Main menu

ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

အိန္ဒိယတွင် တစ်လအတွင်း သကြားဈေးနှုန်းများ ၁၇ % မြင့်တက်ခြင်းကြောင့် အစိုးရက ပိုမို ထိန်းချုပ်ပေးရန် စက်ပိုင်ရှင်များမျှော်လင့်

   သကြားဈေးနှုန်းများ မြင့်တက်နေမှုအား ထိန်းချုပ်နိုင်မည့် အစီအမံများကို အစိုးရက ထပ်မံ ပြုလုပ်ပေးရန် အိန္ဒိယရှိ သကြားစက်ရုံလုပ်ငန်းကမျှော်လင့်လျက်ရှိကြောင်း၊ ပြီးခဲ့သည့် ရက်သတ္တပတ် တွင် ဈေးနှုန်း ၄.၃% မြင့်တက်ခဲ့ပြီးနောက် တစ်လအတွင်း သကြားဈေးနှုန်း ၁၇ % နီးပါး မြင့်တက် ခဲ့ကြောင်းသိရသည်။

    ဇူလိုင်လ ၂၈ ရက်နေ့မှ စတင်၍ သကြားကုန်သည်များ၏ သကြားတင်သွင်း သိုလှောင်မှု ပမာဏအား အစိုးရက ထိန်းချုပ်ကန့်သတ်ပြီးနောက် သကြားဈေးနှုန်းများ တစ်ဖြေးဖြေး မြင့်တက် လျက်ရှိရာ အမြင့်ဆုံးဈေးနှုန်းတစ်ခုသို့ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း၊ ပြည်တွင်းဈေးနှုန်းများကျဆင်း နေပြီး သိုလှောင်မှုများပြားနေသည့်ကြားမှ မေလ ၁၃ ရက်နေ့ထိ တိုင်အောင် သကြားတင်ပို့လျက် ရှိကြောင်းသိရသည်။

    သကြားဈေးနှုန်းသည် တစ်လအတွင်း ၁၆.၇ % မြင့်တက်ခဲ့ပြီး၊ အိန္ဒိယတစ်ပြည်လုံးတွင် သကြား တစ်ကီလိုလျှင် ရူပီး ၃၉၆၀ မှ တစ်ကီလိုလျှင် ရူပီး ၄၆၂၀ ထိမြင့်တက်ခဲ့ကြောင်း၊ လာမည့် ကြံစိုက်ရာသီနှစ်ရာသီတွင် အယ်လ်နီညိုဖြစ်စဉ်၏ သက်ရောက်မှုကြောင့် အထွက်နှုန်းကျဆင်း မည်ဖြစ်ကာ သကြားဈေးနှုန်းများလည်းမြင့်တက်လာမည်ဖြစ်ကြောင်းသကြားစက်ရုံပိုင်ရှင်များက ပြောကြားထားပါသည်။ သကြားဈေးနှုန်းမြင့်တက်ခြင်းကြောင့် သကြားလိုအပ်ချက်အပေါ် သက်ရောက်မှုမရှိနိုင်ကြောင်း Maharashtra ပြည်နယ်ရှိသကြားကုန်သည်တစ်ဦးက ပြောကြားထား ပါသည်။

    ပြီးခဲ့သည့်နှစ်နည်းတူ ဩဂုတ်လတွင် သကြားစက်ရုံများအား ဝေစုတန်ချိန် ၂.၂၅ သန်း ပေးအပ် လျက်ရှိရာ ဗဟိုအစိုးရအနေဖြင့် သကြားစက်ရုံတစ်ရုံလျှင် လစဉ် ကိုတာသတ်မှတ်၍ ခွဲဝေပေးလျက် ရှိကြောင်းသိရသည်။

Source :The Economic Times, 4 Aug 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

အိန္ဒိယတွင် ချည်သားစျေးနှုန်းမြင့်တက်လာပြီး ရောင်းလိုအားကျဆင်းလာခြင်းက လူလုပ်အမျှင် (MMF) သို့ ကူးပြောင်းသုံးစွဲမှုကို ပိုမိုအားကောင်း

    Nuvama Institutional Equities ၏ အစီရင်ခံစာအရ အိန္ဒိယ၏ ချည်သားပိုလျှံမှု ကျဆင်း လာခြင်းက အထည်အလိပ် ထုတ်လုပ်သူများအတွက် ချည်သားစျေးနှုန်းကို မြင့်တက်စေပြီး လူလုပ်အမျှင်များ(Man-made fibres – MMF)ဆီသို့ ကူးပြောင်းရန် လိုအပ်ချက်ကိုလည်း အား ကောင်းစေသည်။

     အဆိုပါ အစီရင်ခံစာတွင် အိန္ဒိယ၏ ချည်သားရောင်းလိုအားနှင့် ဝယ်လိုအားစာရင်းသည် ပိုလျှံမှုအခြေအနေမှ မျှခြေသို့ ဦးတည်ရွေ့လျားနေကြောင်း ထောက်ပြထားသည်။ CS21 ခုနှစ် တွင် အမြင့်ဆုံး ကီလိုဂရမ် ၆.၃၁ ဘီလီယံအထိ ရှိခဲ့သည့် ထုတ်လုပ်မှုသည် CS26 ခုနှစ်တွင် ခန့် မှန်းခြေ ကီလိုဂရမ် ၄.၉၅ ဘီလီယံသို့ ကျဆင်းခဲ့ကြောင်း၊ တင်သွင်းမှုမှာ ကီလိုဂရမ် ၀.၂၆ ဘီလီယံမှ ၀.၈၀ ဘီလီယံသို့ သုံးဆတိုးလာပြီး တစ်ချိန်တည်းတွင် ပြည်ပပို့ကုန်မှာ ၁.၂၈ ဘီလီယံ မှ ၀.၂၀ ဘီလီယံ သို့ သိသိသာသာ ကျဆင်းသွားကြောင်း၊ ထို့ပြင် Shankar-6 ချည်သား ဈေးနှုန်းသည် CS21 ခုနှစ်က တစ်ကီလိုဂရမ်လျှင် ရူပီး ၁၁၀ ရှိရာမှ CS23 ခုနှစ်တွင် ရူပီး ၂၂၁ အထိ မြင့် တက်ခဲ့ပြီး နောက်ပိုင်း တွင် ရူပီး ၁၅၅ ဝန်းကျင်သို့ ပြန်လည်ကျဆင်းလာကြောင်း အစီရင်ခံစာက ဖော်ပြထားသည်။

     နိုင်ငံအလိုက် ကုန်သွယ်စီးဆင်းမှုများသည် အဆိုပါပြောင်းလဲမှုကို ထင်ဟပ်နေကြောင်း၊ အိန္ဒိယချည်ကြမ်း၏ အဓိကဝယ်လက်များအဖြစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ အထည်အလိပ်စက်ရုံများ ပေါ်ထွက်လာနေကြောင်း၊ တစ်ဖက်တွင်မူ အိန္ဒိယတွင် လုံလောက်စွာ မထုတ်လုပ်နိုင်သည့် ချည် နုမျှင်အမျိုးအစားများအတွက် အမေရိကန်နှင့် ဩစတေးလျတို့ထံမှ တင်သွင်းမှုကို ပိုမိုရယူလျက် ရှိကြောင်း သိရှိရသည်။

