Main menu

ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

BGMEA သည် ဘင်္ဂလားဒေ့ရှ်အစိုးရအား အဓိကမိတ်ဖက်များနှင့်ကုန်သွယ်ရေး သဘောတူညီမှု လက်မှတ်ရေးထိုးရန် တိုက်တွန်းလျက်ရှိ

          အထည်အလိပ်ထုတ်လုပ်သူများသည် ဘင်္ဂလားဒေ့ရှ်အစိုးရအား လွတ်လပ်သော ကုန်သွယ်ရေးသ‌ဘောတူညီမှုများ လုပ်ဆောင်ရန်နှင့် ဥရောပသမဂ္ဂ၊ ဗြိတိန်၊ ဂျပန်နှင့် ကနေဒါ စသည့်နိုင်ငံများအပြင် အခြားသောကုန်သွယ်ရေးမိတ်ဖက်များနှင့်အတူ စီးပွားရေးပူးပေါင်းဆောင် ရွက်မှုသဘောညီချက်များ လုပ်ဆောင်ရန်တိုက်တွန်းလျက်ရှိကြောင်း သိရပါသည်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံအထည်အလိပ်ထုတ်လုပ်သူများနှင့် တင်ပို့သူများအဖွဲ့အစည်း (BGMEA) က ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ဖွံဖြိုးမှုနည်းသောနိုင်ငံ (LDC) မှ ဖွံ့ဖြိုးဆဲနိုင်ငံတစ်ခု အဖြစ် သတ်မှတ်ခြင်းခံရသည်နှင့် ဦးစားပေးကုန်သွယ်ရေးအကျိုးအမြတ်များထိန်းသိမ်းနိုင်ရန် အဆိုပါသဘောတူညီချက်များ လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။ BGMEA ခေါင်းဆောင်များ သည် နိုဝင်ဘာလ ၅ ရက်နေ့တွင် BGMEA ရုံးခန်းတွင်ကျင်းပပြုလုပ်သော အစည်းအဝေးတွင် အပြည်ပြည်ဆိုင်ရာ ငွေရေးကြေးရေးထိန်းချုပ်ရေးအဖွဲ့ (IMF) မှ ကိုယ်စားလှယ်များအား တွေ့ဆုံ မေးမြန်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရပါသည်။ အဆိုပါခေါင်းဆောင်များသည် အစည်းအဝေးပွဲ အတွင်းတွင် အထည်အလိပ်တင်ပို့မှုအပေါ် အမေရိကန်နိုင်ငံ၏ အခွန်ကောက်ခံမှုကြောင့် ဖြစ်ပေါ်လာနိုင်မည့် အကျိုးသက်ရောက်မှုများ၊ LDC ဘွဲ့ရရှိစေရေးများ၊ ‌ရေရှည်တည်တံ့သော စက်မှုလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးအတွက် နည်းဗျူဟာများ၊ တန်ဖိုးဖြတ်ထားသော ကုန်ပစ္စည်း များတွင် အမျိုးအစားကွဲပြားမှုများနှင့် ကမ္ဘာ့စီးပွားရေးပြောင်းလဲလာမှုများ၏ အကျိုးဆက်များအကြောင်းကို ဆွေးနွေးခဲ့ကြောင်း သိရပါသည်။ BGMEA မှ ခေါင်းဆောင်များက နိုင်ငံတော် စီးပွားရေးအတွက် အထည်အလိပ်လုပ်ငန်းသည် အထောက်အပံ့ပေးနေကြောင်း အထူး အလေး ပေးပြောကြားခဲ့ပြီး များစွာသော ကဏ္ဍအသီးသီးအတွက် အသိပညာများကို မျှဝေဆွေးနွေး မှုများ ပြုလုပ်ခဲ့ကြောင်း အဆိုပါအဖွဲ့အစည်း၏ ထုတ်ပြန်ချက်များအရ သိရပါသည်။ အဆိုပါ အဖွဲ့အစည်း ခုလုံးသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်လုပ်ငန်းများ နည်းပါးလာခြင်းကို ပြန်လည်မြှင့်တင်ရန်နှင့် လုပ်ငန်းလုပ်ကိုင်မှုစရိတ်များကို လျော့ချရန်အတွက် အဓိက ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရပါသည်။

Source: The Daily Star                                                              

DOCA (ရန်ကုန်)

တရုတ်နိုင်ငံမှ ဒရုန်းထုတ်လုပ်သည့်ကုမ္ပဏီသည် Bepza Ez တွင် အမေရိကန်ဒေါ်လာ ၃.၅ သန်း တန်ကြေးရှိသော စက်ရုံတည်ဆောက်ရန်စီစဥ်

