Main menu

ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

၂၀၂၆ ခုနှစ် ပထမ ၇ လအတွင်း ကမ္ဘောဒီးယား၏ RCEP ကုန်သွယ်မှု မြင့်တက်လာ

      ၂၀၂၆ ခုနှစ်၏ ပထမ ၇ လတာကာလအတွင်း ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (RCEP) အဖွဲ့ဝင်နိုင်ငံများနှင့် ကမ္ဘောဒီးယားနိုင်ငံ၏ ကုန်သွယ်မှုပမာဏသည် ယခင်နှစ် ကာလတူတွင် စံချိန်တင်ခဲ့သည့် အမေရိကန်ဒေါ်လာ ၂၃ ဘီလီယံထက် ၂၂.၉ ရာခိုင်နှုန်း မြင့်တက်ကာ ဒေါ်လာ ၂၈.၂၇ ဘီလီယံအထိ ရောက်ရှိခဲ့ကြောင်း သြဂုတ်လ ၁၇ ရက်နေ့က ထုတ်ပြန်သည့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အစီရင်ခံစာအရ သိရသည်။

           ဇန်နဝါရီလမှ ဇူလိုင်လအထိ ကာလအတွင်း RCEP အဖွဲ့ဝင်နိုင်ငံများသို့ ကမ္ဘောဒီးယား၏ ပို့ကုန်တင်ပို့မှုသည် ၁၁ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး ဒေါ်လာ ၆.၄၁ ဘီလီယံရှိခဲ့သည်။ သွင်းကုန်တင်သွင်းမှုမှာမူ ၂၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ဒေါ်လာ ၂၁.၈၆ ဘီလီယံအထိ ရောက်ရှိခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားကြောင်း သိရသည်။

          အဆိုပါ လွတ်လပ်သော ကုန်သွယ်မှု သဘောတူညီချက်သည် ကမ္ဘောဒီးယား၏ အကြီးမားဆုံး ကုန်သွယ်မှုဈေးကွက်အဖြစ် ဆက်လက်တည်ရှိနေပြီး ထိုကာလအတွင်း နိုင်ငံ၏ စုစုပေါင်း ကမ္ဘာ့ကုန်သွယ်မှုပမာဏ ဒေါ်လာ ၄၅.၄၈ ဘီလီယံ၏ ၆၂.၁ ရာခိုင်နှုန်းကို ပါဝင်ယူထားသည်။ တရုတ်၊ ဗီယက်နမ်၊ စင်ကာပူ၊ ဂျပန်နှင့် ထိုင်းနိုင်ငံတို့သည် RCEP အဖွဲ့ဝင်နိုင်ငံများအနက် ကမ္ဘောဒီးယား၏ ထိပ်သီးကုန်သွယ်ဖက် ၅ နိုင်ငံ ဖြစ်ကြောင်း သိရသည်။

        စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏အတွင်းဝန်နှင့် ပြောရေးဆိုခွင့်ရှိသူ Penn Sovicheat က RCEP သည် စီးပွားရေးတိုးတက်မှုကို ဆက်လက်မောင်းနှင်ပေးလျက်ရှိပြီး ကမ္ဘောဒီးယား၏ ရေရှည်ပို့ကုန် တိုးချဲ့ရေးအတွက် အဓိက တွန်းအားတစ်ခုအဖြစ်လည်းကောင်း၊ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ရာတွင် အားကောင်းသည့် လှုံ့ဆော်မှုတစ်ခုအဖြစ်လည်းကောင်း ပါဝင်ဆောင်ရွက်နေကြောင်း ပြောကြားခဲ့ကြောင်း သိရသည်။

        အဆိုပါ ဒေသတွင်း ကုန်သွယ်မှု သဘောတူညီချက်သည် ကမ္ဘောဒီးယားနိုင်ငံအား ၂၀၂၉ ခုနှစ်တွင် ဖွံ့ဖြိုးတိုးတက်မှု အနည်းဆုံးနိုင်ငံ (LDC) အဆင့်မှ လွတ်မြောက်စေရန်၊ ၂၀၃၀ ပြည့်နှစ်တွင် အထက်လတ်တန်းစား ဝင်ငွေရှိသော နိုင်ငံအဖြစ်သို့ အသွင်ကူးပြောင်းရန်နှင့် ၂၀၅၀ ပြည့်နှစ်တွင် ဝင်ငွေမြင့်မားသော နိုင်ငံအဖြစ်သို့ ရောက်ရှိစေရေး ရည်မှန်းချက်များကို အရှိန်အဟုန်မြှင့်တင်ရာတွင် ကူညီပေးမည်ဖြစ်ကြောင်း ၎င်းက Xinhua သတင်းဌာနသို့ ပြောကြားခဲ့ကြောင်း သိရသည်။

         RCEP သဘောတူညီချက်သည် ၂၀၂၂ ခုနှစ်တွင် စတင်အသက်ဝင်ခဲ့ခြင်းဖြစ်သည်။ ယင်းတွင် အာရှ-ပစိဖိတ် ဒေသတွင်း ၁၅ နိုင်ငံ ပါဝင်ပြီး အာဆီယံ ၁၀ နိုင်ငံနှင့်အတူ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ ဩစတြေးလျနှင့် နယူးဇီလန်နိုင်ငံတို့ ပူးပေါင်းပါဝင်ကြောင်း သိရှိရပါသည်။

Source : Xinhua                                                                                   

DOCA (ရန်ကုန်)

၂၀၂၆ ခုနှစ် ပထမ ၇ လအတွင်း ကမ္ဘောဒီးယား-အာဆီယံ ကုန်သွယ်မှု ၂၀.၇ ရာခိုင်နှုန်းအထိ မြင့်တက်လာ

          ၂၀၂၆ ခုနှစ်၏ ပထမ ၇ လတာကာလအတွင်း ကမ္ဘောဒီးယားနိုင်ငံနှင့် အာဆီယံအဖွဲ့ဝင် နိုင်ငံများအကြား ကုန်သွယ်မှုပမာဏသည် အမေရိကန်ဒေါ်လာ ၁၁.၆၈ ဘီလီယံအထိ ရောက်ရှိခဲ့ပြီး ယခင်နှစ် ကာလတူတွင် စံချိန်တင်ခဲ့သည့် ဒေါ်လာ ၉.၆၇ ဘီလီယံထက် ၂၀.၇ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း သြဂုတ်လ ၁၇ ရက်နေ့က ထုတ်ပြန်သည့် စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၏ အစီရင်ခံစာအရ သိရသည်။

         ဇန်နဝါရီလမှ ဇူလိုင်လအထိ အာဆီယံနိုင်ငံများသို့ ကမ္ဘောဒီးယား၏ ပို့ကုန်တင်ပို့မှုသည် ယခင်နှစ် ကာလတူထက် ၀.၁၄ ရာခိုင်နှုန်း အနည်းငယ်မျှသာ တိုးတက်ခဲ့ပြီး ဒေါ်လာ ၃.၅၄ ဘီလီယံရှိခဲ့သည်။ တစ်ချိန်တည်းမှာပင် သွင်းကုန်တင်သွင်းမှုမှာမူ ၃၂.၆ ရာခိုင်နှုန်းအထိ အရှိန်အဟုန်ဖြင့် မြင့်တက်ခဲ့ပြီး ဒေါ်လာ ၈.၁၄ ဘီလီယံအထိ ရှိခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားကြောင်း သိရသည်။

          အဆိုပါ ၇ လတာကာလအတွင်း ကမ္ဘောဒီးယားနိုင်ငံ၏ စုစုပေါင်း ကမ္ဘာ့ကုန်သွယ်မှုပမာဏ ဒေါ်လာ ၄၅.၄၈ ဘီလီယံ၏ ၂၅.၆ ရာခိုင်နှုန်းမှာ ဒေသတွင်း ကုန်သွယ်မှုမှဖြစ်သည်။ ဗီယက်နမ်၊ စင်္ကာပူ၊ ထိုင်း၊ မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံတို့သည် ကမ္ဘောဒီးယား၏ ထိပ်သီး ဒေသတွင်းကုန်သွယ်ဖက် ၅ နိုင်ငံအဖြစ် ထွက်ပေါ်လာခဲ့သည်။ အဓိက ပို့ကုန်များတွင် အထည်အလိပ်၊ ဖိနပ်၊ ခရီးဆောင်ပစ္စည်း၊ ဆိုလာပြား၊ မော်တော်ယာဉ်တာယာ၊ အီလက်ထရွန်နစ်နှင့် ဆန်၊ သီဟိုဠ်စေ့၊ ရာဘာစိမ်း၊ ပလောပီနံ၊ ဒူးရင်းသီးနှင့် ငှက်ပျောသီး ကဲ့သို့သော စိုက်ပျိုးရေး ထွက်ကုန်များပါဝင်သည်။

