ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

ကမ္ဘောဒီးယားနိုင်ငံ၏ စိုက်ပျိုးရေးထွက်ကုန်များ တင်ပို့မှု ၇.၃ ရာခိုင်နှုန်း မြင့်တက်

        ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၅ ခုနှစ်တွင် စိုက်ပျိုးရေးထွက်ကုန်များ တင်ပို့မှုမှ စုစုပေါင်းဝင်ငွေ အမေရိကန်ဒေါ်လာ ၆.၄၆ ဘီလီယံ ရရှိခဲ့ပြီး ယခင်နှစ်က အမေရိကန်ဒေါ်လာ ၆.၀၂ ဘီလီယံထက် ၇.၃ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း စိုက်ပျိုးရေး၊ သစ်တောနှင့် ရေလုပ်ငန်း ဝန်ကြီးဌာနက ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၂၆ ရက်နေ့တွင် ထုတ်ပြန်သော အစီရင်ခံစာအရ သိရသည်။

       ပို့ကုန်အတွက် အလားအလာရှိသော စိုက်ပျိုးရေးထုတ်ကုန်များတွင် ဆန်၊ ရာဘာ၊ မန်ကျည်းသီး၊ ငှက်ပျောသီး၊ ငရုတ်ကောင်းစေ့၊ သီဟိုဠ်စေ့ နှင့် ဒူးရင်းသီး စသည့်ထုတ်ကုန်များ ပါဝင်သည်။

    ကမ္ဘောဒီးယားထုတ်ကုန်များ၊ အထူးသဖြင့် ကြိတ်ခွဲထားသော ဆန်အတွက် တရုတ်နိုင်ငံသည် အဓိကဈေးကွက်တစ်ခုဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ ကမ္ဘောဒီးယား ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ နိုင်ငံခြားရေးဝန်ကြီးနှင့် ပြောရေးဆိုခွင့်ရှိသူ Penn Sovicheat က ဒေသတွင်း ဘက်စုံစီးပွားရေး မိတ်ဖက်အဖွဲ့ (RCEP) သဘောတူညီချက်နှင့် ကမ္ဘောဒီးယား-တရုတ် လွတ်လပ်သောကုန်သွယ်ရေး သဘောတူညီချက် (CCFTA) တို့သည် ကမ္ဘောဒီးယား၏ စိုက်ပျိုးရေးပို့ကုန်များကို မြှင့်တင်ပေးခဲ့သည်ဟု ပြောကြားခဲ့သည်။

     ဤကုန်သွယ်ရေးသဘောတူညီချက်များအရ ကမ္ဘောဒီးယားတွင် ထုတ်လုပ်သော ထုတ်ကုန်များ၊ အထူးသဖြင့် အရည်အသွေးမြင့် စိုက်ပျိုးရေးထွက်ကုန်များကို ဦးစားပေးအခွန်များဖြင့် တရုတ်နိုင်ငံသို့ တင်ပို့ခဲ့သည်။

      အထည်အလိပ်၊ ဖိနပ်နှင့် ခရီးသွားသုံးပစ္စည်းများ တင်ပို့မှု၊ ခရီးသွားလုပ်ငန်း၊ ဆောက်လုပ်ရေးနှင့် အိမ်ခြံမြေလုပ်ငန်းများအပြင် ကမ္ဘောဒီးယား၏ စီးပွားရေးတိုးတက်မှုကို ပံ့ပိုးပေးသည့် အဓိကအချက်လေးချက်တွင် စိုက်ပျိုးရေးသည် တစ်ခုဖြစ်ကြောင်း သိရှိရပါသည်။ 

Source : Xinhua                                                                                 

DOCA (ရန်ကုန်)

တရုတ်နိုင်ငံမှ ကီဝီသီးများ အမြောက်အမြား တင်သွင်းလာမှုကြောင့် ဗီယက်နမ်စျေးကွက်အတွင်းရှိ ကီဝီသီးဈေးနှုန်းများ ကျဆင်း