          တရုတ်နိုင်ငံအခြေစိုက်ကုမ္ပဏီဖြစ်သော AeroSynth Limited သည် Mirsharai ရှိ Bepza စီးပွားရေးဇုန်တွင် အမေရိကန်ဒေါ်လာ ၃.၅ သန်းတန်ကြေးရှိသော ဒရုန်းထုတ်လုပ်သည့် စက်ရုံအား တည်ဆောက်ရန် ကြေညာလိုက်ကြောင်း သိရပါသည်။ အဆိုပါကုမ္ပဏီသည် နှစ်စဥ် ဒရုန်းပေါင်း ၁၅၀၀၀၀ ခန့် ထုတ်လုပ်ရန်စီစဥ်နေလျက်ရှိပြီး ကလေးကစားစရာဒရုန်းများ၊ ငါးဖမ်းခြင်းနှင့် ထုတ်ကုန်ပို့ဆောင်ရေးအတွက် ပေါ့ပါးသော ဒရုန်းများကိုပါ ထုတ်လုပ်ရန်စီစဥ်နေ ကြောင်း သိရပါသည်။ သတင်းစာရှင်းလင်းပွဲမှ ထုတ်ပြန်ချက်အရ အဆိုပါစီမံကိန်းတွင် လူပေါင်း ၇၀ ဦးအတွက် အလုပ်အကိုင်အခွင့်အလမ်းများစွာ ဖန်တီးနိုင်မည်ဖြစ်ကြောင်း သိရပါသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံပို့ကုန်ထုတ်လုပ်ရေးဇုန်အဖွဲ့အစည်း (Bepza) မှအဖွဲ့ဝင်ဆိုသူ Md Ashraful Kabir နှင့် AeroSynth Limited မှကိုယ်စားပြုဆိုသူ Hu Dandan တို့သည် နိုဝင်ဘာလ ၆ ရက်နေ့ တွင် ဒါကာရှိ Bepza Complex တွင် သဘောတူညီမှု လက်မှတ်ရေးထိုးခဲ့ကြောင်း သိရပါသည်။ Bepza မှ ဥက္ကဌဆိုသူ Maj Gen Mohammad Moazzem Hossain က အဆင့်မြင့်စွန့်ဦးစီးပွားရေး လုပ်ငန်းအတွက် ရင်းနှီးမြှုပ်နှံရန် Bepza စီးပွားရေးဇုန်အားရွေးချယ်ခြင်းအတွက် AeroSynth Limited အား အထူးကျေးဇူးတင်ရှိကြောင်းပြောကြားခဲ့ပါသည်။ အဆိုပါစီမံကိန်းသည် Bepza စီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံသော ဒုတိယ‌မြောက် ဒရုန်းထုတ်လုပ်ရေးစီမံကိန်းဖြစ်ကြောင်း သိရပါသည်။ စက်တင်ဘာလအထိ Bepza Ez တွင် ကုမ္ပဏီ ၆ ခုမှ ထုတ်လုပ်မှုများစတင်ခဲ့ပြီး ကုန်ပစ္စည်းများကိုလည်း စတင်တင်ပို့ခဲ့ကြောင်း သိရပါသည်။ အဆိုပါစက်ရုံများမှ အလုပ်သမား ၄၀၀၀ ဦးရေအတွက် အလုပ်အကိုင်အခွင့်အလမ်းများကို ဖန်တီးခဲ့ပြီး အမေရိကန်‌ဒေါ်လာ ၁၉.၉၂ သန်း တန်ကြေးရှိသော ကုန်ပစ္စည်းတင်ပို့မှုများ ရှိခဲ့ကြောင်း သိရပါသည်။ သတင်းစာရှင်းလင်းပွဲမှ ထုတ်ပြန်ချက်များအရ များစွာသောကုမ္ပဏီများသည် ထုတ်လုပ်ရေးလုပ်ငန်းစဥ်များစတင်ရန် အတွက် ပြင်ဆင်နေပြီဖြစ်ကြောင်းကိုလည်း သိရပါသည်။

Source: The Daily Star                                                              

DOCA (ရန်ကုန်)

၂၀၂၄ ခုနှစ်ပထမလ ၃ လပတ်ကာလတွင် ၈.၃ ရာခိုင်နှုန်းကြီးထွားခဲ့သည့် အင်ဒိုနီးရှားဖိနပ်လုပ်ငန်းနယ်ပယ်

