Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ပြည်ခရိုင်ရှိ ဆီထွက်သီးနှံများ၏၂၀၂၅ခုနှစ် (၁)နှစ်လုံးတွင်ဖြစ်ပေါ်ခဲ့သည့် ဈေးနှုန်းများ

          ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်အနေဖြင့် ဆီထွက်သီးနှံများဖြစ်ကြသော နှမ်းနှင့် မြေပဲသီးနှံများအား အဓိကထား၍စိုက်ပျိုးကြပြီး နေကြာကို  ယခင်က နေကြာကို အနည်းငယ်သာစိုက်ပျိုးကြပြီး ယခုနောက်ပိုင်းကာလများတွင် ပြည်တွင်းစားသုံးဆီ ဖူလှုံမှုရှိစေရန်အတွက် စမ်းသပ်စိုက်ပျိုးလာကြပါသည်။ နေကြာကို ဧကပြတ်စိုက်ပျိုးကြသလို ပဲမျိုးစုံ စိုက်ခင်းများထဲတွင်လည်း သီးထပ် သီးညှပ်စိုက်ပျိုးကြကြောင်း သိရပါသည်။  နေကြာထွက် ရှိမှုနည်းသဖြင့် ပြည်မြို့ရှိ ဆီစက်များအနေဖြင့် နေကြာဆီကြိတ်ခွဲထုတ်လုပ်မှုမှာလည်း မရှိသလောက်နည်းပါးကြပါသည်။ ၂၀၂၅ခုနှစ် နှစ်ကုန်ခါနီးဖြစ်၍ တစ်နှစ်လုံးတွင် အရောင်းအဝယ်ဖြစ်ခဲ့သော ဆီထွက်သီးနှံ နှမ်းနှင့် မြေပဲ၏ ဈေးနှုန်းများကို အောက်ပါအတိုင်း ဖော်ပြလိုက် ရပါသည်-