          တရုတ်နိုင်ငံမှ တင်သွင်းလာသော ကီဝီသီးများ အလုံးအရင်းနှင့် ဝင်ရောက်လာမှုကြောင့် ဈေးကွက်အတွင်း ရောင်းလိုအားမြင့်တက်နေပြီး၊ လက်ရှိတွင် တစ်ကီလိုဂရမ်လျှင် ဗီယက်နမ်  ဒေါင် ၈၀,၀၀၀ (အမေရိကန်ဒေါ်လာ ၃.၀၅ ခန့်) သာရှိတော့သဖြင့် စံချိန်တင် အနိမ့်ဆုံးဈေးနှုန်းသို့ ရောက်ရှိနေကြောင်း သိရသည်။ စူပါမားကတ်များတွင် ကီဝီသီးအစိမ်းနှင့် အဝါရောင်များကို တစ်ကီလိုဂရမ်လျှင် ၈၀,၀၀၀ မှ ၁၂၀,၀၀၀ ဗီယက်နမ်ဒေါင်အတွင်းသာရှိပြီး တွေ့ရခဲသည့် စျေးနှုန်းအခြေအနေမျိုးဖြစ်ကြောင်း ဗီယက်နမ်နိုင်ငံရှိ ဒေသခံများက ပြောကြားခဲ့သည်။ တရုတ်နိုင်ငံတွင် လူကြိုက်များပြီး အဆင့်မြင့်မျိုးစိတ် (Premium Variety) ဟု သတ်မှတ်ထားကြသော ကီဝီသီးအနီရောင်ကိုမူ ၁၀၉,၀၀၀ ဗီယက်နမ်ဒေါင်ဖြင့် ရောင်းချနေပြီး အဆိုပါ ဈေးနှုန်းချိုသာသော ကီဝီသီးများကို Go!, Bach Hoa Xanh နှင့် Kingfood ကဲ့သို့သော လက်လီအရောင်း ဆိုင်ခွဲများတွင် အများဆုံးရောင်းချလျက်ရှိသည်။ သို့သော်လည်း နယူးဇီလန်နှင့် ပြင်သစ်နိုင်ငံတို့မှ တင်သွင်းသော ကီဝီသီးများမှာမူ ဆက်လက်ဈေးကြီးနေဆဲဖြစ်သည်။ နယူးဇီလန် ကီဝီသီး အစိမ်းဈေးနှုန်းမှာ တစ်ကီလိုလျှင် ၁၃၉,၀၀၀ ဒေါင်ဝန်းကျင်ရှိနေပြီး ယခင် နှစ်ထက် ဈေးနှုန်းအနည်းငယ် ကျဆင်းလာသည်ဟု ဆိုနိုင်သော်လည်း တရုတ်နိုင်ငံမှ တင်သွင်းသော ကီဝီသီးဈေးနှုန်းနှင့် ယှဉ်လျှင်မူ အဆမတန်‌မြင့်မားနေဆဲဖြစ်သည်။ ယခင် ဗီယက်နမ်နိုင်ငံသည် ကီဝီသီးကို နယူးဇီလန်နိုင်ငံတစ်ခုတည်းနီးပါးမှသာ တင်သွင်းခဲ့သော်လည်း ယခုနှစ်တွင်မူ အရည်အသွေးကောင်းမွန်လာခြင်းနှင့် ထုတ်ကုန်နောက်ကြောင်းလိုက် စစ်ဆေးနိုင်မှု (Traceability) ခိုင်မာလာခြင်းတို့ကြောင့် ဝယ်လိုအားမြင့်တက်လာကာ တရုတ်နိုင်ငံမှ တင်သွင်းမှုမှာလည်း အရှိန်အဟုန်ဖြင့် မြင့်တက်လာခဲ့သည်။ တရုတ်ကီဝီသီးများသည် နယူးဇီလန် သို့မဟုတ် ပြင်သစ်နိုင်ငံတို့မှ သစ်သီးများကဲ့သို့ အမြင်အာရုံဖမ်းစားနိုင်ခြင်း မရှိသော်လည်း၊ ၎င်းတို့၏ အရည်အသွေးမှာ စိတ်ချယုံကြည်ရသည့် အခြေအနေသို့ ရောက်ရှိလာကြောင်း၊ ထို့ကြောင့် ဈေးနှုန်းကို အလေးထားသော ဝယ်ယူသူများကို အဓိကဆွဲဆောင်နိုင်ခြင်းဖြစ်ကြောင်း ဗီယက်နမ်နိုင်ငံ ဟိုချီမင်မြို့တော်ရှိ ကီဝီသီး လက်လီလက်ကား ရောင်းချသူများ ကပြောကြားခဲ့သည်။ ဗီယက်နမ် သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်အသင်း (Vietnam Fruit and Vegetable Association) ၏ အထွေထွေအတွင်းရေးမှူးဖြစ်သူ Dang Phuc Nguyen က ခေတ်မီမျိုးပွား နည်းပညာများကြောင့် တရုတ်နိုင်ငံသည် ဈေးနှုန်းချိုသာသော စိုက်ပျိုးရေးထွက်ကုန်များကို အဓိကတင်ပို့သည့် နိုင်ငံဖြစ်လာကြောင်း ပြောကြားခဲ့သည်။ ယခင်က ဗီယက်နမ်နှင့် ဂျပန်နိုင်ငံတို့တွင် ဈေးကြီးပေးဝယ်ခဲ့ရသည့် သစ်သီးအမျိုးအစား အများအပြားသည် တရုတ်နိုင်ငံတွင် အကြီးအကျယ် စိုက်ပျိုးထုတ်လုပ်လာနိုင်ပြီးနောက်ပိုင်း လူအများအပြား ဝယ်ယူစားသုံးနိုင်သည့် ကုန်ပစ္စည်းများဖြစ်လာခဲ့ကြောင်း ၎င်းက ရှင်းပြသည်။ အကောက်ခွန်ဆိုင်ရာ အချက်အလက်များအရ ဗီယက်နမ်နိုင်ငံသည် ၂၀၂၅ ခုနှစ်တွင် အမေရိ ကန်ဒေါ်လာ ၃ ဘီလီယံဖိုးခန့်ရှိသော သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များကို တင်သွင်းခဲ့ပြီး ယင်းမှာ ယခင်နှစ်ထက် ၂၄ ရာခိုင်နှုန်း မြင့်တက်လာခြင်းဖြစ်သည်။ တရုတ်နိုင်ငံသည် ဗီယက်နမ်နိုင်ငံ၏ ဟင်းသီးဟင်းရွက် တင်သွင်းသော အဓိကအရင်းအမြစ်နိုင်ငံအဖြစ် ဆက်လက်တည်ရှိနေပြီး ဒေါ်လာ ၁ ဘီလီယံကျော်ဖိုး တင်သွင်းထားကြောင်း သိရှိရပါသည်။

Source : VnExpress                                                                       

DOCA(ရန်ကုန်)

ကမ္ဘာ့ပြောင်းဖူးထုတ်လုပ်မှုနှုန်းသည် ဝယ်လိုအား မြင့်တက်လာမှုနှုန်းထက် ပိုမိုများပြားလာ