         ကမ္ဘောဒီးယား နည်းပညာနှင့် သိပ္ပံတက္ကသိုလ်၏ တရုတ်-အာဆီယံ လေ့လာရေးစင်တာမှ ဒုတိယညွှန်ကြားရေးမှူး Thong Mengdavid က အဆိုပါ တိုးတက်မှုသည် ဒေသတွင်း စီးပွားရေးပေါင်းစည်းမှု ပိုမိုနက်ရှိုင်းလာခြင်းကြောင့်ဖြစ်ကြောင်း သုံးသပ်ပြောကြားခဲ့ကြောင်း သိရသည်။

      ခိုင်မာသည့် ထောက်ပံ့ပို့ဆောင်ရေးကွန်ရက်များ၊ နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှုများ ကျယ်ပြန့်လာခြင်းနှင့် အာဆီယံ စီးပွားရေး အသိုက်အဝန်း၊ ဒေသတွင်း ဘက်စုံ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (RCEP) ကဲ့သို့သော ဒေသတွင်း မူဘောင်များကြောင့် တိုးတက်မှု အရှိန်အဟုန် ရရှိလာခြင်းဖြစ်ကြောင်း သိရှိရပါသည်။

Source : Xinhua                                                                                   

DOCA (ရန်ကုန်)

ဂျာမနီလက်ကားစူပါမားကတ်သို့ တရားဝင်ရောက်ရှိပြီဖြစ်သည့် ဗီယက်နမ်၏ ST25 ဆန်

           ဗီယက်နမ်နိုင်ငံ၏ အရည်အသွေးမြင့်ဆန်အမျိုးအစားတစ်ခုဖြစ်သည့် ST25 ဆန်ကို ဂျာမနီနိုင်ငံရှိ Selgros Cash & Carry လက်ကားစူပါမားကတ်ဆိုင်ခွဲများတွင် တရားဝင်ဖြန့်ဖြူးရောင်းချနေပြီဖြစ်ရာ ဥရောပဈေးကွက်နှင့် စားသုံးသူများထံသို့ တိုက်ရိုက်ဝင်ရောက်နိုင်မည့် လမ်းကြောင်းသစ်တစ်ရပ် ပေါ်ပေါက်လာပြီဖြစ်ကြောင်း သိရပါသည်။ အဆိုပါအစီအစဉ်ကို ဗီယက်နမ်ကုန်ပစ္စည်းသီတင်းပတ်အဖြစ် ဩဂုတ် ၁၇ ရက်တွင် ဘာလင်မြို့ရှိ Selgros Lichtenberg စူပါမားကတ်၌ ကျင်းပခဲ့ကြောင်း သိရပါသည်။ ST25 ဆန်ကို Mova Plus က ဖြန့်ဖြူးပေးခြင်းဖြစ်ပြီး ဗီယက်နမ်ကုန်သွယ်ရေးရုံး (ဂျာမနီ) ၏ပံ့ပိုးကူညီမှုဖြင့် ဗီယက်နမ်ကုမ္ပဏီနှင့် Selgros တို့အကြား တစ်နှစ်ကျော်ကြာ ဆက်သွယ်ဆောင်ရွက်မှုနှင့် ဆွေးနွေးညှိနှိုင်းမှုများ၏ ရလဒ်တစ်ရပ်ဖြစ်ကြောင်း သိရပါသည်။ ဖွင့်ပွဲအခမ်းအနားတွင် ဂျာမနီနိုင်ငံဆိုင်ရာ ဗီယက်နမ် သံအမတ်ကြီး Nguyen Duc Thanh က Selgros ၏ ပူးပေါင်းဆောင်ရွက်မှုနှင့် Mova Plus ၏ ကြိုးပမ်းအားထုတ်မှုများကို အသိအမှတ်ပြုကြောင်း ပြောကြားခဲ့ပါသည်။ ST25 ဆန်ကို Selgros ၏စင်များပေါ်တွင်ရောင်းချနိုင်ခြင်းသည် ဂျာမန်စားသုံးသူများအနေဖြင့် ဗီယက်နမ်ဆန်ထုတ်ကုန်များကို ပိုမိုလွယ်ကူစွာဝယ်ယူအသုံးပြုနိုင်မည့် အခွင့်အလမ်းတစ်ရပ် ဖန်တီးပေးသည့်အပြင် ဗီယက်နမ်စိုက်ပျိုးရေးထွက်ကုန်များ၏ တန်ဖိုးမြှင့်တင်ရေးအတွက်လည်း အထောက်အကူ ပြုကြောင်း သံအမတ်ကြီးက ပြောကြားခဲ့ပါသည်။ ထိုသို့ဆောင်ရွက်ရာတွင် ထုတ်လုပ်မှုပမာဏ ကိုအဓိကထားခြင်းထက် အရည်အသွေး၊ အမှတ်တံဆိပ်နှင့် ထုတ်ကုန်တန်ဖိုးတို့ကို ပိုမိုအလေးထားရန်လိုအပ်ကြောင်း ၎င်းကဆိုပါသည်။ သို့သော် စူပါမားကတ်စင်များပေါ်သို့ ထုတ်ကုန်ရောင်းချနိုင်ခြင်းသည် အစသာဖြစ်ကြောင်း သံအမတ်ကြီးက သတိပေးခဲ့ပါသည်။ ဂျာမနီဈေးကွက်တွင် ရေရှည်တည်ရှိနိုင်ရန် ဗီယက်နမ်လုပ်ငန်းများအနေဖြင့် ထုတ်ကုန်အရည်အသွေးနှင့် အစားအသောက်ဘေးကင်းလုံခြုံရေးစံနှုန်းများကို ဆက်လက်အာမခံရမည် ဖြစ်သကဲ့သို့ သင့်လျော်သောထုပ်ပိုးမှု၊ တည်ငြိမ်သောထောက်ပံ့မှုနှင့် ဒေသတွင်းဈေးကွက်နှင့် ကိုက်ညီသည့် အရောင်းမြှင့်တင်ရေးလုပ်ငန်းများကိုလည်း ဆက်လက်ဆောင်ရွက်ရမည်ဖြစ်ကြောင်း ၎င်းကပြောကြားခဲ့ပါသည်။ Selgros Berlin Lichtenberg ၏ ဒါရိုက်တာ Mario Berger က ဂျာမန်စားသုံးသူများအနေဖြင့် အပူပိုင်းသစ်သီးများ၊ ပင်လယ်စာနှင့် ဟင်းခတ်အမွှေးအကြိုင်များမှသည် အခြောက်အခြမ်းထုတ်ကုန်များ၊ ဆန်ခေါက်ဆွဲနှင့် ဖိုခေါက်ဆွဲအထိ ဗီယက်နမ်ထုတ်ကုန်များအပေါ် စိတ်ဝင်စားမှုပိုမိုမြင့်တက်လာကြောင်း ပြောကြားခဲ့ပါသည်။ အနာဂတ်တွင် ဗီယက်နမ်စိုက်ပျိုးရေးထွက်ကုန်များကို Selgros စနစ်အတွင်း ပိုမိုမိတ်ဆက်နိုင်ရန် မျှော်လင့်ကြောင်း ၎င်းကဆိုပါသည်။ Mova Plus ၏ ကမ္ဘာလုံးဆိုင်ရာစီးပွားရေးဒါရိုက်တာ Lam Hien Hoa က ယခု ST25 ဆန်မိတ်ဆက်မှုသည် ဂျာမနီနိုင်ငံရှိ စားသုံးသူများနှင့် နိုင်ငံတကာ အသိုက်အဝန်းအနေဖြင့် အရည်အသွေးမြင့်ဗီယက်နမ်စိုက်ပျိုးရေးထွက်ကုန်တစ်မျိုးကို တိုက်ရိုက် ဝယ်ယူနိုင်မည့် အခွင့်အလမ်းတစ်ရပ်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ Mova Plus ၏ ကုန်သွယ်ရေးနှင့် ဈေးကွက်မြှင့်တင်ရေး ဒါရိုက်တာ Dana Ho ၏ ပြောကြားချက်အရ ST25 ဆန်ကို Selgros စနစ်အတွင်း ဝင်ရောက်နိုင်ရန် အခက်ခဲဆုံးလိုအပ်ချက်များအနက် ထုတ်ကုန်၏ မူရင်းနိုင်ငံ၊ ဘေးကင်းလုံခြုံမှုနှင့် အရည်အသွေးတည်ငြိမ်မှုတို့ကို သက်သေပြနိုင်ရန်ဖြစ်ကြောင်း သိရပါသည်။ ဥရောပသို့တင်ပို့သည့် ဆန်တင်ပို့မှုတစ်ကြိမ်စီသည် ဖြန့်ဖြူးရေးစနစ်အတွင်း ဝင်ရောက်ခွင့်မရမီ စစ်ဆေးမှုများခံယူရမည်ဖြစ်ပြီး လိုအပ်သည့်စာရွက်စာတမ်းများနှင့် အသိအမှတ်ပြုလက်မှတ်များ အပြည့်အစုံရှိရမည်ဖြစ်ကြောင်း ၎င်းကပြောကြားခဲ့ပါသည်။ ထုတ်ကုန်အရည်အသွေးကို ထိန်းချုပ်နိုင်ရန် Mova Plus သည် ၎င်း၏ထောက်ပံ့ရေးကွင်းဆက်တွင် Vinaseed ကို မိတ်ဖက်အဖြစ် ရွေးချယ်ခဲ့ကြောင်းလည်း Dana Ho က ဆိုပါသည်။ ယင်းက မျိုးစေ့အမျိုးအစား၊ စိုက်ပျိုးမြေဧရိယာများမှသည် ထုတ်လုပ်ရေးလုပ်ငန်းစဉ်အထိ အဆင့်တိုင်းကို ထိန်းချုပ်နိုင်စေပြီး ထုတ်ကုန်အရည်အသွေးကို အာမခံနိုင်မည်ဖြစ်ကြောင်း သိရပါသည်။ ဂျာမနီနိုင်ငံဆိုင်ရာ ဗီယက်နမ်ကုန်သွယ်ရေးအကြံပေး Dang Thi Thanh Phuong က ဂျာမန်နိုင်ငံရှိ သွင်းကုန်လုပ်ငန်းရှင်များ၊ ဖြန့်ဖြူးရေးကုမ္ပဏီများ၊ လက်လီရောင်းချရေးကွင်းဆက်များနှင့် ဗီယက်နမ်စီးပွားရေးလုပ်ငန်းများအကြား ပေါင်းကူးတံတားအဖြစ် ဗီယက်နမ်ကုန်သွယ်ရေးရုံးက ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ထို့ပြင် ဗီယက်နမ်ထုတ်ကုန်များ ဈေးကွက်အတွင်းဝင်ရောက်နိုင်မှု ပိုမိုကောင်းမွန်လာစေရန်နှင့် ပို့ကုန်ဈေးကွက်များ တိုးချဲ့နိုင်ရန် ဆက်လက်ကူညီပေးသွားမည်ဖြစ်ကြောင်း ၎င်းကပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Antara News                                                                             

