Main menu

ဗဟိုအာရှနှင့်အာဖရိကသို့ ပို့ကုန်ဈေးကွက်တိုးချဲ့မည့် အင်ဒိုနီးရှား

Powered by Drupal

        အင်ဒိုနီးရှားနိုင်ငံ၏ ပို့ကုန်စွမ်းဆောင်ရည် မြှင့်တင်နိုင်ရေးအတွက် အလယ်အာရှနှင့် အာဖရိကဒေသများသို့ ပို့ကုန်ဈေးကွက်ထိုးဖောက်ဝင်ရောက်မှုကို တိုးချဲ့ဆောင်ရွက်လျက်ရှိကြောင်း အင်ဒိုနီးရှားကုန်သွယ်ရေးဝန်ကြီးဌာနက ပြောကြားသည်။ ထိုဒေသများသည်၎င်းတို့ အကောင်းဆုံးအသုံးချရမည့် အရေးပါသောဈေးကွက်ကြီးများဖြစ်ကြောင်း ဒုတိယကုန်သွယ်ရေးဝန်ကြီး Dyah Roro Esti Widya Putri က ဩဂုတ်လ ၆ ရက်နေ့တွင် ဘာလီကျွန်း Kuta မြို့၌ ကျင်းပသည့် စားအုန်းပင်မျိုးနွယ် snake fruit (Salak) ပို့ကုန်တင်ပို့ရေး အခမ်းအနားအပြီးတွင် ပြောကြားခဲ့ပါသည်။ အစိုးရက မကြာသေးမီက အင်ဒိုနီးရှား-ဥရောပသမဂ္ဂ ဘက်စုံစီးပွားရေး မိတ်ဖက်သဘောတူညီချက် (IEU-CEPA) အပါအဝင် အင်ဒိုနီးရှား-ပီရူးနှင့် အင်ဒိုနီးရှား-ကနေဒါ ဘက်စုံစီးပွားရေးမိတ်ဖက်သဘောတူညီချက်များကို အတည်ပြုခဲ့ပြီးဖြစ်ရာ ပို့ကုန်ဈေးကွက်များကို ပိုမိုကွဲပြားစွာတိုးချဲ့ခြင်းဖြင့် အင်ဒိုနီးရှား၏ပို့ကုန်စွမ်းဆောင်ရည်ကို ပိုမိုအားကောင်းလာစေမည်ဟု မျှော်လင့်ရကြောင်း သိရပါသည်။ Salak ကဲ့သို့သော အပူပိုင်းဒေသထွက်သစ်သီးဝလံများသည် ပို့ကုန်တိုးချဲ့နိုင်ခြေမြင့်မားသည့် ကုန်ပစ္စည်းများအနက်ပါဝင်ကြောင်း Esti က ပြောကြားခဲ့ပါသည်။ ထို့ပြင် လုပ်ငန်းရှင်များအနေဖြင့် ကုန်ကြမ်းများကို တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် ထုတ်လုပ်နိုင်ရန် သယံဇာတအခြေခံ တန်ဖိုးမြှင့်ထုတ်လုပ်ရေးလုပ်ငန်းများကို ပိုမိုတိုးမြှင့်ဆောင်ရွက်သင့်ကြောင်းနှင့် ၎င်းနည်းလမ်းဖြင့် စီးပွားရေးတန်ဖိုး ပိုမိုဖန်တီးနိုင်မည် ဖြစ်ကြောင်း ၎င်းက တိုက်တွန်းပြောကြားခဲ့ပါသည်။ ဥပမာအားဖြင့် ဘာလီပြည်နယ်တွင် အပူပိုင်းဒေသထွက် သစ်သီးဝလံများအပြင် ကော်ဖီနှင့် ချောကလက်ကဲ့သို့သော ကုန်ပစ္စည်းများကိုလည်း အရည်အသွေးမြင့် ထုတ်ကုန်များအဖြစ် ပြုပြင်ထုတ်လုပ်ကာ ထုပ်ပိုးတင်ပို့နိုင်သည့် အလားအလာများရှိကြောင်း သိရပါသည်။ ယခုကဲ့သို့ ပို့ကုန်ဈေးကွက်များ တိုးချဲ့ဆောင်ရွက်ခြင်းသည် ကုန်သွယ်ရေးတင်းမာမှုများနှင့် အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခများကြောင့် ဖြစ်ပေါ်နေသည့် ကမ္ဘာ့စီးပွားရေးမရေရာမှုများကို အင်ဒိုနီးရှားနိုင်ငံအနေဖြင့် ထိရောက်စွာ ရင်ဆိုင်နိုင်ရေးကိုလည်း အထောက်အကူပြုမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့ပါသည်။ ကျယ်ပြန့်သည့် ဈေးကွက်ဝင်ရောက်ခွင့်များ ရရှိစေရန်အတွက် ဗဟိုအစိုးရနှင့် ဒေသဆိုင်ရာအဖွဲ့အစည်းများ အပါအဝင် သက်ဆိုင်သူအားလုံး၏ ပူးပေါင်းဆောင်ရွက်မှုသည် အရေးကြီးကြောင်းလည်း Esti က အလေးပေးပြောကြားခဲ့ပါသည်။ အင်ဒိုနီးရှားကုန်သွယ်ရေးဝန်ကြီးဌာန၏ စာရင်းများအရ နိုင်ငံ၏ ပို့ကုန်တန်ဖိုးသည် ၂၀၂၄ ခုနှစ်က အမေရိကန်ဒေါ်လာ ၂၆၆.၅၂ ဘီလီယံရှိခဲ့ရာမှ ၂၀၂၅ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၂၈၂.၉၁ ဘီလီယံသို့ တိုးမြင့်ခဲ့ကြောင်း သိရပါသည်။ ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ ငါးနှစ်တာကာလအတွင်း နှစ်စဉ်ပျမ်းမျှပို့ကုန်တိုးတက်မှုနှုန်းမှာ ၃.၁၂ ရာခိုင်နှုန်း ရှိကြောင်းလည်း သိရပါသည်။ ထို့ပြင် ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ ဇွန်လအထိ ခြောက်လတာ ကာလအတွင်း အင်ဒိုနီးရှားနိုင်ငံ၏ကုန်သွယ်ရေးပိုငွေမှာ အမေရိကန်ဒေါ်လာ ၃.၅၈ ဘီလီယံ ရှိခဲ့ကြောင်း သိရပါသည်။ အင်ဒိုနီးရှားနိုင်ငံသည် ၂၀၂၄ ခုနှစ်တွင် ကုန်သွယ်ရေးပိုငွေ အမေရိကန် ဒေါ်လာ ၃၁ ဘီလီယံ ရရှိခဲ့ပြီး ၂၀၂၅ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၄၁ ဘီလီယံအထိ တိုးမြင့်ခဲ့ကြောင်း သိရပါသည်။ ထို့ပြင် ၂၀၂၆ ခုနှစ်အတွင်း လက်ရှိအချိန်အထိ အင်ဒိုနီးရှား၏ ပို့ကုန် တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂၈၀ ဘီလီယံအထိ ရောက်ရှိနေပြီး ယခုနှစ်အတွက် အစိုးရက ချမှတ်ထားသည့် အမေရိကန်ဒေါ်လာ ၃၁၅ ဘီလီယံ ပို့ကုန်ရည်မှန်းချက်သို့ ဦးတည်လျက်ရှိကြောင်း Esti က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Antara News                                                                             

DOCA (ရန်ကုန်)