Main menu

ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

ဗီယက်နမ် စိုက်ပျိုးရေးထွက်ကုန်များအတွက် အဓိကဈေးကွက်အဖြစ် ရပ်တည်နေသည့်တရုတ်နိုင်ငံ

          တရုတ်နိုင်ငံသည် ၂၀၂၆ ခုနှစ် ပထမခုနစ်လအတွင်း ဗီယက်နမ်နိုင်ငံ၏ စိုက်ပျိုးရေး ထွက်ကုန်များအတွက် အဓိကပို့ကုန်ဈေးကွက်အဖြစ် ဆက်လက်ရပ်တည်ခဲ့ပြီး စုစုပေါင်းစိုက်ပျိုး ရေးထွက်ကုန် တင်ပို့မှုတန်ဖိုး၏ ၂၁.၉ ရာခိုင်နှုန်းအထိရှိခဲ့ကာ ယခင်နှစ်တူညီသည့်ကာလထက် ၂၄.၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရပါသည်။ ဈေးကွက်အခြေအနေများ ပြောင်းလဲလာနေ သည့်ကြားတွင် ယှဉ်ပြိုင်နိုင်စွမ်းကိုဆက်လက်ထိန်းသိမ်းနိုင်ရန် ဗီယက်နမ်နိုင်ငံ၏ စိုက်ပျိုးရေး ကဏ္ဍများအနေဖြင့် ထုတ်ကုန်အရည်အသွေးမြှင့်တင်ရေး၊ ထုတ်ကုန်ခြေရာခံစနစ် (traceability) ဖော်ဆောင်ရေးနှင့် ထောက်ပံ့ရေးကွင်းဆက်များကို စနစ်တကျဖွဲ့စည်းရေးတို့ကို အလေးထားဆောင်ရွက်ရန်လိုအပ်ကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့ပါသည်။ ဗီယက်နမ်နိုင်ငံ ပင်လယ်စာတင်ပို့သူများနှင့် ထုတ်လုပ်သူများအသင်း (VASEP) ၏ ဒုတိယအထွေထွေ အတွင်းရေးမှူး Le Hang ၏ ပြောကြားချက်အရ တရုတ်နိုင်ငံနှင့် တရုတ်နိုင်ငံ ဟောင်ကောင်ဒေသတို့သည် ဇူလိုင်လအတွင်း ဗီယက်နမ်နိုင်ငံ၏ရေထွက်ကုန်တင်ပို့မှုအတွက် အားကောင်းသည့်ဈေးကွက်များအဖြစ် ဆက်လက်တည်ရှိခဲ့ကြောင်း သိရပါသည်။ ဇူလိုင်လအတွင်း ရေထွက်ကုန်တင်ပို့မှုမှ ဝင်ငွေမှာ အမေရိကန်ဒေါ်လာ ၂၆၇ သန်းကျော် ရရှိခဲ့ပြီး ယခင်နှစ်တူညီ သည့်ကာလထက် ၂၄.၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရပါသည်။ ပထမခုနစ်လအတွင်း တင်ပို့မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁.၇၄ ဘီလီယံနီးပါး ရှိခဲ့ပြီး ၃၄.၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရပါသည်။ သစ်သီးနှင့် ဟင်းသီးဟင်းရွက်ကဏ္ဍသည်လည်း တရုတ်နိုင်ငံ၏ ဝယ်လိုအားကောင်းမွန်မှုမှ အကျိုးအမြတ်ရရှိခဲ့ကြောင်း သိရပါသည်။ ၂၀၂၆ ခုနှစ် ပထမ ခြောက်လအတွင်း ဗီယက်နမ်နိုင်ငံသည် တရုတ်ပြည်မကြီး၏ ဒုတိယအကြီးဆုံး ဒူးရင်းသီး တင်သွင်းရာနိုင်ငံဖြစ်ခဲ့ပြီး တင်ပို့မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၈၄၆ သန်း ရှိခဲ့ကာ တရုတ်နိုင်ငံ၏ စုစုပေါင်းဒူးရင်းသီးတင်သွင်းမှု၏ ၁၈ ရာခိုင်နှုန်းခန့်ကို ရရှိခဲ့ကြောင်း သိရပါသည်။ ထို့ပြင် သစ်သီး၊ ဟင်းသီးဟင်းရွက်နှင့် ပြုပြင်ထုတ်လုပ်ပြီးထုတ်ကုန်များတင်သွင်းသည့် တရုတ်ဈေးကွက်တွင် ဗီယက်နမ်နိုင်ငံသည် တင်သွင်းသူနိုင်ငံများအနက် တတိယနေရာတွင် ရပ်တည်ခဲ့ကြောင်း သိရပါသည်။ ၎င်းကဏ္ဍ၏ တင်ပို့မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂.၂၂ ဘီလီယံ ရှိခဲ့ပြီး ယခင်နှစ်တူညီသည့်ကာလထက် ၁၉.၉ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရပါသည်။ ထို့ကြောင့် တရုတ်ဈေးကွက်အတွင်း ဗီယက်နမ်၏ ဈေးကွက်ဝေစုမှာ ၁၄ ရာခိုင်နှုန်းမှ ၁၆.၁ ရာခိုင်နှုန်းအထိ တိုးမြင့်လာခဲ့ကြောင်း သိရပါသည်။ ဗီယက်နမ်ကော်ဖီသည်လည်း တရုတ်ဈေးကွက်တွင် ဈေးကွက်ဝေစု တိုးမြှင့်ရရှိလာကြောင်း သိရပါသည်။ ပထမငါးလအတွင်း တရုတ်နိုင်ငံက ဗီယက်နမ်နိုင်ငံမှ ကော်ဖီတင်သွင်းမှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၉၉.၆ သန်း ရှိခဲ့ပြီး ယခင်နှစ် တူညီသည့်ကာလထက် ၈၇.၁ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရပါသည်။ ထို့ကြောင့် တရုတ်နိုင်ငံ၏ ကော်ဖီတင်သွင်းမှုဈေးကွက်တွင် ဗီယက်နမ်၏ ဈေးကွက်ဝေစုမှာ ၈.၈ ရာခိုင်နှုန်းမှ ၁၅.၃ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ကြောင်း သိရပါသည်။ သို့သော် တရုတ်ဈေးကွက်အတွင်း ပြိုင်ဆိုင်မှုမှာ ပိုမိုပြင်းထန်လာနေကြောင်း သိရပါသည်။ ဗီယက်နမ်နိုင်ငံ သစ်သီးနှင့် ဟင်းသီးဟင်းရွက် အသင်း၏ အထွေထွေအတွင်းရေးမှူး Dang Phuc Nguyen က ထိုင်းနိုင်ငံသည် ထောက်ပံ့ပို့ဆောင်ရေးစနစ်၊ အရည်အသွေးထိန်းချုပ်မှုနှင့် တည်ငြိမ်သော ထောက်ပံ့ရေးကွင်းဆက်များကြောင့် တရုတ်နိုင်ငံ၏ ဒူးရင်းဈေးကွက်တွင် လွှမ်းမိုးမှုကို ဆက်လက်ထိန်းသိမ်းထားနိုင်ကြောင်း ပြောကြားခဲ့ပါသည်။ မလေးရှားနိုင်ငံသည်လည်း တရုတ်နိုင်ငံသို့ ဒူးရင်းတင်ပို့မှုတွင် လျင်မြန်စွာ တိုးတက်လာခဲ့ပြီး တင်ပို့မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၃၀.၂၆ သန်း ဖြင့် ၃၄၂ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ကြောင်း သိရပါသည်။ ဒူးရင်းသီးထုတ်လုပ်မှုများပြားလာခြင်းနှင့် ဈေးနှုန်းများကျဆင်း လာခြင်းတို့ဖြစ်ပေါ်နေသည့် အခြေအနေတွင် ထုတ်လုပ်မှုတိုးချဲ့ခြင်းနှင့် အတူတင်သွင်းသူနိုင်ငံများ၏ နည်းပညာဆိုင်ရာသတ်မှတ်ချက်များနှင့် အပင်ကျန်းမာရေးဆိုင်ရာ စစ်ဆေးရေးနှင့် သတ်မှတ်ချက်များကိုပြည့်မီစေရန်ဆောင်ရွက်ရေးမှာလည်း အရေးကြီးကြောင်း ကျွမ်းကျင်သူများက အလေးပေးပြောကြားခဲ့ပါသည်။ ဇူလိုင်လနှောင်းပိုင်းတွင်ထုတ်ပြန်ခဲ့သည့် အစိုးရ၏ ဆုံးဖြတ်ချက်အမှတ် ၃၆/၂၀၂၆/NQ-CP သည် စိုက်ပျိုးထုတ်လုပ်သည့်ဧရိယာများနှင့် ထုပ်ပိုးစက်ရုံများအတွက် သတ်မှတ်ကုဒ်များထုတ်ပေးခြင်းနှင့် စီမံခန့်ခွဲခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို ပိုမိုရိုးရှင်းစေရန်မျှော်မှန်းထားပြီး ပို့ကုန်လုပ်ငန်းများတွင် ကြုံတွေ့နေရသည့် အခက်အခဲများကို ဖြေရှင်းပေးကာ ပို့ကုန်စွမ်းရည်မြှင့်တင်နိုင်မည်ဟု မျှော်လင့်ရကြောင်း သိရပါသည်။ တရုတ်နိုင်ငံဆိုင်ရာ ဗီယက်နမ်ကုန်သွယ်ရေးအကြံပေး Nong Duc Lai က တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းနှင့် အနောက်တောင်ပိုင်းဒေသများသည် ဗီယက်နမ်စိုက်ပျိုးရေးထွက်ကုန်များအတွက် အဓိကဈေးကွက်များအဖြစ် ဆက်လက်တည်ရှိမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ထို့ပြင် တရုတ်ကုမ္ပဏီများက အပူပိုင်းဒေသထွက်ကုန်ကြမ်းများ ရရှိအသုံးချနိုင်ရန်နှင့် တတိယနိုင်ငံများသို့ဝင်ရောက်နိုင်ရန် ဗီယက်နမ်နိုင်ငံတွင် ထုတ်လုပ်မှုလုပ်ငန်းများ တိုးချဲ့လာခြင်းကြောင့် အခွင့်အလမ်းသစ်များ ပေါ်ပေါက်လာနေကြောင်း ၎င်းက ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Vietnam Plus                                                                            

