Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

သပြေပန်းအကြောင်းသိကောင်းစရာ

        မြန်မာလူမျိုးများ၏ ဘုရားစင်များတွင် ဘုရားပန်းတင်သည့်အခါ အောင်သပြေပန်းမှာ မပါမဖြစ် လှူဒါန်းသောပန်းဖြစ်ပါသည်။ ယခုဆိုလျှင် ပန်းဈေးကွက်တွင် မြန်မာသပြေဟုခေါ်သာ အောင်သပြေညွန့်ကို ငုတ်များတွေတူးရောင်းသော သပြေငုတ်၊ အညွန့်ကလေးများ ရဲရဲတောက်နေအောင်လှသော အာဆီယံသပြေစသည့် သပြေပန်းမျိုးစုံမှာလည်း ဈေးကွက်ထဲ၌ နေရာယူလျက်ရှိပေသည်။

       သပြေပင်ကို ရာသီမရွေးစိုက်ပျိုးနိုင်ပါသည်။ ရေကြိုက်သည့်အပင်အမျိုးအစားဖြစ်သည့်အတွက် သပြေပင်စိုက်မည်ဆိုလျှင် ရေရရှိသာအရပ်ဒေသ၊ ရေသွယ်ယူ၍လွယ်ကူသောနေရာများတွင် စိုက်ပျိုးရသည်။ သပြေပင်သည် နှစ်ရှည်ပင်အမျိုးအစားဖြစ်၍ သပြေပင်ကို စီးပွားဖြစ်စိုက်ပျိုးပါက တစ်နေ့လျှင် ရေ(၂)ကြိမ်လောင်းပြီး စိုက်ပျိုး၍ရကြောင်းသိရပါသည်။ သပြေပင်သည် အမြစ်ရှည်သည့်အပင်မျိုးဖြစ်ပြီး ရေကြိုက်သည့်အပင်ဖြစ်ပါသည်။ သပြေငုတ်များကို စိုက်ပျိုးပြီး (၃-၅)နှစ်အကြာ၌ ငုတ်တူးပြီး ဈေးကွက်သို့ပို့နိုင်ပါသည်။ အာဆီယံသပြေကိုမူ ပြုစုမှုကောင်းလျှင် ကောင်းသကဲ့သို့ (၈)လမှ တစ်နှစ်ခွဲကာလတွင် ဈေးကွက်အတွင်းသို့တင်ပို့နိုင်ပြီး နောက်ပိုင်းတွင်မူ (၁၅)ရက်တစ်ခါ ဖြတ်ရောင်းနိုင်ပါသည်။ မြန်မာနိုင်ငံ၌ သပြေပင်စိုက်ပျိုးခြင်းကို ရှမ်းပြည်နယ်တောင်ပိုင်း၊ ပဲခူးတိုင်း၊ မန္တလေးတိုင်းနှင့် ရန်ကုန်တိုင်း စသည့်နေရာများတွင် အများဆုံးစိုက်ပျိုးကြပါသည်။ ပဲခူးနယ်ဘက်မှထွက်သော သပြေများကို  နေပြည်တော်ဈေးကွက်သို့တင်ပို့ကြပြီး အာဆီယံသပြေမှာ မြို့ကြိုက်သပြေဖြစ်သည်။ တာရှည်ခံခြင်းကို ကြိုက်နှစ်သက်သောသူများက သပြေငုတ်ကို အဝယ်များကြပါသည်။ အာဆီယံသပြေမှာ လှပမှုရှိပြီး ရက်ရှည်အထားမခံဘဲ သုံးရက်မျှသာအထားခံပါသည်။

