Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ပြည်ဈေးကွက်တွင်အရောင်းအဝယ်ဖြစ်ခဲ့သော ပဲကြီးသီးနှံ၏ နှစ်အလိုက်ဖြစ်ပေါ်ခဲ့သောဈေးနှုန်း၊ဈေးကွက်

     ပြည်မျိုးစုံဈေးကွက်တွင် ပြည်ပသို့ပါတင်ပို့နိုင်သော ပဲကြီးသီးနှံသည် နှစ်စဉ်ဈေး ကောင်းရနေပြီး ယခုနှစ်တွင် ပို၍ပင်ဈေးကောင်းရသော သီးနှံတစ်မျိုးဖြစ်ပါသည်။ နှစ်စဉ်လိုလို ပဲဈေးကွက်မှာ ဈေးအမြင့်ဖြင့်ရောင်းဝယ်ခဲ့သော ပဲကြီးများ၏ဈေးနှုန်းများ၏ ကာလတူဖြစ် ပေါ်ခဲ့သော ဈေးများကိုလေ့လာကြည့်ရာတွင် အောက်ပါ အတိုင်းတွေ့ရှိရပါသည် -

ခုနှစ်             လအမည်                ပဲအမျိုးအစား                     ဈေးနှုန်း(ကျပ်)         

၂၀၂၀ခုနှစ်      ဇူလိုင်လ                 ရွှေကျွန်း                           ၂၅၀၀၀

                                                ကမ်းနား                           ၂၄၀၀၀

၂၀၂၁ခုနှစ်      ဇူလိုင်လ                 ရွှေကျွန်း                           ၂၈၀၀၀

                                                ကမ်းနား                           ၂၈၀၀၀

၂၀၂၂ခုနှစ်      ဇူလိုင်လ                 ရွှေကျွန်း                           ၇၀၀၀၀

                                                ကမ်းနား                           ၇၀၀၀၀

၂၀၂၃ခုနှစ်      ဇူလိုင်လ                 ရွှေကျွန်း                           ၉၈၀၀၀

                                                ကမ်းနား                           ၉၇၀၀၀

၂၀၂၄ခုနှစ်      ဇူလိုင်လ                 ရွှေကျွန်း                           ၈၄၀၀၀

                   ဇူလိုင်လ                 ကမ်းနား                           ၈၉၀၀၀

၂၀၂၅ခုနှစ်      ဇူလိုင်လ                 ရွှေကျွန်း                           ၁၀၅၀၀၀

                   ဇူလိုင်လ                 ကမ်းနား                           ၉၅၀၀၀

     ၂၀၂၀ ခုနှစ် ဇူလိုင်လတွင် ရွှေကျွန်းတစ်တင်း (၂၅၀၀၀)ကျပ်၊ ကမ်းနားတစ်တင်း ၂၄၀၀၀ကျပ်၊ ၂၀၂၁ခုနှစ် ဇူလိုင်တွင် အတွင်း ပဲကြီး(ရွှေကျွန်း)တစ်တင်း (၂၈၀၀၀)ကျပ်၊ (ကမ်းနား)တစ်တင်း (၂၈၀၀၀)ကျပ်ဖြင့် ယခင်နှစ်ရဲ့ဈေးအတိုင်းရောင်းဝယ်ခဲ့ကြပေမယ့် မတ်ပဲနှင့်၊ ပဲတီစိမ်းသီးနှံများမှာ ဈေးနှုန်းများ လျော့ကျခဲ့ပြီး ကျပ် (၃)သောင်းအောက်ဖြင့်သာ ရောင်းဝယ်ခဲ့ကြရသောကြောင့် ပဲကြီးသီးနှံဈေးနှုန်းသည် အဆိုပါနှစ်တွင် အခြားပဲများဈေးအေးခဲ့ပေမယ့် ပဲကြီးသီးနှံကတော့ ဈေးကွက်အတွင်း ဈေးလျော့ကျသွားခြင်းမရှိဘဲ ဈေးအမြင့်ဖြင့်သာ ရောင်းဝယ် နေခဲ့ကြပါသည်။

    ၂၀၂၂ ခုနှစ်၊ ဇူလိုင်လတွင် ပဲသီးနှံ ဈေးအားလုံးလိုလို ဈေးမြင့်တက်လာခဲ့ကြပြီး ပဲကြီးသီးနှံက လည်း ယခင်နှစ်ရဲ့ဈေးထက် တစ်ဆသာသာခန့် ဈေးနှုန်းများမြင့် တက်လာတာကြောင့် တစ်တင်းကျပ် (၆)သောင်းအထက်ရရှိခဲ့ကာ ပဲဈေးကွက်မှာ ဈေးအမြင့်ဆုံးရရှိသည့် ပဲသီးနှံဖြစ် ခဲ့ပါသည်။