စဉ်

လအမည်

နှမ်းနီ

တင်းဈေး

နှမ်းနက်

တင်းဈေး

စမုံနက်

တင်းဈေး

မြေပဲဆီဆန်

ပိဿာဈေး

မြေပဲလုံးဆန်

ပိဿာဈေး

၂၀၂၅ဇန်နဝါရီ

၁၂၀၀၀၀

၁၇၃၀၀၀

၂၁၆၀၀၀

၈၅၀၀-၈၄၀၀

၈၈၀၀-၈၇၀၀

ဖေဖော်ဝါရီ

၁၂၀၀၀၀

၁၇၃၀၀၀

၂၁၆၀၀၀

၈၅၀၀-၈၄၀၀

၈၈၀၀-၈၇၀၀

မတ်လ

၁၂၀၀၀၀

၁၇၀၀၀၀

၂၀၀၀၀၀

၇၇၀၀-၇၅၀၀

၈၄၀၀-၈၂၀၀

ဧပြီလ

၁၂၀၀၀၀

၁၇၀၀၀၀

၂၀၀၀၀၀

၈၂၀၀-၈၀၀၀

၉၀၀၀-၈၇၀၀

မေလ

၁၂၀၀၀၀

၁၇၀၀၀၀

၂၀၀၀၀၀

၈၈၀၀-၈၅၀၀

၁၀၀၀၀-၉၅၀၀

ဇွန်လ

၁၂၀၀၀၀

၁၇၀၀၀၀

၂၀၀၀၀၀

၈၈၀၀-၈၅၀၀

၉၅၀၀-၉၃၀၀

ဇူလိုင်

၁၂၀၀၀၀

၂၂၀၀၀၀

၂၅၀၀၀၀

၈၈၀၀-၈၅၀၀

၉၅၀၀-၉၃၀၀

ဩဂုတ်လ

၁၂၀၀၀၀

၂၂၀၀၀၀

၂၅၀၀၀၀

၈၈၀၀-၈၅၀၀

၉၅၀၀-၉၃၀၀

စက်တင်ဘာ

၁၂၀၀၀၀

၂၂၀၀၀၀

၂၅၀၀၀၀

၈၈၀၀-၈၅၀၀

၉၅၀၀-၉၃၀၀

၁၀

အောက်တိုဘာ

၁၁၀၀၀၀

၂၀၀၀၀၀

၂၃၀၀၀၀

၆၈၀၀-၆၈၀၀

၇၄၀၀-၇၄၀၀

၁၁

နိုဝင်ဘာ

၁၁၀၀၀၀

၁၇၀၀၀၀

၂၃၃၀၀၀

၇၆၀၀-၇၇၀၀

၈၁၀၀-၈၁၀၀

၁၂

ဒီဇင်ဘာ

၁၁၀၀၀၀

၁၇၀၀၀၀

၂၂၀၀၀၀

၇၈၀၀-၇၆၀၀

၈၅၀၀-၈၂၅၀

          ၂၀၂၅ခုနှစ်တွင်ဖြစ်ပေါ်ခဲ့သော နှမ်းဈေးနှုန်းများမှာ နှမ်းနီဈေးမှာ နှစ်စဖြစ်သော ဇန်နဝါရီလ မှစ၍ တစ်တင်းလျှင် (၁၂၀၀၀၀)ကျပ်ဖြင့် စက်တင်ဘာလအထိ ဈေးပြောင်းလဲမှုမရှိဘဲ ဈေးငြိမ်နေခဲ့ပါသည်။ အောက်တိုဘာလမှစ၍ ဒီဇင်ဘာလအထိ တစ်တင်းလျှင် (၁၁၀၀၀၀)ကျပ်ဖြင့် ဈေးကျဆင်း လာခဲ့ပါသည်။ နှမ်းနက်ဈေးမှာလည်း ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလတွင် တစ်တင်း လျှင် (၁၇၃၀၀၀)ကျပ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး မတ်လမှ ဇွန်လအထိ တစ်တင်းလျှင် (၁၇၀၀၀၀)ကျပ်ဖြင့် ဈေးအနည်းငယ်ကျဆင်းလာခဲ့ပါသည်။ ဇူလိုင်လမှ စက်တင်ဘာလအထိ တစ်တင်းလျှင်း (၂၂၀၀၀၀)ကျပ်ဖြင့် နှမ်းနက်ဈေးများပြန်လည်မြင့်တက်လာပြီး အောက်တိုဘာလတွင် တစ်တင်းကို (၂၀၀၀၀၀)ကျပ်ဖြင့် ဈေးအနည်းငယ်ပြန်ကျလာပြီး နိုဝင်ဘာလနှင့် ဒီဇင်ဘာလတို့တွင် တစ်တင်းကို (၁၇၀၀၀၀)ကျပ်ဖြင့် ဝယ်လိုအားပေါ်မူတည်၍ ဈေးများကျဆင်းလာခဲ့ပါသည်။ စမုံနက်နှမ်းဈေးများမှာလည်း နှစ်စဖြစ်သော ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလတွင် တစ်တင်းကို (၂၁၆၀၀၀)ကျပ်ဖြင့် ဈေးဖွင့်ခဲ့ပြီး မတ်လမှ ဇွန်လအထိ တစ်တင်းလျှင် (၂၀၀၀၀၀)ကျပ်ဖြင့် ဈေးငြိမ်ပြီး ဈေးကျလာခဲ့ပါသည်။ ဇူလိုင်၊ ဩဂုတ်နှင့် စက်တင်ဘာလများတွင် တစ်တင်းလျှင် (၂၅၀၀၀၀)ကျပ်ဖြင့် ဈေးအမြင့်ဆုံးထိမြင့်တက်လာခဲ့ပြီး အောက်တိုဘာလတွင် တစ်တင်းကို (၂၃၀၀၀၀)ကျပ်ဖြင့် ဈေးပြန်ကျလာပြီး၊ နိုဝင်ဘာလတွင် (၂၃၃၀၀၀)ကျပ်ဖြင့် အနည်းငယ် ပြန်မြင့်သရောင်ဖြစ်လာပြီး ဒီဇင်ဘာလတွင် တစ်တင်းကို (၂၂၀၀၀၀)ကျပ်ဖြင့် များပြန်လည်ကျဆင်းလာတာ တွေ့ရပါသည်။

          မြေပဲဈေးနှုန်းများအနေဖြင့်လည်း ပုံမှန်မရှိဘဲ အတက်အကျ အနည်းငယ်ရှိတာ တွေ့ရပါသည်။ မြေပဲဆီကြိတ်ဆန် ဈေးနှုန်းများအနေဖြင့် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလတွင် တစ်ပိဿာကို (၈၀၀၀)ကျပ်ကျော်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး မတ်လတွင် တစ်ပိဿာကို (၇၀၀၀)ကျပ်ကျော်ဖြင့် ဈေးအနည်းငယ်ကျဆင်းသွားခဲ့ပါသည်။ ထို့နောက် ဧပြီလမှ စက်တင်ဘာလအထိ တစ်ပိဿာကို (၈၀၀၀)ကျပ်ကျော်ဖြင့် ရောင်းဝယ်လျှက်ရှိခဲ့ပြီး အောက်တိုဘာလတွင် ဈေးပြန်လည်ကျဆင်းလာပြီး တစ်ပိဿာကို (၆၀၀၀)ကျပ်ကျော် ထိရောင်းချခဲ့ပါသည်။ နိုဝင်ဘာလ နှင့်ဒီဇင်ဘာလတို့တွင် တစ်ပိဿာလျှင် (၇၀၀၀)ကျပ်ကျော် ဈေးနှုန်းများပြန်လည်မြင့်တက်လာခဲ့ပါသည်။  ထို့အတူ မြေပဲလုံးဆန်ဈေးမှာလည်း ဇန်နဝါရီလ မှမတ်လအထိ တစ်ပိဿာလျှင် (၈၀၀၀)ကျပ်ကျော်၊ ဧပြီလတွင် (၉၀၀၀)ကျပ် မှ မေလတွင် တစ်ပိဿာကို (၁၀၀၀၀)ကျပ်အထိ ဈေးနှုန်းများ မြင့်တက်လာခဲ့ပါသည်။ ဇွန်လမှ စက်တင်ဘာလတွင် တစ်ပိဿာကို (၉၀၀၀)ကျပ်ကျော် ပြန်ဖြစ်သွားပြီး၊ အောက်တိုဘာလတွင် (၇၀၀၀)ကျပ်ကျော်၊ နိုဝင်ဘာလနှင့် ဒီဇင်ဘာလတို့တွင် တစ်ပိဿာကို (၈၀၀၀)ကျပ်ကျော်ဖြင့် ဈေးအနည်းငယ်ပြန်မြင့်လာပြီး အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

