
အင်ဒိုနီးရှား၏ စားအုန်းဆီ အချိုးအစား ၅၀ % ပါဝင်သည့် ဇီဝဒီဇယ် (B50) စည်းမျဉ်း သစ်၏ သက်ရောက်မှုများကို ရင်ဆိုင်ရန် ပြင်ဆင်နေချိန်တွင် ၂၀၂၆ ခုနှစ် ပထမနှစ်ဝက် အတွင်း အင်ဒိုနီးရှားနိုင်ငံ၏ စားအုန်းဆီတင်ပို့မှုမှာ ယခင်နှစ်နှင့်ကာလတူနှိုင်းယှဉ်ပါက ၇.၃၂ % ခန့် တိုးတက် မှု နှေးကွေးသွားခဲ့ကြောင်း အင်ဒိုနီးရှား တရားဝင်စာရင်းအင်းအင်ဂျင်စီမှ ဒုတိယအကြီးအကဲ၏ ပြောကြားချက်များကို Jakarta Globe သတင်းဌာနက ဩဂုတ်လ ၃ ရက်တွင် ဖော်ပြထားသည်။
အင်ဒိုနီးရှား၊ တရားဝင်စာရင်းအင်းအေဂျင်စီ BPS ၏ ထုတ်ပြန်ချက်အရ ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ ဇွန်လအတွင်း စားအုန်းဆီတင်ပို့မှုတန်ဖိုးသည် အမေရိကန်ဒေါ်လာ ၁၂.၂၇ ဘီလီယံ အထိ မြင့်တက်လာခဲ့ပြီး၊ ၎င်းပမာဏမှာ ၂၀၂၅ ခုနှစ် ပထမနှစ်ဝက်အတွင်းရှိခဲ့သော ဒေါ်လာ ၁၁.၄၃ ဘီလီယံနှင့် နှိုင်းယှဉ်ပါက တိုးတက်လာခြင်းဖြစ်သည်။ ဤသို့ တိုးတက်မှုလမ်းကြောင်း ရှိနေသော်လည်း၊ BPS ဒုတိယအကြီးအကဲ Mr.Ateng Hartono က အင်ဒိုနီးရှားနိုင်ငံ၏ စားအုန်းဆီ ကုန်သွယ်မှုသည် ယခင်နှစ်က နှစ်ဂဏန်းအဆင့် တိုးတက်မှုနှုန်းကို ရရှိခဲ့ကြောင်း ပြောကြားခဲ့ပြီး၊ အဆိုပါပြောင်းလဲမှုများ ဖြစ်ပေါ်စေသည့် အကြောင်းရင်းအသေးစိတ်ကိုမူ ထည့်သွင်းပြောကြားခြင်း မရှိခဲ့ကြောင်း သိရှိရသည်။
၂၀၂၅ ခုနှစ် ပထမနှစ်ဝက်တွင် စားအုန်းဆီတင်ပို့မှု ၂၄.၈၀ % တိုးတက်မှုရှိခဲ့သော်လည်း ယခုနှစ်တွင် တင်ပို့မှုနှုန်းထားများ နှေးကွေးသွားကြောင်း BPS ဒုတိယအကြီးအကဲ Ateng က ဩဂုတ်လ ၃ ရက် (တနင်္လာနေ့)တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။ ၂၀၂၆ ခုနှစ်၊ ပထမနှစ်ဝက်အတွင်း တင်ပို့မှုပမာဏမှာ တန်ချိန် ၁၁.၂၈ သန်းအထိရှိခဲ့ပြီး ၂.၅ % ခန့် အနည်းငယ်တိုးတက်မှုရှိခဲ့သည်။ ဇွန်လတစ်လစာအတွက်ကြည့်ပါက စားအုန်းဆီကြမ်း (Crude Palm Oil) တင်ပို့မှုတန်ဖိုးသည် ယခင်နှစ်ကာလတူနှင့်နှိုင်းယှဉ်ပါက ၀.၃၉ % ကျဆင်းပြီး ဒေါ်လာ ၃၉၃.၇ သန်းရှိခဲ့သည်။ တင်ပို့မှုပမာဏမှာလည်း တန်ချိန် ၃၃၅,၄၀၀ သာ ရှိခဲ့ပြီး ယခင်နှစ်ကာလ တူထက် ၁၉.၇၈ % ကျဆင်းခဲ့သည်။
အင်ဒိုနီးရှားနိုင်ငံသည် လောင်စာဆီဆိုင်များတွင် ရောင်းချသည့် ဒီဇယ်ဆီ၌ ပါဝင်ရမည့် စားအုန်းဆီ အချိုးအစားကို ပြီးခဲ့သည့် ဇူလိုင်လက ၄၀ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းအထိ တရားဝင် တိုးမြှင့်သတ်မှတ်ခဲ့ပြီး ၎င်းကို B50 ဟု ခေါ်ဆိုကြသည်။ အချိန်ကာလအားဖြင့် ကြည့်လျှင် B50 ဇီဝ ဒီဇယ် (biodiesel) စနစ် စတင်အသုံးပြုခြင်း၏ သက်ရောက်မှုကို နောက်ဆုံးရရှိထားသော စာရင်း အချက်အလက်များတွင် ထင်ဟပ်ဖော်ပြထားခြင်း မရှိသေးကြောင်း၊ အဘယ်ကြောင့်ဆိုသော် B50 လုပ်ဆောင်ချက်ကြောင့် ထုတ်လုပ်သူများသည် ပြည်ပသို့ တင်ပို့ရန် ရည်ရွယ်ထားသော ထုတ် ကုန် အချို့ကို ပြည်တွင်းအသုံးပြုမှုအတွက် ပြောင်းလဲအသုံးပြုလာဖွယ်ရှိသောကြောင့် ဖြစ်သည်။ Ateng က B50 စနစ်ကြောင့် ကုန်ပစ္စည်းတင်ပို့မှု ပမာဏအပေါ် သက်ရောက်မှုရှိလာနိုင်သည်ကို လည်း သတိပေးပြောကြားခဲ့သည်။
