Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကန့်ဘလူမြို့နယ်တွင် အရောင်းအဝယ်ဖြစ်သည့် မြေပဲတောင့်နှင့် မြေပဲလုံးဆံဈေးနှုန်း

             စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်သည် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ကြပြီး မြေပဲလုံးဆံများကို မြေပဲစိုက်ပျိုးရာ၌လည်းကောင်း၊ ဆီစက်လုပ်ငန်းရှင်အချို့မှ မြေပဲဆီကြိတ်ကာ ကုန်ချောထုတ်လုပ်၍ ပြန်လည်ရောင်းချပြီး မြေပဲလုံးဆံကို မြေပဲယို၊ မြေပဲဆားလှော် စသည်ဖြင့်လည်း အသုံးပြုကြကြောင်း သိရသည်။

                         ကန့်ဘလူမြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလအတွင်း အရောင်းအဝယ်ဖြစ်နေသည့် မြေပဲ လုံးဆံများကို ဒေသတွင်းရှိ စိုက်ပျိုသူများထံမှလည်းကောင်း၊ မန္တလေးမြို့နှင့် ရွှေဘိုမြို့တို့မှလည်းကောင်းဝင်ရောက်လျက်ရှိရာယခုဇန်နဝါရီလဒုတိယပတ်အတွင်းမြေပဲလုံးဆံတစ်ပိဿာလျှင် (၇၉၀၀)ကျပ်နှင့်(၂၅)ပိဿာတစ်အိတ်လျှင်(၁၉၇၅၀၀)ကျပ်ဈေးနှုန်းဖြင့်လည်းကောင်း၊မြေပဲအတောင့်တစ်တင်းလျှင်(၃၂၀၀၀)ကျပ်ဖြင့်လည်းကောင်း အရောင်း အဝယ် ဖြစ်လျက်ရှိရာ ယခင်အပတ် ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါကဒေသတွင်းမြေပဲများထွက်ရှိလာသောကြောင့် ဈေးနှုန်းအနည်းငယ်ကျဆင်းလျက်ရှိကြောင်း လုပ်ငန်းရှင်များထံမှ သိရှိရသည်။

DOCA(စစ်ကိုင်း)

 

ကန့်ဘလူမြို့နယ်၌ အရောင်းအဝယ်ဖြစ်နေသော ဆီနေကြာသီးနှံဈေးနှုန်း

                 စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်တွင် ဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊ နှမ်း၊ ကြက်ဆူနှင့် နေကြာသီးနှံတို့ကို စိုက်ပျိုးလျက်ရှိကြောင်း၊ ဆီနေကြာစိုက်ပျိုးရာတွင် မိုးနေကြာနှင့် ဆောင်းနေကြာဟူ၍ (၂)မျိုးရှိကြောင်း၊ ကန့်ဘလူမြို့နယ်၌ စိုက်ပျိုးလျက်ရှိသည့် နေကြာမျိုးအနေဖြင့် ဆင်းရွှေကြာ-၂မျိုးကို အများဆုံးစိုက်ပျိုးကြောင်း၊ သွင်းအားစုနှင့် မြေအနေအထားအပေါ်မူတည်၍ နေကြာအထွက်နှုန်းကွာခြားမှုရှိကြောင်း သိရသည်။

         ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလတတိယပတ်အတွင်း ဆီနေကြာတစ်တင်းလျှင် (၅၂၀၀၀)ကျပ်၊ နေကြာညံ့လျှင် (၅၁၅၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိရာ ဇန်နဝါရီလ ဒုတိယပတ်၏ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါကယခုတတိယပတ်အတွင်းအရောင်းအဝယ်အေးနေသောကြောင့် ဆီနေကြာတစ်တင်းလျှင်(၅၀၀၀)ကျပ် ဈေးနှုန်းကျဆင်းသွားကြောင်း၊ထွက်ရှိသောနေကြာများကို ရွှေဘိုမြို့နှင့် မန္တလေးမြို့ရှိပွဲရုံများ၊ကုန်စည်ဒိုင်များသို့ တင်ပို့လျက်ရှိကြောင်း ဒေသတွင်းပွဲရုံ လုပ်ငန်းများထံမှ သိရပါသည်။   