     ပဲခူးမြို့မဈေးကြီးနှင့် တာပေါ်ဈေးများတွင် သပြေများကို ဖြန့်ဖြူးရောင်းချပေးလျက်ရှိပါသည်။ ယခုအခါတွင် သပြေဈေးနှုန်းများမှာ အတက်အကျမရှိဘဲ တည်ငြိမ်လျက်ရှိပါသည်။ ၂၀၂၄ခုနှစ်၊ သြဂုတ်လ၊ တတိယအပတ်တွင် အခက်(၅)ခက်ပါသော သပြေတစ်စည်းလျှင် ၁၀၀၀ကျပ်၊ သပြေငုတ်တစ်ငုတ်လျှင် ၂၀၀၀ကျပ်၊ ၃၀၀၀ကျပ်၊ ၄၀၀၀ကျပ်အထိ ဈေးနှုန်းအမျိုးမျိုးဖြင့်ရောင်းချနေကြောင်း မြို့မဈေးကြီးရှိ သပြေညွန့်ရောင်းချသူတစ်ဦးထံမှသိရှိရပါသည်။

DOCA(ပဲခူး)

မိုးရာသီတွင် လှိုင်လှိုင်ပေါ်နေပြီးဖြစ်သော နာနတ်သီးအကြောင်း

      ပဲခူးမြို့မဈေးကြီးရှိ အသီးအနှံဆိုင်များ၌ နာနတ်သီးများလှိုင်လှိုင်ပေါ်၍ သီးနှံဈေးများတွင် ခင်းကျင်းရောင်းချရုံသာမက လမ်းဘေးတွင် တွန်းလှည်းများဖြင့်လည်း နာနတ်သီးများကိုရောင်းချနေသည်ကိုတွေ့ရပါသည်။ နာနတ်သီးသည် ကျန်းမာရေးအတွက် အကျိုးပြုသောသီးနှံတစ်မျိုးဖြစ်ပြီး ဗီတာမင်များစွာပါဝင်သည်။

       နာနတ်သီးကိုစားသုံးပေးခြင်းဖြင့် ကိုယ်ခံအားကောင်းစေခြင်း၊ အရိုးကိုသန်မာစေခြင်း၊ အမြင်အာရုံကောင်းမွန်စေခြင်း၊ အမျှင်ဓာတ်ပါဝင်သဖြင့် အစာအိမ်အူလမ်းကြောင်းကို အထောက်အကူပြုစေခြင်း စသည့်အကျိုးကျေးဇူးများရရှိစေပါသည်။ နာနတ်သီးကို အခြားအစားအစာများနှင့်ရောစားခြင်းမပြု လျှင် အကောင်းဆုံးဖြစ်ပါသည်။ အခြားအစားအစာများနှင့်တွဲစားမိလျှင်လည် အစာခြေအက်စစ်များကြောင့် နာနတ်သီးတွင်ပါဝင်သော ဓာတ်များပျက်စီးတတ်ပြီး အကျိုးကျေးဇူးများမရရှိနိုင်ပါ။ နာနတ်သီးကို ဖျော်ရည်လုပ်ရာတွင်လည်းကောင်း၊ ကြက်သားနှင့်ရောချက်ရာတွင်လည်းကောင်း လှီးဖြတ်ပြီး ဆား၊ သကြား၊ သံပရာသီးညှစ်၍ စားသုံးရာတွင်လည်းကောင်း သုံးစွဲကြပါသည်။ ၂၀၂၄ခုနှစ်၊ သြဂုတ်လ၊ တတိယအပတ်၌ ပဲခူးမြို့မဈေးကြီးတွင် နာနတ်သီးအလုံးကြီးတစ်လုံးလျှင် ၂၀၀၀ကျပ်၊ အသေးတစ်လုံးလျှင် ၁၅၀၀ကျပ်ဖြင့်ရောင်းချပြီး အရောင်းအဝယ်လိုက်နေကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

ပဲခူးမြို့တွင် ငါးရံ့ခြောက်များ တစ်နိုင်တစ်ပိုင်ထုတ်လုပ်လျက်ရှိ

       ပဲခူးတိုင်း‌ဒေသကြီး၊ ပဲခူးမြို့နယ်တွင် ငါးရံ့ခြောက်ကို ဒေသထွက်ကုန်တစ်ခုအနေဖြင့် ထုတ်လုပ်ရောင်းချလျက်ရှိပါသည်။ ငါးရံ့ခြောက်ကို ခရီးသွားပြည်သူများအနေဖြင့် လက်ဆောင်ပေးခြင်းအတွက်သော်လည်းကောင်း ကိုယ်တိုင်စားသုံးရန်အတွက်သော်လည်းကောင်း ဝယ်ယူလျက်ရှိကြပါသည်။

