Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

တိုးချဲ့မွေးမြူသင့်သော ငါးရံ့နှင့် ငါးရံ့ခြောက်ဈေးကွက်

        ငါးရံ့ငါးဆိုလျှင် ငါးခြောက်ပြုလုပ်ပါက အရမ်းချိုပြီး စားကောင်းသည့်ငါးဖြစ်သည့်အပြင် မြစ်ချောင်း၊ အင်းအိုင်များပေါများသော ပဲခူးတိုင်းဒေသကြီးတွင် ငါးရံ့ခြောက်ကို ဒေသထွက်ကုန်တစ်ခုအနေဖြင့် ထုတ်လုပ်ရောင်းချလျှက်ရှိပါသည်။ ငါးရံ့မျိုးစိတ်ပေါင်းများစွာရှိသည့်အနက် မြန်မာနိုင်ငံတွင် ငါးရံ့ (၅) မျိုးရှိပြီး ရေချိုတွင်သာနေထိုင်ကြပြီး ရေချို၌သာ သားပေါက်လေ့ရှိပြီး ငါးရံ့အောက် အမျိုးအစားမှာ ကြီးထွားနှုန်းကောင်းမွန်သောကြောင့် ရွေးချယ်မွေးမြူသင့်သော ငါးမျိုးဖြစ်သည်။

          ငါးရံ့ကို ငါးရံ့အူဆီပြန်၊ ငါးရံ့ခေါင်းချဉ်ရည်ဟင်း၊ ငါးရံ့ဒန့်သလွန်ဟင်း၊ ငါးရံ့ပင်စိမ်း၊ ငါးရံ့ဆန်လှော်ဟင်းများသည်လည်း လူကြိုက်များသော ဟင်းလျာများဖြစ်ကြသည့်အပြင် ငါးရံ့ငါးမှာ ချိူလှသဖြင့် မုန့်ဟင်းခါးပြုလုပ်ရာ၌လည်း အသုံးပြုကြသောကြောင့် ဈေးကွက်တွင် လူကြိုက်များသော ငါးဖြစ်ပါသည်။ ငါးရံ့ငါးမွေးမြူရာတွင်  ရောဂါမရှိဘဲ အကြမ်းခံနိုင်ခြင်း၊ အစာချေးမများခြင်း၊ အသေအပျောက်နည်းခြင်း၊ ကျွေးသလောက်စား၊ စားသလောက်အရွယ်အစားကြီးထွားနိုင်ခြင်းအပြင် ငါးစိုရော ငါးခြောက်ပါ ဝယ်လိုအားကောင်းမွန်ခြင်းကြောင့် စီးပွားရေးတွင်လည်း အရေးပါသောငါးတစ်မျိုးဖြစ်ခြင်းကြောင့် တိုးချဲ့မွေးမြူသင့်သော ငါးတစ်မျိုးဖြစ်သည်။

          ငါးခြောက်ပြုလုပ်ရာတွင် ငါးရံ့အစိုတစ်ပိဿာကို ၂၀၀၀၀ ဈေးမှ ၂၅၀၀၀ ဈေးအထိ အကောင်၊ အကြီး၊ အသေးပေါ်မူတည်၍ ဝယ်ယူရပြီး အဆိုပါ ငါးအစိုကို ခွဲခြမ်းပြီး နေလှမ်းရာတွင် ငါးခြောက်အဖြစ် ၂၅ ကျပ်သားမှ ၃၀ ကျပ်သားအထိ ထွက်ရှိပါသည်။ ငါးရံ့ခြောက်ထုတ် လုပ်သူများအနေဖြင့် ငါးရံ့အစိုတစ်ပိဿာကို အခြောက်ပြုလုပ်ရာ၌ ခန့်မှန်းကုန်ကျငွေ ၈၀၀၀၀ ကျပ်ဖြစ်ပြီး ငါးရံ့ခြောက် တစ်ပိဿာ ၉၀၀၀၀ ကျပ်မှ ၁၀၅၀၀၀ ကျပ်ဈေးဖြင့် ရောင်းချရသည့်အတွက် ငါးရံ့ခြောက် တစ်ပိဿာအပေါ် ၁၅၀၀၀ ကျပ်ခန့် အမြတ်အစွန်းရရှိပြီးငါးရံအရေခွံကိုလည်းကြော်၍ ပြန်လည်ရောင်းချနိုင်ပါ၍ ထုတ်လုပ်သူများအနေဖြင့် တစ်ပိုင်တစ်နိုင်ထုတ်လုပ်ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ပုသိမ်မြို့၏ ပုစွန်ခြောက်ဈေးကွက် အခြေအနေ

        ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့အတွင်းရှိ ဈေးကြီးများနှင့် ကုန်စည်ဒိုင်များတွင် ပုစွန်ခြောက်များ ပုံမှန်ရောင်းချလျက်ရှိပြီး ဒေသတွင်းထွက်နှင့် ရခိုင်ဘက်မှ တင်ပို့လာသော ပုစွန်ခြောက်များ ရောင်းချလျက်ရှိကြောင်း သိရသည်။ ပုသိမ်မြို့သည် ပုစွန်ခြောက်ထုတ်လုပ်ရာ ဒေသအဖြစ် ထင်ရှားပြီး ဒေသတွင်းထွက် ပုစွန်ခြောက်များမှာ အရည်အသွေးကောင်းမွန်သည် ဟု နာမည်ကြီးသည်။ ပုစွန်ခြောက်သည် ရာသီမရွေး ပုံမှန်အရောင်းအဝယ်ဖြစ်သော ကုန်ခြောက် ပစ္စည်း တစ်မျိုးလည်းဖြစ်သည်။

          ၂၀၂၆ ခုနှစ် ဇန်နဝါရီလဆန်းအတွင်း ပုသိမ်မြို့ဈေးကွက်တွင် ပုစွန်ခြောက် အကောင် ကြီးစား တစ်ပိဿာလျှင် ကျပ် ၁၅၅,၀၀၀ မှ ၁၆၀,၀၀၀ အထိ၊ အလတ်စား တစ်ပိဿာလျှင် ကျပ် ၁၂၅,၀၀၀ မှ ၁၃၀,၀၀၀ အထိ၊ အသေးစား တစ်ပိဿာလျှင် ကျပ် ၁၁၀,၀၀၀ မှ ၁၂၀,၀၀၀ အထိ ရောင်းချလျက်ရှိကြောင်း သိရသည်။ ပုစွန်ခြောက်အသေးအမှုန့် ဈေးနှုန်းမှာ တစ်ပိဿာ လျှင် ကျပ် ၉၅,၀၀၀ မှ ၁၀၀,၀၀၀ အထိ ရောင်းချလျက်ရှိပြီး ဟင်းခတ် အမွှေးအကြိုင်အဖြစ် နေ့စဉ်အသုံးပြုမှု များကြောင့် ဝယ်လိုအားကောင်းမွန်လျက်ရှိကြောင်း သိရသည်။

          ပုသိမ်မြို့ ကုန်စည်ဒိုင်တစ်ခုမှ ကုန်သည်တစ်ဦးက "ပုသိမ်ထွက် ပုစွန်ခြောက်တွေဟာ အရည်အသွေးကောင်းတဲ့အတွက် ပြည်တွင်းဈေးကွက်မှာရော နိုင်ငံတကာတင်ပို့မှုမှာပါ ဝယ်လိုအား မြင့်မားပါတယ်။ ယခုလအတွင်း ပုစွန်ခြောက်ဈေးနှုန်းများ တည်ငြိမ်မှုရှိပြီး ပုံမှန်အရောင်းအဝယ် ဖြစ်နေပါတယ်" ဟု ပြောကြားသည်။ ပုသိမ်မြို့မှ ပုစွန်ခြောက်များကို ရန်ကုန်၊ မန္တလေးစသော မြို့ကြီးများသို့လည်းကောင်း၊ နိုင်ငံတကာဈေးကွက်များသို့လည်းကောင်း တင်ပို့ရောင်းချလျက် ရှိကြောင်း သိရသည်။

DOCA (ဧရာဝတီ)

မြင်းခြံမြို့နယ်အတွင်း ဂန္ဓမာပန်းစိုက်ခင်းများအောင်မြင်ဖြစ်ထွန်း၍ ဈေးကောင်းရရှိကြောင်း

