Main menu

ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

အိန္ဒိယနိုင်ငံအားကျော်လွန်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ထိပ်သီး ဝါဂွမ်းတင်သွင်းသော နိုင်ငံဖြစ်လာသည့် ဘရာဇီးနိုင်ငံ

          ဘရာဇီးနိုင်ငံသည် အိမ်နီးချင်းနိုင်ငံဖြစ်သော အိန္ဒိယနိုင်ငံကို ကျော်လွန်၍ ကမ္ဘာ့ဝါဂွမ်း အများဆုံးတင်သွင်းသည့် နိုင်ငံများထဲမှ တစ်နိုင်ငံဖြစ်သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အဓိက ဝါဂွမ်းတင်သွင်းသည့်နိုင်ငံဖြစ်လာကြောင်း အမေရိကန်နိုင်ငံစိုက်ပျိုးရေးဦးစီးဌာန (USDA) ၏ ထုတ်ပြန် ချက်အရ သိရပါသည်။ ဈေးကွက်နှစ် ၂၀၂၄-၂၀၂၅ ခုနှစ်အတွင်း ဩဂုတ်လအစတွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံသည် ချည်စိမ်းအထုပ်ရေ ၈.၂၈ သန်းခန့် တင်သွင်းခဲ့ကြောင်း သိရပါသည်။ ဘရာဇီးနိုင်ငံသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ချည်စိမ်းအထုပ်ရေ ၁.၉ သန်းခန့် တင်ပို့ခဲ့ကြောင်းနှင့် ၎င်းပမာဏသည် တင်သွင်းမှုစုစုပေါင်း၏ ၂၃ ရာခိုင်နှုန်းခန့်ဖြစ်ကြောင်း သိရပါသည်။ အိန္ဒိယနိုင်ငံသည်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ချည်စိမ်းအထုပ်‌ရေ ၁.၄ သန်းခန့် တင်ပို့ခဲ့ပြီး ဒုတိယအများဆုံးတင်ပို့ သည့်နိုင်ငံဖြစ်ကြောင်း သိရပါသည်။ USDA၏ အစီရင်ခံစာအရ ဘရားဇီးနိုင်ငံမှ တင်ပို့သော ဝါဂွမ်းများသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဝါဂွမ်းကြိတ်စက်များအကြားတွင် ၎င်း၏ ‌ဈေးနှုန်းသက်သာမှုကြောင့် ရေပန်းစားလျက်ရှိကြောင်း သိရပါသည်။ လက်ရှိဈေးကွက်နှစ် ၂၀၂၆ ခုနှစ်အတွက် USDA က ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ဝါဂွမ်းအထုပ်ရေ ၈.၄ သန်းခန့်တင်သွင်းလိမ့်မည်ဖြစ်ကြောင်း ယခင် ‌ဈေးကွက်နှစ် ၂၀၂၅ ခုနှစ် MY 25 ထက် ၁.၄ ရာခိုင်နှုန်းခန့်မြင့်တက်လာနိုင်ကြောင်း ခန့်မှန်းချက်အားထုတ်ပြန်ကြေညာခဲ့ပါသည်။ ပြည်တွင်းတွင် ဝါဂွမ်းများကို ၄၅၀၀မှ၄၆၀၀ ဟက်တာဧကအတွင်းသာ စိုက်ပျိုးလျက်ရှိသည့်အတွက် တစ်နှစ်ပတ်လုံးဝါဂွမ်းထုတ်လုပ်မှုသည် အထုပ်‌ရ ၁၅၃၀၀၀ ခန့်သာရှိကြောင်း သိရပါသည်။ ဘင်္ဂလား‌ဒေ့ရှ်နိုင်ငံ အထည်အလိပ်လုပ်ငန်း၏ တစ်နှစ်ပတ်လုံး ဝါဂွမ်းသုံးစွဲမှုသည် အထုပ်ရေ ၁၅ သန်းခန့်ရှိသဖြင့် နိုင်ငံခြားမှ တင်ပို့သော ဝါဂွမ်းများကိုသာ မှီခိုနေရကြောင်း သိရပါသည်။ ဝါဂွမ်းကြိတ်ဆက်လုပ်ငန်းသည် ချည်စိမ်းများကို အသုံးပြု၍ ချည်လုံးနှင် ချည်မျှင်များကို ယခင်တန်ချိန် ၁.၇ သန်းခန့် ထုတ်လုပ်ရာမှ ၂၀၂၆ ခုနှစ်တွင် တန်ချိန် ၁.၉ သန်းခန့်ထုတ်လုပ်မှု တိုးမြှင့်မည်ဖြစ်ကြောင်း သိရပါသည်။ ချည်စိမ်းတင်သွင်းမှုများ မြင့်တက်နေသော်လည်း ဘင်္ဂလား‌ဒေ့ရှ်နိုင်ငံ အသင့်ဝတ် အဝတ်အစား ထုတ်လုပ်သည့်လုပ်ငန်းသည် ချည်မျှင်နှင့်အထည်များ ပိုမိုတင်သွင်းရန် မျှော်မှန်းလျက်ရှိကြောင်း သိရပါသည်။ ဘင်္ဂလားနိုင်ငံသို့ ချည်မျှင်အများဆုံးတင်ပို့သည့် နိုင်ငံသည် အိန္ဒိယနိုင်ငံဖြစ်ပြီး အဆို တင်ပို့မှုများပြားခြင်းသည် ၎င်းနိုင်ငံ၏ ကြီးမားသော ဝါကြိတ်ဆက်များရှိနေခြင်းကြောင့်ဖြစ်ပြီး အထည်တင်ပို့မှုအများဆုံး နိုင်ငံသည် တရုတ်နိုင်ငံဖြစ်ကြောင်း သိရှိရပါသည်။

Source: The Daily Star                                                              

DOCA (ရန်ကုန်)

