Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

“ကျောက်ဆည်ခရိုင်အတွင်း(မိုးကြို)ချည်မျှင်ရှည်ဝါများအောင်မြင်ဖြစ်ထွန်းလျက်ရှိ”

                    မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်အတွင်း ကျောက်ဆည်၊မြစ်သားမြို့နယ်များတွင် ၂၀၂၆-၂၀၂၇ ခုနှစ်၊မိုးချဉ်မျှင်ရှည်ဝါများ ပန်းတိုင်အထွက်နှုန်းရရှိရေး ရည်မှန်းချက်ထားဆောင်ရွက် လျက်ရှိရာ ကျောက်ဆည်မြို့နယ်တွင်(၁၀၅)ဧက၊ စဉ့်ကိုင်မြို့နယ်တွင်(၅၀)ဧက၊ မြစ်သားမြို့နယ် တွင် (၂၁၇၅)ဧက အစောစိုက်ပျိုးထားရှိမှုစုစုပေါင်း စိုက်ပျိုးဧက(၂၃၃၀)ဧက စိုက်ပျိုးထားကြောင်း သက်ဆိုင်ရာဌာန၏စာရင်းများအရသိရှိရပါသည်။ ဧပြီလနှင့်မေလများတွင် စတင်စိုက်ပျိုးကြပြီး ဇူလိုင်လနှင့်သြဂုတ်လများတွင် စတင်ထွက်ရှိမှာဖြစ်ကြောင်း ၊ကျောက်ဆည်မြို့နယ်အနေဖြင့် မိုးကြို ချည်မျှင်ရှည်ဝါသီးနှံများကို ကျောက်ဆည်မြို့အရှေ့ဘက် ဖျောက်ဆိပ်ပင်ကျေးရွာ အပါအဝင် ရဲဘော်ကြီး၊မှိုင်းပန်၊ကလေး၊ရှမ်းတောင်ဦး၊ရဲယမန်းရွာ၊တောင်တော်၊ ပေါင်လောင်၊ ကင်းကျေးရွာများ နှင့်မြစ်သားမြို့နယ်တွင် ဒိုင်း၊မြနဒီကျေးရွာများတွင်လည်းအများဆုံးစိုက်ပျိုးကြကြောင်း၊ ဝါစိုက်ပျိုး ရာတွင် ဘောင်ကြောင်းပေးစနစ်ဖြင့် အတန်းလိုက် စိုက်ပျိုးကျကြောင်း ၊ ဝါစိုက်ပျိုးမှုတွင် မျိုးအနေဖြင့် ငွေချည်-၆ ၊ ရွှေတောင် - ၈ မျိုးများကို အများဆုံး စိုက်ပျိုးကြပြီး (၁)ဧကလျှင် မျိုးထုပ်(၂-၃)ထုပ် အထိ ကုန်ကျကြောင်း၊ မျိုး(၁)ထုပ် စျေးနှုန်း အနေဖြင့် (၆၄၀၀၀-၆၉၀၀၀)ကျပ် စျေးဖြင့် ဝယ်ယူ စိုက်ပျိုးရကြောင်း၊ စိုက်ပျိုးစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် စုစုပေါင်း (၆၀၀၀၀၀/-)ကျပ်ခန့် ကုန်ကျပြီး (၁)ဧက အထွက်နှုန်းအနေဖြင့် ပိဿာ(၄၀၀-၅၀၀) ပိဿာခန့် ထွက်ရှိကြောင်း၊ ယခင် ဝါစျေးနှုန်းအနေဖြင့် ဝါ(၁)ပိဿာလျှင် (၃၈၀၀-၄၀၀၀)ကျပ် ၊ ဂွမ်း(၁)ပိဿာလျှင်(၉၅၀၀-၉၈၀၀)ကျပ် ၊ အရည်အသွေးကောင်းမွန်သော ဝါအသန့်(၁)ပိဿာလျှင် (၄၂၀၀)ကျပ်၊ ဂွမ်းအကောင်း(၁)ပိဿာလျှင် (၁၀၀၀၀)ကျပ် စျေးများဖြင့်အရောင်းအဝယ်ဖြစ်ခဲ့ပြီး  စိုက်ပျိုးစရိတ်နှုတ်ပြီး(၁၀၀၀၀၀၀/-)ကျပ်ခန့်မြတ်ကြောင်း၊ဇွန်လဒုတိယပတ််စျေးအနေဖြင့်ဝါ(၁)ပိဿာလျှင်(၅၀၀၀-၅၁၀၀)ကျပ်၊ ဂွမ်း(၁) ပိဿာလျှင်(၉၉၀၀-၁၀၀၀၀)ကျပ်၊ အရည်အသွေးကောင်းမွန် သောဝါအသန့်(၁)ပိဿာလျှင်(၅၂၀၀)ကျပ်၊ ဂွမ်းအကောင်း(၁)ပိဿာလျှင် (၁၁၀၀၀)ကျပ်စျေးနှုန်း များဖြင့်ရောင်းဝယ်လျှက်ရှိပါသည်။ဝါထွက်ပေါ်ချိန်တွင် တောင်သူများမှ ပွဲရုံများသို့ တိုက်ရိုက်တင်ပို့ ရောင်းချကြပြီး ပွဲရုံများမှတဆင့် မန္တလေးစက်မှုဇုံ၊ ယက်ကန်းစက်ရုံ၊ ချည်မျှင်စက်ရုံများသို့တင်ပို့ ရောင်းချလျှက်ရှိကြောင်း ဝါထွက်ပေါ်ချိန်တွင်လည်း စျေးနှုန်းများကောင်းမွန်ပါက တောင်သူများ အကျိုးအမြတ်ပိုမိုဖြစ်ထွန်း နိုင်မည်ဖြစ်ပါသည်။