         မြင်းခြံမြို့နယ်အတွင်းရှိ ဒါးကျွန်းကျေးရွာနှင့် ပတ္တာကျေးရွာများ၌ ပန်းမျိုးစုံစိုက်ပျိုးလျက်ရှိရာ အေးမြသောဆောင်းရာသီ၌ အောင်မြင်ဖြစ်ထွန်းပြီး  စီးပွားရေးအတွက် ဈေးကောင်းရရှိသော ဂန္ဓမာပန်းအဝါမျိုးများကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးလျက်ရှိကြောင်း၊ တိုက်ရိုက်အစေ့ချ စနစ်ဖြင့်စိုက်ပျိုးပြီး မြေဘောင်တင်စနစ်ဖြင့်  (၆) လက်မအကွာတွင် ပင်ကြားတန်းကြား အကွာအဝေး စိုက်ပျိုးထားကြောင်း၊ မြေအောက်ရေတင်စနစ်တို့ဖြင့် စိုက်ပျိူးပြီး မြေအကျယ်အဝန်း ပေ (၈၀) ပတ်လည်တွင် အပင်အ‌ရေအတွက်(၈၅၀၀)ခန့် စိုက်ပျိုးလျက်ရှိကြောင်း သိရ သည်။  ဂန္ဓမာပန်းမျိုးကို စက်တင်ဘာလ၌ စတင်စိုက်ပျိုး၍ စိုက်ပျိုးပြီး ၄လအကြာ ဒီဇင်ဘာလတွင် ပန်းများစတင်ခူးဆွတ်၍ ဈေးကွက်၌ ရောင်းချကြောင်း၊ စိုက်ပျိုးပြီးပန်းပင်များကို  ၇ရက်ခြားတစ်ကြိမ် ပိုးသတ်ဆေးဖြန်းပေးရပြီး ဂန္ဓမာပန်း(အဝါမျိုး)အား စိုက်ပျိုးကုန်ကျစရိတ်အနေဖြင့် သွင်းအားစု၊ လုပ်သားခအပါအဝင်၊ မြေပြုပြင်ခြင်း၊ ရေတင်သွင်းခြင်း၊ စုစုပေါင်း ငွေကျပ်(၁၄) သိန်းဝန်းကျင်ခန့်ကုန်ကျကြောင်း၊ ဈေးနှုန်းဈေးကွက်အနေဖြင့်  ပန်း(၁)ခိုင်လျှင် ၇၀၀ ကျပ်ဖြင့် ရောင်းချရကြောင်း၊  ပန်းစပွင့်သည်မှ ၅ ရက်ခြား တစ်ကြိမ်ခူးဆွတ်နိုင်ကြောင်း ယခုနှစ်တွင် ပန်းများဈေးကောင်းရရှိသဖြင့် အကျိုးအမြတ် (၉)သိန်းကျပ်ခန့် ရရှိကြောင်း၊ ဒေသထွက် ဂန္ဓမာပန်းများကို မြင်းခြံမြို့ရှိ စံပြဈေး၊ မြို့မဈေးနှင့် အေးမြသီတာဈေးများသို့ရောင်းချကြောင်း၊ စိုက်ခင်းသို့လည်း တိုက်ရိုက်လာရောက်ဝယ်ယူကြကြောင်း၊ တောင်သာမြို့နှင့် နွားထိုးကြီးမြို့များသို့လည်း တင်ပို့ရောင်းချကြောင်း  ဒါးကျွန်းကျေးရွာမှ ပန်းစိုက်တောင်သူ၏ပြောပြချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)

၂၀၂၅-၂၀၂၆ခုနှစ်၊ နွားထိုးကြီးမြို့နယ်၏ မိုးနှမ်းရိတ်သိမ်းမှုနှင့် အကျိုးအမြတ်အခြေအနေ

         မိုးနှမ်းများကို မေလ၊ ဇွန်လနှင့် ဇူလိုင်လတို့တွင် စတင်စိုက်ပျိုးကြပြီး ဩဂုတ်လ၊ စက်တင်ဘာလနှင့် အောက်တိုဘာလတို့တွင် ရိတ်သိမ်းထွက်ပေါ်လေ့ရှိကြောင်း သိရှိရသည်။ ၂၀၂၅-၂၀၂၆ခုနှစ်၊ နွားထိုးကြီးမြို့နယ်အနေဖြင့် မိုးနှမ်းစီမံကိန်း (၁၇၄၅၀၂)ဧကလျာထားချက်တွင် စိုက်ပျိုးပြီး ဧက (၁၇၄၅၀၂)ဧက၌ ဧကအားလုံးရိတ်သိမ်းခဲ့ပြီး တစ်ဧကအထွက်နှုန်းအနေဖြင့် (၅-၆)တင်းခန့် ထွက်ရှိခဲ့ကြောင်း  မြို့နယ်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၏ စာရင်းများအရ သိရသည်။ တစ်ဧက မျိုးစေ့(၄)ပြည် စိုက်ပျိုးကြောင်း၊ ထွန်ကြောင်းဆွဲပြီး ကြဲပတ်စနစ်ဖြင့် စိုက်ပျိုးကြောင်း၊ တစ်ဧက ကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် (၃၀၀၀၀၀) ကျပ်ခန့် ကုန်ကျကြောင်း၊ ထွက်ပေါ်ချိန်ရောင်းဈေးအနေဖြင့် တစ်တင်းလျှင်(၉၀,၀၀၀) ကျပ်ခန့်ရရှိကြောင်း၊ တစ်ဧကအကျိုး အမြတ်အနေဖြင့် (၂၄၀,၀၀၀)ကျပ်ခန့်ရရှိကြောင်း မိုးနှမ်းစိုက်တောင်သူစ်ဦး၏ ပြောပြချက်အရ သိရှိရသည်။

         နွားထိုးကြီးမြို့နယ်တွင် မိုးနှမ်းများကို ရွာကြီးကျေးရွာ၊ နနွင်းတော်ဘိုးရွာ၊ ကန်ရွာ၊ ကုန်းသာရွာ၊ နန်းတည်ရွာ၊ ထနောင်းကုန်းရွာနှင့် ဇရပ်ကြီးကျေးရွာများတွင် စိုက်ပျိုးထားရှိကြောင်း၊ ၂၀၂၆ခုနှစ် ဇန်နဝါရီလ၌ မိုးနှမ်းညို တစ်တင်းလျှင်(၉၅၀၀၀)ကျပ်ခန့် ပေါက်ဈေးများဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း၊ ဒေသထွက်မိုးနှမ်းကိုကြိတ်ခွဲ၍ ဒေသတွင်းကျေးရွာများ၌ နှမ်းဆီအဖြစ်စားသုံးကြပြီး၊ နှမ်းစေ့ကို မုန့်လုပ်ငန်းနှင့် လဖက်ပဲကြော်လုပ်ငန်းများတွင် အသုံးပြုကြပါသည်။ နှမ်းဆီကြိတ်ဖတ်များကိုလည်း တိရိစ္ဆာန်အစာအဖြစ် အသုံးပြုကြပါသည်။ ကျေးရွာများမှထွက်ရှိသော နှမ်းများကို မြင်းခြံမြို့ရှိပွဲရုံများသို့ တင်ပို့ရောင်းချကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

