Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

“နနွင်းစျေးနှုန်းများကျဆင်းလျက်ရှိ”

                  ကျောက်ဆည်ခရိုင်တွင် စပါး ၊ ပဲ ၊ ပြောင်း ၊ နှမ်းသီးနှံများအပြင် စားဖိုဆောင်သီးနှံတစ်မျိုး ဖြစ်သော နနွင်းသီးနှံကိုလည်း စိုက်ပျိုးလျက်ရှိကြောင်း၊ မေလနှင့်ဇွန်လများတွင် စတင်စိုက်ပျိုး၍ ဖေ‌ဖော်ဝါရီလနှင့် မတ်လများတွင်ထွက်ပေါ်ကြောင်း၊ တောင်သူများသည် နနွင်းကိုဘောင်ခတ်ပြီး မြေအောက်ရေတင်စနစ်ဖြင့်စိုက်ပျိုးကြောင်း ၊ နနွင်းသီးနှံပေါ်တွင် သီးထပ်သီးညှပ်အဖြစ် နှမ်းနှင့် ပဲတီစိမ်းများကိုလည်းစိုက်ပျိုးကြောင်း၊ နနွင်း(၁)ဧက ကုန်ကျစရိတ်အနေဖြင့် မျိုး ၊ သွင်းအားစု ၊ လုပ်သားခ အပါအဝင် စုစုပေါင်း (၃၅)သိန်းကျပ်ကုန်ကျကြောင်း ၊ အများဆုံး စိုက်ပျိုးသော ရွာများမှာ သံရွာ ၊ ရဲကြီး ကျေးရွာများဖြစ်သည် ။ ယခုအချိန်တွင်သီးထပ်သီးညှပ်စိုက်ပျိုးသော နှမ်းနှင့်ပဲတီစိမ်း များ ရိတ်သိမ်းပြီး၍ နနွင်းအပင်များစတင်ထွက်ရှိနေပြီဖြစ်ကြောင်း၊ နနွင်းသီးနှံကို တူးဖော်၍ အစိုရောင်းချသလိုအချို့‌ တောင်သူများလည်း ထွက်ပေါ်ချိန်တွင်မရောင်းဘဲ အခြာက်လှန်း၍ မိမိတို့ အသုံးလိုမှ ထုတ်ရောင်းကြ ကြောင်း၊ အစိုတစ်စည်းကိုရေနွေးဖျော၍ အခြောက်လှန်းပြီး နနွင်းခြောက် ရရှိပါက (၆၀-၆၅) ပိဿာ ရှိကြောင်း နနွင်းစျေးနှုန်းအနေဖြင့် ယခင်လတွင် နနွင်းခြောက်တစ်ပိဿာ လျှင် (၉၅၀၀/-)ကျပ်၊ နနွင်းဂေါင်း တစ်ပိဿာလျှင်(၈၀၀၀/-)ကျပ် စျေးနှုန်းများဖြင့်ရောင်းဝယ်ခဲ့ပြီး ယခု ဇွန်လဒုတိယအပတ် တွင် နနွင်းခြောက်တစ်ပိဿာလျှင်(၈၅၀၀/-)ကျပ် ၊ နနွင်းဂေါင်း တစ်ပိဿာလျှင်(၇၀၀၀/-)ကျပ် ၊ နနွင်းမှုန့်တစ်ဘူးလျှင်(၂၀၀၀/-)ကျပ် စျေးနှုန်းများဖြင့်ရောင်းဝယ် လျှက်ရှိပြီး ယခင်လနှင့်ယခုအပတ် နှိုင်းယှဉ်ပါက စျေးနှုန်းများအနည်းငယ်ကျဆင်းလျက်ရှိကြောင်း ၊ စျေးကွက်အနေဖြင့် ပွဲစားများက ရွာအထိ လာရောက်ဝယ်ယူ၍‌ ကျောက်ဆည်မြို့ရှိပွဲရုံများမှတဆင့် ရန်ကုန်၊ မန္တလေးမြို့များနှင့် အခြားမြို့ကြီးများသို့လည်း တင်ပို့ ရောင်းချလျက်ရှိကြောင်း မြို့ပေါ်ရှိ ပွဲရုံများထံမှ သိရှိရပါသည်။DOCA(မန္တလေး)

တိုင်းဒေသကြီး/ပြည်နယ် မြို့နယ်များအလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါးနှင့် ဥ‌ဈေးနှုန်းများ(၁၆-၆-၂၀၂၆)

တိုင်းဒေသကြီး/ပြည်နယ် မြို့နယ်များအလိုက် ၁၆-၆-၂၀၂၆ ရက်နေ့တွင် ဖြစ်ပေါ်လျက်ရှိသော ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါးနှင့် ဥ‌ဈေးနှုန်းများကို ပူးတွဲပါ ဖိုင်တွင် ကြည့်ရှုနိုင်ပါသည်-