၂၀၂၅ ခုနှစ်တွင်ပဲပိစပ်တင်သွင်းမှု အမြင့်ဆုံးရောက်ရှိခဲ့သည့် တရုတ်နိုင်ငံ

        တရုတ်နိုင်ငံသည် ပဲပိစပ်တင်သွင်းမှုများကို ၂၀၂၁ ခုနှစ်ကတည်းက စတင်ပြုလုပ်ခဲ့ပြီး ၂၀၂၅ ခုနှစ်တွင် အမေရိကန်နိုင်ငံနှင့် ကုန်သွယ်ရေးစစ်ပွဲ ယာယီစစ်ပြေငြိမ်းမှု ဆောင်ရွက်အပြီးတွင် တောင်အမေရိကနိုင်ငံမှ ပဲပိစပ်ဝယ်ယူမှုအားကောင်းလာမှုကြောင့် ယခုနှစ်အတွက် ပဲပိစပ်တင်သွင်းမှုများ မြင့်တက်လျက်ရှိကြောင်း သိရပါသည်။ ကမ္ဘာ့ပဲပိစပ်အများဆုံး ဝယ်ယူသည့် တရုတ်နိုင်ငံသည် နိုဝင်ဘာလတွင် ပဲပိစပ်တန်ချိန် ၈.၁၁ သန်း မက်ထရစ်တန်ခန့်ဝယ်ယူခဲ့ကြောင်းနှင့် အဆိုပါပမာဏသည် ၂၀၂၅ ခုနှစ်အစောပိုင်းကာလတွင် ဝယ်ယူခဲ့သော တန်ချိန် ၇.၁၅ သန်း တန်ထက် ၁၃.၄ ရာခိုင်နှုန်းခန့် မြင့်တက်လာကြောင်း အကောက်ခွန်အထွေထွေစီမံခန့်ခွဲရေးဌာနမှ ထုတ်ပြန်သော ထုတ်ပြန်ချက်များအရ သိရပါသည်။ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ နိုဝင်ဘာလအတွင်းတွင် တရုတ်နိုင်ငံသည် ပဲပိစပ်တန်ချိန် ၁၀၃.၇၉ သန်းတန်ခန့် တင်သွင်းခဲ့ကြောင်း သိရပါသည်။ အဆိုပါတင်သွင်းမှုများမြင့်တက်လာခြင်းသည် တရုတ်ကုန်သည်များက တောင်အမေရိကနိုင်ငံမှ ပဲပိစပ်များကို အမြောက်အများဝယ်ယူခြင်းကြောင့်ဖြစ်ကြောင်း သိရပါသည်။ Sublime China Information မှ လေ့လောစမ်းစစ်သူ Wang Wenshen က ဒီဇင်ဘာလတင်သွင်းမှုသည် တန်ချိန် ၈.၆ သန်းတန်ခန့် ရောက်ရှိနိုင်ကြောင်းနှင့် ၂၀၂၅ ခုနှစ် တစ်နှစ်ပတ်လုံးတင်သွင်းမှုသည် တန်ချိန် ၁၁၂ သန်း မက်ထရစ်တန်ခန့်ရောက်ရှိနိုင်ကြောင်း ခန့်မှန်းခဲ့ပါသည်။ နိုင်ငံပိုင် သီးနှံဝယ်ယူသည့် ကုမ္ပဏီဖြစ်သော COFCO သည် အမေရိကန်နိုင်ငံပဲပိစပ်တန်ချိန် ၂.၇ သန်းတန်ခန့် ကြိုတင်ဝယ်ယူမှုများကို အောက်တိုဘာလ နောက်ပိုင်းကတည်းက ပြုလုပ်ခဲ့ကြောင်း အမေရိကန်နိုင်ငံ စိုက်ပျိုးရေးဌာနမှ ထုတ်ပြန်သော အချက်အလက်များအရ သိရပါသည်။ လက်ရှိတွင် ယခုနှစ်အဆုံး၌ အမေရိကန်ပဲပိစပ်တန်ချိန် ၁၂ သန်းတန်ခန့် ဝယ်ယူရန် သဘောတူညီမှုပြုလုပ်ခဲ့ကြောင်း ဘဏ္ဍာ‌ရေးအတွင်းရေးမှူး Scot Bessent က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Source: The Edge Malaysia                                                        

DOCA (ရန်ကုန်)

အစ္စရေး၏ အဓိကစိုက်ပျိုးမွေးမြူရေးထုတ်ကုန်ပြပွဲတွင် ပူးပေါင်းဆောင်ရွက်မှု အခွင့်အလမ်းများကို ရှာဖွေခဲ့သည့် ဗီယက်နမ်