“(ဆောင်း)ပဲကြီးအစိုများ စတင်ထွက်ပေါ်မှုနှင့် ဈေးနှုန်းအခြေအနေ”

       မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်သည် ဆည်ရေသောက်ဒေသတစ်ခုဖြစ်သောကြောင့် စပါး၊ ပဲ၊ ပြောင်း၊ နှမ်းသီးနှံမျိုးစုံ အောင်မြင်ဖြစ်ထွန်းလျက်ရှိရာ ကျောက်ဆည်ခရိုင်အတွင်းရှိ ကျေးလက်နေတောင်သူများသည် မိသားစု အပိုဝင်‌ငွေရရှိရေးအတွက် ဆောင်းသီးနှံဖြစ်သော ပဲကြီးသီးနှံကို လယ်ကန်သင်းရိုးများတွင် တစ်ပိုင်တစ်နိုင်စိုက်ပျိုးလာရာမှ ယခုအခါတွင် တွက်ခြေကိုက်သီးနှံဖြစ်သောကြောင့် လယ်မြေ၊ ယာမြေများတွင် စီးပွားဖြစ်အများအပြား စိုက်ပျိုးလာကြပါသည် ။

        ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ပဲကြီး စိုက်ပျိုးမှုအနေဖြင့် ကျောက်ဆည်မြို့နယ်တွင်(၂၄၂)ဧက ၊ မြစ်သားမြို့နယ်တွင် (၂၄၀)ဧက၊ စုစုပေါင်း(၄၈၂)ဧက စိုက်ပျိုးထားရှိပြီးကြောင်း သက်ဆိုင်ရာဌာန၏စာရင်းများအရ သိရှိရပါသည်။ ပဲကြီးသီးနှံကိုအောက်တိုဘာလတွင် စတင်စိုက်ပျိုးကြပြီး စိုက်ပျိုးရာတွင် ထွန်မွှေ၊ စိုက်ကြောင်းဆွဲပြီး ကျင်းဖောက်စနစ်ဖြင့် စိုက်ပျိုးကြကြောင်း၊ (၁)ဧက ကုန်ကျစရိတ်အနေဖြင့်မျိုး၊ သွင်းအားစု၊ ရိတ်သိမ်း၊ ချွေလှေ့၊ အလုပ်သမားခအပါအဝင် စုစုပေါင်း(၃၀၀,၀၀၀/-)ကျပ် ဝန်းကျင်ကုန်ကြကြောင်း၊ ယခင်နှစ် အထွက်နှုန်းအနေဖြင့် ပဲကြီးအခြောက် (၁၀-၁၂)တင်းခန့် ထွက်ရှိခဲ့ကြောင်း၊ ဈေးနှုန်းအနေဖြင့် ပဲကြီးအခြောက် တစ်တင်းလျှင် (၈၀,၀၀၀/-)ကျပ်၊ ပဲကြီးအစို (၁)ပြည်လျှင်(၂,၅၀၀-၃,၀၀၀)ကျပ် ဈေးနှုန်းများဖြင့်ရောင်းဝယ်ခဲ့ကြောင်း၊ ရိတ်သိမ်းပြီးပဲကြီးအခြောက်များကို ဒေသတွင်းရှိ ပွဲရုံများကိုသာ ရောင်းချကြပြီး ပဲကြီးလှော်၊ ပဲကြီးကြော်လုပ်ငန်းရှင်များမှလည်း ကျေးရွာအရောက် လာရောက်ဝယ်ယူကြကြောင်း၊ (၁)ဧက အကျိုးအမြတ်အနေဖြင့် (၅၀၀,၀၀၀/-)ကျပ်ဝန်းကျင် မြတ်ခဲ့ကြောင်း၊ ပဲကြီးသီးနှံမှာ စိုက်ပျိုးသည်မှ ရိတ်သိမ်းပြီးသည်အထိ (၃)လမှ(၆)လအတွင်းရှိပါသည်။ စိုက်ပျိုးပြီး (၃)လအကြာတွင် အဖူးအပွင့်များစတင်ဖူးပွင့်ပြီး ယခုအချိန်တွင် အစောစိုက် (ဆောင်း)ပဲကြီးအစိုများ စတင်ထွက်ပေါ်လျက်ရှိပြီး ပေါ်ဦးပေါ်စအချိန်တွင် ပဲကြီးအစို ဈေးနှုန်းမှာ လက်ကားဈေး (၁)ပြည်လျှင် (၁၀,၀၀၀)ကျပ်၊ လက်လီဈေး တစ်ဘူးလျှင်(၁,၅၀၀)ကျပ် ဈေးဖြင့်ရောင်းချလျက်ရှိကြောင်း၊ တောင်သူအများစုမှာ ပဲကြီးအစိုများကိုသာ ခူးဆွတ်၍ ရောင်းချကြကြောင်း၊ ပဲကြီးအခြောက် ဈေးနှုန်းအနေဖြင့် ယခုအချိန်တွင် တစ်တင်းလျှင် (၁၁၀,၀၀၀)ကျပ်စျေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းကို နေလသုခပွဲရုံ မှသိရှိရသည်။ ပဲကြီးသီးနှံ စိုက်ပျိုးခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိရုံသာမက ကျွဲစာ၊ နွားစာများအတွက်လည်း ဖူလုံလျက်ရှိသောကြောင့် ပိုမိုတိုးချဲ့ စိုက်ပျိုးသင့်ပါကြောင်းကို ဖျောက်ဆိပ်ပင်ကျေးရွာမှ ပဲကြီးစိုက်တောင်သူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(မန္တလေး)