         ကမ္ဘာ့ပြောင်းဖူး လက်ကျန်ပမာဏနှင့် သုံးစွဲမှုအပေါ်မူတည်သည့် လက်ကျန်အချိုး (stocks-to-use ratio) သည် သုံးနှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ပြန်လည်မြင့်တက်လာတော့မည်ဖြစ်ကြောင်း လေ့လာဆန်းစစ်သူတစ်ဦးက ပြောကြားခဲ့သည်။ London Stock Exchange Group မှ စိုက်ပျိုးရေးသုတေသနမန်နေဂျာ Libin Zhou ၏ ပြောကြားချက်အရ အမေရိကန်ပြည်ထောင်စုတွင် ပြောင်းဖူးအထွက်နှုန်း အလွန်ကောင်းမွန်ခြင်းနှင့် တောင်အမေ ရိကတွင် သာယာဝပြောသော ရာသီဥတုအခြေအနေများရှိနေခြင်းတို့ကြောင့် ၂၀၂၅-၂၆ ခုနှစ် အတွင်း ပြောင်းဖူးထုတ်လုပ်မှု တိုးတက်နှုန်းသည် စားသုံးမှုမြင့်တက်လာမည့်နှုန်းကို ကျော် လွန်သွားမည်ဖြစ်ကြောင်း သိရသည်။ သုံးနှစ်ဆက်တိုက် လျော့နည်းခဲ့ပြီးနောက် ယခုနှစ်တွင် ကမ္ဘာ့ပြောင်းဖူး လက်ကျန်ပမာဏ (Carryout) သည် တန်ချိန် ၂၆.၁ သန်းခန့် ပြန်လည် မြင့် တက်လာမည်ဟု ခန့်မှန်းထားကြသည်။ ပြောင်းဖူးဈေးနှုန်းများသည် မုယောစပါး (Barley)၊ ဂျုံ (Wheat) နှင့် အခြားသီးနှံဈေးနှုန်းများအပေါ် ဦးဆောင်လွှမ်းမိုးမှု ရှိနေသည်။ အမေရိကန်၊ ယူကရိန်းနှင့် တရုတ်နိုင်ငံတို့တွင် အထွက်နှုန်း အလွန်ကောင်းမွန်ခြင်း၊ ဘရာဇီး နိုင်ငံတွင်လည်း ထွက်နှုန်းကောင်းမည့် အလားအလာရှိခြင်းတို့ကြောင့် ကမ္ဘာ့ပြောင်းဖူး ထုတ် လုပ်မှု တန်ချိန် ၆၉ သန်းခန့် တိုးတက်လာခြင်းမှာ ယခုအခြေအနေ၏ အကြောင်းရင်း ဖြစ်ကြောင်း Argus Media မှ မကြာသေးမီက ပြုလုပ်ခဲ့သော ဝက်ဘ်ဆိုက်ဆွေးနွေးပွဲ (Webinar) တွင် Libin Zhou က ပြော ကြားခဲ့သည်။ ဥရောပအနောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင်သာ ပြောင်းဖူးထွက် ရှိမှု လျော့နည်းခဲ့သည့် ဒေသများ ဖြစ်ခဲ့သည်။၂၀၂၅ ခုနှစ် အစပိုင်းမှ နွေရာသီ အနိမ့်ဆုံးဈေးနှုန်း ကာလများအကြား ကမ္ဘာ့ပြောင်းဖူးဈေးနှုန်းများ သည် ၂၀ ရာခိုင်နှုန်းကျော်အထိ ထိုးကျသွားခဲ့ သည်။ ဥရောပတွင် အထွက်နှုန်းနည်းပါးခြင်းနှင့် အမေရိကန်၏ ပို့ကုန်တင်ပို့မှု အားကောင်းခြင်း တို့ကြောင့် ဈေးနှုန်းများ တဖြည်းဖြည်း ပြန်လည်မြင့်တက်လာခဲ့သော်လည်း၊ တောင်အမေရိက တွင် ရာသီဥတုသာယာခြင်းနှင့် ဇန်နဝါရီ လထုတ် 'ကမ္ဘာ့စိုက်ပျိုးရေးဆိုင်ရာ ထောက်ပံ့မှုနှင့် ဝယ်လိုအား ခန့်မှန်းချက်' (WASDE) အစီရင်ခံစာတွင် အမေရိကန်၏ ထုတ်လုပ်မှုကို တိုးမြှင့် ပြင်ဆင်သတ်မှတ်လိုက်ခြင်းတို့ကြောင့် မကြာသေးမီက ဈေးနှုန်းများ ပြန်လည်ကျဆင်းသွားခဲ့ သည်။ မက္ကဆီကို၊ ဂျပန်နှင့် ကိုလံဘီယာကဲ့သို့ ပုံမှန်ဈေးကွက်များသို့ အများအပြား ရောင်းချ ခဲ့ရရုံသာမက ဥရောပသမဂ္ဂ (EU)၊ အရှေ့အလယ်ပိုင်းနှင့် မြောက်အာဖရိကနိုင်ငံများမှလည်း အံ့အားသင့်ဖွယ်ကောင်း လောက်အောင် ဝယ်လိုအား အားကောင်းခဲ့ကြောင်း သိရသည်။ ဘရာဇီး နှင့် အာဂျင်တီးနားနိုင်ငံတို့တွင်လည်း ပို့ကုန်တင်ပို့မှု မြင့်တက်လာမည်ဟု ခန့်မှန်းရသည်။ လူဦးရေတိုးပွားလာ ခြင်း၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာခြင်းနှင့် ပြောင်းဖူးဈေးနှုန်း သက်သာခြင်း တို့ကြောင့် ကမ္ဘာလုံးဆိုင်ရာ တိရစ္ဆာန်အစာအတွက် ပြောင်းဖူးဝယ်လိုအားမှာ ခိုင်မာလျက်ရှိ သည်။ အမေရိကန်ပြည်ထောင်စု၏ စုစုပေါင်း တိရစ္ဆာန်အစာလိုအပ်ချက်တွင် ပြောင်းဖူးသည် ၉၅ ရာခိုင်နှုန်းအထိ ပါဝင်နေပြီး ကမ္ဘာ့ဒုတိယအကြီးဆုံး ကြက်ဘဲမွေးမြူထုတ်လုပ်သည့် ဘရာဇီး နိုင်ငံတွင်လည်း အဓိက အခန်းကဏ္ဍမှ ပါဝင်နေသည်။ ထို့ပြင် ကမ္ဘာ့အက်သနော (Ethanol) လောင်စာဈေးကွက်မှလည်း ဝယ်လိုအား အလွန်ကောင်းမွန်နေသည်။  ဘရာဇီးနိုင်ငံ စိုက်ပျိုးရေး ဌာန (Conab) ၏ ခန့်မှန်းချက်အရ ယခုနှစ်တွင် ဘရာဇီးလယ်သမားများသည် စံချိန်တင် ဧက ၅၆ သန်းအထိ တိုးမြှင့်စိုက်ပျိုးကြမည်ဖြစ်ရာ ယင်းမှာ အထွက်နှုန်းလျော့နည်း ဆုံးရှုံးမှုများကို ပြန်လည်ကာမိစေရန် အထောက်အကူပြုမည်ဖြစ်သည်။ ၂၀၂၅-၂၆ ခုနှစ် အတွက် ပြောင်းဖူး ထုတ်လုပ်မှု တန်ချိန် ၁၃၈.၉ သန်း ထွက်ရှိမည်ဟု ခန့်မှန်းထားပြီး၊ ယင်းမှာ မနှစ်က ထွက်ရှိခဲ့ သော စံချိန်တင် အများဆုံးပမာဏဖြစ်သည့် ၁၃၉.၇ သန်းပြီးလျှင် ဒုတိယ အမြင့်ဆုံး ထုတ်လုပ်မှု ဖြစ်လာမည်ဖြစ်သည်။ အက်သနောကဏ္ဍမှ ဝယ်လိုအား မြင့်တက်လာခြင်းကြောင့် စုစုပေါင်း ဝယ်လိုအားမှာ တန်ချိန် သန်း ၁၄၀ ခန့်ရှိမည်ဟု ခန့်မှန်းရပြီး ယင်းမှာ မနှစ်ကထက် ၁၀ သန်းခန့် ပိုမိုများပြားနေသည်။ ပြောင်းဖူးမှ အက်သနော ထုတ် လုပ်မှုသည် လွန်ခဲ့သော ၁၀ နှစ်ခန့်က လုံးဝနီးပါး မရှိသလောက်ဖြစ်ခဲ့သော်လည်း ယခုအခါ လီတာ ၁၀ ဘီလီယံအထိ ထွက်ရှိမည်ဟု ခန့်မှန်းထားကြသည်။ တောင်အမေရိက၏ ရာသီ ဥတုအခြေအနေနှင့် အမေရိကန်၏ စိုက်ပျိုးရန် ရည်ရွယ်ချက် (Planting intentions) တို့သည် ပြောင်းဖူးဈေးနှုန်းအပေါ် လွှမ်းမိုးမှုရှိလိမ့်မည်ဟု Zhou က ဆိုသည်။ အမေရိကန် လယ်သမားများသည် ယခုနှစ်တွင် ပြောင်းဖူးဧက ၉၃.၉ သန်းမှ ၉၅ သန်းအထိ စိုက်ပျိုးကြ မည်ဟု Libin Zhou က ခန့်မှန်းထားကြောင်းသိရသည်။

Source : The western producer                                                  

DOCA(ရန်ကုန်)

အိန္ဒိယနိုင်ငံ၌ အစိုးရ၏အရန်ဆန်သိုလှောင်မှု များပြားသဖြင့် စားသုံးသူများထံ တိုက်ရိုက်ရောင်းချ