          အစ္စရေးနိုင်ငံဆိုင်ရာဗီယက်နမ်သံရုံ၏ ကုန်သွယ်ရေးအတိုင်ပင်ခံဖြစ်သူ Le Thai Hoa သည် ပူးပေါင်းဆောင်ရွက်မှုအခွင့်အလမ်းများကိုရှာဖွေရန်၊ နည်းပညာသစ်များကိုလေ့လာရန်နှင့် နှစ်နိုင်ငံအကြားစိုက်ပျိုးမွေးမြူရေးကဏ္ဍတွင် ကုန်သွယ်ရေးဆက်နွယ်မှုမြှင့်တင်ရန်အတွက် အစ္စရေးနိုင်ငံတောင်ပိုင်းရှိ Ofakim မြို့တော်တွင် ဒီဇင်ဘာလ ၈ ရက်နေ့နှင့် ၉ ရက်နေ့က ကျင်းပခဲ့သည့် ၂၀၂၅ ခုနှစ် Agro-Mashov ပြပွဲကိုတက်ရောက်ခဲ့ကြောင်း သိရပါသည်။ ယခုနှစ်သည် အစ္စရေး၏ အကြီးမားဆုံးစိုက်ပျိုးမွေးမြူရေးပွဲအခမ်းအနားများထဲမှ တစ်ခုဖြစ်သည့် Agro-Mashov ၏ ၃၄ ကြိမ်မြောက် အခမ်းအနားဖြစ်ကြောင်း သိရပါသည်။ ထိုပြပွဲကို အစ္စရေးနှင့် ကမ္ဘာတစ်ဝှမ်းမှ စိုက်ပျိုး‌ရေးသမားများ၊ စီးပွားရေးသမားများ၊ သုတေသနသမားများနှင့် ကျွမ်းကျင်ပညာရှင်များတက်ရောက်ခဲ့ကြောင်း သိရပါသည်။ ထိုပြပွဲသည် စိုက်ပျိုးရေးတန်ဖိုး ကွင်းဆက်၏ များစွာသောကဏ္ဍများမှ လည်ပတ်သူထောင်ဂဏန်းကျော်ကို ဆွဲဆောင်နိုင်ရန် မျှော်မှန်းရကြောင်း သိရပါသည်။ ၎င်းပြပွဲသည် စီးပွားရေးလုပ်ငန်းများက လုပ်ငန်းနယ်ပယ်၏ နောက်ဆုံးဦးတည်ရာကိုသိရှိရန်၊ မိတ်ဖက်ဖွဲ့မှုများပြုလုပ်ရန်နှင့် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်း များကိုရှာဖွေရန် ဘက်ပေါင်းဆုံကွန်ယက်ချိတ်ဆက်မှုစင်မြင့်တစ်ခုဖြစ်ခဲ့ကြောင်း သိရပါသည်။ လည်ပတ်သူများသည် စိုက်ပျိုးရေးဒရုန်းများ၊ ဒစ်ဂျစ်တယ်ပရိုဂရမ်များ၊ စက်ပစ္စည်းများ၊ ကောက်ရိတ်သိမ်းသည့်မျိုးကွဲသစ်များ၊ ဖန်လုံအိမ်စနစ်များ၊ ထုတ်ပိုးမှုနည်းပညာများ၊ ထောက်ပံ့ ပို့ဆောင်ရေးဖြေရှင်းချက်များနှင့် မွေးမြူရေးနှင့် ရေလုပ်ငန်းတွင်ဆန်းသစ်တီထွင်မှုများပါဝင်သည့် ကျယ်ပြန့်သောအဆင့်မြင့်နည်းပညာနှင့် စက်ပစ္စည်းများကိုရှာဖွေရန်အခွင့်အလမ်းများကို ပိုင်ဆိုင်ခဲ့ကြောင်း သိရပါသည်။ ထို့ပြင်ပြပွဲတွင် များစွာသောကွန်းဖရန့်များ၊ အလုပ်ရုံဆွေးနွေးပွဲများနှင့် အတွေ့အကြုံဝေမျှသည့် အစည်းအဝေးများကျင်းပခဲ့ကြောင်း သိရပါသည်။ ဆွေးနွေးမှုများတွင် စိုက်ပျိုးမွေးမြူရေးဆိုင်ရာဈေးကွက်တင်ခြင်း၊ ဈေးကွက်ဖွံ့ဖြိုးတိုးတက်ရေး၊ ဒေတာပရိုဂရမ်များ၊ ဘဏ္ဍာရေးစီမံခန့်ခွဲမှုနှင့် အနုစိတ်နည်းပညာများပါဝင်ကြောင်း သိရပါသည်။ နှစ်ရက်တာကျင်းပခဲ့သည့်ပြပွဲအတွင်း တက်ရောက်လည်ပတ်သူများသည် ပြခန်းများတွင် ခင်းကျင်းပြသထားသည့် နောက်ဆုံးပေါ်သစ်သီးနှင့် ဟင်းသီးဟင်းရွက်မျိုးကွဲများကို စမ်းသပ်ရန်အခွင့်အလမ်းရရှိခဲ့ပြီး အဆင့်မြင့်စိုက်ပျိုးမွေးမြူရေးနည်းပညာများနှင့် ဖြေရှင်းချက်များကိုလေ့လာခဲ့ကြကြောင်း သိရှိရပါသည်။

Vietnam Plus                                                                            

DOCA (ရန်ကုန်)

၂၀၂၅ ခုနှစ်၏ ဇန်နဝါရီလမှ နိုဝင်ဘာလအထိတွင် ငရုတ်ကောင်းတင်ပို့မှုမှတစ်ဆင် ဝင်ငွေ အမေရိကန်ဒေါ်လာ ၁.၅ ဘီလီယံကျော်ရရှိခဲ့သည့် ဗီယက်နမ် 

