Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ရုံးပတီသီးနှံ စိုက်ပျိုးခြင်းဖြင့် အကျိုးအမြတ်ရရှိ

            ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်တွင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို      အဓိကထား လုပ်ကိုင်ကြပြီး စပါး၊ ပဲ၊ ပြောင်း၊ နှမ်း စသည့်သီးနှံများ စိုက်ပျိုးသည့်အပြင် စားဖိုဆောင်သီးနှံများကိုလည်း ရာသီအလိုက် စိုက်ပျိုးလျက်ရှိရာ ရုံးပတီသီး သီးနှံကိုလည်း စီးပွားဖြစ် စိုက်ပျိုးကြကြောင်း သိရသည်။

         ရုံးပတီသီးမျိုးအနေဖြင့် ပင်ပုမျိုး၊ ပင်လတ်မျိုး၊ ပင်မြင့်မျိုးများဖြစ်ပြီး ပင်မြင့်မျိုး (Finger One) ရုံးပတီမျိုးကို အများဆုံးစိုက်ပျိုးကြကြောင်း၊ တစ်ဧကလျှင် မျိုးစေ့ ၁၅ ထုပ် စိုက်ပျိုးရပြီး စိုက်ပျိုးမှု ကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် စုစုပေါင်း ငွေကျပ် ၈၀၀၀၀၀ ခန့် ကုန်ကျကြောင်း၊ ရုံးပတီသီးနှံကို စိုက်ပျိုးပြီး ၄၅ ရက်အကြာတွင် စတင်ခူးဆွတ်ရ၍ တစ်ရက်ခြား တစ်ကြိမ် ခူးဆွတ်လျက်ရှိရာ သက်တမ်းအနေဖြင့် ၂ လထိ ခူးဆွတ်ရကြောင်း၊ အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် ရုံးပတီသီးပိဿာချိန် ၂၀၀၀ ခန့် ထွက်ရှိပြီး ဈေးနှုန်းအနေဖြင့် လက်ကားဈေး တစ်ပိဿာလျှင် ငွေကျပ် ၂၅၀၀-၂၇၀၀၊ လက်လီဈေး တစ်ပိဿာလျှင် ငွေကျပ် ၃၀၀၀ ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ အကျိုးအမြတ်အနေဖြင့် တစ်ဧကလျှင် ငွေကျပ် ၁၈-သိန်းမှ ၂၀ သိန်းခန့် အကြားရရှိပြီး ဈေးကွက်အနေဖြင့် ကုန်စိမ်းပွဲစားများမှာ စိုက်ခင်းအထိ လာရောက်ဝယ်ယူကြကြောင်း၊ ရုံးပတီပင်သည် ရာသီမရွေးစိုက်ပျိုးနိုင်ပြီး ဈေးကောင်းရရှိသည့်အတွက် တောင်သူများအနေဖြင့် အကျိုးအမြတ်များ ပိုမိုရရှိကြောင်း တောင်သူတစ်ဦးထံမှ သိရှိရပါသည်။

DOCA (ဧရာဝတီ)

ငရုတ်စိုက်ပျိုးခြင်းဖြင့် တောင်သူများအကျိုးအမြတ်ရရှိ

                  ပဲခူးတိုင်းဒေသကြီး (အနောက်) နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်အတွင်းရှိ  ကျေးရွာများတွင် လယ်ယာစိုက်ပျိုးခြင်း လုပ်ငန်းများ လုပ်ကိုင်ကြပြီးသီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ  စားဖိုဆောင်သီးနှံအဖြစ် ငရုတ်ကိုတပိုင်တနိုင် စိုက်ပျိုးလျှက်ရှိပါသည်။