      ၂၀၂၄ခုနှစ်၊ သြဂုတ်လ၊ တတိယအပတ်တွင် ငါးရံ့ခြောက်ပြုလုပ်ရာ၌ ငါးရံ့အစိုတစ်ပိဿာကို ၂၁၀၀၀ ကျပ်ဈေးမှ ၂၅၀၀၀ကျပ်ဈေးအထိ အကောင်အကြီး/အသေးပေါ် မူတည်၍ ဝယ်ယူရပြီး အဆိုပါငါးအစိုကို ခွဲခြမ်းပြီးနေလှန်းရာတွင် ငါးခြောက်အဖြစ် ၃၅ကျပ်သားသာထွက်ရှိပါသည်။ ငါးရံ့ခြောက်ထုတ်လုပ်သူများအနေဖြင့် ငါးရံ့အစိုတစ်ပိဿာကို အခြောက်ပြုလုပ်ရာ၌ ခန့်မှန်းကုန်ကျငွေ ၂၅၀၀၀ကျပ်ဖြစ်ပြီး ငါးရံခြောက်တစ်ပိဿာလျှင် ၇၅၀၀၀ကျပ်မှ ၈၀၀၀၀ကျပ်ဈေးဖြင့်ရောင်းချရသည့်အပေါ် စီးပွားဖြစ်လုပ်ကိုင်သူများအတွက် တွက်ခြေကိုက်ပြီး တစ်နိုင်တစ်ပိုင်ထုတ်လုပ်သူများအတွက် အမြတ်အစွန်းအနည်းငယ်သာကျန်ရှိမည်ဖြစ်သော်လည်း ပဲခူးမြို့အတွင်း ငါးရံ့ခြောက်လုပ်ငန်းမှာ တွင်တွင်ကျယ်ကျယ်လုပ်ကိုင်ဆောင်ရွက်လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

ပဲခူးငါးချဉ်စျေးကွက် ဆက်လက်ဖွံ့ဖြိုးနေ

       ပဲခူးမြို့တွင် ဒေသထွက်ကုန်အနေဖြင့် ငါးချဉ်လုပ်ငန်းအား တစ်နိုင်တစ်ပိုင်လုပ်ငန်းအဖြစ် လုပ်ကိုင်လျက်ရှိကြပြီး ပဲခူးမြို့အခြေပြု ထုတ်လုပ်ရောင်းချသော ငါးချဉ်အမှတ်တံဆိပ်များတွင် ပဲခူး (မနီ)၊ အေးမိစံ၊ ကမ္ဘာကျော်၊ ကောင်းထက်စံ၊ ပဲခူးအောင်၊ မမွန်လေး၊ မနိုင်၊ ကျော်ကြား၊ ရွှေဟင်္သာ စသည့် တံဆိပ်အသီးသီးဖြင့် ထုတ်လုပ်လုပ်ကိုင်လျက်ရှိကြရာ လုပ်ငန်းရှင်(၂၀)ဦးကျော်လုပ်ကိုင်လျက်ရှိကြောင်းသိရှိရသည်။

       ငါးချဉ်ပြုလုပ်ရာတွင် အဓိကအသုံးပြုသည့်ငါးမှာ ငါးဖယ်ဖြစ်ပြီး ငါးဖယ်ရှားပါးသော အချိန်ကာလများတွင် ငါးမြစ်ချင်းငါးကိုအစားထိုး၍ ထုတ်လုပ်ပြီး ကုန်ကြမ်းအဖြစ် အသုံးပြုသည့်ငါးများကို ပဲခူးမြို့ရှိငါးဒိုင်များမှ ဝယ်ယူအသုံးပြုလျက်ရှိသည်။ ငါးချဉ်ထုပ်ပိုးရာတွင်အသုံးပြုသည့် တောင်စွန်းဖက်ရွက်များကို ပွဲစားများထံမှ အရွက်ကြီးလျှင် ငါးကျပ်၊ အရွက်သေးလျှင် သုံးကျပ်ခန့်ဖြင့်ဝယ်ယူရပြီး ငါးချဉ်တစ်ထုပ်လျှင် ငါးချဉ်၈ကျပ်သားခန့်ပါရှိကာ တောင်စွန်းဖက် သုံးရွက်ခန့်အသုံးပြု၍ ထုပ်ပိုးရောင်းချကြောင်းသိရှိရသည်။         