          ပြည်ခရိုင်၊ ပြည်ဈေးကွက်တွင် ၂၀၂၅ခုနှစ် (၁)နှစ်လုံးတွင် အရောင်းအဝယ်ဖြစ်ခဲ့သော ဆီထွက်သီးနှံ နှမ်းနှင့် မြေပဲဈေးနှုန်းများကို လေ့လာကြည့်ခြင်းအားဖြင့် ဝယ်လိုအားများလျှင် များသလိုအရောင်းအဝယ်ဖြစ်ပြီး ဈေးမြင့်တက်လာခဲ့တာတွေ့ရပါသည်။ စမုံနက်နှမ်းကို မန္တလေး၊ ရန်ကုန်ဝယ်လက်များက အဝယ်ရှိခြင်း၊ နှမ်းနက်ကို ဒေသတွင်းသာ ဝယ်ယူမှုရှိခြင်း၊ နှမ်းနီကို ဆီစက်သမားများကိ ဆီကြိတ်ရန်ဝယ်ယူမှုရှိကြပါသည်။ မြေပဲဆန်ကိုလည်း အောင်လံနှင့် မကွေးဘက်မှ ပြန်လည်ဝယ်ယူတာတွေ့ရပါသည်။ ထို့ကြောင့် ပြည်တွင်း သုတေသနဖွံ့ဖြိုးရေးလုပ်ငန်းများ တိုးတက်စေရန်အတွက် မြေပဲနှင့် နှမ်းကိုမျိုးကောင်းမျိုးသန့်များစိုက်ပျိုးခြင်းဖြင့် အထွက်နှုန်းကောင်း၊ အရေအသွေးကောင်းသော ဆီထွက်သီးနှံများရရှိလာနိုင်မှာဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ရေဓါတ်ဖြည့်ပန်းသစ်တော်သီးနှင့် မြိတ်ဒေသရှိ စျေးနှုန်း‌

     သရက်၊ ဒူးရင်း၊ မန်ကျည်း၊ ပိန္နဲစသည့် သီးနှံများကို အပူပိုင်းဒေသဖြစ်သော တနင်္သာရီတိုင်း ဒေသကြီး၊ မြိတ်ခရိုင်တို့တွင်စိုက်ပျိုးကြပြီး ပန်းသစ်တော်သီးသည်အေးသောဒေသတွင်သာ စိုက်ပျိုးနိုင်သောကြောင့် ရန်ကုန်နှင့် အခြားဒေသများမှဝယ်ယူလျက်ရှိပါသည်။ အဓိကအားဖြင့် ရှမ်းပြည် နယ်တွင် ကောင်းစွာရှင်သန်ပေါက်ရောက်ပြီး အထွက်နှုန်းများသည်။ စတင်စိုက်ပျိုးသည့် အချိန်မှ ၃ နှစ် သက်တမ်း အကြာတွင် စတင်သီးလာမည် ဖြစ်ပါသည်။ အနိမ့်ဆုံးအပူချိန် အနုတ် ၂၇ ဒီဂရီ စင်တီဂရိတ်မှ အမြင့်ဆုံး အပူချိန် ၄၄ ဒီဂရီစင်တီဂရိတ်အတွင်း ကောင်းစွာဖြစ်ထွန်း ရှင်သန်သည်။ အခွံကို ရေဆေးပြီး တိုက်ရိုက်စားသုံးနိုင်သည်။ ပန်းသစ်တော်သီးသည် အာဟာရသတ္တုဓါတ်ကြွယ် ဝပြီး အရည်ရွှမ်းပြီး ချိုချဥ်အရသာရှိသည့်အပြင် စားသုံးသူများအကြိုက်များသော သစ်သီးတစ်မျိုး လည်း ဖြစ်သည်။ ဗီတာမင်စီ၊သံဓါတ်၊ ကော့ပါးနှင့် ပိုတက်စီယမ်တို့ ပါဝင်ပြီး ကျန်းမာရေးပညာရှင် များက ပန်းသစ်တော်သီးသည် အစာအိမ်အတွက်ကောင်းမွန်စေပြီး ရေဓါတ်များစွာပါဝင်သော သစ်သီးတစ်မျိုးဖြစ်သည်ဟု ဆိုပါသည်။