          အင်ဒိုနီးရှားနိုင်ငံစက်မှုဝန်ကြီး Agus Gumiwang Kartasasmita ကနိုင်ငံ၏ ဖိနပ်နှင့် သားရေလုပ်ငန်းနယ်ပယ်သည် ၂၀၂၅ ခုနှစ်၏ ပထမ ၃ လပတ်ကာလတွင် ၈.၃ ရာခိုင်နှုန်းကြီးထွားခဲ့ပြီး နိုင်ငံတော်စီးပွားရေးကြီးထွားနှုန်း ၅.၁၂ ရာခိုင်နှုန်းကို ကျော်ဖြတ်နိုင်ခဲ့ကြောင်း နိုဝင်ဘာလ ၄ ရက်နေ့က ပြောကြားခဲ့ပါသည်။ National Footwear Industry Empowerment Center (BPIPI) ဖွင့်ပွဲအခမ်းအနားတွင် Kartasasmita ကပို့ကုန်စွမ်းရည်အားကောင်းမှုကြောင့် ကဏ္ဍ၏ကြီးထွားမှု အားကောင်းခဲ့ကြောင်း ပြောကြားခဲ့ပါသည်။ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ဩဂုတ်လအထိ ဖိနပ်နှင့် သားရေထုတ်ကုန်များတင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၅.၁၆ ဘီလီယံတန်ဖိုးရောက်ရှိခဲ့ပြီး ၂၀၂၄ ခုနှစ်တူညီသည့်ကာလကရရှိခဲ့သည့် အမေရိကန်ဒေါ်လာ ၄.၆၁ ဘီလီယံကိုကျော်ဖြတ်ခဲ့ကြောင်း သိရပါသည်။ မူပိုင်ခွင့်ညွှန်ကြားရေးရုံးမှ အချက်အလက်များအရ ဝန်ကြီးက ပြည်တွင်းဖိနပ် အမှတ်တံဆိပ် ၂၃၀၁၀ မှတ်ပုံတင်ခဲ့ခြင်းက ကဏ္ဍ၏ဖန်တီးနိုင်စွမ်းနှင့် ယှဉ်ပြိုင်နိုင်စွမ်းကြီးထွား လာမှုကို ပြသနေကြောင်းနှင့် ပြည်တွင်းအမှတ်တံဆိပ်များကို ပံ့ပိုးမှုတိုးချဲ့ခြင်းသည် လုပ်ငန်း နယ်ပယ်၏ ကြံ့ကြံ့ခံနိုင်စွမ်းကို ဆက်လက်အားကောင်းစေမည်ဟု ပြောကြားခဲ့ပါသည်။ အင်ဒိုနီးရှားနိုင်ငံစာရင်းအင်းရုံးထံမှ အချက်အလက်များအရ အသေးစားဖိနပ်နှင့် သားရေလုပ်ငန်း ၅၃၃၃၃ သည် လတ်တလောတွင် အလုပ်အကိုင် ၁၅၉၀၀၀ ဦးနှင့် အလတ်စားနှင့် အကြီးစား လုပ်ငန်း ၇၃၇ ခုက အလုပ်အကိုင် ၅၇၁၀၀၀ ကိုဖန်တီးပေးထားကြောင်း သိရပါသည်။ အင်ဒိုနီးရှား နိုင်ငံသည်ကမ္ဘာပေါ်တွင် ၆ ခုမြောက်အကြီးမားဆုံး ဖိနပ်တင်ပို့သူ အဖြစ်ရပ်တည်နေပြီး အမေရိကန်မှာ အဓိကပို့ကုန်ဈေးကွက်ဖြစ်ကာ ၎င်း၏နောက်တွင် များစွာသောဥရောပနိုင်ငံများ နှင့် ဖွံဖြိုးဆဲနိုင်ငံများရပ်တည်နေကြောင်း သိရပါသည်။ Kartasasmita က ကဏ္ဍ၏အနာဂတ်ကို အကောင်းမြင်သုံးသပ်ခဲ့ပြီး နိုင်ငံတော်စက်မှုလုပ်ငန်း အားကောင်းရန်အတွက် ပြည်တွင်းထုတ်ကုန်များကို ပိုမိုသုံးစွဲရန် တိုက်တွန်းခဲ့ကြောင်း သိရပါသည်။ အင်ဒိုနီးရှားအစိုးရသည်လည်း ထိရောက် သောစက်မှုလုပ်ငန်းဆိုင်ရာမူဝါဒများ မှတစ်ဆင့် စီးပွားရေးဂေဟစနစ်ကို ဆက်လက်အရှိန် မြှင့်တင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

Antara News                                                                             

DOCA (ရန်ကုန်)

၆၅ လဆက်တိုက်ကုန်သွယ်ရေးပိုငွေရရှိခဲ့သည့် အင်ဒိုနီးရှား

          အင်ဒိုနီးရှားသည် ၂၀၂၀ ခုနှစ်မေလမှစ၍ ၆၅ လဆက်တိုက်ကုန်သွယ်ရေးပိုငွေရရှိခဲ့ပြီး ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအထိတွင် စံချိန်တင် အမေရိကန်ဒေါ်လာ ၃၃.၄၈ ဘီလီယံရရှိခဲ့ပြီဖြစ်ကြောင်း အင်ဒိုနီးရှားနိုင်ငံစာရင်းအင်းရုံး (BPS) ၏ အဆိုအရသိရပါသည်။ BPS ၏ဖြန့်ချိရေးနှင့် ဝန်ဆောင်မှုစာရင်းအင်းရုံး ဒုတိယအကြီးအကဲ Pudji Ismartini  က ၂၀၂၅ ခုနှစ် ပထမ ၉ လတာကာလကုန်သွယ်ရေးပိုငွေရရှိမှုသည် ၂၀၂၄ ခုနှစ် တူညီသည့် ကာလနှင့်နှိုင်းယှဉ် ပါက အမေရိကန်ဒေါ်လာ ၁၁.၄ ဘီလီယံမြင့်တက်ခဲ့ကြောင်း ပြောကြားခဲ့ပါသည်။ အင်ဒိုနီးရှား သည် ယခုနှစ်အစမှ စက်တင်ဘာလအထိ အမေရိကန်ဒေါ်လာ ၂၀၉.၈ ဘီလီယံတန်ဖိုးတင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၁၇၆.၃၂ ဘီလီယံတန်ဖိုးတင် သွင်းခဲ့ကြောင်း သိရပါသည်။ စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၆၇.၅ ဘီလီယံတန်ဖိုးတင်ပို့ခဲ့သည့် ကုန်ထုတ်လုပ်သည့်လုပ်ငန်းနယ်ပယ်ကြောင့် ထိုကိုးလတာကာလတင်ပို့မှုတန်ဖိုးသည် ၂၀၂၄ ခုနှစ်တူညီသည့်ကာလနှင့်နှိုင်းယှဉ်ပါက ၈.၁၄ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ ထိုကာလအတွင်း အင်ဒိုနီးရှား၏ရေနံနှင့် ဂတ်စ် မဟုတ်သည့်ပို့ကုန်များအတွက် အဓိကဈေးကွက်များမှာ တရုတ်၊ အမေရိကန်၊ အိန္ဒိယ၊ အာဆီယံ နိုင်ငံများနှင့် ဥ‌ရောပသမဂ္ဂတို့ဖြစ်ကြောင်း သိရပါသည်။ တစ်ချိန်တည်းမှာပင် ဇန်နဝါရီလမှ စက်တင်ဘာလအထိတင်သွင်းမှုမှာ ၂၀၂၄ ခုနှစ်တူညီသည့်ကာလထက် ၂.၆၂ ရာခိုင်နှုန်းမြင့်တက် ခဲ့ပြီး အကြီးမားဆုံးသွင်းကုန်များမှာ မတည်ကုန်ပစ္စည်းများဖြစ်ကြောင်း သိရပါသည်။ ထို ၉ လတာ ကာလအင်ဒိုနီးရှား၏သွင်းကုန်များတွင် raw or auxiliary ပစ္စည်းများ( အမေရိကန်ဒေါ်လာ ၁၂၄.၄ ဘီလီယံ)၊ မတည်ကုန်ပစ္စည်းများ (အမေရိကန်ဒေါ်လာ ၃၅.၉ ဘီလီယံ)နှင့် စားသုံးကုန် ပစ္စည်းများ (အမေရိကန်ဒေါ်လာ ၁၆.၀၂ ဘီလီယံတို့ဖြစ်ကြောင်း သိရပါသည်။ စက်တင်ဘာလ တစ်လတည်းတွင် အင်ဒိုနီးရှားသည် အမေရိကန်ဒေါ်လာ ၂၄.၆၈ ဘီလီယံတန်ဖိုးတင်ပို့ခဲ့ပြီး အမေ ရိကန်ဒေါ်လာ ၂၀.၃၄ ဘီလီယံတန်ဖိုးတင်သွင်းခဲ့သည့်အတွက် ကုန်သွယ်ရေးပိုငွေ အမေရိကန် ဒေါ်လာ ၄.၃၄ ဘီလီယံရရှိခဲ့ကြောင်း သိရပါသည်။

