Main menu

ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

ဖိလစ်ပိုင်နိုင်ငံ၊ တန်ဂါဝမ်ဒေသတွင် ဆန်၁ ကီလိုလျှင် ပီဆို၂၀ အစီအစဉ်ဖြင့် ဆန်ဖြန့်ဖြူး

      အခြေခံလိုအပ်ချက် ကုန်ဈေးနှုန်းများ မြင့်တက်လာချိန်တွင် ဖိလစ်ပိုင်အစိုးရ၏ ပီဆို ၂၀ နှုန်းဖြင့် ဆန်ရောင်းချပေးသည့် အစီအစဉ်သည် Taglibas၊ Looc၊ Labuan၊ Linguisan၊ Tigpalay၊ San Pedro နှင့် Sto. Niño ကျေးရွာအုပ်စုများသို့ ရောက်ရှိသွားခဲ့သဖြင့် Tungawan မြို့ရှိ အိမ် ထောင်စုများစွာသည် ဈေးနှုန်းသက်သာသော ဆန်ကို ဝယ်ယူခွင့်ရရှိလာကြပြီး အကန့်အသတ် ရှိသော အိမ်ထောင်စုအသုံးစရိတ်များအတွက် ပိုမိုအဆင်ပြေစေခဲ့သည်။

    အဆိုပါအစီအစဉ်သည် သမ္မတ Ferdinand R. Marcos Jr. ဦးဆောင်သည့် အစိုးရအောက် တွင် ဖိလစ်ပိုင်အိမ်ထောင်စုများ၊ အထူးသဖြင့် နေ့စဉ် အိမ်ထောင်စု အသုံးစရိတ် စီမံခန့်ခွဲရာတွင် အကူအညီ လိုအပ်နေသူများအတွက် အဓိက စားနပ်ရိက္ခာများကို ပိုမိုဈေးနှုန်းသက်သာစွာဖြင့် အဆင်ပြေလွယ်ကူစွာ ဝယ်ယူနိုင်ရေး ကြိုးပမ်းဆောင်ရွက်ချက်များ၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည်။

    Tungawan မြို့ရှိ မိသားစုများအတွက် ဆန်တစ်ကီလိုလျှင် ပီဆို ၂၀ နှုန်းဖြင့် ဆန်ရရှိနိုင် ခြင်းသည် များစွာသက်သာရာ ရစေခဲ့ကြောင်း၊ ဆန်တစ်ကီလိုလျှင် ချွေတာရရှိသည့် ငွေများကို သွားလာရေးစရိတ်၊ ကျောင်းစရိတ်၊ မီးဖိုချောင်နှင့် အသုံးဆောင်စရိတ်များ၊ အခြား အစားအသောက် ဝယ်ယူမှုများ အပါအဝင် အိမ်ထောင်စု၏ အခြားလိုအပ်ချက်များအတွက် လွှဲပြောင်းအသုံးပြုနိုင် ကြောင်း သိရှိရသည်။

    အထူးသဖြင့် ဆန်စပါးသည် ဝင်ငွေနည်း အိမ်ထောင်စုများအတွက် နေ့စဉ် အစားအသောက် စရိတ်၏ အဓိကပမာဏဖြစ်နေပြီး  အဆိုပါအစီအစဉ်၏ သက်ရောက်မှုသည် သိသိသာသာ အရေး ပါခဲ့ကြောင်း၊ နိုင်ငံ၏ အဓိက စားနပ်ရိက္ခာများထဲမှတစ်ခုကို  ဈေးနှုန်းသက်သာစွာ ဝယ်ယူရခြင်း ဖြင့် မိသားစုများအား မိမိတို့၏ ရရှိနိုင်သော ဝင်ငွေကို အကျိုးရှိရှိ အသုံးချနိုင်မည် ဖြစ်ကြောင်း၊ ဒေသတွင်း ပြည်သူများထံ အစိုးရ၏ ကူညီထောက်ပံ့မှုများကို ပိုမိုနီးကပ်စွာ ဆောင်ရွက်ပေးနိုင် ခြင်းသည် အလွန်အရေးကြီးကြောင်း Tungawan မြို့တော်ဝန် Angelito Anińon က ပြောကြား ခဲ့သည်။

    Tungawan မြို့တော်ဝန် Angelito Aniñon က ကျေးရွာဒေသများကို သွားရောက် ကြည့်ရှု ခွင့်ရပြီး မြို့သူမြို့သားများနှင့် တွေ့ဆုံကာ မိသားစုပေါင်းများစွာထံ ပီဆို ၂၀ အစီအစဉ် ရောက်ရှိခဲ့ သည့်အတွက် ဝမ်းမြောက်မိပါကြောင်းနှင့် ဈေးနှုန်းသက်သာသည့်ဆန် ဖြစ်သော်လည်း မိသားစု များ၏ နေ့စဉ်အသုံးစရိတ်များကို ကူညီပေးရာ‌ရောက်ပြီး အပြောင်းအလဲတစ်ခုကို လုပ်ဆောင် ပေးနိုင်ပါကြောင်း ပြောကြားခဲ့သည်။

    ပီဆို ၂၀ နှုန်းဖြင့် ဆန်ရောင်းချပေးသည့် အစီအစဉ်သည် အခြေခံကျသည့် ကုန်စည်များကို ပိုမိုရရှိနိုင်အောင် ဆောင်ရွက်ခြင်း၊ အစိုးရ၏ ကြားဝင်ဆောင်ရွက်မှုများကို မြို့နယ်/ကျေးရွာ အဆင့်အထိ အကျိုးရရှိစေရန် ဆောင်ရွက်ပေးခြင်းဖြင့်  ဖိလစ်ပိုင် အိမ်ထောင်စုများအား စားနပ် ရိက္ခာ ဈေးနှုန်း မြင့်တက်မှု၏ ရိုက်ခတ်မှုမှ ကာကွယ်ပေးရန်အတွက် အစိုးရ၏ ပိုမိုကျယ်ပြန့်သော တွန်းအားပေးမှုများကို ထင်ဟပ်စေသည်။

      အကျိုးခံစားခွင့်ရှိသူများအတွက် အဆိုပါ အစီအစဉ်သည် သက်သာသောဈေးနှုန်းဖြင့် ဆန် ရရှိရုံသာမက အိမ်ထောင်စု အသုံးစရိတ်အတွက်လည်း စိတ်သက်သာမှုရရှိနိုင်မည့် အခွင့်အရေး တစ်ခုလည်း ဖြစ်သည်။ စုဆောင်းမိသည့် ငွေကြေးတိုင်းသည် မိဘများအတွက် အခြားသော နေ့စဉ် လိုအပ်ချက်တစ်ခုကို ဖြည့်ဆည်းပေးနိုင်ခြင်း၊ ကလေးများ၏ ကျောင်းမုန့်ဖိုးပေးနိုင်ခြင်း သို့မဟုတ် မိသားစု ထမင်းဝိုင်းတွင် အခြားလိုအပ်သော အစားအစာတစ်ခုခုကို ပိုမို ဖြည့်ဆည်း ပေးနိုင်မည် ဖြစ်သည်။ အစီအစဉ်ကို Tungawan မြို့ရှိ ပိုမိုများပြားသော ကျေးရွာများထံ ဆက်လက် ဆောင်ရွက် ပေးသွားမည်ဖြစ်ပြီး စားနပ်ရိက္ခာလုံခြုံရေးနှင့် ထိခိုက်လွယ်သော မိသားစုများကို ကူညီစောင့်ရှောက် ရေးဆိုင်ရာ အစိုးရ၏ အခြားသော ကြိုးပမ်းမှုများကို အထောက်အကူပြုပေးသွားမည်ဖြစ်ကြောင်း ဒေသဆိုင်ရာတာဝန်ရှိသူများက ပြောကြားခဲ့သည်။

Source :(PIA) Philippine Information Agency, 20 August 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

ဖိလစ်ပိုင်နိုင်ငံ၌ သြဂုတ်လအစောပိုင်းတွင် ဆန်ဈေးနှုန်း ၂၂ ရာခိုင်နှုန်း မြင့်တက်လာ

      စက်တင်ဘာလ စပါးရိတ်သိမ်းရာသီ မစတင်မီ သြဂုတ်လအစောပိုင်းတွင် ဖိလစ်ပိုင်နိုင်ငံ တစ်ဝှမ်း ဆန်လက်လီဈေးနှုန်းများ မြင့်တက်လာခဲ့သည်ဟု ဖိလစ်ပိုင်စာရင်းအင်းအာဏာပိုင်အဖွဲ့ (PSA) က ထုတ်ပြန်ခဲ့ကြောင်း၊ စိုက်ပျိုးရေး ကုန်စည်ဈေးနှုန်းများနှင့် ပတ်သက်သည့် နောက်ဆုံး ထုတ် အစီရင်ခံစာအရ ပုံမှန်ဆန်ကြမ်း တစ်ကီလိုဂရမ်လျှင် ပျမ်းမျှဈေးနှုန်းမှာ သြဂုတ်လ ၁ ရက် နေ့မှ ၅ ရက်နေ့အတွင်း ပီဆို ၄၉.၆၁ ရှိခဲ့ပြီး ၂၀၂၅ ခုနှစ်၊ ကာလတူတန်ဖိုး ပီဆို ၄၀.၆၁နှင့် နှိုင်း ယှဉ်ပါက ၂၂.၁၆ ရာခိုင်နှုန်း မြင့်တက်လာကြောင်း သိရှိရသည်။