DOCA(မန္တလေး)

 

 

“မြစ်သားမြို့နယ်ရှိမိုးငရုတ်များအောင်မြင်ဖြစ်ထွန်း”

                     မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်သည် ဆည်ရေသောက်ဒေသတစ်ခုဖြစ်သော ကြောင့် သီးနှံမျိုးစုံစိုက်ပျိုးဖြစ်ထွန်းလျက်ရှိရာ ၄င်းသီးနှံများအနက် စျေးကွက်ဝယ်လိုအားရှိသော ငရုတ်သီးနှံကိုလည်း စီးပွားဖြစ်တိုးချဲ့စိုက်ပျိုးလာကြပါသည်။ ကျောက်ဆည်ခရိုင်အတွင်းတွင် ငရုတ် စိုက်ပျိုးမှုအနေဖြင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍနှစ်၊မြစ်သားမြို့နယ်တွင်(၅၀)ဧကခရိုင်အတွင်း စုစုပေါင် (၅၃၂)ဧက စိုက်ပျိုးထားရှိကြောင်း သက်ဆိုင်ရာဌာန၏စာရင်းများ အရသိရှိရပါသည်။ အများဆုံး စိုက်ပျိုးသောမျိုးများမှာ သာမို၊ဒီမွန်နှင့်၆၉၂မျိုးများ ဖြစ်ပြီး အထွက်နှုန်းကောင်းသော ၆၉၂ မျိုးကို ပိုမိုစိုက်ပျိုးကြကြောင်း၊မိုးငရုတ်ကို မေလနှင့်ဇွန်လများတွင်စတင်စိုက်ပျိုးပြီး စက်တင်ဘာလနှင့် အောက်တိုဘာလများတွင် စတင်ထွက်ရှိမည်ဖြစ်ကြောင်း၊ ငရုတ်(၁)ဧက ကုန်ကျစရိတ်အနေဖြင့် မျိုး၊သွင်းအားစု၊လုပ်သားခအပါအဝင် စုစုပေါင်း (၁၅)သိန်းကျပ်ခန့် ကုန်ကျကြောင်း၊ အထွက်နှုန်း အနေဖြင့် ငရုတ်အခြောက်ပိဿာ(၃၅၀)ခန့်ထွက်ရှိ ကြောင်း၊ယခင်နှစ်စျေးနှုန်းအနေဖြင့် ငရုတ်သီး အညှာပါအခြောက်(၁)ပိဿာလျှင်(၁၃၀၀၀/-)ကျပ်၊ငရုတ်သီးအညှာခြွေ(၁)ပိဿာလျှင်(၂၁၀၀၀/-) ကျပ်စျေးနှုန်းများဖြင့်အရောင်းအဝယ်ဖြစ်ခဲ့ပြီး(၁)ဧက အကျိုးအမြတ်အနေဖြင့် သိန်း(၂၀) ဝန်းကျင်ခန့် မြတ်ကြောင်း၊ ဇွန်လဒုတိယပတ်စျေးနှုန်းအနေဖြင့် ငရုတ်သီးအညှာပါအခြောက် (၁)ပိဿာလျှင် (၁၄၅၀၀/-)ကျပ်၊ ငရုတ်သီးအညှာခြွေ(၁)ပိဿာလျှင်(၁၆၅၀၀/-) ကျပ်စျေးနှုန်းများဖြင့် ရောင်းဝယ် လျှက်ရှိကြောင်း ထွက်ပေါ်ချိန်တွင် ငရုတ်စိုက်တောင်သူများမှ ပွဲရုံများသို့တိုက်ရိုက် တင်ပို့ရောင်းချ ကြကြောင်း၊ ပွဲရုံများမှတဆင့် မန္တလေး၊ရန်ကုန်မြို့များသို့တင်ပို့ ရောင်းချလျှက်ရှိကြောင်း ပွဲရုံများမှ သိရှိရပါသည်။

DOCA(မန္တလေး)

“ကွမ်းဈေးနှုန်းများကောင်းမွန်လျက်ရှိ”