    ၂၀၂၃ ခုနှစ်တွင် ပြည်ပဝယ်လိုအား ပဲသီးနှံအားလုံးလိုလို ဈေးမြင့်တက်လာခဲ့ကြပြီး ပဲကြီးသီးနှံမှာ တစ်တင်းကျပ် (၉)သောင်းကျော်အထိ ဈေးကောင်းရ လာခဲ့ကာ ပဲစိုက်တောင်သူများ အကျိုးအမြတ်ပိုရနိုင်မည့် နှစ်ဟု သိရှိရပါသည်။ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လတွင် ပဲကြီးမှာဝယ်လို အားနည်းလာ၍ဈေးမှာ (၈)သောင်းကျပ်ကျော် သာရောင်းဝယ်မှုရှိ၍ ဈေးအနည်း ငယ်ပြန်ကျလာ ပါသည်။

    ၂၀၂၅ ခုနှစ် ဇူလိုင်လတွင် မြို့တွင်းပဲကြော်ဖိုသမားများနှင့် ရန်ကုန်ဝယ်လက်သမားများက ဝယ်ယူမှုရှိလာသဖြင့် ပဲကြီး(ရွှေကျွန်း)မှာ ကျပ်(၁)သိန်းကျော်အထိ ဈေးရလာသလို ပဲကြီး (ကုန်းပဲ)မှာ (၉)သောင်းကျော်အထိဈေးရရှိလာခဲ့ပါသည်။

    ပဲကြီးသီးနှံသည် မိုးနှောင်းကာလ ဇူလိုင်လ၊ ဩဂုတ်လများတွင်စတင်စိုက်ပျိုးလာကြပြီး မြန်မာလအနေဖြင့် တော်သလင်းလအကုန်မှီ အပြီးစိုက်ပျိုးကြသည်ဟု သိရပါသည်။ တော်သလင်း လကျော်မှ စိုက်ပျိုးသည့် ပဲကြီးသီးနှံသည် အောင်မြင်ဖြစ်ထွန်းမှုနည်းပါးပြီး အထွက်နှုန်း မကောင်း ဟု တောင်သူများအနေဖြင့် သိရှိထားကြသည့်အတွက် တော်သလင်းအမီ စိုက်ပျိုးကြကြောင်း သိရပါသည်။ မိုးစပါးစိုက်ပျိုးသည့် ဒေသများတွင် မိုးစပါးစိုက်ပျိုးစဉ်ကာလ လယ်ကန် သင်းဘောင် များတွင် ပဲကြီးသီးနှံအား စိုက်ပျိုးကြပါသည်။ ပဲကြီးသီးနှံသည် မြေအမျိုးအစားအားလုံးတွင် စိုက်ပျိုးဖြစ်ထွန်းနိုင်သော်လည်း နုန်းမြေကိုပို၍ ကြိုက်နှစ်သက်ကြောင်းသိရပါသည်။ မိုးစပါး စိုက်ပျိုး၍ မရနိုင်သောဒေသများတွင် ပဲကြီးသီးနှံကို ဇူလိုင်လတွင်စတင်စိုက်ပျိုးကြပြီး နိုဝင်ဘာလ အတွင်း ပန်းပွင့်ကာ ဇန်နဝါရီလတွင် ပဲကြီးသီးနှံများ စတင်ခူဆွတ်နိုင်ပြီဖြစ်ပါသည်။ ဒါ့ကြောင့် ဈေးကွက်အတွင်းသို့ ပဲကြီးသီးနှံအသစ်များ နှစ်ဆန်းပိုင်းကာလမှစ၍ ဝင်ရောက်လာကာ ဖေဖော်ဝါရီ၊ မတ်လများတွင် ပဲအထွက်လှိုင်ချိန်ဖြစ်၍ ဈေးကွက်သို့လည်း ပဲကြီးသီးနှံများ ဝင်ရောက်မှုများ ပြားလာခဲ့ကြောင်း သိရပါသည်။ ပဲကြီးသီးနှံအား ပဲကြော်ဖိုလုပ်ငန်းသမားများ အဓိကထား ဝယ်ယူသို့လှောင်ကြပါသည်။ ပြည်ခရိုင်အတွင်း ပဲကြီးသီးနှံမှာ မတ်ပဲ၊ ပဲတီစိမ်း၊ ကုလားပဲ၊ ပဲစင်းငုံ စသည့်ပဲများကဲ့သို့ စိုက်ပျိုးမှုမများဘဲ ပဲကြီးသီးနှံသည် နှစ်စဉ်ဈေး ကောင်းရနေသည့်အတွက် စိုက်ပျိုးထုတ်လုပ်သူတောင်သူများ အနေဖြင့် တိုးချဲ့စိုက်ပျိုး သင့်သလို မိုးစပါးအပြီး မတ်ပဲ စိုက်ပျိုးသည့် လယ်ကန်သင်းများတွင်လည်း နေရာလွတ်မပေးဘဲ စိုက်ပျိုးခြင်းဖြင့် မိုးစပါး၊ မတ်ပဲ သီးနှံများမှ ဝင်ငွေရရှိသလို ပဲကြီးသီးနှံကလည်း ထပ်ဆောင်း၍ အပိုဝင်ငွေရရှိသော သီးနှံတစ်မျိုး ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