    ဆန်ပမာဏတန်ချိန် ၃၇၀ သိန်းရှိသော ဗဟိုသိုလှောင်ရုံရှိ ဆန်စပါးသိုလှောင်မှုပမာဏ စံ ချိန်တင်မြင့်တက်လာပြီး ဆန်သိုလှောင်မှုစုစုပေါင်းသည် တန်ချိန် ၆၇၉.၃၂သိန်း ရှိကြောင်း၊  အများ ပြည်သူဖြန့်ဖြူးရေးစနစ် (PDS)အတွက် နှစ်စဉ်လိုအပ်သော ဆန်ပမာဏမှာ တန်ချိန် ၄၁၀ သိန်း ခန့် ရှိသောကြောင့် ဝယ်လိုအား မှေးမှိန်နေသည့် ယခုအခြေအနေတွင် အစိုးရအနေဖြင့် ဆန်သို လှောင်မှုများကို ဈေးကွက်သို့ ရောင်းချရန် နည်းလမ်းများကို မကြာမီ ရှာဖွေဆောင်ရွက်ရန် လိုအပ် နေကြောင်း သိရှိရသည်။

    ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့စာရင်းများအရ အိန္ဒိယစားနပ်ရိက္ခာကော်ပိုရေးရှင်း (FCI) တွင် ယခင်နှစ်ကထက် ၆ ရာခိုင်နှုန်း တိုးတက်ခဲ့သည့် ဆန်တန်ချိန် ၃၀၉.၃၈သိန်း၊ ယခင် နှစ်ကထက် ၁၆ ရာခိုင်နှုန်း တိုးတက်ခဲ့သည့် စပါးတန်ချိန် ၅၅၂.၁၅သိန်းနှင့် ယခင်နှစ်ကထက် ၄၉ ရာခိုင် နှုန်း တိုးတက်ခဲ့သည့် ဂျုံတန်ချိန်၂၇၄.၆၃ သိန်းတို့ကို သိုလှောင်ထားကြောင်း သိရှိသည်။

   လက်ရှိ ဆန်သိုလှောင်မှုသည် ဇန်နဝါရီ ၁ ရက်နေ့အထိ သတ်မှတ်ထားသော သိုလှောင် စံချိန်ဖြစ်သည့် တန်ချိန် ၇၆.၁သိန်း ၉ဆခန့် ရှိနေပြီး ဂျုံသိုလှောင်မှုမှာမူ တန်ချိန် ၁၃၈သိန်း၏ နှစ်ဆနီးပါးအထိ ရှိနေကြောင်း၊ အစိုးရသည် နိုဝင်ဘာလ ၁ ရက်မှစတင်၍ အီသနော ထုတ်လုပ်ရန် နှင့် ဆန်တန်ချိန် ၁ တန်လျှင် ရူပီး၂၃,၂၀၀ဖြင့် ဈေးလျှော့ရောင်းချရန် ဆန်တန်ချိန် ၅၂ သိန်းကို သတ်မှတ်ခွဲဝေပြီး ဖြစ်ကြောင်းနှင့် အဆိုပါဈေးနှုန်းမှာ ဆန်တန်ချိန်၁တန်လျှင် ခန့်မှန်းစီးပွားရေး ကုန်ကျစရိတ် ရူပီး ၄၁,၇၃၃.၄၀အောက် လျော့နည်းနေကြောင်း သိရှိရသည်။

    FCI ၏ အကြီးတန်းအရာရှိအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ တစ်ဦးကပြောသည်မှာ အစိုးရ သည် ဗဟိုသိုလှောင်ရုံမှဆန်များကို အများဆုံး ရောင်းချနိုင်ရန် ကြိုးပမ်းလျက်ရှိကြောင်း၊ FCI ထံမှ ဆန်ဝယ်ယူမှု ပိုမိုများလာစေရန် စပါးအခြေပြု အီသနောစက်ရုံများအနေဖြင့် ကုန်ပစ္စည်းများ ထုတ်လုပ်ရာတွင် အသုံးပြုသည့်ကုန်ကြမ်းအဖြစ် ဆန်စပါးမှ အနည်းဆုံး ၄၀ ရာခိုင်နှုန်း ထုတ်လုပ် ရန်လည်း တောင်းဆိုပြီးဖြစ်ကြောင်း၊ အများပြည်သူဖြန့်ဖြူးရေးစနစ် (PDS)အောက်၌ အကျုံးဝင် သော ဆန်ပမာဏကို (လက်ရှိ အကျိုးခံစားခွင့်ရှိသူတစ်ဦးလျှင် တစ်လ ၅ ကီလိုဂရမ်) မြှင့်တင်ခြင်း နည်းလမ်းဖြင့်ဖြစ်စေ မိတ်ဖက်များမှတစ်ဆင့် အရောင်းနယ်ပယ်ထဲသို့ တိုက်ရိုက်ဝင်ရောက်ခြင်း စသည့် နည်းလမ်းများဖြင့် ဖြစ်စေ ယခုအခါ ပိုလျှံနေသော ဆန်များကို ဖြေရှင်းရန် နည်းလမ်း နည်းပါးလျက်ရှိကြောင်း သိရှိရသည်။

    သို့ရာတွင် စပါးဝယ်ယူမှုနှင့် စပါးအမျိုးအစား အမျိုးမျိုး ပြောင်းလဲစိုက်ပျိုးရေးတို့အကြား အချိတ်အဆက်ရှိရှိ ဆောင်ရွက်ရေးကို ထည့်သွင်းစဉ်းစားရန် အရေးကြီးသည့်အတွက် စိုက်ပျိုးရေး ဝန်ကြီးဌာနနှင့် စားနပ်ရိက္ခာ ဝန်ကြီးဌာနတို့အနေဖြင့် အဆိုပါပြဿနာကို အဖြေရှာရန် အတူတကွ ညှိနှိုင်းဆောင်ရွက်သင့်ကြောင်း FCI၏ အကြီးတန်းအရာရှိက ပြောကြားခဲ့သည်။ ၂၀၂၅ ခုနှစ်၊ မတ် လ ၃၁ ရက်နေ့အထိ FCI၌ ၎င်းတို့ကိုယ်ပိုင် သိုလှောင်မှု တန်ချိန်စုစုပေါင်း ၄၅၈.၇၁သိန်းရှိပြီး ပြည် နယ်အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ သိုလှောင်မှုအားဖြင့် တန်ချိန် ၄၁၃.၅၁ သိန်း ရှိကြောင်း၊ ထို့ ကြောင့် ဗဟိုသိုလှောင်ရုံ ကောက်ပဲသီးနှံ သိုလှောင်မှု တန်ချိန်စုစုပေါင်း ၈၇၂.၂၂ သိန်းအထိ ရှိ လာကြောင်း သိရှိရသည်။

    ကျွမ်းကျင်သူများက အဆိုပါ ကောက်ပဲသီးနှံ သိုလှောင်မှုသည် နောက်ထပ် ပြဿနာ တစ် ရပ်ဖြစ်ကြောင်း ပြောကြားထားပြီး FCIသည် ဆန်စက်များထံမှ ဆန်ကို လက်ခံယူမှု နှေးကွေးနေ သည့်အပြင် ကြိတ်ခွဲမှု မပြုလုပ်ရသေးသော စပါးအမျိုးအစားအောက်တွင် သီးခြားစာရင်းသွင်း ထားခြင်းကြောင့် ဖြစ်သည်။