             ကွမ်းစားသုံးသူများပြာလာသည့်အတွက် ကျောက်ဆည်မြို့နယ်အတွင်း ကျေးရွာများမှ ကွမ်းစိုက်ပျိုးသူများ အဆင်ပြေလျက်ရှိကြောင်း  သိရှိရပါသည်။ အင်းကုန်းကျေးရွာမှ ကွမ်းစိုက် တောင်သူများအနေဖြင့် ကွမ်းပင်(၄၀၀၀/၅၀၀၀)ခန့် စိုက်ပျိုးလျက်ရှိကြောင်း၊ ကွမ်းစိုက်ပျိုးမှုအား မိုးအကုန် ဆောင်းအကူးတွင် စိုက်ပျိုးလေ့ရှိကြကြောင်း၊ စိုက်ပျိုးပြီး(၂-၃)လအကြာတွင် အောက် အခြေအရွက်ကြမ်းများအား ခူးယူပြီး ကွမ်းနုများအား တစ်လလျှင်(၂)ကြိမ်ခူးယူရကြောင်း၊ ကွမ်းပင် ပိုးမွှားမကျ ကျန်းမာရေးကောင်းပါက မျိုးပင်အဖြစ် အခြားကွမ်းစိုက်သူများအား ကွမ်းညွန့်ဖြတ်၍ ရောင်းချလေ့ရှိကြောင်း၊ ကွမ်းခူးပတ်တစ်ပတ်လျှင် ကွမ်းပိဿာချိန်(၈၀-၁၀၀)ရရှိကြောင်း၊ ကွမ်းဈေးနှုန်းအနေဖြင့် ကွမ်းနုဝါ အချော တစ်ပိဿာလျှင် လက်ကားဈေး (၁၅၀၀၀/-)ကျပ်၊ အလတ် တစ်ပိဿာလျှင် (၁၂၀၀၀/-)ကျပ် ၊ အသေးတစ်ပိဿာလျှင် (၈၀၀၀/-)ကျပ် ဈေးများဖြင့် ရောင်းဝယ် လျက်ရှိပြီး၊ ကွမ်းအရော လက်ကားတစ်ပိဿာလျှင် (၉၀၀၀/-)ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိကြောင်း၊ ကွမ်းရွက်များဖြိုင်ဖြိုင်ထွက်ရှိလာသဖြင့် ဈေးနှုန်းအနည်းငယ်ကျဆင်းလျက်ရှိကြောင်း၊ ကွမ်းစိုက်ပျိုး ခြင်းဖြင့် အိမ်ရှိမိသားစုအားလုံး စုပေါင်းလုပ်ဆောင်ရသည့် လုပ်ငန်းဖြစ်သည့်အပြင် ကွမ်းခူးခြင်း၊ ကွမ်းခွေခြင်း၊ ကွမ်းစီခြင်းလုပ်ငန်းများကြောင့်‌ ကျေးရွာနေပြည်သူများအတွက် ဝင်ငွေရသည့် လုပ်ငန်းဖြစ်ကြောင်း၊ ကွမ်းစိုက်ပျိုးသူများအနေဖြင့်လည်း ကွမ်းစိုက်ပျိုးခြင်းဖြင့် စီးပွားဖြစ်ဝင်ငွေတိုးကြောင်း ကွမ်းစိုက်ပျိုးသော တောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)

“ကျောက်ဆည်မြို့ရှိဘိလပ်မြေစက်ရုံများမှသယ်ယူခနှုန်းထားများ”

                ကျောက်ဆည်မြို့၏ အရှေ့ဘက်(၈)မိုင်ခန့်အကွာတွင် စက်မှုနယ်မြေရှိသည့်အနက် ဆင်မင်း ဘိလပ်မြေစက်ရုံ၊ Alpha ဘိလပ်မြေစက်ရုံ နှင့် ကြံ့နှစ်ကောင်ဘိလပ်မြေစက်ရုံများမှ ဘိလပ်မြေများ မြန်မာနိုင်ငံအတွင်း အနယ်နယ်အရပ်ရပ်သို့ ပို့ဆောင်ရောင်းချလျက်ရှိပါသည်။ ၄င်းစက်ရုံများအနက် ကြံ့နှစ်ကောင်ဘိလပ်မြေကို သံတော်မြတ်ကုမ္ပဏီလီမိတက်မှ ထုတ်လုပ်ပြီး အထက်မြန်မာပြည် အနေဖြင့် အားသစ်မာန်ကုမ္ပဏီ၊ အောက်မြန်မာပြည်အနေဖြင့် ရွှေမေတ္တာ(Trading Co; Ltd)တို့မှ တာဝန်ယူဖြန့်ချီပေးလျက်ရှိပါသည် ။ ကြံ့နှစ်ကောင် ဘိလပ်မြေစက်ရုံအနေဖြင့် ဘိလပ်မြေအနီနှင့် အစိမ်း(၂)မျိုး ထုတ်လုပ်လျက်ရှိရာ တွဲကားတစ်စီးလျင် ဘိလပ်မြေအိတ်ရေ(၇၂၀)အိတ် တင်ဆောင် နိုင်ပြီး အောက်မြန်မာပြည် ခွဲတမ်းအနေဖြင့် ရွှေပြည်သာ၊လှိုင်သာယာ၊တောင်ဒဂုံ၊မြောက်ဒဂုံစသည့် မြို့နယ်များသို့ ဘိလပ်မြေ တစ်အိတ်လျှင် တင်ဆောင်ခ(၄၅၀၀/-)ကျပ်၊ ပဲခူးမြို့သို့ ဘိလပ်မြေ တစ်အိတ်လျှင် တင်ဆောင်ခအနေဖြင့်(၅၂၀၀/-)ကျပ်၊ အထက်မြန်မာပြည် ခွဲတမ်းအနေဖြင့် နေပြည်တော်၊တပ်ကုန်း၊ဘောဂသီရိ၊ ပုဗ္ဗသီရီမြို့နယ်များသို့ ဘိလပ်မြေ တစ်အိတ်လျှင် တင်ဆောင်ခ (၁၃၀၀/-)ကျပ်ဖြင့် ပို့ဆောင်လျက်ရှိပါသည်။ ဘိလပ်မြေသယ်ယူစရိတ်များအနေဖြင့် ယခုအချိန်တွင် သယ်ယူခစျေးနှုန်းများ မကြာခဏအပြောင်းအလဲရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