ကန့်ဘလူမြို့နယ်တွင် ဂန္ဓမာပန်းတစ်ပိုင်တစ်နိုင်စိုက်ပျိုး

           စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တွင် ဂန္ဓမာပန်းကို မိသားစုတစ်ပိုင်တစ်နိုင် စိုက်ပျိုးကြပြီး အောင်မြင်ဖြစ်ထွန်းမှုကြောင့် တောင်သူများ အဆင်ပြေကာ မိသားစုပုံမှန်ဝင်ငွေ ရရှိလျက်ရှိပါ သည်။ ဂန္ဓမာပန်းသည် ရေသွင်းရလွယ်ကူပြီး ရေမဝပ်သော သဲနုန်းမြေ သို့မဟုတ် မြေပွများတွင် အောင်မြင်ဖြစ်ထွန်းမှု အကောင်းဆုံးဖြစ်သည်။

           ဂန္ဓမာပန်းစိုက်ပျိုးရာတွင် မြေကို ညက်နေအောင် ထွန်ယက်ပြီးနောက် အကျယ် ၃ ပေ၊ အမြင့် ၆ လက်မခန့်ရှိသော စိုက်ပေါင်များကို ပြုလုပ်ကြသည်။ မြေဆီလွှာကောင်းမွန်စေရန် နွားချေးဆွေး သို့မဟုတ် သဘာဝမြေဩဇာကို မြေပြင်ကတည်းက သမအောင် ရောစပ်ထည့်သွင်းသည်။ မျိုးကိုင်း (သို့မဟုတ်) ပျိုးပင်ပေါက်များကို တစ်ပင်နှင့်တစ်ပင် ၆ လက်မမှ ၈ လက်မခန့် အကွာအဝေးဖြင့် စိုက်ပေါင်ပေါ်တွင် စနစ်တကျ စိုက်ပျိုးကြသည်။ အစိုဓာတ်ရရှိစေရန် ရေမှန်မှန်သွင်းပေးရသော်လည်း ရေမဝပ်စေရန် သတိပြုရသည်။ အပင်သက်တမ်း တစ်လခွဲခန့်တွင် အကိုင်းအခက်များ ပိုမိုဝေဆာပြီး ပန်းပွင့်များများပွင့်စေရန် အညွန့်ဖျားများကို ဆိတ်ပေးရသည့် "ခေါင်နှိမ်ခြင်း" စနစ်ကို လုပ်ဆောင်ကြသည်။ လိုအပ်ပါက ပိုးမွှားရောဂါကာကွယ်ရန်နှင့် ပန်းပွင့်အရွယ်အစားကြီးရန်အတွက် အဖူးအနည်းငယ်သာချန်ပြီး ကျန်အဖူးများကို ခြွေပစ်လေ့ရှိကြောင်း သိရသည်။

           ကန့်ဘလူမြို့နယ်တွင် ဂန္ဓမာပန်းကို ရာသီမရွေး စိုက်ပျိုးနိုင်သော်လည်း ရာသီဥတုအခြေ အနေအရ များသောအားဖြင့် မိုးနှောင်းကာလဖြစ်သည့် စက်တင်ဘာနှင့် အောက်တိုဘာလများတွင် အဓိကထားစိုက်ပျိုးကြသည်။ ယခုအခါ ရေသွင်းစနစ်ကောင်းမွန်သော နေရာများတွင် နွေရာသီနှင့် မိုးရာသီများ၌ပါ မိမိတို့အဆင်ပြေမည့် အချိန်ကို ရွေးချယ်စိုက်ပျိုးလာကြသည်။ ဂန္ဓမာပန်းသည် စိုက်ပျိုးပြီး သက်တမ်း ၃ လမှ ၄ လ (ရက်ပေါင်း ၉၀ မှ ၁၂၀) အတွင်းတွင် စတင်ခူးဆွတ်နိုင်ပြီ ဖြစ်သည်။ ဒီဇင်ဘာ၊ ဇန်နဝါရီနှင့် ဖေဖော်ဝါရီ လများတွင် အများဆုံး လှိုင်လှိုင်ထွက်ရှိလေ့ရှိသည်။