DOCA (ရန်ကုန်)

ဈေးကွက်အလားအလာကောင်းနိုင်သော  ပြည်ပပို့ကုန် မတ်ပဲသီးနှံ

         မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူကုန်စည်ဒိုင်သို့ မတ်ပဲ အဓိကဝင်ရောက်ပြီး စိုက်ပျိုးသည့် ဒေသများမှာ ပခုက္ကူ၊ ရေစကြို၊ မြိုင်၊ ပေါက်၊ ဆိပ်ဖြူမြို့နယ်ရှိ ကုန်းမြင့်ဒေသများ၊ ကိုင်းကျွန်းဒေသများနှင့် ကုန်းပိုင်းဒေသကျေးရွာများဖြစ်သည်။ ပခုက္ကူကုန်စည်ဒိုင်သည် အဆိုပါ ဒေသများမှ ထွက်ရှိသော မတ်ပဲနှင့်အခြားပဲမျိုးစုံကို ရန်ကုန်နှင့်မန္တလေးကုန်စည်ဒိုင်ကြီးများသို့ ပြန်လည်ရောင်းချသည့် အဓိကအချက်အချာ ကျသော ဒေသတွင်း ပဲဈေးကွက်ကြီးတစ်ခုဖြစ်ကြောင်း သိရသည်။

         ပခုက္ကူကုန်စည်ဒိုင်၌ ၂၀၂၆ ခုနှစ် ဩဂုတ်လ(ဒုတိယပတ်)တွင် မတ်ပဲဈေးနှုန်းသည် ()တင်း လျှင် ကျပ်(၉၀၀၀၀ - ၁၀၀၀၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး  ယခင်တစ်ပတ်နှင့်  ဈေးနှုန်းနှိုင်းယှဉ်ပါက ကျပ်(၅၀၀၀)ဝန်းကျင်ခန့် ဈေးမြင့်တက်လျက်ရှိပါသည်။  မတ်ပဲ ဈေးကွက်သည် အဓိကဝယ်လက်ဖြစ်သော အိန္ဒိယနိုင်ငံ၏ ဝယ်လိုအားနှင့်ကုန်သွယ်မှုအပေါ် အခြေခံ၍ဈေးနှုန်း အပြောင်းအလဲရှိကြောင်း သိရသည်။

        ယခုကာလသည် မတ်ပဲအသစ်ပေါ်ချိန် မဟုတ်ဘဲ ပဲအဝင်ပါးသည့် ကာလဖြစ်သဖြင့် လက်ကျန်နည်းပါးခြင်းက ဈေးကို မြင့်တက်စေသည်။ မတ်ပဲစားသုံးသူ အိန္ဒိယနိုင်ငံတွင် ရာသီဥတုဖောက်ပြန်၍ အထွက်နှုန်းလျော့ခြင်းကြောင့် မတ်ပဲကို ပိုမိုဝယ်ယူနေရသည်။ ကုန်စည်ပို့ဆောင်ခ၊ စက်သုံးဆီဈေးနှင့် လုပ်အားခများ မြင့်မားလာခြင်းကြောင့် ကုန်သည်များ၏ အခြေခံကုန်ကျစရိတ် မြင့်တက်၍ ဈေးတက်ရခြင်း ဖြစ်သည်။

           လက်ရှိကာလသည် လက်ကျန် နည်းချိန်ဖြစ်ပြီး အိန္ဒိယမှ ဝယ်လိုအား ပြန်တက်လာပါက ဈေးထပ်မံတက်နိုင်ခြေရှိသည်။ ပခုက္ကူဒေသထွက် မတ်ပဲများကို ဖုန်၊ သဲ၊ ခဲ ကင်းစင်အောင် သန့်စင်ပြီးမှ ရောင်းချပါက ပိုမိုကောင်းမွန်သော ဈေးနှုန်းရရှိနိုင်သည်။ အိန္ဒိယ၏ စိုက်ပျိုးမှုအခြေ အနေနှင့် ၎င်းတို့၏ သီးနှံထွက်ရှိမည့် ခန့်မှန်းချက်များကို စောင့်ကြည့်၍ အရောင်းအဝယ်ပြုလုပ်သင့်ကြောင်း ကုန်သည်များ၏ သုံးသပ်ချက်အရ သိရှိရပါသည်။

DOCA(မကွေး)

ပခုက္ကူကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်နေသော ပြည်ပပို့ကုန် ပဲယင်း

         မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူကုန်စည်ဒိုင်သည် အညာဒေသ၏ စီးပွားရေး အချက်အချာကျသောနေရာဖြစ်သည့်အတွက် ပတ်ဝန်းကျင်မြို့နယ်များမှ ပဲယင်းသီးနှံများ အဓိက ဝင်ရောက်လျက်ရှိပါသည်။ စိုက်ပျိုးသည့်ဒေသများမှာ ပခုက္ကူမြို့နယ်ရှိ မြစ်ခြေဒေသနှင့် ကျေးရွာများ၊ ရေစကြိုမြို့နယ်၊ ဆိပ်ဖြူမြို့နယ်နှင့် ဂန့်ဂေါခရိုင် တို့ဖြစ်ပြီး ထိုသို့ ဒေသအနှံ့အပြားမှ ထွက်ရှိလာသော ပဲယင်း (နီ/ဝါ)များကို ပခုက္ကူကုန်စည်ဒိုင်တွင် စုစည်း၍ ရန်ကုန်၊ မန္တလေးဒေသများသို့ ဆက်လက်တင်ပို့ ရောင်းချကြကြောင်း သိရသည်။

      ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလဆန်းတွင် ပဲယင်းနီ တစ်တင်းလျှင် ကျပ် (၆၉၀၀၀)ဈေးဖြင့် စတင်ဝင်ရောက်ခဲ့ပြီး ဖေဖော်ဝါရီ (တတိယပတ်)တွင် ကျပ် (၇၀၅၀၀) ထိ ဈေးမြင့်တက်ခဲ့ပါသည်။ လက်ရှိ ဩဂုတ်လဆန်းပိုင်းတွင် နယ်စပ်နှင့် ပြည်တွင်းဝယ်လိုအားကြောင့် ပဲယင်းနီ တစ်တင်းလျှင် ကျပ် (၈၄၀၀၀) အထိ ‌‌ဈေးမြင့်တက်နေပါသည်။