Antara News                                                                             

DOCA (ရန်ကုန်)

တရုတ်တိုင်ပေသို့ Arabica ကော်ဖီ ၁၀ တန်တင်ပို့ခဲ့သည့် အရှေ့ဂျာဗား

          အရှေ့ဂျာဗားပြည်နယ်အုပ်ချုပ်ရေးမှူး Khofifah Indar Parawansa က အင်ဒိုနီးရှားနိုင်ငံ Bondowoso ခရိုင်မှ Java ljen Raung အမျိုးအစား Arabica ကော်ဖီကို တရုတ်တိုင်ပေသို့ စတင် တင်ပို့သည့်အခမ်းအနားကို နိုဝင်ဘာလ ၁ ရက်‌နေ့က တက်ရောက်ခဲ့ကြောင်း သိရပါသည်။ Khofifah က ကော်ဖီသည်အထူးကောင်းမွန်သောအရသာပိုင်ဆိုင်ထားသည့် Java Ljen Raung Arabica ကော်ဖီဖြစ်ကြောင်းနှင့် သာမန်ကော်ဖီမဟုတ်ပဲ Bondowoso ရှိစိုက်ပျိုးရေးသမားများ ထုတ်လုပ်သည့် အရည်အသွေးမြင့်ကော်ဖီဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ Mount ljen နှင့် Mount Raung ဧရိယာများရှိ အသေးစားစိုက်ပျိုးသူများထံမှ Arabica ကော်ဖီသည် Java ljen Raung အမည်အောက်တွင် Geographical Indication (GI) အသိအမှတ်ပြုလက်မှတ်ရရှိပြီး ဖြစ်ကြောင်းသိရပါသည်။ Khofifah က တင်ပို့မှုသည် Bongowoso ခရိုင်၏ Arabica ကော်ဖီ၏ အထူးအရည်အသွေးကိုရောင်ပြန်ဟပ်ကြောင်း၊ ခရိုင်သည်ကာလကြာရှည်ကော်ဖီတင်ပို့လျက်ရှိသော်လည်း ယခုတင်ပို့မှုသည် အရည်အသွေးမြင့်ကော်ဖီများဖြစ်ကြောင်း၊ ကော်ဖီအရည်အသွေး ဆက်လက်တိုးတက်မည်ယုံကြည်ပြီး ယခုတင်ပို့မှုသည် စိုက်ပျိုးရေးသမားများအား အရည်အသွေးနှင့် ထုတ်လုပ်နိုင်စွမ်းတို့ကိုမြှင့်တင်ရန် စိတ်ခွန်အားပေးနိုင်မည်ဟု ယုံကြည်ကြောင်းနှင့် ထိုနှစ်ချက် အောင်မြင်ပါက ခရိုင်ကော်ဖီစိုက်ပျိုးသူများ၏ လူမှုဖူလုံရေးသိသာ ထင်ရှားစွာမြင့်တက်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ အထူးအရည်အသွေးရှိသော Arabica ကော်ဖီကိုများစွာသော အဆင့်များမှတစ်ဆင့် ပြုပြင်ထုတ်လုပ်ထားကြောင်း သိရှိရပါသည်။

Antara News                                                                             

DOCA (ရန်ကုန်)

အင်ဒိုနီးရှား-အမေရိကန်အကောက်ခွန် သုညရာခိုင်နှုန်းအတွက် ဆွေးနွေးမှုများဆက်လက်ပြုလုပ်