          ၂၀၂၅ ခုနှစ်၏ ဇန်နဝါရီလမှ နိုဝင်ဘာလအထိတွင် ဗီယက်နမ်သည် ငရုတ်ကောင်းတန်ချိန် ၂၂၅၀၀၀ တန်တင်ပို့ရာမှတစ်ဆင့် ဝင်ငွေအမေရိကန်ဒေါ်လာ ၁.၅ ဘီလီယံကျော်ရရှိခဲ့ကြောင်း သိရပါသည်။ ၂၀၂၄ ခုနှစ်တူညီသည့်ကာလနှင့် နှိုင်းယှဉ်ပါက တင်ပို့သည့်ပမာဏတွင် ၄.၄ ရာခိုင်နှုန်းကျဆင်းခဲ့သော်လည်း ဝယ်လိုအားမြင့်တက်မှုနှင့် တင်ပို့သည့်ဈေးနှုန်းများမြင့်တက်မှု ကြောင့် ဝင်ငွေရရှိမှုမှာ ၂၄.၄ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း ဗီယက်နမ်ငရုတ်ကောင်းနှင့် ဟင်းခတ်အမွှေးအကြိုင်အသင်း (VASEP) ၏အဆိုအရ သိရပါသည်။ ထို ၁၁ လတာကာလအတွင်း ငရုတ်ကောင်းအနက် ပျမ်းမျှတင်ပို့သည့်ဈေးနှုန်းမှာ တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၆၆၁၈ နှင့် ငရုတ်ကောင်းအဖြူပျမ်းမျှတင်ပို့သည့်ဈေးနှုန်းမှာ တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၈၆၃၆ ရှိကြောင်း သိရပါသည်။ တင်ပို့မှု ၂၈ ရာခိုင်နှုန်းကျဆင်းခဲ့သော်လည်း အမေရိကန်သည် ငရုတ် ကောင်းတန်ချိန် ၄၈၈၄၉ တန်ဖြင့် ဗီယက်နမ်၏အကြီးမားဆုံး ပို့ကုန်ဈေးကွက်ဖြစ်ကြောင်း သိရပါသည်။ ၎င်း၏နောက်တွင် ယူအေအီးက တန်ချိန် ၁၉၉၃၀၊ တရုတ်က တန်ချိန် ၁၇၇၄၄၊ အိန္ဒိယက တန်ချိန် ၁၁၇၅၀ နှင့် ဂျာမနီကတန်ချိန် ၁၀၈၇၆ ဖြင့်ရပ်တည်နေကြောင်း သိရပါသည်။ တစ်ချိန်တည်းမှာပင် ဗီယက်နမ်သည် ထို ၁၁ လတာကာလတွင် ပြန်လည်တင်ပို့ရန်နှင့် ပြုပြင်ထုတ်လုပ်ရန်အတွက် အမေရိကန်ဒေါ်လာ ၂၅၂ သန်းတန်ဖိုးရှိသောငရုတ်ကောင်းတန်ချိန် ၄၀၂၄၂ တင်သွင်း ခဲ့ပြီး ၂၀၂၄ ခုနှစ်တူညီသည့် ကာလနှင့် နှိုင်းယှဉ်ပါက ပမာဏတွင် ၂၂ ရာခိုင်နှုန်းနှင့် တန်ဖိုးတွင် ၆၂.၃ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ ဘရာဇီးသည် တန်ချိန် ၁၈၉၅၆ ဖြင့်အကြီးမား ဆုံးရောင်းချသူဖြစ်ပြီး ၎င်း၏နောက်တွင် ကမ္ဘောဒီးယားက တန်ချိန် ၁၁၂၁၁ နှင့် အင်ဒိုနီးရှားက တန်ချိန် ၇၁၅၆ ဖြင့် အသီးသီးရပ်တည်နေကြောင်း သိရှိရပါသည်။

Vietnam Plus                                                                            

DOCA (ရန်ကုန်)

၂၀၂၅ ခုနှစ်၏ပထမ ၁၁ လတွင်စံချိန်တင်ကုန်သွယ်ရေးပိုငွေ အမေရိကန်ဒေါ်လာ ၂၀.၅ ဘီလီယံ ရရှိခဲ့သည့် ဗီယက်နမ်

          ဗီယက်နမ်သည် ၂၀၂၅ ခုနှစ်၏ ပထမ ၁၁ လတွင် စံချိန်တင်ကုန်သွယ်ရေးပိုငွေ အမေရိကန်ဒေါ်လာ ၂၀.၅၃ ဘီလီယံရရှိခဲ့ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာနအောက်ရှိ အမျိုးသားစာရင်းအင်းရုံး ကထုတ်ပြန်ခဲ့ပါသည်။ ထိုကာလအတွင်း စုစုပေါင်းကုန်ပစ္စည်းများ တင်သွင်းမှုနှင့် တင်ပို့မှုတန်ဖိုး မှာ အမေရိကန်ဒေါ်လာ ၈၂၇.၇၅ ဘီလီယံတန်ဖိုးရှိခဲ့ပြီး တင်ပို့မှုတွင် ၁၆.၁ ရာခိုင်နှုန်းနှင့် တင်သွင်းမှုတွင် ၁၈.၄ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ ထို ၁၁ လတာကာလတွင် စုစုပေါင်း တင်ပို့မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၄၃၀.၁၄ ဘီလီယံရှိခဲ့ပြီး ၁၆.၁ ရာခိုင်နှုန်းမြင့်တက်ခဲ့ ကြောင်း သိရပါသည်။ ပြည်တွင်းကဏ္ဍက အမေရိကန်ဒေါ်လာ ၁၀၂.၄၁ ဘီလီယံတန်ဖိုးတင်ပို့ခဲ့ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကဏ္ဍက အမေရိကန်‌ဒေါ်လာ ၃၂၇.၇၃ ဘီလီယံတန်ဖိုးတင်ပို့ခဲ့ကြောင်း သိရပါသည်။ ကုန်ပစ္စည်းအမျိုး အစား ၂၆ ခုတင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော်အသီး သီးနှင့် အမျိုးအစား ၈ ခုတင်ပို့မှုမှာ အမေရိကန်‌ဒေါ်လာ ၁၀ ဘီလီယံကျော်အသီးသီးရှိခဲ့ကြောင်း သိရပါသည်။  တင်ပို့မှုတွင် ပြုပြုထုတ်လုပ်ထားသောစက်မှုထုတ်ကုန်တင်ပို့မှုတန်ဖိုးမှာ အမေရိ ကန်ဒေါ်လာ ၃၈၁.၇၂ ဘီလီယံ၊ စိုက်ပျိုးမွေးမြူရေးနှင့် သစ်တောထုတ်ကုန်တင်ပို့မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၃၅.၅၈ ဘီလီယံ၊ ရေထွက်ကုန် တင်ပို့မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၀.၃၂ ဘီလီယံနှင့် လောင်စာနှင့် သတ္ထုတင်ပို့မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂.၅၂ ဘီလီယံတန်ဖိုးရှိခဲ့ကြောင်း သိရပါသည်။ တစ်ချိန်တည်းမှာပင် ဗီယက်နမ်သည် ထို ၁၁ လတာကာလတွင် အမေရိကန်ဒေါ်လာ ၄၀၉.၆၁ ဘီလီယံတန်ဖိုးတင်သွင်းခဲ့ကြောင်း သိရပါသည်။ ပြည်တွင်းကဏ္ဍမှ အမေရိကန်ဒေါ်လာ ၁၂၈.၄ ဘီလီယံတန်ဖိုးတင်သွင်းခဲ့ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကဏ္ဍမှ အမေရိကန်ဒေါ်လာ ၂၈၁.၂၁ ဘီလီယံတန်ဖိုးတင်သွင်းခဲ့ကြောင်း သိရပါသည်။ ကုန်ပစ္စည်းအမျိုးအစား ၄၇ ခုတင်သွင်းမှုမှာ အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော်အသီးသီးနှင့် ၆ ခုတင်သွင်းမှုမှာ အမေရိ ကန်ဒေါ်လာ ၁၀ ဘီလီယံကျော် အသီးသီးရှိခဲ့ကြောင်း သိရပါသည်။ တင်သွင်းမှုတွင် မတည်ကုန်ပစ္စည်းများ တင်သွင်းမှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၃၈၃.၉၆ ဘီလီယံနှင့် စားသုံးကုန်ပစ္စည်းများ တင်သွင်းမှုမှာ အမေရိကန်ဒေါ်လာ ၂၅.၆၅ ဘီလီယံတန်ဖိုးရှိကြောင်း သိရပါသည်။ တရုတ်သည် အမေရိကန်ဒေါ်လာ ၁၆၇.၅ ဘီလီယံဖြင့် ဗီယက်နမ်၏ အကြီးမားဆုံးတင်သွင်းသည့် ဈေးကွက်ဖြစ်ကြောင်း သိရှိရပါသည်။