“ဂန္ဓာမာပန်းမျိုးစုံစိုက်ပျိုးရောင်းချသူများအဆင်ပြေလျက်ရှိ”

          ကျောက်ဆည်မြို့နယ် ၊ ထားဝယ်ကျေးရွာတွင် နေ့စဉ်ဝင်ငွေရရှိပြီး မိသားစုစားဝတ်နေရေး အဆင်ပြေရန်အတွက် ဂန္ဓာမာပန်းမျိုးစုံကို နှစ်ပတ်လည် စိုက်ပျိုးရောင်းချသည့် မိသားစုများ ရှိကြောင်း၊ စိုက်ပျိုးထားသော ဂန္ဓာမာပန်းခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး နေ့စဉ်ခူးဆွတ် ရောင်းချရသဖြင့် မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း၊ ပန်းမျိုးအနေဖြင့် ရွှေစိမ်းအနီ၊ ခိုင်ချူး၊ စပယ်အဖြူ၊ စပယ်အဝါ၊ ကျောက်စိမ်း၊ရွှေဝါဝင်းစသည့် ပန်းမျိုးကွဲများစွာရှိကြောင်း၊ ပန်းပျိုး ပင်များကို ပြင်ဦးလွင်မြို့အနီးစခန်းကျေးရွာများမှ တစ်ပင်လျှင်(၂၅-၃၀)ကျပ်အထိ ပန်းအမျိုးအစား အလိုက် ဝယ်ယူစိုက်ပျိုးကြကြောင်း ၊ တစ်ဧက စိုက်ပျိုးမည်ဆိုပါက ပန်းပျိုးပင်ရေ(၆)သောင်းခန့် စိုက်ပျိုးနိုင်ကြောင်း ၊ စတင်စိုက်ပျိုးပြီး (၄)လခန့်အကြာတွင် စတင်ခူးဆွတ်ရောင်းချရကြောင်း ၊ ရောင်းချရာတွင် ပန်းခိုင်(၁၀)ခိုင်ခန့် ပါဝင်သောပန်းတစ်စည်းလျှင် ပန်းလှပမှုနှင့် ပန်းအမျိုးအစား ပေါ်မူတည်၍ လက်လီဈေးနှုန်းအနေဖြင့် (၃၀၀၀)ကျပ်နှုန်းခန့် ရောင်းချရကြောင်း၊ ပန်းစတင် ခူးဆွတ်ချိန်မှ အပြီးရိတ်သိမ်းချိန်အထိ ပန်းအစည်းပေါင်း (၂၅၀၀)ခန့် ထွက်ရှိပြီး၊ လက်ကားဈေး တစ်စည်းကို (၁၉၀၀/-)ကျပ်ဖြင့် ရောင်းချရသောကြောင့် တစ်ဧကကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊လုပ်သားခအပါအဝင် (၂၅)သိန်းခန့် ကုန်ကျပြီး အကျိုးအမြတ်အနေဖြင့် (၂၀)သိန်း ကျော် ကျပ်ခန့်အမြတ်ရရှိကြောင်း၊ ဂန္ဓာမာပန်းများကို နှစ်ပတ်လည်စိုက်ပျိုး ရောင်းချသူများ အနေဖြင့် နေ့စဉ်ဝင်ငွေရရှိပြီး အဆင်ပြေလျှက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

“နံနံပင်စိုက်ပျိုးဝင်ငွေတိုး”