        ငါးချဉ်ထုတ်လုပ်သည့် လုပ်ငန်းငယ်တစ်ခုတွင် ၁ရက်လျှင် ငါးပိဿာချိန် (၁၀)မှ (၉၀)အထိလုပ်ကိုင်နိုင်ပြီး အချိန်(၁၀)လျှင် အထုပ်အရေအတွက်(၂၀၀)ခန့်ထွက်ရှိကြောင်း၊ ငါးအချိန်(၁၀) အတွက် ထုတ်လုပ်မှုကုန်ကျစရိတ်မှာ (၃)သိန်းခွဲဝန်းကျင်ခန့်ရှိကြောင်းသိရပါသည်။ ၂၀၂၄ခုနှစ်၊ သြဂုတ်လ၊ တတိယအပတ်တွင် စျေးနှုန်းအနေဖြင့် ငါးချဉ်(၁၀)ကျပ်သားတစ်ဘူးလျှင် (၄၀၀၀) ကျပ်၊ ပုစွန်ချဉ်(၁၀)ကျပ်သားတစ်ဘူးလျှင် (၄၅၀၀)ကျပ်နှုန်းဖြင့် ရောင်းချလျက်ရှိကြောင်း၊ စျေးကွက်အနေအားဖြင့် ပဲခူးမြို့၊ ဘုရားကြီး၊ မဒေါက်၊ ရွှေကျင်၊ ဒိုက်ဦး၊ ဝေါ၊ ပြွန်တန်ဆာ စသည့်မြို့နယ်များ၌လည်း ထုတ်လုပ်ရောင်းချနေကြောင်းသိရှိရပါသည်။

          ငါးချဉ်သည် ငါးနှင့်ပြုလုပ်ထားသည့်အတွက် ဗီတာမင် D နှင့်Omega3 ကြွယ်ဝစေခြင်း၊ နှလုံးရောဂါနှင့် ကင်ဆာရောဂါတချို့ကိုကာကွယ်စေနိုင်ခြင်း၊ ငါးစားသုံးခြင်းသည် ကျန်းမာရေးနှင့်ညီညွတ်ခြင်း၊  ဗီတာမင် D နှင့် ပရိုတိန်းဓာတ်သည် အရိုးဆစ်ကြီးထွားရန်အတွက် အားပေးပြီး ကိုယ်ခံအားကိုကောင်းစေနိုင်ခြင်း၊ မိတ်ဆွေများအတွက် လက်ဆောင်ပေးရန်သင့်တော်ခြင်း စသည်တို့ကြောင့် ဝယ်ယူသုံးစွဲမူမြင့်တက်လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

ပဲခူးခရိုင်အတွင်း အိမ်တွင်းမှုလက်ရက်ကန်းလုပ်ငန်းများ တိုးချဲ့လုပ်ကိုင်လာ

      ပဲခူးတိုင်း‌ဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်၊ လက်ရက်ကန်းလုပ်ငန်းမှာ ယခင်က ကျားတက်ကျေးရွာတစ်ခုတည်းရှိခဲ့ရာမှ ၂၀၂၁ခုနှစ်တွင် မိုးခိုင်ကြီးကျေးရွာနှင့် ဝေသာလီကျေးရွာများ၌ပါ တိုးချဲ့လုပ်ကိုင်လာကြသည့်အတွက် လက်ရက်ကန်းအလုပ်ရုံ (၅)ခုအထိတည်ထောင်လုပ်ကိုင်လာကြကြောင်းသိရသည်။