      အဆိုပါဈေးနှုန်းမှာ ဇူလိုင်လအစောပိုင်းက မှတ်တမ်းတင်ခဲ့သည့် တစ်ကီလိုဂရမ်လျှင် ပီဆို ၄၉.၃၂ နှင့် ထိုလနှောင်းပိုင်းက ပီဆို ၄၉.၃၀တို့ထက် အနည်းငယ် ပိုမိုများပြားနေကြောင်း၊ ယခုကဲ့သို့ ဆန်ဈေးနှုန်းများ မြင့်တက်လာခြင်းမှာ အယ်လ်နီညိုရာသီဥတုဖြစ်စဉ်၏ သက်ရောက် မှုများကြောင့် တတိယသုံးလပတ်အတွင်း စပါးထွက်နှုန်း လျော့နည်းလာဖွယ်ရှိသည်ဟု ဖိလစ်ပိုင် စိုက်ပျိုးရေးဦးစီးဌာနက ခန့်မှန်းထားချိန်တွင် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

      ဇူလိုင်လမှ စက်တင်ဘာလအထိ တတိယသုံးလပတ်အတွင်း စပါးထွက်နှုန်းမှာ ၁၃.၃ ရာခိုင်နှုန်းကျဆင်းကာ မက်ထရစ်တန် ၃.၂၅ သန်းသို့ ကျဆင်းသွားနိုင်သည်ဟု PSA က အစောပိုင်း အစီရင်ခံစာတွင် ခန့်မှန်းထားခဲ့ကြောင်း၊ နှိုင်းယှဉ်ကြည့်ရလျှင် ဒုတိယသုံးလပတ်အတွင်း စပါးထွက် နှုန်းမှာ ၅.၇ ရာခိုင်နှုန်း တိုးလာပြီး မက်ထရစ်တန် ၄.၆၃ သန်း ရှိခဲ့သည်။

Source: Inquire.net, 20 August, 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

ကမ္ဘာ့ဖွဲနုဆီ ထုတ်လုပ်နိုင်စွမ်း၏ ၇၀ ရာခိုင်နှုန်းသည် အသုံးမပြုနိုင်သေးဘဲ ကျန်ရှိနေ

    အိန္ဒိယနိုင်ငံ ဆီထုတ်လုပ်သူများအသင်း (Solvent Extractors' Association of India - SEA) ၏ အလုပ်အမှုဆောင်ဒါရိုက်တာ B.V. Mehta ၏ ပြောကြားချက်အရ ကမ္ဘာ့ဖွဲနုဆီ ထုတ် လုပ်နိုင်စွမ်း အလားအလာ၏ ၇၀ ရာခိုင်နှုန်းခန့်သည် အသုံးမပြုနိုင်သေးဘဲ ကျန်ရှိနေပြီး ဈေးကွက် ပိုမိုရှာဖွေရန် လိုအပ်လျက်ရှိပါသည်။

   ၂၀၂၆ ခုနှစ် ဩဂုတ်လ ၁၃ ရက်နေ့တွင် ဘန်ကောက်မြို့၌ ကျင်းပခဲ့သည့် အပြည်ပြည် ဆိုင်ရာ ဖွဲနုဆီညီလာခံ (၂၀၂၆) တွင် အိန္ဒိယ နိုင်ငံ၏ အစီရင်ခံစာကို တင်ပြစဉ် ကမ္ဘာပေါ်၌ ဖွဲနုဆီ တန်ချိန် ၈ သန်းခန့် ထုတ်လုပ်နိုင်သည့် အလားအလာရှိသော်လည်း လက်ရှိတွင် ကမ္ဘာ့ဖွဲနုဆီ ထုတ်လုပ်မှုမှာ တန်ချိန် ၂.၄ သန်းသာ ရှိသေးကြောင်း၊ ကမ္ဘာတစ်လွှားတွင် နောက်ထပ် ဖွဲနုဆီ တန်ချိန် ၅.၅၅ သန်းအထိ တိုးမြှင့်ထုတ်လုပ်နိုင်သည့် အခွင့်အလမ်း ပွင့်လင်းနေဆဲဖြစ်ကြောင်း နှင့် ၎င်းကို အပြည့်အဝ ဖော်ထုတ်အသုံးပြုသွားရန်လိုကြောင်း အလုပ်အမှုဆောင် ဒါရိုက်တာ B.V. Mehta က ပြောကြားခဲ့ပါသည်။

   အိန္ဒိယနှင့် တရုတ်တို့သည် ကမ္ဘာပေါ်တွင် ဖွဲနုဆီ အဓိကထုတ်လုပ်သည့် နိုင်ငံများဖြစ် ကြောင်း စာရင်းဇယားများအရ သိရပြီး အိန္ဒိယ၏ ထုတ်လုပ်မှုမှာ တန်ချိန် ၁.၁ သန်းခန့်ရှိကာ တရုတ်၏ ထုတ်လုပ်မှုမှာ တန်ချိန် ၀.၇၄ သန်းခန့်ရှိပါသည်။ အိန္ဒိယသည် ဖွဲနုဆီ အဓိကထုတ် လုပ်သည့် နိုင်ငံဖြစ်သော်လည်း ၎င်း၏ ထုတ်လုပ်နိုင်စွမ်းကို အပြည့်အဝ အသုံးပြုနိုင်ခြင်း မရှိ သေးသော နိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။ အိန္ဒိယနိုင်ငံ၌ စုစုပေါင်း ဖွဲနုဆီတန်ချိန် ၂.၃ သန်းအထိ ထုတ်လုပ်နိုင်သည့် အလားအလာရှိပြီး အိန္ဒိယ၏ ကြိုးပမ်းမှုများသည် အခြားနိုင်ငံများနှင့် နှိုင်း ယှဉ်ပါက သာလွန်သော်လည်း ဆက်လက်ဆောင်ရွက်ရမည့် ကိစ္စများ ကျန်ရှိနေဆဲဖြစ်သည်။

    Mr. Mehta ၏ ခန့်မှန်းချက်အရ အိန္ဒိယသည် ၂၀၂၅-၂၆ ဘဏ္ဍာနှစ်တွင် စပါးတန်ချိန် ၂၃၀ သန်းခန့်နှင့် ဆန် တန်ချိန် ၁၅၄ သန်းခန့် ထွက်ရှိမည်ဖြစ်သည်။ ထိုပမာဏမှ ဖွဲနု တန်ချိန် ၁၃.၁ သန်းခန့် ထွက်ရှိမည်ဖြစ်ပြီး ယင်းမှတစ်ဆင့် ဖွဲနုဆီ တန်ချိန် ၂.၃ သန်းနီးပါး ထုတ်လုပ်နိုင်မည်ဟု ခန့်မှန်းထား ပါသည်။ လက်ရှိကာလတွင် အိန္ဒိယသည် ဖွဲနုဆီ တန်ချိန် ၁.၁၀ သန်းခန့်သာ ထုတ် လုပ်လျက်ရှိသဖြင့် ကျန်ရှိသော တန်ချိန် ၁.၂၀ သန်းခန့် ထုတ်လုပ်နိုင်မည့်အခွင့်အရေးကို ကောင်း စွာ အသုံးပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။

   လွန်ခဲ့သည့် ဆယ်စုနှစ်တစ်ခုအတွင်း ဖွဲနုဆီ ထုတ်လုပ်နိုင်သည့် အခွင့်အလမ်းမှာ သိသိ သာသာ တိုးတက်လာခဲ့ကြောင်း၊ ဖွဲနုဆီ ထုတ်လုပ်နိုင်စွမ်းသည် ၂၀၁၆-၂၀၁၇ ခုနှစ်တွင် တန်ချိန် ၁.၆ သန်းရှိခဲ့ရာမှ ၂၀၂၅-၂၀၂၆ ခုနှစ်တွင် တန်ချိန် ၂.၃ သန်းအထိ မြင့်တက်လာခဲ့သော်လည်း အမှန်တကယ် ဖွဲနုဆီ ထုတ်လုပ်မှုမှာမူ တန်ချိန် ၀.၉၈ သန်းမှ ၁.၁၀ သန်းအထိသာ တိုးတက်ခဲ့ သဖြင့် နှေးကွေးလျက်ရှိကြောင်းနှင့် အိန္ဒိယသည် ဖွဲနုများ ပိုမိုထုတ်လုပ်နိုင်ခဲ့သော်လည်း ဆီ ထုတ်ယူနိုင်သည့် အလားအလာ အများအပြားမှာ အသုံးမပြုနိုင်သေးဘဲ ရှိနေဆဲဖြစ်ကြောင်း Mr. Mehta က ပြောကြားခဲ့ပါသည်။

    ဤအလားအလာကောင်းများကို အကောင်အထည်ဖော်ဆောင်ရန် ချဉ်းကပ်ရာ၌ ပိုမို ကောင်းမွန်သော စီးပွားရေးတွက်ခြေကိုက်မှုဖြစ်ပေါ်စေရေးအတွက် ဖွဲနုဆီ ထုတ်ယူခြင်းနှင့် စနစ် တကျ ဆောင်ရွက်ခြင်းတို့အပြင် သဟဇာတကျသော  ဈေးကွက်တန်ဖိုးကွင်းဆက်တစ်ရပ် ဖော်ဆောင် နိုင်ရေး ဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ပါသည်။