           ဂန္ဓမာပန်းသည် ကာလတိုအတွင်း ဝင်ငွေရရှိစေသော သီးနှံဖြစ်သဖြင့် စိုက်ပျိုးသည့် တောင်သူများအတွက် အကျိုးအမြတ်များစွာဖြစ်ထွန်းစေသည်။ ဂန္ဓမာပန်းသည် ဘုရားပန်းအဖြစ် လည်း ကောင်း၊ အလှူအတန်းနှင့် မင်္ဂလာဆောင်ပွဲများတွင်လည်းကောင်း နေ့စဉ်မပြတ် အသုံးပြုသဖြင့် ဈေးကွက်ခိုင်မာမှုရှိသည်။ ပန်းပွင့်ချိန်တွင် နေ့စဉ် (သို့မဟုတ်) တစ်ရက်ခြားတစ်ခါ ပုံမှန်ခူးဆွတ် ရောင်းချနိုင်သဖြင့် မိသားစုအတွက် နေ့စဉ်ဝင်ငွေကို ရရှိစေသည်။ အထူးသဖြင့် သီတင်းကျွတ်၊ တန်ဆောင်မုန်းနှင့် နတ်တော်လကဲ့သို့ ပွဲလမ်းသဘင်များပြားသည့် ရာသီများတွင် ပန်းဈေးနှုန်း ပိုမိုရရှိသဖြင့် တောင်သူများအဆင်ပြေကာ မိသားစုစီးပွားရေးကို များစွာအထောက်အကူပြုသည့်အတွက် စိုက်ပျိုးသင့်သည့်ပန်းမျိုးဖြစ်ကြောင်း အမှတ်()ရပ်ကွက်ရှိ ပန်းစိုက်ပျိုးရောင်းချသူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကသာလိုင်ချီးသီးများ မန္တလေးဈေးကွက်သို့ အဓိကတင်ပို့ တောင်သူများ ဝင်‌ငွေရနေ

            ကသာခရိုင်၊ ကသာမြို့၏ အရေးပါသော သစ်သီးဝလံ သီးနှံထွက်ကုန်တစ်မျိုးဖြစ်သော လိုင်ချီးသီး(lychee) သည် နှစ်စဥ် ဇွန်လဆန်းမှစ၍ မြို့နယ်တွင်း စိုက်ခင်းများမှ ကသာမြို့ပေါ်ဈေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိပါသည်။ ကသာလိုင်ချီးသီးသည် အပြင်အခွံအနီရောင်၊ ပန်းရောင်၊ အဝါရောင်ဖြင့် စားချင်စဖွယ်ဖြစ်ပြီး အခွံခွာလိုက်လျှင်  အတွင်းသားဖြူဖြူ အသားထူထူဖြင့် အနံ့မွှေးအရသာချိုသောကြောင့် ဈေးကွက်တွင်ဝယ်လိုအား ကောင်းလှပါသည်။

          စိုက်ခင်းများမှ ကသာမြို့ပေါ်ဈေးကွက်အဝယ်ဒိုင်များသို့ လိုင်ချီးသီးတောင်သူများ အလုံးအရင်းနှင့် တင်ပို့ရောင်းချကြသည်။ မြို့ပေါ်အဝယ်ဒိုင်များမှ လိုင်ချီးသီးများအားစုစည်းပြီး အဝကျယ်ဝါးချင်းတောင်းများအား အင်ဖက်များဘေးကာလျက် ထည့်သွင်းထုတ်ပိုးပြီး မန္တလေးသို့ အဓိကတင်ပို့ပြီး ရန်ကုန်၊ မြစ်ကြီးနား ဈေးကွက်သို့လည်းတင်ပို့ရောင်းချကြကြောင်း သိရသည်။

          လိုင်ချီးသီးစိုက်ပျိုးထားသည့် ဝဲကြီးရွာမှ ဦးလှရှင်းက "ကျွန်တော်လိုင်ချီးသီး နှစ်ဧက စိုက်ထားပါတယ်၊ တစ်ဧကမှ အပင်(၆၀)နှင့် ၁၅ပေ ခြား နှုန်းစိုက်ပျိုးထားပါတယ်၊ ကိုင်းကူးပျိုးပင် စိုက်တာ (၈)နှစ်သားရှိပြီး အပင်အမြင့် ၈ ပေနှင့် ၁၀ ပေရှိပါတယ်။ စိုက်ပြီး ၅ နှစ်သားမှာ စသီးပါတယ်။ တစ်ပင်ကိုပျှမ်းမျှ ပိဿာ ၃၀နှင့် ၅၀ ကြားထွက်ပါတယ်။ အပင် ၆၀ မှာ ပိဿာ ၁၀၀၀ ကျော်ထွက်ပါတယ်။ ခူးဆွတ်ပြီးအသီးများကို ကသာအဝယ်ဒိုင်သို့သွင်းပြီး ကသာဈေးကွက်တွင် တစ်ပိဿာ ၅၀၀၀ ကျပ်နှုန်းဖြင့် ရောင်းချလျက်ရှိပါကြောင်း၊  လုပ်သားခ၊ သယ်ယူပို့ဆောင်ခ၊ သွင်းအားစုဆေးခများနုတ်ပြီး တစ်ဧက သိန်း ၃၀ ကျော်အမြတ်ကျန်ရှိပါကြောင်း၊  ကသာမြို့နယ်ကျေးရွာများမှာ လိုင်ချီးသီးများ အမြောက်အများ စိုက်ပျိုးကြပြီး  အခုလိုကျောင်းဖွင့်ချိန် ဇွန်၊ ဇူလိုင်လများမှာ လိုင်ချီးသီး စိုက်ပျိုးတောင်သူများ ဝင်ငွေရရှိကြတယ်" လိုပြောပါတယ်။

