Main menu

ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

ဗီယက်နမ်နိုင်ငံ၏ စတော်ဘယ်ရီသီး တင်ပို့မှု စံချိန်တင်မြင့်တက်လာ

 ​          ၂၀၂၆ ခုနှစ်၏ ပထမနှစ်လအတွင်း ဗီယက်နမ်နိုင်ငံ၏ စတော်ဘယ်ရီသီး ပြည်ပတင်ပို့မှုသည် အမေရိကန်ဒေါ်လာ ၃.၄ သန်းအထိ ရှိလာခဲ့ပြီး ယခင်နှစ်ကာလတူထက် အဆပေါင်း ၂,၀၀၀ ခန့် အထိ ထူးထူးခြားခြား မြင့်တက်လာကြောင်း အကောက်ခွန်ဆိုင်ရာ အချက်အလက်များအရ သိရသည်။

​          ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်တွင် စတော်ဘယ်ရီတင်ပို့မှုမှ ဒေါ်လာ ၆,၀၀၀ ခန့်သာ ရရှိခဲ့ရာမှ ၂၀၂၅ ခုနှစ်တွင် ဒေါ်လာ ၁.၇၄ သန်းအထိ တိုးတက်လာခဲ့ပြီး ယခု ၂၀၂၆ ခုနှစ် နှစ်စပိုင်းတွင်မူ စံချိန်တင်ပမာဏသို့ ရောက်ရှိလာခြင်းဖြစ်သည်။ ဗီယက်နမ် သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်အသင်း၏ အထွေထွေအတွင်းရေးမှူး Mr. Dang Phuc Nguyen ၏ ပြောကြားချက်အရ ဗီယက်နမ် စတော်ဘယ်ရီများကို တရုတ်၊ တောင်ကိုရီးယား၊ ဂျပန်၊ ထိုင်းနှင့် အီးယူဈေးကွက်များသို့ တင်ပို့လျက်ရှိကြောင်း သိရသည်။ လတ်ဆတ်သောအသီးများသည် သယ်ယူပို့ဆောင်ရန် ခက်ခဲသောကြောင့် တင်ပို့မှုအများစုမှာ အေးခဲထားသော စတော်ဘယ်ရီများ၊ အခြောက်ခံထားသော ထုတ်ကုန်များနှင့် ပြုပြင်မွမ်းမံထားသော ပစ္စည်းများဖြစ်သည်။

         Son La ပြည်နယ်၌ စတော်ဘယ်ရီစိုက်ဧက ဟက်တာ ၆၀၀ ကျော်ရှိပြီး တစ်နှစ်လျှင် တန်ချိန် ၁၀,၀၀၀ ခန့် ထွက်ရှိပြီး Lam Dong ပြည်နယ်တွင်လည်း ဟက်တာ ၁၇၀ ကျော် စိုက်ပျိုးထားသည်။ ထို့အပြင် ဟနွိုင်းကဲ့သို့သော မြို့ကြီးများတွင်လည်း နည်းပညာမြင့် စမတ်စိုက်ပျိုးရေးစနစ်များဖြင့် စတင်စိုက်ပျိုးနေပြီဖြစ်သည်။

         ယခုနှစ်တွင် အထွက်နှုန်းကောင်းမွန်သော်လည်း ပြည်တွင်းစားသုံးမှုနှင့် တင်ပို့မှုအပိုင်းတွင် နှေးကွေးနေခြင်းကြောင့် စိုက်ပျိုးသူအချို့ အရှုံးနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။ Xuan Que စတော်ဘယ်ရီ သမဝါယမအသင်းမှ တာဝန်ရှိသူတစ်ဦးက ပို့ကုန်ကဏ္ဍ ပိုမိုခိုင်မာစေရန်အတွက် သိုလှောင်ထိန်းသိမ်းမှုနည်းပညာ (Preservation Technology) မြှင့်တင်ပေးမည့် မူဝါဒများ လိုအပ်နေကြောင်း ထောက်ပြထားသည်။

​      အကယ်၍ သိုလှောင်မှုနှင့် သယ်ယူပို့ဆောင်ရေး (Logistics) အခက်အခဲများကို ဖြေရှင်းနိုင်ပါက စတော်ဘယ်ရီသည် ဒူးရင်းနှင့် နဂါးမောက်သီးတို့ကဲ့သို့ ဗီယက်နမ်၏ အဓိက ပို့ကုန်သစ်တစ်ခု ဖြစ်လာနိုင်ကြောင်း စီးပွားရေးလေ့လာသူများက သုံးသပ်ထားကြောင်း သိရှိရပါသည်။

​Source : VN Express                                                                           

DOCA (ရန်ကုန်)

ဗီယက်နမ်နိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှု တိုးတက်

         ၂၀၂၆ ခုနှစ်၏ ပထမသုံးလပတ်အတွင်း နိုင်ငံတကာကုန်သွယ်မှုပမာဏသည် အမေရိကန် ဒေါ်လာ ၂၄၉.၅ ဘီလီယံအထိ ရောက်ရှိခဲ့ပြီး ယခင်နှစ်ကာလတူထက် ၂၃ ရာခိုင်နှုန်း သိသိသာသာ မြင့်တက်လာကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာနအောက်ရှိ အမျိုးသားစာရင်းအင်းရုံး (NSO) က ဧပြီလ ၅ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

        ယခင်နှစ်က ပိုငွေပြခဲ့သည့် ကုန်သွယ်မှုအခြေအနေမှာ ယခုနှစ်တွင် ဒေါ်လာ ၃.၆၄ ဘီလီယံခန့် လိုငွေပြန်လည်ပြသခဲ့ကြောင်း သိရသည်။ သုံးလတာကာလအတွင်း စုစုပေါင်းပို့ကုန် တန်ဖိုးမှာ ဒေါ်လာ ၁၂၂.၉၃ ဘီလီယံရှိပြီး ၁၉.၁ ရာခိုင်နှုန်း တိုးတက်ခဲ့သည်။ ထူးခြားချက်အနေဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ (FDI) ၏ တင်ပို့မှုမှာ ၃၃.၃ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ပြီး စုစုပေါင်းပို့ကုန်၏ ၈၀ ရာခိုင်နှုန်းကျော်ကို ကိုယ်စားပြုနေသည်။ တစ်ဖက်တွင်မူ ပြည်တွင်းလုပ်ငန်းရှင်များ၏ တင်ပို့မှုမှာ ၁၆.၆ ရာခိုင်နှုန်းခန့် ကျဆင်းသွားသည်ကို တွေ့ရသည်။