          မြိတ်မြို့တွင်ရောင်းချနေသော ပန်းသစ်တော်သီးကို အများအားဖြင့် အခြားဒေသမှ တင်သွင်း သည်။ ပန်းသစ်တော်သီးကို ရှမ်းချောင်းကုန်စိမ်းစျေးမှ တစ်ဆင့် တပ်ပြင်စည်ပင် သာယာစျေးတွင် ပြန်လည်ရောင်းချကြောင်း သိရှိရပါသည်။ မြိတ်မြို့တွင် ပန်းသစ်တော်သီးအကြီး တစ်လုံးလျှင် ၃၅၀၀ကျပ်၊ ပန်းသစ်တော်သီးအလတ် တစ်လုံးလျှင် ၂၅၀၀ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ဖြူးမြို့နယ်၌ စားသုံးဆီဖူလုံရေး ဆောင်းဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုး

        ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် ယခင်နှစ် စားသုံးဆီဖူလုံမှု (၅၈.၄၀) ရာခိုင်နှုန်းသာရှိခဲ့ပြီး ယခုနှစ် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် စားသုံးဆီဖူလုံမှု (၁၀၅.၀၃) ရာခိုင်နှုန်းရရှိရေးအတွက် နွေ၊ မိုး၊ ဆောင်းဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊ နှမ်း၊ နေကြာများတိုးချဲ့စိုက်ပျိုးနိုင်ရေး၊ လယ်ယာကိုင်းကျွန်း စိုက်ပျိုးသူများ၊ သမဝါယမကဏ္ဍစိုက်ခြင်းများအား စည်းရုံးဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေး လုပ်ငန်းညှိနှိုင်းကြီးကြပ်မှုကော်မတီမှ သိရသည်။

        “ကျွန်တော်တို့ သမဝါယမကဏ္ဍအနေဖြင့် ဒီနှစ်ဆောင်းမြေပဲဗီယက်နမ်မျိုး (၂၀) ဧကစိုက်ပျိုးဖို့စီစဉ်ထားပြီး အစေ့ချစက်နဲ့စတင်စိုက်ပျိုးနေပါပြီအခြားအနေနဲ့ မတ်ပဲ (၃၄၂)ဧက၊ ပဲတီစိမ်း (၂၀)ဧက၊ ပိုက်ဆံလျှော် (မျိုးစေ့ထုတ်) (၃၀)ဧကနှင့်နွေစပါး(၁၀၀)ဧက စိုက်ပျိုးဖို့ရှိပါတယ်” ဟုလူငယ့် အားမာန် စိုက်ပျိုးရေးနှင့်လုပ်ငန်းစုံ သမဝါယမအသင်းဥက္ကဌ ဦးဝင်းလှိုင်ကပြောကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ဖြူးမြို့နယ်လူငယ်အားမာန်၏ ဆောင်းမြေပဲစိုက်ပျိုးဖြစ်ထွန်းမှုအခြေအနေ

          ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ ယခုနှစ်တွင် ဆောင်းမြေပဲ (၂၅၆၀) ဧက စိုက်ပျိုးရန်လျာထားခဲ့ပြီး ဗီယက်နမ်မျိုးအစေ့ချ စက်ဖြင့် စိုက်ပျိုးလျက်ရှိသည်။ လျာထားချက် ပြည့်မှီကျော်လွန်ရေးနှင့် ပန်းတိုင်အထွက်တိုးရေးအတွက် ဆောင်ရွက်လျက်ရှိရာ လူငယ့်အားမာန် စိုက်ပျိုးရေးနှင့် သမဝါယမအသင်းရှိ အသင်းသားတောင်သူတစ်ဦး၏ ဆောင်းမြေပဲ ဗီယက်နမ်မျိုး(၇)ဧက အစေ့ချစက်ဖြင့် စိုက်ပျိုးနေကြောင်းလည်း သိရှိရသည်။ ၂၀၂၅-၂၀၂၆ ခုနှစ်၊ ဘဏ္ဍာရေးနှစ်တွင် သမဝါယမ ကဏ္ဍမှဆောင်းသီးနှံများဖြစ်သော ဆောင်းမြေပဲ (၂၀)ဧက၊ မတ်ပဲ (၃၄၂) ဧက၊ ပဲတီစိမ်း (၂၀) ဧက၊ ပိုက်ဆံလျှော်မျိုးစေ့ထုတ် (၃၀)ဧက နှင့် နွေစပါး (၁၀၀)ဧကအား အသင်းအစီအစဉ်ဖြင့် စိုက်ပျိုးနေပြီဖြစ်ကြောင်းလည်း အသင်းဥက္ကဌထံမှ သိရသည်။ ဆောင်းမြေပဲတွင် ပင်ထောင်နှင့် ပင်ပြန့်မျိုးဟူ၍ နှစ်ပြီးရှိသည်။ ဆောင်းမြေပဲစိုက်ရာတွင် ကုန်ကျစရိတ်အနေဖြင့် တစ်ဧကလျှင်မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင်စုစုပေါင်း (၅၀၀၀၀၀) ကျပ် ဝန်းကျင်ခန့် ကုန်ကျကြောင်းနှင့် အစေ့ချစနစ်ဖြင့်စိုက်ပျိုးပြီး အထွက်နှုန်းအနေဖြင့် ဆောင်းမြေပဲတစ်ဧကလျှင် (၆၀)တင်း ခန့်ထွက်ကြောင်းနှင့် မြေပဲတောင့် တစ်တင်းလျှင် (၁၄)ပိဿာခန့်ထွက်ရှိသည်ဟုသိရသည်။ မြေပဲတစ်ပိဿာ လျှင် (၉၅၀၀) ကျပ်၊ မြေပဲဆီ တစ်ပိဿာလျှင် (၁၇၅၀၀) ကျပ်ဈေးနှုန်းများဖြင့် အသီးသီးအရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းလည်း သိရှိရပါသည်။

