Main menu

နှစ်နှစ်အတွင်း အမြင့်ဆုံးရောက်ရှိခဲ့သည့် ထိုင်းကြက်ဥဈေးနှုန်း

Powered by Drupal

        ထိုင်းနိုင်ငံတွင် ရာသီဥတုပူပြင်းခြင်းကြောင့် ကြက်ဥထုတ်လုပ်မှု လျော့နည်းလာခြင်းနှင့် တိရစ္ဆာန်အစာဈေးနှုန်း မြင့်တက်လာခြင်းတို့၏ သက်ရောက်မှုကြောင့် ကြက်ဥဈေးနှုန်းမှာ နှစ်နှစ်အတွင်း အမြင့်ဆုံးအဖြစ် တစ်လုံးလျှင် ၄ ဘတ်အထိ မြင့်တက်လာကြောင်း သိရသည်။ သို့သော် ရာသီဥတုအခြေအနေ ကောင်းမွန်လာမည့် အောက်တိုဘာလတွင် ဈေးနှုန်းများ ပြန်လည်ကျဆင်းလာနိုင်ကြောင်း မျှော်လင့်ထားပါသည်။ Ang Thong၊ Chachoengsao၊ Chiang Mai နှင့် Chon Buri ပြည်နယ်များရှိ ကြက်ဥထုတ်လုပ်သူသမဝါယမအသင်းလေးသင်းပါဝင်သော ဥစားကြက်မွေးမြူရေး သမဝါယမကွန်ရက်က ရောနှောအရွယ်ကြက်ဥများ၏ မွေးမြူရေးခြံအရောက် အကြံပြုရောင်းချဈေးကို တစ်လုံးလျှင် ၃.၈၀ ဘတ်မှ ၄ ဘတ်သို့ တိုးမြှင့်သတ်မှတ်ခဲ့ပြီး ၎င်းဈေးနှုန်းကို ဩဂုတ်လ ၇ ရက်နေ့မှ စတင်အကျိုးသက်ရောက်စေခဲ့ကြောင်း သိရပါသည်။ ထိုင်းဥစားကြက်မွေးမြူရေးအသင်း ဥက္ကဋ္ဌ Manoch Chootubtim က ရာသီဥတုပြောင်းလဲမှု ကြောင့် အပူချိန်မြင့်မားခြင်းနှင့် မိုးရွာသွန်းမှုများဖြစ်ပေါ်နေသဖြင့် ကြက်ဥထုတ်လုပ်မှု လျော့နည်းလာကာ ဈေးကွက်အတွင်း ကြက်ဥရရှိနိုင်မှု ကျဆင်းခဲ့ကြောင်း ပြောကြားခဲ့ကြောင်း သိရပါသည်။
         ၎င်းက ရာသီဥတုမတည်ငြိမ်မှုကြောင့် ဥစားကြက်များ ရောဂါဖြစ်ပွားလွယ်လာသဖြင့် ဥထွက်နှုန်း ကျဆင်းလာကြောင်း၊ မွေးမြူရေးသမားများအနေဖြင့် ကြက်အုပ်စုများ၏ ကျန်းမာရေးကောင်းမွန်စေရန် အာဟာရဖြည့်စွက်စာများ ထပ်မံကျွေးမွေးနေရကြောင်းနှင့် အခြားတစ်ဖက်တွင်လည်း မွေးမြူရေးကုန်ကျစရိတ်များမြင့်တက်လျက်ရှိပြီး ယခုနှစ်အစပိုင်းကတစ်ကီလိုဂရမ်လျှင် ၁၃ ဘတ် ခန့်သာရှိခဲ့သော ကြက်အစာဈေးနှုန်းမှာ လက်ရှိတွင် ၁၄ ဘတ်မှ ၁၆ ဘတ်အထိ မြင့်တက်လာကြောင်း ပြောကြားခဲ့ပါသည်။ ရာသီဥတုအခြေအနေ တိုးတက်ကောင်းမွန်လာပြီး အပူဒဏ်ကြောင့်ဖြစ်ပွားနိုင်သည့် ရောဂါအန္တရာယ်လျော့နည်းလာပါက ကြက်ဥထုတ်လုပ်မှု ပြန်လည်တိုးတက်လာမည်ဖြစ်သဖြင့် အောက်တိုဘာလတွင် ကြက်ဥဈေးနှုန်းများ ကျဆင်းလာနိုင်ကြောင်း မျှော်မှန်းထားပါသည်။ ထိုင်းစားသောက်ဆိုင်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ Chanon Koetcharoen က ကြက်ဥဈေးနှုန်းမြင့်တက်လာမှုကြောင့် စားသောက်ဆိုင်များအနေဖြင့် ဈေးနှုန်းပိုသက်သာသည့် ကြက်ဥအသေးများကို ပိုမိုအသုံးပြုလာနိုင်ကြောင်းနှင့် သို့သော် လမ်းဘေးစားသောက်ဆိုင်များတွင် ရောင်းချသည့် ကြက်ဥကြော်တစ်လုံးလျှင် ၁၀ ဘတ်မှ ၁၅ ဘတ်အထိရှိသော ဈေးနှုန်းမှာ အပြောင်းအလဲ ကြီးကြီးမားမား ဖြစ်ပေါ်ဖွယ်မရှိကြောင်း ပြောကြားခဲ့ပါသည်။
        ထိုင်းနိုင်ငံ ပြည်တွင်းကုန်သွယ်ရေးဌာနက ဩဂုတ် ၁၃ ရက်မှ ၃၁ ရက်အထိ ကျင်းပမည့် “Thai Chuay Thai” အစီအစဉ်မှတစ်ဆင့် ကြက်ဥ ၃.၄၂ သန်းကို ဈေးကွက်ပေါက်ဈေးထက် ၁၀ ရာခိုင်နှုန်း လျှော့ချရောင်းချပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားပါသည်။ အဆိုပါဌာန၏ အဆိုအရ လက်ရှိတွင် ကြက်ဥပြတ်လပ်မှု မရှိသေးသော်လည်း ထုတ်လုပ်မှုပမာဏမှာ ပုံမှန်ထက် လျော့နည်းနေကြောင်း သိရပါသည်။ ယခုလအတွင်း နေ့စဉ် ကြက်ဥထုတ်လုပ်မှုသည် အလုံးရေ ၄၃.၄ သန်းခန့်ရှိမည်ဟု မျှော်မှန်းထားပြီး ၎င်းပမာဏမှာ ပုံမှန်ထုတ်လုပ်မှုထက် ၃ ရာခိုင်နှုန်းခန့် လျော့နည်းနေကြောင်း သိရပါသည်။ ထိုင်းနိုင်ငံသည် ၂၀၂၅ ခုနှစ်အတွင်း နေ့စဉ် ကြက်ဥလုံးရေ ၄၃ သန်းခန့် ထုတ်လုပ်ခဲ့ပြီး ၎င်းအနက် ၉၇ ရာခိုင်နှုန်းကို ပြည်တွင်းစားသုံးမှုအတွက် အသုံးပြုကာ ကျန်ပမာဏကို ပြည်ပသို့တင်ပို့ခဲ့ကြောင်း ထိုင်းမွေးမြူရေးဖွံ့ဖြိုးတိုးတက်မှုဌာန၏ စာရင်းများအရ သိရှိရပါသည်။

Bangkok Post                                                                           

DOCA (ရန်ကုန်)