          အင်ဒိုနီးရှားသမ္မတ Prabowo Subianto က အမေရိကန်နှင့်အကောက်ခွန်သုညရာခိုင်နှုန်းအတွက် ညှိနှိုင်းဆွေးနွေးမှုများ ဆက်လက်ပြုလုပ်နေကြောင်း တောင်ကိုရီးယားတွင် ကျင်းပသည့်  ၂၀၂၅ ခုနှစ် APEC ညီလာခံ၏ သီးခြားအစည်းအဝေးတွင်အတည်ပြုပြောကြားခဲ့ပါသည်။ ဆွေးနွေး မှုများသည် အပြန်အလှန်ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုတိုးချဲ့ရန် အထူးသဖြင့် အင်ဒိုနီးရှား ၏ ထိပ်တန်းကုန်ပစ္စည်းများတိုးချဲ့ရန်အတွက် ရည်ရွယ်ကြောင်း သိရပါသည်။ အင်ဒိုနီးရှားနိုင်ငံ စီးပွားရေးရာညှိနှိုင်းဆွေးနွေးရေးဝန်ကြီး Airlangga Hartarto  ကအမေရိကန်နှင့် ဆွေးနွေးမှုများ ကိုညီလာခံအပြီးတွင် ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ အကောက်ခွန်သုညရာခိုင်နှုန်း အဆိုပြုခဲ့သည့်ကုန်ပစ္စည်းများမှာ မလေးရှားနှင့်သဘောတူ  ညီခဲ့သည့် အမေရိကန်တွင်မထုတ်လုပ်သည့် စားအုန်းဆီ၊ ကိုကိုး၊ ရော်ဘာနှင့် များစွာသောအခြားကုန်ပစ္စည်းများဖြစ်ကြောင်းနှင့် ထောက်ပံ့မှုကွင်းဆက်နှင့်ဆက်စပ်သည့် အရေးကြီးသတ္တုတွင်းထွက်ပစ္စည်းများအတွက်မူ သီးခြားဆွေးနွေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ အင်ဒိုနီးရှားသည် မ‌လေးရှား၏ အမေရိကန်နှင့် သဘောတူညီချက်နှင့်တူညီစွာ စားအုန်းဆီတင်ပို့မှုကို အကောက်ခွန်သုညရာခိုင်နှုန်းဖြစ်မည့် နည်းလမ်းများကို ရှာဖွေနေကြောင်း သိရပါသည်။ အင်ဒိုနီးရှားနိုင်ငံ စိုက်ပျိုးမွေးမြူရေးနှင့် စက်မှုဦးစီးဌာန၏ ခေတ္တညွှန်ကြားရေးမှူးချုပ် Putu Juli Ardika က စားအုန်းဆီအကောက်ခွန် ညှိနှိုင်း ဆွေးနွေးမှုများဆက်လက်ပြုလုပ်နေပြီး မလေးရှားကဲ့သို့အဆင်ပြေအောင်မြင်မည်ဟုမျှော်လင့် ကြောင်း ပြောကြားခဲ့ပါသည်။ Ardika ကအမေရိကန်နှင့် လက်မှတ်ရေးထိုးခဲ့သည့်အပြန်အလှန် အကောက်ခွန်သဘောတူညီချက်အောက်တွင် သွင်းကုန်အကောက်ခွန်နှုန်းထားကို ၂၅ ရာခိုင်နှုန်းမှ ၁၉ ရာခိုင်နှုန်းထိလျှော့ကျသွားသည့် အောင်မြင်မှုကို ရည်ညွှန်းပြောကြားခြင်း ဖြစ်ကြောင်း သိရပါ သည်။ စားအုန်းဆီ၊ ရာဘာ၊ သစ်ထုတ်ကုန်များ၊ လေယာဉ်ပစ္စည်းများနှင့် ဆေးဝါးများပါဝင်သည့် မလေးရှား၏အဓိကထုတ်ကုန်များမှာ အမေရိကန်၏အကောက်ခွန် သုညရာခိုင်နှုန်း သတ်မှတ်ခြင်း ခံထားရကြောင်း သိရပါသည်။ Ardika က တူညီသည့်သဘောတူညီချက်ရရှိပါက အင်ဒိုနီးရှားသည် အမေရိကန်ဈေးကွက်တွင် မလေးရှားနှင့် မျှတစွာယှဉ်ပြိုင်နိုင်ရှိစေမည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့ပါသည်။

Antara News                                                                             

DOCA (ရန်ကုန်)

၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလအထိတွင် စိုက်ပျိုးမွေးမြူရေး-သစ်တော-ရေထွက်ကုန်တင်ပို့မှုမှတစ်ဆင့် အမေရိကန်ဒေါ်လာ ၅၈.၁၃ ဘီလီယံရရှိခဲ့သည့် ဗီယက်နမ်