          ငရုတ်သီးပင်ကို မိုးကြို၊ မိုးနှင့်ဆောင်းဟူ၍ ရာသီမရွေး စိုက်ပျိုးနိုင်ပါသည်။ မိုးငရုတ်ကို ဧပြီးလ-မေလတို့တွင် ပျိုးထောင်ပြီး ဇွန်လတွင် ရွှေ့စိုက်ရပါသည်။ မိုးကြိုရာသီ (ဖေဖော်ဝါရီလ-မတ်လ)တို့တွင် စိုက်ပျိုးခြင်းက ငရုတ်သီးခြောက်ဈေးကောင်းရချိန်နှင့် ချိန်ကိုက်ခူးဆွတ်နိုင်ပါသည်။ ငရုတ်ပင်ကို ဂရုစိုက်မှု အပေါ် မူတည်၍ (၂)နှစ်ခန့်အထျ စိုက်ပျိုးခူးဆွတ် ထားရှိနိုင်ပါသည်၊ ယခုလိုမိုးဦးကာလတွင် ငရုတ်ပင်စိုက်ပျိုး မှု နည်းပါးသောကြောင့် နွေရာသီတွင် ရေလောင်းထားရခြင်းတို့ကြောင့် ကျောက်စိမ်းငရုတ် (၁၀)သားလျှင် (၂၀၀၀)ကျပ်၊ လှိုင်လှိုင်ပေါ်သောအခါ (၁၀၀၀)ကျပ်နှင့် ပင်နံငရုတ်(၁၀)သား လျှင် (၃၀၀၀-၂၅၀၀)ကျပ် ဈေးအထိ ဈေးကောင်းရရှိပြီး စိုက်ပျိုးသူတောင် သူများအနေဖြင့် ဝင်ငွေတိုး အကျိုးအမြတ်ရရှိကြောင်း သိရပါသည်။

DOCA(ပဲခူး)

စိုက်ပျိုးသင့်သော ခရမ်းကြွပ်သီးပင်

                ပဲခူးတိုင်းဒေသကြီး (အနောက်) နတ်တလင်းခရိုင်အတွင်းရှိ ကျေးရွာများတွင်လယ်ယာစိုက်ပျိုးခြင်း လုပ်ငန်းများ လုပ်ကိုင်ကြပြီးသီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ  ဟင်းသီးဟင်းရွက်သီးနှံ ခရမ်းကြွပ်သီးပင်ကို စိုက်ပျိုးလျှက်ရှိပါသည်။ ခရမ်းကြွပ်သီးသည် စိုက်ပျိုးရလွယ်ကူပြီးကုန်ကျစရိတ်သက်သာပြီး  စီးပွားဖြစ် မိသားစုတစ်ပိုင်တစ်နိုင် အကျိုးအမြတ်ရရှိစေသော သီးနှံတစ်မျိုးဖြစ်ပါသည်။

             ခရမ်းကြွပ်သီးပင်ကို ရာသီမရွေးစိုက်ပျိုးနိုင်သော်လည်း နိုဝင်ဘာလတွင် အများဆုံးစတင်စိုက်ပျိုးကြ  ပါသည်။  စိုက်ပျိုးပြီး (၂)လခန့် အကြာတွင် အသီးများစတင်ခူးဆွတ်နိုင်ပါသည်။ ခရမ်းကြွပ်ပင်သည် အသီး  ခူးရမှု နဲသွားချိန်တွင်  ပင်ခြေမှ (၆-၈)လက်မခန့်ချန်၍ မလိုအပ်သော အကိုင်းအခက်များကိုဖြတ်တောက်ပစ်ကာ ရေနှင့် မြေဩဇာများပြန်ကြွေးပါက  တစ်လအတွင်း အသီးအသစ်များ ဒုတိယအကြိမ်ပြန်လည် ခူးဆွတ် နိုင်ကြောင်းသိရပါသည်။ ယခုလိုမိုးဦးကာလ ဇွန်လပိုင်းလောက်တွင် ခရမ်းကြွပ်သီး တစ်ပိဿာလျှင်(၃၀၀၀-  ၃၅၀၀)ထိ လက်ကားဒိုင်များသို့  ဖောက်သည်ပေးရကေဲာင်းသိရသည်၊ ထို့ကြောင့်ခရမ်းကြွပ်ပင်ကိုစိုက်ပျိုးရလွယ်ကူသောကြောင့် မိသားစု တစ်ပိုင်တစ်နိုင်အကျိုးအမြတ်ရရှိ၍ ဝင်ငွေတိုးသည့်အတွက် စိုက်ပျိုးသင့်သော သီးနှံဖြစ်ကြောင်းသိရပါသည်။

DOCA(ပဲခူး)

ဆီထွက်သီးနှံ မြေပဲကို ပေါင်းတည်မြိုနယ်တွင် တစ်ပိုင်တစ်နိုင် စိုက်ပျိုးဖြင့် ဝင်ငွေများရရှိ