DOCA (ရန်ကုန်)

ယှဉ်ပြိုင်နိုင်စွမ်းတိုးမြှင့်ရန် ဓာတ်မြေဩဇာအရည်အသွေး မြှင့်တင်မည့်အင်ဒိုနီးရှား

    အင်ဒိုနီးရှားနိုင်ငံ စက်မှုဝန်ကြီးဌာနသည် ဓာတ်မြေဩဇာထုတ်ကုန်များ၏ အရည်အသွေးမြှင့်တင်ရန်၊ စားနပ်ရိက္ခာဖူလုံရေးကိုအထောက်အကူပြုရန်နှင့် ပြည်တွင်းထုတ်လုပ်သူများ၏ ယှဉ်ပြိုင်နိုင်စွမ်းမြှင့်တင်ရန်အတွက် ဓာတ်မြေဩဇာဆိုင်ရာ စံချိန်စံညွှန်းများ၊ အသိအမှတ်ပြု လက်မှတ်ထုတ်ပေးရေးနှင့် လုပ်သားကျွမ်းကျင်မှုများကို ပိုမိုခိုင်မာစေရန် ဆောင်ရွက်လျက်ရှိကြောင်း သိရပါသည်။ စက်မှုဝန်ကြီး Agus Gumiwang Kartasasmita က စံချိန်စံညွှန်းများနှင့် အရည်အသွေးအာမခံမှုသည် စက်မှုလုပ်ငန်းကဏ္ဍ ခံနိုင်ရည်ရှိမှုကိုမြှင့်တင်ရာတွင် အရေးပါပြီး အထူးသဖြင့် မဟာဗျူဟာမြောက်ဓာတ်မြေဩဇာကဏ္ဍအတွက် အရေးကြီးကြောင်း ပြောကြားခဲ့ပါသည်။ စံချိန်စံညွှန်းသတ်မှတ်ခြင်းနှင့် အရည်အသွေးအာမခံမှုသည် စည်းမျဉ်းစည်းကမ်းများကို လိုက်နာရုံထက် ပိုမိုအရေးကြီးကြောင်းနှင့် ပြည်တွင်းနှင့် နိုင်ငံတကာဈေးကွက်များတွင် ထုတ်ကုန်အပေါ် ယုံကြည်မှုတည်ဆောက်ရန်နှင့် နိုင်ငံ၏စက်မှုလုပ်ငန်း ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ရန် အဓိကကျကြောင်း Agus က ဩဂုတ်လ ၁၆ ရက်နေ့တွင် ပြောကြားခဲ့ကြောင်း သိရသည်။
        မကြာသေးမီက Pontianak မြို့ရှိ စက်မှုစံချိန်စံညွှန်းနှင့် ဝန်ဆောင်မှုဗဟိုဌာန (BSPJI) သည် ဓာတ်မြေဩဇာထုတ်လုပ်သည့် PT Garuda Mas Borneo ကုမ္ပဏီနှင့် တွေ့ဆုံ၍ ထုတ်ကုန် အသိအမှတ်ပြုလက်မှတ်ရရှိရေးလုပ်ငန်းစဉ်ကို အရှိန်မြှင့်ရန်နှင့် စက်မှုလုပ်ငန်းဆိုင်ရာ ပံ့ပိုးကူညီမှုများ ပိုမိုခိုင်မာစေရန် ဆွေးနွေးခဲ့ကြောင်း သိရပါသည်။ တွေ့ဆုံဆွေးနွေးမှုတွင် အင်ဒိုနီးရှား အမျိုးသားစံချိန်စံညွှန်း (SNI)၊ အသိအမှတ်ပြုလက်မှတ် ထုတ်ပေးရေးလုပ်ငန်းစဉ်၊ ဓာတ်ခွဲခန်း စမ်းသပ်စစ်ဆေးမှုများနှင့် နည်းပညာပိုင်းဆိုင်ရာလုပ်သားများအား လေ့ကျင့်သင်ကြားပေးရေးတို့အပါအဝင် ဓာတ်မြေဩဇာအရည်အသွေးမြှင့်တင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် အဓိကထားဆွေးနွေးခဲ့ကြကြောင်း သိရပါသည်။ စက်မှုစံချိန်စံညွှန်းနှင့် ဝန်ဆောင်မှုမူဝါဒအေဂျင်စီ (BSKJI) အကြီးအကဲ Emmy Suryandari က နည်းပညာပိုင်းဆိုင်ရာ ဝန်ဆောင်မှုပေးသည့် အဖွဲ့အစည်းများသည် စက်မှုလုပ်ငန်းများ၏ထုတ်လုပ်မှုစွမ်းအားနှင့် ယှဉ်ပြိုင်နိုင်စွမ်း မြှင့်တင်ရာတွင် အရေးပါသည့်အခန်းကဏ္ဍမှပါဝင်နေကြောင်း ပြောကြားခဲ့ပါသည်။ စံချိန်စံညွှန်း သတ်မှတ်မှုမှတစ်ဆင့် ထုတ်ကုန်များသည် အရည်အသွေး၊ ဘေးကင်းလုံခြုံမှုနှင့် တစ်ပြေးညီဖြစ်မှု ဆိုင်ရာသတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိစေရန်အာမခံနိုင်မည်ဖြစ်ပြီး ယင်းက ပြည်တွင်း ထုတ်လုပ်သူများအနေဖြင့် နိုင်ငံတကာပြိုင်ဘက်များနှင့်ယှဉ်ပြိုင်ရာတွင် ပိုမိုခိုင်မာသည့် အနေအထားရရှိစေမည်ဖြစ်ကြောင်း ၎င်းက ဆိုပါသည်။ Pontianak BSPJI အကြီးအကဲ Ahmad Nashoruddin Muammar က စီးပွားရေးလုပ်ငန်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းသည် ထုတ်လုပ်သူများအနေဖြင့် သတ်မှတ်ထားသည့်စံချိန်စံညွှန်းများနှင့် အသိအမှတ်ပြုလက်မှတ် ဆိုင်ရာလိုအပ်ချက်များကို ပြည့်မီစေရန်ကူညီပေးရေးအတွက် ဌာန၏ ကြိုးပမ်းမှုများကို အထောက်အကူပြုကြောင်း ပြောကြားခဲ့ပါသည်။ ထုတ်ကုန်အရည်အသွေးနှင့် ယှဉ်ပြိုင်နိုင်စွမ်း မြှင့်တင်နိုင်ရန် စီးပွားရေးလုပ်ငန်းများအတွက် စမ်းသပ်စစ်ဆေးမှု၊ အသိအမှတ်ပြုလက်မှတ်၊ နည်းပညာပိုင်းဆိုင်ရာအကြံပေးမှုနှင့် လုပ်သားစွမ်းရည်ဖွံ့ဖြိုးတိုးတက်ရေးတို့မှတစ်ဆင့် ပံ့ပိုးပေးရန် အသင့်ရှိကြောင်းနှင့် ဓာတ်မြေဩဇာစက်မှုလုပ်ငန်းသည် စိုက်ပျိုးရေးကဏ္ဍနှင့် စားနပ်ရိက္ခာ ဖူလုံရေးအတွက်အရေးပါသည့်အခန်းကဏ္ဍမှ ပါဝင်နေသောကြောင့် ဓာတ်မြေဩဇာများ၏ အရည်အသွေးကို အာမခံနိုင်ရန် စံချိန်စံညွှန်းများနှင့် ထုတ်ကုန်အသိအမှတ်ပြုလက်မှတ်များသည် မရှိမဖြစ်လိုအပ်ကြောင်း Ahmad က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Antara News                                                                             