   ဆီထုတ်ယူပြီးသည့် ဖွဲဖတ် (de-oiled ricebran) အပေါ် ကောက်ခံသော ကုန်စည်နှင့် ဝန်ဆောင်မှုအခွန် (GST) ကို ၅ ရာခိုင်နှုန်းသို့ လျှော့ချခြင်းနှင့် ဖွဲနုဆီမှ ရရှိသော ဖက်တီး အက်ဆစ် (ricebran fatty acid distillate) အပေါ် ကောက်ခံသည့် GST အခွန်ကို ၁၈ ရာခိုင်နှုန်းမှ ၅ ရာခိုင်နှုန်း သို့ မျှတအောင် ပြင်ဆင်ပေးခြင်းတို့သည် အခွန်ပုံပျက်မှုများနှင့် အခွန်အဆင့်ဆင့် လွဲမှားကောက်ခံ မှုများကို ဖြေရှင်းပေးနိုင်လိမ့်မည်ဟု Mehta က ပြောကြားခဲ့ပါသည်။

   ထို့အပြင် Lipase အင်ဇိုင်းဓာတ်ထွက်ရှိမှုနည်းသော စပါးမျိုးစိတ်များ သုတေသနပြု ထုတ်လုပ် ရန် ပံ့ပိုးပေးခြင်း၊ ဆန်စက်အခြေခံအဆောက်အအုံများကို ခေတ်မီဆန်းသစ်အောင် မြှင့်တင်ခြင်း နှင့် ဆန်စက်များတွင် ဖွဲနုအရည်အသွေး မပျက်စီးအောင် ထိန်းသိမ်းသည့်စနစ် (bran stabilisation) အတွက် တိုက်တွန်းနှိုးဆော်ရန် လိုအပ်ကြောင်းကိုလည်း Mr. Mehta က အလေးပေးပြောကြားခဲ့ သည်။ ဤခြေလှမ်းများသည် ဆီထုတ်ယူရန်အတွက် ရရှိနိုင်သော ဖွဲနု၏ ပမာဏနှင့် အရည်အသွေး နှစ်ခုစလုံးကို တိုးတက်စေမည်ဖြစ်သည်။

    ဖွဲနုနှင့် ဖွဲနုဆီမှ တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်ခြင်းသည် စပါးဈေးနှုန်းကို တိုးမြှင့်ရန် မလိုဘဲ တောင်သူများ ပိုမိုကောင်းမွန်သော ဈေးနှုန်းရရှိစေရန် ကူညီပေးနိုင်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့ပြီး၊ အိန္ဒိယနိုင်ငံတွင် ဖွဲနုဆီ ထုတ်လုပ်မှု တိုးတက်လာခြင်းသည် ပြည်ပမှ စားသုံးဆီ တင်သွင်းမှုအပေါ် မှီခိုနေရမှုကိုလည်း လျှော့ချပေးနိုင်မည်ဖြစ်ကြောင်းကိုလည်း ဖြည့်စွက် ပြောကြားခဲ့ပါသည်။

Source: The Hindu Business Line, 13 August 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

ထိုင်းနိုင်ငံ၊ Ratchaburi ပြည်နယ်ထွက် သံပရာသီးနှင့် သရက်သီးများ ဒေသဆိုင်ရာအညွှန်းရရှိ

    ထိုင်းနိုင်ငံ၊ Ratchaburi ပြည်နယ်၏ ထူးခြားသည့် စိုက်ပျိုးရေးထွက်ကုန်နှစ်မျိုးဖြစ်ကြ သော Damnoen Saduak သံပရာသီးနှင့် Ratchaburi ပြည်နယ်ထွက် Nam Dok Mai သရက်သီး တို့ကို ဒေသဆိုင်ရာအညွှန်း (Geographical Indication – GI) ထုတ်ကုန်အသစ်များအဖြစ် သတ် မှတ်ခံရပြီဖြစ်ကြောင်း သိရှိရသည်။

     GI အဖြစ် အသိအမှတ်ပြုခြင်းသည် ပြည်နယ်စိုက်ပျိုးထွက်ကုန်များ၏ အရည်အသွေးနှင့် ထုတ်လုပ်မှုစံနှုန်းများကို အားဖြည့်ပေးကြောင်း၊ GI မှတ်ပုံတင်ခြင်းသည် ထုတ်လုပ်သူအသိုင်း အဝိုင်းများ၏ အခွင့်အရေးများကို ကာကွယ်ပေးခြင်း၊ ထုတ်ကုန်တန်ဖိုးကို မြှင့်တင်ပေးခြင်းနှင့် ဝင်ငွေရရှိရန် နောက်ထပ်အခွင့်အလမ်းများ ဖန်တီးပေးခြင်းတို့အပြင် ရေရှည်တည်တံ့သော ဒေသခံ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုလည်း အထောက်အကူပြုကြောင်း သိရှိရသည်။

     ထိုင်းမူပိုင်ခွင့်ဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ် Auramon Supthaweethum က မူပိုင်ခွင့် ဦးစီးဌာနသည် ဒုတိယဝန်ကြီးချုပ်နှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Suphajee Suthumpun ၏ ဦးဆောင်မှုဖြင့် ချမှတ်ထားသော မူဝါဒကို ရှေ့ဆက်ဆောင်ရွက်နေကြောင်း ရှင်း လင်းပြောကြားခဲ့သည်။ အဆိုပါမူဝါဒသည် မူပိုင်ခွင့်ဖြင့် ထိုင်းထုတ်ကုန်များ၏ တန်ဖိုးမြှင့်တင်ရန်၊ ကုန်သွယ်ရေးအခွင့်အလမ်းများ ဖန်တီးရန်၊ တောင်သူများ၏ ဝင်ငွေမြှင့်တင်ရန်နှင့် ဒေသခံ စီးပွား ရေးများ အားကောင်းလာစေရန်အတွက် ပံ့ပိုးပေးသည့်အချက်အဖြစ် အသုံးပြုရန် ရည်ရွယ်ထား သည်။     ထိုင်းမူပိုင်ခွင့်ဦးစီးဌာနအား တန်ဖိုးမြင့် စိုက်ပျိုးထွက်ကုန်များ အဆင့်မြှင့်တင်ရန်နှင့် ကမ္ဘာ့ ဈေးကွက်များတွင် ထိုင်းကုန်ပစ္စည်းများ၏ ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ရန်အတွက် ဒေသအသီး သီး၌ GI အကာအကွယ်ပေးရေးကို အရှိန်မြှင့် ဆောင်ရွက်ရန် ညွှန်ကြားထားသည်။

     Damnoen Saduak သံပရာသီးနှင့် Ratchaburi ပြည်နယ်ထွက် Nam Dok Mai သရက် သီးတို့ကို မှတ်ပုံတင်ခြင်းသည် Ratchaburi ပြည်နယ်၏ GI ထုတ်ကုန်စုစုပေါင်း အရေအတွက်ကို ၈ ခု အထိ ရောက်ရှိစေကြောင်း၊ ယခင်ရှိပြီးသား ထုတ်ကုန် ၆ မျိုးမှာ Ratchaburi ပြည်နယ်ထွက် နဂါးရုပ်ပုံထွင်းထုထားသည့် ရိုးရာမြေထည်၊ Bang Chang ခရိုင်ထွက် ငရုတ်သီး၊ Photharam ခရိုင်ထွက် မုန်လာဥခြောက်၊ Bang Phae ခရိုင်ထွက် ရေချိုပုဇွန် ထုပ်ကြီး၊ Ban Kha ခရိုင်ထွက် နာနတ်သီးနှင့် Ratchaburi ပြည်နယ်ထွက် အုန်းမွှေးတို့ဖြစ်ကြောင်း၊ Auramon ၏ ပြောကြား ချက်အရ အဆိုပါ GI ထုတ်ကုန် ၈ မျိုးသည် ၂၀၂၅ ခုနှစ်တွင် ပြည်နယ်အတွက် ဘတ် ၈.၅၃ ဘီလီ ယံကျော် စီးပွားရေးတန်ဖိုးကို ဖန်တီးပေးခဲ့ကြောင်း သိရှိရသည်။

    Damnoen Saduak သံပရာသီးသည် နှစ်ရှည်လများ တည်ရှိခဲ့သော သံပရာမျိုးကွဲ ဖြစ်ပြီး ၎င်း၏ ထူးခြား၍ လုံးဝန်းသော ပုံသဏ္ဍာန်၊ အခွံပါးခြင်းနှင့် ချောမွေ့တောက်ပြောင်သော မျက်နှာ ပြင်တို့ကြောင့် လူသိများကြောင်း၊ အသီးကို လှိမ့်ခြင်း သို့မဟုတ် ညှစ်ခြင်းပြုလုပ်သောအခါ ရနံ့ပြင်း ကို ထုတ်လွှတ်ပေးပြီး အဆိုပါရနံ့သည် လက်ပေါ်တွင် ကြာရှည်စွာတည်ရှိနေကြောင်း၊ သံပရာသီး ၏အသားမှာ ကြည်လင်ဖြူစင်ပြီး အစေ့နည်းပါးကာ အရည်ရွှမ်းပြီး ချဉ်သော်လည်း မခါးသည့် အရသာနှင့် ထူးခြားသောရနံ့ကို ပေးစွမ်းကြောင်း၊ အဆိုပါဝိသေသလက္ခဏာများသည် Ratchaburi ပြည်နယ်၏ ရေစီးရေလာ ကောင်းမွန်သော ဩဇာကောင်းသည့် နုန်းမြေ၊ မဲခေါင်မြစ်ဝှမ်းမှရရှိသော ရေအရင်းအမြစ်နှင့် သင့်လျော်သော ရာသီဥတုများဖြစ်သည့် စိုက်ပျိုးမှုအခြေအနေများကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း သိရှိရသည်။