DOCA(စစ်ကိုင်း)

ထောပတ်သီးရာသီ ကုန်ချိန်တွင် အရောင်းအဝယ် ကောင်းမွန်နေပြီး ဈေးကောင်းရရှိနေ

    မြန်မာနိုင်ငံမှထွက်ရှိသည့် ထောပတ်သီးကို ပြည်တွင်းစားသုံးမှုအပြင် ထိုင်းနိုင်ငံသို့ တင်ပို့လျက်ရှိရာ လက်ရှိထောပတ်သီးရာသီကုန်ချိန်တွင် အရောင်းအဝယ်ကောင်းမွန်နေပြီး ဈေးကောင်းရရှိနေကြောင်း မြန်မာနိုင်ငံထောပတ်သီး စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်းထံမှ သိရှိရပါသည်။

     ယခုနှစ်တွင် ထိုင်းနိုင်ငံကလည်း ကမ္ဘောဒီးယားနိုင်ငံကိုမတင်ပို့နိုင်တော့သည့်အတွက် အဝယ်နည်းသော်လည်း တရုတ်နိုင်ငံသို့ တရားဝင်တင်ပို့ ခွင့်ရအောင် ကြိုးစားနေပါကြောင်း၊ တရားဝင်တင်ပို့ခွင့်ရလျှင်   ဒီထက်ဈေးပိုကောင်းလာမှာဖြစ်ပါကြောင်း သိရှိရပါသည်။

     ထောပတ်သီးသည် အောက်တိုဘာလတွင် အသီးများစတင်ထွက်ရှိပြီး ထောပတ်ပင်သည်  နှစ်ရှည်ပင်ဖြစ်ကာ စိုက်ပျိုးပြီး သုံးနှစ်ကြာလျှင် အသီးသီးကြောင်း၊ ထောပတ်သီးကို ရှမ်း ပြည်နယ်(တောင်ပိုင်း)တွင် တောင်ကြီး၊ ဟိုပုံး၊ ညောင်ရွှေ၊ ဆီဆိုင်၊ ကလော၊ ပင်းတယ၊ ရွာငံ၊ ရပ်စောက်၊  ပင်လောင်း၊ ဖယ်ခုံတို့၌လည်းကောင်း၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)တွင် လားရှိုး၊ ကွတ်ခိုင်၊ ကျောက်မဲ၊ သီပေါ၊ နောင်ချိုနှင့် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်တို့၌လည်းကောင်း စိုက်ပျိုးကြကြောင်း သိရသည်။ 

(DOCA ဧရာဝတီ)

ရေကြည်မြို့နယ်၏ ဓာတုကင်းလွတ် ပေါ်ဆန်းမွှေး စံကွက်ရိတ်သိမ်းပွဲသို့ တက်ရောက်ခြင်း

       ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်မှ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ(၆) ရက် နေ့၊ ည နေ(၃:၀၀) နာရီအချိန်တွင် ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ  နွားရေတိုက် ကျေးရွာအုပ်စု၊ နွားရေတိုက်-ပန်းစံကွင်းလမ်းဘေးရှိ တောင်သူဦးကြည်ခိုင်စိုး၏ လယ်မြေတွင် ကျင်းပ ပြုလုပ်သော “၂၀၂၅-၂၀၂၆ ခုနှစ်၊ မိုးစပါး ဓာတုကင်းလွတ်ပေါ်ဆန်းမွှေး စံကွက် ရိတ်သိမ်းပွဲ ” အခမ်း အနားသို့ကြွရောက်ချီးမြှင့်ခဲ့ပါသည်။ အဆိုပါ စံကွက်ရိတ်သိမ်းပွဲသို့ ခရိုင် ၊ မြို့နယ် စိုက်တိုးမြှင့်ဌာနများ နှင့်အတူ စားသုံးသူရေးရာဦးစီးဌာန၊ ကျုံပျော်မြို့နယ်တာဝန်ခံ နှင့် ရေကြည်မြို့နယ်တာဝန်ခံတို့မှ တက် ရောက်ခဲ့ပါသည်။