DOCA (ရန်ကုန်)

မလေးရှားသို့ ဆန်တန်ချိန် ၁၀၀၀ တင်ပို့မည့် အင်ဒိုနီးရှား

        အင်ဒိုနီးရှားနိုင်ငံသည် အရည်အသွေးမြင့် ဆန်တန်ချိန် ၁,၀၀၀ ကို မလေးရှားနိုင်ငံသို့ တင်ပို့ရန်စီစဉ်နေပြီး အဆိုပါဆန်တင်ပို့မှုသည် နိုင်ငံ၏စားနပ်ရိက္ခာဖူလုံရေး ပိုမိုခိုင်မာလာမှုကို ပြသသည့်လုပ်ဆောင်ချက်တစ်ရပ်ဖြစ်ကြောင်း အစိုးရပိုင်စားနပ်ရိက္ခာထောက်ပံ့ရေးနှင့် ဖြန့်ဖြူး ရေးကုမ္ပဏီ Bulog က ပြောကြားခဲ့ပါသည်။ အဆိုပါအစီအစဉ်သည် အင်ဒိုနီးရှားနိုင်ငံ၏ ၈၁ နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် နိုင်ငံ၏စားနပ်ရိက္ခာဖူလုံမှုအခြေအနေ တိုးတက်ကောင်းမွန်လာမှုကို ပြသခြင်းဖြစ်ကြောင်း Bulog ကုမ္ပဏီ ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ် Ahmad Rizal Ramdhani က သြဂုတ် ၁၅ ရက်တွင် ဂျကာတာမြို့၌ ပြောကြားခဲ့ပါသည်။ ၎င်းက ဩဂုတ် ၁၄ ရက် ညနေပိုင်းတွင် ဂျကာတာ၌ Bulog နှင့် မလေးရှားနိုင်ငံရှိ Padi dan Beras Borneo Sdn. Bhd. တို့အကြား နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးခဲ့ပြီး အင်ဒိုနီးရှား စိုက်ပျိုးရေးဝန်ကြီး Andi Amran Sulaiman က တက်ရောက်ကြည့်ရှုခဲ့ကြောင်း ပြောကြားခဲ့ပါသည်။ အဆိုပါဆန်ကုန်သွယ်ရေးသဘောတူညီချက်သည် အင်ဒိုနီးရှားနိုင်ငံအတွက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် လက်ဆောင်တစ်ရပ်ဖြစ်သကဲ့သို့ ပြည်တွင်းဆန်လက်ကျန် လုံလောက်မှုနှင့် ပြည်ပသို့တင်ပို့နိုင်သည့် အခြေအနေရှိလာခြင်းတို့ကြောင့် နိုင်ငံ၏စားနပ်ရိက္ခာစနစ် ပိုမိုခံနိုင်ရည်ရှိလာကြောင်း ပြသနေခြင်းဖြစ်သည်ဟု Ramdhani က ဆိုပါသည်။ အင်ဒိုနီးရှားနိုင်ငံ၏ ဆန်ထုတ်လုပ်မှုသည် မကြာသေးမီနှစ်များအတွင်း တိုးတက်လာခဲ့ပြီး လက်ရှိတွင် အစိုးရ၏ ဆန်အရန်သိုလှောင်မှုမှာ တန်ချိန် ၅.၂ သန်းခန့်ရှိကြောင်း သိရပါသည်။ သဘောတူညီချက်ကို အကောင်အထည်ဖော်ရာတွင် ကနဦးအနေဖြင့် ဆန်တန်ချိန် ၁,၀၀၀ တင်ပို့မည်ဖြစ်ပြီး ယင်းသည် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုအောက်မှ ပထမဆုံးတင်ပို့မှု ဖြစ်လာမည်ဖြစ်ကြောင်း သိရပါသည်။ ထို့နောက် နှစ်စဉ်ဆန်တင်ပို့မှုပမာဏကို တဖြည်းဖြည်းတိုးမြှင့်ကာ တန်ချိန် ၂၀၀,၀၀၀ အထိရောက်ရှိရန် မျှော်မှန်းထားကြောင်း သိရပါသည်။ နိုင်ငံတော်၏ စားနပ်ရိက္ခာဖူလုံရေးကို ထိန်းသိမ်းထားခြင်းသည် Bulog ၏ ထိပ်တန်းဦးစားပေးလုပ်ငန်းဖြစ်နေဆဲဖြစ်သည်ဟု Ramdhani က ပြောကြားပြီး ဆန်ထုတ်လုပ်မှု အားကောင်းနေသည့် အခြေအနေကိုအသုံးချကာ ပြည်ပတင်ပို့ရေး အခွင့်အလမ်းများကိုဖော်ထုတ်ရန် အရေးကြီးကြောင်း အလေးပေးပြောကြားခဲ့ပါသည်။ ထို့ပြင် Bulog အနေဖြင့် ပြည်တွင်းနှင့် နိုင်ငံတကာမိတ်ဖက်များ၊ အစိုးရအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုကိုပိုမိုခိုင်မာစေရန် ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ပြီး စားနပ်ရိက္ခာ ဖူလုံရေးကိုအထောက်အကူပြုသည့်အပြင် တောင်သူများ၏လူမှုစီးပွားဘဝ တိုးတက်ကောင်းမွန်ရေးနှင့် ဈေးကွက်ချဲ့ထွင်ရေးတို့ကိုလည်း အထောက်အကူပြုသွားမည်ဟု သိရပါသည်။ စိုက်ပျိုးရေးဝန်ကြီး Sulaiman ကလည်း ယင်းဆန်တင်ပို့ရေး သဘောတူညီချက်သည် အင်ဒိုနီးရှားနိုင်ငံ၏ ၈၁ နှစ်မြောက် လွတ်လပ်ရေးအခါသမယတွင် နိုင်ငံအနေဖြင့် မိမိ၏ စွမ်းဆောင်ရည်အပေါ် ယုံကြည်မှုရှိလာကြောင်း သက်သေပြသည့် လုပ်ဆောင်ချက်တစ်ရပ်ဖြစ်ကြောင်း ယခင်က ပြောကြားခဲ့ပါသည်။ ဝန်ကြီးက ဆန်အရန်လက်ကျန် တန်ချိန် ၅.၂ သန်းခန့်အထိ ရှိလာ သောကြောင့် ပြည်ပတင်ပို့ရေးအတွက် စတင်ပြောဆိုနိုင်ပြီဖြစ်ကြောင်း၊ ထိုတိုးတက်မှုက အင်ဒိုနီးရှားနိုင်ငံ ပိုမိုခိုင်မာလာပြီး ယုံကြည်မှုပိုရှိလာပြီဖြစ်သည်ကို သက်သေပြနေကြောင်းနှင့် စားနပ်ရိက္ခာပြည်ပတင်ပို့မှုများကြောင့် ပြည်တွင်းစားနပ်ရိက္ခာထောက်ပံ့မှု ထိခိုက်မည်မဟုတ် ကြောင်း လက်မှတ်ရေးထိုးပွဲအပြီးတွင် ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Antara News                                                                             