        ပဲယင်းသီးနှံသည် ပြည်တွင်းစားသုံးမှုအပြင် ပြည်ပပို့ကုန် (တရုတ်)နိုင်ငံနှင့် ရန်ကုန်ဝယ်လက် များက အဓိက ဝယ်ယူနေသောကြောင့် ဈေးကွက် ပုံမှန်ရှိပါသည်။ ပဲသစ်ပေါ်ချိန် ဖေဖော်ဝါရီလတွင် တစ်တင်းလျှင် ကျပ်(၆၉၀၀၀) ဝန်းကျင်သာရှိပြီး နောက်ပိုင်းတွင် တစ်တင်းလျှင် ကျပ် (၈၄၀၀၀) ဝန်းကျင်အထိ မြင့်တက်လာခြင်းမှာ လက်ကျန်နည်းချိန်တွင် ဝယ်လိုအားကောင်းသောကြောင့် ဖြစ်သည်။ ပဲယင်းဈေးကွက်တွင် ပဲယင်း (အကြီး/အသေး)နှင့် ပဲယင်း (နီ)ဟူ၍ အမျိုးအစားအလိုက် အရောင်းအဝယ်ဖြစ်ပြီး အရည်အသွေးအပေါ်မူတည်၍ ဈေးနှုန်းကွာဟမှုရှိကြောင်း သိရသည်။

         ယခုကာလသည် ပဲလက်ကျန်နည်းလာချိန်ဖြစ်၍ လာမည့်စိုက်ပျိုးရာသီအသစ် (အောက်တို ဘာ/နိုဝင်ဘာလ) မတိုင်မီအထိ ဈေးနှုန်းမှာ ကျဆင်းရန်မရှိဘဲ လက်ရှိဈေးတန်းတွင် ဆက်လက် တည်ငြိမ်နိုင်ပါသည်။ ယခုနှစ်တွင် တောင်သူများမှာ ပဲယင်းသီးနှံကို စျေးကောင်းရရှိသဖြင့် လာမည့်စိုက်ပျိုးရာသီတွင် ပဲယင်းကို ပိုမိုစိုက်ပျိုးလာနိုင်ပါသည်။ ပြည်ပ(တရုတ်)နိုင်ငံ၏ ဝယ်လိုအားအပြောင်းအလဲနှင့် ကုန်သွယ်ရေးအခြေအနေများပေါ်တွင် မူတည်၍ ဈေးနှုန်းအပြောင်းအလဲရှိနိုင်သည်ဟု ကုန်သည်များထံမှ သိရှိရပါသည်။

DOCA(မကွေး)

အိန္ဒိယ၏ စားသုံးဆီတင်သွင်းမှုသည် ပွဲတော်ရာသီ ဝယ်လိုအားကြောင့် ဇူလိုင်လတွင် ၁၀ လ အတွင်း အမြင့်ဆုံးသို့ ရောက်ရှိ

    အိန္ဒိယ၏ စားသုံးဆီတင်သွင်းမှုသည် ပွဲတော်ရာသီမတိုင်မီ သိုလှောင်မှု ပြန်လည် ဖြည့်တင်းရန်အတွက် စားအုန်းဆီနှင့် ပဲပုပ်ဆီများကို ဆီသန့်စင်မှုလုပ်ငန်းရှင်များက အရှိန်မြှင့် ဝယ်ယူခြင်းကြောင့် ၂၀၂၆ ခုနှစ်၊ ဇူလိုင်လတွင် ၁၀ လအတွင်း အမြင့်ဆုံးသို့ တင်သွင်းမှုမြင့်တက် ခဲ့ကြောင်း ကုန်သွယ်ရေးဦးဆောင်အဖွဲ့တစ်ခုက ဩဂုတ်လ ၁၃ ရက် (ကြာသပတေးနေ့)တွင် ပြောကြားခဲ့ ကြောင်း ရိုက်တာ (Reuters) သတင်းဌာနက ဖော်ပြထားသည်။

      ကမ္ဘာ့အများဆုံး ဟင်းသီးဟင်းရွက်ဆီ တင်သွင်းသူနိုင်ငံဖြစ်သည့် အိန္ဒိယထံမှ ဝယ်လိုအား တိုးတက်လာခြင်းသည် ထိပ်တန်းထုတ်လုပ်သူနိုင်ငံများဖြစ်သော အင်ဒိုနီးရှား၊ မလေးရှားနှင့် အာဂျင်တီးနားတို့၏ ဆီလက်ကျန်များ ကျဆင်းစေပြီး စားအုန်းဆီနှင့် ပဲပုပ်ဆီ ကြိုပွိုင့်စံပြုဈေးနှုန်း များအား အထောက်အကူဖြစ်စေနိုင်ကြောင်း သိရှိရပါသည်။

      ၂၀၂၆ ခုနှစ်၊ ဇူလိုင်လတွင် စားအုန်းဆီတင်သွင်းမှုသည် တန်ချိန် ၇၃၀,၉၆၅ အထိ မြင့်တက်ခဲ့ပြီး ၅ လတာအတွင်း အမြင့်ဆုံးဖြစ်ကြောင်း နှင့် ယခင်လထက် ၅၀ % ခန့် တင်သွင်းမှု မြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း မွမ်ဘိုင်းအခြေစိုက် အိန္ဒိယဆီကြိတ်ခွဲထုတ်လုပ်များအသင်း (Solvent Extractors' Association of India-SEA) ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

       ပဲပုပ်ဆီတင်သွင်းမှုအနေဖြင့် တန်ချိန် ၄၉၈,၈၈၁၊ ၃၁ % မြင့်တက်ခဲ့ပြီး ၇ လတာအတွင်း အမြင့်ဆုံးဖြစ်ပြီး နေကြာဆီတင်သွင်းမှုမှာလည်း ၂၅၁,၆၃၉ တန်၊ ၄ % ခန့် မြင့်တက်လာ ခဲ့ကြောင်း SEA အရ သိရှိရကြောင်း ဖော်ပြထားသည်။

      အိန္ဒိယ၏ စုစုပေါင်းစားသုံးဆီတင်သွင်းမှုသည် တန်ချိန် ၁.၄၈ သန်း၊ ၃၃.၃ % မြင့်တက် ခဲ့ပြီး ၂၀၂၅ ခုနှစ် စက်တင်ဘာလနောက်ပိုင်း အမြင့်ဆုံးဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။ အဆိုပါ ကိန်းဂဏန်းများသည် အိမ်နီးချင်း နီပေါနိုင်ငံမှ ကုန်းလမ်းမှတစ်ဆင့် ရောက်ရှိ လာသော အခွန်လွတ်စားသုံးဆီသင်္ဘောများကို ဖယ်ထုတ်ခြင်းဖြစ်သည်ဟု SEA က ဆိုသည်။

      အိန္ဒိယ၏ ပွဲတော်ရာသီနီးကပ်လာသည်နှင့်အမျှ ဝယ်လိုအားပိုမိုအားကောင်းလာမည့် မျှော်လင့်ချက်ဖြင့် ဆီသန့်စင်သူများက စားသုံးဆီ၀ယ်လိုအားများလာနေကြောင်း မွမ်ဘိုင်းအခြေစိုက် ဟင်းသီးဟင်းရွက်ဆီပွဲစားအဖွဲ့ဖြစ်သည့် Sunvin Group ၏အမှုဆောင်အရာရှိချုပ် Sandeep Bajoria ကပြောကြားသည်။ အိန္ဒိယအနေဖြင့် စားသုံးဆီများ ပုံမှန်အားဖြင့် ဝယ်လိုအားကျဆင်း နေချိန် သြဂုတ်လမှ နိုဝင်ဘာလအတွင်း ပွဲတော်များကို ဆက်တိုက်ကျင်းပမည်ဖြစ်ကြောင်း သိရှိ ရသည်။ စားအုန်းဆီ တန်ချိန် ၇၀၀,၀၀၀ ကျော် တင်သွင်းနိုင်မှုနှင့်အတူ ဩဂုတ်လတွင်လည်း သွင်းကုန်က အားကောင်းနေနိုင်သည်ဟု Bajoria က ဆက်လက်ပြောကြားသည်။

       အိန္ဒိယသည် စားအုန်းဆီအများစုကို အင်ဒိုနီးရှားနှင့် မလေးရှားတို့မှ တင်သွင်းပြီး ပဲပုပ်ဆီ နှင့် နေကြာဆီများကို အာဂျင်တီးနား၊ ဘရာဇီး၊ ရုရှားနှင့် ယူကရိန်းတို့မှ အဓိကတင်သွင်းကြောင်း သိရှိရသည်။