                  ကျောက်ဆည်ခရိုင်အတွင်းရှိ တောင်သူကြီးများသည် မိသားစုစားဝတ်နေရေးအတွက် ရာသီ အလိုက် သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိကြပါသည်။ နံနံပင်ကို ရာသီဥတုမရွေး စိုက်ပျိုးကြပါကြောင်း၊ နံနံပင်စိုက်ပျိုးမည်ဆိုပါက ရေမဝပ်သော နုံးမြေသည် အကောင်းဆုံးဖြစ်ပါသည်။ နံနံကို ဘောင် ပြုလုပ်ပြီးစိုက်ပျိုးပါက ပိုမိုကောင်းမွန်ကြောင်း၊ ဘောင်များကို (၅)လက်မ အမြင့်ပြုလုပ်ပြီး ဘောင် အကျယ် (၂-၃)ပေထားရှိနိုင်ပြီး၊ ဘောင်အရှည်ကို လိုသလောက်ထားကာ နံနံကိုစိုက်ပျိုးနိုင်ကြောင်း သိရှိရပါသည်။ နံနံမစိုက်ခင် မျိုးစေ့ကို မြန်မြန်အပင်ပေါက်စေရန် နံနံစေ့ကို ဂုန်နီအိတ်ပေါ်တွင်တင် ၍ နံနံစေ့နှစ်ခြမ်းကွဲသွားစေရန် ပုလင်းခွံဖြင့် အသာအယာလှိမ့် ပေးရပါသည်။ ထို့နောက် နံနံမျိုးစေ့ များကို ရေတွင် (၂၄)နာရီကြာ ရေစိမ်ပေးရပြီး၊ ရေစိမ်ပြီးမျိုးစေ့ကို (၀.၅)လက်မအနက်ရှိ မြောင်းများကို (၄)လက်မခြား ဂေါက်ကြောင်းဆွဲပြီး မျိုးစေ့များကို စိုက်ရပါသည်။ နွားချေးမှုန့်၊ မြေဆွေးမှုန့်ဖြင့် ပါးပါးဖုံးပြီး မျိုးစေ့ချပြီး ဘောင်ကို ကောက်ရိုးခြောက်တို့ဖြင့် အုပ်ပေးရပါသည်။ ထိုသို့ပြုလုပ်ပေး ခြင်းဖြင့် မြေတွင်အစိုဓာတ်ထိန်းသိမ်းပေးနိုင်ပြီး အပင်ပေါက်မှုအားကောင်းစေပြီး သန်မာသော နံနံပင်များ ရရှိစေနိုင်ပါသည်။ နံနံပင်များပေါက်ပြီးနောက် ရေကိုတစ်နေ့နှစ်ကြိမ် ရေလောင်းပေးရ ပြီး အပင်များအနည်းငယ်ကြီးထွားလာပါက ရေကိုလျော့လောင်းရပါသည်။ ရေများများလောင်းပါက နံနံပင်များ ခါးရိရောဂါ ကျရောက်စေနိုင်ပါသည် ။ နံနံပင်ပေါက်ပြီး (၄၅)ရက်သားမှစတင်၍ နှုတ်ယူ စားသုံး၍ ရနိုင်ကြောင်း၊ ဈေးကွက်သို့တင်ပို့ရောင်းနိုင်ကြောင်း သိရှိရပါသည်။ နံနံပင်လက်လီ ဈေးနှုန်းအနေဖြင့် (၃)ပင်ပါတစ်စီးကို (၂၀၀/-)ကျပ် အရောင်းအဝယ် ဖြစ်နေကြောင်း သိရှိရပါသည်။ ယခုအခါ နံနံပင်များ စိုက်ပျိုးသော တောင်သူများအနေဖြင့် ဈေးကောင်းရလျက်ရှိသောကြောင့် နံနံများပိုမို စိုက်ပျိုးသင့်ကြောင့် တင်ပြအပ်ပါသည်။

DOCA(မန္တလေး)

 

“ရာသီစာဒူးရင်းသီးများ အရောင်းသွက်”

              မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့ရှိ ဒေသခံဈေးကွက်များအတွင်းသို့ နွေနှောင်း မိုးဦးရာသီပေါ် သီးနှံတစ်ခုဖြစ်သည့် ဒူးရင်းသီးများ စတင်ဝင်ရောက်လာပြီး မိသားစုအလိုက် စားသုံးသူ များနှင့် လက်ဆောင်ပေးလိုသူများကြောင့် အရောင်းအဝယ် စည်ကားလျက်ရှိကြောင်း၊ ဒူးရင်းသီးများကို အဓိကစိုက်ပျိုးရာ ဒေသအသီးသီးမှတဆင့် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးအတိုင်း ကုန်တင်မော်တော်ယာဉ်များဖြင့် သယ်ယူပို့ဆောင်ကာ မန္တလေးမြို့ပေါ်ရှိ သစ်သီးဝလံပွဲရုံများသို့ ပို့ဆောင်ပြီးနောက်၊ ၎င်းမန္တလေးပွဲရုံများမှတဆင့် ကျောက်ဆည်ဈေးကွက်အတွင်းသို့ ပြန်လည် ဖြန့်ဖြူး ဝင်ရောက်လျက်ရှိကြောင်း၊ ဒူးရင်းသီးဈေးနှုန်းအနေဖြင့် အသေးတစ်လုံးလျှင် (၈၀၀၀/-) ကျပ်၊ အလတ်တစ်လုံးလျှင် (၁၀၀၀၀-၁၂၀၀၀)ကျပ်၊ အကြီးတစ်လုံးလျှင် (၁၅၀၀၀/-)ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိကြောင်း၊ ဒူးရင်းသီးအရွယ်အစား အကြီးအသေးနှင့် အမျိုးအစားပေါ် မူတည်၍ ဈေးနှုန်းအမျိုးမျိုး ကွဲပြားလျက်ရှိကြောင်း၊ အနံ့နှင့် အရသာ ထူးခြားကောင်းမွန်သည့် ဒူးရင်းသီးကို သစ်သီးဝလံများ၏ ဘုရင်အဖြစ်တင်စားကြပြီး လူကြိုက်များသော ရာသီစာဖြစ်သဖြင့် လူကြီး လူငယ်မရွေး အရွယ်စုံ၊ အလွှာစုံက ကြိုက်နှစ်သက်စွာ ဝယ်ယူစားသုံးလျက်ရှိကြောင်း၊ ဈေးကွက် အတွင်း အရောင်းအဝယ် အားကောင်းနေသည့် သီးနှံတစ်ခုဖြစ်ကြောင်းနှင့် စားသုံးသူများအနေနဲ့ မိမိတို့အဆင်ပြေသည့်ဈေးနှုန်းကို ရွေးချယ်ဝယ်ယူနိုင်ကြပါကြောင်း သစ်သီးဝလံရောင်းချသူတစ်ဦး ၏ ပြောကြားချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)