  လက်ရက်ကန်းတစ်စင်ကို ထိုးကွင်း (၅၀)ပါ ကျပ်ဆယ်နှစ်သိန်းခန့်ကုန်ကျပြီး လုပ်ငန်းတည်ခါစတွင် ရက်ကန်းစင်(၆)စင်သာ ထောင်ထားနိုင်ပြီး အလုပ်သမား(၅)ဦးခန့်ငှားရမ်းကာ ကိုယ်တိုင်လည်းရက်လုပ်ကြောင်း၊ ယခုအချိန်တွင် ရက်ကန်းရုံ (၁)ရုံလျှင် ရက်ကန်းစင် (၁၂)ခုဆံ့ ရက်ကန်းအလုပ်ရုံ (၅)ရုံအထိတိုးချဲ့နိုင်ခဲ့ပြီး ယခုထက် ပိုမိုတိုးချဲ့လုပ်ကိုင်ပါက ဒေသတွင်းရှိ လူငယ်/ လူရွယ်များအတွက် အလုပ်အကိုင်အခွင့်အလမ်းများရကြမည်ဖြစ်ကြောင်း၊  ချည်ကုန်ကြမ်းကို မန္တလေးမြို့မှမှာယူပြီး ချည်ချောလုံချည်များကိုရက်လုပ်ရောင်းချကြောင်း၊ ချည်အစိပ်/အကျဲပေါ် မူတည်၍ တစ်လလျှင် ခြောက်ထည်မှ တစ်ဆယ့်နှစ်ထည်အထိရရှိကာ ၂၀၂၄ခုနှစ်၊ သြဂုတ်လ၊ တတိယအပတ်တွင် တစ်ထည်လျှင် ကျပ်(၈၀၀၀)မှ ကျပ် (၁၂၀၀၀)အထိရောင်းချရကြောင်း၊ ဈေးနှုန်းသက်သာသဖြင့် ပြည်သူများသုံးစွဲပါက ပြည်တွင်းဖြစ်ကို အားပေးရာရောက်ကြောင်း၊  မန္တလေး၊ ရန်ကုန်မြို့နှင့် ပဲခူးမြို့များသို့ ရောင်းချရသည့်အပြင် ‌ဒေသအတွင်း၌လည်းရောင်းချရခြင်း၊ ထို့ပြင် Social Media  မှတစ်ဆင့် ရောင်းချနေသည့်အတွက် လုပ်ငန်းတိုးချဲ့လည်ပတ်နိုင်ကြောင်း၊ ရက်ကန်းလုပ်ငန်းကို စိတ်ဝင်စားသော လူငယ်၊ လူရွယ်များကိုလည်း အခမဲ့သင်ကြားပေးပြီး ရက်ကန်းစင်များတိုးချဲ့ သွားရန်လည်း အစီအစဉ်ရှိကြောင်း၊ ရက်ကန်းလုပ်ငန်းရှင်တစ်ဦးထံမှ ဆွေးနွေးသိရှိရပါသည်။

DOCA(ပဲခူး)