DOCA (ရန်ကုန်)

ဗီယက်နမ်ရောင်းချသူများအား အမေရိကန်ဈေးကွက်သို့ ဝင်ရောက်ရန် တံခါးဖွင့်လှစ်ပေးနိုင်သည့် ကုန်စည်ပြပွဲ

         အမေရိကန်နိုင်ငံ၏ လက်လီအရောင်းလုပ်ငန်းကြီး Target က ဗီယက်နမ်နိုင်ငံ၌ ကျင်းပမည့် ၂၀၂၆ ခုနှစ် Vietnam International Sourcing Expo (VIS 2026) တွင် ပထမဆုံးအကြိမ် ပါဝင်မည်ဖြစ်ရာ ဗီယက်နမ်စီးပွားရေးလုပ်ငန်းများအနေဖြင့် မြောက်အမေရိက၏ ထိပ်တန်း လက်လီအရောင်းလုပ်ငန်းကြီးတစ်ခုနှင့် တိုက်ရိုက်ချိတ်ဆက်နိုင်ပြီး ထုတ်လုပ်မှု၊ ထုတ်ကုန်ဖွံ့ဖြိုးရေးနှင့် ကိုယ်ပိုင်အမှတ်တံဆိပ်ထုတ်ကုန်များ ထုတ်လုပ်ရေးအပါအဝင် ၎င်း၏ထောက်ပံ့ရေး ကွင်းဆက်အတွင်းပါဝင်နိုင်မည့်အခွင့်အလမ်းများ ပေါ်ပေါက်လာမည်ဟု မျှော်မှန်းထားကြောင်း သိရပါသည်။ VIS 2026 ကို ဟိုချီမင်းမြို့ရှိ Saigon Exhibition and Convention Centre ၌ စက်တင်ဘာ ၃ ရက်မှ ၅ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရပါသည်။ ဗီယက်နမ် စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန (MOIT) ၏ ဩဂုတ် ၁၁ ရက် ထုတ်ပြန်ချက်အရ Target သည် အိမ်သုံးပစ္စည်းများ၊ အိမ်သုံးအထည်အလိပ်များ၊ ကလေးအသုံးအဆောင်များ၊ ကိုယ်ရေးကိုယ်တာသန့်ရှင်းရေးနှင့် အလှကုန်ပစ္စည်းများ ထုတ်လုပ်ပေးနိုင်သည့် ဗီယက်နမ်ကုန်ပစ္စည်း ပေးသွင်းသူများကိုရှာဖွေနေပြီး အရည်အသွေး၊ ဒီဇိုင်းနှင့် ထောက်ပံ့ရေးကွင်းဆက်စီမံခန့်ခွဲမှုဆိုင်ရာ သတ်မှတ်ချက်များနှင့် ကိုက်ညီသည့် ထုတ်ကုန်များထုတ်လုပ်ဖွံ့ဖြိုးနိုင်သော ကုမ္ပဏီများကို အဓိကထားရှာဖွေနေကြောင်း သိရပါသည်။ Target ၏ ဦးစားပေးဝယ်ယူရေးပစ္စည်းများတွင် အရုပ်ပျော့များ၊ ကြွေထည်စားပွဲသုံးနှင့် မီးဖိုချောင်သုံးပစ္စည်းများ၊ ဓာတုအမျှင်ဖြင့်ပြုလုပ်သည့် အိမ်သုံးအထည်အလိပ်များ၊ ပလတ်စတစ်မီးဖိုချောင်သုံးပစ္စည်းများ၊ ကလေးငယ်နှင့် ကလေး အသုံးအဆောင်များအပြင် ဆံပင်နှင့် ဦးရေပြားထိန်းသိမ်းရေး၊ ရေချိုးခန္ဓာကိုယ်ထိန်းသိမ်းရေး၊ အသားအရေထိန်းသိမ်းရေး၊ အလှအပသုံးကိရိယာများ၊ မိတ်ကပ်အသုံးအဆောင်များနှင့် ဆန်းသစ် တီထွင်ထားသောထုပ်ပိုးပစ္စည်းများပါဝင်ကြောင်း သိရပါသည်။ ထို့ပြင် အိမ်သန့်ရှင်းရေးသုံးပစ္စည်းများ၊ ဖယောင်းတိုင်များ၊ အိမ်သုံးရနံ့ပစ္စည်းများနှင့် ကလေးများအတွက် ကိုယ်ရေးကိုယ်တာသန့်ရှင်းရေးသုံးပစ္စည်းများကိုလည်း ဝယ်ယူရန်ရှာဖွေလျက်ရှိပြီး ရေရှည်တွင် အိမ်မွေးတိရစ္ဆာန်သုံးပစ္စည်းများ၊ ကျန်းမာရေးနှင့် ကိုယ်ကာယကျန်းမာကြံ့ခိုင်ရေးဆိုင်ရာပစ္စည်းများ၊ ကလေးငယ်နှင့် ကလေးများအတွက် ပရိဘောဂနှင့် အသုံးအဆောင်ပစ္စည်းများကိုလည်း ရှာဖွေသွားမည်ဖြစ်ကြောင်း သိရပါသည်။ အဆိုပါကျယ်ပြန့်သည့်ဝယ်ယူရေးကဏ္ဍများကြောင့် ဗီယက်နမ်စီးပွားရေးလုပ်ငန်းများအနေဖြင့် အချောထည်ထုတ်ကုန်များ ပေးသွင်းရုံသာမက OEM (မူရင်းပစ္စည်းထုတ်လုပ်သူ)၊ ODM (မူရင်းဒီဇိုင်းထုတ်လုပ်သူ)၊ ကိုယ်ပိုင်အမှတ်တံဆိပ်ထုတ်ကုန် ထုတ်လုပ်ရေးနှင့် ပူးပေါင်းထုတ်ကုန်ဖွံ့ဖြိုးရေးပုံစံများမှတစ်ဆင့် ထုတ်ကုန်ဒီဇိုင်း၊ ဖွံ့ဖြိုးရေးနှင့် ထုတ်လုပ်ရေးလုပ်ငန်းများတွင်ပါ ပါဝင်နိုင်မည့် အခွင့်အလမ်းများ ရရှိမည်ဖြစ်ကြောင်း MOIT က ပြောကြားခဲ့ပါသည်။ Target သည် အမေရိကန်နိုင်ငံတစ်ဝန်း ဆိုင်ခွဲပေါင်း ၂,၀၀၀ ကျော် ဖွင့်လှစ်ထားပြီး ၂၀၂၅ ခုနှစ်တွင် ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၀၅ ဘီလီယံခန့် ရရှိခဲ့ကြောင်း သိရပါသည်။ ကုမ္ပဏီသည် ကိုယ်ပိုင်အမှတ်တံဆိပ်ပေါင်း ၄၅ ခုကျော်ကို ဖော်ဆောင်ထားပြီး ဗီယက်နမ်နိုင်ငံ တွင် ထုတ်လုပ်ရေးစက်ရုံများရှိခြင်း၊ ပို့ကုန်ပမာဏများပြားခြင်းနှင့် IKEA၊ Walmart ၊ Costco ၊ Home Depot ၊ Nitori ၊ TJX၊ Williams Sonoma ၊ Walgreens ၊ Amazon ၊ CVS ၊ Sephora နှင့် Ulta ကဲ့သို့ နိုင်ငံတကာကုမ္ပဏီများနှင့် လက်လီအရောင်းဆိုင်ကွင်းဆက်များအတွက် ပစ္စည်းပေးသွင်းဖူးသည့် အတွေ့အကြုံရှိခြင်းတို့ကို အဓိကထားသတ်မှတ်ထားကြောင်း သိရပါသည်။
       ထုတ်လုပ်မှုစွမ်းရည်အပြင် Target သည် OEM/ODM လုပ်ငန်းများ၊ ထုတ်ကုန်ဒီဇိုင်းနှင့် ဖွံ့ဖြိုးရေး၊ ကိုယ်ပိုင်အမှတ်တံဆိပ်ထုတ်ကုန်ထုတ်လုပ်ရေးနှင့် ဆန်းသစ်တီထွင်မှုစွမ်းရည်များအပြင် စျေးကွက်လိုအပ်ချက်များကို လျင်မြန်စွာတုံ့ပြန်နိုင်စွမ်းရှိသည့်ပေးသွင်းသူများကိုလည်း ရှာဖွေနေကြောင်း သိရပါသည်။ VIS 2026 တွင် ဗီယက်နမ်စီးပွားရေးလုပ်ငန်းများအနေဖြင့် Target ၏ ဝယ်ယူရေးအဖွဲ့နှင့်တွေ့ဆုံကာ ကုမ္ပဏီ၏လိုအပ်ချက်များကိုသိရှိနိုင်ပြီး ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာများကို ဆွေးနွေးနိုင်မည်ဖြစ်ကြောင်း သိရပါသည်။ အခွင့်အလမ်းရရှိနိုင်ရေးအတွက် ထုတ်လုပ်မှုစွမ်းရည်၊ ထုတ်ကုန်ဖွံ့ဖြိုးရေး၊ အရည်အသွေးနှင့် ထောက်ပံ့ရေးကွင်းဆက်စီမံ ခန့်ခွဲမှုတို့ကို မြှင့်တင်ထားရန် လိုအပ်သကဲ့သို့ ထုတ်ကုန်ဘေးကင်းလုံခြုံရေး၊ လူမှုရေးတာဝန်ယူမှု၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ကုန်ကြမ်းပစ္စည်းနှင့် မူရင်းနိုင်ငံဆိုင်ရာ သတ်မှတ်ချက်များကိုလည်း လိုက်နာရန်လိုအပ်ကြောင်း MOIT က အကြံပြုထားပါသည်။ ထို့ပြင် ထုတ်လုပ်ရေးစက်ရုံနှင့် ထုတ်လုပ်နိုင်စွမ်း၊ ပို့ကုန်ဈေးကွက်များ၊ နိုင်ငံတကာဖောက်သည်များနှင့် OEM/ODM အသိအမှတ်ပြုလက်မှတ်များအပါအဝင် အချက်အလက်များကို အင်္ဂလိပ်ဘာသာဖြင့် ပြည့်စုံစွာဖော်ပြထားသည့် ကုမ္ပဏီအကြောင်းအရာစာတမ်းနှင့် ထုတ်ကုန်နမူနာများကို သေချာပြင်ဆင်ထားခြင်းသည် ပထမဆုံးတွေ့ဆုံချိန်တွင် ကောင်းမွန်သည့်အထင်အမြင်ရရှိစေရန် အရေးကြီးမည်ဖြစ်ကြောင်း MOIT က ပြောကြားခဲ့ပါသည်။ နိုင်ငံတကာလက်လီအရောင်းလုပ်ငန်းများအတွက် ပစ္စည်းပေးသွင်းဖူးသည့် အတွေ့အကြုံရှိပါကလည်း အဓိကအားသာချက်အဖြစ် ထင်ရှားစွာ ဖော်ပြထားသင့်ကြောင်း သိရှိရပါသည်။