DOCA(ပဲခူး)

ပြည်ဈေးကွက်ရဲ့ဝါးယောင်းမှို

     ပြည်ဈေးကွက်တွင်မိုးရာသီဝါတွင်းကာလတွင် ထွက်ရှိသော ဝါးယောင်းမှိုများ ဇူလိုင်လပထမ ပတ်မှစတင် ဝင်ရောက်မှုရှိပြီး ပြည်မြို့အနီးတဝိုက်ဒေသများဖြစ်သော မှော်ဇာ၊ သဇင်လှ၊ ပျဉ်းပင်ကိုင်း စသည့်ရွာများနှင့် ပြည်မြို့အနောက်ဘက်ကမ်းဖြစ်သော ရွှေဘုံသာ၊ ညောင်ပင်သာ၊ မန်ကျည်းစု၊ ဆင်တဲ ‌ဒေသတို့မှထွက်ရှိပြီး ရာသီဥတုမှာမိုးရွာလိုက်၊ နေပူလိုက်နှင့် မှိုထွက်ရန် အကောင်းဆုံးရာသီဖြစ်သည့် အတွက် ထိုဒေသများမှ ဈေးကွက်သို့ဝင်ရောက်မှု ရှိနေကြောင်း သိရပါသည်။ ဝါးယောင်းမှိုကို ပြည်ဒေသတွင်အဓိကအားဖြင့် မှိုချဉ်တည်၍ စားသုံးကြပြီး မှိုခြောက် အဖြစ်လည်းကောင်း၊ သတ်သတ်လွတ်သမားများအတွက် ကန်စွန်းရွက်နှင့် ကြော်စားခြင်းမှိုခြောက်ကို ရေစိမ်ပြီး ငြုတ်သီးခြောက်၊ ငြုတ်သီးစိမ်းတို့နှင့်ချက်ပြုတ်စားသုံးကြပါသည်။ ပြည်ဈေးကွက်တွင်ရာသီစာ ဖြစ်တဲ့ဝါးယောင်းမှိုများကို ပေါ်ဦးပေါ်ဖျား များဖြစ်သည့်အတွက် ဈေးကောင်းရနေပြီး တစ်ဆယ်ကျပ်သား ကျပ်(၁၅၀၀-၁၈၀၀)ထိ ဈေးကောင်းရ၍ ရောင်းချကြောင်း သိရပါသည်။

DOCA(ပဲခူး)

ပြည်ဈေးကွက်အတွင်းရောင်းချနေသည့် ပိန်းပန်းဈေးကွက်

     ပိန်းပန်းပင်များသည် အရွက်၊ အပွင့်၊ အရောင်၊ အရွယ်အစားမျိုးစုံရှိကြပါသည်။ ပိန်းပန်းပင်များသည် ပူနွေးစိုစွတ်သော ရာသီဥတုကိုကြိုက်နှစ်သက်ပါသည်။ သဘာဝအလျှောက် ပိန်းပန်းပင်များသည် ရာသီတစ်ရာသီတွင်သာ ပွင့်လေ့ရှိကြသော်လည်း ယခုအခါတွင် ရာသီဥတုမရွေး ပန်းများပွင့်စေရန်အတွက် ပြုပြင်ပြီးစိုက်ပျိုးလာကြပါသည်။ ပိန်းပန်းများ၏ မူလမျိုးများမှာ အနီရောင်၊ ပန်းရောင်၊ အညိုရောင်၊ အဖြူရောင်တို့ဖြစ်ပါသည်။