          ကသာမြို့နယ်၏ သီးနှံဒေသထွက်ကုန်တစ်မျိုးဖြစ်သည့် လိုင်ချီးသီးသည် နှစ်စဥ် ဇွန်လ၊ ဇူလိုင်လများတွင် လှိုင်လှိုင်ပေါ်ပြီး ကသာဈေးကွက်မှ မန္တလေး၊ ရန်ကုန်၊ မိုးကောင်း၊ မြစ်ကြီးနားမြို့များသို့ ကုန်ကားများ၊ လိုင်းကားများဖြင့် နေ့စဥ်တင်ပို့ရောင်းချမှုရှိကြောင်း သိရပါသည်။ ကသာမြို့အဝယ်ဈေးတစ်ပိဿာ ၅၀၀၀ ကျပ်ရှိပြီး မန္တလေးဈေးကွက်တွင် အလုံးအကြီးအသေးပေါ်မူတည်ပြီး တစ်ပိဿာ ၈၀၀၀ကျပ်မှ ၁၂၀၀၀ကျပ်ရှိကြောင်းနှင့် ကသာမြို့မှ နယ်စုံတင်ပို့မှု နေ့စဥ်ပိဿာ ၁၅၀၀မှ ၂၀၀၀ ကြားရှိကြောင်း လိုင်ချီးသီး ကုန်သည်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

သရက်မြို့ပေါ်ရှိဈေးများတွင်ရောင်းချနေသော ဗူးသီးနှင့်ဆူးပုတ်ရွက်ဈေးနှုန်းအခြေအနေ

 

          မကွေးတိုင်းဒေသကြီး၊သရက်ခရိုင်၊ သရက်မြို့၊ မြို့မဈေးကြီးနှင့်ဈေးလေးများ၊ အခွန် လွတ်ဈေးလေးများတွင် ဗူးသီးနှင့် ဆူးပုတ်ရွက်စသည့် စားဖိုဆောင်ဟင်းသီးဟင်းရွက်များ အရောင်း သွက်လျက်ရှိပြီး မိမိဒေသ ထွက်ဖြစ်ပြီး ဈေးသင့်၍လတ်ဆတ် သောကြောင့်ဝယ်ယူစားသုံးနေကြပါ သည်။ သီးနှံများကို သရက်မြို့နယ်ရှိအနီးအနားရှိ ကံသာစု၊ မြင်ဘာခြံ၊ ခြံကြီးစု၊ ထုံးတောင်၊ မီးသွေးဖုတ်၊ ရေပေါ်ကျွန်းကျေးရွာနှင့် စိုက်ပျိုးရေးကျွန်းများမှ မြို့ပေါ်ရှိဈေးကွက်အတွင်း လာရောက် ရောင်းချ ကြပါသည်။

          ၂၀၂၆ခုနှစ်၊ ဇွန်လ(ပထမပတ်)တွင် ဗူးသီးတစ်လုံးလျှင် ကျပ်(၃၀၀၀)ဖြင့်ဈေးကွက်ဖြစ်ပေါ်ခဲ့ပြီး ယခု(ဒုတိယပတ်)တွင် ကျပ်(၂၅၀၀)ဖြင့် အကြီးအသေးပေါ်မူတည်၍ အရောင်းအဝယ် ဖြစ်လျက်ရှိရာ (ဒုတိယပတ်)တွင် ကျပ်(၅၀၀)ဈေးနှုန်းကျဆင်းခဲ့ပါသည်။ စိုက်ပျိုးသည့်ခြံများမှ အထွက်နှုန်းများတိုး လာပြီး ဝယ်ယူ စားသုံးသူများမှာလည်း ဈေးသင့်၍လတ်ဆတ်သောဗူးသီးများကို နှစ်ခြိုက်စွာဝယ်ယူ အားပေးကြကြောင်းသိရသည်။ ဆူးပုတ်ရွက်မှာလည်း ဇွန်လ(ပထမပတ်)တွင်(၁၀)ကျပ်သားလျှင် ကျပ် (၁၀၀၀)ရှိခဲ့ပြီး  ယခု(ဒုတိယပတ်)တွင် ကျပ်(၈၀၀)ဖြင့်ဈေးကွက်အတွင်း အရောင်းသွက်လျက်ရှိရာ (ဒုတိယပတ်)တွင် ကျပ်(၂၀၀)ဈေးနှုန်း ကျဆင်းခဲ့ပါသည်။ စားသုံးသူများမှာလည်း ဈေးကွက်အတွင်း ဝယ်လိုအား များခြင်းတို့ကြောင့် စိုက်ပျိုးရောင်းချသူများမှာလည်း အဆင်ပြေပြီးအကျိုးရှိသော စားဖို ဆောင်သီးနှံများကို စိုက်ပျိုးရောင်းချလျက်ရှိပါကြောင်း သီးနှံစိုက်ပျိုးရောင်းချသူဈေးသည် တစ်ဦးထံမှ သိရှိရပါသည်။