      ပို့ကုန်အမျိုးအစားများတွင် စက်မှုကုန်ချောပစ္စည်းများမှာ အဓိကကျလျက်ရှိပြီး ဒေါ်လာ ၁၁၀.၅၂ ဘီလီယံ (ပို့ကုန်စုစုပေါင်း၏ ၉၀ ရာခိုင်နှုန်းနီးပါး) တင်ပို့နိုင်ခဲ့သည်။ စိုက်ပျိုးရေးနှင့် သစ်တောထွက်ကုန်များမှ ဒေါ်လာ ၉.၃၄ ဘီလီယံနှင့် ရေထွက်ကုန်များမှ ဒေါ်လာ ၂.၆၄ ဘီလီယံ အသီးသီး ရရှိခဲ့သည်။

          သွင်းကုန်ပမာဏမှာ ၂၇ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ပြီး စုစုပေါင်း ဒေါ်လာ ၁၂၆.၅၇ ဘီလီယံ ရှိခဲ့သည်။ တင်သွင်းမှု၏ ၉၄ ရာခိုင်နှုန်းခန့်မှာ ကုန်ထုတ်လုပ်မှုအတွက် လိုအပ်သောစက်ပစ္စည်းများ၊ ကိရိယာများနှင့် ကုန်ကြမ်းပစ္စည်းများဖြစ်ကြောင်း NSO ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

         မတ်လတစ်လတည်း၏ ကုန်သွယ်မှုမှာ သိသိသာသာ အရှိန်မြင့်တက်ခဲ့ပြီး ပို့ကုန်နှင့် သွင်းကုန်စုစုပေါင်း ဒေါ်လာ ၉၃.၅၅ ဘီလီယံရှိခဲ့ကာ ဖေဖော်ဝါရီလထက် ၃၉.၂ ရာခိုင်နှုန်း တိုးတက်လာခဲ့သည်။ သို့သော်လည်း မတ်လအတွင်း သွင်းကုန်ပမာဏ ပိုမိုများပြားခဲ့ခြင်းကြောင့် အဆိုပါလတွင်လည်း ဒေါ်လာ ၀.၆၇ ဘီလီယံ ကုန်သွယ်မှုလိုငွေပြခဲ့ကြောင်း သိရှိရပါသည်။

Source : VN Express                                                                           

DOCA (ရန်ကုန်)

စားအုန်းဆီအကြမ်း ပြည်ပတင်ပို့မှု ထိန်းချုပ်ရေးကို တင်းကျပ်တော့မည့် ထိုင်းနိုင်ငံ

         စွမ်းအင်ကဏ္ဍနှင့် ပြည်ပတင်ပို့မှုလိုအပ်ချက် မြင့်တက်နေချိန်တွင် ပြည်တွင်းရိက္ခာဖူလုံမှုကို ကာကွယ်ရန်အတွက် ထိုင်းနိုင်ငံသည် စားအုန်းဆီအကြမ်း ပြည်ပတင်ပို့မှုကို ဧပြီလ ၇ ရက်နေ့မှစ၍ တင်းကျပ်သွားမည်ဖြစ်ကြောင်း သိရပါသည်။ အဆိုပါအစီအမံကို ကုန်စည်နှင့် ဝန်ဆောင်မှုဆိုင်ရာ ဈေးနှုန်းဗဟိုကော်မတီ၏ ၂၀၂၆ ခုနှစ် ကြေညာချက်အမှတ် (၁) အဖြစ် တော်ဝင်ဂေဇက် (Royal Gazette) တွင် ထုတ်ပြန်ခဲ့ကြောင်း သိရပါသည်။

     အဆိုပါ အကြောင်းကြားစာအရ မည်သူမဆို ဧပြီလ ၇ ရက်နေ့မှစ၍ ကုန်စည်နှင့် ဝန်ဆောင်မှုဆိုင်ရာ ဈေးနှုန်းဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးထံမှ ကြိုတင်စာသားဖြင့် ခွင့်ပြုချက်မရရှိဘဲ စားအုန်းဆီအကြမ်း (CPO) ကို ပြည်ပသို့ တင်ပို့ခြင်းပြုနိုင်မည် မဟုတ်ကြောင်း သိရပါသည်။ ခွင့်ပြုချက်လျှောက်ထားလွှာများကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်တွင်းကုန်သွယ်ရေး ဦးစီးဌာနရှိ ဗဟိုကော်မတီရုံးသို့ တင်ပြရမည်ဖြစ်ကြောင်း သိရပါသည်။ အဆိုပါထိန်းချုပ်မှု အစီအမံသည် ကြေညာချက်ထုတ်ပြန်ပြီး နောက်တစ်ရက်မှစ၍ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တစ်နှစ်ကြာ အကျုံးဝင်မည်ဖြစ်ကြောင်းနှင့် အကယ်၍ အကြောင်းကြားစာအသစ် စောစီးစွာ ထွက်ပေါ်လာခြင်းမရှိပါက ဤအတိုင်း အတည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

         ခွင့်ပြုချက်ရရှိသော တင်ပို့သူများသည် ခွင့်ပြုမိန့်တွင် ဖော်ပြထားသည့် အမျိုးအစား၊ အရေအတွက်၊ အချိန်ကာလနှင့် ဦးတည်ရာနိုင်ငံအတိုင်းသာ တင်ပို့ရမည်ဖြစ်ပြီး၊ တင်ပို့မှုတိုင်းတွင် ခွင့်ပြုမိန့်ပါရှိရမည်ဖြစ်ကြောင်းနှင့် ခွင့်ပြုမိန့်တစ်ခုလျှင် တစ်ကြိမ်သာ တင်ပို့ရန်အသုံးပြုနိုင် ကြောင်း သိရပါသည်။ ထိုသတ်မှတ်ချက်များကို လိုက်နာရန်ပျက်ကွက်သည့် မည်သည့်တင်ပို့မှုမဆို ခွင့်ပြုချက်မရှိဘဲ တင်ပို့မှုအဖြစ် သတ်မှတ်မည်ဖြစ်ကြောင်း သိရပါသည်။