Vietnam Plus                                                                            

DOCA (ရန်ကုန်)

ပဲပုပ်တင်သွင်းမှုလျှော့ချနိုင်ရန်အတွက် ပဲပုပ်မျိုးစေ့ထုတ်လုပ်မှု တိုးချဲ့ဆောင်ရွက်သွားမည့် အင်ဒိုနီးရှား

         အင်ဒိုနီးရှားနိုင်ငံ၏ ပဲပုပ်တင်သွင်းမှုအပေါ် မှီခိုအားထားရမှုကို လျှော့ချနိုင်ရန်အတွက် စိုက်ပျိုးရေးဝန်ကြီးဌာနသည် Surabaya ပြည်နယ်တက္ကသိုလ် (Unesa) နှင့် ပူးပေါင်းကာ တက္ကသိုလ်ပိုင် မြေဧက ၅၆ ဟက်တာတွင် ပဲပုပ်မျိုးစေ့ထုတ်လုပ်မှု တိုးချဲ့ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရပါသည်။ ယင်းပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ (MoU) ကို အရှေ့ဂျာဗားပြည်နယ် Surabaya မြို့ရှိ Unesa တက္ကသိုလ်၌ ဩဂုတ် ၁၂ ရက်က နှစ်ဖက်တာဝန်ရှိသူများ လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရပါသည်။ စိုက်ပျိုးရေးဝန်ကြီး Andi Amran Sulaiman က ယခုအစီအစဉ်သည် တက္ကသိုလ်၏ သုတေသနစွမ်းရည်များကို လက်တွေ့စိုက်ပျိုး ထုတ်လုပ်မှုကဏ္ဍနှင့် တိုက်ရိုက်ချိတ်ဆက်ပေးသည့်ဆောင်ရွက်ချက်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ “Unesa တက္ကသိုလ်တွင် မြေဧရိယာ ၅၆ ဟက်တာရှိပြီး အဆိုပါစီမံကိန်းအတွက် မျိုးစေ့ များနှင့် လေးဘီးထွန်စက်များအပါအဝင် စိုက်ပျိုးရေးသုံးစက်ယန္တရားများကို အခမဲ့ထောက်ပံ့ ပေးသွားမည်” ဟု ဝန်ကြီးက ပြောကြားခဲ့ပါသည်။ အရှေ့ဂျာဗားပြည်နယ်တွင် အရည်အသွေးမြင့် ပဲပုပ်မျိုးစေ့ထုတ်လုပ်ရေးအခြေစိုက်စခန်းတစ်ခု ဖော်ဆောင်နိုင်ရန်ရည်ရွယ်၍ ယခုလိုပူးပေါင်း ဆောင်ရွက်ခြင်းဖြစ်ကြောင်းလည်း ဝန်ကြီးက ပြောကြားခဲ့ပါသည်။ တက္ကသိုလ်ပိုင် မြေဧရိယာ ၅၆ ဟက်တာလုံးတွင် ပဲပုပ်စိုက်ပျိုးသွားမည်ဖြစ်ပြီး ထွက်ရှိလာသည့်မျိုးစေ့များကို အစိုးရက ပြန်လည်ဝယ်ယူကာ ပြည်သူများထံအခမဲ့ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရပါသည်။ အဆိုပါ စိုက်ခင်းတွင် တစ်ဟက်တာလျှင် ပဲပုပ်အထွက်နှုန်း အနည်းဆုံး ၃.၅ မက်ထရစ်တန် ရရှိစေရန် ရည်မှန်းထားပြီး တစ်ဟက်တာလျှင် ၄ မက်ထရစ်တန်မှ ၅ မက်ထရစ်တန်အထိ ထွက်ရှိနိုင်ရန် မျှော်မှန်းထားကြောင်း ဝန်ကြီးက ပြောကြားခဲ့ပါသည်။ ပူးပေါင်းဆောင်ရွက်မှုအရ Unesa တက္ကသိုလ်မှ ဆရာ၊ ဆရာမများသည် ပဲပုပ်စိုက်ပျိုးထုတ်လုပ်ရေးနှင့် သုတေသနလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်မည်ဖြစ်ပြီး အဆိုပါနေရာကို ပဲပုပ်ထုတ်လုပ်ရေးဆိုင်ရာနည်းပညာနှင့် တီထွင်ဆန်းသစ်မှုများ ဖွံ့ဖြိုးတိုးတက်စေရေး စမ်းသပ်သုတေသနပြုရာနေရာတစ်ခုအဖြစ် ဖော်ဆောင်သွားမည်ဖြစ်ကြောင်း သိရပါသည်။ ယင်းပူးပေါင်းဆောင်ရွက်မှုပုံစံသည် နိုင်ငံ၏ပဲပုပ်ထုတ်လုပ်မှု ကို ရေရှည်တိုးမြှင့်နိုင်ရန်ဆောင်ရွက်နေသည့်အစီအစဉ်တစ်ရပ်ဖြစ်ကြောင်း ဝန်ကြီးကပြောကြားခဲ့ပါသည်။ ထို့ပြင် တက္ကသိုလ်များအနေဖြင့် သုတေသနလုပ်ငန်းများသာမက မိမိတို့၏ တီထွင်ဆန်းသစ်မှုများကို လက်တွေ့ထုတ်လုပ်မှုကဏ္ဍတွင်အသုံးချကာ ပြည်သူများအတွက် အကျိုးဖြစ်ထွန်းစေရန် ဆောင်ရွက်သင့်ကြောင်းလည်း ၎င်းက တိုက်တွန်းပြောကြားခဲ့ပါသည်။ “သမ္မတ Prabowo Subianto ၏လမ်းညွှန်ချက်နှင့်အညီ ပဲပုပ်ထုတ်လုပ်မှုကို