Source: Reuters, 13 August 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

တရုတ်နိုင်ငံက ဟင်းသီးဟင်းရွက်ဆီတင်သွင်းမှု ၁၅ ရာခိုင်နှုန်း လျော့ချ

    တရုတ်နိုင်ငံအကောက်ခွန်ဆိုင်ရာသတင်းအချက်အလက်အရ တရုတ်နိုင်ငံသည် ၂၀၂၆ ခုနှစ် ပထမနှစ်ဝက်တွင် ဟင်းသီးဟင်းရွက်ဆီ တန်ချိန် ၂.၇ သန်း တင်သွင်းခဲ့ပြီး ယခင်နှစ်နှင့် ကာလတူ နှိုင်းယှဉ်ပါက တင်သွင်းမှုမှာ ၁၄.၉ % လျော့နည်းသွားကြောင်း သိရှိရပါသည်။

    တင်သွင်းမှုကျဆင်းရခြင်း၏ အဓိကအကြောင်းရင်းတစ်ချက်မှာ ပဲပုပ်ဆီတင်သွင်းမှု လျော့နည်းသွားခြင်းကြောင့်ဖြစ်ကြောင်း၊ ပြည်ပမှ ဝင်ရောက်မှုလျော့ကျသွားခြင်းသည် တရုတ် နိုင်ငံ၏ ပြည်တွင်းဈေးကွက်တွင် ဟင်းသီးဟင်းရွက်ဆီရရှိနိုင်မှု ပိုမိုကျပ်တည်းလာနိုင်မည်ဖြစ်ပြီး ယင်းအချက်မှာ လက်ရှိပေါက်ဈေးကို ထိန်းညှိပေးခြင်းခြင်ဖြစ်ကြောင်း သိရှိရပါသည်။

    စားအုန်းဆီသည် တရုတ်နိုင်ငံ၏ အဓိကတင်သွင်းသော ဟင်းသီးဟင်းရွက်ဆီမှ တစ်ခု အဖြစ် ရှိနေဆဲဖြစ်ကြောင်း၊ တင်သွင်းမှု လျော့ကျသွားသည့်အခြေအနေတွင် ဈေးကွက်တွင် ရောင်းဝယ်‌ဖောက်ကားသူများအနေဖြင့် ပြည်တွင်းထောက်ပံရရှိမှုပိုမိုနည်းပါးလာမည်ဖြစ်ပြီး အဆိုပါ အချက်သည် တရုတ်နိုင်ငံအတွင်း စားအုန်းဆီဈေးနှုန်းများကို ထောက်ကူပေးလျက်ရှိကြောင်း သိရှိရ ပါသည်။

Source: UkrAgroConsult,  10 August 2026 (လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

ဘောစနီးယားနိုင်ငံတွင် ပြောင်းသီးနှံများသည် မိုးခေါင်မှုနှင့် တောရိုင်းတိရိစ္ဆာန်များကြောင့် ဖျက်ဆီး မှု ဖြစ်ပေါ်လျက်ရှိ

   ပြင်းထန်သောမိုးခေါင်မှုနှင့် တောရိုင်းတိရိစ္စာန်များသည် ဘောစနီးယားနှင့် ဟာဇီဂိုဗီးနား တွင် ပြောင်းသီးနှံပျက်စီးရခြင်း အဓိကအကြောင်းရင်း ဖြစ်ကြောင်း၊ မီးလာင်ခြင်းကြောင့် လယ်မြေ ဟက် တာထောင်နှင့်ချီ၍ ပျက်စီးစေခဲ့ပြီး ကြာရှည်မိုးရေရှားပါးပြတ်လပ်မှုကြောင့် မီးလောင်ကျွမ်း ခြင်း မခံရသည့် နယ်မြေဧရိယားများတွင် သီးနှံအခြေအနေ သိသိသာသာဆိုးဝါးလားခဲ့ကြောင်း သိရှိရပါသည်။

   ဒေသခံတောင်သူများအနေဖြင့် ပြောင်းထွက်ရှိမှု သိသိသာသာကျဆင်းမည်ဟု ခန်းမှန်း ထားကြောင်း၊ တောင်သူများသည် ယခင်က ပျှမ်းမျှ ၁ ဟက်တာလျှင် ၇ တန်ခန့် ရိတ်သိမ်းပါက အထိခိုက် အခံရဆုံးနယ်မြေများတွင် အထွက်နှုန်းမှာ ယခုနှစ်တွင် ၁ ဟက်တာလျှင် ၁.၅ တန်ထက် ပိုမိုထွက်ရှိရန် မမျှော်လင့်ထားကြောင်း၊ အဆိုပါအချက်မှာ အထွက်နှုန်းသည် ၈၀ % ခန့် ကျဆင်း နိုင်သည်ကို ဆိုလိုကြောင်း သိရှိရပါသည်။

    သွင်းရေရရှိနိုင်မှု အကန့်အသတ်ရှိခြင်းကြောင့် အခြေအနေမှာ ပိုမိုခက်ခဲလျက်ရှိကြောင်း၊ တောင်သူအများစုသည် စိုစွတ်မှုလျော့နည်းခြင်းကို အစားထိုး မဖြည့်ဆည်းပေးနိုင်ကြသဖြင့် သီးနှံ ဖြစ်ထွန်းမှု မကောင်းပါကြောင်း၊ အချို့သော စိုက်ပျိုးခြံများမှာ ဆုံးရှုံးမှု ကြီးမားသောကြောင့် လုပ်ငန်းများ လုံးဝရပ်ဆိုင်းလုနီးပါးအန္တရာယ်နှင့် ရင်ဆိုင်နေရပြီဖြစ်ကြာင်း၊ ပြောင်းသီးနှံ ဆုံးရှုံးမှု များသည် နိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍအတွက် သိသာထင်ရှားသော အကျိုးဆက်များ ရှိလာနိုင်ပြီး အကြောင်းရင်းမှာ ပြောင်းသီးနှံသည် ဒေသတွင်း သီးနှံထုတ်လုပ်မှုနှင့် အစာရေစာထောက်ပံ့မှုတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေသောကြောင့်ဖြစ်ကြောင်း၊  စိုက်ပျိုးရေးသည် ဘောစနီးရား နှင့် ဟာဇီဂိုဗီးနား နိုင်ငံ၏ အလုပ်အကိုင် ၁၀% ခန့် ရရှိစေပြီး ထုတ်လုပ်မှု သိသိသာသာလျော့ကျ ခြင်းသည် ကျေးလက်ဒေသများအပေါ် အပိုဆောင်းစီးပွားရေးဖိအားများ ဖန်တီးပေးလာနိုင်လာ နိုင်ကြောင်း သိရှိရပါသည်။

Source: UkrAgroConsult,  11 August 2026 (လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

အိန္ဒိယနိုင်ငံ၌ မိုးသီးနှံမျိုးစုံ စိုက်ပျိုးမှု ယခင်နှစ်အောက် ၁.၈၂ ရာခိုင်နှုန်းခန့် လျော့နည်းလျက်ရှိ

    အိန္ဒိယနိုင်ငံ၏ ၂၀၂၆ ခုနှစ် မိုးသီးနှံစိုက်ပျိုးဧရိယာသည် ၂၀၂၆ ခုနှစ် ဩဂုတ်လ ၇ ရက်နေ့ အထိ ၉၆၇.၉၂ ဟက်တာသိန်းရှိခဲ့ပြီး၊ ယခင်နှစ် အလားတူကာလ ၉၈၅.၈၉ ဟက်တာသိန်းနှင့် နှိုင်းယှဉ်ပါက ၁၇.၉၆ ဟက်တာသိန်း၁.၈၂ ရာခိုင်နှုန်း လျော့နည်းခဲ့သည်။ ဆန်ပဲစင်းငုံပဲတီစိမ်း၊ ပြောင်း၊ နှံစားသီးနှံများနှင့် ဝါစိုက်ဧရိယာ လျော့နည်းလာခြင်းကြောင့် ထုတ်လုပ်မှုအပေါ် စိုးရိမ်မှု များ မြင့်တက်နိုင်ပြီး အဆိုပါအခြေအနေက သီးနှံဈေးနှုန်းမြင့်တက်မှုကို အထောက်အပံ့ပေးနိုင် ကြောင်း သိရသည်။

   ဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊ နှမ်းနှင့် နေကြာစိုက်ဧရိယာမှာ ၅.၁၉ ဟက်တာသိန်း တိုး တက်လာခဲ့သည် ပဲပုပ်စိုက်ဧရိယာမှာလည်း ၁၁၉.၉၂ ဟက်တာသိန်းအထိ အနည်းငယ်တိုးတက် လာခဲ့သည်။ မတ်ပဲ နေကြာနှင့် အခြားဆီထွက်သီးနှံများတွင် ရာခိုင်နှုန်းအရ တိုးတက်မှုများ ရှိခဲ့သော်လည်း ကြက်ဆူနှင့် နိုင်ဂျာစေ့တို့မှာ လျော့နည်းနေဆဲဖြစ်ရာ အဓိကမိုးသီးနှံများ၏ စိုက်ပျိုးမှုအခြေအနေမှာ သီးနှံအမျိုးအစားအလိုက် ကွဲပြားလျက်ရှိကြောင်း သိရသည်။

     အိန္ဒိယနိုင်ငံစိုက်ပျိုးရေးနှင့် လယ်သမားသက်သာချောင်ချိရေးဝန်ကြီးဌာန၏ အချက်အလက် များအရ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၇ ရက်နေ့အထိ မိုးသီးနှံစုစုပေါင်း စိုက်ပျိုးဧရိယာမှာ ၉၆၇.၉၂ ဟက်တာသိန်းရှိခဲ့ပြီး၊ ယခင်နှစ်အလားတူကာလ ၉၈၅.၈၉ ဟက်တာသိန်းနှင့် နှိုင်းယှဉ်ပါက ၁၇.၉၆ ဟက်တာသိန်း၁.၈၂ ရာခိုင်နှုန်း လျော့နည်းခဲ့သည်။ စပါးစိုက်ဧရိယာမှာ ၃၄၄.၇၈ ဟက်တာသိန်းရှိပြီး ယခင်နှစ်အောက် ၁၅.၉၀ ဟက်တာသိန်း၊ ၄.၄၁ ရာခိုင်နှုန်း လျော့နည်းခဲ့သည်။ ပဲမျိုးစုံစိုက်ဧရိယာ စုစုပေါင်းမှာ ၁၀၃.၇၈ ဟက်တာသိန်း ရှိပြီး ယခင်နှစ်အောက် ၁.၉၅ ဟက်တာ သိန်း၊ ၁.၈၄ ရာခိုင်နှုန်း လျော့နည်းခဲ့သည်။

    'Shri Anna’ နှံစားသီးနှံနှင့် အခြားနှံစားသီးနှံများ၏ စိုက်ပျိုးဧရိယာသည်လည်း ယခင်နှစ် ထက် လျော့နည်းနေပြီး စုစုပေါင်း စိုက်ဧရိယာမှာ ၁၆၈.၅၀ ဟက်တာသိန်းရှိကာ ၄.၇၁ ဟက်တာ သိန်း၊ ၂.၇၂ ရာခိုင်နှုန်းလျော့နည်းခဲ့သည်။ ပြောင်းစိုက်ပျိုးဧရိယာမှာ ၃.၈၄ ရာခိုင်နှုန်း လျော့နည်း ခဲ့ပြီး ပုလဲနှံစားပြောင်းနှင့် ရာဂီနှံစား ပြောင်းတို့၏ စိုက်ပျိုးဧရိယာများလည်း လျော့နည်းခဲ့သည်။

   ဆီထွက်သီးနှံများ၏ စိုက်ပျိုးမှုမှာ တိုးတက်မှုကောင်းများ ပြသခဲ့ပြီး ဆီထွက်သီးနှံစုစုပေါင်း စိုက်ဧရိယာမှာ ၁၈၀.၂၀ ဟက်တာသိန်းရှိပြီး ယခင်နှစ်ထက် ၅.၁၉ ဟက်တာသိန်း၊ ၂.၉၇ ရာခိုင်နှုန်း တိုးတက်လာခဲ့သည်။ မြေပဲစိုက်ဧရိယာမှာ ၈.၆၁ ရာခိုင်နှုန်း၊ နှမ်းမှာ ၁၆.၉၄ ရာခိုင်နှုန်းနှင့် နေကြာ သီးနှံမှာလည်း ၇၂.၉၁ ရာခိုင်နှုန်းအထိ အသီးသီးမြင့်တက်လာခဲ့သည်။ ပဲပုပ်စိုက်ဧရိယာမှာလည်း ၁၁၉.၉၂ ဟက်တာသိန်း ရှိပြီး ယခင်နှစ်ထက် ၀.၂၂ ရာခိုင်နှုန်း တိုးလာခဲ့ကြောင်း သိရသည်။

   မိုးသီးနှံကာလအတွင်း အဓိကစားနပ်ရိက္ခာသီးနှံများ၏ စိုက်ပျိုးဧရိယာလျော့နည်းနေခြင်း သည် သီးနှံဈေးနှုန်းမြင့်တက်မှုကို ဆက်လက်အထောက်အပံ့ပေးနေပြီး ဆီထွက်သီးနှံ စိုက်ပျိုးမှု တိုးတက်လာခြင်းက စားသုံးဆီဈေးကွက်များအတွင်း ပစ္စည်းပြတ်လပ်မှုဖြစ်ပေါ်စေနိုင်သည့် စိုးရိမ်မှုများကို တစ်စိတ်တစ်ဒေသ လျော့ပါးစေနိုင်ကြောင်း သိရသည်။

Source: Investing.Com, 10 August 2026 (လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

အနံ့မွှေးဆန် တင်ပို့မှုကို ဘင်္ဂလားဒေ့ရှ် အစိုးရမှ စောင့်ကြည့်စစ်ဆေးမှု တင်းကြပ်

    ပြည်တွင်းဆန်ဈေးနှုန်းများ မြင့်တက်လာခြင်းကြောင့် အစိုးရသည် အမွှေးနံ့သာဆန် (Aromatic Rice) ပြည်ပသို့ တင်ပို့မှုကို တင်းကျပ်စွာ စောင့်ကြည့်လျက်ရှိပြီး မသုံးစွဲရသေးသည့် ပို့ကုန်ကုမ္ပဏီ ခွဲတမ်းများကို ပြန်လည်စိစစ်သုံးသပ်နိုင်ရန်အတွက် ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် တင်ပို့ပြီးစီးသည့် အသေးစိတ် အချက်အလက်များကို ရုံးဖွင့်ရက် ၃ ရက်အတွင်း တင်ပြရန် ညွှန်ကြားခဲ့သည်။ အဆိုပါဆောင်ရွက်ချက်သည် ပြည်တွင်းဈေးကွက် အခြေအနေအပေါ် မူတည် ၍ ခွင့်ပြုထားသော ခွဲတမ်းများကို လျှော့ချရန် သို့မဟုတ် ညှိနှိုင်းဆောင်ရွက်ရန် ဝန်ကြီးဌာန အတွက် အထောက်အကူပြုမည်ဖြစ်သည်။

     စိုက်ပျိုးရေးဈေးကွက်မြှင့်တင်ရေးဦးစီးဌာန (DAM) ၏ စာရင်းအချက်အလက်များအရ လွန်ခဲ့သော တစ်လအတွင်း ဒါကာမြို့တွင် အနံ့မွှေးဆန် အမျိုးအစားဖြစ်သော BRRI Dhan-34 ၏ ဈေးနှုန်းသည် ၁၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး တစ်ကီလိုဂရမ်လျှင် ၁၄၀ မှ ၂၁၀ တာကာ (Tk) အထိ ရှိလာခဲ့သည်။ အဆိုပါ ဈေးနှုန်းသည် လွန်ခဲ့သော တစ်နှစ်က တစ်ကီလိုဂရမ်လျှင် ၉၀ မှ ၁၂၅ တာကာ ရှိခဲ့ရာမှ ယခုအခါ ၆၃ ရာခိုင်နှုန်းခန့် ပိုမိုမြင့်တက်လာခြင်းဖြစ်သည်။