                  ပဲခူးတိုင်းဒေသကြီး (အနောက်) နတ်တလင်းခရိုင်အတွင်းရှိ ကျေးရွာများတွင်လယ်ယာစိုက်ပျိုးခြင်း လုပ်ငန်းများ လုပ်ကိုင်ကြပြီးသီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ  ဆီထွက်သီးနှံအဖြစ် မြေပဲကိုလည်း စိုက်ပျိုး ကြပါသည် မြေပဲကို မိုးစိုက်နှင့် ဆောင်းစိုက်ဟူ၍ နှစ်မျိုး စိုက်ပျိုးလျက်ရှိရာ ယခုအခါတွင် မိုးမြေပဲများ စိုက်ပျိုးလျှက်ရှိကြောင်း သိရသည်။

                        မြေပဲစိုက်ပျိုးရာတွင် မေလနှင့် ဇွန်လများတွင် စိုက်ပျိုးကြပြီး ဩဂုတ်လတွင် သီးနှံများ ထွက်ပေါ် ကြောင်း မြေပဲအမျိုးအစားမှာ မကွေး(၁၁)မျိုးကို အများဆုံးစိုက်ပျိုးလျက်ရှိပါသည်။ စိုက်ပျိုးရာတွင် မြေပြင်ထွန်ယက်များ တစ်ဧကလျင် မြေပဲဆန်နှစ်တင်းခန့် ကုန်ကျပြီး မြေပြင်ခ၊ မျိုး၊ သွင်းအားစု လုပ်အားခ အပါအဝင် တစ်ဧကလျှင် စုစုပေါင်း ရှစ်သိန်းခန့် ကုန်ကျကြောင်း  ယခုလိုစိုက်ပျိုးရာသီမှာ အခွံဖြင့် ၇ပိဿာ လျှင် (၅၀,၀၀၀)ကျပ်၊ မြေပဲဆံ တစ်ပိဿာလျှင် (၁၂,၀၀၀)ကျပ်နှုန်းဖြင့် ဝယ်ယူစိုက်ပျိုးကြကြောင်း  စိုက်ပျိုး မြေအနေအထားနှင့် သီးနှံဖြစ်ထွန်းမှု အပေါ်မှုတည်၍  အထွက်နှုန်းများကွာခြားမှုရှိကြောင်း မြေပဲစိုက်ပျိုး တောင်သူများအနေဖြင့် ထိုက်သင့်သည့် အကျိုးအမြတ်ရရှိကြောင်းသိရသည်။

DOCA(ပဲခူး)

 

နတ်တလင်းခရိုင်၊သဲကုန်းမြို့ရှိဈေးကွက်ဝင်သခွါးသီးဈေးကွက်

               ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် သဲကုန်းမြို့နယ် ညောင်ဝင်းအုပ်စု လက်ပံပင်လေး ကျေးရွာ တောင်သူဦးသန်းဝင်း စိုက်ပျိုးထားသော သခွါးသီးစိုက်ခင်းသို့ သွားရောက်ကာ တစ်ဧက ကုန်ကျစရိတ် တစ်ဧကအထွက်နှုန်း တစ်ဧကအကျိုးအမြတ်နှင့် ဈေးကွက် ဈေးနှုန်း အခြေအနေ တို့အားသွားရောက် လေ့လာခဲ့ပါသည်။

              တစ်ဧကစိုက်ပျိုးရာတွင် မျိုး၊ ထွန်ယက်ခ နှင့် ဓါတ်မြေဩဇာ အပါအဝင် ကုန်ကျစရိတ် ပေါင်း(၈)သိန်းကျော် ကုန်ကျပြီး သခွါးသီးတစ်လုံးလျှင် (၇၀၀)ကျပ် ရောင်းချရ၍ (၃)ရက်လျှင် တစ်ကြိမ်ခူးဆွတ်ရောင်းချပြီးတစ်ရာသီစိုက်ပျိုးလျှင်(၅)သိန်းကျော်အမြတ်ရရှိပါသည်။ ကုန်စိမ်းဒိုင် များမှလာရောက် သယ်ယူကာ ကုန်စိမ်းကားများဖြင့် ရန်ကုန်မြို့နယ် ဒညင်းကုန်းဈေးကြီး အတွင်းသို့ ပို့ဆောင်ရောင်းချရပြီး ဈေးကွက်ဝင် သီးနှံဖြစ်သောကြောင့် တောင်သူများအကျိုးအမြတ်ရရှိကာ စီးပွားဖြစ်သီးနှံအဖြစ် ဆက်လက် စိုက်ပျိုးလုပ်ကိုင်သွားမည် ဖြစ်ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