ဆက်လက်တိုးချဲ့ သွားမည်ဖြစ်သည်။ တက်ကြွစွာပါဝင်ဆောင်ရွက်နေသည့်တက္ကသိုလ်များနှင့် ပူးပေါင်းရာတွင် တက္ကသိုလ်တစ်ခုချင်းစီ၏အားသာချက်နှင့် အထူးပြုသီးနှံများအလိုက် ဆောင်ရွက်သွားမည် ဖြစ်သည်” ဟု ဝန်ကြီးက ပြောကြားခဲ့ပါသည်။ Unesa တက္ကသိုလ်နှင့် ပူးပေါင်းဆောင်ရွက်မှုသည် မဟာဗျူဟာကျသည့် စိုက်ပျိုးရေးသီးနှံများ ဖွံ့ဖြိုးတိုးတက်ရေးတွင် တက္ကသိုလ်များကို ပါဝင်စေရန်ရည်ရွယ်သည့် ကျယ်ပြန့်သောအစီအစဉ်၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း သိရသည်။ ယင်းမတိုင်မီကလည်း စိုက်ပျိုးရေးဝန်ကြီးဌာနသည် တက္ကသိုလ်အသီးသီး၏ ကျွမ်းကျင်မှုနှင့် အလားအလာများအလိုက် အခြားအဆင့်မြင့်ပညာရေးအဖွဲ့အစည်းများနှင့် အလားတူပူးပေါင်း ဆောင်ရွက်မှုများဆောင်ရွက်ထားကြောင်း သိရပါသည်။ အဆိုပါအစီအစဉ်သည် စိုက်ပျိုးရေးဝန်ကြီးဌာနနှင့် အဆင့်မြင့်ပညာရေး၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနတို့အကြား ထူထောင်ထားသည့် ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်အကောင်အထည်ဖော်ခြင်းဖြစ်ကြောင်း သိရပါသည်။ စိုက်ပျိုးရေးဝန်ကြီး Sulaiman ကလည်း အခြားအဆင့်မြင့်ပညာရေးအဖွဲ့အစည်းများအနေဖြင့် စိုက်ပျိုးရေးသီးနှံများ၊ နည်းပညာများနှင့် စိုက်ပျိုးရေးသုံးစက်ယန္တရားများ ဖွံ့ဖြိုးတိုးတက်ရေးတွင် ပါဝင်ပူးပေါင်းဆောင်ရွက်နိုင်ကြောင်း ထပ်လောင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Antara News                                                                             

DOCA (ရန်ကုန်)

မြန်မာ့ဈေးကွက်ဝင် မတ်ပဲ၊ ပြည်ပကုန်သွယ်မှုအလားအလာ

 

          မြန်မာနိုင်ငံ၏ ပဲမျိုးစုံပို့ကုန်တွင် မတ်ပဲသည် အရေးပါသည့် သီးနှံတစ်မျိုးဖြစ်ပြီး အိန္ဒိယနိုင်ငံ သို့အဓိကတင်ပို့လျက်ရှိသည်။ ၂၀၂၆ဧပြီလတွင် မြန်မာ-အိန္ဒိယ မတ်ပဲကုန်သွယ်ရေး သဘောတူညီ ချက်ကို ၂၀၃၀-၂၀၂၃၁ ဘဏ္ဍာနှစ်အထိ သက်တမ်းတိုးခဲ့ပြီး မြန်မာနိုင်ငံမှ အိန္ဒိယနိုင်ငံသို့ နှစ်စဉ်မတ်ပဲ တန်ချိန် ၂၅၀,၀၀၀ အထိတင်ပို့နိုင်မည်ဖြစ်သည်။ MyanTrade အချက်အလက်အရ ၂၀၂၆ ဇွန်လအတွင်း မတ်ပဲတစ်တင်းဈေးနှုန်းမှာ ၁၀၁,၅၀၀ကျပ်မှ ၁၀၃,၃၀၀ ကျပ်အတွင်း ရှိခဲ့သည်။အိန္ဒိယ နိုင်ငံ၏ ဝယ်လိုအားကောင်းခြင်းကြောင့် မြန်မာ့မတ်ပဲသည် ပြည်ပဈေးကွက်တွင် ဆက်လက်အလား အလာကောင်းရှိနေသည်။

          ထို့ကြောင့်အရည်အသွေးကောင်းမွန်သည့် မတ်ပဲများ ထုတ်လုပ်ခြင်း၊ အရည်အသွေးစံနှုန်းနှင့် ကိုက်ညီအောင် ပြင်ဆင်တင်ပို့ခြင်းတို့သည် မြန်မာ့မတ်ပဲပြည်ပဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်းနှင့် ပို့ကုန် ဝင်ငွေတိုးတက်ရေးအတွက် အရေးပါလျက်ရှိသည်။

DOCA( ကရင်)

ပဲတီစိမ်းပြည်ပဈေးကွက်သို့ တိုးချဲ့တင်ပို့နိုင်ရေး

          ပဲတီစိမ်းသည် မြန်မာနိုင်ငံ၏ အရေးပါသောစိုက်ပျိုးရေးထွက်ကုန်များအနက် တစ်မျိုးဖြစ်ပြီး ပြည်တွင်းစားသုံးမှုအပြင် ပြည်ပဈေးကွက်သို့လည်းတင်ပို့ရောင်းချလျက်ရှိသည်။ ပဲတီစိမ်းကိုအာရှ နိုင်ငံများအပါအဝင် နိုင်ငံတကာဈေးကွက်တွင် စားသုံးမှုနှင့် စက်မှုလုပ်ငန်းသုံးဝယ်လိုအားရှိသဖြင့် ပြည်ပပို့ကုန်အတွက် အလားအလာကောင်းသည့် သီးနှံတစ်မျိုးဖြစ်သည်။