            ၂၀၂၅ ခုနှစ်အောက်တိုဘာလတွင် ဗီယက်နမ်သည် စိုက်ပျိုးမွေးမြူရေး-သစ်တော-ရေထွက်ကုန်တင်ပို့မှုမှ ဝင်ငွေအမေရိကန်ဒေါ်လာ ၅.၉၆ ဘီလီယံရရှိခဲ့သည့်အတွက် ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလအထိ ၁၀ လတာကာလစုစုပေါင်းတင်ပို့မှုမှ ဝင်ငွေ အမေရိကန် ဒေါ်လာ ၅၈.၁၃ ဘီလီယံရရှိခဲ့ပြီဖြစ်ပြီး ၂၀၂၄ ခုနှစ်တူညီသည့်ကာလနှင့်နှိုင်းယှဉ်ပါက ၁၂.၉ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း ဗီယက်နမ်စိုက်ပျိုးမွေးမြူရေးနှင့် သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာန ၏အဆိုအရ သိရပါသည်။ ထိုစုစုပေါင်းတန်ဖိုးပမာဏထဲတွင် စိုက်ပျိုးရေးထုတ်ကုန်တင်ပို့မှုမှ ဝင်ငွေ အမေရိကန်ဒေါ်လာ ၃၁.၃၄ ဘီလီယံ(၁၅.၅ ရာခိုင်နှုန်းမြင့်တက်)၊ မွေးမြူရေးထုတ်ကုန် တင်ပို့မှုမှဝင်ငွေ အမေရိကန်ဒေါ်လာ ၅၁၂.၉ သန်း (၁၉ ရာခိုင်နှုန်းမြင့်တက်)၊ ရေထွက်ကုန်တင်ပို့ မှုမှ ဝင်ငွေ အမေရိကန်ဒေါ်လာ ၉.၃၁ ဘီလီယံ (၁၂.၉ ရာခိုင်နှုန်းမြင့်တက်)နှင့် သစ်တောထွက်ကုန် တင်ပို့မှုမှ ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၄.၉၃ ဘီလီယံ (၅.၈ ရာခိုင်နှုန်းမြင့်တက်) ရရှိခဲ့ကြောင်း သိရပါသည်။ အာရှသည် ဗီယက်နမ်၏အကြီးမားဆုံး ဈေးကွက်ဖြစ်ပြီး စုစုပေါင်းတင်ပို့မှုတန်ဖိုး၏ ၄၄.၇ ရာခိုင်နှုန်းရှိပြီး ၎င်း၏နောက်တွင် အမေရိကက ၂၂.၇ ရာခိုင်နှုန်း၊ ဥရောပက ၁၃.၈ ရာခိုင်နှုန်းနှင့် အာဖရိကနှင့် သမုဒ္ဒရာပိုင်းဇုန်ဒေသတို့က ၃ ရာခိုင်နှုန်းနှင့် ၁.၄ ရာခိုင်နှုန်း အသီးသီး ရှိကြောင်း သိရပါသည်။ တရုတ်၊ အမေရိကန်နှင့် ဂျပန်တို့မှာ ဗီယက်နမ်ထံမှထိပ်တန်းဝယ်ယူသူ ၃ နိုင်ငံဖြစ်ပြီး စုစုပေါင်းတင်ပို့မှုများ၏ ၂၁.၄ ရာခိုင်နှုန်း၊ ၂၀.၄ ရာခိုင်နှုန်းနှင့် ၇ ရာခိုင်နှုန်း အသီးသီးရှိကြောင်း သိရပါသည်။ ထိုရလဒ်များသည် ကော်ဖီ၊ သီဟိုဠ်စေ့များနှင့် ငရုတ်ကောင်းအစရှိသည့် အဓိကစိုက်ပျိုးရေးကုန်ပစ္စည်းများ၏ ပို့ကုန်ပစ္စည်းဈေးနှုန်းများအားကောင်းခဲ့ခြင်းကြောင့်ဖြစ်ကြောင်း သိရပါသည်။  ဗီယက်နမ်သည် ကော်ဖီတန်ချိန် ၁.၃ သန်း တင်ပို့ရာမှ ဝင်ငွေ အမေရိကန် ဒေါ်လာ ၇.၄၁ ဘီလီယံရရှိခဲ့ပြီး တင်ပို့သည့်ပမာဏတွင် ၁၃.၅ ရာခိုင်နှုန်းနှင့်ဝင်ငွေရရှိမှု တွင် ၆၁.၈ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ ထို့ပြင် သီဟိုဠ်စေ့များကို တန်ချိန် ၆၂၄၄၀၀ တန် တင်ပို့ရာမှ ဝင်ငွေအမေရိကန်ဒေါ်လာ ၄.၂၅ ဘီလီယံရရှိခဲ့ပြီး ပမာဏတွင် ၂.၂ ရာခိုင်နှုန်းနှင့် ဝင်ငွေ ရရှိမှုတွင် ၁၈.၆ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါ သည်။ ငရုတ်ကောင်းတင်ပို့မှုမှာမူ တန်ချိန် ၂၀၆၃၀၀ တန်တင်ပို့ခဲ့ပြီး တင်ပို့သည့်ပမာဏတွင် ၅.၉ ရာခိုင်နှုန်းကျဆင်းခဲ့သော်လည်း ဝင်ငွေရရှိ မှုတွင် အမေရိကန်ဒေါ်လာ ၁.၄ ဘီလီယံဖြင့် ၂၅.၈ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ ထိုဆယ်လတာကာလတွင် သစ်သီးနှင့်ဟင်းသီးဟင်းရွက်တင်ပို့မှုမှာ အားကောင်းစွာကြီးထွားခဲ့ပြီး စုစုပေါင်း အမေရိကန်ဒေါ်လာ ၇.၀၉ ဘီလီယံ တန်ဖိုးတင်ပို့ခဲ့ကြောင်း သိရပါသည်။ တရုတ်မှာ စုစုပေါင်းတင်ပို့မှု၏ ၆၂.၉ ရာခိုင်နှုန်းဖြင့် အကြီးမားဆုံးဝယ်ယူသူဖြစ်ပြီး ၎င်း၏နောက်တွင် အမေရိကန်‌က ၆.၆ ရာခိုင်နှုန်းနှင့် တောင်ကိုရီးယားက ၃.၉ ရာခိုင်နှုန်းဖြင့်ရပ်တည်နေကြောင်း သိရပါသည်။ ဆန်တင်ပို့မှုမှာမူ သိသာစွာကျဆင်းခဲ့ပြီး စုစုပေါင်းဆန်တန်ချိန် ၇.၂ သန်းတင်ပို့ရာမှ ဝင်ငွေ ၃.၇ ဘီလီယံရရှိခဲ့ကာ ပမာဏတွင် ၆.၅ ရာခိုင်နှုန်းနှင့် ဝင်ငွေရရှိမှုတွင် ၂၃.၈ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း သိရှိရပါသည်။