          အရှေ့အလယ်ပိုင်း ပဋိပက္ခကြောင့် ကမ္ဘာ့ရေနံဈေးနှုန်းများ ဆက်လက်မြင့်တက်နေကြောင်း မတ်လ ၂၅ ရက်နေ့က ဆုံးဖြတ်ချက်ချပြီးနောက် ယခုကဲ့သို့ အရေးယူဆောင်ရွက်ခြင်းဖြစ်သည်ဟု ကော်မတီက ပြောကြားခဲ့ပါသည်။ တစ်ချိန်တည်းမှာပင် စွမ်းအင်ကဏ္ဍ၌ ဒီဇယ်တွင် ဘိုင်အိုဒီဇယ် ရောစပ်မှုနှုန်းမြှင့်တင်ရန် မျှော်မှန်းထားသကဲ့သို့၊ ထိုင်းစားအုန်းဆီအကြမ်းကို ပြည်ပမှဝယ်ယူလိုသည့် အဝယ်လိုက်မှုလည်း မြင့်တက်နေခြင်းက ပြည်တွင်း၌ CPO လိုအပ်ချက် ပိုမိုအားကောင်းလာစေမည့် အလားအလာဖြစ်ပေါ်နေကြောင်း သိရပါသည်။ အဆိုပါ လုပ်ဆောင်ခြင်း၏ ရည်ရွယ်ချက်မှာ စားအုန်းဆီအကြမ်းပမာဏကို ဈေးကွက်အခြေအနေနှင့်အညီ စီမံခန့်ခွဲရန်နှင့် စားသုံးမှု၊ စက်မှုလက်မှုနှင့် စွမ်းအင်ကဏ္ဍတို့အကြား မျှခြေကို ထိန်းသိမ်းရန်ဖြစ်ပြီး၊ တစ်နှစ်ပတ်လုံး ပြည်တွင်းအသုံးပြုရန်အတွက် လုံလောက်သော ရိက္ခာရှိနေစေရန် အာမခံချက်ပေးနိုင်ရန်ဖြစ်ကြောင်း သိရပါသည်။ အဆိုပါကြေညာချက်ကို ကုန်စည်နှင့် ဝန်ဆောင်မှုဆိုင်ရာ ဈေးနှုန်းဗဟိုကော်မတီ ဥက္ကဋ္ဌ တာဝန်ဖြင့် လက်ရှိ ဒုတိယဝန်ကြီးချုပ်နှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဖြစ်သူ Suphajee Suthumpun က မတ်လ ၂၆ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

Source: Nation Thailand                                                            

DOCA (ရန်ကုန်)

ရေနံဓာတုပစ္စည်း သွင်းကုန်ခွန်များကို ပယ်ဖျက်လိုက်သည့် အိန္ဒိယနိုင်ငံ

       အီရန်စစ်ပွဲကြောင့် ဖြစ်ပေါ်လာသည့် ပြတ်လပ်မှုများကြောင့် အစိုးရက အရေးပေါ်လုပ်ပိုင်ခွင့်များကို အသုံးပြုကာ ဒေသတွင်းထွက် ဓာတုပစ္စည်းများကို ချက်ပြုတ်ဂတ်စ် ထုတ်လုပ်မှုဆီသို့ လွှဲပြောင်းပေးခဲ့ရပြီးနောက်၊ အိန္ဒိယနိုင်ငံသည် ပလတ်စတစ်နှင့် ဆေးဝါးပစ္စည်းများ ထုတ်လုပ်ရာတွင် အသုံးပြုသည့် ရေနံဓာတုပစ္စည်းများအပေါ် ကောက်ခံသော သွင်းကုန်ခွန်ကို ပယ်ဖျက်လိုက်ကြောင်း သိရပါသည်။

          ထုတ်ကုန် ၄၀ မျိုးအပေါ် သွင်းကုန်ခွန် ကင်းလွတ်ခွင့်သည် ဇွန်လ ၃၀ ရက်နေ့အထိ အကျုံးဝင်ကြောင်း ဧပြီလ ၃ ရက်နေ့ ထုတ်ပြန်သည့် အစိုးရ၏ ထုတ်ပြန်ချက်အရ သိရပါသည်။ အိန္ဒိယနိုင်ငံသည် ထိုကဲ့သို့သော ရေနံဓာတု ဆင်းသက်လာပစ္စည်းများကို အသားတင် တင်သွင်းနေရသည့် နိုင်ငံဖြစ်သော်လည်း၊ အရည်ပျော်ရေနံဓာတ်ငွေ့ (LPG)၊ နက်ဖ်သာ (Naphtha) နှင့် အီသိန်း (Ethane) ကဲ့သို့သော ကုန်ကြမ်းများကိုအသုံးပြု၍ ပြည်တွင်း၌လည်း ထုတ်လုပ်လျက်ရှိကြောင်း သိရပါသည်။

          အီရန်နိုင်ငံအပေါ် အမေရိကန်-အစ္စရေး တိုက်ခိုက်မှုများဖြစ်ပွားပြီး ရက်ပိုင်းအကြာတွင်၊ အိန္ဒိယအစိုးရသည် ပြည်တွင်း၌ ထုတ်လုပ်သော ရေနံဓာတု အစိတ်အပိုင်းများကို အဓိကအားဖြင့် ချက်ပြုတ်ဂတ်စ်အဖြစ် အသုံးပြုသည့် LPG ထုတ်လုပ်မှုသို့ လွှဲပြောင်းအသုံးပြုရန် ကုမ္ပဏီများကို အမိန့်ကြေညာခဲ့ကြောင်း သိရပါသည်။

         အိန္ဒိယသည် ကမ္ဘာပေါ်တွင် LPG ဒုတိယအများဆုံး တင်သွင်းသည့် နိုင်ငံဖြစ်ပြီး၊ ၎င်း၏ လိုအပ်ချက် ၆၀ ရာခိုင်နှုန်းခန့်ကို ပြည်ပမှ ဝယ်ယူမှုများဖြင့် ဖြည့်ဆည်းနေရကြောင်း သိရပါသည်။ အဆိုပါလမ်းကြောင်းပြောင်းလဲလိုက်ခြင်းသည် ကုန်ကြမ်းရရှိမှုနည်းပါးခြင်း၊ ဈေးနှုန်းမြင့်တက်လာခြင်းနှင့် အပိုကြေးများ ပိုမိုပေးဆောင်ရခြင်းတို့နှင့် ရုန်းကန်နေရသည့် ရေနံဓာတု ထုတ်လုပ်သူများအပေါ် ဖိအားများဖြစ်စေခဲ့ကြောင်း သိရပါသည်။ အာရှတစ်လွှားရှိ ပလတ်စတစ်နှင့် ထုပ်ပိုးပစ္စည်း ထုတ်လုပ်သူများသည်လည်း ရေနံဓာတု စက်ရုံများ၏ ထုတ်ကုန်အပေါ် သက်ရောက်မှုရှိနေသည့် မြင့်တက်လာသော အပိုကြေးများနှင့် ရင်ဆိုင်နေကြရပြီဖြစ်ကြောင်း သိရှိရပါသည်။

Source: The Daily Star                                                              

DOCA (ရန်ကုန်)

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အစိုးရဂိုဒေါင်များတွင် စားနပ်ရိက္ခာ တန်ချိန် ၁၉.၂ သိန်းခန့် ရှိနေ

       ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အစိုးရဂိုဒေါင်များတွင် လက်ရှိ၌ ဆန်တန်ချိန် ၁၅.၇၉ သိန်းတန်နှင့် ဂျုံတန်ချိန် ၃.၃၉ သိန်းတန် အပါအဝင် စုစုပေါင်း စားနပ်ရိက္ခာ တန်ချိန် ၁၉.၂ သိန်းတန်ခန့်ရှိကြောင်း အစားအသောက်ဆိုင်ရာ ပြည်နယ်ဝန်ကြီး Md Abdul Bari က မတ်လ ၆ ရက်‌နေ့တွင် လွှတ်တော်၌ ပြောကြားခဲ့ကြောင်း သိရပါသည်။

