နိုင်ငံထွက် ဖရဲသီးများ အဓိက တင်ပို့ရာ နိုင်ငံများများ ဖြစ်ကြကြောင်း၊ ဂရိနိုင်ငံရှိ အီလီယာ (Ilia) ဒေသ၏ သီးနှံရိတ်သိမ်းမှုမှာ ဧပြီလကုန်မှ အောက်တိုဘာလအထိ ကြာမြင့်ပြီး ဥရော ပဝယ်ယူသူ များထံ စဉ်ဆက်မပြတ် တင်ပို့ရောင်းချလျက်ရှိကြောင်း၊ ယူကရိန်းအပါအဝင် အလယ်ပိုင်းနှင့် အရှေ့ပိုင်း ဥရောပဒေသများ၌လည်း ရာသီအလိုက် ရောင်းလိုအားအခြအနေမှာ အမြင့်ဆုံး ရောက်ရှိ၍ လက်ကားဈေးနှုန်းများ ကျဆင်းသွားခဲ့ကြောင်း၊ တူရကီနှင့် အီရန်တို့တွင် ထုတ်လုပ်မှု နှင့် တင်ပို့မှုများ ပုံမှန်အတိုင်း တည်ငြိမ်လျက်ရှိသော်လည်း ဥဇဘက်ကစ္စတန်၌ ဈေးနှုန်း ကျဆင်း မှုများကို ဇူလိုင်လ အတွင်းတွင် တွေ့ရှိခဲ့ရကြောင်း သိရှိရပါသည်။

    ဈေးနှုန်းကျဆင်းမှုမှာ ယူကရိန်းနိုင်ငံတွင် ပိုမိုသိသာထင်ရှားခဲ့ပြီး မြို့တော်ကိယက်ဗ် (Kyiv)ရှိ Stolichnyi လက်ကားဈေးတွင် ခါဆွန်ခရိုင်  (Kherson) ၊ ချော်နိုဘာယိဗ်ကာရွာ (Chornobaivka) မှ ခါဆွန်ဒေသထွက် အရည်အသွေးမြင့် စပ်မျိုးဖရဲသီးမျိုးစိတ် Luzitana F1 အမျိုးအစား ဖရဲသီးများကို လက်ရှိတွင် လက်ကားဈေး ၁ Kg လျှင် ၁၁ UAH (Ukrainian Hryvnia) နှင့် လက်လီဈေး တစ်ကီလိုလျှင် ၁၂ UAH ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

     လွန်ခဲ့သော ငါးရက်ခန့်က ဖရဲသီးများ၏ လက်ကားဈေးမှာ တစ်ကီလိုလျှင် ၁၅ UAH မှ ၁၇ UAH အကြား ရှိခဲ့ကြောင်း၊ ခါဆွန်ဒေသမှတောင်သူများက စိုက်ခင်းအရောက်ဈေးမှာ ၁ Kg လျှင် ၁၀ UAH ဝန်းကျင်အထိ ကျဆင်းသွားနိုင်ကြောင်း ခန့်မှန်းခဲ့ကြသော်လည်း စိုက်ခင်းမှည့် သဘာဝ ဖရဲသီး အများအပြား ဈေးကွက်အတွင်း ဝင်ရောက်လာသဖြင့် ဈေးကွက်ပါဝင်လှုပ်ရှားသူများက ဈေးနှုန်းများ ထပ်မံကျဆင်းမည်ဟု မျှော်မှန်းထားကြောင်း သိရှိရပါသည်။

    နှိုင်းယှဉ်ကြည့်မည်ဆိုပါက ယခင်နှစ် ဇူလိုင်လ တတိယ ၁၀ ရက်တာ ကာလအတွင်း ယူကရိန်းနိုင်ငံ၌ ဖရဲသီး ၁ Kg လျှင် ၂၅ UAH ဝန်းကျင်ဖြင့် ရောင်းချခဲ့ရပါကြောင်း၊ သို့ဖြစ်ရာ ယခုနှစ်တွင် ဥရောပနှင့် ယူကရိန်း နှစ်နေရာစလုံး၌ ထွက်ရှိမှု ပိုမိုများပြားလာခြင်းကြောင့် ဈေးနှုန်း များမှာ လွန်ခဲ့သောနှစ် ကာလတူနှင့် ယှဉ်ပါက ထက်ဝက်နီးပါး ကျဆင်းသွားခဲ့ကြောင်း သိရှိရပါ သည်။

Source: UKrAgroConsult, 28 July 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