Vietnam Plus                                                                            

DOCA (ရန်ကုန်)

အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် ဆွစ်ဇာလန်-ဗီယက်နမ် စီးပွားရေးဖိုရမ် ကြိုးပမ်း

          အဆင့်မြင့်အရာရှိများ၏ဆွေးနွေးမှုမှသည် လက်တွေ့ပူးပေါင်းဆောင်ရွက်ခြင်းသို့ အသွင်ကူးပြောင်းရန်ရည်ရွယ်၍ ဆွစ်ဇာလန်-ဗီယက်နမ်စီးပွားရေးဖိုရမ် ၂၀၂၅ ကို ဗီယက်နမ်နိုင်ငံ Da Nang မြို့တော်တွင် နိုဝင်ဘာလ ၄ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရပါသည်။ နိုဝင်ဘာလ ၃ ရက်‌နေ့မှ ၅ ရက်အထိ ၃ ရက်တာကျင်းပမည့်ထိုဖိုရမ်ကို အစိုးရအေဂျင်စီများနှင့် စီးပွားရေးလုပ်ငန်းများ၊ ရင်းနှီးမြှုပ်နှံသူများ၊ တက္ကသိုလ်ကျောင်းသားများနှင့် ဆွစ်ဇာလန်၊ ဗီယက်နမ်၊ ဥရောပနှင့် အရှေ့တောင်အာရှမှ စီးပွားရေးမိတ်ဖက်များပါဝင်သော ပြည်တွင်းနှင့် ပြည်ပမှ ကိုယ်စားလှယ် ၄၀၀ နီးပါးတက်ရောက်ခဲ့ကြောင်း သိရပါသည်။ ဗီယက်နမ်နိုင်ငံဆိုင်ရာ ဆွစ်ဇာလန်သံအမတ် Thomas Gass က ကုန်သွယ်ရေးတံခါးများဖွင့်လှစ်ထားသည့်မူများအရ နှစ်နိုင်ငံစလုံးသည် ဆန်းသစ်တီထွင်မှုမောင်းနှင့် သည့်ကြီးထွားမှုတွင်  ပွင့်လင်းမြင်သာမှုကို မြှင့်တင်နိုင်မည်ဖြစ်ကြောင်းနှင့် ထိုဖိုရမ်သည် ၎င်းတို့၏မိတ်ဖက်ဖွဲ့မှုအားကောင်းရန်အတွက် ဗဟုသုတများဝေမျှရန်နှင့် ကတိကဝတ်များတိုးမြှင့်ရန် စင်မြင့်တစ်ခုဖြစ်သည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့ပါသည်။ ဗီယက်နမ်နိုင်ငံခြားရေးရာ ဒုတိယဝန်ကြီး Le Thi Thu Hang က ဆွစ်ဇာလန် နိုင်ငံတွင် ၂၀၂၄ ခုနှစ် ဇွန်လကကျင်းပခဲ့သည့် ပထမကြိမ်မြောက်ဖိုရမ်သည် အစိမ်းရောင်အသွင် ကူးပြောင်းမှု၊ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှု၊ လုပ်သားထုလေ့ကျင့်ရေးနှင့် သန့်စင်သောစွမ်းအင် အစရှိသည့် ပူးပေါင်းဆောင်ရွက်ရန် ဦးစားပေးဧရိယာများကို ခွဲခြားနိုင်ရန် အခြေခံအုတ်မြစ်ဖြစ်ခဲ့ ကြောင်း ပြောကြားခဲ့ပါသည်။ ဆွစ်ဇာလန်သည် လတ်တလောတွင် ဗဟိုဥရောပတွင် ဗီယက်နမ်၏ အရေးပါသောကုန်သွယ်ရေးမိတ်ဖက်ဖြစ်ပြီး ၆ ခုမြောက် အကြီးမားဆုံးဥရောပရင်းနှီးမြှုပ်နှံသူ ဖြစ်ကြောင်း သိရပါသည်။ Hang ကဖိုရမ်သည် စီးပွားရေးမိတ်ဖက်ဖွဲ့မှုတစ်ခုသာမက ဗီယက်နမ်အား ၎င်းတို့၏ရည်ရွယ်ချက်ဖြစ်သည့် အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှု၊ ဆန်းသစ်တီထွင်မှုနှင့် လူထုဗဟိုပြုကြီးထွားရေးတို့ အကောင်အထည်ဖော်ရန် ကူညီပေးမည့် ရေရှည်မိတ်ဖက်ဖွဲ့မှုဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ဖိုရမ်၏ဥက္ကဌဖြစ်သူ Ho Quang Buu ၏အဆိုအရ ဖိုရမ်သည် မြို့တော်၏ကတိကဝတ်ဖြစ်သည့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက်ရေးနှင့် ဆန်းသစ်တီ ထွင်မှုမောင်းနှင့်သည့်ကြီးထွားရေးတို့အတွက် သက်သေပြချက် တစ်ခုဖြစ်ကြောင်းသိရပါသည်။ ထောက်ပံ့ပို့ဆောင်ရေးအားကောင်းစွာချိတ်ဆက်နိုင်မှု၊ ကျွမ်းကျင် သောဒစ်ဂျစ်တယ်လုပ်သားထုနှင့် ဆန်းသစ်တီထွင်သည့်စီးပွားရေးဝန်းကျင်တို့ကို ပိုင်ဆိုင်ထားသည့် Da Nang သည် ဆွစ်ဇာလန်နှင့် ဗီယက်နမ်မိတ်ဖက်များကို ချိတ်ဆက်ရန်နှင့် ဥ‌ရောပ-အာဆီယံ စင်္ကြန်တစ်လျှောက် ပူးပေါင်းဆောင်ရွက်မှုများတိုးချဲ့ရန် စင်မြင့်တစ်ခုအနေဖြင့် ပံ့ပိုးပေးနိုင်ကြောင်း သိရှိရပါသည်။