         ပြည်နယ်ဝန်ကြီးက ရိက္ခာပြတ်လပ်မှုမရှိစေရန်အတွက် အစိုးရသည် ဆန်နှင့် ဂျုံတို့ကို အစိုးရအချင်းချင်း (G-to-G) သဘောတူညီချက်များဖြင့်လည်းကောင်း၊ တင်ဒါခေါ်ယူမှုများဖြင့်လည်းကောင်း တင်သွင်းလျက်ရှိကြောင်း ပြောကြားခဲ့ပါသည်။ ပြည်နယ်ဝန်ကြီး၏ အဆိုအရ ယခု ၂၀၂၅-၂၆ ဘဏ္ဍာရေးနှစ်အတွင်း နိုင်ငံတကာတင်ဒါမှ ဆန်တန်ချိန် ၅ သိန်းနှင့် G-to-G စနစ်ဖြင့် တန်ချိန် ၁ သိန်းတန်၊ စုစုပေါင်း တန်ချိန် ၆ သိန်းတန်ခန့် တင်သွင်းရန် စာချုပ်ချုပ်ဆိုထားရာတွင် လက်ရှိ၌ ဆန်တန်ချိန် ၃ သိန်း လက်ခံရရှိပြီးဖြစ်ကြောင်း သိရပါသည်။ ကျန်ရှိသော တန်ချိန် ၃ သိန်းတန်မှာ ပေးပို့ရန် စောင့်ဆိုင်းဆဲဖြစ်ကြောင်း သိရပါသည်။

         ဂျုံတင်သွင်းမှုနှင့် ပတ်သက်၍ အမေရိကန်ပြည်ထောင်စုထံမှ တန်ချိန် ၇.၁၀ သိန်း တန်တင်သွင်းရန် စာချုပ်ချုပ်ဆိုထားရာတွင် တန်ချိန် ၅.၃၅ သိန်းတန် ရရှိထားပြီးဖြစ်ကာ၊ ကျန်ရှိသော တန်ချိန် ၁.၇၅ သိန်းတန်ကို သတ်မှတ်ကာလအတွင်း ရရှိရန်မျှော်မှန်းထားကြောင်း သိရပါသည်။ အစားအသောက်ဝန်ကြီးဌာန လက်အောက်ရှိ အစားအသောက်စီမံကိန်းနှင့် စောင့်ကြည့်ရေးကော်မတီ (FPMC) သည် ပြည်တွင်းဝယ်ယူရေးမူဝါဒများကို ကြီးကြပ်လျက်ရှိပြီး ၂၀၂၆ခုနှစ် မေလမှ သြဂုတ်လအထိ ကျရောက်မည့် လာမည့် Boro စပါးရာသီတွင် စပါးတန်ချိန် ၅ သိန်းတန်နှင့် ဆန်တန်ချိန် ၁၂.၁၃ သိန်း ဝယ်ယူရန် စီစဉ်ထားကြောင်း Abdul Bari က ဆက်လက်ပြောကြားခဲ့ပါသည်။ ထို့ပြင် လာမည့် ၂၀၂၆-၂၇ ဘဏ္ဍာရေးနှစ်တွင်လည်း လိုအပ်ချက်အရ ဆန်နှင့် ဂျုံတို့ကို ပြည်တွင်း၊ ပြည်ပ နှစ်ရပ်လုံးမှ ဆက်လက်ဝယ်ယူသွားမည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောဆိုခဲ့ကြောင်း သိရှိရပါသည်။

Source: The Daily Star                                                              

DOCA (ရန်ကုန်)

အသားတင်သွင်းမှုမှ အခွန်ငွေ ပီဆို ၂၂ ဘီလီယံရရှိခဲ့သည့် ဖိလစ်ပိုင်နိုင်ငံ

           ဖိလစ်နိုင်ငံသည် ၎င်းနိုင်ငံအတွင်း မြင့်တက်လာသော တိရစ္ဆာန်ပရိုတင်းလိုအပ်ချက်ကို ဖြည့်ဆည်းရန်အတွက် ပြည်ပမှတင်သွင်းမှုများအပေါ် ဆက်လက်မှီခိုနေရသဖြင့် တင်သွင်းမှုပမာဏ ပိုမိုများပြားလာရာ ပြီးခဲ့သည့်နှစ်တွင် အစိုးရအနေဖြင့် ပြည်ပမှတင်သွင်းသောအသားများ မှ အကောက်ခွန်နှင့် အခွန်ငွေ စုစုပေါင်း ပီဆို ၂၂ ဘီလီယံကျော်အထိ စံချိန်တင်ရရှိခဲ့ကြောင်း သိရပါသည်။

        ပြည်သူ့လွှတ်တော်၏ ကွန်ဂရက်ဆိုင်ရာ မူဝါဒနှင့် ဘတ်ဂျက်သုတေသနဌာန (CPBRD) ၏ အစီရင်ခံစာတွင် အကောက်ခွန်ဦးစီးဌာန (BOC) ၏ အချက်အလက်များကို အသုံးပြု၍ ၂၀၂၃ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ အသားတင်သွင်းမှုမှ အစိုးရ၏ အကောက်ခွန်နှင့် တန်ဖိုးသင့်အခွန် (VAT) ရရှိမှုများကို တွက်ချက်ဖော်ပြထားကြောင်း သိရပါသည်။