စံချိန်တင် ဆန်ပိုလျှံမှုကြောင့် ဂျပန်နိုင်ငံ၏ ဆန်ဈေးနှုန်းများ ကျဆင်းမည့် ဖိအားနှင့် ရင်ဆိုင်နေရ

     ၂၀၀၄ ခုနှစ်မှစ၍ ရရှိထားသော စာရင်းအချက်အလက်များအရ ပုဂ္ဂလိကကဏ္ဍ၏ ဆန်လက်ကျန် သိုလှောင်ပမာဏသည် အမြင့်ဆုံးအဆင့်သို့ ရောက်ရှိလာခဲ့ပြီး ယင်းကြောင့် ဆန်ဈေးနှုန်းများသည် ဆက်လက်ကျဆင်းနိုင်သည့် အလားအလာရှိနေသည်။

    ဇူလိုင် ၂၈ ရက်နေ့တွင် ကျင်းပခဲ့သော အစားအသောက်၊ စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသ မူဝါဒများဆိုင်ရာကောင်စီ၏ အစားအသောက်ကော်မတီခွဲ အစည်းအဝေးတွင် စိုက်ပျိုးရေး ဝန်ကြီးဌာနက ဇွန်လကုန်၌ ဆန်လက်ကျန် တန်ချိန် ၂.၄၃ သန်း ရှိကြောင်း သတင်း ထုတ်ပြန်ခဲ့ သည်။

    လွန်ခဲ့သောနှစ် တူညီသည့်ကာလတွင် ဆန်လက်ကျန် တန်ချိန် ၁.၅၅ သန်းသာ ရှိခဲ့သော် လည်း ယခုနှစ် ဇွန်လကုန်တွင် တန်ချိန် ၂.၂၁ သန်းမှ ၂.၃၄ သန်းအထိ မြင့်တက်လာနိုင်ကြောင်း ဝန်ကြီးဌာနက မတ်လအတွင်း ခန့်မှန်းခဲ့သည်။ သို့သော် လတ်တလော လက်ရှိကိန်းဂဏန်း များမှာ အဆိုပါ ခန့်မှန်းချက်ထက်ပင် ကျော်လွန်သွားခဲ့သည်။

     သင့်တင့်မျှတသော ဆန်လက်ကျန် ပမာဏမှာ တန်ချိန် ၁.၈ သန်းမှ ၂ သန်းကြား ဖြစ်သည် ဟု သတ်မှတ်ထားကြသည်။ ဆန်လက်ကျန်ပမာဏ မျှော်လင့်ထားသည်ထက် ပိုမိုများပြားလာ ရခြင်းမှာ ပြည်တွင်း ဆန်စျေးနှုန်းများ မြင့်မားနေမှုကြောင့် ပြည်ပမှ ဆန်တင်သွင်းမှု ရုတ်တရက် မြင့်တက်လာခြင်းကြောင့်ဖြစ်သည်ဟု ဝန်ကြီးဌာန တာဝန်ရှိသူများ က အဓိက သုံးသပ်ကြသည်။

    အခွန်နှုန်းထား မြင့်မားစွာ စည်းကြပ်ခံရသည့် ပုဂ္ဂလိကကဏ္ဍ၏ ပြည်ပမှ ဆန်တင်သွင်း မှုမှာ ပုံမှန်အားဖြင့် တစ်နှစ်လျှင် တန်ချိန် ရာဂဏန်းမျှသာ ရှိလေ့ရှိသည်။ သို့သော် ၂၀၂၅ ဘဏ္ဍာ ရေးနှစ်အတွင်း ပုဂ္ဂလိကကဏ္ဍ၏ ဆန်တင်သွင်းမှုမှာ တန်ချိန် ၁၁၀,၀၀၀ ခန့်အထိ ရှိခဲ့ပြီး အဆိုပါ ပမာဏမှာ "ဝန်ကြီးဌာန၏ မူလခန့်မှန်းချက်များတွင် ထည့်သွင်းတွက်ချက်ထားခြင်း မရှိခဲ့သော ပမာဏ" ဖြစ်ကြောင်း ပြောကြားခဲ့သည်။

   ဆန်ဈေးနှုန်းများ မြင့်မားနေဆဲဖြစ်သောကြောင့် လယ်သမားများသည် ပြည်သူများ၏ အဓိကစားနပ်ရိက္ခာဖြစ်သော ဆန်ကို ဆက်လက်စိုက်ပျိုးရန် စိတ်အားထက်သန်နေကြသည်။ ဝန်ကြီးဌာနက ဆန်စိုက်ဧကကို လျှော့ချရန် မျှော်မှန်းထားသော်လည်း အမှန်တကယ် လျှော့ချနိုင် သည့် ပမာဏမှာ မျှော်မှန်းထားသလောက် မရောက်ရှိခဲ့ကြောင်း သိရသည်။