DOCA(ပဲခူး)         

ဇန်နဝါရီလအစ ဒေသထွက်ကွမ်းရွက်စျေးနှုန်းများ စျေးကောင်းရလျက်ရှိ

    တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်တွင် သဘာဝပေါက်ပင်များပေါက်ရောက်သော ဒေသ ဖြစ်သလို ဒေသတွင်းစီးပွားဖြစ်ဖြစ်စေ၊ တစ်နိုင်တစ်ပိုင်စားသုံးရန်ဖြစ်စေ စိုက်ပျိုးကြသောပေါက်ပင် များလည်းရှိပေသည်။ စီးပွားဖြစ်စိုက်ပျိုးကြသော အပင်များထဲမှ ကွမ်းရွက်သည် ၂၀၂၆ခုနှစ်၊ ဇန်န ဝါရီလအစတွင် စျေးကောင်းရရှိလျက်ရှိကြောင်းသိရှိရပါသည်။ ကွမ်းရွက်ကို ဒေသတွင်း စားသုံးရန် သာမက ကွမ်းယာနှင့် မြန်မာ့တိုင်းရင်းဆေးလုပ်ငန်းအတွက် မရှိမဖြစ်ဖြစ်ပြီး ဒေသတွင်း ရောင်းချ ကြသလို အခြားတိုင်း/ပြည်နယ်များသို့တင်ပို့လျက်ရှိကြောင်းသိရှိရပါသည်။ ကျေးရွာများနှင့် မြို့များ တွင်ပါစိုက်ပျိုးထားရှိပြီး မြို့ရှိလက်ကားဒိုင်များသို့ပြန်လည်ရောင်းချကြကြောင်း သိရှိရပါသည်။ ကွမ်းယာတွင် အကြမ်း၊ အချောဟူ၍ အမျိုးမျိုးရှိပြီး စျေးနှုန်းမှာလည်းကွဲပြားလျက်ရှိကြောင်း သိရှိရ ပါသည်။

    ကွမ်းရွက်သည် ဆောင်းရာသီနှင့် ပူပြင်းသောနွေရာသီများတွင် အထွက်နှုန်းကျဆင်းပြီး ပိုးမွှားများအန္တရာယ်ကြောင့် စျေးနှုန်းများမြင့်တက်ကြသော်လည်း ယခုဒေသတွင် ဒီဇင်ဘာလ အကုန် ဇန်နဝါရီလအထိ အေးသောရာသီများဖြစ်သောကြောင့် ကွမ်းရွက်ရှားပါးလာသဖြင့် ပို၍ စျေးကောင်းလျက်ရှိကြောင်း သိရှိရပါသည်။ ကွမ်းရွက်သည် ယခင်က အစည်း(၁၀၀)ပေါက် စျေး လျှင် ကျပ်၇၀၀၀၀ခန့်ရှိရာမှ ယခုဇန်နဝါရီလတွင် အစည်း(၁၀၀)ပေါက်လျှင် ကျပ်(၁၈၀၀၀၀) ထိစျေးနှုန်းကောင်းမွန်းလျက်ရှိကြောင်း၊ ဒေသတွင်ကွမ်းရွက်အရွက် (၂၀)ပါတစ်စည်းစည်း၍ မြို့ ပေါ်ရှိဆိုင်များသို့ပြန်လည်ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။ မြိတ်မြို့တွင် ကွမ်းရွက်တစ်စည်း လျှင် ၂၃၀၀ကျပ် ခန့်ရှိနေပြီး ကွမ်းကြမ်းတစ်စည်းလျှင် ကျပ်(၁၅၀၀)ကျပ်ခန့်ရှိကြောင်းသိရှိရပါ သည်။