DOCA(မကွေး)

စလင်းမြို့နယ်၊မြောက်ဇီးကုန်းကျေးရွာတွင် ပြောင်းဖူးချိုစိုက်တောင်သူများဈေးကောင်းရ၍ အဆင်ပြေလျက်ရှိ

            မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ မြောက်ဇီးကုန်းကျေးရွာသည် ပြောင်းဖူးချိုကို ဧပြီလဆန်းတွင် စိုက်ပျိုးပြီး ဇွန်လဆန်းတွင် စတင်ထွက်ပေါ်၍ ဈေးကောင်းရလျက်ရှိကြောင်း သိရသည်။

          ပြောင်းဖူးချို စိုက်ပျိုးရာတွင် ထွန်းကြောင်းဆွဲအစေ့ချစနစ်ဖြင့် စိုက်ပျိုးကြကြောင်း၊ အဖူးကြီးပြီး အရသာအလွန်ချိုသည့်ပြောင်းဖူးချိုမျိုးစေ့ (၁၃၅)မျိုးစေ့ကိုစိုက်ပျိုးကြကြောင်း၊ ရာသီဉတုဒဏ်ကိုလဲ ခံနိုင်ရည်ရှိကြောင်း၊ ()ဧကလျှင် မျိုးစေ့ဖိုး၊ ဆေးဖိုး၊ ထွန်ယက်ခ၊ လုပ်သား ခအပါအဝင် စုစုပေါင်း ကုန်ကျစရိတ် ကျပ်(၁၅)သိန်းခန့် ကုန်ကြကြောင်း၊ (၁)ဧကလျှင် အဖူးရေ (၆၀၀၀)ခန့်ထွက်ရှိပြီး တစ်ဖူးလျှင် ကျပ်(၅၀၀)မှ ကျပ်(၈၀၀)ဖြင့်ရောင်းချရ၍ အကျိူးအမြတ် အနေဖြင့် တစ်ဧကလျှင် ကျပ်(၁၅)သိန်းခန့် ရရှိကြောင်း၊ ဈေးကွက်အနေဖြင့် ဆင်ဖြူကျွန်းမြို့ပေါ်ရှိ ပွဲရုံများနှင့် ရွာအနီးပတ်ဝန်းကျင်များသို့ လက်လီ/လက်ကား တင်ပို့ရောင်းချလျက်ရှိကြောင်း၊ ပြောင်းဖူးချိုသီးနှံစိုက်ပျိုးခြင်းဖြင့် တောင်သူများ အကျိုးအမြတ်ရရှိကာ အဆင်ပြေ လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)

မုံရွာမြို့နယ်တွင် ရွှေဖရုံသီးစိုက်ပျိုးခြင်းဖြင့် အကျိုးအမြတ်ရရှိနေ

          စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ ညောင်ဖြူပင်၊ သစ်စိမ့်၊ ထနောင်းတောကျေးရွာများတွင် နှမ်းနှင့် ပဲမျိုးစုံသီးနှံများကို အဓိက စိုက်ပျိုးကြပြီး စားဖိုဆောင်သီးနှံများကိုလည်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးလျက်ရှိရာ ညောင်ဖြူပင်ကျေးရွာတွင် ရွှေဖရုံသီး စိုက်ဧက ၅ ဧကခန့် စိုက်ပျိုးထားရှိကြောင်း သိရသည်။