 

နတ်တလင်းခရိုင်၊ပေါင်းတည်မြို့တွင်နွေစပါးစျေးအနည်းငယ်မြင့်တက်

                 ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် ပေါင်းတည်မြို့နယ် နွေစပါးများ စိုက်ပျိုးအောင်မြင်လျှက်ရှိရာ ၂၀၂၆ခု ဇွန်လ ပထမပတ်၌ တောင်ဘို့လှအုပ်စု တောင်ဘို့လှ ကျေးရွာတောင်သူ ဦးအောင်မောင်း ပိုင်ဆိုင်သော ရတနာတိုးစပါး လယ်ဧက (၇)ဧကအား ရိတ်သိမ်းဆောင်ရွက်ခဲ့ရာ တစ်ဧကလျှင် (၁၀၅)တင်း ထွက်ရှိပြီး ကွင်းစျေး ပေါင်(၅၀)တစ်တင်းလျှင် (၁၈၀၀၀)ကျပ် ရောင်းချရ ပါကြောင်း စျေးနှုန်းအနည်းငယ်မြင့်တက်၍ စိုက်ပျိုးစရိတ်ကာမိကာ တောင်သူများ တွက်ချေ ကိုက်ပြီး အကျိုးအမြတ် ရရှိကြောင်းနှင့် ၂၀၂၅-၂၀၂၆ နွေစပါး စိုက်ပျိုးတောင်သူများအနေဖြင့် အမိုးအကာအောက် ရောက်ရှိရေးနှင့် မိုးတွင်းသီးနှံ အချိန်မှီစိုက်ပျိုးနိုင်ရေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း တောင်သူများဈေးနှုန်းမြင့်မားကာ အကျိုးအမြတ်ရရှိပါကြောင်းသိရသည်။

DOCA(ပဲခူး)

ပန်းတောင်းမြို့နယ်အတွင်း တိုင်ထောင်ပဲ စိုက်ပျိုးထွက်ရှိမှု

                      ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် မကြီးကုန်းအုပ်စု မကြီးကုန်းကျေးရွာ တောင်သူ ဦးရွှေမြင့်သည် တိုင်တောင်ပဲ စိုက်ပျိုးထားကြောင်း၊ စိုက်ပျိုးမြေ တစ်ဧကတွင် တိုင်ထောင်ပဲ (တစ်သုံးလုံး) မျိုး (၂) ထုပ် ကုန်ကျကြောင်း၊ တိုင်ထောင်ပဲ တစ်ထုပ်လျှင် ကျပ် ၅၄၀၀၀ ရှိကြောင်း၊ တစ်ဧကမျိုးစေ့မှာ ၂ ထုပ် အသုံးပြုရ၍ ကျပ် ၁၀၈,၀၀၀ ကုန်ကျကြောင်း၊ တစ်ဧက ထွန်ယက်ခမှာ ကျပ် ၆၀,၀၀၀ ကုန်ကျကြောင်း၊ ဘောင်ဆွဲခမှာ တစ်မနက် ကျပ် ၇,၀၀၀ နှင့် (၅) ယောက်ငှားခ ကျပ် ၃၅,၀၀၀ ဖြင့် (၃) ရက်ကြာ ဘောင်ဆွဲရသဖြင့် ငှားရမ်းခမှာ ကျပ် ၁၀၅,၀၀၀ ကုန်ကျကြောင်း သိရှိရပါသည်။ မြေအောက်ခံဆေးအနေဖြင့် ရွှေနင်္ဂါး တစ်ပိဿာ ကျပ် ၄,၀၀၀ နှင့် (၄) ကြိမ်ပက်ဖျန်း စရိတ်မှာ ကျပ် ၁၆,၀၀၀ ကုန်ကျကြောင်း၊ အပင်အားဆေးမှာလည်း ရွှေမင်္ဂလာ တစ်ထုပ် ကျပ် ၂၅,၀၀နှင့် (၄) ကြိမ်ပက်ဖျန်းစရိတ် မှာ ကျပ် ၁၀,၀၀၀ ကုန်ကျကြောင်း၊ ထပ်မံဆေးဖျန်းစရိတ်မှာလည်း တစ်မနက် ကျပ် ၇,၀၀၀နှုန်းနှင့် ၃ယောက်ငှားခမှာ ကျပ် ၂၁,၀၀၀ ပေချေရကြောင်း၊ တစ်ဧကစုစုပေါင်း ကုန်ကျစရိတ်မှာ ကျပ် ၃၂,၀၀၀၀ ကုန်ကျကြောင်း သိရှိရပါသည်။ တစ်ဧကအထွက်ခန့်မှန်းမှုမှာ တိုင်ထောင်ပဲ အတောင့်အရေအတွက်မှာ အတောင့် ၆၀,၀၀၀ ပြီး ယခုပေါက်ဈေးမှာ တိုင်ထောင်ပဲတစ်တောင့်ကို ကျပ် (၂၀) နှုန်းဖြင့် ရောင်းရသဖြင့် (၂၀) ရောင်းရငွေမှာ ကျပ် ၁,၂၀၀,၀၀၀ ရရှိသဖြင့် စိုက်ပျိုးတောင်သူအနေဖြင့် ကျပ် ၈၈၀,၀၀၀အကျိုးအမြတ်ရရှိမည်ဖြစ်ကြောင်း သိရှိရပါသည်။ အထွက်နှုန်းမှာလည်း စိုက်ပျိုးမြေပေါ်မူတည်၍ မြေကောင်းလျှင်ကောင်းသလို အကျိုးအမြတ်ရရှိပြီး ဈေးနှုန်းကောင်းလျှင် အကျိုးအမြတ်များပြီး ဈေးနှုန်းနည်းလျှင် အကျိုးအမြတ်နည်းပါးကြောင်း ရေးသားဖော်ပြလိုက်ရပါသည်။