Vietnam Plus                                                                            

DOCA (ရန်ကုန်)

အာဖဂန်နစ္စတန်နိုင်ငံသည် လွန်ခဲ့သော ၉ လ အတွင်း soffron တန်ချိန် ၂၂ တန်ကျော် တင်ပို့ခဲ့

        အာဖဂန်နစ္စတန်နိုင်ငံသည် လွန်ခဲ့သော ၉ လ အတွင်း အမေရိကန်ဒေါ်လာ သန်း ၃၀ တန်ဖိုးရှိ soffron တန်ချိန် ၂၂ တန်ကျော် တင်ပို့ခဲ့ကြောင်း တရားဝင်မီဒီယာ Bakhtar သတင်း အေဂျင်စီက ဒီဇင်ဘာလ ၉ ရက်နေ့တွင် ပြောကြားခဲ့သည်။

     ဒေသတွင်း red gold ဟု တင်စားခေါ်‌ဝေါ်ကျသော အဆိုပါ ဟင်းခတ်အမွေးအကြိုင်များကို အဓိကအားဖြင့် ဥရောပ၊ အမေရိကန်ပြည်ထောင်စု၊ အာရပ်နိုင်ငံများနှင့် အရှေ့နှင့် တောင်အာရှရှိ ဈေးကွက်များသို့တင်ပို့ခဲ့သည်။

        နိုင်ငံ၏ soffron ၉၅ ရာခိုင်နှုန်းခန့်ကို ကမ္ဘာ့ဈေးကွက်တွင် ခိုင်မာသောဝယ်လိုအားကို ရရှိစေသည့် ထူးခြားသောအနံ့၊ တောက်ပသောအရောင်းနှင့် အရည်အသွေး ကောင်းမွန်မှုတို့ကြောင့် ကမ္ဘာတစ်ဝန်းကျော်ကြားသော  အနောက်ပိုင်း Herat ပြည်နယ်တွင် စိုက်ပျိုးခဲ့သည်။

        အာဖဂန်နစ္စတန်နိုင်ငံသည် ၂၀၂၄ ခုနှစ်တွင် soffron တန် ၄၀ ကျော် ရိတ်သိမ်းခဲ့ပြီး ယခုရာသီတွင်လည်း အလားတူအထွက်နှုန်းကို မျှော်မှန်းထားကာ ဇိမ်ခံသီးနှံများ ထိပ်တန်းထုတ်လုပ်သူများထဲမှ တစ်နိုင်ငံအဖြစ် ရပ်တည်လျက်ရှိကြောင်း သိရှိရပါသည်။

Source : Xinhua                                                                                 

DOCA (ရန်ကုန်)

တရုတ်နိုင်ငံ၏ စားသုံးသူဈေးနှုန်းညွှန်းကိန်း (CPI) သည် နိုဝင်ဘာလတွင် ၀.၇ ရာခိုင်နှုန်း မြင့်တက်

          တရုတ်နိုင်ငံ၏ စားသုံးသူဈေးနှုန်း အညွှန်းကိန်း (CPI) သည် ငွေကြေးဖောင်းပွမှု၏ အဓိကတိုင်းတာမှုတစ်ခုဖြစ်ပြီး စားသောက်ကုန်ဈေးနှုန်းများမြင့်တက်လာခြင်းကြောင့် နိုဝင်ဘာလတွင် ပိုမိုမြန်ဆန်သောနှုန်းဖြင့် တိုးတက်လာကြောင်း ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ထုတ်ပြန်သော တရားဝင်အချက်အလက်များအရ သိရသည်။