    အဆိုပါအပြောင်းအလဲ၏ သက်ရောက်မှုများကို မီးမောင်းထိုးပြရာတွင် Nuvama က ချည်ငင်သူများအတွက် ကုန်ကြမ်းအရန်သီးနှံများ လျော့နည်းလာပြီး စျေးနှုန်းအတက်အကျသည် အမြတ်အစွန်းကို တိုက်ရိုက်သတ်မှတ်သည့် အခြေအနေသို့ ရောက်ရှိနေကြောင်း၊ သီးနှံအထွက် နှုန်း စိတ်ပျက်စရာဖြစ်လေတိုင်း အမြတ်အစွန်းကွာဟချက်များ လျော့ကျသွားတတ်ကြောင်း မှတ် ချက်ပြုထားသည်။ သို့သော် လုပ်ငန်းတစ်ခုလုံးအတွက်မူ ချည်ပိုလျှံမှု လျော့ကျလာခြင်းသည် လူလုပ်အမျှင် (MMF) ထုတ်လုပ်မှုစွမ်းအား တိုးချဲ့ရန် အခြေအနေများကို ပိုမိုအားကောင်းစေ ကြောင်း၊ အကြောင်းမှာ အထည်အလိပ်တန်ဖိုးကွင်းဆက်တွင် အမျှင်ရောနှောမှုပုံစံကို ပိုမိုကွဲပြား အောင် ဆောင်ရွက်ရန် လိုအပ်ချက် တစ်ဖြည်းဖြည်း မြင့်တက်လာနေသောကြောင့် ဖြစ်ကြောင်း၊ လယ်ကွင်းမှ အထည်အထိ တန်ဖိုးကွင်းဆက်သည် အစီရင်ခံစာ၏ ကျန်အပိုင်းများ ဆက်လက် စီး ဆင်းသွားမည့်  လမ်းပြမြေပုံဖြစ်ကြောင်း သိရှိရသည်။

    အစီရင်ခံစာက ထပ်လောင်းဖော်ပြရာတွင် အိန္ဒိယသည် ချည်သားပိုလျှံထုတ်လုပ်သူ နိုင်ငံ အနေဖြင့် သမိုင်းကြောင်းအရ ကမ္ဘာ့စျေးနှုန်းများထက် ၈ ရာခိုင်နှုန်းမှ ၁၁ ရာခိုင်နှုန်းအထိ လျှော့ စျေးဖြင့် ဝယ်ယူနိုင်ခဲ့ပြီး ပြည်တွင်းစျေးနှုန်းများကို ပြည်ပပို့ကုန်ညီမျှမှုဖြင့် ဆက်စပ်သတ်မှတ် ထားနိုင်ခဲ့ကြောင်း၊ သို့သော်လည်း ယခုအခါ ထိုလျှော့စျေးအခွင့်အရေးမှာ လုံးဝပျောက်ကွယ် သွားပြီဖြစ်ကြောင်း၊ ၂၀၂၆ ဘဏ္ဍာနှစ်တွင် ကမ္ဘာ့စျေးနှုန်းနှင့် ညီမျှလာခြင်းသည် အခြေခံ ရောင်း လိုအား - ဝယ်လိုအားအခြေအနေများထက် အကောက်ခွန်ကင်းလွတ်ခွင့်များကို ပိုမိုထင်ဟပ်စေ ကြောင်း အဆိုပါ အစီရင်ခံစာတွင် ဖော်ပြပါရှိသည်။

     အကောက်ခွန်ကင်းလွတ်ခွင့်ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် ပြန်လည်စတင်ခဲ့သော် လည်း ၂၀၂၆ ခုနှစ် ဇွန် ၁ ရက်မှ အောက်တိုဘာ ၃၁ ရက်အထိ ကာလအတွက်သာ ထပ်မံကင်း လွတ်ခွင့်ပြုထားသောကြောင့် ယင်းသက်သာခွင့်မှာ ယာယီသဘောသက်သက်သာဖြစ်ပြီး အထည် အလိပ်စက်ရုံများ၏ ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ခြင်းထက် လယ်သမားများ၏ ဝင်ငွေကို ပံ့ပိုးရန် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း Nuvama က သုံးသပ်ထားသည်။

Source: Business Line, 3 Aug 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

တောင်ကိုရီးယားနိုင်ငံက မျိုးရိုးဗီဇ ပြုပြင်ထားသည့်စားသောက်ကုန်တွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းအား မဖြစ်မနေ ပြုလုပ်ရန် သတ်မှတ်ပြဋ္ဌာန်း

     တောင်ကိုရီးယားနိုင်ငံသည် မျိုးရိုးဗီဇပြုပြင်ထားသော (GM) ကုန်ကြမ်းပစ္စည်းများဖြင့် ထုတ်လုပ်သည့် စား‌သောက်ကုန်အချို့ကို ခြုံငုံကာမိစေရန်အတွက် မျိုးရိုးဗီဇ ပြုပြင်ထားသော စားသောက်ကုန်တွင် ကုန်အညွှန်းအမှတ်အသား လိုအပ်ချက်များကို မဖြစ်မနေထည့်သွင်းရန် တိုးမြှင့်သတ်မှတ်လိုက်ကြောင်း၊ စားသောက်ကုန်များအား အဆင့်ဆင့်ပြုပြင်ပြီးနောက် မျိုးရိုးဗီဇ ပြုပြင်ထားသော (GM) DNA သို့မဟုတ် ပရိုတင်းများကို ရှာဖွေမတွေ့ရှိနိုင်တော့သည့်တိုင်အောင် ယင်းစည်းမျဉ်းသည် အကျုံးဝင်မည်ဖြစ်ကြောင်း သိရှိရပါသည်။

     အမေရိကန်စိုက်ပျိုးရေးဌာန (USDA) ၏ ပြောကြားချက်အရ အဆိုပါ တိုးမြှင့်လိုက်သည့် စည်းမျဉ်းကို တောင်ကိုရီးယား အစားအသောက်နှင့် ဆေးဝါးဘေးကင်းလုံခြုံရေးဝန်ကြီးဌာန (MFDS) က ကြေညာခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါစည်းမျဉ်းသစ်သည် ၂၀၂၆ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် စတင်အသက်ဝင်မည်ဖြစ်ပြီး ယင်းစည်းမျဉ်းသည် ပဲပုပ်၊ ပြောင်းဖူး၊ ကာနိုလာ (canola) နှင့် ဝါစေ့တို့မှ ထုတ်လုပ်သော စားသုံးဆီများအပြင် အမဲဆီနှင့် ဝက်ဆီအပါအဝင် တိရိစ္ဆာန် အဆီတွင် ပါ သက်ရောက်မှုရှိမည် ဖြစ်ကြောင်း၊ ထို့ပြင် ရောနှောဆီများ၊ အနံ့အရသာပါသည့် ဆီများ၊ မုန့်ဖုတ် ဆီ (Shortening)နှင့် ဟင်းရွက်အဆီခဲ (margarine) ကဲ့သို့သော ပြုပြင်ထားသည့်ဆီနှင့် အဆီ ထွက်ကုန်ပစ္စည်းများတွင်လည်း သက်ရောက်မှုရှိမည်ဖြစ်ကြောင်းသိရှိရပါသည်။