    အဆိုပါအချက်များသည် စိုက်ပျိုးရေးဆိုင်ရာ အသိပညာနှင့် မျိုးဆက်ပေါင်းစုံ လက်ဆင့်ကမ်း ဖြတ်သန်းလာသော တောင်သူများ၏ အတွေ့အကြုံများနှင့် ပေါင်းစပ်လိုက်သောအခါ Damnoen Saduak သံပရာသီးကို ထိုင်းနိုင်ငံ၏ အသိအမှတ်ပြုခံရသည့် အရည်အသွေးမြင့် သံပရာသီးများ ထဲမှ တစ်မျိုးအဖြစ် နေရာရရှိစေခဲ့ကြောင်း၊ အဆိုပါထုတ်ကုန်သည် တစ်နှစ်လျှင် ဘတ်၇၁၆ သန်း ကျော် စီးပွားရေးတန်ဖိုးကို ဖန်တီးပေးလျက်ရှိကြောင်း သိရှိရသည်။

    Ratchaburi ပြည်နယ်ထွက် Nam Dok Mai သရက်သီးတွင် Nam Dok Mai Si Thong သရက်မျိုးကွဲနှင့် Nam Dok M နံပါတ် ၄ သရက်မျိုးကွဲ နှစ်မျိုးစလုံး ပါဝင်ပြီး ထိုင်းနိုင်ငံနှင့် အခြား နိုင်ငံများမှ လူကြိုက်များသည့်အသီးဖြစ်ကြောင်း၊ အဆိုပါသရက်သီးသည် ရှည်မျောမျောပုံ သဏ္ဍာန်ရှိကာ အစေ့၏ အဖျားဖက်တွင် ကျယ်ဝန်း၍ အဝိုင်းပုံဖြစ်ပြီး အဖျားဖက်သို့ သွယ်လျသွား ကြောင်း၊ အဆိုပါသရက်သီးသည် ပါးလွှာသော်လည်း ခံနိုင်ရည်ရှိပြီး ချောမွေ့သော အခွံပါရှိကာ အသီးမှည့်ချိန်တွင် ဆွဲဆောင်မှုရှိသော အဝါရောင်သို့ ပြောင်းလဲသွားကြောင်း သိရှိရသည်။

     သရက်သီး၏ အသားမှာ မာကျောပြီး ချောမွေ့နူးညံ့ကာ အမျှင်မပါကြောင်း၊ အရောင်အသွေး ညီညာပြီး အရသာမှာလည်း မွှေးကြိုင်ချိုမြိန်၍ အစေ့မှာ ပါးလွှာပြီး ပြားချပ်ကြောင်း၊ အဆိုပါ ဝိသေသနလက္ခဏာများသည် သရက်စိုက်ပျိုးရန် သင့်လျော်သော ပထဝီအနေအထားနှင့် ရာသီဥတု အခြေအနေများအပြင် ဒေသခံတောင်သူများ၏ သရက်ခြံအုပ်ချုပ်မှုနှင့် သီးနှံပြုစုစောင့်ရှောက်မှု ဆိုင်ရာ ကျွမ်းကျင်မှုတို့ကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း၊ အဆိုပါအချက်များက Ratchaburi ပြည်နယ်ထွက် Nam Dok Mai သရက်သီးများကို အရည်အသွေး တစ်သမတ်တည်းရှိစေရန်နှင့် တစ်နှစ်ပတ်လုံး ထုတ်လုပ်နိုင်စေရန် အထောက်အကူပြုကြောင်း သိရှိရသည်။

    အဆိုပါသရက်သီးများသည် တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ အရှေ့အလယ်ပိုင်းနှင့် ဥရောပသမဂ္ဂအပါအဝင် နိုင်ငံရပ်ခြားဈေးကွက် အများအပြားတွင် တင်ပို့ရန် အလားအလာရှိကြောင်း၊ သရက်သီးတင်ပို့မှုမှ တစ်နှစ်လျှင် ဘတ် ၁၆၆ သန်းကျော် စီးပွားရေးတန်ဖိုးကို ဖန်တီးပေးကြောင်း သိရှိရသည်။

     GI မှတ်ပုံတင်ပြီးနောက်ပိုင်းတွင် မူပိုင်ခွင့်ဦးစီးဌာနသည် ပြည်နယ်နှင့် သက်ဆိုင်ရာ အေဂျင်စီ များနှင့် ပူးပေါင်း၍ အောက်ပါတန်ဖိုးကွင်းဆက်တစ်လျှောက် GI အကာအကွယ်၏ အကျိုးကျေးဇူး များကို တိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ၎င်းတို့မှာ ထုတ်လုပ်မှုစံနှုန်းများ ထိန်းသိမ်းခြင်း၊ ဒေသခံအမှတ်တံဆိပ်များနှင့် ထုတ်ကုန်အသစ်များ ဖွံ့ဖြိုးတိုးတက်စေခြင်း၊ စားသောက်ကုန် လုပ်ငန်းတွင် GI ပါဝင်ပစ္စည်းများကို မြှင့်တင်ခြင်း၊ ယဉ်ကျေးမှုအမွေအနှစ်များနှင့် ရိုးရာအသိပညာကို အခြေခံသည့် ထူးခြားသော ခရီးသွားလုပ်ငန်းနှင့် တီထွင်နိုင်စွမ်းရှိသော စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေခြင်းနှင့် ထိုင်းနိုင်ငံနှင့် နိုင်ငံရပ်ခြားဈေးကွက်များကို တိုးချဲ့ခြင်းတို့ ပါဝင်ကြောင်း၊ အဆိုပါဆောင်ရွက်ချက်များသည် Ratchaburi ပြည်နယ်၏ GI ထုတ်ကုန်များ တန်ဖိုးကို ထပ်မံ မြှင့်တင်နိုင်ရန်၊ ဝင်ငွေပိုမိုတည်ငြိမ်စေရန်နှင့် ရေရှည်တွင် ပြည်နယ်၏ ရပ်ရွာစီးပွားရေးကို အားကောင်း စေရန် မျှော်လင့်ကြောင်း Auramon က ပြောကြားခဲ့သည်။

Source: The Nation Thailand, 14 August 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

အိန္ဒိယနိုင်ငံ၏ ပဲပုပ်ဆီ တင်သွင်းမှုပမာဏ စံချိန်တင်မြင့်တက်လာဖွယ်ရှိ

       စားသုံးဆီဈေးနှုန်းများ အားပြိုင်မှုရှိလာခြင်းကြောင့် အိန္ဒိယနိုင်ငံတွင် သန့်စင်ထုတ်လုပ် သူများက ပွဲတော်ကာလအတွက် ဝယ်ယူမှုများ တိုးမြှင့်လုပ်ဆောင်လာခြင်းနှင့် ရုရှား - ယူကရိန်း စစ်ပွဲကြောင့် နေကြာဆီတင်ပို့မှုများအနှောင့်အယှက်ဖြစ်ပေါ်ကာ ဝယ်ယူသူများအနေဖြင့် အခြား စားသုံးဆီအမျိုးအစားများသို့ ပြောင်းလဲဝယ်ယူလာရခြင်းတို့ကြောင့် အိန္ဒိယနိုင်ငံ၏ ပဲပုပ်ဆီ တင် သွင်းမှုပမာဏသည် ဩဂုတ်လတွင် စံချိန်တင် မြင့်တက်လာဖွယ်ရှိသည်ဟု ကုန်သည်များက ခန့်မှန်း ပြောကြားထားကြောင်း Reuters သတင်းဌာနက ဩဂုတ်လ ၁၇ ရက်နေ့တွင် ဖော်ပြထားသည်။

       ကုန်သွယ်မှုလုပ်ငန်းများတွင် တိုက်ရိုက်ပါဝင်ဆောင်ရွက်နေသည့် ကုန်သည် ၄ ဦး၏ ပြောကြားချက်အရ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လအတွင်း ပဲပုပ်ဆီတင်သွင်းမှုပမာဏသည် တန်ချိန် ၆၂၀,၀၀၀ အထိ မြင့်တက်လာနိုင်ဖွယ်ရှိကြောင်း၊ အဆိုပါပမာဏသည် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ တွင် စတင်ခဲ့သော လက်ရှိဈေးကွက်နှစ်အတွင်း ယခုအချိန်အထိ ပျမ်းမျှလစဉ် တင်သွင်းမှု ပမာဏ ဖြစ်သည့် တန်ချိန် ၄၂၄,၅၄၉ထက် ၄၆ ရာခိုင်နှုန်းနီးပါး များပြားနေကြောင်း သိရှိရပါသည်။