          အမျိုးသားစာရင်းအင်းဌာန၏ အဆိုအရ CPI သည် အောက်တိုဘာလတွင် ၀.၂ ရာခိုင်နှုန်း မြင့်တက်ခဲ့ရာမှ အရှိန်မြင့်ကာ နိုဝင်ဘာလတွင် တစ်နှစ်ထက်တစ်နှစ် ၀.၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ သည်။ ၂၀၂၄ ခုနှစ် မတ်လနောက်ပိုင်းအမြင့်ဆုံးတိုးတက်မှုနှုန်းကို ပြသခဲ့သည်။

          လစဉ်အခြေခံအရ စားသုံးသူဈေးနှုန်းအညွှန်းကိန်း CPI သည် ပြီးခဲ့သည့်လ က ၀.၁ ရာခိုင်နှုန်း အနည်းငယ် ကျဆင်းခဲ့ကြောင်း NBS အချက်အလက်များအရ သိရသည်။ အစားအသောက်နှင့် စွမ်းအင်ဈေးနှုန်းများမပါသော အဓိက CPI သည် ပြီးခဲ့သည့်လတွင် ယခင်နှစ်ကထက် ၁.၂ ရာခိုင်နှုန်း တိုးလာခဲ့သည်။

          စက်ရုံထုတ်ကုန်များ၏ ကုန်ကျစရိတ်ကို တိုင်းတာသည့် ထုတ်လုပ်သူဈေးနှုန်းညွှန်းကိန် PPI သည် နိုဝင်ဘာလတွင် ယခင်နှစ်ကထက် ၂.၂ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း ဒီဇင်ဘာလ ၁၀ ရက်နေ့ ထုတ်ပြန်သော အချက်အလက်များအရ သိရှိရပါသည်။

Source : Xinhua                                                                                 

DOCA (ရန်ကုန်)

မြန်မာ့ပဲတီစိမ်းများအား တရုတ်နိုင်ငံမှ ပြန်လည်ဝယ်ယူ

   တရုတ်နိုင်ငံမှ မြန်မာ့ပဲတီစိမ်း ပြန်လည်၀ယ်ယူမည်ဆိုသည့် သတင်းကြောင့် ပြည်တွင်း ဈေးကွက်တွင် ပဲတီစိမ်း အမျိုးအစားအချို့ ဈေးမြင့်တက်လာကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် လများက ပိုးသတ်ဆေးဓာတ်ကြွင်းများနေခြင်းကြောင့် ပဲတီစိမ်း တန်ချိန်၁၀,၀၀၀ ကျော်ကို ပြန်လည်ပို့ဆောင်သည့်ဖြစ်စဉ်အပြီး တရုတ်နိုင်ငံမှမြန်မာ့ ပဲတီစိမ်း အ၀ယ်ရပ်လိုက်ပြီး နှစ်နိုင်ငံအစိုးရတာ၀န်ရှိသူများ ညှိနှိုင်းပြီးနောက် တရုတ်နိုင်ငံမှ ပြန်လည် ၀ယ်ယူ‌ပေးခြင်းဖြစ်ကြောင်း သိရှိရပါသည်။

          ထိုသို့တရုတ်နိုင်ငံမှ ပဲတီစိမ်း ပြန်လည်၀ယ်ယူမည့် သတင်းကြောင့် ပြည်တွင်း ဈေးကွက် တွင် ပဲတီစိမ်း (အညာ)က တစ်ပိဿာလျှင်ကျပ်၅,၁၆၅ / ၅,၁၈၅ ကျပ် မှ ၅,၅၀၀/ ၅၅၂၀သို့ ဈေးမြင့်တက်လာပြီး ပြည်ပရောင်းချသည့် FOB ဈေးကလည်း ပဲတီစိမ်း FAQ(အညာ) တစ်တန် လျှင် အမေရိကန်ဒေါ်လာ ၈၇၀/၈၈၀ မှ ၉၁၀/၉၂၀သို့ ဈေးမြင့်တက်ကြောင်း သိရှိရပါသည်။

မြန်မာနိုင်ငံတွင်စိုက်ပျိုးထုတ်လုပ်သည့် ပဲတီစိမ်းကို တရုတ်ဈေးကွက်အပြင် အိန္ဒိယ၊ ဥရောပသမဂ္ဂ (အီးယူ)အဖွဲ့၀င်နိုင်ငံများကိုလည်း တင်ပို့ရောင်းချသည်။ယခုနှစ်တွင် အိန္ဒိယနိုင်ငံ က မြန်မာ့ပဲတီစိမ်းကို မတ်ပဲ၊ ပဲစင်းငုံကဲ့သို့ အခွန်မဲ့၀ယ်ယူတင်သွင်းမည့် အစီစဉ်အား ပယ်ဖျက် ကြောင်းကို အိန္ဒိယ မီဒီယာအချို့က ဖော်ပြကြသည်။ မြန်မာ့ပဲတီစိမ်းသည် အီးယူနှင့် တရုတ်ဈေး ကိုသာအဓိက ဦးတည်ရောင်းချရမည့် အခြေအနေမျိုးဖြစ်သည်။ အီးယူနိုင်ငံများမှ ၀ယ်လိုအားက နည်းခြင်းကြောင့် တရုတ် ဈေးကွက်က အ‌ရေးပါလာသည်။ တစ်နှစ်လျှင် တန်ချိန် ၁ သန်းကျော် စိုက်ပျိုးထုတ်လုပ်သည့် မြန်မာ့ပဲတီစိမ်းကို တရုတ်ဈေးကွက်က ၆၀ ရာခိုင်နှုန်း ကျော် ဈေးကွက်‌ ဝေစု ရယူထားသည်။ ထို့ကြောင့်တရုတ်ဈေးကွက်သည် မြန်မာနိုင်ငံမှ ပဲတီစိမ်း စိုက်ပျိုးသည့် တောင်သူလယ်သမားများ အတွက် အဓိကအခန်း ကဏ္ဍမှပါ၀င်နေသည်။