     ထို့အပြင် အဆိုပါစည်းမျဉ်းများကို ပဲငံပြာရည် (soy sauce) နှင့် အချို့သော ဆေးသကြား ပါသော (saccharide) ထုတ်ကုန်များတွင်ပါ ကျင့်သုံးသွားမည်ဖြစ်ကြောင်း၊ သို့သော်လည်း ကုန်ချောများတွင် GM DNA သို့မဟုတ် ပရိုတင်းများ မပါရှိပါက အဆိုပါပါဝင်ပစ္စည်းများ ပါဝင်သော စားသောက်ကုန်များတွင် မျိုးရိုးဗီဇပြုပြင်ထားကြောင်း အညွှန်းဖော်ပြရန် လိုအပ်မည် မဟုတ်ကြောင်း သိရှိရပါသည်။

     တောင်ကိုရီးယားနိုင်ငံ အစိုးရနှင့် အစားအသောက်နှင့်ဆေးဝါးဘေးကင်းမှုဝန်ကြီးဌာန (MFDS) တို့၏ ပြောကြားချက်အရ အဆိုပါသတ်မှတ်ချက်သစ်များသည် စားသုံးသူများ၏ သိရှိပိုင် ခွင့်ကို ကာကွယ်ပေးရန်နှင့် စားသောက်ကုန်များ ဝယ်ယူရာတွင် ရွေးချယ်မှုများ ပိုမိုပြုလုပ်နိုင်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း၊ အဆိုပါ အပြောင်းအလဲများသည် ၂၀၂၅ ခုနှစ်၊ နှစ်ကုန်တွင် အတည်ပြုခဲ့ သည့် အစားအစာသန့်ရှင်းရေးအက်ဥပဒေ (Food Sanitation Act) ပါ ပြင်ဆင်ချက်များအတိုင်း လိုက်နာလုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

     တောင်ကိုရီးယားနိုင်ငံသည် GM DNA သို့မဟုတ် ပရိုတင်းများ ပါဝင်သည့် ထုတ်ကုန်များ အတွက် မျိုးရိုးဗီဇ ပြုပြင်ထားကြောင်း (GM) ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းကို ၂၀၀၁ ခုနှစ် ကတည်းက သတ်မှတ်ပြဋ္ဌာန်းခဲ့ခြင်းဖြစ်ကြောင်း၊  ယခုပြင်ဆင်လိုက်သည့် စည်းမျဉ်းသည် စားသုံး နိုင်သော ဆီနှင့် အဆီအပါအဝင် သီးခြားအဆင့်မြင့် ပြုပြင်မွမ်းမံထားသည့် ထုတ်ကုန်များ အထိပါ အဆိုပါသတ်မှတ်ချက်များကို တိုးမြှင့်ပြဋ္ဌာန်းလိုက်ခြင်းဖြစ်ပြီး ယင်းစည်းမျဉ်းသည် GM DNA သို့မဟုတ် ပရိုတင်းများ ကုန်ချောပစ္စည်းတွင် စစ်ဆေးမတွေ့ရှိနိုင်တော့သည့်တိုင်အောင် သက်ရောက်မည်ဖြစ်ကြောင်း သိရှိရပါသည်။

Source: UkrAgroConsult , 30 July 2026 (လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

ထိုင်း၏ ပထမနှစ်ဝက် ဆန်တင်ပို့မှု ၁၈.၈၁ ရာခိုင်နှုန်း ကျဆင်း

     နိုင်ငံခြားကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် Arada Fuangtong ၏ သတင်း ထုတ်ပြန်ချက်အရ ထိုင်းနိုင်ငံသည် ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ ဇွန်လအထိ ပထမ ၆ လအတွင်း ဆန်တန်ချိန် ၃.၂၈ သန်း တင်ပို့နိုင်ခဲ့ပြီး ယခင်နှစ်ကာလတူထက် ၁၈.၈၁% ကျဆင်းခဲ့ကြောင်း သိရသည်။ ထိုသို့ တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁.၉၁၁ ဘီလီယံကျော် ရရှိခဲ့သည်။

    ကမ္ဘာ့ဈေးကွက်တွင် ဆန်ရရှိနိုင်မှု များပြားနေသဖြင့် ဈေးနှုန်းပြိုင်ဆိုင်မှု ပြင်းထန်လာခြင်း နှင့် အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခများကြောင့် ၂၀၂၆ ခုနှစ် မတ်လမှစ၍ အီရတ်နိုင်ငံသို့ ထိုင်းဆန်တင်ပို့မှု အဟန့်အတားဖြစ်ခဲ့ရခြင်းတို့ကြောင့် ပို့ကုန်ကျဆင်းခဲ့ရခြင်းဖြစ်ကြောင်း ညွှန်ကြားရေးမှူးချုပ်က ရှင်းပြခဲ့သည်။ ထုတ်လုပ်မှု၊ သယ်ယူပို့ဆောင်ရေးနှင့် စွမ်းအင်စရိတ်များ အပြင် ဆီဈေးနှုန်းများ မြင့်တက်လာခြင်းတို့ကြောင့် ထိုင်းဆန်၏ ပို့ကုန်ဈေးနှုန်းမှာ အခြား တင်ပို့ သည့် နိုင်ငံများထက် ပိုမိုမြင့်မားနေခဲ့သည်။

   ထိုင်းဆန်ဖြူဈေးနှုန်းမှာ တစ်တန်လျှင် ၄၄၇ ဒေါ်လာဖြစ်ပြီး၊ ဗီယက်နမ်ဆန်ဖြူမှာ တစ်တန်လျှင် ၄၃၅ ဒေါ်လာ၊ ပါကစ္စတန်ဆန်ဖြူမှာ ၄၀၅ ဒေါ်လာနှင့် အိန္ဒိယဆန်ဖြူမှာ ၃၆၇ ဒေါ်လာတို့ ဖြစ်ကြသည်။ ဆန်ဖြူ တင်ပို့မှုမှာ တန်ချိန် ၁.၅၁ သန်းရှိပြီး စုစုပေါင်း တင်ပို့မှု၏ ၄၆.၀၃% ရှိခဲ့သည်။ ထိုင်းဂျက်စမင်းဆန်ဟု လူသိများသော ထိုင်းဟုမ်းမာလီဆန် (ထိုင်းမွှေးဆန်) တင်ပို့မှုမှာ တန်ချိန် ၀.၈၁ သန်း သို့မဟုတ် ၂၄.၆၇% ရှိခဲ့သည်။ ပေါင်းဆန် တင်ပို့မှုစုစုပေါင်းမှာ တန်ချိန် ၀.၆၁ သန်း (၁၈.၆၉%) ရှိပြီး၊ အခြား ထိုင်းမွှေးဆန်များ တင်ပို့မှုမှာ တန်ချိန် ၀.၂၃ သန်း (၆.၉၇%) ရှိခဲ့သည်။ ကောက်ညှင်းဆန် တင်ပို့မှုမှာ တန်ချိန် ၀.၁၁ သန်း သို့မဟုတ် ၃.၃၁% ရှိခဲ့ သည်။ ဆန်လုံးညိုတင်ပို့မှုမှာ တန်ချိန် ၀.၀၁ သန်း သို့မဟုတ် ၀.၃၃% ရှိခဲ့သည်။

