Main menu

စင်ကာပူ၌ ဗီယက်နမ်ဆန်၏ ဈေးကွက်ဝေစုရရှိမှု တတိယနေရာတွင် ရပ်တည်နေ

Powered by Drupal

      စင်ကာပူနိုင်ငံသည် ၂၀၂၅ ခုနှစ် ပထမနှစ်ဝက်၌ ဆန်တင်သွင်းမှု အရှိန်တိုးမြှင့်ခဲ့သော် လည်း ဗီယက်နမ်မှ စင်ကာပူဈေးကွက်သို့ ဆန်တင်ပို့မှုမှာ ၁၇ ရာခိုင်နှုန်းကျော် ကျဆင်းခဲ့သည့် အတွက် ဗီယက်နမ်သည် အိန္ဒိယနှင့် ထိုင်းတို့၏နောက်တွင် စင်ကာပူသို့ တတိယမြောက် ဆန် အများဆုံး ပေးသွင်းသူအဖြစ် ရောက်ရှိခဲ့သည်။ 

    စင်ကာပူနိုင်ငံရှိ ဗီယက်နမ်ကုန်သွယ်ရေးရုံးနှင့် ဗီယက်နမ် စက်မှုနှင့်ကုန်သွယ်ရေး ဝန်ကြီး ဌာနတို့၏ ဇူလိုင် ၂၄ ရက်နေ့ ထုတ်ပြန်ချက်များအရ ယခုနှစ် ပထမ ခြောက်လအတွင်း စင်ကာပူ နိုင်ငံ၏ စုစုပေါင်း ဆန်တင်သွင်းမှုတန်ဖိုးသည် စင်ကာပူဒေါ်လာ ၂၄၈.၉ သန်းခန့်ရှိပြီး ယခင်နှစ် ကာလတူထက် ၁၀.၈ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရှိရသည်။ .

   အိန္ဒိယနှင့် ထိုင်းတို့ကဲ့သို့ အဓိကရောင်းချသူများ၏ ဆန်ပေးသွင်းမှုမှာ တိုးတက်နေချိန်၌ ဗီယက်နမ်၏ စင်ကာပူသို့ ဆန်ပို့ကုန်တန်ဖိုးသည် ၁၇ ရာခိုင်နှုန်းကျော် ကျဆင်းလျက် စင်ကာပူ ဒေါ်လာ ၆၀.၉ သန်းသာရှိကြောင်း၊ ဗီယက်နမ်ဆန်၏ ဈေးကွက်ဝေစုရရှိမှုသည် ၂၄.၅ ရာခိုင် နှုန်းရှိပြီး အိန္ဒိယနိုင်ငံ၏ ၃၅.၃ ရာခိုင်နှုန်းနှင့် ထိုင်းနိုင်ငံ၏ ၃၀.၆ ရာခိုင်နှုန်း ဝေစုရရှိမှုတို့အောက် သိသာစွာ နိမ့်ကျလျက်ရှိကြောင်း သိရသည်။ ဗီယက်နမ်သည် စင်ကာပူ၏ ထိပ်တန်း ဆန်တင်သွင်း သူအနေဖြင့် ယခင်နှစ်တွင် ဒုတိယနေရာ၌  ရပ်တည်နေခဲ့ရာမှ ယခု တတိယနေရာသို့ ကျဆင်း ခဲ့ခြင်း ဖြစ်ပါသည်။

    ဗီယက်နမ်မှ အများဆုံးတင်ပို့သော ဆန်အမျိုးအစားတွင် ပါဝင်နေသည့် ဆန်ဖြူတင်သွင်းမှု ကို စင်ကာပူနိုင်ငံက ၈၃.၇ ရာခိုင်နှုန်းအထိ တိုးမြှင့်ခဲ့ချိန်၌ ဗီယက်နမ်၏ ဆန်တင်ပို့မှုမှာ ကျဆင်း နေခဲ့သည်။ ဆန်တင်ပို့မှုတွင် ပမာဏများပြားမှုရှိသော်လည်း ဈေးနှုန်းများ သိသိသာသာ ကျဆင်း ခဲ့ခြင်းက ဗီယက်နမ်၏ ဆန်ပို့ကုန်ဝင်ငွေကို လျော့ကျစေခဲ့သည်။ စိုက်ပျိုးရေးနှင့် သဘာဝ ပတ်ဝန်းကျင်ရေးရာ ဝန်ကြီးဌာန၏ အဆိုအရ ဗီယက်နမ်၏ ဆန်ပို့ကုန် ပျမ်းမျှဈေးနှုန်းသည် ၂၀၂၅ ခုနှစ် ပထမနှစ်ဝက်တွင် တစ်တန်လျှင် ၅၁၇.၅ အမေရိကန်ဒေါ်လာရှိပြီး ၁ နှစ်တာ ကာလအတွင်း ၁၈.၄ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။

 လက်ရှိကာလ၌ စင်ကာပူနိုင်ငံသည် ကုန်သွယ်ဖက်နိုင်ငံ ၂၀ ကျော်ထံမှ အမျိုးအစား မတူ သည့်  ဆန်ဖြူများကို တင်သွင်းလျက်ကြောင်း ဗီယက်နမ်ကုန်သွယ်ရေးရုံးက ဖော်ပြထားသည်။ အိန္ဒိယမှ ဆန်ဖြူနှင့် ပေါင်းဆန်တို့သည် စင်ကာပူဈေးကွက်၌ အဓိကလွှမ်းမိုးပြီး ထိုင်းနိုင်ငံသည် ၎င်း၏ Hom Mali ဆန်မွှေးကြောင့် နာမည်ကျော်ကြားမှုရှိသည်။ ဗီယက်နမ်ဆန်သည် အရည် အသွေးနှင့် ထုတ်ကုန်ကွဲပြားမှုတွင် အားသာချက်များရှိသော်လည်း ဈေးနှုန်းနှင့် စျေးကွက်ဝေစု အရမူ ကြီးထွားလာသော ဈေးကွက်ယှဉ်ပြိုင်မှု ဖိအားအောက်တွင် ရောက်ရှိနေသည်။

    ဝယ်လိုအား တည်ငြိမ်မှုရှိသော စျေးကွက်တစ်ခုအတွင်း ဗီယက်နမ်ဆန်၏ ရပ်တည်နိုင်မှုကို ထိန်းသိမ်းခြင်းနှင့် ချဲ့ထွင်နိုင်ခြင်းသည် ၎င်း၏ ဈေးနှုန်းနှင့် အရည်အသွေး နှစ်ရပ်လုံးအရ ယှဉ်ပြိုင် နိုင်စွမ်းအပေါ် မူတည်လျက်ရှိကြောင်း၊ စင်ကာပူသည် ဗီယက်နမ်နှင့် နှစ်နိုင်ငံ ဆန်ကုန်သွယ်မှု သဘောတူညီချက် ရေးထိုးရန် အဆိုပြုထားခြင်းက ရှေ့လာမည့်ကာလတွင် ဤအရေးပါသော ပို့ကုန်လမ်းကြောင်းကို တည်ငြိမ်စေရေးနှင့် ကာကွယ်နိုင်‌ရေး အထောက်အကူပြုမည်ဟု  မျှော်လင့်ထားကြောင်း စင်ကာပူနိုင်ငံရှိ ဗီယက်နမ်ကုန်သွယ်ရေးရုံးက ပြောကြားခဲ့သည်။

Source: Saigon Giai Phong News , 25 July 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)