          ထိုကြောင့် ဆောင်းပဲတီစိမ်း စိုက်ပျိုးမည့်တောင်သူများအနေဖြင့် မိမိစိုက်ပျိုးသော သီးနှံကို GAPစနစ်ဖြင့် စိုက်ပျိုးပြီး ပိုးသတ်ဆေးများအပါအဝင်  ဓာတုဆေးများသုံးစွဲမှုကိုလည်း စနစ်တကျ ထိန်းသိမ်းဆောင်ရွက်ရန် တင်ပို့ရောင်းချသူများက အကြံပြုထားသည်။

DOCA(ဧရာဝတီ)

ကောက်ပဲသီးနှံနှင့် စားသုံးဆီ တည်ငြိမ်စွာ ထုတ်လုပ်နိုင်ရေး တရုတ်နိုင်ငံ ကြိုးပမ်းမည်

 ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်နှင့် ၃၀ ရက်နေ့များ၌ ကျင်းပခဲ့သော ဗဟိုကျေးလက် လုပ်ငန်း ညီလာခံ၏ နှစ်ပတ်လည်အစည်းအဝေး အပြီးတွင် တရုတ်နိုင်ငံအနေဖြင့် ကောက်ပဲသီးနှံ မျိုးကွဲများ နှင့် အရည်အသွေးပိုင်း တိုးတက်ကောင်းမွန်စေမှုနှင့်အတူ ကောက်ပဲသီးနှံနှင့် စားသုံးဆီတို့ကို တည်ငြိမ်စွာ ထုတ်လုပ်နိုင်ရေး မဖြစ်မနေဆောင်ရွက်ရမည်ဟု နိုင်ငံပိုင် ရှင်ဟွာ (Xinhua) သတင်း အေဂျင်စီက ဒီဇင်ဘာ ၃၀ ရက်နေ့၌ ထုတ်ဖော်ပြောဆိုခဲ့သည်။

          တရုတ်နိုင်ငံ၏ လယ်ယာကဏ္ဍ၌ ဦးစားပေးလုပ်ဆောင်ရမည့် အစီအမံများကို ချမှတ်သည့် အဆိုပါ ဗဟိုညီလာခံအဖွဲ့က စားနပ်ရိက္ခာမျိုးစုံကို ထောက်ပံ့ပေးသွင်းနိုင်ရေးအတွက် စွမ်းဆောင် ရည် မြှင့်တင်ရမည်ဖြစ်ကြောင်း၊ အုပ်စုခွဲခြားသတ်မှတ်ထားသော ဇုန်နယ်မြေများ၌ စိုက်ပျိုးသည့် အစီအမံများမှတစ်ဆင့် စံသတ်မှတ်ချက် မြင့်မားသော လယ်ယာမြေများ အရည်အသွေးကောင်းမွန် စွာ ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း အလေးအနက် ပြောကြားခဲ့သည် ဟု ရှင်ဟွာသတင်းဌာနက ဖော်ပြထားသည်။

          တရုတ်နိုင်ငံသည် ပြည်တွင်း၌ စားသုံးရန်လိုအပ်သော စားနပ်ရိက္ခာအတွက် ပြည်ပမှ တင် သွင်းမှုအပေါ် ကြီးမားစွာ အမှီပြုနေရသည်။ လက်ရှိကာလတွင် ၎င်း၏ လယ်ယာထွက်ကုန်များ ကုန်သွယ်မှု၌ အဓိကမိတ်ဖက်ဖြစ်သော အမေရိကန်နိုင်ငံနှင့် သဘောထားတင်းမာမှုများ ဖြစ်ပေါ်နေ ခြင်းက မျိုးစေ့ဆိုင်ရာ နည်းပညာနှင့် စက်မှုလယ်ယာလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံခြင်း အပါအဝင် ပြည်တွင်း၌ ကိုယ်ပိုင်ထုတ်လုပ်မှုဖြင့် ဖူလုံမှုရရှိရေးကို အရှိန်မြှင့်တင် လုပ်ဆောင်စေလျက်ရှိသည်။

          တရုတ်နိုင်ငံအနေဖြင့် ကောက်ပဲသီးနှံများ ထုတ်လုပ်ရာ၌ ၎င်းတို့၏ ကြိုးပမ်းအားထုတ်မှုကို လျှော့ချ၍မရကြောင်း၊ အရည်အသွေး မြင့်မားသော လယ်ယာမြေ၊ မျိုးစေ့များ၊ စက်ပစ္စည်းကိရိယာ များနှင့် စိုက်ပျိုးမှုနည်းစနစ်များကို ပေါင်းစည်းလျက် လယ်ယာကဏ္ဍတစ်ရပ်လုံး၏ စွမ်းဆောင်ရည် နှင့် အရည်အသွေးတို့ကို တိုးတက်ကောင်းမွန်အောင် လုပ်ဆောင်ရမည်ဟု အဆိုပါ ညီလာခံ အစည်း အဝေးမှ ထုတ်ပြန်ပြောဆိုချက်ကို ရှင်ဟွာသတင်းဌာနက ဖော်ပြသည်။

          အဆိုပါ ထုတ်ပြန်ချက်အရ တရုတ်နိုင်ငံသည် လယ်သမားများ၏ ဝင်ငွေတိုးတက်မှုနှင့် ရွှေ့ ပြောင်း လုပ်သားများ၏ အလုပ်အကိုင်ရရှိမှု တည်ငြိမ်ရေးကို မြှင့်တင်ရန် မည်သည့် ကြိုးပမ်းအား ထုတ်မှုကိုမဆို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။ စီးပွားရေးရာ စိန်ခေါ်မှုများနှင့် မြို့ပြ ဒေသ ကျယ်ပြန့်လာမှုမှ ဖိအားများနှင့် ရင်ဆိုင်နေရသည့် တရုတ်နိုင်ငံအစိုးရ အနေဖြင့် စားနပ်ရိက္ခာ ဖူလုံမှုရှိစေရေးကို ကြိုးပမ်းလုပ်ဆောင်နေရသည်။