    Arada က ကမ္ဘာ့ဆန်ဈေးကွက်တွင် ထုတ်လုပ်မှုများပြားနေခြင်းကြောင့် ယှဉ်ပြိုင်မှု အလွန် ပြင်းထန်နေသော်လည်း El Niño ကြောင့် ဖြစ်ပေါ်လာနိုင်သည့် မိုးခေါင်ရေရှားမှု အန္တရာယ်ကြောင့် ဆန်တင်သွင်းသည့်နိုင်ငံများအနေဖြင့် အန္တရာယ်ကို ကြိုတင်စီမံခန့်ခွဲပြီး ပြည်တွင်းစားနပ်ရိက္ခာ ဖူလုံရေးကို ပိုမိုခိုင်မာစေရန် ဆန်တင်သွင်းမှုပမာဏ တိုးမြှင့်ရန် စဉ်းစားလျက်ရှိကြောင်း ပြောကြား ခဲ့သည်။ ၎င်းမှာ ကျန်ရှိသည့် ၅ လအတွင်း ထိုင်းဆန်တင်ပို့မှုအတွက် အလားအလာကောင်း တစ်ခု ဖြစ်ပြီး ၂၀၂၅ ခုနှစ်တွင် တင်ပို့ခဲ့သည့် တန်ချိန် ၈.၃ သန်းအောက် ၁၅% လျော့နည်းသော်လည်း တစ်နှစ်လုံးအတွက် လျာထားချက် တန်ချိန် ၇ သန်းပြည့်မီရန် ကူညီ ပေးလိမ့်မည် ဖြစ်သည်။

   အီရတ်နိုင်ငံအစား အစားထိုး တင်ပို့နိုင်သည့် အလားအလာရှိသော ဈေးကွက်များတွင် အာရှမှ မလေးရှားနှင့် ဖိလစ်ပိုင်၊ အာဖရိကမှ တောင်အာဖရိက၊ ကွန်ဂိုဒီမိုကရက်တစ် သမ္မတနိုင်ငံ နှင့် မိုဇမ်ဘစ်နိုင်ငံတို့ ပါဝင်သည်။ အဆိုပါနိုင်ငံများသည် ယခင်နှစ်ကာလတူထက် ထိုင်းနိုင်ငံမှ ဆန် ပိုမိုတင်သွင်းခဲ့ကြပြီး အရည်အသွေးမြင့် ဆန်များ တင်ပို့နိုင်သည့် ထိုင်းနိုင်ငံ၏ စွမ်းဆောင်ရည် အပေါ် ယုံကြည်မှုကို ပြသနေသည်။

    ဝယ်ယူသူများ၏ သတ်မှတ်ချက်များနှင့်အညီ စာချုပ်ပါ ဆန်ပမာဏများကို အချိန်မီ ပေးပို့ နိုင်သည့်အပြင် အစိုးရ၏ ဆန်တင်ပို့မှု မူဝါဒတည်ငြိမ်ခြင်းကြောင့် ထိုင်းဆန်သည် နိုင်ငံတကာ ဈေးကွက်တွင် ယှဉ်ပြိုင်နိုင်သည့် အားသာချက်ကို ရရှိထားကြောင်း ဖော်ပြခဲ့သည်။ ဌာနအနေဖြင့် လည်း ထိုင်းဆန်တင်ပို့မှု တိုးမြှင့်ရေးအတွက် ကြိုတင်စီမံဆောင်ရွက်သည့် မူဝါဒများဖြင့် ဆက်လက် မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အလေးပေး ပြောကြားခဲ့သည်။

     ထိုင်းဆန်အတွက် ဈေးကွက်သစ်များ ဖော်ဆောင်ခြင်းနှင့် ဒေသအသီးသီးသို့ တင်ပို့မှု တိုးမြှင့်ခြင်းဆိုင်ရာ ကြိုးပမ်းမှုများကို ပိုမိုအားကောင်းစွာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယင်းမှ တစ်ဆင့် ဈေးကွက်တစ်ခုတည်းအပေါ် မှီခိုမှုအန္တရာယ်ကို လျှော့ချနိုင်မည်ဖြစ်သကဲ့သို့ ထိုင်းဆန် ထုတ်လုပ်မှုကို လက်ခံဝယ်ယူမည့်အော်ဒါများ ရရှိလာစေရန် ရည်ရွယ်ထားကြောင်း ဖော်ပြခဲ့ သည်။ အဆိုပါ ကြိုးပမ်းမှုများကို အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများမှ တစ်ဆင့် ဆောင်ရွက်သွားမည်ဖြစ်သည်။

     တရုတ်အစိုးရနှင့် COFCO ကုမ္ပဏီတို့ ပါဝင်သည့် အစိုးရချင်း ချိတ်ဆက်ရောင်းချမှု (G-to-G) အစီအစဉ်မှတစ်ဆင့် ဆန်ရောင်းချမှုကို မြှင့်တင်ရန် ဆွေးနွေးပွဲများကို အရှိန်မြှင့်ဆောင်ရွက်သွား မည်ဖြစ်သည်။ ထိုင်းဆန်အပေါ် ယုံကြည်မှု မြှင့်တင်ရန်နှင့် ဆန်တင်ပို့မှု တိုးမြှင့်နိုင်ရေးအတွက် အစိုးရနှင့် ပုဂ္ဂလိက ကဏ္ဍမှ ကိုယ်စားလှယ်အဖွဲ့တစ်ရပ်ကို ဦးဆောင်ကာ ၂၀၂၆ ခုနှစ် ဩဂုတ်လ ၂ ရက်မှ ၆ ရက်အထိ ဖိလစ်ပိုင်နှင့် မလေးရှားနိုင်ငံရှိ အဓိကဆန်တင်သွင်းသူများနှင့် တွေ့ဆုံဆွေး နွေးရန် စီစဉ်ထားကြောင်း သိရသည်။

Source: The Nation, 05 Aug 2026 (လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

အိန္ဒိယဈေးကွက်သို့ ဗီယက်နမ် လတ်ဆတ်ဒူးရင်းသီးများ ဝင်ရောက်ခွင့်ရရှိ

     အိန္ဒိယနိုင်ငံအနေဖြင့် ဗီယက်နမ်မှ လတ်ဆတ်ဒူးရင်းသီးများ ဈေးကွက်ဝင်ရောက်ခွင့်ကို တရားဝင်ခွင့်ပြုပေးလိုက်ပြီဖြစ်ကြောင်း ဗီယက်နမ်စိုက်ပျိုးရေးနှင့်ပတ်ဝန်းကျင်ရေးရာဝန်ကြီးဌာန က ဇူလိုင်လ ၃၀ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

      အဆိုပါဝန်ကြီးဌာန၏ ပြောဆိုမှုအရ အိန္ဒိယအစိုးရသည် အပင်ရောဂါပိုးမွှားကာကွယ်ရေး (အိန္ဒိယပြည်တွင်းသို့ တင်သွင်းခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်း) အမိန့် ၂၀၂၆ ကို ပဉ္စမအကြိမ် ပြင်ဆင်သည့် အမိန့်ကြော်ငြာစာအမှတ် S.O. 3828(E) အား ၂၀၂၆ ခုနှစ် ဇူလိုင်လ ၉ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီး ဇူလိုင် ၁၃ ရက်နေ့မှ စတင်၍ အကျိုးသက်ရောက်မှုရှိမည်ဟု ဟနွိုင်မြို့ရှိ အိန္ဒိယ နိုင်ငံသံရုံးမှ အကြောင်းကြားလာခဲ့ကြောင်း သိရှိရသည်။ 