          ရွှေဖရုံသီးကို ဇူလိုင်လတွင် စတင်စိုက်ပျိုး၍ အောက်တိုဘာလတွင် အသီးရင့်မှည့်ကာ ခူးဆွတ်နိုင်ကြောင်း၊ မျိုးအနေဖြင့် အလုံးပြား ရွှေဖရုံသီးမျိုးကို စိုက်ပျိုးကြပြီး တစ်ဧကလျှင် မျိုးစေ့ ၁၀၀ ဂရမ်ပါအထုပ် ၁၆ ထုပ်ခန့် ကုန်ကျကြောင်း၊ စိုက်ပျိုးရာတွင် မြေအောက်ရေတင်စနစ်ဖြင့် စိုက်ပျိုးပြီး တစ်ပေခွဲအကွာ ကျင်းများတူး၍ အစေ့ချစိုက်ပျိုးရကြောင်း၊  စိုက်ပျိုးမှုကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင် တစ်ဧကလျှင် ငွေကျပ် ၁၅ သိန်းခန့် ကုန်ကျကြောင်း၊ အထွက်နှုန်းအနေဖြင့်  တစ်ဧကလျှင် အလုံးရေ ၁၀၀၀-၁၅၀၀ ခန့် ထွက်ရှိပြီး ဈေးနှုန်းအနေဖြင့်  ဇွန်လ ဒုတိယပတ်တွင် ရွှေဖရုံသီးတစ်လုံးလျှင် အကြီး၊ အသေးအပေါ်မူတည်၍ လက်ကားဈေး ငွေကျပ် ၃၀၀၀-၄၀၀၀ ဈေးနှုန်းအသီးသီးဖြင့် ရောင်းချရပြီး အကျိုးအမြတ်အနေဖြင့် တစ်ဧကလျှင် ငွေကျပ် ၁၄ သိန်းခန့် ရရှိကြောင်း၊ ဈေးကွက်အနေဖြင့် လက်လီလက်ကားကုန်စိမ်းသည်များမှ စိုက်ခင်းအထိ လာရောက်ဝယ်ယူကြပြီး မုံရွာမြို့ပေါ်ရှိ ကုန်စိမ်းပွဲရုံများသို့ တင်ပို့ရောင်းချကြကြောင်း၊ ရွှေဖရုံသီးပင် စိုက်ပျိုးခြင်းသည် အသီးများသာမက အညွန့် (အရွက်)များပါ ရောင်းချရသောကြောင့် အပိုဝင်ငွေများရရှိပြီး ယခုနှစ်တွင် စျေးနှုန်းကောင်းမွန်သောကြောင့် တောင်သူများအနေဖြင့် အကျိုးအမြတ်များပိုမိုရရှိကာ အဆင်ပြေလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

“မန်ကျည်းသီးမှည့်အသစ်များဈေးနှုန်းအနည်းငယ်ကျဆင်း”

                       မြန်မာနိုင်ငံတွင် မန်ကျည်းပင်များ ပေါများလာသည်နှင့်အမျှ မန်ကျည်းသီး၊ မန်ကျည်းဖူး၊ မန်ကျည်းရွက်နုတွေကို လူတော်တော်များများ နှစ်သက်စွာစားသုံးကြကြောင်း၊ မြန်မာ့ရိုးရာ ဆေးနည်းမှာ မန်ကျည်းတစ်ပင်လုံးက ပစ်စရာမရှိအောင် အသုံးဝင်ကြောင်း၊ အိမ်ရှင်မများ ဟင်းချက်ရာတွင် ပုံစံမျိုးစုံဖြင့် အသုံးပြုကြကြောင်း ၊ မန်ကျည်းသီးမှည့် သီးသန့်ပဲဖြစ်ဖြစ်၊ ဟင်းအနှစ် အဖြစ်လည်း ချက်စားကြသလို ဖျော်ရည်အဖြစ်လည်း သောက်သုံးကြကြောင်း၊ ချဉ်ရည်ဟင်း၊ အကင်အမျိုးမျိုးအတွက် အချဉ်ပြုလုပ်ခြင်းတို့တွင်လည်းအသုံးပြုကြောင်း၊ မန်ကျည်းသီးမှည့်သည် အရသာထိမိရုံသာမက ကျန်းမာရေးကောင်းကျိုးများလည်း များစွာရှိကြောင်း၊ မန်ကျည်းသီးမှည့် စားသုံးခြင်းဖြင့် နှလုံးကျန်းမာရေးကို အထောက်အကူပြုနိုင်ခြင်း၊ သွေးဖိအားကို မျှတစေခြင်း၊ အသည်းအဆီ ဖုံးခြင်းကို ကာကွယ်ပေးခြင်း စသည့်ကျန်းမာရေးကောင်းကျိုးများစွာ ရရှိကြောင်း၊ ထောင်းပြီးငပိနှင့် ချက်စားခြင်းအပြင် ပုဇွန်ဆိတ်၊ ပုဇွန်ဆီ၊ ငါးပိကောင်များဖြင့်လည်း ချက်စားလေ့ ရှိကြောင်း ၊ မန်ကျည်းသီး ဈေးနှုန်းအနေဖြင့် ယခင် မန်ကျည်းသီးမှည့် တစ်ပိဿာလျှင် (၁၂၀၀၀/-) ကျပ်ဖြင့်ရောင်းဝယ်ခဲ့ပြီး ယခုအချိန်တွင် မန်ကျည်းသီးမှည့် တစ်ပိဿာလျှင် (၈၀၀၀/-) ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိသောကြောင့် ယခင်လနှင့်နှိုင်းယှဉ်ပါက (၄၀၀၀/-)ကျပ်ခန့် ဈေးနှုန်းကျဆင်းသွားကြောင်း၊ ဈေးကွက်ထဲတွင် မန်းကျည်းမှည့်သစ်များ ဖြိုင်ဖြိုင်ဝင်ရောက်လာသောကြောင့် ဈေးနှုန်း ကျဆင်းရခြင်းဖြစ်ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