    ဇွန်လကုန်အထိ တောင်သူများ၏ စိုက်ပျိုးရန် ရည်ရွယ်ချက်ဆိုင်ရာ အချက်အလက်များ အရ လာမည့်နှစ် ဇွန်လကုန်တွင် ပုဂ္ဂလိကကဏ္ဍ၏ ဆန်လက်ကျန်ပမာဏသည် တန်ချိန် ၂.၆၃ သန်းမှ ၂.၈၁ သန်းအထိ ပိုမိုမြင့်တက်လာနိုင်ကြောင်း ဝန်ကြီးဌာနက ခန့်မှန်းထားသည်။

    ဆန်ပိုလျှံမှုကြောင့် ဆန်စျေးနှုန်းများ ထိုးဆင်းသွားခြင်းမှ ကာကွယ်ရန်အတွက် စိုက်ပျိုးရေး ဝန်ကြီး Norikazu Suzuki နှင့် လယ်ယာစိုက်ပျိုးရေး အကျိုးစီးပွားကာကွယ်ရေး အာဏာပိုင် လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ (LDP) လွှတ်တော်အမတ်များက ပြီးခဲ့သည့်နှစ်မှစ၍ နိုင်ငံတော် အရန်ဆန်မှ ထုတ်ရောင်းပေးခဲ့သော ဆန်တန်ချိန် ၅၉၀,၀၀၀ ကို အစိုးရက ပြန်လည်ဝယ်ယူရန် တောင်းဆိုခဲ့ကြသည်။

    သို့သော်လည်း ဝန်ကြီးချုပ် Sanae Takaichi ၏ အထက်တန်းအကြံပေးတစ်ဦးကမူ ထိုသို့ဆောင်ရွက်ခြင်းသည် ကုန်ဈေးနှုန်းကြီးမားမှုကို ထိန်းချုပ်ရန် လုပ်ဆောင်နေသည့် အစိုးရ၏ ကြိုးပမ်းမှုများနှင့် ဆန့်ကျင်ဘက်ဖြစ်နေလိမ့်မည်ဟုဆိုကာ သဘောမတူဘဲ ငြင်းဆန်ထားသည်။ စိုက်ပျိုးရေးဝန်ကြီးဌာနသည် ၎င်းတို့၏ ပြန်လည်ဝယ်ယူရေး အစီအစဉ်များကို လက်ရှိတွင် ခေတ္တဆိုင်းငံ့ထားမည်ဖြစ်ကြောင်း ဇူလိုင် ၂၈ ရက်နေ့၌ ကြေညာခဲ့သည်။

    ဝန်ကြီးဌာန၏ လုပ်ငန်းလမ်းညွှန်ချက်များတွင် ပြန်လည်ဝယ်ယူမည့် အချိန်အခါနှင့် ပမာဏကို အနာဂတ် ရောင်းလိုအား၊ ဝယ်လိုအား အခြေအနေများနှင့် အခြားအချက်အလက်များ ကို  သုံးသပ်ပြီးမှသာ ဆုံးဖြတ်မည်ဟုသာ ဖော်ပြထားသည်။ လာမည့် ဩဂုတ်လကုန်တွင် ထွက်ရှိ လာမည့် ယခုနှစ် ဆောင်းဦးကာလရိတ်သိမ်းမည့် ပထမအကြိမ် စိုက်ပျိုးသီးနှံအခြေအနေ ရလဒ် များပေါ် မူတည်၍ အခြေအနေကို ဆက်လက်သုံးသပ်ရန် ဝန်ကြီးဌာနက ရည်မှန်းထားသည်။

The Asahi Shimbun, 29 July, 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

အိန္ဒိယနိုင်ငံ၏ ဟင်းသီးဟင်းရွက်ဆီ တင်သွင်းမှု မြင့်တက်လာခြင်းက ကမ္ဘာ့စားအုန်းဆီ ဈေးနှုန်းများကို မြှင့်တင်ပေးနိုင်ဖွယ်ရှိ