ပဲခူးမြို့တွင် ငါးသားပေါက်မျိုးစုံ အရောင်းအဝယ်လိုက်နေ

      ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ မုန်တိုင်းကျေးရွာ၊ ကတွင်းခြံကျေးရွာ၊ မြို့လေးကျေးရွာ၊ စီးတီးကျေးရွာ၊ ကျောက်ကြီးစုကျေးရွာ စသည့်ကျေးရွာများတွင် မြစ်ရေးကြီးနေသည့်ကာလအတွင်း ချောင်းကြီး၊ မြောင်းကြီး၊ ကန်ကြီးများ ရေကြီးရေလျှံသဖြင့် ငါးသားပေါက်မျိုးစုံ ရေစီးအတိုင်း ဝင်ရောက်လာသည့်အတွက် တစ်နိုင်တစ်ပိုင်ရှာဖွေသူ အခြေခံလူတန်းစားများက ပိုက်ထောင်ခြင်း၊ ကွန်ပစ်ခြင်းများဖြင့် ရရှိလာသည့်ငါးသားပေါက်မျိုးစုံအား မိမိတို့အိမ်တွင် အိုးကပ်လေးချက်၍ ပင်စိမ်းအုပ်ပြီး တစ်မျိုး၊ ကြော်၍ တစ်ဖုံ၊ ငါးပိတို့စရာများဖြင့် မိသားစုအတွက် ဈေးသက်သာပြီး ထမင်းမြိန်သော ဟင်းကောင်းတစ်ခွက်ရရှိနိုင်ကြောင်း၊ ၂၀၂၄ခုနှစ်၊ သြဂုတ်လ၊ တတိယအပတ်တွင် ဈေးနှုန်းအနေဖြင့် တစ်ဆယ်ကျပ်သားလျှင် ငွေကျပ် (၅၀ဝ)နှုန်းဖြင့် အလွယ်တကူရောင်းချရာ  နေ့စဉ်အရောင်းအဝယ်လိုက်နေကြောင်း ငါးဖမ်းသူများထံမှသိရှိရပါသည်။

DOCA(ပဲခူး)

ပဲခူးမြို့နယ်၊ ကတွင်းခြံကျေးရွာရှိ W အမှတ်တံဆိပ် ပဲပြားဈေးကွက်

     ပဲခူးမြို့နယ်၊ ကတွင်းခြံကျေးရွာတွင် W အမှတ်တံဆိပ် ပဲပြားကို  ပဲခူးမြို့ပေါ်ရှိ ဒေသထုက်ကုန်တစ်ခုအနေဖြင့် ဈေးကြီးများနှင့် ကတွင်းခြံကျေးရွာအနီး၌ အရောင်းအဝယ်ဖြစ်နေ ကြောင်းသိရသည်။ အဆိုပါအမှတ်တံဆိပ် ပဲပြားများကို  ပဲပုတ်မှ ရေစိမ်ကြိတ်ပြီး ပဲအနှစ်များကိုကျို၍ ပုံစံခွက်များဖြင့်ထည့်ပြီး ဖိစဉ်များဖြင့် ၂၅မိနစ်/ ၃၀မိနစ်ခန့်ဖိပြီးမှရရှိသော W အမှတ်တံဆိပ် ပဲပြားများဖြစ်လာကြောင်း၊ ၂၀၂၄ခုနှစ်၊ သြဂုတ်လ၊ တတိယအပတ်တွင် ပဲပုတ်ပဲတစ်တင်းခွဲတစ်အိတ်လျှင် ကျပ်၁၆၀၀၀၀နှုန်းဖြင့် နေ့စဉ် ၁၅အိတ်ပြုလုပ်ကြောင်းသိရှိရပြီး တစ်အိတ်လျှင် ပဲပြားတုံး ၈၄၀တုံးထွက်ရှိ၍ ဈေးအရောက် လက်ကားဈေးမှာ တစ်တုံးလျှင် ၃၀၀ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်နေကာ အရင်းဈေးမှာ (၁၆၀၀၀၀) ကျပ်ဖြစ်၍ အကျိုးအမြတ်မှာ ကျပ်(၉၀၀၀၀)ကျော်ဖြစ်ကြောင်းသိရှိရသည်။ ပဲပြားကို ပဲပင်ပေါက်နှင့်တွဲဖက်၍ အများဆုံးရောင်းရပြီး  ပဲပြားမှာ ပဲခူးမြို့တွင် အရောင်းအဝယ်လိုက်နေကြောင်း၊ ကျန်းမာရေးဦးစီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့၏ လမ်းညွှန်ကွပ်ကဲမှုဖြင့် ကျန်းမာရေးနှင့်အညီ စားသုံးသူများ စားသုံးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