          ရေကြည်မြို့နယ်တွင် ဓာတုကင်းလွတ် ပေါ်ဆန်း (၂၅၀) ဧက အပါအဝင် ပေါ်ဆန်း ဧက စုစုပေါင်း (၄၁၅၈) ဧက စိုက်ပျိုးထားရှိပြီး စံကွက်ရိတ်သိမ်းသည့် ဦးကြည်ခိုင်စိုး၏ ဓာတုကင်းလွတ် ပေါ်ဆန်းမွှေး (၀.၅) ဧက မှ (၈၇.၈၂) တင်း ထွက်ရှိပါကြောင်းနှင့် လက်ရှိ ရေကြည်ပေါ်ဆန်းစပါး ဈေးနှုန်းမှာ အစိုဓာတ် (၁၆% မှ ၁၈%) စပါးတင်း (၁၀၀) လျှင် (၄၂၀၀၀၀၀/-) ကျပ်ဈေးနှင့် စက်အရောက် အစိုဓာတ် (၁၄%) စပါးတင်း (၁၀၀) ဈေးမှာ ကျပ် (၄၇၀၀၀၀၀/-) ကျပ် ဖြင့် ရောင်းချရကြောင်း သတင်းရရှိပါသည်။

(DOCA ဧရာဝတီ)

ညောင်တုန်းမြို့နယ် ကုမ္ပဏီများမှ စပါးဝယ်ယူမှု အခြေအနေ

     မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်သည် လယ်ယာမြေစိုက်ပျိုးခြင်း၊ မွေးမြူရေးလုပ်ငန်းပြုလုပ်ခြင်း လုပ်ငန်းတို့ ဖြင့် ဖွံ့ဖြိုးတိုးတက်သော မြို့နယ်တစ်ခုဖြစ်သည်။ ညောင်တုန်းမြို့နယ် နေ့စဉ် စပါးဝယ်ယူနေပြီး(၁၀-၁-၂၀၂၆ မှ  ၂၂-၁-၂၀၂၆) ရက်နေ့တွင် မြို့နယ်တွင်းနှင့် တိုင်းဒေသကြီးအတွင်း အခြားမြို့နယ်များမှ စပါးများကို ဝယ်ယူလျက်ရှိကြောင်း သိရသည်။

   စပါးများကို ဝယ်ယူသော ကုမ္ပဏီများမှ ရွှေဝါနဒီကုမ္ပဏီမှ ဆင်းသုခ (၉၄၆၈) တင်း၊ ကရင်မ စပါး (၉၉၈၈)တင်း၊ ထွန်းပုစပါး (၃၉၅)တင်း ၊ GoodBrother ကုမ္ပဏီမှ ဆင်းသုခ စပါး (၆၂၈၇)တင်း (၃၇၅၆၁)၊ ထွန်းပုစပါး (၅၂၀)တင်း၊ (၂၂၈၈)တင်း ဝယ်ယူခဲ့ကြောင်းသိရသည်။ စပါးဝယ်ယူမှုဈေးနှုန်းအနေဖြင့် စပါးအခြောက်များကို ဆင်းသုခ စပါးများကို ၁၄၆၈၀၀၀/-၁၄၇၀၀၀၀/-၁၄၅၀၀၀၀/-၁၄၃၅၀၀၀/- ကျပ်အထိ စပါးအစို၊ အခြောက်၊ အညံ့ဈေး ခွဲခြား၍ ဝယ်ယူခဲ့ကြောင်း၊ စပါးဝယ်ယူရာမြို့နယ်များအနေဖြင့် မအူပင်မြို့နယ် ရွှေတောင်မှော်ဒေသ၊ ရေလဲကလေးဒေသ၊ ကျောင်းကုန်းမြို့နယ်စသည့် ကျေးရွာများမှဝယ်ယူ ကြောင်း ညောင်တုန်းမြို့နယ် ကုမ္ပဏီများမှ နေ့စဉ် စပါးဝယ်ယူမှုရှိပါက မြို့နယ်ဦးစီးမှုးရုံးသို့ ဝယ်ယူမှု တင်းနှင့် ဈေးနှုန်းအခြေအနေများကို နေ့စဉ် ရှိ မရှိ စာရင်းအား  ပြုစုပေးပို့  ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