            CPBRD ၏ အဆိုအရ ပြီးခဲ့သည့်နှစ်တွင် အစိုးရသည် ပြည်ပမှတင်သွင်းသော အသားထုတ်ကုန်များမှ အခွန်ငွေ ပီဆို ၂၂.၄၅ ဘီလီယံ ရရှိခဲ့ပြီး၊ ၎င်းမှာ ၂၀၂၄ ခုနှစ်တွင် ကောက်ခံရရှိခဲ့သည့် ပီဆို ၁၇.၃ ဘီလီယံထက် ၃၀ ရာခိုင်နှုန်း မြင့်တက်လာခြင်းဖြစ်ကြောင်း သိရပါသည်။ ရရှိသောအခွန်ငွေ၏ ၉၉.၉ ရာခိုင်နှုန်းခန့်မှာ အကောက်ခွန်မှဖြစ်ပြီး ကျန်ရှိသောပမာဏမှာ တန်ဖိုးသင့်အခွန် (VAT) မှ ဖြစ်ကြောင်း သိရပါသည်။ အသားတင်သွင်းမှုအများစုမှာ စိုက်ပျိုးရေးကုန်စည်များဖြစ်သောကြောင့် VAT ကင်းလွတ်ခွင့် ရရှိထားကြကြောင်း သိရပါသည်။ အသားတင်သွင်းမှုအချို့ဖြစ်သော နှပ်ထားသည့်အသား၊ အမွှေးအကြိုင်ခတ်ထားသည့်အသား၊ ဆားနယ်ထားသည့်အသား သို့မဟုတ် စည်သွတ်ထားသည့် အသားထုတ်ကုန်များသည် ၁၂ ရာခိုင်နှုန်း VAT ပေးဆောင်ရကြောင်း CPBRD မှထုတ်ပြန်သော ထုတ်ပြန်ချက်များ အရသိရပါသည်။ တင်သွင်းလာသော အသားများအပေါ် ကောက်ခံသည့် အကောက်ခွန်နှုန်းထားမှာ အသားအမျိုးအစားနှင့် အမျိုးအစားခွဲခြားမှုအပေါ်မူတည်၍ ၅ ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်းအတွင်းရှိကြောင်း သိရပါသည်။ ဝက်အတွင်းကလီစာများနှင့် စက်ဖြင့်အရိုးနွှင်ထားသော ကြက်သား (MDM) ကဲ့သို့သော အသားထုတ်ကုန်များကို ၅ ရာခိုင်နှုန်း ကောက်ခံပြီး၊ ဝက်သားကိုမူ နှစ်စဉ်ခွဲတမ်းပမာဏ အတွင်း သို့မဟုတ် အပြင် တင်သွင်းမှုအပေါ် မူတည်၍ ၁၅ ရာခိုင်နှုန်း သို့မဟုတ် ၂၅ ရာခိုင်နှုန်း အကောက်ခွန် ကောက်ခံလေ့ရှိကြောင်း သိရှိရပါသည်။

            စုစုပေါင်းရရှိငွေ၏ ထက်ဝက်ခန့်ရှိသော ဝက်သားတင်သွင်းမှုမှ အစိုးရ၏ အခွန်ရရှိငွေသည် ယခင်နှစ်က ပီဆို ၈.၉၂ ဘီလီယံ ရှိခဲ့ရာမှ ယခုနှစ်တွင် ပီဆို ၁၂.၇၂ ဘီလီယံအထိ တစ်နှစ်ထက်တစ်နှစ် ၄၂.၆ ရာခိုင်နှုန်း မြင့်တက်လာကြောင်း သိရပါသည်။ CPBRD အစီရင်ခံစာအရ ကြက်သားထုတ်ကုန်တင်သွင်းမှုမှ အစိုးရအတွက် အခွန်ငွေ ပီဆို ၇.၅၇ ဘီလီယံ ရရှိခဲ့ပြီး၊ အမဲသားတင်သွင်းမှုမှ ရရှိငွေမှာ ပြီးခဲ့သည့်နှစ်တွင် ပီဆို ၂.၁၆ ဘီလီယံအထိ ရှိခဲ့ပါသည်။

          ဘရာဇီးနိုင်ငံသည် ပြီးခဲ့သည့်နှစ်တွင် စုစုပေါင်းတင်သွင်းမှုပမာဏ၏ ၄၂.၅ ရာခိုင်နှုန်းခန့် သို့မဟုတ် မက်ထရစ်တန်ချိန် ၆၇၄,၀၄၆ တန်ခန့်ဖြင့် နိုင်ငံ၏ ထိပ်တန်းအသားတင်သွင်းရာ ရင်းမြစ်ဖြစ်လာခဲ့ပါသည်။ ၂၀၂၅ ခုနှစ်တွင် ဘရာဇီးသည် ဖိလစ်ပိုင်နိုင်ငံသို့ ဝက်သား၊ ကြက်သားနှင့် အမဲသားအများဆုံး တင်ပို့သည့် နိုင်ငံဖြစ်ခဲ့ကြောင်း သိရှိရပါသည်။

Source: Philstar                                                                        

DOCA (ရန်ကုန်)

အရှေ့အလယ်ပိုင်း တင်းမာမှုကြောင့် ဗီယက်နမ်ဆန်တင်ပို့မှု ကြန့်ကြာပြီး ကုန်ကျစရိတ်များ မြင့်တက်လာ

      အရှေ့အလယ်ပိုင်းဒေသ တင်းမာမှုများကြောင့် သင်္ဘောတင်ပို့မှု ကြန့်ကြာလာပြီး ရေလမ်း သယ်ယူပို့ဆောင်မှုစရိတ်များ မြင့်တက်လာခြင်းက ဗီယက်နမ် ဆန်တင်ပို့မှုကို အနှောင့်အယှက် ဖြစ်စေလျက်ရှိသည်။ ကုန်သည်များအနေဖြင့် ကုန်ပစ္စည်းပေးပို့မှုများကို ရွှေ့ဆိုင်းနေရပြီး စာချုပ် သစ်များ ချုပ်ဆိုရာတွင်လည်း ပိုမို သတိထားဆောင်ရွက်နေရကြောင်း တာဝန်ရှိသူများက မတ်လ ၂၄ ရက် (အင်္ဂါနေ့) တွင် ပြောကြားခဲ့သည်။

   ကမ္ဘာ့အကြီးဆုံး ဆန်တင်ပို့သည့်နိုင်ငံများအနက် တစ်ခုဖြစ်သော ဗီယက်နမ်နိုင်ငံသည် ၂၀၂၆ ခုနှစ်တွင် ဆန်ထုတ်လုပ်မှုအားကောင်းရန် မျှော်လင့်ထားပြီး ယခုနှစ်အတွင်း ဆန်တင်ပို့မှုမှာ တန်ချိန် ၇.၇၃ သန်းခန့်အထိ ရှိလာမည်ဟု ခန့်မှန်းထားသော်လည်း ယခုကဲ့သို့ သယ်ယူပို့ဆောင် ရေးဆိုင်ရာ စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရခြင်း ဖြစ်သည်။

    မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသရှိ Can Tho မြို့တွင် ကျင်းပပြုလုပ်သော အစိုးရ၏ ဆန်တင်ပို့ မှုဆိုင်ရာညီလာခံတွင် တင်ပြခဲ့သည့် အကောက်ခွန်ဆိုင်ရာ အချက်အလက်များအရ ဗီယက်နမ် နိုင်ငံသည် မတ်လ ၁၅ ရက်နေ့အထိ အမေရိကန်ဒေါ်လာ ၈၂၆.၂ သန်း တန်ဖိုးရှိသော ဆန်တန်ချိန် ၁.၇၄ သန်းခန့်ကို တင်ပို့ခဲ့ပြီး ဖြစ်သည်။ ဆန်တင်ပို့မှု ပမာဏမှာ ယခင်နှစ်ကာလတူထက် ၂.၃ ရာခိုင်နှုန်း မြင့်တက်လာသော်လည်း ကမ္ဘာ့ဈေးကွက်အတွင်း ဆန်ဈေးနှုန်းများ ကျဆင်းသွားခြင်း ကြောင့် ပို့ကုန်ဝင်ငွေမှာ ၈.၇ ရာခိုင်နှုန်းခန့် ကျဆင်းသွားခဲ့သည်။ အဓိက ဆန်တင်ပို့သည့် နိုင်ငံကြီး များဖြစ်သော အိန္ဒိယနှင့် ထိုင်းနိုင်ငံတို့မှ ဆန်တင်သွင်းမှု များပြားလာခြင်းကြောင့် ပျမ်းမျှ ပို့ကုန် ဈေးနှုန်းမှာ ၁၀.၇ ရာခိုင်နှုန်းအထိ လျော့ကျသွားပြီး တစ်တန်လျှင် ၄၇၇.၆ ဒေါ်လာခန့်သာရှိ ကြောင်း သိရသည်။