    ပိန်းပန်းပင်များအား စိုက်ပျိုးရာတွင် တိုက်ရိုက်နေရောင်ခြည်မထိသည့် အပူချိန်မျိုးကို နှစ်သက်ပါသည်။ ပတ်ဝန်းကျင်မှာ စိုစွတ်သော အခြေအနေကိုပို၍ကြိုက်နှစ်သက်ပါသည်။ ပိန်းပန်းပင်များသည် ပုံမှန်အားဖြင့် သုံးလလျှင်တစ်ကြိမ်ပွင့်တက်ပါသည်။ ပွင်းလင်းရာသီတွင် ကောင်းစွာပွင့်ပြီး ယခုလိုမိုးရာသီရောက်လျှင် အပင်များမှ အပင်ပွားအမြစ်ပိုများထွက်လာပါသည်။ အပင်ပွားအမြစ်များထွက်ပေါ်လာလျှင် အပင်ပွားများအားဖြတ်တောက်ပြီး မျိုးပွားစိုက်ပျိုးရန်အတွက် အကောင်းဆုံးဖြစ်ပါသည်။ ပိန်းပန်းများသည် မိုးတွင်းရာသီဖြစ်သည့်အတွက် အပွင့် ထွက်နှုန်းနည်းပါးသဖြင့် ဈေးကွက်အတွင်း ရောင်းချရာတွင် ဈေးအနည်းငယ်မြင့်တက်ပါသည်။ ပန်းပွင့်အရောင်းအဝယ်ထက် ပျိုးပင်များမှာ အရောင်းအဝယ်သွက်ပါသည်။ ပိန်းပန်းများအား ပန်းအိုးများဖြင့် မျိုးပွားပြီး အိုးအသေး၊ အကြီးအလိုက်ဈေးနှုန်းပေးရပါသည်။ မျိုးပန်းအိုး ဈေးနှုန်းအနေဖြင့် တစ်အိုးလျှင် (၅၀၀၀-၁၀၀၀၀)ကျပ်အထိ ရှိပါသည်။ ပိန်းပန်းပျိုးပင်များအား ပြင်ဦးလွင်၊ မန္တလေးမြို့များမှဝယ်ယူပြီး တစ်ဆင့်ပြန်လည်ရောင်းချပါသည်။ ပြည်ဈေးကွက်အတွင် ရောင်းချသော ပိန်းပန်းများသည် ရွှေတောင်မြို့၊ ကျီးသဲမြို့နှင့် ပြည်မြို့နယ် အတွင်းရှိ မှော်ဇာကျေးရွာများမှ ထွက်ရှိသော ပိန်းပန်းများဖြစ်ပါသည်။ မိုးတွင်းကာလဖြစ်သည့်အတွက် ပိန်းပန်းများအထွက်နည်းပါးသည့်အတွက် ပိန်းပန်းအကြီး တစ်ပွင့်လျှင် (၇၀၀-၅၀၀)ကျပ် ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

မီးဖိုချောင်သုံး ကြက်သွန်ဖြူဈေးနှုန်းဈေးကွက်

      နေ့စဉ်ချက်ပြုတ်စားသုံးရာတွင် မဖြစ်မနေအသုံးပြုရသော မီးဖိုချောင်သုံး သီးနှံတစ်မျိုး ဖြစ်သည့် ကြက်သွန်ဖြူမှာ ပြည်ဒေသအတွင်း စိုက်ပျိုးထွက်ရှိခြင်း မရှိသောကြောင့် မြန်မာနိုင်ငံ၏ ကြက်သွန်ဖြူအများဆုံးထွက်ရှိရာဒေသဖြစ်သော ရှမ်းပြည်နယ်၊ တောင်ကြီးနှင့် အဓိကထား ဝယ်ယူရသည့် အောင်ပန်းမြို့နယ်များမှ ဝယ်ယူရောင်းချနေခြင်း ဖြစ်ပါသည်။ ပြည်မြို့သို့အပတ်စဉ် ဝင်ရောက်လျက်ရှိပြီး ကြက်သွန်ဖြူ(ရှမ်းစ)တစ်အိတ်လျှင် ပိဿာချိန် (၃၀)မှ (၃၃)ပိဿာအထိ ဝင်ဆံ့သော အိတ် (၃၀၀/၄၀၀)ခန့် အဝင်ရှိပါသည်။ မန္တလေးမှလည်း ကြက်သွန်ဖြူ (ကြူကုတ်) များလည်း အဝင်ရှိပြီး (၁၃/၁၅) ပိဿာခန့်ဝင်ဆံ့သော အိတ်(၂၀၀)နီးပါးခန့် အဝင်ရှိပါသည်။ ဈေးနှုန်းများအနေဖြင့် ကြက်သွန်ဖြူ(ရှမ်းစ)များမှာအရွယ်အစားပေါ်မူတည်၍ တစ်ပိဿာလျှင် (၉၀၀၀-၁၁၀၀၀-၁၂၀၀၀)ကျပ်ဈေးရှိပြီး (ကြူကုတ်)အနေဖြင့် (၁၂၀၀၀-၁၃၀၀၀)ကျပ် ဈေးရှိပါသည်။ အရောင်းအဝယ်အနေဖြင့် ခရိုင်အတွင်းမြို့နယ်များမှ လက်ကားဝယ်ယူသူများ ဒေသတွင်း လုပ်ငန်းရှင်များနှင့် လက်လီဝယ်ယူသူများဖြင့် အရောင်းအဝယ်ပုံမှန်ဖြစ်လျက်ရှိပါသည်။