မုံရွာမြို့နယ်ရှိ ရောင်းချလျက်ရှိသော ကွမ်း ဈေးနှုန်းဈေးကွက်အခြေအနေ

                      စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ အောင်သာကျေးရွာတွင် ကွမ်းကို တစ်နိုင်တစ်ပိုင် အနေဖြင့်သော်လည်းကောင်း၊ စီးပွားဖြစ်သော်လည်းကောင်း စိုက်ပျိုးကြပြီး မိုးစိုက်နှင့်ဆောင်းစိုက်ဟူ၍ စိုက်ပျိုးကြရာ မိုးစိုက်မှာ ပိုးကျလွယ်ပြီး ပျက်စီးဆုံးရှုံးမှုများသဖြင့် ဆောင်းစိုက်ကိုသာ ပိုမိုစိုက်ပျိုးကြကြောင်း သိရသည်။

             ကွမ်းကိုစိုက်ပျိုးရန်အတွက် ကွမ်းမျိုးဖြစ်သည့် ကွမ်းညွန့်တစ်ညွန့်လျှင် လက်ကားဈေး ငွေကျပ် ၅၀၀ ကျပ်ခန့်ဖြင့် ဝယ်ယူကာ တစ်ဧက၏ နှစ်ပုံတစ်ပုံခန့် ၀.၅ ဧက အကျယ်ရှိ ကွမ်းခြံ၌ ကွမ်းအညွန့် ၁၀၀၀-၁၁၀၀ ခန့် စိုက်ပျိုးကြပြီး မျိုးအနေဖြင့် ကွမ်းနုဝါမျိုးကို အများဆုံး စိုက်ပျိုးကြကြောင်း၊ ကွမ်းကို စိုက်ပျိုးပြီး ၅-၆ လခန့်အကြာတွင် စတင်ခူးဆွတ်နိုင်ပြီး  နေရာဒေသ၊ မြေအနေအထားနှင့် ကွမ်း မျိုးကောင်းမျိုးသန့်အပေါ်မူတည်၍  ၃ နှစ်မှ ၅ နှစ်အထိ ခူးဆွတ်ရရှိ နိုင်ကြောင်း၊  စိုက်ပျိုးမှုကုန်ကျ စရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် တစ်ဧက၏ နှစ်ပုံတစ်ပုံခန့် ၀.၅ ဧကလျှင် ငွေကျပ် ၇၀ သိန်းခန့် ကုန်ကျကြောင်း၊ အထွက်နှုန်းအနေဖြင့် ကွမ်းရွက်ကို ၁၀ ရက်ခြား တစ်ကြိမ် ခူးဆွတ်ရပြီး တစ်ကြိမ် ခူးဆွတ်လျှင် ၂၀-၂၅ ပိဿာခန့် ထွက်ရှိ၍ တစ်လလျှင် ပိဿာချိန် ၅၀-၆၀ ခန့် ထွက်ရှိရာ ကွမ်းပင်များ ဖြစ်ထွန်းအောင်မြင်မှုအပေါ် မူတည်၍ အထွက်နှုန်းကွာခြားမှုရှိကြောင်း၊ ဈေးနှုန်းဈေးကွက်အနေဖြင့်  ဇန်နဝါရီ ဒုတိယပတ်တွင် လက်ကားဈေး ကွမ်းတစ်ပိဿာလျှင် ငွေကျပ် ၂၀၀၀၀-၂၂၀၀၀ နှုန်းဖြင့် မုံရွာမြို့ပေါ်ရှိ ကွမ်းအဝယ် ဒိုင်များသို့ တင်ပို့ရောင်းချရပါကြကြောင်း၊ အအေးဓာတ်ဝင်လျှင် ကွမ်းအထွက်နှုန်း နည်းသွားသည့် အတွက် ယခုအခါတွင် ဆောင်ရာသီကာလ ဖြစ်၍ ဈေးနှုန်းမြင့်တက်လျက်ရှိကြောင်း ကွမ်းစိုက် တောင်သူများထံမှ သိရသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုခရိုင် မိုးစပါးရိတ်သိမ်းမှုနှင့် ဈေးနှုန်း၊ဈေးကွက်အခြေအနေ