       ထိုကဲ့သို့ လုပ်ထုံးလုပ်နည်းများ ပြင်ဆင်ခဲ့မှုအောက်တွင် ဗီယက်နမ်နိုင်ငံအနေဖြင့် အိန္ဒိယ နိုင်ငံသို့ လတ်ဆတ်သောဒူးရင်းသီး (Durio zibethinus) ကို တင်ပို့ခွင့်ရှိသောနိုင်ငံအဖြစ် အသိ အမှတ်ပြုခံရခြင်းဖြစ်သည်။ အဆိုပါ သွင်းကုန်ဆိုင်ရာ လုပ်ငန်းစဉ်၌ အပင်ရောဂါကင်းရှင်းကြောင်း အသိအမှတ်ပြုလက်မှတ်နှင့်စပ်လျဉ်း၍ အခြားမည်သည့် ထုတ်ဖော်ကြေညာချက်မျှ ထပ်မံလိုအပ် ခြင်း မရှိသကဲ့သို့ မည်သည့် သွင်းကုန်ဆိုင်ရာ သီးသန့်လိုအပ်ချက်များလည်း မရှိကြောင်း သိရှိရ သည်။ 

   ယခုကဲ့သို့ ဈေးကွက်ဖွင့်လှစ်နိုင်ခြင်းသည် ဗီယက်နမ်နှင့် အိန္ဒိယ နှစ်နိုင်ငံရှိ သက်ဆိုင်ရာ အပင်ရောဂါကာကွယ်ရေး အာဏာပိုင်အဖွဲ့အစည်းများအကြား နည်းစနစ်ပိုင်း အနီးကပ် ပူးပေါင်း ဆောင်ရွက်ခဲ့မှု၏ ရလဒ်ပင်ဖြစ်ကြောင်း၊ နှစ်နိုင်ငံအကြား စိုက်ပျိုးရေးနှင့် ကုန်သွယ်မှု ပူးပေါင်း ဆောင်ရွက်ခြင်းကို မြဲမြံခိုင်မာစွာ တိုးချဲ့လုပ်ဆောင်လျက်ရှိကြောင်း အဆိုပါ ဝန်ကြီးဌာနက ပြော ဆိုခဲ့သည်။

   လူဦးရေပမာဏ ကြီးမားခြင်းနှင့်အတူ ဝင်‌ငွေအလယ်အလတ်ရှိသော လူတန်းစား တိုးပွား လာမှုနှင့် ပရီမီယံ အဆင့်အတန်းရှိသော ပြည်ပမှတင်သွင်းသည့် လယ်ယာထွက်ကုန်များအပေါ် ဝယ်လိုအား ကြီးထွားလာမှုတို့အရ အိန္ဒိယဈေးကွက်သည် ဗီယက်နမ်အတွက် ပို့ကုန်ဆိုင်ရာ သိသာ ထင်ရှားသည့် အခွင့်အလမ်းတစ်ရပ်အဖြစ် ကိုယ်စားပြုလျက်ရှိသည်။ အိန္ဒိယဈေးကွက်သို့ ဝင် ရောက်ခွင့်ရရှိမှုသည် ကမ္ဘာ့ဈေးကွက်အတွင်း ယှဉ်ပြိုင်လုပ်ကိုင်နေရပြီး ၎င်း၏ထုတ်ကုန်တန်ဖိုးကို မြှင့်တင်နေရချိန်၌ ဗီယက်နမ် ဒူးရင်းသီးတင်ပို့မှုအတွက် နယ်ပယ်ပိုမိုကျယ်ပြန့်စေမည်ဟု မျှော် လင့်ရသည်။

    ဗီယက်နမ် ဒူးရင်းသီးအတွက် အိန္ဒိယသည် ဈေးကွက်အသစ်ဖြစ်ကြောင်း စိုက်ပျိုးရေးနှင့် ပတ်ဝန်းကျင်ရေးရာဝန်ကြီးဌာနက ပြောဆိုထားပြီး ကနဦးအဆင့်တွင် အဆင့်မြင့် လက်လီ အရောင်းကွင်းဆက် ဆိုင်လုပ်ငန်းများ၊ ပြည်ပမှတင်သွင်းသော သစ်သီးများကို ရောင်းချသည့် စတိုးဆိုင်များ၊ စားသောက်ဆိုင်များ၊ ဟိုတယ်များနှင့် အီးကောမာ့စ်စင်္ကြန်များမှတစ်ဆင့် အဓိက မြို့ကြီးများ၌သာ ဝယ်လိုအားကို စုစည်းရရှိနိုင်ဖွယ်ရှိသည်။

    ဗီယက်နမ် စီးပွားရေးလုပ်ငန်းများအနေဖြင့် ဈေးကွက်ဝင်ရောက်မှုကို အောင်မြင်စေရေး အတွက် စားသုံးသူများ၏ လိုလားချက်၊ ဝယ်ယူနိုင်မှုစွမ်းရည်၊ ထုတ်ကုန်ဆိုင်ရာ သတ်မှတ်ချက် များ၊ သယ်ယူပို့ဆောင်နိုင်မည့် နည်းလမ်းများနှင့် ဈေးကွက်ဖြန့်ဖြူးမှုစနစ်များ အပါအဝင် စေ့စပ် သေချာမှုရှိသော ဈေးကွက်လေ့လာသုတေသနပြုခြင်းကို ဆောင်ရွက်ကြရန် အဆိုပါဝန်ကြီးဌာနက တိုက်တွန်းထားသည်။

Source: Saigon Giai Phong News, 31 Jul 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

ဘင်္ဂလားဒေ့ရှ်ထံသို့ ယူရီးယားတစ်တန်လျှင် ၁၀ ဒေါ်လာ လျှော့ဈေးဖြင့် ရောင်းချပေးမည်ဟု ရုရှားကမ်းလှမ်း

       ရုရှားနိုင်ငံအနေဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ပြည်တွင်းဓာတ်မြေဩဇာလိုအပ်ချက်ကို ကူညီ ဖြည့်ဆည်းပေးနိုင်ရေးအတွက် အခြားနိုင်ငံများသို့ ရောင်းချနေသည့် ဈေးနှုန်းထက် တစ်တန်လျှင် ၁၀ ဒေါ်လာ လျော့ချလျက် ယူရီးယားဓာတ်မြေဩဇာများ ရောင်းချပေးလိုကြောင်း ကမ်းလှမ်းခဲ့ သည်ဟု ဘင်္ဂလားဒေ့ရှ် The Daily Star သတင်းဌာနက ဖော်ပြပါသည်။

       ၂၀၂၆ ခုနှစ် ဇူလိုင်လ ၂၈ ရက်နေ့တွင် ဒါကာမြို့ရှိ အတွင်းဝန်ရုံး၌ ဘင်္ဂလားဒေ့ရှ် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီး Khandakar Abdul Muktadir နှင့် တွေ့ဆုံဆွေးနွေးရာတွင် ရုရှားနိုင်ငံ သံရုံးမှ သံရုံးယာယီတာဝန်ခံ Vyacheslav Sentyurin က ယင်းအဆိုပြုချက်ကို ကမ်းလှမ်းခဲ့ခြင်း ဖြစ်သည်။ ၎င်း၏ပြောကြားချက်အရ ရုရှားနိုင်ငံ စိုက်ပျိုးရေးဝန်ကြီးဌာန လက်အောက်ရှိ ပြည်ပ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ကော်ပိုရေးရှင်း JSC FEC Prodintorg အနေဖြင့် ယူရီးယား ဓာတ်မြေဩဇာ တန်ချိန် ၂၈၀၀၀၀ ကို ဘင်္ဂလားဒေ့ရှ် ဓာတုဗေဒစက်မှုလုပ်ငန်းများ ကော်ပိုရေးရှင်း မှတစ်ဆင့် ပေးသွင်းလိုကြောင်း သိရသည်။