    တစ်ချိန်တည်းမှာပင် အရှေ့အလယ်ပိုင်းဒေသရှိ ပဋိပက္ခများကြောင့် သင်္ဘောလမ်းကြောင်း များနှင့် သယ်ယူပို့ဆောင်ရေးစရိတ်များ မြင့်တက်လာသဖြင့် ပို့ကုန်လုပ်ငန်းရှင်များသည် တိုးမြင့် လာသော ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ အခက်အခဲများနှင့် ရင်ဆိုင်နေရခြင်း ဖြစ်သည်။ ၂၀၂၆ ခုနှစ်အတွင်း ဆန်တင်ပို့မှုများသည် အရှေ့အလယ်ပိုင်းဒေသရှိ ပဋိပက္ခများ၏ ရိုက်ခတ်မှုကိုခံရ ဖွယ်ရှိသည်ဟု စက်မှုနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ သွင်းကုန်ထုတ်ကုန်ဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ် Nguyen Anh Son က ပြောကြားခဲ့သည်။

   ရေကြောင်းအာမခံကြေးများ မြင့်တက်လာပြီး ကုန်ပစ္စည်းပေးပို့ရသည့် ကြာမြင့်ချိန်မှာ ၁၀ ရက်မှ ၁၅ ရက်အထိ ပိုမိုကြာမြင့်လာသည်။ ထို့ပြင် ဆန်တင်ပို့မှုအတွက် ပြည်တွင်း သယ်ယူ ပို့ဆောင်မှုစရိတ်မှာလည်း တစ်တန်လျှင် ဗီယက်နမ်ဒေါင် ၂၀,၀၀၀ မှ ၃၀,၀၀၀ (အမေရိကန် ဒေါ်လာ ၀.၈ မှ ၁.၂) ခန့်အထိ မြင့်တက်လာကြောင်း Nguyen Anh Son က ထပ်လောင်းပြောကြားခဲ့သည်။

    ပို့ကုန်လုပ်ငန်းရှင်များသည် ကွန်တိန်နာအလွတ်များ ရှားပါးမှုနှင့် သင်္ဘောလိုင်းအချို့၏ အရှေ့အလယ်ပိုင်းသို့ သွားမည့် ဝန်ဆောင်မှုခရီးစဉ်များကို လျှော့ချခြင်း သို့မဟုတ် လမ်းကြောင်း ပြောင်းလဲခြင်းများကြောင့် သင်္ဘောအချိန်ဇယားများ မကြာခဏ ပြောင်းလဲနေရသည့် အခြေအနေ များကိုလည်း ရင်ဆိုင်နေကြရသည်။ ထို့ကြောင့် ကုန်ပစ္စည်းတင်ရန် နေရာရရှိမှု ခက်ခဲလာပြီး သတ်မှတ်ထားသော ကုန်ပစ္စည်းပေးပို့ရမည့် ရက်ချိန်းများကို ပြည့်မီရန် ပိုမိုခက်ခဲလာစေသည်။

     ကုန်သည်အများအပြားသည် စာချုပ်များကို ပြန်လည်ညှိနှိုင်းခြင်း သို့မဟုတ် ကုန်ပစ္စည်း ပေးပို့မှုများကို ရွှေ့ဆိုင်းခြင်းများ ပြုလုပ်နေရပြီး ကုမ္ပဏီအချို့မှာမူ ကမ္ဘာ့ဈေးကွက်အတွင်း မရေ ရာမှုများ ဆက်လက်ဖြစ်ပေါ်နေခြင်းကြောင့် အော်ဒါအသစ်များကို ဆိုင်းငံ့ထားကြောင်း သိရသည်။ ဖိလစ်ပိုင်နိုင်ငံသည် ဗီယက်နမ်ဆန်၏ အကြီးမားဆုံးဈေးကွက်အဖြစ် ဆက်လက်တည်ရှိနေပြီး ၂၀၂၆ ခုနှစ်၏ ပထမလများအတွင်း ဗီယက်နမ်ဆန်တင်ပို့မှု စုစုပေါင်း၏ ၅၆ ရာခိုင်နှုန်းနီးပါး (တန်ချိန် ၇၁၁,၀၀၀ ခန့်) ကို ဝယ်ယူခဲ့သည်။ ၎င်းမှာ ဖိလစ်ပိုင်နိုင်ငံမှ ဆန်တင်သွင်းမှုများကို ပြန်လည် စတင်ခဲ့ပြီးနောက် ယခင်နှစ် အလားတူကာလထက် ၃၀ ရာခိုင်နှုန်းခန့် မြင့်တက်လာခြင်း ဖြစ်သည်။

   ထို့ပြင် တရုတ်နိုင်ငံသည် ဒုတိယနေရာတွင် ရပ်တည်နေပြီး တန်ချိန် ၁၇၈,၀၀၀ ခန့် တင်သွင်းခဲ့သည်။ ၎င်းမှာ Tet ဟုခေါ်သော Lunar နှစ်ကူးပွဲတော်မတိုင်မီ ဝယ်လိုအား မြင့်တက် လာခြင်းကြောင့် ယခင်နှစ် ကာလတူထက် နှစ်ဆကျော် ပိုမိုများပြားလာခြင်း ဖြစ်သည်။ မလေးရှား နှင့် ဩစတေးလျ ကဲ့သို့သော အခြားဈေးကွက်များတွင်လည်း သိသာထင်ရှားသော တိုးတက်မှုများ ရှိခဲ့သော်လည်း အာဖရိကနိုင်ငံအချို့သို့ ဆန်တင်ပို့မှုမှာ မူယခင်နှစ်က ဝယ်လိုအားထက်  အဆမတန် မြင့်တက်ခဲ့ပြီး ယခုနှစ်တွင် ပြန်လည်ကျဆင်းသွားခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

Source: Vietnam net Global, 25 March 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

 

 

 

 

 

 

 

 

 

ဈေးနှုန်းပြန်လည်မြင့်တက်ခြင်းနှင့် အယ်နီညိုရာသီဥတုခန့်မှန်းချက်ကြောင့် ၂၀၂၆ ခုနှစ်တွင် အိန္ဒိယ၏ ဝါစိုက်ဧရိယာ တိုးလာနိုင်