    ပြည်တွင်းဈေးကွက် အခြေအနေကို တုံ့ပြန်သည့်အနေဖြင့် ပြည်ပသို့ တင်ပို့ရန် ခွင့်ပြုထား သော ပမာဏကို လျှော့ချရန် သို့မဟုတ် ညှိနှိုင်းပြင်ဆင်ရန် လိုအပ်ကောင်း လိုအပ်နိုင်ကြောင်း ဝန်ကြီးဌာနက ပြောကြားခဲ့သည်။ ထို့ကြောင့် ဝန်ကြီးဌာနအနေဖြင့် ခွင့်ပြုထားသော ခွဲတမ်းများ အနက် မသုံးစွဲရသေးဘဲ ကျန်ရှိနေသည့် ပမာဏကို စစ်ဆေးနိုင်ရန် ပို့ကုန်လုပ်ငန်းရှင်များအား အမှန်တကယ် တင်ပို့ထားသည့် ကိန်းဂဏန်းများကို တောင်းခံထားခြင်းဖြစ်သည်။ ခွင့်ပြုထားသော ပမာဏအတိုင်း အပြည့်အဝ မတင်ပို့နိုင်ခဲ့သည့် ကုမ္ပဏီများနှင့် အနည်းငယ်မျှသာ တင်ပို့ရသေး သည့် ကုမ္ပဏီများအတွက် ယင်းတို့၏ မသုံးစွဲရသေးသော ခွဲတမ်းများကို ယခုအခါ ပြန်လည်စိစစ် သွားမည်ဖြစ်သည်။

     အစိုးရသည် အစောပိုင်းက ကုမ္ပဏီ ၂၇၈ ခုအတွက် အနံ့မွှေးဆန် တန်ချိန် ၄၅,၂၇၀ တင်ပို့ ခွင့်ကို အဆင့်နှစ်ဆင့်ဖြင့် ခွင့်ပြုပေးခဲ့ကြောင်း တာဝန်ရှိသူများ၏ အဆိုအရ သိရသည်။ ယင်းတို့ အနက် ပထမအဆင့်တွင် ကုမ္ပဏီ ၂၁၁ ခုနှင့် ဒုတိယအဆင့်တွင် ကုမ္ပဏီ ၆၇ ခု ခွင့်ပြုမိန့် ရရှိခဲ့ ကြသည်။ ဩဂုတ်လ ၂ ရက်နေ့က ပြုလုပ်ခဲ့သော အစည်းအဝေးတစ်ခုတွင် တာဝန်ရှိသူများသည် ထုတ်လုပ်မှု၊ ပြည်တွင်းလိုအပ်ချက်၊ ဈေးကွက်အခြေအနေနှင့် အနံ့မွှေးဆန် အမှန်တကယ် တင်ပို့ခဲ့ သည့် ပမာဏတို့ကို ပြန်လည်သုံးသပ်ခဲ့ကြသည်။ ထိုသို့ သုံးသပ်ရာတွင် တင်ပို့ခွင့်ရရှိထားသော ပို့ကုန်လုပ်ငန်းရှင် အများအပြားသည် ယင်းတို့၏ ခွဲတမ်းအတိုင်း အပြည့်အဝ မတင်ပို့နိုင်ကြသည် ကို တွေ့ရှိခဲ့ရသည်။

    ဆန်စက်ပိုင်ရှင်ကြီး အချို့သည် အနံ့မွှေးဆန်များကို အမြောက်အမြား သိုလှောင်ထားပြီး ဈေးကွက်အတွင်း လိုအပ်သည်ထက် လျှော့ပေါ့ရောင်းပေးခြင်းဖြင့် ဆန်ဈေးနှုန်းများ ပိုမိုမြင့်တက် အောင် ပြုလုပ်နေကြကြောင်း ကုန်သည်များ၏ ပြောဆိုမှုများကြောင့် အမျိုးသား စားသုံးသူအခွင့် အရေးကာကွယ်ရေး ညွှန်ကြားမှုဦးစီးဌာန၊ သက်ဆိုင်ရာ စီးပွားရေးအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ စောင့်ကြည့်စစ်ဆေးမှုမလုပ်ငန်းများကိုလည်း တိုးမြှင့်ဆောင်ရွက်လျက်ရှိသည်။

    ဘင်္ဂလားဒေ့ရှ် စားသုံးသူများအသင်း (CAB) ဥက္ကဋ္ဌ AHM Shafiuzzaman က အစိုးရ ခွင့်ပြု ပေးထားသည့် ပို့ကုန်ပမာဏသည် ပြည်တွင်းထုတ်လုပ်မှု၊ စားသုံးမှုတိုနှင့် နှိုင်းယှဉ်ပါက နည်းပါး သဖြင့် အနံ့မွှေးဆန်၏ ဈေးနှုန်း တာကာ ၆၀ မှ ၇၀ အထိ မြင့်တက်လာခြင်းမှာ တရားမျှတမှု မရှိကြောင်း ပြောကြားခဲ့သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် နှစ်စဉ် အနံ့မွှေးဆန် တန်ချိန် ၂၀,၀၀၀ ခန့် ထုတ်လုပ်လျက်ရှိပြီး အစိုးရက ခွင့်ပြုထားသော ပို့ကုန်ပမာဏသည် ဈေးကွက်၏ သေးငယ်သော အစိတ်အပိုင်းမျှသာ ရှိကြောင်း Mr.Shafiuzzaman က ဆိုသည်။

    ပို့ကုန်ခွင့်ပြုပေးခြင်းသည် ထုတ်လုပ်သူများနှင့် စားသုံးသူများကို အမှန်တကယ် အကျိုးပြု ခြင်း ရှိ/မရှိ၊ ပို့ကုန်များကို ခေတ္တရပ်ဆိုင်းလိုက်ပါက ဈေးနှုန်းများ ပြန်လည်ကျဆင်းသွားရန် အထောက်အကူပြုနိုင်ခြေ ရှိ/မရှိ အစိုးရအနေဖြင့် စိစစ်သုံးသပ်သင့်ကြောင်း Mr.Shafiuzzaman က ပြောကြားခဲ့သည်။  အနံ့မွှေးဆန် တင်ပို့မှုကို ပိတ်ပင်ခြင်း သို့မဟုတ် ကန့်သတ်ခြင်းတို့က ဈေးနှုန်း များကို ပြန်လည်ကျဆင်းစေခြင်း ရှိ/မရှိကို စစ်ဆေးရန် အစိုးရအား ၎င်းက တိုက်တွန်းခဲ့သည်။ ထိုသို့ လေ့လာဆန်းစစ်ခြင်း မပြုလုပ်ပါက စားသုံးသူများအနေဖြင့် ဝန်ထုပ်ဝန်ပိုးကို ဆက်လက် ခံစားနေရမည်ဖြစ်ပြီး စီးပွားရေးလုပ်ငန်းများကမူ အခြေအနေကို အခွင့်ကောင်းယူနေမည် ဖြစ် ကြောင်း ၎င်းက ပြောကြားခဲ့သည်။

Source: The daily star,  14 August 2026 (လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

ကုန်ကျစရိတ်များ မြင့်တက်နေသော်လည်း ထိုင်းနိုင်ငံ၏ ဒူးရင်းသီး တင်ပို့မှုသည် ၂၀၂၅ ခုနှစ် ထက် ကျော်လွန်

   ထုတ်လုပ်မှုနှင့် သယ်ယူပို့ဆောင်ရေးကုန်ကျစရိတ်များ မြင့်တက်လာခြင်း၊ ပြိုင်ဆိုင်မှု ပြင်းထန်လာခြင်းတို့ရှိသော်လည်း ယခုနှစ်အတွင်း ထိုင်းနိုင်ငံသည် ဒူးရင်းသီး တန်ချိန် ၁.၁၁ သန်း ကျော် တင်ပို့နိုင်ခဲ့ပြီး ယခင်နှစ် တင်ပို့မှု၏စုစုပေါင်းကို ကျော်လွန်၍ တင်ပို့မှုမြှင့်တင်နိုင်ခဲ့ သည်။

   ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Suphajee Suthumpun က ထိုင်းနိုင်ငံသည် ဇန်နဝါရီလ ၁ ရက်မှ ဩဂုတ်လ ၄ ရက်အတွင်း ဒူးရင်းသီး တန်ချိန် ၁,၁၁၀,၆၅၅.၉၂ တန်၊ ကွန်တိန်နာ ၆၈,၀၄၄ လုံးကို တင်ပို့နိုင်ခဲ့ပြီး ဘတ်ငွေ ၁၂၇ ဘီလီယံကျော် ဝင်ငွေရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