Vietnam Plus                                                                            

DOCA (ရန်ကုန်)

မွန်ဂိုလီးယားနိုင်ငံသည် ၂၀၂၅ ခုနှစ် အတွင်း အသားနှင့် အသားထွက်ပစ္စည်းတန်ချိန် ၅၆၀၀၀ တင်ပို့

          ၂၀၂၅ ခုနှစ်၏ အစောပိုင်းကာလအတွင်း မွန်ဂိုလီးယားနိုင်ငံသည် အသားနှင့် အသားထွက် ပစ္စည်းတန်ချိန် ၅၆၀၀၀ တင်ပို့ခဲ့ကြောင်း တရုတ်နိုင်ငံ၏ အကောက်ခွန် အထွေထွေအုပ်ချုပ်ရေးဌာနမှ နိုဝင်ဘာလ ၄ ရက်နေ့တွင် ထုတ်ပြန်သော အချက်အလက်များအရ သိရှိရပါသည်။

          မွန်ဂိုလီးယားနိုင်ငံသည် သတ္တုတူးဖော်ရေးလုပ်ငန်းများအပေါ် အလွန်အမင်းမှီခိုနေရသောကြောင့် ၎င်း၏ စီးပွားရေးကို ကဏ္ဍစုံအောင်လုပ်ဆောင်ရန်နှင့် ကမ္ဘာ့ဈေးကွက်သို့ အသားနှင့် အသားထွက်ပစ္စည်းတင်ပို့မှုကို တိုးမြှင့်ရန် ကြိုးပမ်းလျက်ရှိပါသည်။

          ၂၀၂၅ ခုနှစ် အောင်တိုဘာလကုန်တွင် မွန်ဂိုလီးယားအသားထုတ်လုပ်ရေးကုမ္ပဏီ ၅၈ ခုသည် အထူးပို့လိုင်စင်များ ရရှိခဲ့ပါသည်။ အမျိုးသားစာရင်းရုံး၏ အဆိုအရ ၂၀၂၄ ခုနှစ်ကုန်တွင် မွန်ဂိုလီးယား၌ မွေးမြူးရေးကောင်ရေ ၅၇.၆ သန်း ရှိခဲ့ကြောင်း သိရှိရပါသည်။

Source : Xinhua                                                                                 

DOCA (ရန်ကုန်)

ထိုင်းနိုင်ငံ၏ စီးပွားရေးသည် စက်တင်ဘာလတွင် ပို့ကုန်များကြောင့် မြင့်တက်

          ထိုင်းနိုင်ငံ၏ စီးပွားရေးသည် စက်တင်ဘာလတွင် လစဉ်အခြေခံဖြင့် မြင့်တက်လာကြောင်း ဗဟိုဘဏ်က အောက်တိုဘာ ၃၁ ရက်နေ့က ထုတ်ပြန်ခဲ့ပါသည်။ ပို့ကုန်များ တိုးတက်လာခြင်း ကုန်ထုတ်လုပ်မှု ပြန်လည်ကောင်းမွန်လာခြင်းနှင့် နိုင်ငံခြားခရီးသွားလုပ်ငန်းမှ ဝင်ငွေများ ပိုမိုရှိခြင်းတို့က အဓိက တိုးတက်လာခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။

          ထိုင်းနိုင်ငံ စီးပွားရေးတိုးတက်မှု၏ အဓိကမောင်းနှင်အားဖြစ်သော ပို့ကုန်များသည် စက်တင်ဘာလတွင် အီလက်ထရောနစ်နှင့် မော်တော်ယာဉ်ထုတ်ကုန်များ တိုးတက်လာမှုကြောင့် ယခင်နှစ်ကထက် ၁၉.၂ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း ဗဟိုဘဏ်၏ အကြီးတန်း ဒါရိုက်တာ pranee Sutthasri ကပြောကြားခဲ့ကြောင်း သိရသည်။

       စက်မှုလုပ်ငန်းများ တိုးတက်လာခြင်းကြောင့် စီးပွားရေးသည် ပြန်လည်ကောင်းမွန်လာပြီး ဝန်ဆောင်မှုလုပ်ငန်းများအတွက် အကျိုးရှိမည်ဖြစ်ပါသည်။ ၎င်းသည် အီလက်ထရောနစ် ပို့ကုန်များ၊ ခရီးသွားလုပ်ငန်းများနှင့် ပြည်တွင်ဝယ်လိုအားမြှင့်တင်ရန် အစိုးရ၏စီးပွားရေး အစီအမံများ ပြန်လည်ကောင်းမွန်လာမှုကို အထောက်အကူပြုမည်ဖြစ်ကြောင်း သိရှိရပါသည်။

Source : Xinhua                                                                                 

DOCA (ရန်ကုန်)

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