 

    အိန္ဒိယနိုင်ငံတွင်  ၂၀၂၆ ခုနှစ် မိုးရာသီကာလတွင် ဝါစိုက်ဧကပမာဏသည် ယခင်ထက် ၅ ပုံ ၁ ပုံ ထိ တိုးလာနိုင်ဖွယ်ရှိကြောင်း၊ အကြောင်းရင်းမှာ ပြည်တွင်းဈေးနှုန်းများ ပြန်လည်မြင့်တက် လာခြင်း၊ ဝါသီးနှံအား ကမ္ဘာလုံးဆိုင်ရာ ဝယ်လိုအားတိုးလာခြင်းနှင့် အယ်နီညိုရာသီဥတု အခြေ အနေ ဖြစ်ပေါ်လာနိုင်မှုကြောင့် မိုးရာသီတွင် မိုးရေလုံလောက်မှုမရှိခြင်းတို့ ဖြစ်လာနိုင်ကြောင်း သက်ဆိုင်သူများ၏ ပြောကြားချက်အရ သိရှိရသည်။

    ၎င်းအပြင် အမေရိကန်ပြည်ထောင်စုနှင့် သြစတြေးလျနိုင်ငံတို့ကဲ့သို့ အဓိကထုတ်လုပ်သူ နိုင်ငံများတွင် စိုက်ပျိုးမှု ကုန်ကျစရိတ် မြင့်တက်လာခြင်းနှင့် အကျိုးအမြတ်ရရှိမှု နည်းပါးနိုင်မှုတို့ ကြောင့် စိုက်ပျိုးဧရိယာ လျော့နည်းလာနိုင်ဖွယ်ရှိကြောင်း သိရှိရသည်။

   ပန်ဂျပ်ပြည်နယ်၊ ဟာရ်ယာနာပြည်နယ်နှင့် ရာဇတ်စတန်ပြည်နယ်များကဲ့သို့ အိန္ဒိယနိုင်ငံ မြောက်ပိုင်းဒေသတွင် ဝါးမျိုးစေ့များ ဖြန့်ချိခြင်းကို စတင်ဆောင်ရွက်ခဲ့ပြီး လာမည့် ရက်သတ္တပတ် အနည်းငယ်အတွင်း စိုက်ပျိုးခြင်း စတင်ရန် မျှော်လင့်ထားသည်။ လာမည့်နှစ်တွင် ဝါစိုက်ပျိုးမှု သည် ၂၀ ရာခိုင်နှုန်းအထိ တိုးလာနိုင်ကြောင်း အိန္ဒိယနိုင်ငံဝါအသင်း (CAI) ၏ ယခင်ဥက္ကဋ္ဌဖြစ်သူ Atul S Ganatra က ပြောကြားခဲ့ကြောင်း သိရှိရသည်။

Source: The Hindu Business Line, 30 March 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

၅ နှစ်တာကာလအတွင်း ကမ္ဘောဒီးယား၏ ပီလောပီနံတင်ပို့မှုနှစ်ဆမြင့်တက်လာ

    ပီလောပီနံသည် ကမ္ဘောဒီးယား၏ ပြည်ပသို့တင်ပို့နေသည့် လယ်ယာထွက်ကုန်များအနက် တင်ပို့မှုအများဆုံးအလားအလာရှိသည့် သီးနှံတစ်ခုဖြစ်လာကြောင်းသိရှိရသည်။ ၂၀၂၅ ခုနှစ်တွင် ပီလောပီနံအစို၊ အခြောက်အပါအဝင် ပီလောပီနံအမှုန့်တို့အား နိုင်ငံတကာဈေးကွက်သို့ တင်ပို့ခဲ့ပြီး ဒေါ်လာသန်း ၇၀၀ ကျော်ရရှိခဲ့ကြောင်း ကမ္ဘောဒီးယား၊ စီးပွားကူးသန်းဝန်ကြီးဌာနက ထုတ်ပြန် ထားသည်။

    ၂၀၂၀ ပြည့်နှစ်မှစတင်၍ ပီလောပီနံအထွက်နှုန်း သိသာစွာ မြင့်တက်လျက်ရှိကြောင်း၊ ၂၀၂၀ ပြည့်နှစ်တွင် ပီလောပီနံ စိုက်ပျိုးမြေနေရာ ၆၆၃,၉၂၉ ဟက်တာ ရှိခဲ့ပြီး ၂၀၂၅ ခုနှစ်တွင် မြေနေရာ ၇၇၄,၈၄၃ ဟက်တာ အထိရှိလာကြောင်း၊ အထွက်နှုန်းအနေဖြင့် တန်ချိန် ၁၂.၆၈ သန်းမှ တန်ချိန် ၁၅.၉၅ သန်း အထိ တိုးလာကြောင်း ပြီးခဲ့သည့် ရက်သတ္တပတ်က ထုတ်ဝေခဲ့သည့် iTrade Bulletin တွင် ဖော်ပြထားပါသည်။

    လက်ရှိကမ္ဘောဒီးယားတွင် ပီလောပီနံ ထုတ်ကုန် ထုတ်လုပ်သည့် စက်ရုံ ၁၆ ခုရှိပြီး နိုင်ငံ တကာဈေးကွက်သို့ ကုမ္ပဏီ ၂၀ ကျော်ကတင်ပို့လျက်ရှိကြောင်း၊ ၂၀၂၀ ပြည့်နှစ်နှင့် ၂၀၂၅ ခုနှစ် အတွင်း ပီလောပီနံတင်ပို့မှု ၂၀၀ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း၊ ပီလောပီနံ အစိုနှင့် အခြောက် တင်ပို့မှု ၂၁၆ ရာခိုင်နှုန်းမြင့်တက်လာပြီး ပီလောပီနံအမှုန့်တင်ပို့မှု ၇၄ ရာခိုင်နှုန်း မြင့်တက်လာ ကြောင်း သိရှိရသည်။

    ပီလောပီနံအစိုနှင့် အခြောက်ကို အဓိကဦးဆောင် တင်ပို့နေသည့် ကမ္ဘာ့နိုင်ငံများအနက် ကမ္ဘောဒီးယားသည် ထိပ်တန်းနိုင်ငံတစ်ခုဖြစ်ကာ ပြည်ပတင်ပို့မှုမှ ဒေါ်လာသန်း ၆၉၀ ရရှိခဲ့ပြီး ကမ္ဘာ့ဈေးကွက်၏ ၃၄.၇ ရာခိုင်နှုန်း ရရှိထားကြောင်းသိရသည်။ ကမ္ဘောဒီးယားသည် ပီလောပီနံ အမှုန့်တင်ပို့မှုတွင်  စတုတ္ထနေရာ၌ ရပ်တည်နေပြီး ဒေါ်လာ ၂၈ သန်းနီးပါး ရရှိခဲ့ကာ ကမ္ဘာ့ ဈေးကွက်၏ ၀.၉ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားကြောင်းသိရသည်။