DOCA(တနင်္သာရီ)

ရောင်းအားကောင်းသော မြိတ်‌ဒေသထွက် ပန်းဂေါ်ဖီဈေးနှုန်း

     ပင်လယ်ကမ်းရိုးတန်းဒေသဖြစ်သည့်အလျောက် ရေထွက်ကုန်များ အများအပြားထွက်ရှိ သော်လည်း တစ်ဖက်တွင် ခြံထွက်သီးနှံများလည်း တစ်နိုင်တစ်ပိုင်စိုက်ပျိုး‌လျက်ရှိပါသည်။ သန့်ရှင်း လတ်ဆတ်သော သီးပင်၊စားပင်များနှင့်တကွ ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေသော ဗီတာမင်ဓာတ်ကြွယ်ဝသော ပန်း‌ဂေါ်ဖီများကို တစ်နိုင်တစ်ပိုင်စိုက်ပျိုးလျက်ရှိပါသည်။ ကမ်းရိုးတန်း‌ ဒေသဖြစ်သည့်အတွက် ဆားငန်ရေများ မြေဆီလွှာမှာရှိနေသောကြောင့် မြေသြဇာကောင်းပြီး ရေစိမ့်စိမ့်နိုင်သော မြေတွင်သာကောင်းစွာဖြစ်ထွန်းပြီး ရေလွန်ရေချိုမဖြစ်စေရန် အရေးကြီးပါ သည်။

          ကိုယ်ခံအားစနစ်ကောင်းစေခြင်း၊ ဗီတာမင်စီအများကြီးပါဝင်လို့ အအေးမိ၊ဖျားနာခြင်းတွေ ကို ကာကွယ်ပေးပါသည်။ ဝမ်းချုပ်ခြင်းကိုလျှော့ချပေးပြီး အစာအိမ်ကျန်းမာစေပါသည်။ မြိတ်ဒေသ တွင် ရှမ်းပြည်နယ်မှတင် သွင်းလာသောပန်းဂေါ်ဖီများလည်း စျေးကွက်အတွင်းရောင်းချကြသလို ဒေသထွက်ပန်းဂေါ်ဖီများလည်းရောင်းချလျက်ရှိပါသည်။ မြိတ်ဒေသထွက်ပန်းဂေါ်ဖီမှာ ရှမ်းပြည်မှ ထွက်သော ပန်းဂေါ်ဖီထက် အရွယ်အစားပိုသေး၍ အရသာမှာပိုချိုသောကြောင့် ရောင်းအား‌ကောင်း ကြောင်းသိရှိရပါသည်။ သိုင်းရိုက်ဒ်ရောဂါရှိသူများက ပြုတ်ပြီးစားသင့်ကြောင်းလည်းသိရှိရပါသည်။ ဒေသထွက်ကုန်ဖြစ်သည့်အတွက် ဈေးနှုန်းသင့်တင့်၍ ဝယ်လိုအားကောင်းသော သီးနှံတစ်ခုဖြစ် ပါသည်။ မြို့ပေါ်ရှိစျေးများတွင် ပန်းဂေါ်ဖီတစ်ပွင့်လျှင် (၂၅၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိပါသည်။ ရံဖန်ရံခါ (၃၅၀၀) အထိဈေးကောင်း ရရှိကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)

တိုင်းဒေသကြီး/ပြည်နယ် မြို့နယ်များအလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါးနှင့် ဥ‌ဈေးနှုန်းများ(၁၅-၁-၂၀၂၆)

တိုင်းဒေသကြီး/ပြည်နယ် မြို့နယ်များအလိုက် ၁၅-၁-၂၀၂၆ရက်နေ့တွင် ဖြစ်ပေါ်လျက်ရှိသော ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါးနှင့် ဥ‌ဈေးနှုန်းများကို ပူးတွဲပါ ဖိုင်တွင် ကြည့်ရှုနိုင်ပါသည်-

ရွှေဘိုခရိုင်ရှိ ဆန်စီးထွက်မှုအခြေအနေနှင့် စပါး/ဆန်ဈေးနှုန်းများ

                  ရွှေဘိုခရိုင်အတွင်းတွင် ဇန်နဝါရီလ ပထမပတ်တွင် စပါး/ဆန်ဈေးနှုန်းများ တည်ငြိမ်နေပါသည်။ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ဒီဇင်ဘာလ နောက်ဆုံးပတ်တွင် ရန်ကုန်သို့ (၆၉၀၈၃)အိတ်၊ မန္တလေးသို့ (၄၆၅၂၀) အိတ်၊ နေပြည်တော်သို့ (၂၀၆၅)အိတ်၊ပဲခူးတိုင်းသို့ (၇၂၇၀)အိတ်၊ မကွေးတိုင်းသို့ (၂၆၆၈)အိတ်၊ ရှမ်း(တောင်)သို့ (၁၇၈၁၀)အိတ်၊ မွန်ပြည်နယ်သို့ (၇၆၄၅)အိတ်၊ ကရင်ပြည်နယ်သို့ (၂၉၈၅)အိတ် ၊မူဆယ်သို့ (၅၄၀)အိတ်၊တနင်္သာရီတိုင်း မြိတ်သို့ (၁၁၀၀)အိတ်၊ စုစုပေါင်း အိတ်ရေ ၁၅၇၆၈၆ တန်အားဖြင့် ၇၈၈၄တန် စီးထွက်ခဲ့ပါသည်။