DOCA(ပဲခူး)

ပြည်ခရိုင်တွင်မိုးစမုံနက်နှမ်းများစတင်ထွက်ပေါ်

    ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်တွင် မိုးစမုံနက်နှမ်းအသစ်များ ဈေးကွက်သို့ စတင်ထိုးဖောက် ဝင်ရောက်လာတာတွေ့ရပါသည်။ ဝင်ရောက်သည့် အိတ်အရေအတွက်မှာ ပေါ်ခါစဖြစ်၍ တစ်နေ့လျှင် အိတ် (၅၀/၁၀၀)ခန့် သာ ပန်းတောင်းဘက်မှ ဝင်ရောက်လာခဲ့ပါသည်။ ဈေးနှုန်း အနေဖြင့် ယခုဇူလိုင်လကုန်ပတ်တွင် မိုးစမုံနက်နှမ်း တစ်တင်းလျှင် (၂၅၀၀၀၀)ကျပ်ဖြင့် ဈေးဖွင့်၍ အရောင်းအဝယ်ဖြစ်ပြီး တစ်နေ့လျှင် အိတ်(၅၀)ကျော် ဖြစ်လျှက်ရှိပါသည်။ ယခင်လဖြစ်သော ဇွန်လကုန်ပတ်တွင် စမုံနက်နှမ်းတစ်တင်းလျှင် (၂၀၀၀၀၀)ကျပ်ဖြင့် ရောင်းဝယ်ခဲ့သဖြင့် တစ်တင်း လျှင် (၅၀၀၀၀)ကျပ်ခန့် ဈေးမြင့်လာခဲ့ပါသည်။ နှမ်းနီမှာထွက်ပေါ်လာခြင်းမရှိသေး၍ ယခင် လှောင်နှမ်းလက်ကျန်များနှင့်သာ အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ဈေးနှုန်းအနေဖြင့် ယခင်လကအတိုင်း ဈေးငြိမ်နေပြီး တစ်တင်းလျှင် (၁၂၀၀၀၀)ကျပ်ဖြင့် တစ်နေ့လျှင် အိတ် (၅၀)ခန့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ နှမ်းနက်မှာလည်း ယခုလတွင် ဝယ်လိုအားရှိလာ၍ တစ်တင်းလျှင် (၂၂၀၀၀၀)ကျပ်ဖြင့် ယခင်လနှင့်ယှဉ်လျှင် တစ်တင်းလျှင် (၅၀၀၀၀)ကျပ်ခန့် ဈေးမြင့်လာပြီး အရောင်းအဝယ်မှာ နေ့စဉ် အိတ်အနည်းငယ်သာဖြစ်လျက်ရှိပါသည်။

     မိုးနှမ်းများသည် ‌နောက်လထဲတွင် အများအပြားထွက်ပေါ်လာမည်ဖြစ်ပြီး နှမ်းများ အထွက်လှိုင်ချိန်တွင် ဈေးအနည်းငယ်ကျဆင်းလာနိုင်မည်ဟု ခန့်မှန်းသိရှိရပါသည်။

DOCA(ပဲခူး)

နနွင်းစိုက်ပျိုး ဝင်ငွေတိုး

      ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်၊ မှော်ဇာကျေးရွာတွင် နေထိုင်သော ဒေါ်ခိုင်သည်  လယ်ယာစိုက်ပျိုးရေး လုပ်ငန်းကို လုပ်ကိုင်ကြပြီး သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ နနွင်းကို (၂) ဧက စိုက်ပျိုးထားကြောင်း သိရသည်။