“နွေအပူကိုအံတုဖို့ အမောပြေရာသီစာ ဖရဲသီး”

               မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင်သည် စိုက်ပျိုးရေးကို အဓိကထား လုပ်ကိုင် ဆောင်ရွက်သော ဒေသတစ်ခုဖြစ်ပြီး သီးနှံမျိုးစုံ စိုက်ပျိုးဖြစ်ထွန်းလျက်ရှိရာ ဈေးကွက်ဝယ်လိုအား ရှိသော ဖရဲသီးနှံကိုလည်း စိုက်ပျိုးလျက်ရှိကြောင်း၊ ဖရဲစိုက်ပျိုးမှုအနေဖြင့် မျိုးစေ့ဝယ်၍ ပျိုးထောင် စိုက်ပျိုးရကြောင်း၊ ပျိုးသက်တမ်း (၂၀)ရက်တွင် စိုက်ခင်းထဲသို့ ပြောင်းရွေ့စိုက်ပျိုးရကြောင်း၊ မျိုးစေ့ကို စိုက်ပျိုးရေးဆေးဆိုင်များမှ ဝယ်ယူစိုက်ပျိုးကြကြောင်း၊ ဖရဲမျိုးစေ့တစ်ထုတ်လျှင် (၃၀၀၀၀-၃၅၀၀၀)ကျပ်ဖြင့် ဝယ်ယူရကြောင်း၊ တစ်ဧကမျိုးထုပ် (၁၀)ထုပ် စိုက်ပျိုးရကြောင်း၊ တစ်ဧက ကုန်ကျစရိတ်အနေဖြင့် မျိုး၊သွင်းအားစု၊ လုပ်သားခ၊ ပလပ်စတစ်လိပ်ဖိုးများအပါအဝင် စုစုပေါင်း (၄၀၀၀၀၀၀/-)ကျပ်ခန့် ကုန်ကျကြောင်း၊ သွင်းအားစုများ ပိုမိုသုံးစွဲပါက ကုန်ကျစရိတ် ပိုမိုများပြားနိုင်ကြောင်း၊ စိုက်ပျိုးပြီး ရက်(၃၀)အကြာတွင် ပန်းများစတင်ပွင့်ပြီး ပန်းပွင့်ပြီး (၂၅)ရက်၊ (၃၀) ရက်တွင် အသီးများစတင်ခူးခွတ်နိုင်ပြီးဖြစ်ကြောင်း၊ စိုက်ပျိုးမှု မျိုးအနေဖြင့် ကျောက်စိမ်း ဖရဲ၊ ဒုံးကျည်ဖရဲနှင့် 855 ဖရဲမျိုးများ စိုက်ပျိုးကြကြောင်း၊ တစ်ဧကအထွက်နှုန်းအနေဖြင့် အလုံး ပေါင်း (၆၀၀၀)ခန့် ထွက်ရှိကြောင်း၊ ခရိုင်အတွင်း လက်ရှိစိုက်ပျိုးမှု အနည်းငယ်သာရှိပြီး ထွက်ရှိ သောရွာမှာ ရှင်ငယ်ပြေးရွာဖြစ်ကြောင်း၊ ယခုလက်ရှိဈေးကွက်အတွင်း ဝင်ရောက်နေသော ဖရဲသီး များမှာ မြို့နယ်အတွင်း ထွက်ရှိသော အသီးများ၊  ဝမ်းတွင်းမြို့နယ်၊ ဆည်ရွာမှ ထွက်ရှိသော ဖရဲများ ဖြစ်ပြီး ကျောက်စိမ်းဖရဲသီး တစ်လုံးလျှင် အလုံးသေး (၂၅၀၀-၃၀၀၀/-)ကျပ်၊ အလုံးကြီး (၅၀၀၀/-) ကျပ်၊ 855 ဖရဲတစ်လုံးလျှင် အလုံးကြီး(၈၀၀၀၀-၁၀၀၀၀/-) ကျပ်တို့ဖြင့် ရောင်းဝယ် လျက်ရှိ ကြောင်း၊ ဈေးကွက်အနေဖြင့် မြို့ပေါ်ရှိ သစ်သီးဆိုင်များ၊ သစ်သီးပွဲရုံများနှင့် ဈေးများသို့ ရောင်းချ လျက်ရှိပြီး ပွဲရုံများမှ တစ်ဆင့် မန္တလေးမြို့၊ ရန်ကုန်မြို့များသို့ တင်ပို့လျက်ရှိကြောင်း၊ သစ်သီးဆိုင် များမှ စိုက်ခင်းထဲအရောက် လာရောက် ဝယ်ယူသူများ လည်း ရှိကြောင်း သိရှိရပါသည်။DOCA(မန္တလေး)