          ယခု ၂၀၂၆ခုနှစ် ဇန်နဝါရီလ ပထမပတ်တွင် ရန်ကုန်သို့ (၉၈၁၇၆)အိတ်၊ မန္တလေးသို့ (၆၀၀၂၈) အိတ်၊ နေပြည်တော်သို့ (၂၅၆၇)အိတ်၊ပဲခူးတိုင်းသို့ (၇၀၂၆)အိတ်၊ မကွေးတိုင်းသို့ (၁၉၉၂)အိတ်၊ ရှမ်း(တောင်)သို့ (၂၄၄၆၄)အိတ်၊ မွန်ပြည်နယ်သို့ (၁၇၆၁၀)အိတ်၊ ကရင်ပြည်နယ်သို့ (၃၇၅၅)အိတ် ၊မူဆယ်သို့ (၉၀၀)အိတ်၊ ကချင်ပြည်နယ်သို့ (၁၀၀)အိတ်၊စုစုပေါင်း အိတ်ရေ ၂၁၆၆၁၈ တန်အားဖြင့် ၁၀၈၃၁တန် စီးထွက်ခဲ့သည့် အတွက် ယခင်အပတ်နှင့် နှိုင်းယှဉ်လျှင် ယခု အပတ်အတွင်း အိတ်ရေ ၅၈၉၃၂၊ တန်အားဖြင့် ၂၉၄၇တန် ပို၍ စီးထွက် ခဲ့ပါသည်။

            ရွှေဘိုမြို့၏ ဇန်နဝါရီလ ပထမပတ်တွင် ဖြစ်ပေါ်ခဲ့သော စပါး/ဆန်  ဈေးနှုန်း များမှာ ရွှေဘိုပေါ်ဆန်း စပါး တင်း၁၀၀လျင် ကျပ် ၅၃၀၀၀၀၀၊ ရွှေဘိုပေါ်ဆန်း ဆန် ၂၄ပြည်ပါ တစ်အိတ်လျင် ကျပ်၁၉၀၀၀၀မှ ကျပ် ၂၀၀၀၀၀ ၊ ရွှေဘိုပေါ်ဆန်း(သစ်) စပါး တင်း၁၀၀လျှင် ကျပ် ၃၉၀၀၀၀၀၊ရွှေဘိုပေါ်ဆန်းဆန်(သစ်) ၂၄ပြည်ပါ တစ်အိတ်လျှင် (၁၅၀၀၀၀)ကျပ်၊  ဧရာမင်းစပါး တင်း 100လျှင် ကျပ် 2၈00000၊ဧရာမင်းဆန် ၂၄ပြည်ပါ တစ်အိတ်လျင် ကျပ်၁၂5၀၀၀မှ ကျပ် ၁၃၅၀၀၀၊ ဧရာမင်း စပါး(သစ်)တင်း ၁၀၀လျှင် ကျပ်၂၀၀၀၀၀၀၊ ဧရာမင်းဆန် (သစ်)၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၁၀၀၀၀၀ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

တနင်္သာရီတိုင်း၊ မြိတ်မြို့ပေါ်တွင် ရောင်းချနေသော ထားဝယ်ဒေသအိမ်ပြန်လက်ဆောင်မုန့်မျိုးစုံ

     တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် ရာသီပေါ်အစားအစာများ၊ ရိုးရာမုန့်မျိုးစုံများ၊ ထား ဝယ်ဒေသထွက်မုန့်မျိုးစုံများ၊ မြိတ်မြို့တွင်းစိုက်ပျိုးထွက်ရှိသည့် သီးနှံဈေးနှုန်းများတို့ကို ဈေးနှုန်း၊ ဈေးကွက်အခြေအနေတို့အား ရေးသားတင်ပြခဲ့ခြင်းဖြစ်ပါသည်။ ထားဝယ်ဒေသထွက် မြန်မာရိုးရာ အစားအစာများသည် မြိတ်မြို့ပေါ်တွင် အိမ်ပြန်လက်ဆောင်များ အဖြစ်အလွန်ပင် ‌ရောင်းအား ကောင်းကြောင်းသိရှိရပါသည်။ ထားဝယ်ဒေသထွက်အစားအစာများသည် ထုတ်ပိုးမှုနှင့် သန့်ရှင်း သန့်ရပ်မှုရှိသောကြောင့်အလွန်ပင်ရောင်းအားကောင်းပြီး ထမင်းစားပြီး အချိုတည့် စရာအဖြစ်လည်း လူကြီး/လူငယ်မရွေးစားသုံးကြကြောင်း သိရှိရပါသည်။