                    ရွှေဘိုခရိုင်အနေဖြင့် ၂၀၂၅-၂၀၂၆ ခုနှစ်တွင် ရွှေဘိုပေါ်ဆန်း မိုးစပါး (၃၁၃,၄၅၇)ဧကနှင့် အခြားမိုးစပါး(၃၃၀,၃၇၉)ဧက စုစုပေါင်း  (၆၄၃,၈၃၆)ဧက စိုက်ပျိုးပြီး ရာသီကုန် ရိတ်သိမ်းပြီးစီး၍ အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင်  ၈၀တင်းနှုန်းထွက်ရှိသဖြင့် စုစုပေါင်း ၅၁,၅၀၆,၈၈၀ တင်း ထွက်ရှိကြောင်း သက်ဆိုင်ရာဌာနများ၏ စာရင်းများအရ သိရှိရသည်။

          ရွှေဘိုခရိုင်အတွင်း ၂၀၂၅-၂၀၂၆ မိုးစပါးများကို ၂၀၂၅ခုနှစ် ဒီဇင်ဘာလ (ဒုတိယပတ်)မှ စတင်ရိတ်သိမ်းပြီး ပေါ်ချိန် စပါး/ဆန် ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်း စပါးတင်း ၁၀၀လျှင် ၃,၇၀၀,၀၀၀ကျပ်၊ ရွှေဘိုပေါ်ဆန်းဆန်(၂၄)ပြည်ပါ တစ်အိတ်လျှင် (၁၅၀,၀၀၀)ကျပ်၊ ဧရာမင်းစပါး တင်း၁၀၀လျှင် ၂,၀၀၀,၀၀၀ကျပ်၊ ဧရာမင်းဆန် (၂၄)ပြည်ပါ တစ်အိတ်လျှင် (၁၀၀,၀၀၀)ကျပ် ရှိပြီး ယခု ဇန်နဝါရီလ  ဒုတိယပတ်တွင် ရွှေဘိုပေါ်ဆန်းစပါး တင်း၁၀၀လျှင် ၃,၉၀၀,၀၀၀ကျပ်၊ ရွှေဘိုပေါ်ဆန်းဆန်(၂၄)ပြည်ပါ တစ်အိတ်လျှင် (၁၄၀,၀၀၀)ကျပ်၊ ဧရာမင်းစပါး တင်း၁၀၀လျှင် ၂,၀၀၀,၀၀၀ကျပ်၊ ဧရာမင်းဆန် (၂၄)ပြည်ပါ တစ်အိတ်လျှင် (၁၀၀,၀၀၀)ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သတင်းရရှိသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့နယ် ဘုမ္မနိုးကျေးရှိ ကွမ်းရွက် ဈေးနှုန်းဈေးကွက်

              စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ ဘုမ္မနိုးကျေးရွာတွင် ကွမ်းကို တစ်နိုင်တစ်ပိုင် အနေဖြင့် သော်လည်းကောင်း၊ စီးပွားဖြစ်သော်လည်းကောင်း စိုက်ပျိုးကြပြီး မိုးစိုက်နှင့်ဆောင်းစိုက်ဟူ၍ စိုက်ပျိုးကြရာ မိုးစိုက်မှာ ပိုးကျလွယ်ပြီး ပျက်စီးဆုံးရှုံးမှုများသဖြင့် ဆောင်းစိုက်ကိုသာ ပိုမိုစိုက်ပျိုးကြကြောင်း သိရသည်။