       အဆိုပါကမ်းလှမ်းချက်ကိုအကောင်အထည်‌ဖော်ဆောင်ခြင်းသည် ဘင်္ဂလားဒေ့ရှ်ပြည်တွင်း ဓာတ်မြေဩဇာများ ဈေးနှုန်းသက်သာစွာဖြင့် ဆက်လက်ထောက်ပံ့ပေးသွင်းနိုင်မှုကို ခိုင်မာစေဖွယ် ရှိသည်။

       ထိုကဲ့သို့ တွေ့ဆုံဆွေးနွေးရာတွင် စားနပ်ရိက္ခာဖူလုံမှု အားကောင်းခိုင်မာစေရေး ကြိုးပမ်းမှု အဖြစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နေကြာဆီ၊ စားတော်ပဲဝါ၊ ကုလားပဲ၊ ပဲနီလေးအနီနှင့် ပဲနီလေးအစိမ်း တို့ကို ပေးသွင်းရန် စိတ်ဝင်စားမှုရှိသည်ဟု ရုရှားနိုင်ငံဘက်က ပြောဆိုခဲ့သည်။

       ဘင်္ဂလားဒေ့ရှ်ဝန်ကြီး Muktadir ကလည်း ဘင်္ဂလားဒေ့ရှ်သို့ ပိုတက်ရှ် ခေါ် ပိုတက်စီယမ် ကလိုရိုက် ဓာတ်မြေဩဇာနှင့် ဂျုံတို့ကို ပုံမှန် ထောက်ပံ့ပေးနိုင်ရေး ရုရှားနိုင်ငံဘက်မှ ပူးပေါင်း ဆောင်ရွက်လျက်ရှိမှုအပေါ် ကျေးဇူးတင်ဝမ်းမြောက်ကြောင်း ပြောကြားခဲ့သည်။

       ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့် နှစ်စဉ် ယူရီးယားဓာတ်မြေဩဇာ တန်ချိန် ၂၆ သိန်းမှ ၂၇ သိန်း ခန့်အထိ လိုအပ်လျက်ရှိပြီး ဇူလိုင်လ ၂၃ ရက်နေ့ရှိ ကုန်လက်ကျန် သိုလှောင်ထားရှိမှုမှာ တန်ချိန် ၆.၂ သိန်း ဖြစ်ကြောင်း စိုက်ပျိုးရေးဝန်ကြီးဌာန၏ အချက်အလက်များအရ သိရှိရသည်။

Source: The Daily Star, 28 Jul 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

 “ မြန်မာနိုင်ငံ၏နိုင်ငံခြားပို့ကုန်သဘာဝထုပ်ကုန်ဆေးဖတ်ဝင် ငှက်သိုက်”

            မြန်မာနိုင်ငံတွင် သန့်စင် စားသုံးနိုင်သော တန်ဖိုးကြီး ငှက်သိုက်ကို  မွေးမြူရေး များလုပ်ကြပြီး ငှက်သိုက်ကို စနစ်တကျ ထုတ်လုပ်ကြသည်။ ယခင်က ဇီဝဇိုးငှက် (Swiftlet) များသည် ကျောက်ဂူ နံရံများတွင် ၎င်းတို့၏ တံတွေးများကိုတွဲဖက်၍ အသိုက်များကို တည်ဆောက်ကြသည်။ သဘာဝ ငှက်သိုက်သည် ဇီဝဇိုးငှက်များ၏ တံတွေးများဖြင့် တည် ဆောက်ထားပြီး သဘာဝငှက်သိုက်သည် ဇီဝဇိုးငှက်များ၏ တံတွေးများဖြင့် တည်ဆောက်ထားပြီး ပရိုတင်းဓာတ်၊ အမိုင် နိုအက်ဆစ်များ ကြွယ်ဝစွာ ပါဝင်သည်။ ၎င်းသည် ကိုယ်ခံအားကို မြှင့်တင်ပေးခြင်း၊ အဆိပ် အတောက်များကို ဖယ်ရှားသန့်စင်ပေး ခြင်း အသားအရေကို ကြည်လင်လှပစေ သော အာဟာရပြည့် ကျန်းမာရေး ဓာတ်စာတစ်ခုဖြစ်သည်။ကဲ့သို့ ပရိုတင်းဓာတ်၊ အမိုင်နို အက်ဆစ်များ ကြွယ်ဝစွာ ပါဝင်သည်။ ၎င်းသည် ကိုယ်ခံအားကို မြှင့်တင်ပေးခြင်း၊ အဆိပ်အတောက်များကို ဖယ်ရှားသန့်စင်ပေးခြင်း သဘာဝငှက်သိုက်သည် ဇီဝဇိုးငှက်များ၏ တံတွေးများဖြင့် တည်ဆောက်ထားပြီး စားသုံးရန်အတွက် ရေစိမ်ပြီးမှသာသကြားကျို၊ဂျင်း၊သစ်သီးများသို့မဟုတ်အခြားဆေးဖက်ဝင်အပင်များနှင့်ရောစပ်ကာပေါင်းစားလေ့ ရှိကြသည်။မြန်မာနိုင်ငံတွင် မြိတ်၊ ထားဝယ်နှင့် ကမ်းရိုးတန်းကျွန်းစုများမှ အရည် အသွေးမြင့် သဘာဝငှက်သိုက်များ အဓိကထွက်ရှိသည်။ ဈေးကွက်အတွင်း၌ ရေစိမ်ပြီးသား အသင့်သောက်ငှက်သိုက်များအပြင် အစို၊ အခြောက်ပုံစံ ဝယ်ယူနိုင်ပါသည်။ ယနေ့အခါ အထူးသဖြင့် တရုတ်၊ထိုင်း၊စင်ကာပူ နိုင်ငံများသို့  အဆင်မြင့် နည်းပညာများကို အသုံးပြု၍ အဆင်မှီ အသင့် စားသုံးနိုင်သော ပုလင်းများ ထုတ်၍ နိုင်ငံ အများစုသို့ တင်ပို့ရောင်းချနိုင်ကြ၍ ဝင်ငွေကောင်းသော သဘာဝ လက်ဆောင် တစ်ခုပင်ဖြစ်သည်။

DOCA(မန္တလေး)      

ကန့်ဘလူမြို့နယ်တွင် ပြည်ပပို့ကုန် မတ်ပဲဈေးနှုန်း ဆက်လက်မြင့်တက်လာ

           စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်သည် စိုက်ပျိုးရေးလုပ်ငန်းများ ဖြစ်သည့် စပါး၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲစင်းငုံ၊ မတ်ပဲနှင့် ပဲမျိုးစုံ စသည့်သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ နိုင်ငံခြားဝင်ငွေရှာဖွေပေးနေသည့် ပြည်ပပို့ကုန် မတ်ပဲသီးနှံကို ကန့်ဘလူမြို့နယ် မြေထူးကျေးရွာ၊ ထန်းကုန်းကျေးရွာတွင် အဓိကစိုက်ပျိုးကြပြီး  အခြားသော ကျေးရွာများလည်း စိုက်ပျိုးလျက်ရှိ ကြောင်းနှင့်  ဆောင်း မတ်ပဲစိုက်ဧက(၄၉၃၃၆)ရှိပါကြောင်း စိုက်ပျိုးရေးဦးစီးဌာန၏ စာရင်းများအရ သိရှိရပါသည်။