   ၂၀၂၅ ခုနှစ်တွင် ထိုင်းနိုင်ငံသည် အမေရိကန်ဒေါ်လာ ၄.၃၆ ဘီလီယံ (ဘတ်ငွေ ၁၂၅ ဘီလီယံ ခန့်) တန်ဖိုးရှိသည့် ဒူးရင်းသီးတန်ချိန် ၉၇၉,၀၄၅ တင်ပို့ခဲ့သည်။ ထိုင်းစီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနက ယခုနှစ်တွင် ဒူးရင်းသီးထွက်ရှိမှုသည် ယခင်နှစ်ထက် ၃၃ ရာခိုင်နှုန်း တိုးလာပြီး တန်ချိန် ၂ သန်းခန့် ရှိလာနိုင်ကြောင်း ခန့်မှန်းထားသည်။

    Ms Suphajee က ဒူးရင်းသီး ရောင်းလိုအား တိုးလာခြင်း၊ နိုင်ငံတကာ ပဋိပက္ခများကြောင့် ပို့ဆောင်ခကုန်ကျစရိတ်များ မြင့်တက်လာခြင်းနှင့် အိမ်နီးချင်းနိုင်ငံများမှ ပြိုင်ဆိုင်မှု ပိုမိုပြင်းထန် လာခြင်းတို့ ရှိသော်လည်း ထိုင်းနိုင်ငံအနေဖြင့် ၎င်း၏ တင်ပို့မှုအရှိန်အဟုန်ကို ဆက်လက် ထိန်း သိမ်းနိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

     Ms Suphajee က ဒူးရင်းသီးတင်ပို့မှု တိုးတက်လာခြင်းမှာ အကောက်ခွန်လုပ်ထုံးလုပ် နည်းများကို ချောမွေ့စေရန် ဆောင်ရွက်မှုများနှင့် သယ်ယူပို့ဆောင်ရေးကို မြှင့်တင်ဆောင်ရွက်မှု များကြောင့် တစိတ်တပိုင်း ဖြစ်ကြောင်း၊ ရထားဝန်ဆောင်မှုများနှင့် နောင်ခိုင်ခရိုင် နယ်စပ်ဖြတ် ကျော်လမ်းကြောင်းကို ပိုမိုအသုံးပြုခြင်းသည် ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ ရွေးချယ်စရာများ ပေါ်ပေါက်လာစေပြီး ကြိုတင်၍ ဈေးကွက်စီမံချက်ရေးဆွဲခြင်းသည် ရောင်းလိုအားနှင့် ဝယ်လို အားကို မျှတစေရန် အထောက်အကူပြုကြောင်း ပြောကြားခဲ့သည်။

    ပြည်တွင်းနှင့် ပြည်ပဝယ်လိုအားထက် ရောင်းလိုအား ပိုလျှံလာပါက စျေးနှုန်းများအပေါ် ဖိအားကျရောက်မှုကို သက်သာစေရန် ဝန်ကြီးဌာနသည် ဒူးရင်းသီး ပြုပြင်ထုတ်လုပ်ခြင်းကိုလည်း အားပေးမြှင့်တင်နေကြောင်း၊ အတည်ပြုထားသော ဈေးကွက်မရှိဘဲ ကုန်ပစ္စည်းများ ထုတ်လုပ် ခြင်းထက် ဈေးကွက်ဝယ်လိုအားအပေါ် အခြေခံ၍ ပြုပြင်ထားသော ထုတ်ကုန်များကို ထုတ်လုပ် ရန် ထုတ်လုပ်သူများကို တိုက်တွန်းအားပေးလျက်ရှိကြောင်း၊ စွန့်ပစ်ပစ္စည်း လျှော့ချရေးအတွက် ကြိုးပမ်းမှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် ဒူးရင်းခွံများကိုလည်း အော်ဂဲနစ်မြေဩဇာအဖြစ် ပြောင်း လဲသုံးစွဲလျက်ရှိကြောင်း သိရှိရသည်။

     Ms Suphajee က ထိုင်းတောင်ပိုင်းဒူးရင်းသီး ၇၀ ရာခိုင်နှုန်းမှ ၈၀ ရာခိုင်နှုန်းခန့်သည် ယခုအခါ ဈေးကွက်ထဲသို့ ဝင်ရောက်လာပြီဖြစ်ကြောင်း၊ ရာသီကုန်အထိ ပြည်တွင်းရောင်းချမှုနှင့် ပြည်ပတင်ပို့မှုကို အထောက်အကူပြုရန်နှင့် ထိုင်းတောင်ပိုင်းဒူးရင်းသီး တန်ချိန် ၃၀၀,၀၀၀ ခန့်ကို ဈေးကွက်သို့ တင်ပို့ရန် ဝန်ကြီးဌာနက ရည်မှန်းထားကြောင်း၊ ဒူးရင်းတန်ချိန် ၂၀၀,၀၀၀ ကျော်ကို စီမံဆောင်ရွက်ပြီးဖြစ်ကာ စျေးနှုန်းတည်ငြိမ်ရေးကို အထောက်အကူပြုနိုင်ခဲ့ကြောင်း၊ ရေ ရှည်တွင် ဈေးကွက်ဦးဆောင်သော ထုတ်လုပ်မှု၊ သီးနှံပြက္ခဒိန်၊ ပြုပြင်ထုတ်လုပ်ခြင်းနှင့် ပိုလျှံနေသော ထုတ်ကုန်များကို ပိုမိုကောင်းမွန်စွာ အသုံးချခြင်းတို့မှတစ်ဆင့် စနစ်ကို အားကောင်းစေရန် လိုအပ် ကြောင်း ပြောကြားခဲ့သည်။

Source: Bangkok Post, 10 August 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

ထိုင်းနိုင်ငံ၏ ဆန်စပါး စိုက်ပျိုးရေးကဏ္ဍသည် မရေရာသော အနာဂတ်နှင့် ရင်ဆိုင်နေရ

    အင်အားအလွန်ပြင်းထန်မည်ဟု ခန့်မှန်းထားသော ဆူပါအယ်လ်နီညို (Super El Niño) ဖြစ်စဉ်သည် ပစိဖိတ်သမုဒ္ဒရာတစ်လျှောက် ပိုမိုအားကောင်းလာနေပြီး လာမည့် နှစ်ဆန်းပိုင်း အထိ ရောက်ရှိသွားဖွယ်ရှိသည်။ ယင်းသည် ပြင်းထန်သော မိုးခေါင်ရေရှားမှုများ၊ ရေကြီးရေလျှံမှု များနှင့် သီးနှံရိတ်သိမ်းမှုများ ထိခိုက်ပျက်စီးခြင်းကို ဖြစ်ပေါ်စေနိုင်သဖြင့် ကမ္ဘာတစ်ဝန်းရှိ လူသန်းပေါင်း များစွာအတွက် စားနပ်ရိက္ခာ မလုံခြုံမှုကို ပိုမိုဆိုးရွားလာစေသည်။ ကမ္ဘာ့အကြီးမားဆုံး ဆန်တင်ပို့ သည့် နိုင်ငံများအနက် တစ်နိုင်ငံဖြစ်သော ထိုင်းနိုင်ငံတွင် ယင်း၏ ရိုက်ခတ်မှုကို စတင်ခံစားနေရပြီ ဖြစ်ကြောင်း  သတင်းထောက် တစ်ဦးဖြစ်သူ Dusita Saokaew က ထိုင်းနိုင်ငံ၊ Nakhon  Pathom မြို့မှ သတင်းပေးပို့ခဲ့ခြင်း ဖြစ်သည်။

      စိုက်ပျိုးစရိတ်များ မြင့်မားနေပြီး အထွက်နှုန်းများကလည်း နည်းနေကြောင်း၊ ထွက်ရှိလာ သည့် သီးနှံများ၏ ဈေးနှုန်းသည်လည်း အလွန်ပင် ကျဆင်းနေကြောင်း၊ လယ်သမားများအနေဖြင့် ရှေ့ဆက်၍ တောင့်ခံနိုင်မည် မဟုတ်ကြောင်း လယ်သမားတစ်ဦးက ပြောကြားခဲ့သည်။ ယနေ့ အချိန်၌ စိုက်ပျိုးရာသီတိုင်းသည် အလောင်းအစားတစ်ခုလို ဖြစ်လာခဲ့ပါကြောင်း၊ ပုံမှန်မဟုတ် သည့် မိုးရွာသွန်းမှုတစ်ခုကြောင့် လပေါင်းများစွာ ကြိုးစားအားထုတ်ခဲ့မှုများသည် အကုန်ပျက်စီး သွားနိုင်ပါသည်။