နောက်ထပ်ထုတ်ပြန်မည့် စာရင်းအချက်အလက်တွေကို စောင့်ကြည့်ရမည်ဖြစ်ကြောင်း၊ စားအုန်းဆီ ထုတ်လုပ်မှု၊ ရောင်းလိုအားနှင့် ပြည်တွင်းဝယ်လိုအား တိုးတက်မှုအပြင် ပြည်တွင်းနှင့် နိုင်ငံတကာ ဈေးကွက်တွေရှိ ဈေးနှုန်းများအပါအဝင် အချက်အလက်ပေါင်းများစွာကို ထည့်သွင်း စဉ်းစားဖို့လို အပ်ပါကြောင်း Ateng က ပြောကြားခဲ့သည်။
အင်ဒိုနီးရှား စားအုန်းဆီထုတ်လုပ်သူများအသင်း (Gapki) ၏ ခန့်မှန်းချက်အရ B50 မူဝါဒ ကြောင့် ပြည်တွင်းစားအုန်းဆီဝယ်လိုအား တန်ချိန် ၁.၉ သန်းခန့် ထပ်မံလိုအပ်လာမည်ဟု သိရ သည်။ B50 အစီအစဉ်ကို လည်ပတ်ဆောင်ရွက်နိုင်ရန် အင်ဒိုနီးရှားနိုင်ငံအနေဖြင့် စားအုန်းဆီကြမ်း (crude palm oil) တန်ချိန် ၁၄.၆ သန်းခန့် လိုအပ်ဖွယ်ရှိသည်။ ပြည်တွင်းစိုက်ခင်းများအနေဖြင့် တိုးတက်များပြားလာသော ဝယ်လိုအားကို ဖြည့်ဆည်းပေးနိုင်ဆဲဖြစ်သော်လည်း ပြည်ပသို့ တင်ပို့မှု နှင့်ပတ်သက်သည့် စိန်ခေါ်မှုများကတော့ ကြီးမားလျက်ရှိသည်။ B50 စနစ်ကြောင့် ပြည်တွင်း သုံးစွဲမှု မြင့်တက်လာပြီးနောက် ပြည်ပတင်ပို့မှု ပမာဏ သိသိသာသာ ကျဆင်းသွားနိုင်သည်ဟု Gapki က ခန့်မှန်းထားသည်။ အကယ်၍ ထုတ်လုပ်မှုပမာဏသည် လက်ရှိအဆင့်တွင်သာ ဆက်လက် ရပ်တန့် နေပါက ပြည်ပတင်ပို့မှု ကျဆင်းသွားဖွယ်ရှိကြောင်း သိရှိရပါသည်။
အင်ဒိုနီးရှား သမ္မတ Prabowo Subianto ၏ အစိုးရအဖွဲ့သည် B50 မူဝါဒကို အင်ဒိုနီးရှား နိုင်ငံ၏ ရေနံတင်သွင်းမှုအပေါ် မှီခိုအားထားနေရသည့် ပြဿနာအတွက် အကောင်းဆုံးဖြေရှင်း နည်းလမ်း တစ်ခုအဖြစ် ရှုမြင်ထားသည်။ စင်ကာပူနှင့် မလေးရှားနိုင်ငံတို့ထံမှ စွမ်းအင်ဝယ်ယူမှုများ မြင့်တက်လာခြင်းကြောင့် ၂၀၂၆ ခုနှစ်၊ ဇွန်လတွင် အင်ဒိုနီးရှားနိုင်ငံ၏ ရေနံနှင့် သဘာဝဓာတ်ငွေ့ တင်သွင်းမှုပမာဏသည် ယခင်နှစ်ကာလတူနှင့်နှိုင်းယှဉ်ပါက ၁၀၅.၁၅ % အထိ မြင့်တက်လာခဲ့ သည်။
ကမ္ဘာ့စားအုန်းဆီ ထောက်ပံ့မှုကဏ္ဍတွင် အင်ဒိုနီးရှားနိုင်ငံသည် အများဆုံးအချိုးအစားဖြင့် ပါဝင်လျက်ရှိသည်။ ကမ္ဘာတစ်ဝန်းရှိ စီးပွားရေးလုပ်ငန်းများသည် ဆပ်ပြာနှင့် မုန့်မျိုးစုံကဲ့သို့သော နေ့စဉ် သုံးပစ္စည်းများအပါအဝင် ထုတ်ကုန်အများအပြားကို ထုတ်လုပ်ရာတွင် စားအုန်းဆီကို အသုံးပြုကြကြောင်း သိရှိရသည်။
Source: Jakarta Globe, 03 Aug 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)