          တရုတ်နိုင်ငံ၏ ကောက်ပဲသီးနှံထုတ်လုပ်မှု စုစုပေါင်းပမာဏသည် ၂၀၂၄ ခုနှစ်၌ ထုတ်လုပ် နိုင်မှုထက် ၁.၂ ရာခိုင်နှုန်း ပိုမိုလျက် ယခုနှစ်တွင် တန်ချိန် ၇၁၄.၉ သန်းအထိ စံချိန်အသစ်တင်နိုင် ခဲ့သည်။ ဗဟိုကျေးလက်လုပ်ငန်းညီလာခံ နှစ်ပတ်လည်အစည်းအဝေးမှ ထုတ်ပြန်ချက်အရ လက်ရှိ ချုပ်ဆိုထားသော မြေအငှားစာချုပ်များ သက်တမ်းကုန်ဆုံးချိန် ၂၀၂၇ ခုနှစ် ဝန်းကျင်တွင် ပြည်နယ် များအလိုက် ကျေးလက်ဒေသ မြေယာများ အသုံးချခွင့် စာချုပ်များကို နောက်ထပ် နှစ် ၃၀ အထိ တိုးမြှင့်ပေးမည့် ကနဦးစမ်းသပ်မှု အစီအစဉ်များကို စတင်လုပ်ဆောင်မည်ဖြစ်ကြောင်း သိရှိရသည်။

Source: Reuters, 30 Dec 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

ပို့ကုန်တိုးတက်မှုနှင့်အတူ မလေးရှားစားအုန်းဆီ ဈေးနှုန်း မြင့်တက်

     မလေးရှားနိုင်ငံ၌ စားအုန်းဆီဈေးနှုန်းများသည် ဝယ်လိုအားကောင်းမွန်မှုအရ ဒီဇင်ဘာ ၂၆ ရက်နေ့တွင် ၄ ကြိမ်မြောက် မြင့်တက်ခဲ့ပြီး ရက်သတ္တနှစ်ပတ်အတွင်း အမြင့်ဆုံးသို့ ရောက်ရှိခဲ့သည်။ ဒီဇင်ဘာလ ပထမ ၂၅ ရက်ကာလအတွင်း လအလိုက် နှိုင်းယှဉ်ပါက ၁.၆ ရာခိုင်နှုန်း မြင့်တက်ခဲ့ ကြောင်း Intertek Testing Services ၏ အချက်အလက်များက ဖော်ပြလျက်ရှိသည်။ ယင်းကာလ၌ အိန္ဒိယ၏ ဝယ်ယူမှုမှာ ၂၇၉၅၅၀ တန်ဖြင့် ယခင်လ ကာလတူထက် ၆၆ ရာခိုင်နှုန်း ပိုမိုခဲ့သည်။

          ယခုအခါ ပွဲတော်ရာသီကာလ၏ ဝယ်လိုအား မြင့်မားလာသဖြင့် ပြည်ပတင်ပို့မှုမှာလည်း တိုးတက်လျက်ရှိသည်ဟု Kaleesuwari Intercontinental ကုမ္ပဏီမှ ကုန်သွယ်မှုနှင့် ဈေးကွက် ချိန်ညှိမှု မဟာ‌ဗျူဟာဌာန အကြီးအကဲ Gnanasekar Thiagarajan က ပြောဆိုခဲ့သည်။ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ နှစ်သစ်ကူးပွဲတော်နှင့် ရာမဒန်ဥပုသ် မတိုင်မီတွင် စားအုန်းဆီ ဝယ်လိုအားမြင့်တက် လျက် ဈေးနှုန်းများပါ မြင့်တက်ဖွယ်ရှိသည်ဟု ခန့်မှန်းရသည်။ သို့သော် မလေးရှားရင်းဂစ်ငွေ၏ တန်ဖိုးခိုင်မာမှုက ဈေးနှုန်းမြင့်တက်မှုကို ကန့်သတ်ဖွယ်ရှိကြောင်း ၎င်းက ဆက်လက်ပြောဆိုထား သည်။

          မလေးရှားရင်းဂစ်ငွေသည် တတိယမြောက်နေ့ရက်အဖြစ် ဆက်လက်ခိုင်မာနေခဲ့ပြီး ၄ နှစ်ခွဲ ကာလအတွင်း တန်ဖိုးအမြင့်မားဆုံးသို့ ရောက်ရှိခဲ့ရာ ပြည်ပဝယ်လက်များကို စားအုန်းဆီဝယ်ယူရန် ဆွဲဆောင်နိုင်စွမ်း နည်းပါးစေလျက်ရှိသည်။

          ဘာဆာမလေးရှားဆင့်ပွားဈေးကွက် (Bursa Malaysia Derivatives) ၌ မတ်လတွင် တင်ပို့ မည့် စားအုန်းဆီ ကြိုပွိုင့်ဈေးနှုန်းသည် တစ်တန်လျှင် ၄၀၈၆ ရင်းဂစ်နှုန်းဖြင့် ယခင်နေ့ကထက် ၁.၂ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း၊ တရုတ်နိုင်ငံ Dalian ကုန်စည်ဈေးကွက်တွင်မူ မေလအတွက် ကြို တင်ရောင်းချသည့် သန့်စင်ပြီး စားအုန်းဆီ တစ်တန်သည် ၈၅၇၆ ယွမ်နှုန်း (၄၉၂၆.၄၆ ရင်းဂစ်နှုန်း) ဖြင့် ၀.၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း The Edge Malaysia သတင်းဌာနက ဖော်ပြထားသည်။

Source: The Edge Malaysia, 26 Dec 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