 

“သခွားစိုက်ပျိုးမှုနှင့် ဈေးနှုန်းဈေးကွက်”

               မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင်သည် စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင် ဆောင်ရွက်သော ဒေသတစ်ခုဖြစ်ပြီး သီးနှံမျိုးစုံ စိုက်ပျိုးဖြစ်ထွန်းလျက်ရှိရာ ဈေးကွက်ဝယ်လိုအား ရှိသော သခွားသီးနှံကိုလည်း စိုက်ပျိုးလျက်ရှိကြောင်း၊ သခွားစိုက်ပျိုးမှုအနေဖြင့် မျိုးစေ့ဝယ်၍ ပျိုးထောင် စိုက်ပျိုးရကြောင်း၊ ပျိုးသက်တမ်း (၂၅)ရက်မတိုင်မီ စိုက်ခင်းထဲသို့ ပြောင်းရွေ့ စိုက်ပျိုးရ ကြောင်း၊ မျိုးစေ့ကို စိုက်ပျိုးရေးဆေးဆိုင်များမှ ဝယ်ယူစိုက်ပျိုးကြကြောင်း၊ သခွားမျိုးစေ့ တစ်ထုတ် လျှင် (၃၅၀၀၀-၄၀၀၀၀)ကျပ်ဖြင့် ဝယ်ယူရကြောင်း၊ တစ်ဧကမျိုး (၂၀၀)ဂရမ် စိုက်ပျိုးရကြောင်း၊ တစ်ဧက ကုန်ကျစရိတ်အနေဖြင့် မျိုး၊သွင်းအားစု၊ လုပ်သားခ၊ တိုင်ထောင်ဝါး၊ ပလပ် စတစ်လိပ်ဖိုး များအပါအဝင် စုစုပေါင်း (၆၀၀၀၀၀၀/-)ကျပ်ခန့် ကုန်ကျကြောင်း၊ သွင်းအားစုများ ပိုမိုသုံးစွဲပါက ကုန်ကျစရိတ် ပိုမိုများပြားနိုင်ကြောင်း၊ သခွားစိုက်ပျိုးရာတွင် တန်းကြားတစ်ပင်လျှင် (၃)ပေခြား၊ (၂)ပေခြား၍ စိုက်ပျိုးကြောင်း ၊ တစ်ဧကလျှင် အပင် (၇၀၀၀)ကျော်ခန့် ဝင်ဆန့်ကြောင်း ၊ စတင်အသီးသီးချိန်မှ (၃)လုံးအထိ တင်စေပြီး တင်းနစ်ဘောလုံး အရွယ်အစားရောက်လျှင် တစ်ပင်ကို (၂)လုံးသာ ယူကြောင်း၊ အသီးတင်ပြီး (၁၀)ရက်တစ်ကြိမ် သွင်းအားစုများ ထည့်ပေးရကြောင်း၊ စိုက်ပျိုးပြီး ရက်(၃၀)အကြာတွင် ပန်းများစတင်ပွင့်ပြီး ပန်းပွင့်ပြီး (၃၅)ရက်၊ (၄၅) ရက်တွင် အသီးများစတင်ခူးခွတ်နိုင်ပြီးဖြစ်ကြောင်း၊ စိုက်ပျိုးမှု မျိုးအနေဖြင့် ရွှေသခွား၊ ကျောက်စိမ်း သခွားနှင့် ပိုက်ကွက်သခွားမျိုးများကို စိုက်ပျိုးကြကြောင်း၊ ဇွန်လဆန်းတွင် စိုက်ပျိုးခဲ့သောကြောင့် စက်တင်ဘာလဆန်းပိုင်းတွင် ထွက်ပေါ်မည်ဖြစ်ကြောင်း၊ တစ်ဧကအထွက်နှုန်းအနေဖြင့် အလုံး ပေါင်း (၁၄၀၀၀)ခန့် ထွက်ရှိကြောင်း၊ ခရိုင်အတွင်း လက်ရှိစိုက်ပျိုးမှု အနည်းငယ်သာရှိပြီး စိုက်ပျိုး သောရွာမှာ မြေစိုရွာဖြစ်ကြောင်း၊ ယခုလက်ရှိဈေးကွက်အတွင်း ဝင်ရောက်နေသော သခွားသီးများ မှာ မြို့နယ်အတွင်း ထွက်ရှိသော အသီးများဖြစ်ပြီး သစ်သီးဆိုင်များမှ ဝင်ရောက်သော အသီး အနည်းငယ်သာရှိကြောင်း ထွက်ပေါ်ချိန်မှသာ အသီးများဖြိုင်ဖြိုင်ရောင်းချနိုင်မှာဖြစ်ကြောင်း သစ်သီးရောင်းချသော ဆိုင်ရှင်တစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။ သခွားဈေးနှုန်းအနေဖြင့် ကျောက်စိမ်းသခွား/ ပိုက်ကွက်သခွား တစ်လုံးလျှင် အလုံးသေး (၇၀၀၀/-)ကျပ်၊ အလုံးကြီး (၁၀၀၀၀/-) ကျပ်၊ ရွှေသခွား တစ်လုံးလျှင် အလုံးကြီး(၈၀၀၀/-) ၊ အလုံးသေး (၅၀၀၀/-) ကျပ်တို့ဖြင့် ရောင်းဝယ်လျက်ရှိကြောင်း ဈေးကွက်အနေဖြင့် မြို့ပေါ်ရှိ သစ်သီးဆိုင်များ၊ သစ်သီးပွဲရုံများနှင့် ဈေးများသို့ ရောင်းချလျက်ရှိပြီး ပွဲရုံများမှ တစ်ဆင့် မန္တလေးမြို့၊ ရန်ကုန်မြို့များသို့ တင်ပို့လျက်ရှိ ကြောင်း၊ သစ်သီးဆိုင်များမှ စိုက်ခင်းထဲ အရောက်လာရောက် ဝယ်ယူသူများလည်းရှိကြောင်း သိရှိရ ပါသည်။