       ပဲပုပ်ဆီဈေးနှုန်းများသည် ယှဉ်ပြိုင်နိုင်သည့်အဆင့်တွင် ရှိနေပြီး နေကြာဆီတင်ပို့မှုများ တွင် အနှောင့်အယှက်များ ဖြစ်ပေါ်နေခြင်းက ပဲပုပ်ဆီ၏ ဆွဲဆောင်မှုကို ပိုမိုမြှင့်တင်ပေးနေသည် ဟု မွန်ဘိုင်းအခြေစိုက် ဟင်းသီးဟင်းရွက်ဆီ အရောင်းအဝယ်လုပ်ငန်းဖြစ်သည့် Sunvin Group ၏ အမှုဆောင်အရာရှိချုပ် Sandeep Bajoria က ပြောကြားခဲ့သည်

       မကြာသေးမီလများအတွင်း ရုရှားနှင့် ယူကရိန်းတို့သည် ပင်လယ်နက်နှင့်၎င်း၏ ပတ်ဝန်း ကျင်ဒေသများရှိ တစ်နိုင်ငံနှင့်တစ်နိုင်ငံ၏ ဆိပ်ကမ်းနှင့် ရေကြောင်းဆိုင်ရာ အခြေခံ အဆောက် အအုံများကို ပစ်မှတ်ထား တိုက်ခိုက်မှုများ ပိုမိုလုပ်ဆောင်လာခဲ့ကြရာ ဂျုံ၊ စပါးကဲ့သို့ သီးနှံများ နှင့် ဟင်းသီးဟင်းရွက်ဆီ တင်ပို့မှုများကို အနှောင့်အယှက်ဖြစ်စေပြီး တင်ပို့နိုင်စွမ်းကို လျော့ကျ စေခဲ့ကြောင်း ဖော်ပြထားသည်။ အိန္ဒိယနိုင်ငံ၏ နေကြာဆီတင်သွင်းမှုအများစုမှာ ရုရှားနှင့် ယူကရိန်းတို့ထံမှ ဝယ်ယူခြင်းဖြစ်ပြီး၊ တင်သွင်းမှုပမာဏသည် သြဂုတ်လတွင် တန်ချိန် ၁၈၀,၀၀၀ အထိ ကျဆင်းဖွယ်ရှိကြောင်း ကုန်သည်များက ပြောကြားခဲ့သည်။ အဆိုပါပမာဏသည် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလနောက်ပိုင်း အနိမ့်ဆုံးအဆင့်ဖြစ်ပြီး ယခင်လကထက် ၂၈ ရာခိုင်နှုန်းလျော့ကျ သွားခြင်းလည်း ဖြစ်သည်။

      ပဋိပက္ခဖြစ်ပွားမှုများကြောင့် သြဂုတ်လနှင့် စက်တင်ဘာလတို့တွင် တင်ပို့ရန်စီစဉ်ထား ပြီး ပင်လယ်နက်ဒေသမှထွက်ရှိသည့်နေကြာဆီ တန်ချိန် ၁၅၀,၀၀၀ ခန့်မှာ ကြန့်ကြာမှုများနှင့် ကြုံတွေ့နေရကြောင်း၊ အိန္ဒိယတောင်ပိုင်းရှိ ဝယ်ယူသူများသည် နေကြာဆီကို ပိုမိုနှစ်သက်လေ့ ရှိ သော်လည်း တင်သွင်းမှုဆိုင်ရာအခက်အခဲများကြောင့် ပဲပုပ်ဆီသို့ ပြောင်းလဲသုံးစွဲလာကြကြောင်း၊ အနောက်ဘက်ကမ်းရိုးတန်းရှိ Kandla နှင့် JNPT ဆိပ်ကမ်းများအပြင် အိန္ဒိယတောင်ပိုင်းရှိ Krishnapatnam နှင့် Kakinada ဆိပ်ကမ်းများသို့လည်း ယခုအခါ ပဲပုပ်ဆီတင်သင်္ဘောများ ရောက်ရှိလာနေပြီဖြစ်ကြောင်း ကုန်သည်များက ပြောကြားခဲ့သည်။
      ပဲပုပ်ဆီနှင့် စားအုန်းဆီတို့၏ ဈေးနှုန်းကွာခြားချက်သည် ဧပြီလက တစ်တန်လျှင် ဒေါ်လာ ၁၀၀ ကျော်ရှိခဲ့ရာမှ ယခုအခါ ဒေါ်လာ ၅၀ ဝန်းကျင်အထိ ကျဆင်းလာကြောင်း နယူးဒေလီ အခြေစိုက် ကုန်သည်တစ်ဦးက ပြောကြားခဲ့သည်။ ရာသီဥတုအခြေအနေ ဆိုးဝါးမှုကြောင့် ထုတ်လုပ်မှုကို ထိခိုက်နိုင်သည်ဟူသော စိုးရိမ်ပူပန်မှုများနှင့် ဇီဝလောင်စာအတွက် စားအုန်းဆီ သုံးစွဲမှုကို တိုးမြှင့် ရန် အင်ဒိုနီးရှား၏ ဆောင်ရွက်ချက်များကြောင့် စားအုန်းဆီဈေးနှုန်းများ မြင့်တက်လာကာ ပဲပုပ် ဆီနှင့်နေကြာဆီ ဈေးနှုန်းကွာခြားချက်ကို ကျဉ်းမြောင်းလာစေခြင်းဖြစ်ကြောင်း၊ ဈေးနှုန်း အပြောင်းအလဲအပေါ် အာရုံစိုက်လေ့ရှိသည့် အိန္ဒိယဝယ်လက်များအတွက် ပဲပုပ်ဆီသည် ပိုမို ဆွဲဆောင်မှုရှိလာပြီး ရွေးချယ်စရာတစ်ခု ဖြစ်လာကြောင်း သိရှိရပါသည်။
       ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလတွင်ပင် အိန္ဒိယ၏ တင်သွင်းမှုပမာဏသည် တန်ချိန် ၆၀၀,၀၀၀ ကျော်လွန်နိုင်ဖွယ်ရှိကြောင်း၊ စက်တင်ဘာလမှ ဒီဇင်ဘာလအတွင်း တင်ပို့မှုအတွက် အိန္ဒိယသည် တန်ချိန် ၁.၄ သန်းနီးပါး ဝယ်ယူထားပြီးဖြစ်ကြောင်း၊ အယ်လ်နီညိုရာသီဥတုဖြစ်စဉ် ကြောင့် ပြည်တွင်းဆီထွက်သီးနှံ ထုတ်လုပ်မှုကို ထိခိုက်နိုင်သည်ဟူသော စိုးရိမ်မှုများ ရှိနေသော် လည်း ပဲပုပ်ဆီ လုံလောက်စွာ ရရှိနိုင်မှုနှင့် ယှဉ်ပြိုင်နိုင် စွမ်းရှိသော ဈေးနှုန်းများကြောင့် အိန္ဒိယ အနေဖြင့် ဝယ်ယူမှုများကို တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း အဆိုပါကုန်သည်က ပြောဆိုခဲ့သည်။
       ပုံမှန်အားဖြင့် အိန္ဒိယ၏ ပဲပုပ်ဆီတင်သွင်းမှု အများစုမှာ အာဂျင်တီနားနှင့် ဘရာဇီးနိုင်ငံ တို့မှဖြစ်သော်လည်း ယခုအခါ အိန္ဒိယသည် လျင်မြန်စွာ တင်ပို့ရယူနိုင်ရန်အတွက် တရုတ်၊ အီဂျစ်၊ ထိုင်းနှင့် တူရကီကဲ့သို့သော နိုင်ငံများမှလည်း ဝယ်ယူလျက်ရှိသည်။ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာ လမှ ဒီဇင်ဘာလအတွင်း တင်ပို့မည့် စားအုန်းဆီနှင့် ပဲပုပ်ဆီတို့၏ (သယ်ယူပို့ဆောင်စရိတ် အပါ အဝင်) ကုန်ကျစရိတ်မှာ တူညီလုနီးပါးဖြစ်ပေါ်နေပြီး နေကြာဆီ ဈေးနှုန်းမှာမူ တစ်တန်လျှင် အမေရိ ကန်ဒေါ်လာ ၂၀၀ နီးပါး ပိုမိုမြင့်မားနေသောကြောင့် အိန္ဒိယသည် လပေါင်းများစွာ ကြိုတင် ၍ ပဲပုပ်ဆီများကိုပါ ဝယ်ယူလျက်ရှိကြောင်း၊ အိန္ဒိယသည် စားအုန်းဆီကို အဓိကအားဖြင့် အင်ဒိုနီးရှား၊ မလေးရှားနှင့် ထိုင်းနိုင်ငံတို့မှ တင်သွင်းလေ့ရှိကြောင်း သိရှိရပါသည်။
Source: Reuters, 17 August 2026 (လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