     နနွင်းကို ဇွန်လနှင့် ဇူလိုင်လများတွင် စိုက်ပျိုးပြီး ဖေဖော်ဝါရီလနှင့် မတ်လများတွင် တူးဖော် လျက်ရှိကြောင်း၊ နနွင်းကို ဘောင်ခတ်ပြီး မြေအောက်ရေတင်စနစ်ဖြင့် စိုက်ပျိုးပြီး မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် တစ်ဧကလျှင် စုစုပေါင်း ငွေကျပ် (၆၅-၇၀) သိန်းခန့် ကုန်ကျကြောင်း၊ အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် ပိဿာ (၆၀၀ - ၈၀၀) ခန့် ထွက်ရှိကြောင်း၊ နနွင်းတက်များကို ရောင်းချခြင်းမရှိဘဲ နနွင်းမှုန့်ကိုသာ ရောင်းချကြောင်း သိရသည်။

          ဈေးနှုန်းများအနေဖြင့် နနွင်း တပိဿာလျှင် လက်လီဈေး (၂၂၀၀၀)ကျပ်၊ လက်ကားဈေး (၂၅၀၀၀)ကျပ်တို့ဖြင့်ရောင်းချကြောင်းသိရသည်။ မိသားစု တစ်နိုင်တစ်ပိုင်စိုက်ပျိုးပြီး နနွင်းများ လှိုင်လှိုင်ထွက်ပေါ်ချိန်တွင်လည်း ဈေးနှုန်းများ ဆက်လက်ကောင်းမွန်သောကြောင့် တောင်သူများအနေဖြင့် အကျိုးအမြတ် ရရှိကာ စိုက်ပျိုးသင့်သော သီးနှံတစ်မျိုးဖြစ်ကြောင်း ရေးသားလိုက်ရပါသည်။

DOCA(ပဲခူး)

ရာသီစာ ဈေးကောင်းရနေတဲ့ ကျွဲခေါင်းသီး

         ရာသီပေါ် သရေစာလည်းဖြစ် ဆေးဖက်လည်းဝင်တဲ့ အစားအစာလို့ပြောလိုက်ရင် ယခုအချိန်မှာတော့ ကျွဲခေါင်းသီးကို ထည့်ပြောရပါလိမ့်မည်။ အရောင်အဆင်းက ကျွဲခေါင်းသီးရဲ့ အရောင်လိုမဲနေတဲ့ ကျွဲခေါင်းသီးဟာ မူရင်းအရောင်ကတော့ မမဲပါဘူး။ ကျွဲခေါင်းသီးပင်သည် ရေတွင် ပေါလောပေါ်နေသော အပင်ငယ်တစ်မျိုး ဖြစ်ပါ သည်။ ရေအောက်ရှိ အရွက်နှင့် ရေပေါ် ရှိအရွက် တို့သည် မတူညီကြချေ။ ရေအောက်ရှိအရွက်များသည် အညှာချင်းဆိုင်ပေါက်၍ အမြစ်နှင့် တူကြသည်။ ရေပေါ်ရှိ အရွက်များမှာမူ ရိုးတံရင်း၌ စုပေါက်ကြသည်။ အသီးတွင် အဖုများထွက်နေ၍ ကျွဲဦးခေါင်းပုံနှင့်တူသည်။ အခွံသည် အစိမ်းပုပ်ရောင်ရှိ၍ အတွင်းသားမှာ ဖြူသည်။ မြန်မာ နိုင်ငံအောက်ပိုင်း မြို့ကြီးများရှိ ရေကန်များတွင် ကျွဲခေါင်းသီးပင်များကို ပြုစုစိုက်ပျိုးကြပါသည်။ ဇွန်လမှ ဩဂုတ်လအထိ မိုးတွင်းအချိန်၌ ကျွဲခေါင်းသီးကို ရောင်းချလေ့ရှိပါသည်။ အသီးကို အစိမ်းလိုက်ဖြစ်စေ၊ ပြုတ်၍ ဖြစ်စေ၊ အခွံနွှာပြီးလျှင် စားကြသည်။ အတွင်းသား အရသာမှာ ချိုအေး၍ အရည်ရွှမ်းသည်။ ကျွဲခေါင်းသီးမှာ ကောင်းကျိုးတွေရှိပေမဲ့ တန်ဆေးလွန်ဘေးဆိုတဲ့အတိုင်းပဲ အလွန်အကျွံမစားသင့်ပါ။ ရာသီပေါ်ဖြစ်တဲ့ ကျွဲခေါင်းသီးကို ရန်ကုန်မှဝယ်ယူ၍ ပြည်မြို့တွင် ပြန်လည်ရောင်းချပြီး ကျွဲခေါင်းသီးတစ်ပိဿာလျှင် ကျပ် (၁၈၀၀၀)၊ ကျွဲခေါင်းသီး တစ်ဆယ်သားလျှင် ကျပ် (၂၀၀၀) အထိ ဈေးကောင်းပေးဝယ်၍ စားသုံးသူများမှ ရာသီပေါ်လည်းဖြစ် သရေစာလည်းဖြစ် ဆေးဖက်လည်းဝင်တာကြောင့် ဝယ်ယူစားသုံးကြပါသည်။ လက်လီရောင်းချသော အထမ်းသည်များ အနေဖြင့် ပြည်မြို့အတွင်း တစ်နေ့လျှင် မိုးမရွာပါက နှစ်ပိဿာမှ သုံးပိဿာအထိ ရောင်းချရကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ပြည်မြို့၏ဈေးကွက်များတွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော မြေပဲ၊ ပဲလွမ်းဖြူ၊ ပဲနီပြား၊ ထောပတ်ပဲ နှင့်ပဲပုတ်ပဲများ၏ ဈေးနှုန်းဈေးကွက်