ဆေးဖက်ဝင် နဂါးမောက်သီးဈေးနှုန်းဈေးကွက် ကောင်းမွန်လျက်ရှိ

      မြန်မာနိုင်ငံတွင် နဂါးမောက်ခြံစိုက်ပျိုးခြင်းအား ပုပ္ပားကျေးရွာ၊ တောင်ကလပ်ကျေးရွာ၊ နတ်ကန်လည်ကျေးရွာများတွင် အများဆုံးစိုက်ပျိုးလျက်ရှိပါသည်။ နဂါးမောက်သီးတွင် အဖြူသီးနှင့် အနီသီးဟူ၍ နှစ်မျိုးစိုက်ပျိုးကြကြောင်း၊ နဂါးမောက်သီးများမှာ ကဆုန်လတွင် စတင်ဖူးပွင့်ပြီး နယုန်လတွင် အသီးမှည့်၍ စတင်ရောင်းချရကြောင်း၊ တစ်နှစ်တွင် (၄)ကြိမ်အထိ အသီးရရှိကြောင်းသိရှိရသည်။ နဂါးမောက်ပင်များကို (၁)ဧကလျှင် အပင် (၂၀၀)ကျော်စိုက်ပျိုးနိုင်ပြီး (၂)နှစ်သားမှစ၍ အသီးများစတင်ရရှိပြီး တစ်ဧကလျှင် (၁၀၀) ကီလိုကျော်အထိရရှိကြောင်းသိရှိရပါသည်။

      ပဲခူးဈေးမှ အသီးရောင်းချသူများသည် နဂါးမောက်သီးခြံများမှ တိုက်ရိုက်ဝယ်ယူသည့် ခြံဈေးအနေဖြင့် ၂၀၂၄ခုနှစ်၊ သြဂုတ်လ၊ တတိယအပတ်တွင် တစ်ကီလိုလျှင် (၁၆၀၀)ကျပ်၊ (၁၀၀၀)ကျပ်၊ (၈၀၀)ကျပ်ဖြင့် အလုံးအရွယ်အစားအလိုက် ဈေးနှုန်းအမျိုးမျိုးရှိပြီး နေပြည်တော်၊ မန္တလေး၊ ရန်ကုန်၊ ပဲခူးမြို့များသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း၊ လူကြိုက်များသည့် အသီးအနှံဖြစ်သည့်အတွက် ဈေးနှုန်းဈေးကွက်ကောင်းမွန်လျက်ရှိကြောင်း  နဂါးမောက်သီး ‌ရောင်းချသူထံမှသိရှိရပါသည်။

DOCA(ပဲခူး)

ဈေးကွက်အတွင်း စတင်ဝင်ရောက်နေပြီဖြစ်သည့် ကျွဲကောသီး

     ယခုအချိန်ရာသီကာလသည် ကျွဲကောသီးများလှိုင်လှိုင်ပေါ်ချိန်ဖြစ်ရာ ပဲခူးဈေးကွက်အတွင်းသို့ ကျွဲကောသီးများ စတင်ဝင်ရောက်လျက်ရှိနေပြီဖြစ်ကြောင်းသိရသည်။ အဆိုပါ ကျွဲကောသီးများအား မွန်ပြည်နယ်အတွင်းရှိ ကျိုက်ထို၊ ဘီးလင်း၊ သထုံ၊ မော်လမြိုင်မြို့များမှ အဓိကဝင်ပြီး အခြားနယ်များမှလည်း ဝင်ရောက်လျက်ရှိကြောင်းသိရသည်။

        ကျွဲကောသီးပင်ခြံများမှ တိုက်ရိုက်ဝယ်ယူသည့် ပဲခူးမြို့မဈေးကြီးမှ ကုန်သည်ကြီးများအနေဖြင့် ၂၀၂၄ခုနှစ်၊ သြဂုတ်လ၊ တတိယအပတ်တွင် လက်ကားဈေးနှုန်းအနေဖြင့် အလုံးကြီးတစ်လုံးလျှင် (၂၅၀၀)ကျပ်၊ အလုံးသေးတစ်လုံးလျှင် (၂၀၀၀)ကျပ်နှုန်းဖြင့်ဝယ်ယူကြပြီး လက်လီဈေးကွက်တွင်  ကျွဲကောသီးသည် လူကြိုက်များသည့်သီးနှံဖြစ်သောကြောင့် အလုံးကြီးတစ်လုံးလျှင် (၂၅၀၀-၃၅၀၀)ကျပ်နှုန်းဖြင့်လည်းကောင်း၊ အလုံးသေးတစ်လုံးလျှင် (၁၂၀၀- ၁၅၀၀)ကျပ်နှုန်းတို့ဖြင့်ရောင်းချလျက်ရှိကြောင်း၊ တစ်နေ့လျှင် အရေအတွက်အားဖြင့် အလုံး(၅၀)မှ (၈၀)ကျော်အထိရောင်းချလျက်ရှိကြောင်း၊ ကျန်းမာရေးနှင့်ညီညွတ်သည့် အသီးအနှံဖြစ်သောကြောင့် စားသုံးသင့်သည့် အသီးအနှံဖြစ်ကြောင်း ကျွဲကောသီးရောင်းချသူ ကုန်သည်တစ်ဦးထံမှ သိရှိရပါသည်။