DOCA(ဧရာဝတီ)

ကန့်ဘလူမြို့နယ်တွင် အစေ့ထုတ်ပြောင်း ဈေးနှုန်းအနည်းငယ်မြင့်တက်

              စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်သည် လယ်ယာစိုက်ပျိုးရေးလုပ် ငန်းများ လုပ်ကိုင်လျက်ရှိရာ ကန့်ဘလူမြို့နယ်၏ အဓိကစိုက်ပျိုးသီးနှံဖြစ်သည့်  အစေ့ထုတ်ပြောင်း ကိုကန့်ဘလူမြို့နယ် နတ်ပေးကျေးရွာနှင့် အခြားသောကျေးရွာများတွင် စိုက်ပျိုးလျက်ရှိကြောင်း၊ အစေ့ထုတ်ပြောင်း စိုက်ပျိုးရာတွင် ရာသီဥတုဒဏ်ခံနိုင်ရည်ရှိပြီး အထွက်နှုန်းကောင်းမွန်သည့် C.P.808နှင့် C.P.888 မျိုးများကို စိုက်ပျိုးကြောင်း သိရသည်။

      ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ တတိယပတ်အတွင်း အစေ့ထုတ်ပြောင်းတစ်တင်းလျှင် (၂၅၀၀၀) ကျပ်၊ ပြောင်းအရည်အသွေးညံ့လျှင် (၂၂၅၀၀)ကျပ်ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိရာ၊ ယခုဇန်နဝါရီလ ဒုတိယပတ်၏ ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက တတိယပတ်အတွင်း ကန့်ဘလူမြို့ ပြောင်းဈေးကွက်တွင် အဝင်နည်းလာ၍ အစေ့ထုတ်ပြောင်း တစ်တင်းလျှင်(၂၀၀၀)ကျပ် ဈေးနှုန်းပြန် လည်မြင့်တက်လာကြောင်း ဒေသတွင်းပွဲရုံလုပ်ငန်းရှင်များထံမှ သိရှိရသည်။          

 DOCA(စစ်ကိုင်း)                                                   

စီးပွားဖြစ် စိုက်ပျိုးလာသော နှစ်ရှည်ပင်ဇီးဖြူအကြောင်း

                         စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ အရာတော်မြို့နယ်တွင် ရာသီအလိုက် မိရိုးဖလာ သီးနှံ များဖြစ်သည့် ပဲစဉ်းငုံ၊ ပြောင်း၊ နှမ်း၊ မြေပဲအပြင် ဌက်ပျော၊ သနပ်ခါး၊ ဇီးဖြူနှင့် လျှော်ဖြူများကိုလည်း ကိုင်းနှင့်ယာမြေများတွင် သီးညှပ်စိုက်ပျိုးလာကြပါသည်။ ယခုအခါတွင် ဈေးကွက် ဝယ်လိုအား ရှိနေ၍ ရေရှည်တွင် ပြုပြင်ထိန်းသိမ်းရ သက်သာလွယ်ကူသော နှစ်ရှည်ပင် တစ်မျိုး ဖြစ်သည့်  ဇီးဖြူပင်သည် စိုက်ပျိုးတောင်သူများအကြား ရေပန်းစား၍ စမ်းသပ် စိုက်ပျိုးသူများနှင့် အောင်မြင်မှု ရရှိနေသူများလည်း ရှိပါသည်။