    ယခင်၂၀၂၆ခုနှစ်၊ ဇန်နဝါရီလပထမပတ်တွင် မြိတ်မြို့ပေါ်ရှိ ကုန်မျိုးစုံအရောင်းဆိုင်များ တွင် ရောင်းချနေသော ထားဝယ်မုန့်ကြွပ်(၁၀)ချပ်ပါတစ်ထုပ်လျှင် (၃၀၀၀)ကျပ်၊ (၅)ချပ်ပါ တစ်ထုပ်လျှင် (၁၅၀၀)ကျပ်၊ ကောက်ညင်းမုန့်ကြွပ်တစ်လျှင် (၂၅၀၀)ကျပ်၊ မြေပဲယို၊နှမ်းဖြူ၊ နှမ်းနက်ယိုသုံးမျိုးစပ် တစ်ဘူးလျှင် (၃၈၀၀)ကျပ်၊ထားဝယ်ဒေသခေါ်ဂါဂျိုး (ခေါ်)အုန်းယိုလုံးတစ် ထုပ်လျှင် (၅၅၀၀)ကျပ်၊ ဇီးထညက် တစ်ထုပ်လျှင်(၂၅၀၀)ကျပ်၊ ဇီးတော်ဖီ တစ်ထုပ်လျှင် (၁၀၀၀)ကျပ်၊ ပိန္နဲပျက်တစ်ထုပ် လျှင်(၂၅၀၀)ကျပ်၊ ပါတက်ကား (ခေါက်မုန့်) တစ်ဗူးလျှင် (၁၃၀၀၀)ကျပ်၊ ထန်းလျက်တစ်ပိဿာလျှင် (၉၀၀၀)ကျပ်၊ အစရှိသည့် ထားဝယ်ဒေသထွက်မုန့် မျိုးစုံများလည်းရောင်း ချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

တနင်္သာရီတိုင်း၊ မြိတ်မြို့ပေါ်ရှိ ရောင်းအားကောင်းနေသော ပျားလိမ္မော်ဈေးနှုန်း

    မြိတ်မြို့နယ်အတွင်းရှိ ဈေးများနှင့် အသီးအနှံရောင်းချသည့် ဆိုင်များတွင် ပျားလိမ္မော်သီး များရောင်းချမှု စတင်မြင့်တက်လာကြောင်း တွေ့ရှိရသည်။ ပျားလိမ္မော်၏ အရသာသည် ခံတွင်းရှင်းပြီး အချိုဓာတ်နှင့် အချဥ်ဓာတ်ရရှိကာ အရည်ရွှမ်းသည့် အသီးဖြစ်သည်။ ဗီတာမင်Cဓာတ် ကြွယ်ဝစွာ ပါဝင်သောကြောင့် ခန္ဓာကိုယ်အတွက် အကျိုးပြုသည့် အသီးအနှံတစ်မျိုးဖြစ်ပါသည်။ ပျားလိမ္မော် သည် ဗီတာမင်များစွာ ပါဝင်သောကြောင့် ကိုယ်ခံအားစနစ်ကို တိုးတက်ကောင်းမွန် စေသော ကြောင့် လူအများက ဝယ်ယူစားသုံးကြပါသည်။

      ယခု၂၀၂၆ခုနှစ်၊ဇန်နဝါရီလ ပထမပတ်တွင် မြိတ်မြို့နယ်အတွင်း ရောင်းချနေသော ပျား လိမ္မော်သီး ဈေးနှုန်းများမှာ တစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်နှင့် တစ်ကီလိုလျှင် (၆၅၀၀)ကျပ်တို့ဖြင့် ရောင်းချနေကြောင်း သိရှိရပါသည်။ ပျားလိမ္မော်သီးများကို ရှမ်းပြည်နယ်ဘက်က လိမ္မော်ခြံတွေ ကနေ အဓိကတင်သွင်းလာတာဖြစ်ပြီး သစ်သီးလက်ကားဒိုင်များမှတစ်ဆင့် ဝယ်ယူရောင်းချလျက်ရှိပါသည်။ မြိတ်မြို့နယ်အတွင်း ရောင်းချနေသော ပျားလိမ္မော်သီးများသည် အရည်အသွေး ကောင်းမွန်မှုကြောင့် ဒေသခံများ၏ နှစ်သက်မှုကို ရရှိထားပြီး ကျန်းမာရေးအတွက် အထောက် အကူပြုသော အသီးအနှံဖြစ်သည့်အတွက် အိမ်ရှင်မများ၏ ဈေးဝယ်စာရင်းတွင် ပါဝင်လာကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း