     စျေးကွက်ဖွင့်ရောင်းချမှု အစီအစဉ် (OMSS) အောက်တွင် FCI သည် ၂၀၂၄-၂၀၂၅ဘဏ္ဍာနှစ် အတွင်း ဆန်တန်ချိန် ၃၃ သိန်းခန့် (အိန္ဒိယနိုင်ငံ၏ Bharat ဆန်အစီအစဉ်အတွက် သမဝါယမအဖွဲ့ များသို့ ရောင်းချခဲ့သည့် ဆန်တန်ချိန် ၁၃ သိန်းကျော်အပါအဝင်) ရောင်းချခဲ့ကြောင်း၊ သမဝါယမ အဖွဲ့များသည် Bharat ဆန်အစီအစဉ်အတွက် ဆန်တန်ချိန် ၆၆,၇၁၈ကိုသာ ရယူခဲ့သည့်အတွက် ၂၀၂၆ခုနှစ်တွင် စျေးကွက်ဖွင့်ရောင်းချမှု အစီအစဉ်မှာ ဧပြီလမှ ဒီဇင်ဘာလအတွင်း ဆန်တန်ချိန် ၁၃.၆ သိန်းအထိ နှေးကွေးသွားခဲ့သည်။

     အဆိုပါ အတောအတွင်း အစိုးရသည် ဂျုံကြိတ်စက်ရုံများ (ဂျုံမှုန့်ကြိတ်သူများ) အား ၂၀၂၆ ခုနှစ် ဧပြီလအတွက် ၎င်းတို့၏ လစဉ်ကြိတ်ခွဲမှု စွမ်းရည်၏ ၆၀ ရာခိုင်နှုန်းကို သိုလှောင်ခွင့် ပြုခဲ့ ခြင်းမှာ ၂၀၂၅ ခုနှစ် ဩဂုတ်လတွင် ထုတ်ပြန်ခဲ့သော ယခင်အမိန့်ကြော်ငြာစာက ဧပြီလအတွက် မည်သည့် ပမာဏမျှ သိုလှောင်ခွင့် ခွင့်ပြုချက် မပေးခဲ့သောကြောင့် ဖြစ်သည်။

Source: The Hindu Business Line, January 18, 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

 

 

ဂျုံထွက်ကုန်များတင်ပို့မှု သုံးနှစ်ကြာပိတ်ပင်ထားရာမှ အိန္ဒိယအစိုးရ ပြန်လည်ခွင့်ပြု

    သုံးနှစ်ကျော်ကြာ ကန့်သတ်ထားသည့် ပိတ်ဆို့မှုများကို ဖြေလျှော့ပေးခြင်းနှင့် ဂျုံအထွက် နှုန်း မြင့်တက်မှုမှသည် ပြည်တွင်းထုတ်လုပ်မှု  ပိုလျှံလာနိုင်သည်ဆိုသည့် မျှော်မှန်းချက်များ ကြောင့် အိန္ဒိယအစိုးရသည်ဂျုံထွက်ကုန်အချို့အား ပြည်ပတင်ပို့မှုကို ပြန်လည်ခွင့်ပြုလိုက်ကြောင်း သိရသည်။

    ကမ္ဘာ့ဒုတိယအကြီးဆုံး နှံစားသီးနှံထုတ်လုပ်သည့် အိန္ဒိယနိုင်ငံသည် ရွှေကြည်မှုန့် ကဲ့သို့ သော အခြားဂျုံနှင့်ဆက်စပ်သည့် ထုတ်ကုန်များအပါအဝင် ဂျုံမှုန့် တန်ချိန် ၅၀၀,၀၀၀ ကို တင်ပို့ ထားကြောင်း ဇန်နဝါရီလ ၁၆ ရက်‌နေ့တွင် ထုတ်ပြန်ခဲ့သည့် နိုင်ငံခြားကုန်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာန၏ ညွှန်ကြားချက်တွင် ဖော်ပြထားပါသည်။ ယနေ့အထိ ဂျုံတင်ပို့မှုသည် တစ်ကြိမ်တည်း သတ်မှတ်ပေးအပ်သည့် အထူးခွင့်ပြုချက်ပမာဏသာဖြစ်ပြီး သီးသန့်ခွဲတမ်းအဖြစ်ထားရှိပြီး၊ တင်ပို့ မှုကန့်သတ်ချက် အစီအမံများသည်လည်း အသက်ဝင်ဆဲဖြစ်ကြောင်းသိရှိရပါသည်။

    ၂၀၂၂ ခုနှစ်၊ မေလက ကန့်သတ်ထားသည့် ပြည်ပတင်ပို့မှုအချို့ကို ပြန်လည်စတင်ရန် အိန္ဒိယအစိုးရ၏ ဆုံးဖြတ်မှုသည် အမေရိကန်နှင့် ကုန်သွယ်မှုဆွေးနွေးမှုများပြုလုပ်နေချိန်တွင် အချိန်ကိုက် ပေါ်ပေါက်လာခြင်းဖြစ်ကြောင်းသိရှိရသည်။ နှစ်နိုင်ငံ တင်းမာမှုများကို ဖြေလျှော့ရန် ကြိုးပမ်းနေစဉ် ဝါရှင်တန်အနေဖြင့် နယူးဒေလီ၏ စိုက်ပျိုးရေးကဏ္ဍကို ဖွင့်လှစ်ရန် အားထုတ် လျက်ရှိပြီး အမေရိကန်၏ လယ်ယာထွက်ကုန်များအား ဈေးကွက်ပိုမိုရရှိရန် ကူညီပေးလျက်ရှိ ကြောင်း သိရှိရသည်။

   ငါးနှစ်အတွင်း အကောင်းဆုံးမုတ်သုန်ရာသီဖြစ်ပေါ်ခဲ့မှုကြောင့် အိန္ဒိယသည် အတားအဆီး များကို ယာယီဖြတ်ကျော်နိုင်ခဲ့သည် ဆိုသော်လည်း ပြည်တွင်းစက်ရုံများအနေဖြင့် ပြည်ပဈေး ကွက်လိုအပ်ချက်မှ အကျိုးအမြတ်ရရှိရန် အရေးပေါ်တုံ့ပြန်မှုများ ဆောင်ရွက်ရန်လိုအပ်ကြောင်း သိရှိရသည်။ အိန္ဒိယသည် ဂျုံထုတ်ကုန်များကို ပြည်ပတင်ပို့မှု ပြန်လည်စတင်ရန် စီစဉ်လျက်ရှိ ကြောင်း နိုဝင်ဘာလထုတ် Bloomberg News ကဖော်ပြထားသည်။