ကမ္ဘာ့ကုန်စည်ဈေးကွက်တွင် ပြောင်းနှင့် ပဲပုပ်ဈေးနှုန်း မြှင့်တက်လာ

      ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၇ ရက်နေ့၌ ကမ္ဘာ့ကောက်ပဲသီးနှံနှင့် ဆီထွက်သီးနှံဈေးကွက် သည် ဈေးနှုန်းအတက်အကျများစွာ ဖြစ်ပေါ်လျက်ရှိကြောင်း၊ ချီကာဂိုကုန်စည်ဒိုင် (CBOT)တွင် စက်တင်ဘာလအတွက် ပြောင်းအကြိုခန့်မှန်းဈေးနှုန်းသည် ၁.၃၁ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး တစ်တန်လျှင် ၁၈၃.၀၈ ဒေါ်လာအထိ ရောက်ရှိခဲ့ကာ နိုဝင်ဘာလအတွက် ပဲပုပ်အကြို ခန့်မှန်း ဈေးနှုန်းမှာ ၁.၉၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး တစ်တန်လျှင် ၄၄၆.၈၀ ဒေါ်လာအထိ ရောက်ရှိခဲ့ ကြောင်း၊  စက်တင်ဘာလတွင် နူးညံ့သောဆောင်းဂျုံနီ (SRW)ဈေးနှုန်းမှာမူ ပြောင်းလဲမှု မရှိဘဲ တစ်တန်လျှင် ၂၄၇.၉၂ ဒေါ်လာတွင် ရှိနေခဲ့ကြောင်း သိရှိရပါသည်။

     အမေရိကန်၏ အားကောင်းသော ပို့ကုန်တင်ပို့မှုနှင့် သီးနှံအခြေအနေ အနည်းငယ် ကျ ဆင်းသွားခြင်းသည် ပြောင်းဈေးနှုန်းကို အထောက်အကူဖြစ်စေခဲ့ပြီး အမေရိကန်အနေဖြင့် သီတင်း တစ်ပတ်အတွင်း ပြောင်းတန်ချိန် ၁.၉၁ သန်း တင်ပို့ခဲ့သဖြင့် ယခုဘဏ္ဍာရေးနှစ်တွင် တင်ပို့မှု စုစု ပေါင်းမှာ တန်ချိန် ၈၀.၉၅ သန်းသို့ ရောက်ရှိခဲ့ရာ ယခင်နှစ် ကာလတူထက် ၂၆ ရာခိုင်နှုန်း မြင့် တက်လာခဲ့ကြောင်း၊ ကောင်းမွန်သည့်အဆင့်မှ အလွန်ကောင်းမွန်သည့်အဆင့်ဟု သတ်မှတ်ထား သည့် ပြောင်းစိုက်ဧရိယာ၏ အချိုးအစားမှာ ၁ ရာခိုင်နှုန်းမှတ် လျော့ကျသွားပြီး ၆၀ ရာခိုင်နှုန်းသို့ ရောက်ရှိခဲ့ကြောင်း သိရှိရပါသည်။

     အမေရိကန်တွင် ပဲပုပ်သီးနှံများ လျင်မြန်စွာဖွံ့ဖြိုးကြီးထွားနေသော်လည်း ပဲပုပ်ဈေးနှုန်း မှာ ၂ ရာခိုင်နှုန်းနီးပါး မြင့်တက်ခဲ့ကြောင်း၊ ဩဂုတ်လ ၁၆ ရက်နေ့အထိ ပဲပုပ်စိုက်ခင်းများ၏ ၈၅ ရာခိုင်နှုန်းတွင် အသီးတောင့်များ စတင်သီးနေပြီဖြစ်ပြီး ပျမ်းမျှ ၅ နှစ်ထက် ၅ ရာခိုင်နှုန်းမှတ် ပိုမိုများနေကြောင်း၊ သို့သော် လည်း ကောင်းမွန်သည့်အဆင့်မှ အလွန်ကောင်းမွန်သည့်အဆင့်ဟု သတ်မှတ်ထားသည့် သီးနှံအချိုးအစားမှာ ၆၁ ရာခိုင်နှုန်းသို့ လျော့ကျသွားခဲ့ကြောင်း၊ ၂၀၂၅-၂၀၂၆ သီးနှံဈေးကွက်နှစ် စတင်ချိန်မှစ၍ အမေရိကန်၏ ပဲပုပ်တင်ပို့မှုမှာ တန်ချိန် ၄၀.၀၄ သန်းသို့ ရောက်ရှိခဲ့ပြီး ယခင်နှစ် ကာလတူထက် ၁၈.၂ ရာခိုင်နှုန်း လျော့နည်းခဲ့ကြောင်း သိရှိရပါသည်။

      ဂျုံဈေးကွက်မှာ တိကျရှင်းလင်းသည့် ဦးတည်ချက်မရှိသည်ကို တွေ့ရှိရပြီး ချီကာဂိုရှိ SRW ဆောင်းဂျုံဈေးနှုန်းများမှာ သိသိသာသာပြောင်းလဲမှု မရှိခဲ့ဘဲ Kansas မြို့တွင် မာကျောသော ဆောင်းဂျုံနီ (HRW) ဈေးနှုန်းမှာ မြင့်တက်ခဲ့ကာ Minneapolisဒေသတွင်မူ နွေဦးဂျုံဈေးနှုန်း ကျ ဆင်းခဲ့ကြောင်း၊  ယခုဈေးကွက်နှစ် စတင်ချိန်မှ စ၍ အမေရိကန်၏ ဂျုံတင်ပို့မှု စုစုပေါင်းမှာ တန် ချိန် ၃.၈၉ သန်းရှိခဲ့ပြီး ယခင်နှစ် ကာလတူထက် ၁၉.၃ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း သိရှိရပါ သည်။

   ပြင်သစ်နိုင်ငံတကာ အနာဂတ်စာချုပ်ဈေးကွက် (MATIF)တွင် ဩဂုတ်လ ၁၇ ရက်နေ့၌ စက်တင်ဘာလအတွက် ဂျုံဈေးနှုန်းသည် ၀.၈၅ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး တစ်တန်လျှင် ၂၂၅.၂၅ ယူရိုသို့ ရောက်ရှိခဲ့ကာ နိုဝင်ဘာလအတွက် ပြောင်းဈေးနှုန်းမှာ ၁.၀၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး တစ်တန်လျှင် ၂၅၄.၅၀ ယူရိုသို့ ရောက်ရှိခဲ့ကြောင်း၊ ဥရောပသမဂ္ဂ (EU) ၏ ပို့ကုန်နှေးကွေးနေ ခြင်းက ဥရောပဂျုံဈေးကွက်အပေါ် ဆက်လက်ဖိအားဖြစ်စေခဲ့ပြီး ၂၀၂၆-၂၀၂၇ ဈေးကွက်နှစ် စတင်ချိန်မှစ၍ EU သည် နူးညံသောဂျုံပျော့ (Soft wheat) တန်ချိန် ၁.၀၁ သန်းသာ တင်ပို့နိုင်ခဲ့ သဖြင့် ယခင်နှစ် ကာလတူထက် ၅၇ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း သိရှိရပါသည်။

Source: UkrAgroConsult, 18 August 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

ပြည်တွင်းသကြားဈေးနှုန်းများအား ထိန်းချုပ်ရန် သွင်းကုန်အကောက်ခွန်စည်းကြပ်မှုလျှော့ချနိုင် ရေး အိန္ဒိယ အလေးထားဆောင်ရွက်လျက်ရှိ

      ကမ္ဘာ့ဒုတိယအကြီးဆုံးသကြားထုတ်လုပ်သည့် အိန္ဒိယအနေဖြင့် မကြာ‌သေးခင်က စံချိန် တင် မြင့်တက်ခဲ့သည့် ပြည်တွင်းသကြားဈေးနှုန်းများကို ထိန်းကျောင်းနိုင်ရေးအတွက် အခြေခံ ကုန်စည် အမယ်အလိုက် သွင်းကုန်အကောက်ခွန် လျှော့ချနိုင်ရေး အလေးအနက် စဉ်းစားလျက်ရှိ ကြောင်း သိရသည်။

       ပြည်တွင်းထုတ်လုပ်မှုတိုးမြှင့်ရန်အတွက် သွင်းကုန်သကြားအပေါ် ၁၀၀ ရာခိုင်နှုန်း အခွန် ကောက်ခံခြင်းအား လျှော့ချနိုင်ရေး အဆိုတင်သွင်းမှုအား အရာရှိများက အလေးထားစီစဉ်လျက် ရှိကြောင်း၊ သကြားဈေးနှုန်းမြင့်တက်နေမှုကို တားဆီးထိန်းချုပ်ရန် ကူညီပံ့ပိုးပေးမှုများအပြင် ပွဲတော်ရာသီအတွက် သကြားလိုအပ်ချက် မမြင့်တက်မီ အလေးအနက်ဆွေးနွေးမှုများ ဆောင်ရွက် လျက်ရှိကြောင်း၊     ယခုအပြောင်းအလဲသည် ကမ္ဘာ့သကြားဈေးကွက်တွင် ရင်ဆိုင်နေရသည့် ရောင်းလိုအား ဖိအားများရှိနေသည်ကို ထင်ဟပ်စေသည့် နောက်ထပ်အရိပ်အရောင်တစ်ရပ် ဖြစ် ကြောင်း၊ အယ်လ်နီညိုဖြစ်စဉ်ကြောင့် အထွက်နှုန်း လျော့နည်းမည့်အခြေအနေများကို စိုးရိမ် လျက်ရှိကြောင်းသိရသည်။