    ပီလောပီနံ အစိုနှင့် အခြောက်အား ဗီယက်နမ်၊ ထိုင်း၊ ဟောင်ကောင်နှင့် မလေးရှားနိုင်ငံ များသို့ အဓိကတင်ပို့လျက်ရှိပြီး ပီလောပီနံအမှုန့်အား တရုတ်၊ ဗီယက်နမ်၊ အမေရိကန်ပြည်ထောင်စု၊ နယ်သာလန်၊ ကနေဒါ၊ စင်ကာပူနှင့် အီတလီနိုင်ငံများသို့ အများဆုံး တင်ပို့လျက်ရှိကြောင်း သိရ သည်။ ၂၀၃၀ ပြည့်နှစ်ကုန်အထိ ပီလောပီနံတင်ပို့မှုမှ ဒေါ်လာ ၁.၂ ဘီလီယံနှင့် ပီလောပီနံအမှုန့် တင်ပို့မှုမှ ဒေါ်လာ ၂၆ သန်း အသီးသီးရရှိနိုင်ကြောင်း စီးပွားကူးသန်းဝန်ကြီးဌာနက ခန့်မှန်းထား သည်။ ပီလောပီနံအား စားသောက်ကုန်အမျိုးမျိုးတွင် အသုံးပြုလျက်ရှိပြီး ပီလောပီနံမှ ထွက်ရှိ သည့် စွန့်ပစ်ကုန်ကြမ်းအား တိရစ္ဆာန်အစားအစာ၊ သဘာဝဓာတ်မြေဩဇာ၊ ဇီဝလောင်စာနှင့် ဇီဝနည်းပညာထုတ်ကုန်အမျိုးမျိုးတွင် အသုံးပြုလျက်ရှိကြောင်း သိရသည်။

     ၂၀၂၀ ပြည့်နှစ် ဩဂုတ်လထုတ် Government’s Industrial Development Policy (၂၀၁၅-၂၀၂၅) နှင့် ကိုက်ညီမှုရှိစေရန်၊ ပီလောပီနံထုတ်လုပ်မှုတိုးတက်လာစေရန်နှင့် ပြည်ပတင်ပို့မှု ဈေးကွက်အလားအလာ ပိုမိုရရှိစေရန်အတွက် ကမ္ဘောဒီးယားတွင် National Cassava Policy (၂၀၂၀-၂၀၂၅) ကို ထုတ်ပြန်ကြေညာထားကြောင်းသိရသည်။ အဆိုပါ မူဝါဒအား စီးပွားကူးသန်း ဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ သစ်တောနှင့် ငါးလုပ်ငန်းဝန်ကြီးဌာနနှင့် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့တို့ ပူးပေါင်းရေးဆွဲထားပြီး စီးပွားရေးတိုးတက်စေရန်၊ ဆင်းရဲမှုလျော့ချရန်နှင့် Government’s Industrial Development Policy ၏ ပန်းတိုင်များ ပြည့်မီစေရန် မျှော်မှန်းထားခြင်းဖြစ်ကြောင်း သိရသည်။

Source: Phnom Penh post, 30 March 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

မလေးရှားနိုင်ငံ၏ စားအုန်းဆီပို့ကုန်အခွန် ဧပြီလအတွက် တိုးမြင့်သတ်မှတ်

    မလေးရှားစားအုန်းဆီဘုတ်အဖွဲ့ (MPOB) သည် စားအုန်းဆီအကြမ်း (CPO) အပေါ် ကောက်ခံမည့် ပို့ကုန်ခွန်နှုန်းထားကို မတ်လတွင် သတ်မှတ်ခဲ့သော ၉.၀% မှ ၉.၅% သို့ ဧပြီလတွင် တိုးမြှင့်သတ်မှတ်လိုက်ကြောင်း ထုတ်ပြန်လိုက်သည်။

   အဆိုပါထုတ်ပြန်ချက်ကြေညာချက်တွင် မလေးရှားစားအုန်းဆီဘုတ်အဖွဲ့ (MPOB) က ၂၀၂၆ ခုနှစ်၊ ဧပြီလ၌ စားအုန်းဆီကြမ်း အခြေခံဈေးနှုန်းအနေဖြင့် တစ်တန်လျှင် ၃,၈၉၆.၀၉ ရင်းဂစ် (ဒေါ်လာ ၉၉၈.၂၃) မှ ၃,၉၃၅.၁၉ ရင်းဂစ် (ဒေါ်လာ ၉၉၉.၂၉) ထိ  သတ်မှတ်ခဲ့ကြောင်း ပြောကြားခဲ့သည်။ စားအုန်းဆီ ပို့ကုန်ခွန်သည် ယခင်လထက် ဧပြီလ၌ တစ်တန်လျှင် ဒေါ်လာ ၉၄.၉၃ ဖြစ်လာပြီး ၅.၆၇ ရာခိုင်နှုန်းထိ မြင့်တက်လာမည်ဖြစ်သည်။

    မလေးရှားစားအုန်းဆီဘုတ်အဖွဲ့ (MPOB) က ဧပြီလ၌ စားအုန်းဆီကြမ်းတင်ပို့ခွန်ကို ၉ ရာခိုင်နှုန်းမှ ၉.၅ ရာခိုင်နှုန်းသို့ မြင့်တက်လိုက်ခဲ့သဖြင့် အခြေခံဈေးနှုန်းသည် တစ်တန်လျှင် ၃,၉၃၅.၁၉ ရင်းဂစ်ထိ ရောက်ရှိလာပြီး တင်ပို့အခွန်(export tax) သည်လည်း ယခင်လထက် ၅.၆၇ ရာခိုင်နှုန်း မြင့်တက်လာမည်ဖြစ်သည်။ ယခုကဲ့သို့ မူဝါဒများပြောင်းလဲခဲ့ခြင်းသည် စားအုန်းဆီ တင်ပို့ရာတွင် ကုန်ကျစရိတ်မြင့်တက်လာပြီး နိုင်ငံတကာ၏ ဝယ်လိုအားကို ကျဆင်းစေနိုင်သည်။ ယင်းကြောင့် ထုတ်လုပ်သည့် နိုင်ငံများတွင် လက်ကျန်ကုန်စည် (Inventory) များ ပိုမိုစုပုံလာပြီး အဝယ်ထက် အထုတ်များကာ (Oversupply) ဖြစ်ပေါ်စေနိုင်သောကြောင့် လက်ငင်း စားအုန်းဆီ ဈေးကွက် (Spot Price) အပေါ် ကျရောက်နေသည့် ဈေးနှုန်းတွန်းတင်မှု ဖိအားများကို လျော့ပါး စေနိုင်ကြောင်း သိရသည်။

Source: UkrAgroConsult, 18 March 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