“သံပုရာသီးဈေးနှုန်း အနည်းငယ်ကျဆင်း”

                       ကျောက်ဆည်ခရိုင်အတွင်းရှိ တောင်သူဦးကြီးများသည် စားဖိုဆောင်သီးနှံဖြစ်သော ငရုတ် ၊ ကြက်သွန်၊ ပဲ၊ နှမ်းသီးနှံများအပြင် စီးပွားဖြစ်ဝင်ငွေတိုးသော သံပုရာပင်များကိုလည်း စိုက်ပျိုးလာ ကြပါသည်။ စိုက်ပျိုးသောသံပုရာမျိုးများမှာ ဗမာသံပုရာမျိုး၊ သံပုယိုမျိုးများကို အများဆုံး စိုက်ပျိုး ကြပါသည်။ သံပုရာစိုက်ပျိုးရာတွင် မျိုးစေ့ကိုပျိုးထောင်၍ စိုက်ပျိုးကြသလို သံပုရာကိုင်းဆက် ပျိုးပင်ကိုလည်း ဝယ်ယူ၍ စိုက်ပျိုးကြပါသည်။ စိုက်ကျင်းအရွယ် ၂ပေ ပတ်လည် ကျင်းတူးပြီး မြေဆွေးရောစပ်၍ ၁၂ပေကြား တစ်ပင်ဖြင့် တစ်ဧကကိုအပင် (၃၀၀) ကျော်ဝင့်ဆံ့ကြောင်း၊ အပင် လျင်မြန်ကြီးထွားစေရန်နှင့် ပန်းပွင့်ချိန်နှင့်အသီးပေါ်ချိန်များတွင် ရေလှုံလောက်စွာသွင်းပေးရပြီး မြေဆီမြေဩဇာ ကျွေးရကြောင်း၊ သံပုရာမျိုးစေ့ကို စိုက်ပျိုးပါက(၇-၈)နှစ်ကြာကြောင်း၊ ကိုင်းဆက် ပျိုးပင်ကို စိုက်ပျိုးပါက(၂)နှစ်အကြာ တွင်အသီးများစတင်သီးကြောင်း၊ သံပုရာတစ်ပင်တွင် အသီး အထွက်နှုန်း (၁၀၀)မှ (၁၀၀၀)ခန့်ထွက်ကြောင်း၊ တစ်ဧကအထွက် သံပုရာသီး အလုံးပေါင်း (၂၀၀၀၀)လုံး ခန့်ထွက်ကြောင်း၊ ဗမာသံပုရာမျိုးနှင့် သံပုယိုမျိုးများတွင် သံပုယိုမျိုးက ပိုမိုထွက်ကြောင်း၊ ယခင်လတွင် ဗမာသံပုရာသီး ဈေးနှုန်းအနေဖြင့် အလုံး (၁၀၀)တွင် (၂၀၀၀၀)ကျပ်၊ လက်လီတစ်လုံး လျှင်(၂၀၀)ကျပ်၊ သံပုယိုသီးအလုံး(၁၀၀)တွင် (၇၀၀၀)ကျပ် ၊ လက်လီတစ်လုံးလျှင်(၇၀)ကျပ် ၊ ယခုလတွင် ဗမာသံပုရာသီး ဈေးနှုန်းအနေဖြင့် အလုံး (၁၀၀)တွင် (၁၅၀၀၀)ကျပ်၊ လက်လီတစ်လုံး လျှင်(၁၅၀)ကျပ်၊ သံပုယိုသီးအလုံး(၁၀၀)တွင် (၆၅၀၀)ကျပ် ၊ လက်လီတစ်လုံးလျှင်(၆၅)ကျပ် ဖြင့် ရောင်းဝယ်လျက်ရှိကြောင်း၊ သံပုရာသီးများ ဈေးများတွင် ဝင်ရောက်မှုများပြားလာသဖြင့် ဈေးနှုန်း ကျဆင်းလျက်ရှိကြောင်း သံပုရာစိုက်ပျိုးသောတောင်သူတစ်ဦး၏ပြောကြားချက်အရ သိရှိရသည်။

DOCA(မန္တလေး)