      အိန္ဒိယသကြားနှင့် ဇီဝစွမ်းအင်ထုတ်လုပ်သူများအသင်း(ISMA)၏ အဆိုအရ Maharashtra ပြည်နယ်ရှိ စက်ရုံတိုက်ရိုက်သကြားဈေးနှုန်းများသည် မကြာသေးမီက တစ်ကီလိုလျှင် ရူပီး ၄၆ အထိ ရောက်ရှိခဲ့ပြီး စံချိန်တင် အမြင့်ဆုံးဈေးနှုန်းဖြစ်ကြောင်း၊ ပွဲတော်ရာသီအတွင်း ရိုးရာအချိုမုန့် များ နှင့် အဖျော်ယမကာများ ဝယ်ယူမှုမြင့်တက်ခဲ့ခြင်းကြောင့် အဓိကအားဖြင့် အိန္ဒိယတွင် သကြား အသုံးပြုမှုသည် ဇန်နဝါရီလမှ ဩဂုတ်လနှောင်းပိုင်းအထိ အမြင့်ဆုံးအဆင့်သို့ ရောက်ရှိလေ့ရှိ ကြောင်းသိရသည်။

      ထိပ်တန်းကြံစိုက်ပျိုးရာပြည်နယ်များဖြစ်သည့် Uttar Pradesh ပြည်နယ်နှင့် Maharashtra ပြည်နယ်များရှိ စက်ရုံများသည် စားနပ်ရိက္ခာဝန်ကြီးဌာနနှင့် ညှိနှိုင်းပြီးနောက် ပုံမှန် နိုဝင်ဘာလ အစောပိုင်း စတင်ချိန်ထက် ၁၀ ရက်မှ ၁၅ ရက်အထိ စောစီးစွာ ကြံကြိတ်ခွဲဆောင်ရွက်ရန် စီစဉ် လျက်ရှိသည်။ သိုလှောင်မှုကန့်သတ်ချက်နှင့် ငွေကြေးဖောင်းပွနေမှုအန္တရာယ်များကို ထိန်းကျောင်း နိုင်ရေး အစိုးရအနေဖြင့် ကုန်သည်များအား သိုလှောင်မှုပမာဏ ကန့်သတ်မှုများကို မကြာသေးမီက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

       ISMA  ၏ အချက်အလက်များအရ အိန္ဒိယသည် ပြည်တွင်းစားသုံးရန်အတွက် သကြားကို ပုံမှန်တင်သွင်းလေ့မရှိဘဲ နောက်ဆုံးအကြိမ် ပမာဏများပြားစွာ တင်သွင်းခဲ့သည်မှာ ၂၀၁၇-၂၀၁၈ ခုနှစ်အတွင်းဖြစ်ကြောင်း၊ အိန္ဒိယလယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာန၏ အဆိုအရ ဩဂုတ်လ ၁၄ ရက်နေ့အထိ ကြံစိုက်ဧကမှာ ဟက်တာ ၅.၈၃ သန်း (ဧက ၁၄.၄ သန်း) ရှိပြီး အဆိုပါပမာဏ သည် ယခင်နှစ်ကာလတူ စိုက်ဧကထက် အနည်းငယ်လျော့နည်းနေကြောင်း သိရှိရသည်။

Source : The Economic Times, 18 August 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

ပခုက္ကူဒေသတွင် ပြည်ပပို့ကုန် ကြက်သွန်နီများ ဈေးအမြင့်တန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိ

         မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူကုန်စည်ဒိုင်နှင့် ပွဲရုံဈေးကွက်သို့ ကြက်သွန်နီများ နေ့စဉ်ဝင်ရောက်လျက်ရှိပါသည်။ အဓိကဝင်ရောက်သည့်ဒေသများမှာ ပခုက္ကူမြို့နယ်ရှိကျွန်းနယ်များနှင့် ကမ္မ၊ ရေပြာဒေသများ၊  ဆိပ်ဖြူမြို့နယ်  အုန်းမှင်ရွာအပါအဝင် ကြက်သွန်နီ အဓိက စိုက်ပျိုးသည့်ရွာများ၊ ပေါက်နယ်ရှိ ယောချောင်းဒေသများ၊ ရေစကြိုဒေသရှိ မိုးကြက်သွန်နီနှင့် ဆောင်းစိုက်ကြက်သွန်နီများမှ ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

        ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ(ဒုတိယပတ်)တွင် ကြက်သွန်နီပေါက်ဈေးမှာ အမျိုးအစားနှင့်အရည် အသွေးကိုလိုက်၍ တစ်ပိဿာလျှင် ကျပ် (၃၅၀၀ မှ ၅၆၀၀)ဈေးထိ ဖြစ်ပေါ်နေပါသည်။ ယခင်နှစ် ၂၀၂၅ ခုနှစ် ဩဂုတ်လ(ပထမပတ်)အတွင်း ကြက်သွန်နီ တစ်ပိဿာလျှင် ကျပ်(၅၀၀ မှ ၁၃၅၀)ဈေးသာရှိခဲ့သောကြောင့် ယခင်နှစ်နှင့် ကာလတူနှိုင်းယှဉ်ပါကဈေးနှုန်း သိသိသာသာမြင့်တက်သွားကြောင်း တွေ့ရှိရပါသည်။

ဈေးကွက်သုံးသပ်ချက်

           ယခင်နှစ်က ကြက်သွန်နီဈေးကွက်ပျက်ခဲ့သောကြောင့် ယခုနှစ်တွင် တောင်သူများစိုက်ပျိုးမှု နှုန်းလျော့ကျခဲ့သည်။ ကြက်သွန်နီဂိုဒေါင်များတွင်လည်း လက်ကျန်များအလွန်နည်းနေသည်။ ပေါက်မြို့နယ်နှင့် ပုလဲမြို့နယ်ကဲ့သို့ အဓိကထွက်ရှိရာဒေသများမှ နယ်မြေအခက်အခဲကြောင့် ကုန်စည်ဒိုင်သို့ ကုန်ဝင်ရောက်မှု သိသိသာသာနည်းပါးနေသည်။ ပြည်ပ(ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ ထိုင်း) နိုင်ငံများသို့ ပြည်ပပို့ကုန်အဖြစ် တင်ပို့နေရခြင်း၊ မန္တလေးကုန်စည်ဒိုင်၊ ရန်ကုန်(ဘုရင့်နောင်)ကုန်စည်ဒိုင်များမှ အမြင့်ဈေးပေး၍ ဝယ်ယူနေခြင်းကြောင့် ဈေးမြင့်တက်နေခြင်းဖြစ်ကြောင်း သိရသည်။

ဈေးကွက်အလားအလာ

        လာမည့် စက်တင်ဘာလ၌ မိုးကြက်သွန်နီအသစ်များ ဈေးကွက်ထဲသို့ စတင်ဝင်ရောက် လာမည့်အချိန်မှသာ လက်ရှိမြင့်တက်နေသော ကြက်သွန်ဈေးနှုန်းမှာ ပြန်လည်ကျဆင်းနိုင်ပြီး တစ်ပိဿာလျှင် ကျပ်(၄၀၀၀)ဝန်းကျင်ခန့်တွင် တည်ငြိမ်နိုင်ကြောင်း မျှော်မှန်းထားကြသည်။ အချုပ်အားဖြင့်(၁)လခွဲခန့်အထိအမြင့်ဈေးတွင် ရှိနေဦးမည်ဖြစ်၍ အောက်တိုဘာ၊ နိုဝင်ဘာ ကြက်သွန် အသစ်ပေါ်ချိန်မှသာ ဈေးနှုန်းပြန်အေးသွားမည့်အလားအလာရှိနိုင်ကြောင်း ကုန်သည်များထံမှ သိရှိရပါသည်။

DOCA(မကွေး)

RCEP အဖွဲ့ဝင်နိုင်ငံများနှင့် ကမ္ဘောဒီးယားကုန်သွယ်မှု ၂၃ ရာခိုင်နှုန်းနီးပါး မြင့်တက်