             ရှေးယခင်က ဇီးဖြူပင်ကို အလေ့ကျပေါက် အပင်များနှင့် မိမိတို့ယာမြေများ၊ အိမ်ခြံမြေ များတွင် စည်းရိုးအဖြစ် သတ်မှတ်ထားရန်အတွက်သာ စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။ ယခုကဲ့သို့ စီးပွားဖြစ် စိုက်ပျိုးမှုများ မရှိခဲ့ပေ။ ဇီးဖြူပင်သည် နှစ်ရှည်ပင် တစ်မျိုးဖြစ်၍ မြန်မာနိုင်ငံ၏ မည်သည့် နေရာဒေသတွင်မဆို စိုက်ပျိုးနိုင်ကြောင်းသိရသည်။ ယခုအခါတွင် အရာတော်မြို့နယ်နှင့် ကျေးရွာ များရှိ စိုက်ခင်းများတွင် ထိုင်းဇီးဖြူပင်များ စိုက်ပျိုးမှု များပြားနေကြောင်း သိရသည်။ ထိုင်းဇီးဖြူ ပင်သည် ဒေသတွင် အလေ့ကျပေါက်ရောက်သော တောဇီးဖြူပင်၏ အရွက်နှင့် အနည်းငယ်သာ ကွဲပြားသည်။ သို့သော် အသီးနှင့်အပင်အရွယ်အစားများ၏ ကွာခြားမှုမှာ သိသာပါသည်။ ထိုင်း ဇီးဖြူပင်၏ အသီးသည် ရိုးရိုးမျိုးစိတ် တောဇီးဖြူများ၏ အသီးထက် အရွယ်အစား ( ၃ ) ဆခန့် ပိုကြီး၍ အသားများကာ အသီး၏ အစေ့မှာ သေးသည်။ ထိုင်းဇီးဖြူပင်သည် ပင်ကြီးမျိုး ဖြစ်သော် လည်း ၎င်း၏ အရွယ်နှင့် မလိုက်အောင် ပြွတ်သိပ်၍ သီးတတ်ကြသည်။

             ထိုင်းဇီးဖြူ ပျိုးပင်များကို  အတန်းခြား၍သော်လည်းကောင်း၊ အပင်ခြား၍ သော်လည်း ကောင်း၊ ပုံမှန်အားဖြင့် (၂၀) ပေ မှ (၂၅) ပေ ခွာ၍ စိုက်ပျိုးလေ့ ရှိကြသော်လည်း အချို့ တောင်သူ များသည် ပျိုးပင်များ လျှင်မြန်စွာကြီးထွားစေရန်နှင့် အပင်ကြီးစဉ်အခါတွင် လေဝင် လေထွက် ကောင်းမွန်စေရန် (၂၂)ပေ မှ (၂၈) ပေ ခွာ၍ စိုက်ပျိုးထားကြသည်။ ပျိုးပင်များ စိုက်ပြီးသည့် အချိန်မှ စ၍( ၂ ) ရက်ခြား( ၃ ) လခန့် ရေလောင်းပေးသင့်ပြီး အပင်၏ ကြီးထွားမှုူ လျင်မြန်စေရန် သဘာဝ ဓာတ်မြေဩဇာ ကျွေးခြင်းနှင့် ပိုးသတ်ဆေးများ ဖြန်းပေးရသည်။ ဇီးဖြူပင်သည် အပင်ငယ်စဉ် အချိန်တွင် အခြား စိုက်ပျိုးသီးနှံများကဲ့သို့ ပြုစုရသော်လည်း အပင်သက်တမ်း ( ၄ )နှစ်သား အရွယ်တွင် ထိန်းသိမ်းမှု ကုန်ကျစရိတ်ကို လျော့ချနိုင်ပါသည်။ အပင်သက်တမ်း ( ၆ ) နှစ်သား ရောက်သောအခါ ဇီးဖြူပွင့်များ ပွင့်ဖူး၍ အသီးများ စတင် သီးနိုင်ပြီ ဖြစ်သည်။ အများအားဖြင့် ပျိုးပင်များကို အစေ့မှ စိုက်ပျိုးကြသော်လည်း အဖူးမြှုပ်၍ မျိုးပွားနိုင်ကြောင်းလည်း သိရသည်။ ထိုအပင်များသည် အစေ့စိုက်အပင်များထက် စောလျင်စွာ သီးပွင့်ကြသည်။ ဇီးဖြူ၏ အပင်သက်( ၉ ) နှစ်မှ ( ၁၀ ) နှစ်သား အရွယ်ရောက်သောအခါတွင် သီးအားကောင်း၍ ရရှိလာသော အသီးများ အနေဖြင့် အရည်အသွေးပြည့်မီသော ဈေးကွက်ဝင်သော အသီးများ ဖြစ်လာမည်။ အသီးများ ရင့်မှည့်မှုကို အသီးအရောင်ကြည့်၍ ဖြစ်စေ၊ အသီးပေါ်ရှိ မျက်နှာပြင် အသီးကြောင်းများကို ကြည်၍ ဖြစ်စေ၊ အစေ့အရောင် အဖြူမှ အနက်ရောင်သို့ ပြောင်းလဲလာ ခြင်းဖြင့်ဖြစ်စေ၊ အစေ့မာကျောမှုကို ကြည့်၍ ဖြစ်စေ၊ ခါးသော အရသာသည် ရင့်မှည့်ရန် လိုအပ်ကြောင်း စမ်းသပ်၍ ဖြစ်စေ သိရှိနိုင်သည်။