“ဈေးနှုန်းမြင့်တက်လျက်ရှိသော ကီလိုမာလကာသီး”

                ကျောက်ဆည်မြို့နယ်ရှိ တောင်သူအများစုမှာ စပါးစိုက်ပျိုးမှုအပြင် ဟင်းသီးဟင်းရွက် သစ်သီးဝလံများအား စီးပွားဖြစ်စိုက်ပျိုးလျက်ရှိရာ တောင်နောက်ကျေးရွာ၊ သံရွာကျေးရွာနှင့်  အရှေ့ သပြေကုန်းကျေးရွာများတွင် အများဆုံးစိုက်ပျိုးလျက်ရှိပြီး  မိသားစုအပိုဝင် ငွေရရှိသည့် ရာသီမရွေး စိုက်ပျိုးနိုင်ပြီး ရာသီမရွေးစားသုံးနိုင်သည့် ဈေးကွက်ဝယ်လိုအားရှိသည့် ကီလိုမာလကာပင်များကို လည်း စိုက်ပျိုးလာကြပါသည်။ ၎င်းသီးနှံကို  ယာမြေများတွင် ဩဂုတ်၊ စက်တင်ဘာလ များတွင် အများဆုံး စိုက်ပျိုးကြပါသည်။ မိုးဦးကျ ကာလများတွင် စိုက်ပျိုးပါက အပင်များ ပိုမိုရှင်သန်နိုင်ပြီး  အစေ့မျိုးပင်(သို့မဟုတ်) မြေထုပ် စည်းမျိုးပင်ကို (၁)နှစ် သားအရွယ်ရောက်လျှင် မြေချစိုက်ပျိုးနိုင် ပါသည်။ စိုက်ပျိုးရာတွင် (၁)ပင် နှင့်(၁)ပင် (၁၅-၁၆)ပေ ခြား၍ စိုက်ပျိုးရပါသည်။ မာလကာပင်ကို အစေ့မှ စိုက်ပျိုးလျှင် (၄-၅) နှစ်ထိ ကြာနိုင်ကြောင်း၊ ကိုင်းဆက်မြေထုပ်ပျိုးပင်ကို (၁)နှစ်ခွဲ (၂)နှစ် အတွင်းမှာ အသီးသီးပါကြောင်း၊ စီးပွားဖြစ်စိုက်ပျိုးသော တောင်သူဦးကြီးများက ကိုင်းဆက် မြေထုပ်စည်းအပင်ကိုသာ အများဆုံးစိုက်ပျိုးကြပါသည်။ ပျိုးပင်တစ်ပင်လျှင် အပင်အရွယ်အစား ပေါ်မူတည်၍ (၁၅၀၀-၂၅၀၀-၃၅၀၀-၄၀၀၀)ကျပ်အထိ ဈေးနှုန်းရှိကြောင်း၊ တစ်ဧကလျှင် ကီလိုမာလကာပင် (၃၅၀)ပင် စိုက်ပျိုးကြပြီး (၁)နှစ်ခွဲသားတွင် ရောင်းတန်းဝင်အသီးများ စတင် ခူးဆွတ်ရကြောင်း၊ စတင်ခူးဆွတ်ချိန်တွင် မာလကာသီးအလုံး (၁၀၀၀-၁၂၀၀)ခန့် ခူးဆွတ်ရကြောင်း၊ ယခုမိုးဦးကျနှင့် မိုးရာသီတွင် အသီးများ ဖြိုင်ဖြိုင်ထွက်ရှိသော်လည်း ဆောင်းနှင့်နွေတွင် အသီး အထွက်နှုန်း လျော့နည်းပါသည်။ ဈေးများတွင် ကီလိုမာလကာသီးများ ဝင်ရောက်မှုနည်းပါးသောကြောင့် ဈေးနှုန်းအနည်းငယ်မြင့်တက်လျက်ရှိကြောင်း၊ ယခင်လတွင် ကီလိုမာလကာသီး တစ်လုံးလျှင် လက်လီဈေး (၆၀၀-၇၀၀)ကျပ်၊ လက်ကားဈေးအနေဖြင့် အလုံးအကြီး၊ အသေးပေါ်မူတည်၍ (၅၀၀-၆၀၀)ကျပ်၊ ယခုလတွင် ကီလိုမာလကာသီး တစ်လုံးလျှင်လက်လီဈေး (၁၀၀၀-၁၅၀၀)ကျပ်၊ လက်ကားဈေးအနေဖြင့်အလုံးအကြီး၊ အသေးပေါ်မူတည်၍ (၇၀၀-၈၀၀)ကျပ် ဈေးများဖြင့်ရောင်းချပေးကြောင်း မာလကာသီးအများဆုံး စိုက်ပျိုးသော တောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။

DOCA(မန္တလေး)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း