    အိန္ဒိယ၏ တစ်စိတ်တစ်ပိုင်း ပြည်ပသို့တစ်ကျော့ပြန် ပြန်လည်တင်ပို့ခြင်းကြောင့် ကမ္ဘာ့ ထုတ်လုပ်မှုကို ဦးမော့လာစေပြီး သွင်းကုန်အပေါ် အမှီပြုနေရသည့် အာရှ၊ အာဖရိကနှင့် အရှေ့ အလယ်ပိုင်းဒေသများအနေဖြင့် ဂျုံထုတ်ကုန်များကို ဈေးနှုန်းသက်သာစွာ ဝယ်ယူရန် အခွင့် အလမ်း ရှိလာနိုင်ကြောင်းသိရှိရသည်။

Source : The Hindu Business Line , January 20, 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

၂၀၂၆ ခုနှစ်တွင် ဆန်တင်ပို့မှု လျှော့ချမည်ဟု ဗီယက်နမ်ကုန်သည်အသင်း ပြောဆို

      ဗီယက်နမ်စားနပ်ရိက္ခာအသင်း (VFA) ၏ ဥက္ကဋ္ဌဖြစ်သူ Do Ha Nam က ၂၀၂၆ ခုနှစ်သည် အခက်အခဲနှင့် စိန်ခေါ်မှုများစွာ ရှိနေကြောင်း၊ ကမ္ဘာ့စားနပ်ရိက္ခာထုတ်လုပ်မှု လွန်ကဲနေခြင်းသည် ဗီယက်နမ်အပါအဝင် နိုင်ငံအားလုံး၏ ပို့ကုန်လုပ်ငန်းအပေါ် သိသိသာသာ သက်ရောက်မှု ရှိ ကြောင်း ပြောကြားခဲ့သည်။

      Do Ha Nam ၏ ပြောကြားချက်အရ ဗီယက်နမ်နိုင်ငံသည် ၂၀၂၆ ခုနှစ်တွင် ဆန်တန်ချိန် ၇ သန်းခန့် တင်ပို့ရန် လျာထားကြောင်း၊ ၎င်းပမာဏသည် ယခင်နှစ်က တင်ပို့ခဲ့သည့် တန်ချိန် ၈ သန်း အောက် လျော့နည်းသွားခြင်းဖြစ်ပြီး ၂၀၃၀ ပြည့်နှစ်တွင် တန်ချိန် ၄ သန်းအထိ တဖြည်းဖြည်း လျှော့ချသွားရန် စီစဉ်ထားကြောင်း သိရသည်။

      ယခုကဲ့သို့ လျှော့ချရခြင်းမှာ ဈေးကွက်အခြေအနေတစ်ခုတည်းကြောင့် မဟုတ်ဘဲ ၂၀၂၃ ခုနှစ်၊ မေလတွင် ဝန်ကြီးချုပ်က ထုတ်ပြန်ခဲ့သည့် ဆုံးဖြတ်ချက်အမှတ် ၅၈၃အရ ဆန်စပါး လုပ်ငန်း ကဏ္ဍ၏ မဟာဗျူဟာမြောက် အပြောင်းအလဲတစ်ခုဖြစ်ကြောင်း၊ ထုတ်လုပ်မှုပမာဏ လျှော့ချ ခြင်းနှင့်အတူ နိုင်ငံအနေဖြင့် အရည်အသွေးမြှင့်တင်ခြင်းနှင့် တန်ဖိုးမြှင့် ထုတ်ကုန်များ ထုတ်လုပ် ရန် ပိုမိုအာရုံစိုက်သွားမည်ဖြစ်ပြီး အဆင့်မြင့်ဈေးကွက်ဝေစုများကို ရည်မှန်းထားကြောင်း Do Ha Nam က ပြောကြားခဲ့သည်။

      သို့ရာတွင် ၂၀၂၆ ခုနှစ်၌ စိန်ခေါ်မှုများစွာ ရှိနေကြောင်း Do Ha Namက ဝန်ခံပြောကြား ခဲ့သည်။ ဇန်နဝါရီလအတွင်း ဗီယက်နမ်သည် ဖိလစ်ပိုင်နိုင်ငံသို့ ဆန်တန်ချိန် ၂၅၀,၀၀၀ ခန့် တင်ပို့ နိုင်ခဲ့သော်လည်း ၂၀၂၅ ခုနှစ်မှ ဆန်လက်ကျန်ပမာဏ အများအပြား ရှိနေခြင်းကြောင့် ဈေးနှုန်းမှာ သိသိသာသာ ပြောင်းလဲမှု မရှိခဲ့ပေ။ ထို့အပြင် ဖိလစ်ပိုင်နိုင်ငံ၏ သွင်းကုန်ခွင့်ပြုပမာဏစနစ် ကြောင့် ဗီယက်နမ်သည် အထူးသဖြင့် ရိတ်သိမ်းရာသီ အထွက်နှုန်းမြင့်ချိန်များတွင် ဆန်တင်ပို့ရန် အခက်အခဲ ကြုံတွေ့နေရသည်။

      ထို့ကြောင့် လာမည့် ဆောင်းရာသီနှင့် နွေဦးရာသီများ၏ စပါးရိတ်သိမ်းချိန်အတွင်း လယ် သမားများအတွက် ဆန်ဈေးနှုန်းပြဿနာကို ဖြေရှင်းနိုင်ရန် အစိုးရနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာန များသည် ရိတ်သိမ်းရာသီတွင် ဆန်များကို ယာယီသိုလှောင်ထားနိုင်ရန်အတွက် လုပ်ငန်းရှင်များ အား အထောက်အပံ့ဖြစ်ဖွယ် အခြေအနေများ ဖန်တီးပေးသင့်ကြောင်း Do Ha Namက အကြံပြုခဲ့ သည်။ ထို့အပြင် ဂါနာနှင့် စင်ကာပူ ကဲ့သို့သော နိုင်ငံများနှင့် အစိုးရအချင်းချင်း ချိတ်ဆက်ဆောင် ရွက်သည့်စာချုပ်များကို အားပေးမြှင့်တင်ခြင်းသည်လည်း ပိုမိုကောင်းမွန်သည့် အကျိုးကျေးဇူးများ ရရှိလိမ့်မည်ဟု ၎င်းက ပြောကြားခဲ့သည်။

    ဗီယက်နမ်နိုင်ငံ၏ ဆန်တင်ပို့မှုသည် ၂၀၂၄ ခုနှစ်တွင် တန်ချိန် ၉.၂ သန်း (ဝင်ငွေ အမေရိကန် ဒေါ်လာ ၅.၈ ဘီလီယံ)အထိ စံချိန်တင် မြင့်တက်ခဲ့ရာမှ ၂၀၂၅ ခုနှစ်တွင်မူ တန်ချိန် ၈ သန်း (ဝင်ငွေ အမေရိကန်ဒေါ်လာ ၄.၁ ဘီလီယံ)  အထိ လျော့ကျသွားခဲ့ကြောင်း သိရှိရသည်။

Source: Vietnam Net Global, 19 January 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