          ဇီးဖြူပင်သည် မြေအမျိုးမျိုးတွင် ဖြစ်ထွန်းအောင်မြင်နိုင်သော အပင်တစ်မျိုးဖြစ်သည်။ ပုံမှန်အားဖြင့် နိုဝင်ဘာ၊ ဒီဇင်ဘာလများတွင်မှာ အသီးများ ရင့်မှည့်လေ့ရှိသည်။ အရွယ် ရောက် အပင်ကြီးများမှ တစ်ဧကလျှင် အသီးတင်းရေ (၆၀)မှ (၁၈၀)အထိ ထွက်ရှိနိုင်သည်။ ဇီးဖြူပင်ကို ကောင်းစွာပြုစုစိုက်ပျိုးပါက အပင်သက်တမ်း ၆၀ မှ ၇၅ နှစ်အထိ ရှည်ကြာစွာ ပွင့်သီးနိုင်သော အပင်မျိုးဖြစ်သည်။ သို့သော် တစ်ခါတစ်ရံတွင် ဇီးဖြူပင်များသည် မြေ၊ ရေနှင့် အာဟာရ ပြတ်လပ်မှုများကြောင့် ပွင့်ခြင်းနှင့် အသီးသီးခြင်းတို့တွင် မရှိဘဲ ဖိုနေတတ်သည်။ 

                    ဇီးဖြူသီးကို ဈေးကွက်အနေဖြင့် အရာတော်မြို့မှ ထွက်ရှိသော ဇီးဖြူသီးများကို  မြို့တွင်းရှိ အသီးထောင်းရောင်းသူများ၊ အသီးအနှံရောင်းသူများနှင့် မုံရွာမြို့ရှိ သစ်သီးပွဲရုံများသို့ တင်ပို့ကြောင်း သိရသည်။ အကျိုးအမြတ်အနေဖြင့် ဇီးဖြူတစ်ဧကလျှင် ဇီးဖြူပင်ရေ  (၇၀) ခန့် စိုက်ပျိုးနိုင်ကြောင်း သိရသည်။ စိုက်ပျိုးကုန်ကျမှုစရိတ်အနေဖြင့် ပျိုးပင် ( ၁ )ပင်လျှင် ( ၁၅၀၀)ကျပ်ရှိပြီး အပင် ငယ်ချိန်တွင် တစ်ဧကလျှင် (၁၀) သိန်းမှ ( ၁၅) သိန်းထိ ကုန်ကျနိုင်သော်လည်း အပင်ကြီးရင့် လာချိန်တွင် ပြုပြင်ထိန်းသိမ်းစရိတ်မှာ လျော့နည်းပြီး အသစ်တစ်ဖန် စိုက်ပျိုးရန် မလိုအပ်ကြောင်း သိရသည်။ ယခုလက်ရှိတွင် ဇီးဖြူသီး တစ်ပြည်လျှင် (၃၅၀၀)ကျပ်ခန့်ရှိရာ အမြတ်ငွေ သိန်း ( ၃၀) ခန့် ရရှိနိုင်ကြောင်း သိရသည်။