          ပြည်ပပို့ကုန်အတွက် ပဲတီစိမ်း၏ အရည်အသွေးသည် အဓိကအရေးကြီးပြီး ပဲစေ့အရွယ်အစား အရောင်၊ အစိုဓာတ်၊ အညစ်အကြေးနှင့် ပိုးမွှားကင်းစင်မှုတို့ကို  သတ်မှတ်စံနှုန်းများနှင့် ကိုက်ညီစေ ရန်ဂရုတစိုက်ဆောင်ရွက်ရန် လိုအပ်သည်။ ထို့အပြင်ရိတ်သိမ်းပြီးနောက် သန့်စင်ခြင်း၊ အခြောက်ခံ ခြင်း၊ အဆင့်ခွဲခြားခြင်းနှင့် စနစ်တကျထုပ်ပိုးခြင်းတို့ကို ပြုလုပ်ခြင်းဖြင့် ပြည်ပဝယ်လက်များ၏ လို အပ်ချက်နှင့် ကိုက်ညီသော ထုတ်ကုန်အရည်အသွေးကို ရရှိစေနိုင်သည်။ ပဲတီစိမ်းဈေးနှုန်းမှာ ပြည် တွင်းထွက်ရှိမှု၊ ပြည်ပဝယ်လိုအား၊ နိုင်ငံတကာဈေးကွက်အခြေအနေ၊ ငွေလဲနှုန်းနှင့် သယ်ယူပိုဆောင် ရေးစရိတ်များအပေါ်မူတည်၍ အတက်အကျရှိနိုင်သည်။ ထို့ကြောင့်တောင်သူများနှင့် ကုန်သည်များ အနေဖြင့် ဈေးကွက်သတင်းအချက်အလက်များကို အချိန်နှင့်တပြေးညီ သိရှိထားရန် အရေးကြီးသည်။

          အရည်အသွေးကောင်းမွန်သော ပဲတီစိမ်းများ ထုတ်လုပ်နိုင်ပြီး နိုင်ငံတကာအရည်အသွေးစံ နှုန်းများနှင့် ကိုက်ညီသည့် သန့်စင်ခြင်း၊ ထုပ်ပိုးခြင်းနှင့် ပို့ကုန်လုပ်ငန်းစဉ်များကို စနစ်တကျဆောင် ရွက်နိုင်ပါက ပြည်ပဈေးကွက်ဝေစုတိုးချဲ့နိုင်မည်ဖြစ်သည်။ ယင်းမှတစ်ဆင့် တောင်သူများ၏ဝင်ငွေ တိုးတက်လာစေးပြီး မြန်မာနိုင်ငံ၏စိုက်ပျိုးရေးထွက်ကုန် ပြည်ပပို့ကုန်တိုးမြှင့်ရေးနှင့် နိုင်ငံဝင်ငွေရရှိ ရေးတို့အတွက်လည်းအထောက်အကူပြုနိုင်မည်ဖြစ်သည်။

DOCA( ကရင်)

စားသောက်ကုန်တင်ပို့မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၆.၂၅ ဘီလီယံဖြင့် အာဆီယံတွင် စတုတ္ထနေရာတွင်ရပ်တည်နေသည့် အင်ဒိုနီးရှား

          အင်ဒိုနီးရှားနိုင်ငံ၏ စားသောက်ကုန် (Food and Beverage - F&B) တင်ပို့မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၆.၂၅ ဘီလီယံရှိပြီး အာဆီယံဒေသအတွင်း စားသောက်ကုန်တင်ပို့မှု အများဆုံးနိုင်ငံများတွင် စတုတ္ထနေရာ၌ ရပ်တည်လျက်ရှိကြောင်း ကုန်သွယ်ရေးဒုတိယဝန်ကြီး Dyah Roro Estiက ပြောကြားခဲ့ပါသည်။ ပြည်တွင်းစားသောက်ကုန်ထုတ်လုပ်သူများအား အင်ဒိုနီးရှား၏ ကမ္ဘာလုံးဆိုင်ရာကုန်သွယ်ရေးကွန်ရက်များကိုအသုံးချ၍ နိုင်ငံတကာဈေးကွက်သို့ တိုးချဲ့ဝင်ရောက်နိုင်ရန် ကုန်သွယ်ရေးဝန်ကြီးဌာနက အားပေးဆောင်ရွက်နေသဖြင့် လက်ရှိတင်ပို့မှုပမာဏကို ထပ်မံတိုးမြှင့်နိုင်မည်ဟုမျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့ပါသည်။ “လက်ရှိ အင်ဒိုနီးရှား၏ စားသောက်ကုန်တင်ပို့မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၆.၂၅ ဘီလီယံရှိပြီး အာဆီယံနိုင်ငံများအနက် စတုတ္ထနေရာတွင်ရပ်တည်နေသည်” ဟု ဒုတိယဝန်ကြီးက ဩဂုတ် ၁၂ ရက်က ဂျကာတာမြို့ရှိ ကုန်သွယ်ရေးဝန်ကြီးဌာန၌ ပြောကြားခဲ့ကြောင်း သိရပါသည်။ အာဆီယံ  ဒေသတွင် ထိုင်းနိုင်ငံက အမေရိကန်ဒေါ်လာ ၁၇ ဘီလီယံဖြင့် စားသောက်ကုန်တင်ပို့မှု အများဆုံးနိုင်ငံအဖြစ်ဦးဆောင်နေပြီး ဗီယက်နမ်နိုင်ငံက အမေရိကန်ဒေါ်လာ ၈.၈ ဘီလီယံဖြင့် ဒုတိယ၊ စင်ကာပူနိုင်ငံက အမေရိကန်ဒေါ်လာ ၆.၅ ဘီလီယံဖြင့် တတိယနေရာတွင် ရပ်တည်လျက်ရှိကြောင်း သိရပါသည်။ ကမ္ဘာ့စားသောက်ကုန်ဈေးကွက်တွင် တိုးချဲ့ရောင်းချနိုင်မည့် အခွင့်အလမ်းများ ကျယ်ပြန့်နေကြောင်း ဒုတိယဝန်ကြီးက ထောက်ပြပြောကြားပြီး ပြည်ပတင်ပို့ရန် အဆင်သင့်ဖြစ်နေသည့်လုပ်ငန်းများ နိုင်ငံတကာဈေးကွက်သို့ ဝင်ရောက်နိုင်ရေးအတွက် ဝန်ကြီးဌာနက ဆက်လက်ကူညီပံ့ပိုးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ လက်ရှိတွင် ကုန်သွယ်ရေးဝန်ကြီးဌာနသည် နိုင်ငံပေါင်း ၃၃ နိုင်ငံရှိ ကုန်သွယ်ရေးသံမှူးရုံးများနှင့် အင်ဒိုနီးရှား ကုန်သွယ်မှုမြှင့်တင်ရေးစင်တာများ (ITPCs) ကို အသုံးပြု၍ ပြည်တွင်းစီးပွားရေးလုပ်ငန်းများနှင့် နိုင်ငံတကာဝယ်ယူသူများအကြား ချိတ်ဆက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရပါသည်။ ထို့ပြင် အရှေ့အလယ်ပိုင်းဒေသ၌ ဟာလာလ် (Halal) စားသောက်ကုန်ဈေးကွက် အလားအလာကောင်းများရှိနေသဖြင့် အင်ဒိုနီးရှားစားသောက်ကုန်များအတွက် အခွင့်အလမ်းများ ပိုမိုကျယ်ပြန့်လာကြောင်းလည်း ၎င်းကပြောကြားခဲ့ပါသည်။ တစ်ချိန်တည်းမှာပင် အင်ဒိုနီးရှားစားသောက်ဆိုင်များနှင့် စီးပွားရေးလုပ်ငန်းများက ပြည်ပနိုင်ငံများတွင် တိုးချဲ့ဖွင့်လှစ်လာခြင်းကြောင့် အင်ဒိုနီးရှား စားသောက်ကုန်များ၏ နိုင်ငံတကာဈေးကွက်ဝင်ရောက်မှုလည်း ပိုမိုအားကောင်းလာကြောင်းနှင့် ထို့ပြင် ကမ္ဘာတစ်ဝန်းရှိ အင်ဒိုနီးရှားနိုင်ငံသားများသည်လည်း အင်ဒိုနီးရှားစားသောက်ကုန်များအတွက် အရေးပါသည့် စားသုံးသူဈေးကွက်တစ်ခုဖြစ်ကြောင်း ဒုတိယဝန်ကြီးက ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Antara News                                                                             

DOCA (ရန်ကုန်)

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