ကမ္ဘာ့ဆန်စပါး အများဆုံးစိုက်ပျိုးထုတ်လုပ်သည့်နိုင်ငံအဖြစ်သို့ အိန္ဒိယရောက်ရှိ

     အိန္ဒိယနိုင်ငံသည် တရုတ်နိုင်ငံကို ကျော်တက်၍ ကမ္ဘာ့အကြီးဆုံး ဆန်ထုတ်လုပ်သည့်နိုင်ငံ အဖြစ် ရပ်တည်လာခဲ့ပြီး ၎င်း၏ စိုက်ပျိုးရေးကို အခြေခံသည့် စီးပွားရေး၏ ခိုင်မာမှုနှင့် စုံလင်ကွဲ ပြားမှုကို မီးမောင်းထိုးပြနေသည်။ စုစုပေါင်း ဆန်ထွက်ရှိမှုသည် တန်ချိန် ၁,၂၄၅.၀၄ သိန်း ရှိပြီး နိုင်ငံ၏ ထုတ်လုပ်မှု အောင်မြင်ရခြင်းမှာ သင့်လျော်သော ရာသီဥတုအခြေအနေ၊ တိုးချဲ့လာသော ဆည်မြောင်းစနစ်များနှင့် အစိုးရဝယ်ယူမှုယန္တရားများ ကောင်းမွန်သည့် ပြည်နယ်အချို့၏ စွမ်း ဆောင်ရည် မြင့်မားမှုကြောင့် ဖြစ်သည်။

       စပါးသီးနှံကို မိုးရေချိန်လုံလောက်စွာရရှိခြင်း၊ မြစ်ချောင်းများပေါများခြင်းနှင့် ဆည်မြောင်း ကွန်ရက်များ ကျယ်ကျယ်ပြန့်ပြန့်ရှိခြင်းတို့ကို ပိုင်ဆိုင်ထားသည့် ပြည်နယ်များတွင် စိုက်ပျိုးကြ သည်မှာ သတိပြုသင့်သည့် အချက်တစ်ရပ် ဖြစ်သည်။

     အိန္ဒိယနိုင်ငံ၏ ဆန်ထုတ်လုပ်မှုတွင် Uttar Pradesh ပြည်နယ်သည် တန်ချိန် ၁၉၄.၁ သိန်း ဖြင့် ဦးဆောင်နေပြီး ၎င်း၏နောက်တွင် Punjab ပြည်နယ်က တန်ချိန် ၁၃၆.၆၇ သိန်းဖြင့် ဒုတိယ လိုက်နေကြောင်း၊ စံပြုစိုက်ပျိုးရေးနည်းစနစ်များနှင့် အစိုးရ၏ အာမခံချက်ရှိသော ဝယ်ယူမှုစနစ် တို့သည် ထိုသို့ထုတ်လုပ်နိုင်ရန်အတွက် အထောက်အပံ့ကောင်းများ ဖြစ်စေကြောင်း၊ အနောက် ဘင်္ဂလားပြည်နယ်သည်လည်း စပါးရာသီများစွာ စိုက်ပျိုးနိုင်ခြင်းကြောင့် တန်ချိန် ၁၁၈.၅၄ သိန်း ထုတ်လုပ်ပေးလျက်ရှိကြောင်း သိရှိရသည်။

     အိန္ဒိယနိုင်ငံအလယ်ပိုင်းနှင့် တောင်ပိုင်းဒေသများသည်လည်း ဆန်ထုတ်လုပ်မှုကဏ္ဍတွင် အဓိက အခန်းကဏ္ဍမှ ပါဝင်နေကြောင်း၊ Madhya Pradesh ပြည်နယ်တွင် ဆန်တန်ချိန် ၉၇.၁၁ သိန်းနှင့် Telangana ပြည်နယ်တွင် ဆန်တန်ချိန် ၉၆.၃၅ သိန်းထွက်ရှိခဲ့ကြောင်း၊ အဆိုပါ ပြည်နယ် များသည် မကြာသေးမီနှစ်များအတွင်း ထုတ်လုပ်မှုပမာဏကို လျင်မြန်စွာ တိုးချဲ့လာနိုင်ခဲ့ကြ ကြောင်း၊ အိန္ဒိယနိုင်ငံ၊ အရှေ့ပိုင်းနှင့် အလယ်ပိုင်းဒေသများတွင်လည်း ဆန်စပါးသည် အရေးပါ သော  သီးနှံအဖြစ် ဆက်လက်တည်ရှိနေပြီး Chhattisgarh ပြည်နယ်သည် ဆန်တန်ချိန် ၈၉.၁၇ သိန်း၊ Odisha ပြည်နယ်သည် ဆန်တန်ချိန်၈၄.၅၄သိန်း၊ Bihar ပြည်နယ်သည် ဆန်တန်ချိန် ၈၂.၄၉သိန်းနှင့် Haryana ပြည်နယ်သည် ဆန်တန်ချိန် ၆၃.၇၁သိန်း ထွက်ရှိပြီး အဆိုပါပြည်နယ် များသည် ကျန်ရှိသော ထိပ်တန်း ဆန်ထုတ်လုပ်သူများအဖြစ် ရပ်တည်နေကြကြောင်း သိရှိရ သည်။

Source: Vietnam Net Global, 19 January 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

မြန်မာနိုင်ငံမှစိုက်ပျိုးထွက်ရှိသော ဒူးရင်းသီးများကို ပြည်ပစျေးကွက်သို့ ထိုးဖောက်နိုင်ရန်စီစဥ်

            မြန်မာနိုင်ငံမှ စိုက်ပျိုးထွက်ရှိသော ဒူးရင်းသီးများကိုပြည်ပစျေးကွက်သို့ ထိုးဖောက်နိုင်ရန် စီစဥ်ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံသစ်သီးဝလံ၊ ပန်းမန်နှင့်ဟင်းသီးဟင်းရွက်စိုက်ပျိုး ထုတ်လုပ်ရောင်းချသူများထံမှ သိရပါသည်။ တရုတ်နိုင်ငံသည် နှစ်စဥ်အမေရိကန်ဒေါ်လာ ၁၀ဘီလီယံခန့်ရှိသော ဒူးရင်းသီးများကို ပြည်ပနိုင်ငံများမှဝယ်ယူတင်သွင်းလျက်ရှိပြီး လက်ရှိတွင် ဗီယက်နမ်နိုင်ငံမှ အမေရိကန်ဒေါ်လာ၄ဘီလီယမ်ခန့်၊ ထိုင်းနိုင်ငံမှ အမေရိကန်ဒေါ်လာ ၄ဘီလီယမ်ခန့်နှင့်မလေးရှားနိုင်ငံမှ အမေရိကန်ဒေါ်လာ၂ဘီလီယမ်ခန့် တင်ပို့လျက်ရှိရာ မြန်မာနိုင်ငံ အနေဖြင့်လည်း စျေးကွက်ရရှိရန် ကြိုးပမ်းဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။ ယခုအခါ မြန်မာ့ဒူးရင်းသီးများကို ပြည်ပသို့တင်ပို့ရောင်းချနိုင်ရေးအတွက် မြန်မာနိုင်ငံ ဒူးရင်းစိုက်ပျိုးထုတ်လုပ်ရောင်းချသူများ အသင်းကိုလည်းဖွဲ့စည်းထားပြီးဖြစ်ရာ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့မှ တိုင်းဒေသကြီး၊ ပြည်နယ်အဆင့်ဖွဲ့စည်းထားသည့်အသင်းများကို စုစည်းကာနိုင်ငံအဆင့်ဖွဲ့စည်းထားခြင်းဖြစ်သည်။ 