DOCA(ပဲခူး)

တစ်နိုင်တစ်ပိုင်ပဲပင်ပေါက်

      ပဲပင်ပေါက်ဟုဆိုသည်နှင့် ဈေးသက်သာပြီး အလွယ်တကူဝယ်ယူရရှိနိုင်သည့်အပြင် ကျန်းမာရေးအတွက်လည်း အထောက်အကူဖြစ်စေသော အစားအစာတစ်ခုဖြစ်သည်။ ပဲပင်ပေါက်ကို စီးပွားဖြစ်ဖောက်ကြပြီး ရောင်းချသူများရှိသကဲ့သို့ တစ်နိုင်တစ်ပိုင် အိမ်တွင်းတွင် ကိုယ်တိုင်ဖောက်၍ ရောင်းချသူများလည်းရှိကြသည်။  ပဲပင်ပေါက်သည် အာဟာရဓာတ်ကြွယ်ဝသည့်အပြင် ခန္ဓာကိုယ်အတွက် လိုအပ်သောဗီတာမင်နှင့် သတ္တုဓာတ်ကြွယ်ဝစွာပါဝင်သောကြောင့်  ကျန်းမာရေးအတွက်လည်း အထောက်အကူဖြစ်စေနိုင်ပါသည်။ ပဲပင်ပေါက်ဖောက်ရာတွင် ပဲတီစိမ်း၊ မတ်ပဲတို့ကို အများဆုံးသုံးကြကြောင်းသိရှိရသည်။ ပဲပင်ပေါက်ဖောက်ရာတွင် ပဲ၊ စကာ သို့မဟုတ် ခြင်းတောင်းနှင့် သဲ သို့မဟုတ် ပြာတို့သာလိုအပ်သောကြောင့် ကုန်ကျစရိတ်နည်းပါး၍ အမြတ်အစွန်းများသော အစားအစာတစ်ခုဖြစ်ပေသည်။ ၂၀၂၄ခုနှစ်၊ သြဂုတ်လ၊ တတိယအပတ်တွင် ပဲပင်ပေါက်ဖောက်ရာတွင် ပဲတီစိမ်းတစ်ပြည်လျှင် ဈေးနှုန်းအနေဖြင့် (၄၇၀၀-၅၀၀၀) ကျပ်ကြားဝယ်ယူရပြီး ပဲတီစိမ်းတစ်ပြည်ဖောက်ရာတွင် ပဲပင်ပေါက် ၃ပိဿာရရှိပြီး ပဲပင်ပေါက် ၁ပိဿာလျှင် ၄၅၀၀ကျပ်ရရှိသောကြောင့် ပဲတီစိမ်းတစ်ပြည်ကို ပဲပင်ပေါက်ဖောက်ရာတွင် အမြတ်အစွန်းအနေဖြင့် ၈၅၀၀ကျပ်အမြတ်အစွန်းရရှိသောကြောင့် အိမ်ထောင်ရှင်မများအနေဖြင့် လုပ်ရလွယ်ကူပြီး ရက်တိုတိုနှင့် အမြတ်အစွန်းရသောပဲပင်ပေါက်ကို တစ်နိုင်တစ်ပိုင်ဖောက်၍လည်း‌ ရောင်းချကြကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း