DOCA(ပဲခူး)

ဆိပ်ဖြူကြက်သွန်နီ  ဇွန်လ (တတိယပတ်) ဈေးနှုန်းဈေးကွက်နှင့် ကုန်စည်စီးဆင်းမှုအခြေအနေ

               မကွေးတိုင်းဒေသကြီး၊ပခုက္ကူခရိုင်အတွင်းရှိ ဆိပ်ဖြူမြို့နယ်သည် ကြက်သွန်နီ စိုက်ပျိုးထားရှိမှု အများဆုံးမြို့ ဖြစ်ပြီး မြို့ပေါ်ရှိ ကုန်စည်ဒိုင်နှင့် ပွဲရုံဈေးကွက်တွင် ဒေသတွင်းစိုက်ပျိုးလျက်ရှိသော ကြက်သွန်နီများ နေ့စဉ် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

               ဈေးကွက်အနေဖြင့် ဇွန်လ(တတိယပတ်)တွင် ကြက်သွန်နီဈေးနှုန်းအနည်းငယ်တက်နေပြီး အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ကုန်စည်ဒိုင်ဈေးကွက်တွင် အရောင်းအဝယ်ဖြစ်မှုနည်းပြီး မြို့ပေါ်ရှိ  ပွဲရုံများတွင်သာ အရောင်းအဝယ်ဖြစ်နေကြောင်း၊ ဈေးကွက်သို့ ကုန်ဝင်ရောက်မှု နည်းကြောင်း၊ တစ်ရက်လျှင် ကုန်ချိန်ပိဿာ(၅)သောင်းခန့်သာ ဝင်ရောက်ကြောင်း သိရှိရသည်။ ကြက်သွန်နီ (ဂျွန်)တစ်ပိဿာလျှင် အရည်အသွေးလိုက်၍ ကျပ်(၃၂၀၀ မှ ၂၅၀၀)ဈေးအသီးသီးဖြင့် အရောင်းအဝယ် ဖြစ်ပြီး ယခင်မေလ(တတိယပတ်)နှင့် နှိုင်းယှဉ်ပါက ဈေးတက်၍ အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရသည်။