     ပြည်မြို့ရှိ ပွဲရုံများနှင့်၊ ဈေးကွက်များတွင် ရောင်းချလျက်ရှိသော မြေပဲ၊ ပဲလွမ်းဖြူ၊ ပဲနီပြား၊ ထောပတ်ပဲနှင့် ပဲပုတ်ပဲ များ၏ဈေးနှုန်းဈေးကွက်အခြေအနေအား လေ့လာကြ့ရာ -

မြေပဲ

          ယခုဇူလိုင်လ၏နောက်ဆုံးပတ်တွင် ပြည်ဈေးကွက်၌ အရောင်းအဝယ်မြေပဲဆန်ဈေးမှာ ဆီကြိတ်မြေပဲဆန်(အဖြူ)တစ်ပိဿာလျှင် (၈၈၀၀)ကျပ်၊ ဆီကြိတ်မြေပဲဆန်(အနီ)တစ်ပိဿာလျှင် (၈၅၀၀)ကျပ်ဖြင့် ယခင်လကအတိုင်း ဈေးငြိမ်လျက်ရှိပါသည်။

ပဲလွမ်းဖြူ

          ပြည်ဈေးကွက်ရှိ ယခု ဇူလိုင်လနောက်ဆုံးပတ်တွင် ပဲလွမ်းဖြူဈေးမှာ တစ်တင်းလျှင် (၈၇၀၀၀-၈၈၀၀၀)ကျပ်ဖြင့် လက်လီသမားများက အဝယ်ရှိ၍ တစ်နေ့လျှင် အိတ် (၁၄/၁၅) ခန့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

ထောပတ်ပဲ

          ပြည်မြို့ရှိ ပွဲရုံများ၏ ဇူလိုင်လကုန်ပတ်တွင် ထောပတ်ပဲဈေးနှုန်းမှာ တစ်တင်းလျှင်  (၁၀၀၀၀၀)ကျပ်ဖြင့် လက်လီသမားများသာ ဝယ်ယူမှုရှိ၍ တစ်နေ့လျှင် ပိဿာ(၂၀)ဝင်အိတ် (၂၀)ခန့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ယခင်ဇွန်လကုန်ပတ်တွင် ထောပတ်ပဲ တစ်တင်းလျှင် (၉၀၀၀၀)ကျပ်ဖြစ်ခဲ့၍ ယခုလတွင် တစ်တင်းလျှင် (၁၀၀၀၀)ကျပ်ခန့် ဈေးပိုလာခဲ့ပါသည်။

ပဲပုတ်

          ပဲပုတ်ဈေးမှာ ယခုဇူလိုင်လကုန်ပတ်တွင် တစ်တင်းလျှင် (၁၂၀၀၀၀)ကျပ်ဖြင့် ဒေသတွင်း လက်လီအဝယ်တစ်ရက်ကို အိတ် (၂၀)ခန့် အရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။ ယခင်ဇွန်လ ကုန် ပတ်တွင် ပဲပုတ်တစ်တင်းလျှင် (၁၂၅၀၀၀)ကျပ်ဈေးအထိ မြင့်တက်ခဲ့၍ ယခုလတွင် ပဲပုတ် တစ်တင်းကို (၅၀၀၀)ကျပ်ခန့်ဈေးလျော့နည်းလာခဲ့ပါသည်။