   Nakhon Pathom ခရိုင်သည် ထိုင်းနိုင်ငံ၏ ဆန်စပါးသမိုင်းကြောင်း စတင်ခဲ့သည့် နေရာ ဖြစ်ကြောင်း၊ မျိုးဆက်ပေါင်းများစွာ တိုင်အောင် လယ်သမားများသည် လယ်ကွင်းများ၌ နိုင်ငံ၏ အရေးအကြီးဆုံး သီးနှံများထဲမှ တစ်ခုဖြစ်သည့် စပါးကို စိုက်ပျိုးခဲ့ကြပြီး ပြည်တွင်း ဈေးကွက်များ နှင့် ကမ္ဘာတစ်ဝန်းရှိ လူသန်း ပေါင်းများစွာအတွက် ထောက်ပံ့ပေးခဲ့ပါကြောင်း၊ သီးနှံအမျိုးအစား များမှာ အများကြီး ပြောင်းလဲမသွားခဲ့သော်လည်း စိုက်ပျိုးရသည့်  ပတ်ဝန်းကျင်အခြေအနေများ မှာမူ  ပြောင်းလဲသွားခဲ့ပြီ ဖြစ်ကြောင်းနှင့် မျိုးဆက်ပေါင်းများစွာ တည်ဆောက်ခဲ့သည့် လူနေမှုဘဝ ပုံစံများသည် ယခုအချိန်တွင် ကန့်သတ်ချက်များ၊ အခက်အခဲများနှင့် စိန်ခေါ်မှုအသစ်များကို ရင်ဆိုင်နေရပြီဖြစ်ကြောင်း သတင်းထောက်တစ်ဦးဖြစ်သူ Dusita Saokaew က ပြောကြားခဲ့ သည်။

    ဆန်စပါး စိုက်ပျိုးရေးတွင် ရေမရရှိပါက အကုန် အဆုံးသတ်သွားပြီဖြစ်ပြီး လယ်သမားများ အတွက် ကြီးမားသည့် ပျက်စီးဆုံးရှုံးမှုဖြစ်ကြောင်း စပါးစိုက်ပျိုးသူ Pairach Sengchareon က ပြောကြားခဲ့သည်။ ထို့ပြင် နှစ်ပေါင်းများစွာတိုင်အောင် ခန့်မှန်းရခက်ခဲပြီး မမှန်မကန်ဖြစ်လာသည့် ရာသီဥတုဆိုးရွားမှုများကို ကြုံတွေ့ခဲ့ရပြီးနောက် ထိုင်းနိုင်ငံ၏ ဆန်စပါးကဏ္ဍသည် စိုးရိမ်ဖွယ်ရာ အခြေအနေသစ်တစ်ခုသို့ ရောက်ရှိနေပြီဖြစ်ကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့ကြသည်။

   ဆူပါ အယ်လ်နီညို (Super El Niño) ဖြစ်စဉ်သည် အရှေ့တောင်အာရှ တစ်လွှားတွင် ပိုမို ပူပြင်းသော အပူချိန်များနှင့် ကာလရှည်ကြာ မိုးခေါင်ရေရှားမှုများကို သယ်ဆောင်လာနိုင်ကြောင်း မိုးလေဝသပညာရှင်များက သတိပေးထားကြသည်။ ပြီးခဲ့သည့် အယ်လ်နီညိုဖြစ်စဉ်ကြောင့် ရေလှောင်တမံများ ခန်းခြောက်ခဲ့ရပြီး လယ်ကွင်းများခြောက်သွေ့ကာ သီးနှံအထွက်နှုန်းများ ထိုးကျသွားခဲ့သည်။ သို့သော် ဆူပါ အယ်လ်နီညို (Super El Niño) ဖြစ်စဉ်သည် စိုက်ပျိုးရေးကဏ္ဍ ကို စိုးရိမ်ဖွယ်ရာ အန္တရာယ်ရှိသော အနုတ်လက္ခဏာ ဆိုးကျိုးများဆီသို့ တွန်းပို့သွားနိုင်သည်။ ယင်းသည် ထုတ်လုပ်မှု၊ ပို့ကုန်နှင့် ကျေးလက်ဝင်ငွေများအားလုံးကို တစ်ပြိုင်နက်တည်း ထိခိုက် စေနိုင်သည့် ကပ်ဘေးအန္တရာယ်ဖြစ်နိုင်ကြောင်း သိရသည်။

   ဆူပါ အယ်လ်နီညို (Super El Niño) ဖြစ်စဉ်သည် စံချိန်တင် ပြင်းထန်နိုင်လိမ့်မည်ဟု ယူဆ ပါကြောင်း၊ စိုက်ပျိုးရေးကဏ္ဍနှင့် ထုတ်လုပ်မှုကဏ္ဍများ၌ အကြမ်းဖျင်းအားဖြင့် ထိုင်းဘတ်ငွေ ၆၂ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁.၈၄ ဘီလီယံ) နီးပါး ဆုံးရှုံးသွားနိုင်ကြောင်း ခန့်မှန်းထားပြီး စပါး ပမာဏအားဖြင့် အကြမ်းဖျင်း တန်ချိန် ၅.၄ သန်းနီးပါး စနစ်တစ်ခုလုံးမှ ပျောက်ကွယ်သွားနိုင်ပါ ကြောင်း Krungthai ဘဏ်မှ သုတေသနလေ့လာသူတစ်ဦးမှ ပြောကြားခဲ့ပါသည်။

    သုတေသန ဗဟိုဌာနတွင် သိပ္ပံပညာရှင်များသည် ပြောင်းလဲလာသော ရာသီဥတုနှင့် အပြိုင် အချိန်နှင့်တစ်ပြေးညီ ကြိုးပမ်းနေလျက်ရှိပါသည်။ အထွက်နှုန်း ပုံမှန်ရရှိပြီး ပိုမိုကြာရှည်သည့် မိုးခေါင်ရေရှားမှုများကို တောင့်ခံနိုင်စွမ်းရှိသည့် ဆန်စပါးမျိုးကောင်းမျိုးသန့်များကို ဖန်တီးထုတ် လုပ်နေကြပါကြောင်း၊ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့သည့် မျိုးစပ်စိုက်ပျိုးခြင်းနှင့် မျိုးရိုးဗီဇဆိုင်ရာ သုတေသနများကို အသုံးပြုပြီး မိုးခေါင်မှုသည် ပုံမှန်ဖြစ်ရိုးဖြစ်စဉ် ဖြစ်လာနိုင်ပြီး အနာဂတ်တွင် ကြံ့ကြံ့ခံနိုင်မည့် ဆန်စပါးမျိုးများကို ရှာဖွေဖော်ထုတ်လျက်ရှိပါသည်။

    ဆူပါ အယ်လ်နီညို (Super El Niño) ဖြစ်စဉ်သည် ကျွန်ုပ်တို့ ခန့်မှန်းထားသည့်အတိုင်း ပြင်းထန်ခဲ့ပါက စားနပ်ရိက္ခာ လုံခြုံရေးအပေါ် အမှန်တကယ် သက်ရောက်မှု ရှိလာမည် ဖြစ်သည်။ ရေခြိုးခြံစိုက်ပျိုးနိုင်သည့် စပါး (Water-saver rice) ဆိုသည်မှာ လွန်ခဲ့သည့် ၁၀ နှစ်နီးပါးက စတင် လုပ်ဆောင်ခဲ့သည့် စီမံကိန်းတစ်ခု ဖြစ်ပါကြောင်း၊ Sheffield တက္ကသိုလ်အပါအဝင် တရုတ်နိုင်ငံ၏ မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး ဗီဇဆဲလ်ကို စတင်ရှာဖွေခဲ့ခြင်း ဖြစ်သည့်အတွက် အချိန် ကြာမြင့်ခဲ့ပြီဖြစ်ပါကြောင်း အဆိုပါ စပါးမျိုးသည် ပုံမှန် စပါးများထက် ရေအသုံးပြုမှုကို ၂၀ ကနေ ၃၀ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်ပါကြောင်း ဆန်စပါး သိပ္ပံဗဟိုဌာန ညွှန်ကြားရေးမှူး၊ Kasetsart တက္ကသိုလ်မှ DR. Siwaret Arikit မှ ပြောကြားခဲ့သည်။

Source: China Global Television Network, 11 August 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