               ဆိပ်ဖြူဒေသထွက် ကြက်သွန်နီများကို ရန်ကုန် ဘုရင့်နောင်ပွဲရုံသို့ ကုန်ချိန်အများဆုံး တင်ပို့လျက်ရှိပြီး မြဝတီ၊ မော်လမြိုင်၊ ပုသိမ်မြို့များသို့ တင်ပို့လျက်ရှိကြောင်း၊ ဇွန်လ(တတိယပတ်) တွင် ကုန်စည်စီးဝင်မှုအနေဖြင့် ရန်ကုန်ဘုရင့်နောင်ပွဲရုံသို့ (၁၂)ဘီးကား(၂၀)စီး၊ မြဝတီ၊ မော်လမြိုင် မြို့သို့ တွဲကား(၄)စီး၊ ပုသိမ်မြို့သို့ (၆)ဘီကား(၂)စီးခန့် တစ်ပတ်အတွင်း ကြက်သွန်နီ ကုန်ချိန်ပိဿာ (၄)သိန်း ခန့် တန်ချိန်အားဖြင့် (၅၆၃)တန်ခန့် ကုန်စည်စီးဆင်းကြောင်း ဈေးကွက်မှ သိရှိရပါသည်။

DOCA(မကွေး)

ပြည်မြို့၏ အရောင်းအဝယ်ဖြစ်နေတဲ့ ဖားမျိုးစုံဈေးကွက်

                ပြည်မြို့တွင် ဇွန်လပထမပတ်၌ မြို့မစည်ပင်သာယာဈေးကြီးနှင့် အခြားဈေးများတွင် ဖားသား (အစို) မီးကင်ထားသည့် ဖားမျိုးစုံ ရောင်းချလျက်ရှိပါသည်။ တွင်းအောင်စာများတွင် တစ်ခုအပါအဝင် ဖြစ်သည့် ဖားသည် အခါးလည်းမဟုတ် အချိုလည်းမဟုတ်၊ အဆီများသော ပထဝီဓာတ်နှင့်လေပွစေ သော ဝါယောဓာတ်ပျက် ပေါင်းစပ်ထားသော အစာတစ်မျိုးဖြစ်ပါသည်။ ယခုလို မိုးဦးကျကာလတွင် လယ်များထဲမှရရှိသော ဖားမျိုးစုံကို ဈေးကွက်ထဲတွင် လှိုင်လှိုင်ရောင်းချလျက်ရှိပြီး အရောင်းအဝယ် လည်း ဖြစ်ကြပါသည်။ ယခုနောက်ပိုင်းတွင် ဖားကို တစ်နိုင်တစ်ပိုင် စီးပွားဖြစ် မွေးမြူလာသောသူများ များပြားလာပြီး ဖားသားပေါက်များကိုဝယ်ယူပြီး ကန်များဖြင့် တစ်နိုင်တစ်ပိုင် မွေးမြူကြပါသည်။ ဖားသားပေါက်များကို ရန်ကုန်တိုင်း၊ သုံးခွမြို့နယ်၊ ကဒပ္ပနကျေးရွာတို့တွင် ကန်များဖြင့် မွေးမြူကြပြီး ဈေးကွက်ရှိသဖြင့် ဖားအကောင်ကြီးများကို နယ်စပ်အထိ တင်ပို့ရောင်းချကြောင်း သိရှိရပါသည်။ အိမ်ရှင်မများအနေဖြင့် ဖားများကို ဗမာပင်စိမ်းနိုင်နိုင်ဖြင့် အညာချက် ချက်ကြသလို၊ စားသောက်ဆိုင် များကလည်း တရုတ်စတိုင်၊ ဗမာချက်စသည့် နည်းမျိုးစုံ ချက်ပြုတ်ရောင်းချသဖြင့် ဖားမှာဈေးကွက် ရှိသော အစားအစာတစ်မျိုးလည်းဖြစ်ပါသည်။ ဖားမျိုးစုံကို ပြည်မြို့အနီးတစ်ဝှိက်ရှိ ကျေးရွာများနှင့် အခြားမြို့နယ်များမှ ဖားစို (ဖားမီးကင်) များကို ပြည်မြို့ မြို့မစည်ပင်သာယာဈေးကြီးနှင့် အခြားဈေးများ တွင် ကိုယ်တိုင်လာရောက်ရောင်းချသူများရှိသလို တစ်ဆင့်ခံအသည်များဖြင့် ရောင်းချကြပါသည်။ ပြည်မြို့ရှိ ဈေးများတွင် ဖားအိုင်း၊ ဖားပေါင်ရှည်၊ သဲဖား၊ ကျော်ဇံကွေးအစရှိသော ဖားများကို ပေါ်ဦး ပေါ်ဖျား၌ တစ်ဆယ်သားလျှင် ကျပ် (၇၀၀၀) ရှိသော်လည်း ယခုဇွန်လပထမပတ်၌ ဖားများပေါ်များလာ သဖြင့် ဖားပေါင်ရှည် တစ်ဆယ်သားလျှင် ကျပ် (၃၀၀၀)၊ သဲဖားတစ်ဆယ်သားလျှင် ကျပ် (၄၀၀၀)နှင့် ကျော်ဇံကွေးဖားတစ်ဆယ်သားလျှင် ကျပ် (၃၀၀၀) တို့အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ပြည်မြို့၏ ပေါ်ဦးပေါ်ဖျား ပန်းတိမ်ငိုဘုရားပန်းဈေးကွက်