          ကွမ်းရွက်ကိုစိုက်ပျိုးရန်အတွက် ကွမ်းမျိုးဖြစ်သည့် ကွမ်းညွန့်တစ်ညွန့်လျှင် လက်ကားဈေး ငွေကျပ် ၆၀၀-၇၀၀ ကျပ်ခန့်ဖြင့် ဝယ်ယူကာ ၁ ဧက၏ လေးပုံတစ်ပုံခန့် ၀.၂၅ ဧက အကျယ်ရှိ ကွမ်းခြံ၌ ကွမ်းအညွန့် ၂၅၀-၂၀၀ ခန့် စိုက်ပျိုးကြပြီး မျိုးအနေဖြင့် ကွမ်းနုဝါမျိုးကို အများဆုံး စိုက်ပျိုး ကြကြောင်း၊ ကွမ်းကို စိုက်ပျိုးပြီး ၂လခွဲ ၃လခန့်အကြာတွင် စတင်ခူးဆွတ်နိုင်ပြီး  နေရာဒေသ၊ မြေအနေအထားနှင့် ကွမ်း မျိုးကောင်း မျိုးသန့်အပေါ်မူတည်၍  ၃ နှစ်မှ ၅ နှစ်အထိ ခူးဆွတ် ရရှိနိုင်ကြောင်း၊  စိုက်ပျိုးမှုကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် တစ်ဧက၏ လေးပုံတစ်ပုံခန့် ၀.၂၅ ဧကလျှင် ငွေကျပ် ၅၀ သိန်းခန့် ကုန်ကျကြောင်း၊ အထွက်နှုန်းအနေဖြင့် ကွမ်းရွက်ကို ဆောင်းရာသီတွင် ၁၅ ရက်ခြား တစ်ကြိမ်၊ နွေရာသီတွင် ၁၀ ရက်ခြားတစ်ကြိမ် ခူးဆွတ်ရပြီး တစ်ကြိမ် ခူးဆွတ်လျှင် ၁၀-၁၅ ပိဿာခန့် ထွက်ရှိ၍ တစ်လလျှင် ပိဿာချိန် ၆၀-၇၀ ခန့် ထွက်ရှိရာ ကွမ်းပင်များဖြစ်ထွန်းအောင်မြင်မှုအပေါ်မူတည်၍အထွက်နှုန်းကွာခြားမှုရှိကြောင်း၊ဈေးနှုန်းဈေးကွက်အနေဖြင့်ဇန်နဝါရီလဒုတိယပတ်တွင် လက်ကားဈေး ကွမ်းတစ်ပိဿာလျှင် ငွေကျပ် ၂၅,၀၀၀-၃၀,၀၀၀ နှုန်းဖြင့် မုံရွာမြို့ပေါ်ရှိ ကွမ်းအဝယ်ဒိုင်များသို့ တင်ပို့ရောင်းချကြကြောင်း၊ တစ်လလျှင် ၁၅ သိန်းကျော်ခန့် ဝင်ငွေရရှိကြောင်း၊  အအေးဓာတ်ဝင်လျှင် ကွမ်းအထွက်နှုန်း နည်းသွားသည့်အတွက် ဆောင်းတွင်းကာလများတွင် ဈေးနှုန်းတက်လာကြောင်း ကွမ်းစိုက်တောင်သူ များထံမှ သိရသည်။

DOCA(စစ်ကိုင်း)                                    

ဟင်္သာတမြို့နယ်အတွင်း ကုလားပဲဆံနှင့် ကုလားပဲလုံးဈေးကွက် ဈေးနှုန်းများ တည်ငြိမ်လျက်ရှိ

      ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်အတွင်းရှိ ကုလားပဲဆံနှင့် ကုလားပဲလုံး ဈေးကွက်များသည် ဩဂုတ်လ တတိယပတ်အတွင်း ဈေးနှုန်းများ တည်ငြိမ်လျက်ရှိကြောင်း သိရှိရပါသည်။ ဟင်္သာတခရိုင်သည် ဧရာဝတီတိုင်းဒေသကြီးအတွင်း ပဲမျိုးစုံစိုက်ပျိုးမှုအများဆုံး ခရိုင်တစ်ခုဖြစ်ပြီး ၂၀၂၄-၂၀၂၅ ခုနှစ်အတွင်း ကုလားပဲ (၂၅,၀၀၀) ဧကခန့် စိုက်ပျိုးထုတ်လုပ် လျက်ရှိကြောင်း သက်ဆိုင်ရာဌာနများ၏ စာရင်းများအရ သိရသည်။

          ဒေသထွက်ကုလားပဲများကို ပြည်တွင်းဈေးကွက်သို့ တင်ပို့ရောင်းချသည့်အပြင် ပဲခွဲစက် များဖြင့်ခွဲ၍ ကုလားပဲဆံများ ထုတ်လုပ်ရောင်းချမှုများလည်း ရှိကြောင်း သိရသည်။ စက်တင် ဘာလ တတိယပတ်အတွင်း ဟင်္သာတမြို့နယ်ဈေးကွက်ရှိ ကုလားပဲဈေးနှုန်းများ(ခန့်မှန်း) ကုလားပဲဆံ (၁)ပြည် - ကျပ် ၁၀,၀၀၀ ၊ ကုလားပဲဆံ (၁)တင်း - ကျပ် ၁၆၀,၀၀၀ ၊ ကုလားပဲလုံး (၁)ပြည် - ကျပ် ၈,၀၀၀ ၊ ကုလားပဲလုံး (၁)တင်း - ကျပ် ၁၂၈,၀၀၀ ဖြစ်ပြီး ဈေးနှုန်းများမှာ ကုလားပဲ၏အရည်အသွေး၊ အဆင့်အတန်းနှင့် ရောင်းသည့်နေရာဒေသအလိုက် အနည်းငယ် ကွဲပြားမှုရှိနိုင်ကြောင်း သိရပါသည်။