          ကမ္ဘောဒီးယားနိုင်ငံ၏ ဒေသတွင်းဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု (RCEP) အဖွဲ့ဝင်နိုင်ငံများနှင့် ကုန်သွယ်မှုပမာဏသည် ၂၀၂၆ ခုနှစ် ပထမ (၇)လအတွင်း အမေရိကန်ဒေါ်လာ ၂၈.၂၇ ဘီလီယံအထိ ရှိခဲ့ပြီး ၂၀၂၅ ခုနှစ် အလားတူကာလက ဒေါ်လာ ၂၂.၉၉ ဘီလီယံနှင့် နှိုင်းယှဉ်ပါက ၂၂.၉၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း ကမ္ဘောဒီးယား ကုန်သွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည့် အစီရင်ခံစာအရ သိရသည်။ ဇန်နဝါရီလမှ ဇူလိုင်လအထိ ကမ္ဘောဒီးယား၏ RCEP အဖွဲ့ဝင်နိုင်ငံများသို့ ပို့ကုန်တန်ဖိုးမှာ ဒေါ်လာ ၆.၄၁ ဘီလီယံ ရှိခဲ့ပြီး ၂၀၂၅ ခုနှစ် အလားတူကာလက ဒေါ်လာ ၅.၇၇ ဘီလီယံထက် ၁၁ ရာခိုင်နှုန်း တိုးမြင့်ခဲ့သည်။ အဆိုပါကာလအတွင်း RCEP အဖွဲ့ဝင်နိုင်ငံများမှ ကမ္ဘောဒီးယားနိုင်ငံသို့ သွင်းကုန်တန်ဖိုးမှာ ဒေါ်လာ ၂၁.၈၅ ဘီလီယံရှိခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၂၆.၉၆ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ RCEP အဖွဲ့ဝင် ၁၅ နိုင်ငံအနက် တရုတ်၊ ဗီယက်နမ်၊ စင်ကာပူနှင့် ဂျပန်နိုင်ငံတို့သည် ကမ္ဘောဒီးယား၏ အဓိကကုန်သွယ်ဖက်နိုင်ငံများအဖြစ် ရပ်တည်လျက်ရှိသည်။ ကမ္ဘောဒီးယား ကုန်သွယ်ရေးဝန်ကြီးဌာန အတွင်းဝန်နှင့် ပြောရေးဆိုခွင့်ရှိသူ Penn Sovicheat က RCEP ကဲ့သို့သော ဒေသတွင်းကုန်သွယ်ရေးသဘောတူညီချက်ကြီးသည် ကမ္ဘောဒီးယားကို ဒေသတွင်း ထောက်ပံ့ရေးကွင်းဆက်များအတွင်း ပိုမိုကောင်းမွန်စွာ ပေါင်းစည်းနိုင်ရန် အထောက်အကူပြုခဲ့ကြောင်း ပြောကြားခဲ့သည်။ RCEP သဘောတူညီချက်အရ အကောက်ခွန်နှုန်းထား အထူးအခွင့်အရေးများ ရရှိလာခြင်းကြောင့် ကမ္ဘောဒီးယားထုတ်ကုန်များအတွက် စျေးကွက်ဝင်ရောက်နိုင်မှု ပိုမိုကျယ်ပြန့်လာပြီး ပြည်တွင်းထုတ်ကုန်များအတွက် ရရှိပြီးသားဈေးကွက်များအပြင် ဖြည့်စွက်ဈေးကွက်အသစ်များကိုလည်း ဖန်တီးပေးနိုင်ခဲ့ကြောင်း Sovicheat က ပြောကြားခဲ့သည်။  ၂၀၂၅ ခုနှစ် တစ်နှစ်လုံးတွင် ကမ္ဘောဒီးယားနှင့် RCEP အဖွဲ့ဝင်နိုင်ငံများအကြား ကုန်သွယ်မှုပမာဏမှာ ကန်ဒေါ်လာ ၄၀.၂ ဘီလီယံရှိခဲ့ပြီး ပို့ကုန်တန်ဖိုးမှာ ဒေါ်လာ ၉.၈ ဘီလီယံ ရှိခဲ့ကာ ၂၀၂၄ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၇ ရာခိုင်နှုန်း တိုးတက်လာခဲ့သည်။ ကမ္ဘောဒီးယား၏ အဓိကပို့ကုန်များတွင် အဝတ်အထည်၊ စက်ပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများ၊ ဖိနပ်၊ သားရေထုတ်ကုန်များ၊ ကောက်ပဲသီးနှံများ၊ ပရိဘောဂများ၊ ရော်ဘာ၊ သစ်သီးနှင့် ဟင်းသီးဟင်းရွက်များ၊ ပုလဲ၊ အရုပ်များနှင့် အထည်အလိပ်များ ပါဝင်သည်။ အဓိကသွင်းကုန်များမှာ အဝတ်အထည် ထုတ်လုပ်ရေးအတွက် ကုန်ကြမ်းများ၊ ဆေးဝါးနှင့် အာဟာရဖြည့်စွက်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ အစားအစာနှင့် အဖျော်ယမကာများဖြစ်ကြသည်။ ထို့အပြင် ဝန်ကြီးဌာန၏ အစီရင်ခံစာအရ ၂၀၂၆ ခုနှစ် ပထမ (၇) လအတွင်း ကမ္ဘောဒီးယားနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ကုန်သွယ်မှုပမာဏသည်လည်း တစ်နှစ်ထက်တစ်နှစ် ၂၀.၇၄ ရာခိုင်နှုန်း မြင့်တက်ကာ ကန်ဒေါ်လာ ၁၁.၆၈ ဘီလီယံအထိရှိခဲ့ကြောင်း သိရှိရပါသည်။

Source: Khmer Times                                                           

DOCA(ရန်ကုန်)

ကမ္ဘောဒီးယား၏ အာဆီယံဒေသတွင်း ကုန်သွယ်မှုပမာဏ ၂၀ ရာခိုင်နှုန်းကျော် မြင့်တက်

        ကမ္ဘောဒီးယားနိုင်ငံ၏ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ကုန်သွယ်မှုပမာဏသည် ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လအထိ (၇) လအတွင်း အမေရိကန်ဒေါ်လာ ၁၁.၆၈ ဘီလီယံ ရှိခဲ့ပြီး ၂၀၂၅ ခုနှစ် အလားတူကာလတွင် ရရှိခဲ့သည့် ဒေါ်လာ ၉.၆၇ ဘီလီယံထက် ၂၀.၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း ကမ္ဘောဒီးယား ကုန်သွယ်ရေးဝန်ကြီးဌာန (MoC) က ထုတ်ပြန်သည့် အစီရင်ခံစာအရ သိရသည်။ အဆိုပါကာလအတွင်း ကမ္ဘောဒီးယား၏ အာဆီယံနိုင်ငံများသို့ ပို့ကုန်တန်ဖိုးမှာ ဒေါ်လာ ၃.၅၄ ဘီလီယံရှိပြီး တစ်နှစ်ထက်တစ်နှစ် ၀.၁၄ ရာခိုင်နှုန်းသာ အနည်းငယ်မြင့်တက်ခဲ့သည်။ တစ်ချိန်တည်းတွင် အာဆီယံနိုင်ငံများမှ သွင်းကုန်တန်ဖိုးမှာ ဒေါ်လာ ၈.၁၄ ဘီလီယံအထိ ရှိခဲ့ပြီး ၃၂.၆ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။ အာဆီယံဒေသတွင်း ကုန်သွယ်မှုသည် အဆိုပါ (၇) လအတွင်း ကမ္ဘောဒီးယား၏ ကမ္ဘာ့နိုင်ငံများနှင့် စုစုပေါင်း ကုန်သွယ်မှုပမာဏ ဒေါ်လာ ၄၅.၄၈ ဘီလီယံ၏ ၂၅.၆ ရာခိုင်နှုန်းအထိ ရှိခဲ့သည်။ ကမ္ဘောဒီးယား၏ အာဆီယံဒေသတွင်း အဓိကကုန်သွယ်ဖက် နိုင်ငံများဖြစ်သည့် ဗီယက်နမ်၊ စင်ကာပူ၊ ထိုင်း၊ မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံများသို့ အဓိကတင်ပို့သည့် ကုန်ပစ္စည်းများတွင် အဝတ်အထည်၊ ဖိနပ်၊ ခရီးသွားသုံးပစ္စည်းများ၊ ဆိုလာပြားများ၊ ကားတာယာများ၊ လျှပ်စစ်ပစ္စည်းများအပြင် ဆန်၊ သီဟိုဠ်စေ့၊ ရာဘာအစေး၊ ပီလောပီနံ၊ ဒူးရင်းသီးနှင့် ငှက်ပျောသီး စသည့် စိုက်ပျိုးရေးထွက်ကုန်များ ပါဝင်ကြသည်။ ကမ္ဘောဒီးယား နည်းပညာနှင့် သိပ္ပံတက္ကသိုလ်ရှိ တရုတ်-အာဆီယံ လေ့လာရေးစင်တာ၏ ဒုတိယညွှန်ကြားရေးမှူး Thong Mengdavid က အာဆီယံဒေသတွင်း စီးပွားရေးပေါင်းစည်းမှု ပိုမိုနက်ရှိုင်းလာခြင်းကြောင့် ကုန်သွယ်မှု တိုးတက်လာခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ Thong Mengdavid က အာဆီယံဒေသတွင်း ထောက်ပံ့ရေးကွင်းဆက်များ ပိုမိုခိုင်မာလာခြင်း၊ နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှုတိုးချဲ့လာခြင်းနှင့် အာဆီယံစီးပွားရေး အသိုက်အဝန်း (AEC)၊ ဒေသတွင်း ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု (RCEP) ကဲ့သို့သော ဒေသတွင်းမူဘောင်များက ကုန်သွယ်မှုတိုးတက်မှုကို အားပေးနေကြောင်း ပြောကြားခဲ့သည်။ အနာဂတ်တွင်လည်း ဒေသတွင်းဝယ်လိုအား တိုးတက်လာခြင်း၊ နယ်စပ်ဖြတ်ကျော် ရင်းနှီးမြှုပ်နှံမှုများ မြင့်တက်လာခြင်းနှင့် ဒေသတွင်းထုတ်လုပ်မှုကွန်ရက်များ ဆက်လက်တိုးချဲ့လာခြင်းတို့ကြောင့် ကမ္ဘောဒီးယားနှင့် အာဆီယံနိုင်ငံများအကြား ကုန်သွယ်မှုသည် နှစ်စဉ် ၁၀ ရာခိုင်နှုန်း ကျော် တိုးတက်မှုကို ဆက်လက်ထိန်းသိမ်းနိုင်မည်ဟု ခန့်မှန်းထားကြောင်း ထပ်လောင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Source: Khmer Times                                                           

DOCA(ရန်ကုန်)

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