          အချုပ်အားဖြင့် ဆိုရပါသော် ဇီးဖြူပင်သည် သနပ်ခါး၊ သရက်နှင့် လျှော်ဖြူကဲ့သို့သော နှစ်ရှည် ပင်များမှ အပင်တစ်မျိုးဖြစ်ရာ အကျိုးအမြတ်ရရှိရန် အချိန်အခါတစ်ခုကို စောင့်ရသော အပင်တစ်မျိုး ဖြစ်သည်။ ထိုကြောင့် ဇီးဖြူပင်များ၏ အတန်းကြား၌  အခြားသီးနှံများကို သီးညှပ် စိုက်ပျိုးခြင်းကို ထည့်သွင်းစိုက်ပျိုးမှသာ စိုက်ပျိုးတောင်သူများအတွက် ရေရှည်တွင် အဆင်ပြေနိုင်ကြောင်းရေးသား တင်ပြလိုက်ရပါသည်။                   DOCA(စစ်ကိုင်း)

                            

ကြည့်မြင်တိုင်မြို့နယ် KIP ဆိပ်ကမ်းတွင် စားအုန်းဆီ သင်္ဘောဝင်ရောက်ခြင်း

        စားအုန်းဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီသည် စားအုန်းဆီများသတ်မှတ်အရည်အသွေး၊ စံချိန်စံညွှန်းများနှင့် အညီ စားသုံးသူပြည်သူများ ကျန်းမာရေးနှင့်ညီညွတ်သော စားသုံးဆီများသုံးစွဲနိုင်ရေး၊ ဈေးနှုန်းတည်ငြိမ်စွာ ဝယ်ယူစားသောက်နိုင်ရေး ကြီးကြပ်ထိန်းကျောင်း၍ သက်ဆိုင်ရာကုမ္ပဏီများက စားအုန်းဆီများပြည်ပမှ တင်သွင်းလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး သီလဝါဆိပ်ကမ်း၊ ကြည့်မြင်တိုင်မြို့နယ် ဗားဂရာ (သဲကွင်း) ဆိပ်ကမ်း၊ ကြည့်မြင်တိုင်မြို့နယ် ကမ်းနားဈေးဆိပ်ကမ်း၊ KIP ဆိပ်ကမ်းသို့ ဆီသင်္ဘောများ ဆိုက်ကပ်ပြီး ၂၆.၁.၂၀၂၆ ရက်နေ့တွင် ကြည့်မြင်တိုင်မြို့နယ် KIP ဆိပ်ကမ်းတွင် MV. TIRTASARI 01/2026 သင်္ဘောဖြင့် Star (3) ဆီကန်သို့ (2650) MT၊ Star (4) ဆီကန်သို့ (2650) စုစုပေါင်း (5300) MT ဝင်ရောက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

စက်သုံးဆီဈေးနှုန်း အပတ်စဉ်ပြောင်းလဲမှုအခြေအနေ

             သောကြာနေ့တိုင်း တစ်ပတ်တစ်ကြိမ် စက်သုံးဆီဈေးနှုန်းများ ပြောင်းလဲလျက်ရှိရာ ယခုတစ်ပတ်(၂၃.၁.၂၀၂၆) ရက်နေ့တွင် ဒီဇယ်(ရိုးရိုး) (အဆင့်မြင့်)၊ ဓါတ်ဆီ(ရိုးရိုး) (အဆင့်မြင့်) တို့၏ ဈေးနှုန်းပြောင်းလဲမှုမှာ 95 Octance ဓါတ်ဆီ(အဆင့်မြင့်) ဈေးနှုန်းတစ်လီတာမှာ ၂၃၆၀ ကျပ်၊ 92 Octance ဓါတ်ဆီ (ရိုးရိုး) ဈေးနှုန်းတစ်လီတာမှာ ၂၃၂၅ ကျပ်၊ ဒီဇယ်(ရိုးရိုး) ဈေးနှုန်းတစ်လီတာ မှာ ၂၂၈၅ ကျပ်၊ ဒီဇယ် (အဆင့်မြင့်) ဈေးနှုန်းတစ်လီတာမှာ ၂၅၉၅ ကျပ်ဖြစ်ကြောင်း သိရှိရပါသည်။ ယခင်တစ်ပတ် သောကြာနေ့ စက်သုံးဆီဈေးနှုန်းမှာ 95 Octance ဓါတ်ဆီ (အဆင့်မြင့်) ဈေးနှုန်း တစ်လီတာမှာ ၂၃၃၅ ကျပ်၊ 92 Octance ရိုးရိုး ဓါတ်ဆီဈေးနှုန်း တစ်လီတာမှာ ၂၂၉၀ ကျပ်၊ ဒီဇယ် (ရိုးရိုး) ဈေးနှုန်းတစ်လီတာမှာ ၂၁၆၅ ကျပ်၊ ဒီဇယ်(အဆင့်မြင့်) ဈေးနှုန်း တစ်လီတာ မှာ ၂၅၁၀ ကျပ် ဖြစ်ကြောင်း၊ စက်သုံးဆီဈေးနှုန်းများမှာ ယခင်တစ်ပတ်ထက် ယခုတစ်ပတ်တွင် ဒီဇယ်(အဆင့်မြင့်) မှာ ၈၅ ကျပ် ဈေးနှုန်းတက်ပါကြောင်း၊ ဒီဇယ်(ရိုးရိုး) မှ ၁၂၀ ဈေးနှုန်းတက်ပါကြောင်း၊ ဓါတ်ဆီ (အဆင့်မြင့်) မှာ ၂၅ ကျပ်ဈေးနှုန်းတက်ပြီး  ဓါတ်ဆီ(ရိုးရိုး) မှာ ၃၅ ကျပ် ဈေးနှုန်းတက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