    အိန္ဒိယနိုင်ငံတွင် ပဲပုပ်နှင့် မုန်ညှင်း ဆီကြိတ်ခွဲထုတ်လုပ်မှု နှေးကွေးလာခြင်းကြောင့် ပြည်တွင်း၌ စားသုံးဆီ လိုအပ်ချက်မြင့်မားလာကာ ထောက်ပံ့မှု နည်းပါးလာနေသဖြင့် ၂၀၂၆ ခုနှစ်၊ ဇူလိုင်လမှ အောက်တိုဘာလအတွင်း အိန္ဒိယနိုင်ငံ၏ ဟင်းသီးဟင်းရွက်ဆီ တင်သွင်းမှုပမာဏ သိသိသာသာ မြင့်တက်လာမည်ဟု ခန့်မှန်းထားသည်။ ဤကဲ့သို့ တင်သွင်းမှု မြင့်တက်လာခြင်းက စားအုန်းဆီနှင့် ပဲပုပ်ဆီတို့အပေါ် နိုင်ငံတကာ ဝယ်လိုအားကို တိုးတက်လာစေနိုင်ပြီး ကမ္ဘာ့ ဟင်းသီးဟင်းရွက်ဆီနှင့် စားအုန်းဆီကြမ်း (CPO) ဈေးနှုန်းများကို ထပ်မံမြှင့်တင်ပေးနိုင်မည် ဖြစ်ကြောင်း Palm Oil Magazine သတင်းဌာနက ဇူလိုင်လ ၂၄ ရက်နေ့တွင် ဖော်ပြထားသည်။

     Palm Oil Magazine က ကိုးကားဖော်ပြထားသည့် Reuters သတင်းတစ်ပုဒ်အရ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလတွင် ကုန်ဆုံးမည့် ၂၀၂၅/၂၀၂၆ ဈေးကွက်နှစ်၏ ပထမ ၈ လတာ ကာလ အတွင်း အိန္ဒိယ၏ လစဉ်ပျမ်းမျှ ဟင်းသီးဟင်းရွက်ဆီ တင်သွင်းမှုပမာဏမှာ တန်ချိန် ၁.၃ သန်း ရှိခဲ့ရာ ဇူလိုင်လမှ အောက်တိုဘာလ ကာလအတွင်း တင်သွင်းမှုပမာဏသည် လစဉ်ပျမ်းမျှ တန်ချိန် ၁.၅ သန်းအထိ ရှိလာမည်ဟု စားသုံးဆီလုပ်ငန်း ကျွမ်းကျင်သူများက ခန့်မှန်းထားကြသည်။

     အိန္ဒိယ ဆီကြိတ်ခွဲထုတ်လုပ်သူများအသင်း (Solvent Extractors’ Association of India-SEA) ၏ အမှုဆောင်ဒါရိုက်တာ Mr. B.V. Mehta က ယခင်ရာသီက ရိတ်သိမ်းရရှိထားသော သီးနှံလက်ကျန်များမှာ ကုန်ခါနီးဖြစ်နေပြီဖြစ်သဖြင့် ပဲပုပ်နှင့် မုန်ညှင်းတို့ကို ကြိတ်ခွဲထုတ်လုပ်မှု နှေးကွေးသွားခဲ့ကြောင်း၊ ၎င်း၏ရလဒ်အနေဖြင့် ပြည်တွင်း၌ ဟင်းသီးဟင်းရွက်ဆီ ထုတ်လုပ်မှု ကျဆင်းသွားခဲ့ပြီး နိုင်ငံအနေဖြင့် ပြည်ပမှတင်သွင်းမှုအပေါ် ပိုမိုအားထားလာရသည့်အခြေအနေ သို့ ရောက်ရှိစေခဲ့ကြောင်း ပြောကြားခဲ့သည်။

     “ယခင်နှစ်က ရိတ်သိမ်းရရှိထားသော သီးနှံလက်ကျန်များ ကုန်ခါနီးပြီဖြစ်သဖြင့် ဆီထွက် သီးနှံ ကြိတ်ခွဲထုတ်လုပ်မှုမှာ နှေးကွေးသွားခဲ့ပါသည်။ ပြည်တွင်း၌ ဟင်းသီးဟင်းရွက်ဆီ ရရှိနိုင်မှု လျော့နည်းလာသည်နှင့်အမျှ ဈေးကွက်လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် လာမည့်လများအတွင်း တင်သွင်းမှုပမာဏကို တိုးမြှင့်လုပ်ဆောင်ရန် လိုအပ်လာမည်ဖြစ်သည်”ဟု SEA ၏ အမှုဆောင် ဒါရိုက်တာ Mehta က ဆက်လက်ပြောကြားခဲ့သည်။