          ဟင်္သာတမြို့နယ်အတွင်း ကုလားပဲဆံများကို တစ်ဆင့်ပြန်လည်ရောင်းချမည့်သူများ၊ ကိုယ်တိုင်ကြော်သည့် ကုလားပဲဆံကြော်ဖိုများ၊ အလှူမင်္ဂလာပွဲလမ်း ဆောင်ရွက်မည့်သူများမှ အဓိကဝယ်ယူကြပြီး ကုလားပဲလုံးများကို ဒေသတွင်းရှိစားသုံးသူများ၊ တစ်ဆင့်ပြန်လည် ရောင်းချမည့်သူများ၊ ကုလားပဲသုတ်ရောင်းချသူများမှ အဓိကဝယ်ယူကြောင်း သိရသည်။

          ယခုလက်ရှိတွင် ဈေးကွက်အတွင်း ကုလားပဲဆံနှင့် ကုလားပဲလုံးများ ဝင်ရောက်မှုနှုန်းမှာ ပုံမှန်ဖြစ်ပြီး ဝယ်လိုအားလည်း ပုံမှန်ရှိသောကြောင့် ဈေးနှုန်းများ တည်ငြိမ်လျက်ရှိကြောင်း သိရပါသည်။

DOCA(ဧရာဝတီ)

ရေကြည်မြို့နယ် သီဟိုဠ်စေ့ဈေးကွက် အရောင်းအဝယ်စည်ကားလျက်ရှိ

     ရေကြည်မြို့နယ်အတွင်းရှိ သီဟိုဠ်စေ့ဈေးကွက်သည် စက်တင်ဘာလအတွင်း အရောင်း အဝယ်စည်ကားလျက်ရှိပြီး ဒေသထွက်သီဟိုဠ်စေ့များကို ရန်ကုန်ဈေးကွက်သို့ အဓိကတင်ပို့ ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ရေကြည်မြို့နယ်သည် ဧရာဝတီတိုင်းဒေသကြီးအတွင်း သီဟိုဠ်စေ့ထုတ်လုပ်မှုအချက်အချာဒေသအဖြစ် ရပ်တည်နေပြီး မိုးရာသီတွင် စိုက်ပျိုးထုတ်လုပ် သည့် သီဟိုဠ်စေ့များကို စက်တင်ဘာလမှ စတင်၍ ဈေးကွက်သို့ စတင်တင်ပို့နိုင်ခဲ့ကြောင်း သိရပါသည်။

      ဒေသထွက်သီဟိုဠ်စေ့ (ကုန်ချော) တစ်ပိဿာ - ကျပ် ၈,၅၀၀ မှ ၈,၈၀၀၊ အရည်အသွေး မြင့် သီဟိုဠ်စေ့ တစ်ပိဿာ - ကျပ် ၉,၀၀၀ မှ ၉,၅၀၀ ပြည်တွင်းသုံး သီဟိုဠ်စေ့ တစ်ပိဿာကျပ် ၈,၀၀၀ မှ ၈,၃၀၀ ဈေးနှုန်းများမှာ သီဟိုဠ်စေ့၏အရည်အသွေး၊ အဆင့်အတန်းနှင့် ရောင်းချသည့် နေရာဒေသအလိုက် ကွဲပြားမှုရှိနိုင်ကြောင်း သိရပါသည်။ ရေကြည်မြို့နယ်တွင် သီဟိုဠ်စေ့ကို ဝယ်ယူသည့်ပွဲရုံပိုင်ရှင်များက ဒေသခံတောင်သူများထံမှ ဝယ်ယူပြီး ကုန်ချောအဖြစ်ပြုလုပ်ကာ ရန်ကုန်ဈေးကွက်သို့ အဓိကတင်ပို့ရောင်းချကြကြောင်း သိရပါသည်။ မြို့နယ်အတွင်းရှိ ကုန်သည် များနှင့် စားသုံးသူများကလည်း ဒေသထွက်သီဟိုဠ်စေ့များကို ဝယ်ယူသုံးစွဲလျက်ရှိကြောင်း သိရပါသည်။

    ယခုလက်ရှိတွင် ဈေးကွက်အတွင်း သီဟိုဠ်စေ့များ ဝင်ရောက်မှုနှုန်းမှာ ကောင်းမွန်နေပြီး ဝယ်လိုအားလည်း မြင့်မားနေသောကြောင့် ဈေးနှုန်းများ တည်ငြိမ်လျက်ရှိကြောင်း သိရပါသည်။ ဒေသခံတောင်သူများအနေဖြင့် မိမိတို့၏ထွက်ကုန်များကို ပွဲရုံပိုင်ရှင်များထံသို့ တိုက်ရိုက် ရောင်းချခြင်း၊ မြို့နယ်အတွင်းရှိဈေးများတွင် ရောင်းချခြင်းများ ပြုလုပ်လျက်ရှိကြောင်း သိရှိ ရပါသည်။ သီဟိုဠ်စေ့ဈေးကွက်ကောင်းမွန်မှုကြောင့် ကုန်တင်ကုန်ချလုပ်သားများ၊ ကုန်တင်ယာဉ် အငှားလိုက်သူများ အလုပ်အကိုင်ရရှိမှု အဆင်ပြေလျက်ရှိပြီး ဒေသစီးပွားရေးအတွက် အထောက် အကူပြုလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း