      ကန့်ဘလူမြို့နယ်၌ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ပထမပတ်အတွင်း ဈေးနှုန်းများမှာ မတ်ပဲ တစ်တင်း ၉၀၀၀၀ ကျပ်၊ မတ်ပဲ(ဂျပန်)တစ်တင်း ၉၄၅၀၀ ကျပ်နှုန်းတို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း၊ ယခင်ဇူလိုင်လ ပထမပတ်၏ ဈေးနှုန်းများမှာ မတ်ပဲတစ်တင်းလျှင် ကျပ် ၇၈၇၀၀ နှင့်မတ်ပဲ(ဂျပန်)တစ်တင်း ကျပ် ၈၁၇၀၀ ဖြင့်အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခင်လနှင့် ယခုလဈေးနှုန်းနှိုင်းယှဉ်ပါက ဩဂုတ်လအတွင်း မတ်ပဲတစ်တင်းလျှင် ကျပ် ၁၁၀၀၀နှင့် မတ်ပဲ (ဂျပန်)တစ်တင်း ကျပ် ၁၂၀၀၀ ဈေးနှုန်းမြင့်တက်လာကြောင်း၊ မတ်ပဲသီးနှံများကို မန္တလေးမြို့ ရှိပွဲရုံများ၊ ကုန်စည်ဒိုင်များသို့ တင်ပို့ရောင်းချကြောင်း၊ မန္တလေးကုန်စည်ဒိုင် ပဲဈေးကွက်၏ အရောင်းအဝယ်ဖြစ်မှုနှင့် ဈေးနှုန်းအတက်၊အကျပေါ် မူတည်၍ ကန့်ဘလူဒေသထွက် ပဲမျိုး စုံသီးနှံသည် ဈေးနှုန်းအပြောင်းအလဲ ရှိပါကြောင်း သီးနှံရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သိရှိရသည်။

DOCA(စစ်ကိုင်း)

ဗီယက်နမ်နိုင်ငံ၏ နဂါးမောက်သီး စျေးနှုန်းများ နှစ်ဆခန့် ပြန်လည်မြင့်တက်လာ

         မေလအတွင်း နဂါးမောက်သီး အမျိုးအစားအချို့မှာ တစ်ကီလိုဂရမ်လျှင် ဗီယက်နမ်ဒေါင် ၃,၀၀၀ မှ ၅,၀၀၀ အထိ စံချိန်တင် လျော့ကျခဲ့ပြီးနောက် ယခုအခါ နဂါးမောက်သီး စျေးနှုန်းမှာ ၁၄,၀၀၀ မှ ၂၀,၀၀၀ အထိ ပြန်လည်မြင့်တက်လာခဲ့သဖြင့် တောင်သူများ အမြတ်အစွန်း ရရှိနေပြီ ဖြစ်သည်။

        စျေးကွက်အတွင်း လေ့လာစုံစမ်းချက်များအရ လက်လီနှင့် စိုက်ပျိုးရေး စျေးကွက်နှစ်ခုလုံးတွင် နဂါးမောက်သီး စျေးနှုန်းများမှာ မကြာသေးမီက ပြန်လည်မြင့်တက်လာကြောင်း သိရသည်။ သစ်သီးဆိုင်များတွင် အဆင့် (၁) အနီရောင် နဂါးမောက်သီးကို တစ်ကီလိုဂရမ်လျှင် ဗီယက်နမ်ဒေါင် ၃၅,၀၀၀ မှ ၄၀,၀၀၀ ဖြင့် ရောင်းချနေပြီး အဖြူရောင် နဂါးမောက်သီးမှာမူ ၂၀,၀၀၀ မှ ၂၅,၀၀၀ ဝန်းကျင်ရှိရာ မေလအတွင်း အနိမ့်ဆုံး စျေးနှုန်းများနှင့် ယှဉ်ပါက နှစ်ဆနီးပါး မြင့်တက်လာခြင်းဖြစ်ကြောင်း သိရသည်။

       ပင်မစိုက်ပျိုးရာ ဒေသတစ်ခုဖြစ်သည့် Binh Thuan တွင် အဆင့် (၁) အဖြူရောင် နဂါးမောက်သီးကို တစ်ကီလိုဂရမ်လျှင် ဗီယက်နမ်ဒေါင် ၁၄,၀၀၀ မှ ၁၅,၀၀၀ ဖြင့် ဝယ်ယူနေပြီး အနီရောင် နဂါးမောက်သီးမှာ ၁၉,၀၀၀ မှ ၂၀,၀၀၀ အထိ ရရှိနေသည်။ အရင်းအောက် လျှော့ရောင်းခဲ့ရသည့် လပေါင်းများစွာ ကြုံတွေ့ခဲ့ရပြီးနောက် ယခုစျေးနှုန်းများကြောင့် တစ်ကီလိုဂရမ်လျှင် ဗီယက်နမ်ဒေါင် ၃,၀၀၀ မှ ၄,၀၀၀ ဝန်းကျင် အမြတ်ရရှိနေပြီဖြစ်ကြောင်း တောင်သူများစွာက ပြောကြားကြောင်း သိရသည်။

      Binh Thuan ဒေသမှ နဂါးမောက်သီး ကုန်သည်တစ်ဦးဖြစ်သူ Mr. Xuan ၏ အဆိုအရ မကြာသေးမီက မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ထွက်ရှိမှုပမာဏမှာ လွန်ခဲ့သည့်နှစ် ကာလတူထက် ၁၀ ရာခိုင်နှုန်းခန့် လျော့ကျသွားကြောင်း သိရသည်။ တစ်ဖက်တွင်မူ သီးနှံများအတွက် ဝယ်လိုအားမှာ တည်ငြိမ်နေပြီး စိုက်ပျိုးထုတ်လုပ်မှု နည်းပါးသည့် အချိန်နှင့်လည်း ကြုံကြိုက်နေသဖြင့် ရောင်းလိုအား အဆမတန်လျော့နည်းကာ လပေါင်းများစွာ စျေးကျဆင်းခဲ့ပြီးနောက် စျေးနှုန်းများပြန်လည်မြင့်တက်လာခြင်းဖြစ်ကြောင်း သိဲရသည်။

       ပြည်ပပို့ကုန် စျေးကွက်များမှ ဝယ်လိုအားမှာ အားကောင်းနေဆဲဖြစ်သော်လည်း မိုးဆက်တိုက်ရွာသွန်းမှုက အသီး၏ အရည်အသွေးကို ထိခိုက်စေကာ ငြင်းပယ်ခံရသည့် ရာခိုင်နှုန်းကို မြင့်တက်စေပြီး စံချိန်စံညွှန်းမီသည့် ပို့ကုန်ပမာဏကို လျော့နည်းစေကြောင်း သိရသည်။