              ပန်းအလှကို ပန်းတိမ်ဆရာလက်မှိုင်ချရသည်အထိ တင်စားခေါ်ဆိုသော ပန်းတိမ်ငိုပန်းသည် မိုးရာသီ၌ အဓိကပွင့်လန်းတတ်သော ရေပန်းစားသည့်ပန်းတစ်မျိုးလည်းဖြစ်ပါသည်။ ဇွန်လ ပထမပတ်မှ စတင်၍ ဈေးကွက်တွင် ပေါ်ဦးပေါ်ဖျားအဖြစ် ရောင်းချလျက်ရှိပါသည်။ မြန်မာလူမျိုးများအနေနဲ့ ဘုရားပန်းအဖြစ်သာမက အခမ်းအနားများတွင်ပါ တန်ဖိုးထား အလှဆင်သော ပန်းတစ်မျိုးလည်း ဖြစ်ပါ  သည်။ ပန်းထိမ်ငိုပန်းကို အဖြူရောင်၊ ခရမ်းရောင်၊ ပန်းရောင်နှင့် အဝါဖျော့ရောင်စသည့် အရောင်များစွာ ရှိတတ်ပါသည်။ ပန်းတိမ်ငိုပန်းသည် ဘုရားပန်းအဖြစ် ရေရှည်ခံနိုင်ပြီး ကြည့်ရှုရသည်မှာလည်း နှစ်ထောင်းအားရစရာ ကောင်းလှပါသည်။ အဆိုပါ ပန်းထိမ်ငိုပန်းကို မြန်မာတစ်နိုင်ငံလုံးတွင် နေရာအနှံ့ အပြားတွင် စိုက်ပျိုးကြပြီး တချို့ကစီးပွားဖြစ်စိုက်ပျိုးကြပြီး၊ တစ်ချို့ကမိသားစုဝင်ငွေတစ်ဖက်တစ်လက် အပိုငွေရရှိစေရန် တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြပါသည်။ ပန်းတိမ်ငိုပန်းကို ပြည်မြို့အနီးတစ်ဝှိက်ရှိ ကျေးရွာ များ၊ စက်မှုကွက်သစ်နှင့် နဝဒေးကွက်သစ်ဘက်တို့တွင် တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြပြီး မှော်ဇာ၊ ဇီးအုပ်၊ တောင်လုံးညို၊ ပေါက်ခေါင်း၊ ပန်းတောင်း၊ အင်းမ၊ ရွှေတောင်အစရှိသော မြို့နယ်များမှ ပြည်မြို့ မြို့မ စည်ပင်သာယာဈေးကြီးနှင့် အခြားဈေးများတွင် တိုက်ရိုက်သော်လည်းကောင်း၊ တစ်ဆင့်ခံပန်းသည်များ ဖြင့်သော်လည်းကောင်း ရောင်းချကြပါသည်။ ပြည်မြို့၏ ပေါ်ဦးပေါ်ဖျားဖြစ်သည့် ပန်းတိမ်ငိုပန်း အဖြူရောင် (သို့မဟုတ်) ခရမ်းရောင်အကြီး အချော(၅)တံပါ တစ်စည်းလျှင် ကျပ် (၉၀၀၀ - ၁၀၀၀၀) နှင့် အလတ် (၅) တံပါ တစ်စည်းလျှင် ကျပ် (၅၀၀၀ - ၆၀၀၀)ဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရပါသည်။ ပြည်မြို့နှင့်မြို့နယ်များထွက်ရှိသော ပန်းတိမ်ငိုပန်းများကို ရထားဖြင့် ရန်ကုန်မြို့ရှိ သီရိမင်္ဂလာ ဈေးသို့အများဆုံး တင်ပို့ရောင်းချကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း