ပဲနီပြား

          ပဲနီပြားဈေးနှုန်းမှာ ယခုဇူလိုင်လကုန်အပတ်တွင် တစ်တင်းလျှင် (၁၅၀၀၀၀)ကျပ်ဖြင့် လက်လီဝယ်ရောင်းသမားများဖြင့်သာ တစ်နေ့လျှင် အိတ် (၅၀/၁၀၀)ခန့် အရောင်းအဝယ် ဖြစ်လျှက်ရှိပါသည်။ ယခင် ဇွန်လကုန်ပတ်တွင် ပဲနီပြားတစ်တင်းလျှင် (၁၄၀၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိခဲ့ပြီး ယခုလတွင် တစ်တင်းလျှင်(၁၀၀၀၀)ကျပ်ခန့် ဈေးပိုလာခဲ့ပါသည်။

          ပြည်ဈေးကွက်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော၌ပဲများထဲတွင် ပဲပုတ်တစ်မျိုးသာ ယခင်လထက်ဈေးကျလာတာတွေ့ရပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့ရှိ ကွမ်းသီးဈေးကွက်

အထက် တောင်ပေါ်ဒေသများဖြစ်သော ကရင်ပြည်နယ်၊ သံတောင်ကြီးဒေသ၊ လိပ်သို၊ (၁၃)မိုင်၊ သံဘိုးတောင်၊ မုန်း၊ ဘောဂလိဒေသများရှိ ဒေသခံပြည်သူများသည် ကွမ်းသီးပင်များကို မိသားစု စားသုံးရန်အတွက်သာမက စီးပွားဖြစ် စိုက်ပျိုးကြသည်။ ထိုဒေသများမှ ကွမ်းသီးများကို တောင်ငူမြို့သို့ တင်ပို့ရောင်းချလျက်ရှိရာ ကွမ်းယာတွင် ထည့်သုံးသော ကွမ်းသီးစိတ်ရိုးရိုး (၁)ပိဿာလျှင် ၂၀၀၀၀ ကျပ်မှ ၂၅၀၀၀ကျပ်အထိ ရောင်းချပြီး၊ ကွမ်းသီးစိတ်(ရှယ်) ၁ပိဿာလျှင် ၂၈၀၀၀ ကျပ်မှ ၃၅၀၀၀ ကျပ်အထိ ရောင်းချလျက်ရှိသည်။ ကွမ်းသီးရွေးဈေးနှုန်းအနေဖြင့် ရွေးသီး အရွယ်အစားပေါ်မူတည်၍ ၁ပိဿာ လျှင် ၂၅၀၀၀ ကျပ်မှ ၆၀၀၀၀ ကျပ်ထိ ဈေးပေါက်ကြောင်း ရောင်းချသည့် ကွမ်းသီးဒိုင်များမှ သိရှိရပါသည်။ DOCA(ပဲခူး)

ဂေါ်ရခါးသီးနှင့် ဂေါ်ဖီများ ဈေးနှုန်းအနည်းငယ်မြှင့်တက်

တောင်ငူမြို့ ညောင်ပင်လေးဈေးသို့ အခြားမြို့နယ်ဒေသများမှ ရာသီပေါ်သီးနှံများ ဝင်ရောက်ရောင်းချလျက်ရှိရာ ဂေါ်ရခါးသီးမှာ ယခုအပါတ်တွင် အသီး(ကြီး)(၁)လုံးလျှင် ၁၀၀၀ ကျပ်၊ (၁၀)လုံးလျှင် (၉၀၀၀)ကျပ်၊ အလတ်(၁)လုံး ၇၀၀ ကျပ်၊ (၁၀)လုံး ၆၅၀၀ ကျပ်၊ အသေး(၁) လုံး ၅၀၀ ကျပ်၊ (၁၀)လုံး(၄၀၀၀)ကျပ်ဖြင့် ရောင်းချနေပြီး ဂေါ်ရခါးညွှန့်မှာ (၁)စီး ၁၃၀၀ ကျပ်၊ (၁၀)စီး (၁၁၀၀၀)ကျပ် ဈေးအသီးသီးဖြင့် ရောင်းချလျက်ရှိသည်။ ဂေါ်ဖီဈေးနှုန်းအနေဖြင့် ယခင်အပါတ်က (၁)ပိဿာ ၁၅၀၀ကျပ် ဖြစ်၍ (၃)ပိဿာ နှင့် အထက် ဝယ်ယူပါက (၁၃၀၀) ကျပ် ဈေးသာရှိပြီး ယခုအပါတ်တွင် (၁)ပိဿာ (၂၀၀၀)ကျပ် ၊ (၃)ပိဿာနှင့်အထက် ဝယ်ယူပါက (၁၈၀၀)ကျပ်ဈေးအထိ အနည်းငယ်မြှင့်တက်သွားကြောင်း ရောင်းချသည့် ဈေးသည်များထံမှ သတင်းရရှိပါသည်။ DOCA(ပဲခူး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း