     ကမ္ဘာ့ဟင်းသီးဟင်းရွက်ဆီ အများဆုံးတင်သွင်းသည့်နိုင်ငံဖြစ်သော အိန္ဒိယနိုင်ငံ၏ ဝယ်ယူ မှုပမာဏ တိုးလာခြင်းကြောင့် အင်ဒိုနီးရှား၊ မလေးရှား၊ အာဂျင်တီးနားနှင့် ဘရာဇီးနိုင်ငံတို့ ကဲ့သို့ သော အဓိက တင်ပို့သည့်နိုင်ငံများရှိ စားအုန်းဆီ (palm oil) နှင့် ပဲပုပ်ဆီ လက်ကျန်ပမာဏများ လျော့ကျသွား ဖွယ်ရှိသည်ဟု ခန့်မှန်းရပါသည်။ ဝယ်ယူလိုစိတ် ပိုမိုအားကောင်းလာခြင်းသည် မလေးရှား စားအုန်းဆီ ကြိုပွိုင့်ဈေးနှုန်းများ (futures) နှင့် ကမ္ဘာ့ပဲပုပ်ဆီ ဈေးနှုန်းများကို အထောက်အပံ့ဖြစ်စေ နိုင်သည်ဟု ဈေးကွက်လေ့လာသုံးသပ်သူများက ယုံကြည်ထားကြသည်။

     ယခုလက်ရှိ ဈေးကွက်နှစ် (marketing year) အတွက် အိန္ဒိယနိုင်ငံ၏ စုစုပေါင်း ဟင်းသီး ဟင်းရွက်ဆီ တင်သွင်းမှုပမာဏသည် တန်ချိန် ၁၆ သန်းရှိခဲ့သည့် ယခင်ရာသီနှင့် နှိုင်းယှဉ်ပါက တန်ချိန် ၁၆.၃ သန်းခန့်အထိ ရောက်ရှိလာမည်ဟု Mehta က ခန့်မှန်းထားပါသည်။

     ပြည်တွင်း ဆီထွက်သီးနှံထုတ်လုပ်မှုကို တိုးတက်များပြားလာသော စားသုံးမှုပမာဏနှင့် လိုက်လျောညီထွေအောင် လုပ်ဆောင်နိုင်မှု မရှိခဲ့သဖြင့် လွန်ခဲ့သော နှစ်ပေါင်း ၂၀ ကျော်ကာလ တစ်လျှောက်လုံးတွင် အိန္ဒိယနိုင်ငံသည် ၎င်း၏ ဟင်းသီးဟင်းရွက်ဆီ လိုအပ်ချက်၏ သုံးပုံနှစ်ပုံ နီးပါးကို ပြည်ပမှ တင်သွင်းမှုအပေါ် မှီခိုအားထားခဲ့ရသည်။

     အိန္ဒိယနိုင်ငံတွင် ပွဲတော်ကာလများ နီးကပ်လာသည်နှင့်အမျှ လာမည့်လများအတွင်း ပေးပို့ မည့် စားအုန်းဆီနှင့် ပဲပုပ်ဆီ ဝယ်ယူမှုများကို ဆီသန့်စင်ထုတ်လုပ်သူများက စတင်တိုးမြှင့်လုပ် ဆောင်နေပြီဖြစ်ကြောင်း Sunvin Group ၏ အမှုဆောင်အရာရှိချုပ် Mr. Sandeep Bajoria က ပြောကြားခဲ့သည်။

     အိန္ဒိယနိုင်ငံတွင် ဟင်းသီးဟင်းရွက်ဆီ စားသုံးမှုပမာဏသည် သြဂုတ်လမှ နိုဝင်ဘာလ အတွင်း အများသောအားဖြင့် မြင့်တက်လေ့ရှိရာ၊ ရာသီအလိုက် ဝယ်လိုအား မြင့်တက်လာမည့် အချိန်အတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် ဆီသန့်စင်ထုတ်လုပ်သူများနှင့် ကုန်သည်များက စားသုံးဆီ လက်ကျန်များကို စုဆောင်းထားလေ့ရှိကြသည်။

     အိန္ဒိယနိုင်ငံသည် စားအုန်းဆီကို အင်ဒိုနီးရှားနှင့် မလေးရှားနိုင်ငံတို့မှ အဓိကဝယ်ယူတင် သွင်းပြီး ပဲပုပ်ဆီနှင့် နေကြာဆီတို့ကိုမူ အာဂျင်တီးနား၊ ဘရာဇီး၊ ရုရှားနှင့် ယူကရိန်းနိုင်ငံတို့မှ အဓိက တင်သွင်းလျက်ရှိကြောင်း သတင်းရရှိပါသည်။

Source: Palm Oil Magazine, 26 Jul 2026 (လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