DOCA(မန္တလေး)

“နနွင်းစျေးနှုန်းများကျဆင်းလျက်ရှိ”

                  ကျောက်ဆည်ခရိုင်တွင် စပါး ၊ ပဲ ၊ ပြောင်း ၊ နှမ်းသီးနှံများအပြင် စားဖိုဆောင်သီးနှံတစ်မျိုး ဖြစ်သော နနွင်းသီးနှံကိုလည်း စိုက်ပျိုးလျက်ရှိကြောင်း၊ မေလနှင့်ဇွန်လများတွင် စတင်စိုက်ပျိုး၍ ဖေ‌ဖော်ဝါရီလနှင့် မတ်လများတွင်ထွက်ပေါ်ကြောင်း၊ တောင်သူများသည် နနွင်းကိုဘောင်ခတ်ပြီး မြေအောက်ရေတင်စနစ်ဖြင့်စိုက်ပျိုးကြောင်း ၊ နနွင်းသီးနှံပေါ်တွင် သီးထပ်သီးညှပ်အဖြစ် နှမ်းနှင့် ပဲတီစိမ်းများကိုလည်းစိုက်ပျိုးကြောင်း၊ နနွင်း(၁)ဧက ကုန်ကျစရိတ်အနေဖြင့် မျိုး ၊ သွင်းအားစု ၊ လုပ်သားခ အပါအဝင် စုစုပေါင်း (၃၅)သိန်းကျပ်ကုန်ကျကြောင်း ၊ အများဆုံး စိုက်ပျိုးသော ရွာများမှာ သံရွာ ၊ ရဲကြီး ကျေးရွာများဖြစ်သည် ။ ယခုအချိန်တွင်သီးထပ်သီးညှပ်စိုက်ပျိုးသော နှမ်းနှင့်ပဲတီစိမ်း များ ရိတ်သိမ်းပြီး၍ နနွင်းအပင်များစတင်ထွက်ရှိနေပြီဖြစ်ကြောင်း၊ နနွင်းသီးနှံကို တူးဖော်၍ အစိုရောင်းချသလိုအချို့‌ တောင်သူများလည်း ထွက်ပေါ်ချိန်တွင်မရောင်းဘဲ အခြာက်လှန်း၍ မိမိတို့ အသုံးလိုမှ ထုတ်ရောင်းကြ ကြောင်း၊ အစိုတစ်စည်းကိုရေနွေးဖျော၍ အခြောက်လှန်းပြီး နနွင်းခြောက် ရရှိပါက (၆၀-၆၅) ပိဿာ ရှိကြောင်း နနွင်းစျေးနှုန်းအနေဖြင့် ယခင်လတွင် နနွင်းခြောက်တစ်ပိဿာ လျှင် (၉၅၀၀/-)ကျပ်၊ နနွင်းဂေါင်း တစ်ပိဿာလျှင်(၈၀၀၀/-)ကျပ် စျေးနှုန်းများဖြင့်ရောင်းဝယ်ခဲ့ပြီး ယခု ဇွန်လဒုတိယအပတ် တွင် နနွင်းခြောက်တစ်ပိဿာလျှင်(၈၅၀၀/-)ကျပ် ၊ နနွင်းဂေါင်း တစ်ပိဿာလျှင်(၇၀၀၀/-)ကျပ် ၊ နနွင်းမှုန့်တစ်ဘူးလျှင်(၂၀၀၀/-)ကျပ် စျေးနှုန်းများဖြင့်ရောင်းဝယ် လျှက်ရှိပြီး ယခင်လနှင့်ယခုအပတ် နှိုင်းယှဉ်ပါက စျေးနှုန်းများအနည်းငယ်ကျဆင်းလျက်ရှိကြောင်း ၊ စျေးကွက်အနေဖြင့် ပွဲစားများက ရွာအထိ လာရောက်ဝယ်ယူ၍‌ ကျောက်ဆည်မြို့ရှိပွဲရုံများမှတဆင့် ရန်ကုန်၊ မန္တလေးမြို့များနှင့် အခြားမြို့ကြီးများသို့လည်း တင်ပို့ ရောင်းချလျက်ရှိကြောင်း မြို့ပေါ်ရှိ ပွဲရုံများထံမှ သိရှိရပါသည်။DOCA(မန္တလေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း