          အကောက်ခွန်ဆိုင်ရာ ဒေတာများအရ ၂၀၂၆ ခုနှစ် ပထမ ၆ လအတွင်း နဂါးမောက်သီး ပြည်ပတင်ပို့မှုမှာ အမေရိကန်ဒေါင် ၂၈၀ မီလီယံ ရှိခဲ့ပြီး လွန်ခဲ့သည့်နှစ် ကာလတူထက် ၃ ရာခိုင်နှုန်း နီးပါး လျော့နည်းသွားခဲ့သည်။ ပို့ကုန်တန်ဖိုး လျော့ကျသွားရခြင်းမှာ ကာလရှည် စျေးနှုန်းကျဆင်းမှုကြောင့် တောင်သူများ စိုက်ပျိုးမှုနှင့် ပြုစုပျိုးထောင်မှု လျှော့ချခဲ့၍ ထွက်နှုန်းနည်းသွားကာ ရောင်းလိုအား လျော့ကျခဲ့ခြင်းဖြစ်သည်။ ထို့အပြင် မကောင်းမွန်သော ရာသီဥတု အခြေအနေများကြောင့်လည်း ပို့ကုန်စံချိန်မီသည့် အသီးရာခိုင်နှုန်း နည်းပါးသွားပြီး ပြည်ပသို့တင်ပို့သည့် ကုန်စည်ပမာဏကို ထိခိုက်စေခဲ့ကြောင်း သိရှိရပါသည်။

Source : VN Express                                                                           

DOCA (ရန်ကုန်)

ဗီယက်နမ်နိုင်ငံ၏ သီဟိုဠ်စေ့စိမ်း တင်သွင်းမှု အမေရိကန်ဒေါ်လာ ၃ ဘီလီယံကျော်အထိ ရှိလာ

         ဇူလိုင်လလယ်အထိ ဗီယက်နမ်စီးပွားရေးလုပ်ငန်းများသည် ကမ္ဘောဒီးယားနိုင်ငံမှ အဓိကထား၍ သီဟိုဠ်စေ့စိမ်း တင်သွင်းမှုအတွက် အမေရိကန်ဒေါ်လာ ၃ ဘီလီယံကျော် သုံးစွဲခဲ့ပြီး ယင်းမှာ ကာလတူ ပမာဏများအနက် အမြင့်ဆုံး စံချိန်တင် ပမာဏဖြစ်သည်။

         အကောက်ခွန်ဦးစီးဌာန၏ စာရင်းဇယားများအရ ဇူလိုင်လ ၁၅ ရက်နေ့အထိ ဗီယက်နမ်နိုင်ငံသည် သီဟိုဠ်စေ့စိမ်း တန်ချိန် ၁.၈၁ သန်း တန်ဖိုး (အမေရိကန်ဒေါ်လာ ၃.၀၂၄ ဘီလီယံ) တင်သွင်းခဲ့သည်။ လွန်ခဲ့သည့်နှစ် ကာလတူနှင့် နှိုင်းယှဉ်ပါက တင်သွင်းမှုပမာဏ ၄ ရာခိုင်နှုန်းနှင့် တန်ဖိုး ၁၂.၃ ရာခိုင်နှုန်း မြင့်တက်လာခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

         ကမ္ဘောဒီးယားနိုင်ငံသည် ဗီယက်နမ်၏ သီဟိုဠ်စေ့စိမ်း အဓိက တင်သွင်းရာ စျေးကွက်အဖြစ် ဆက်လက်တည်ရှိနေပြီး စုစုပေါင်း တင်သွင်းမှုပမာဏ၏ ၅၄.၂ ရာခိုင်နှုန်းနှင့် တင်သွင်းမှုတန်ဖိုး စုစုပေါင်း၏ ၅၆.၃ ရာခိုင်နှုန်းအထိ ပါဝင်နေသည်။ ဗီယက်နမ်သည် ယင်းစျေးကွက်မှ သီဟိုဠ်စေ့ တန်ချိန် ၉၈၀,၇၀၀ (တန်ဖိုး အမေရိကန်ဒေါ်လာ ၁.၇ ဘီလီယံကျော်) တင်သွင်းခဲ့ရာ လွန်ခဲ့သည့်နှစ် ကာလတူနှင့် နှိုင်းယှဉ်ပါက ပမာဏအားဖြင့် ၁၀.၃ ရာခိုင်နှုန်းနှင့် တန်ဖိုးအားဖြင့် ၂၅.၉ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း သိရသည်။

         လက်ရှိတွင် ဗီယက်နမ်သည် ကမ္ဘာ့အကြီးဆုံး သီဟိုဠ်စေ့အဆန် အများဆုံးတင်ပို့သည့် နိုင်ငံဖြစ်သည်။ သို့သော်လည်း ပြည်တွင်းမှ ထွက်ရှိသည့် ကုန်ကြမ်းပမာဏသည် ကုန်ထုတ်လုပ်မှုလိုအပ်ချက်၏ အစိတ်အပိုင်းအချို့ကိုသာ ဖြည့်ဆည်းပေးနိုင်သဖြင့် စီးပွားရေးလုပ်ငန်းများအနေဖြင့် သီဟိုဠ်စေ့စိမ်းများကို အမြောက်အမြား တင်သွင်းနေရသည်။ သီဟိုဠ်စေ့အဆန်နှင့် အခြားသီဟိုဠ်စေ့  ထွက်ကုန်များကို ပဏာမပြုပြင်ဆန်းသစ်ပြီး ထုတ်လုပ်ပြီးနောက် ယင်းကုန်စည်များကို အမေရိကန်၊ တရုတ်နှင့် ဥရောပကဲ့သို့သော ပင်မစျေးကွက်ကြီးများသို့ ပြန်လည်တင်ပို့ကြကြောင်း သိရသည်။

        အခြားတစ်ဖက်တွင်မူ အကောက်ခွန်ဦးစီးဌာန၏ ဒေတာများအရ ဇူလိုင်လ ၁၅ ရက်နေ့အထိ ဗီယက်နမ်သည် အမျိုးအစားစုံ သီဟိုဠ်စေ့ တန်ချိန် ၃၇၃,၈၀၀ နီးပါး တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၂.၆၃ ဘီလီယံနီးပါး ဝင်ငွေရရှိခဲ့သည်။ လွန်ခဲ့သည့်နှစ် ကာလတူနှင့် နှိုင်းယှဉ်ပါက တင်ပို့မှုပမာဏမှာ အနည်းငယ် လျော့နည်းသွားသော်လည်း တင်ပို့မှု တန်ဖိုးမှာမူ ၃.၁ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း သိရသည်။

        တင်သွင်းမှုပမာဏက တင်ပို့မှုထက် ကျော်လွန်နေသဖြင့် စက်ရုံများ၏ ကုန်ထုတ်လုပ်နိုင်စွမ်းကို ပြည်တွင်းမှ ကုန်ကြမ်းရရှိမှု ပမာဏက မဖြည့်ဆည်းပေးနိုင်ဘဲ ထုတ်လုပ်ရေးအတွက် ကုန်ကြမ်းလိုအပ်ချက် မြင့်မားနေချိန်တွင် သီဟိုဠ်စေ့စက်မှုကဏ္ဍသည် ကုန်သွယ်မှုလိုငွေပြမှုနှင့် ဆက်လက်ကြုံတွေ့နေရဆဲဖြစ်ကြောင်း သိရှိရပါသည်။

Source : VN Express                                                                           

DOCA (ရန်ကုန်)

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