          လက်ရှိတွင် ပြည်တွင်း၌ဒူးရင်းသီးမျိုးကွဲပေါင်း ၁၈မျိုးခန့်ရှိသည့်အနက် စျေးကွက်သေချာသည့် ဒူးရင်းသီးမျိုးများကို အရည်အသွေးမြှင့်တင်ကာတရုတ်နိုင်ငံအပါအဝင် ပြည်ပစျေးကွက်သို့ တင်ပို့ရောင်းချနိုင်ရန် စီစဥ်ဆောင်ရွက်မည်ဖြစ်ကြောင်း၊ အာရှနိုင်ငံများထဲတွင် တရုတ်နိုင်ငံနှင့် ဂျပန်နိုင်ငံတို့သည် ဒူးရင်းသီးစားသုံးမှုမြင့်မားသောနိုင်ငံများဖြစ်ကြပြီး နှစ်စဥ်ပြည်ပမှ ဒူးရင်းသီးတန်ချိန် အမြောက်အများတင်သွင်းလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ဧရာဝတီတိုင်းဒေသကြီးမှ အရည်အသွေးမြင့် ပုစွန်များ ပြည်ပဈေးကွက်သို့ ဝင်ရောက်

            ဧရာဝတီတိုင်းဒေသကြီးသည် ပုစွန်ထွက်ရှိရာ အဓိကဒေသအဖြစ် နာမည်ကျော်ကြားပြီး ဒေသခံ ပုစွန်ဖမ်းလုပ်ငန်းရှင်များသည် ပင်လယ်ပြင် နှင့် မြစ်ဝကျွန်းပေါ်ဒေသရှိ ချောင်းများမှ အရည်အသွေးမြင့် ပုစွန်အမျိုးအစားများကို ရာသီအလိုက် ဖမ်းဆီးရရှိလျက်ရှိသည်။

     ရရှိသော လတ်ဆတ်သည့် ပုစွန်များကို ပြည်ပနိုင်ငံများသို့ ရေခဲထည့်သေတ္တာများဖြင့် လတ်ဆတ်မှုအပြည့် ထိန်းသိမ်း၍ သော်လည်းကောင်း၊ အခွံခွာပြုတ်ပြီး ပြုပြင်ထားသော ပုံစံဖြင့် သော်လည်းကောင်း တင်ပို့ရောင်းချလျက်ရှိရာ ဂျပန်၊ စင်ကာပူနှင့် ထိုင်းနိုင်ငံတို့တွင် အထူးဝယ်လိုအား မြင့်မားကြောင်း သိရသည်။

   ပုစွန်သည် ပရိုတင်းဓာတ်ကြွယ်ဝမှုနှင့်အတူ ကယ်လ်ဆီယမ်၊ အိုင်အိုဒင်းနှင့် Omega-3 fatty acids ကဲ့သို့သော ခန္ဓာကိုယ်အတွက် အကျိုးပြုဓာတ်စင်များ ပါဝင်သည့် အာဟာရအလွန်ပြည့်ဝသော စားသုံးကုန်တစ်ခုဖြစ်သည်။

    ဒေသအတွင်းရှိ ပုစွန်လုပ်ငန်းရှင်များသည် နိုင်ငံတကာ ဈေးကွက်သို့ တင်ပို့နိုင်ရန် အရည်အသွေးစံချိန်ကိုက်ညီမှုနှင့် ကျန်းမာရေးစည်းမျဉ်းများကို အလေးထား ဆောင်ရွက်လျက်ရှိပြီး ဧရာဝတီတိုင်းဒေသကြီး၏ ပုစွန်များသည် ပြည်ပပို့ကုန်ဈေးကွက်တွင် ယှဉ်ပြိုင်နိုင်စွမ်းရှိသော ကုန်ပစ္စည်းတစ်ခု အဖြစ် ရပ်တည်လျက်ရှိသည်။

DOCA (ဧရာဝတီ)

ဧရာဝတီတိုင်းဒေသကြီးအတွင်း ပြည်ပဈေးကွက် ဝယ်လိုအားရှိသော ပေါင်းဆန်များ ကြိတ်ခွဲထုတ်လုပ်ရောင်းချလျက်ရှိ

    ဧရာဝတီတိုင်းဒေသကြီးသည် လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် နိုင်ငံအတွက်အားထားရသော တိုင်းဒေသကြီးတစ်ခုဖြစ်ပြီး မိုးစပါးစိုက်ဧက (၃၇) သိန်းကျော်နှင့် နွေစပါးစိုက်ဧက (၁၅) သိန်းကျော် စုစုပေါင်းစိုက်ဧက (၅၂) သိန်းကျော်နှစ်စဉ်စိုက်ပျိုးထုတ်လုပ်လျက်ရှိကြောင်း သိရသည်။

   ဒေသတွင်း စားသုံးမှုဖူလုံရုံသာမက ပိုလျှံသည့် ဆန် ၊ ဆန်ထွက်ပစ္စည်းများကို ပြည်တွင်း ဈေးကွက်နှင့် ပြည်ပသို့ တင်ပို့ရောင်းချလျက်ရှိသလို ဈေးနှုန်းပိုမိုရရှိသည့် ပေါင်းဆန်များကိုလည်း တိုင်းအတွင်းရှိ ပေါင်းဆန် စက်ရုံ (၁၄) စက်မှ ကြိတ်ခွဲထုတ်လုပ်၍ ရန်ကုန်မှတစ်ဆင့်အိန္ဒိယနိုင်ငံနှင့် စင်ကာပူနိုင်ငံ များသို့ အဓိက တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။

    ဧရာဝတီတိုင်းဒေသကြီးအတွင်း ပြည်ပဈေးကွက်ဈေးနှုန်း ပိုမိုရရှိသည့်အတွက် ပေါင်းဆန် ကြိတ်ခွဲ ထုတ်လုပ်နိုင်မှု ပမာဏမှာ တစ်နှစ်လျှင် ခန့်မှန်း ၂၅၄၄၆၀ တန်ထုတ်လုပ်လျက်ရှိပြီး ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွက် ဧပြီလမှ ဇန်နဝါရီလအထိ ပေါင်းဆန်တန် ၃၉၃၄၈  ၊ ၇၈၆,၉၆၀ အိတ် တင်ပို့ ရောင်းချခဲ့ကြောင်း သိရသည်။

DOCA (ဧရာဝတီ)

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