၂၆.၁.၂၀၂၆ ရက်နေ့တွင် လှိုင်မြို့နယ် သီရိမင်္ဂလာဈေးကြီးတွင်  ကုန်စိမ်း၊ ပန်းနှင့် သစ်သီးများ ဝင်ရောက်မှုအခြေအနေ

        ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်  သီရိမင်္ဂလာဈေးအတွင်းသို့ နေ့စဉ်အနယ်နယ် အရပ်ရပ်မှ သစ်သီးများ၊ ပန်းနှင့် ကုန်စိမ်းများ ဝင်ရောက်လျက်ရှိရာ အောင်ပန်း၊ တောင်ကြီး၊ ကလော၊ ဟဲဟိုး၊ အင်းလေး၊ မှော်ဘီ၊ တိုက်ကြီး၊ တွံတေး၊ ကျောင်းကုန်း၊ ရွှေညောင်၊ ညောင်နှစ်ပင်၊ ခရမ်း၊ သုံးခွ၊ ဝါးနက်ချောင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ မန္တလေးတိုင်းတို့မှ ၂၆.၁.၂၀၂၆ ရက်နေ့တွင် ကုန်စိမ်းကုန်ချိန် ပိဿာချိန်ပေါင်း (၇၃၀၀၀၀) ကား (၉၃) စီးဝင်ရောက်လျက်ရှိကြောင်း၊ ပြင်ဦးလွင်၊ ကလော၊ မိုးကုတ်၊ တောင်ကြီး၊ အောင်ပန်း၊ ဘီးလင်း၊ တပ်ကုန်း၊ ရဲမွန်၊ ရေး၊ အင်းမ၊ မှော်ဘီ၊ တိုက်ကြီး၊ မန္တလေး၊ သီပေါ၊ ကျိုက်ကော်၊ မော်လမြိုင်၊ ပုပ္ပါး၊ ကျောက်ဆည်၊ တောင်ငူ၊ တွံတေး၊ ထားဝယ်၊ ကြံခင်း၊ ခရမ်းတို့မှ သစ်သီးများ ကုန်ချိန်ပိဿာချိန်ပေါင်း (၁၇၇၇၀၀) ကား (၂၇) စီးဝင်ရောက်ပြီး  ကလော၊ ဟဲဟိုး၊ တောင်ကြီး၊ ပြင်ဦးလွင်၊ ရွှေတောင်၊ ငွေတောင်၊ လှည်းကူး၊ ကျွန်းကလေး၊ ဇီးဖြူကုန်း၊ တွံတေး၊ ကော့မှူး၊ ညောင်တုန်းတို့မှပန်းများ ကုန်ချိန်ပိဿာ ပေါင်း (၄၇၄၀၀)  ကား (၃၆) စီးဝင်ရောက်ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း