
ကျောက်ဆည်ခရိုင်တွင် စပါး ၊ ပဲ ၊ ပြောင်း ၊ နှမ်းသီးနှံများအပြင် စားဖိုဆောင်သီးနှံတစ်မျိုး ဖြစ်သော နနွင်းသီးနှံကိုလည်း စိုက်ပျိုးလျက်ရှိကြောင်း၊ မေလနှင့်ဇွန်လများတွင် စတင်စိုက်ပျိုး၍ ဖေဖော်ဝါရီလနှင့် မတ်လများတွင်ထွက်ပေါ်ကြောင်း၊ တောင်သူများသည် နနွင်းကိုဘောင်ခတ်ပြီး မြေအောက်ရေတင်စနစ်ဖြင့်စိုက်ပျိုးကြောင်း ၊ နနွင်းသီးနှံပေါ်တွင် သီးထပ်သီးညှပ်အဖြစ် နှမ်းနှင့် ပဲတီစိမ်းများကိုလည်းစိုက်ပျိုးကြောင်း၊ နနွင်း(၁)ဧက ကုန်ကျစရိတ်အနေဖြင့် မျိုး ၊ သွင်းအားစု ၊ လုပ်သားခ အပါအဝင် စုစုပေါင်း (၃၅)သိန်းကျပ်ကုန်ကျကြောင်း ၊ အများဆုံး စိုက်ပျိုးသော ရွာများမှာ သံရွာ ၊ ရဲကြီး ကျေးရွာများဖြစ်သည် ။ ယခုအချိန်တွင်သီးထပ်သီးညှပ်စိုက်ပျိုးသော နှမ်းနှင့်ပဲတီစိမ်း များ ရိတ်သိမ်းပြီး၍ နနွင်းအပင်များစတင်ထွက်ရှိနေပြီဖြစ်ကြောင်း၊ နနွင်းသီးနှံကို တူးဖော်၍ အစိုရောင်းချသလိုအချို့ တောင်သူများလည်း ထွက်ပေါ်ချိန်တွင်မရောင်းဘဲ အခြာက်လှန်း၍ မိမိတို့ အသုံးလိုမှ ထုတ်ရောင်းကြ ကြောင်း၊ အစိုတစ်စည်းကိုရေနွေးဖျော၍ အခြောက်လှန်းပြီး နနွင်းခြောက် ရရှိပါက (၆၀-၆၅) ပိဿာ ရှိကြောင်း နနွင်းစျေးနှုန်းအနေဖြင့် ယခင်လတွင် နနွင်းခြောက်တစ်ပိဿာ လျှင် (၉၅၀၀/-)ကျပ်၊ နနွင်းဂေါင်း တစ်ပိဿာလျှင်(၈၀၀၀/-)ကျပ် စျေးနှုန်းများဖြင့်ရောင်းဝယ်ခဲ့ပြီး ယခု ဇွန်လဒုတိယအပတ် တွင် နနွင်းခြောက်တစ်ပိဿာလျှင်(၈၅၀၀/-)ကျပ် ၊ နနွင်းဂေါင်း တစ်ပိဿာလျှင်(၇၀၀၀/-)ကျပ် ၊ နနွင်းမှုန့်တစ်ဘူးလျှင်(၂၀၀၀/-)ကျပ် စျေးနှုန်းများဖြင့်ရောင်းဝယ် လျှက်ရှိပြီး ယခင်လနှင့်ယခုအပတ် နှိုင်းယှဉ်ပါက စျေးနှုန်းများအနည်းငယ်ကျဆင်းလျက်ရှိကြောင်း ၊ စျေးကွက်အနေဖြင့် ပွဲစားများက ရွာအထိ လာရောက်ဝယ်ယူ၍ ကျောက်ဆည်မြို့ရှိပွဲရုံများမှတဆင့် ရန်ကုန်၊ မန္တလေးမြို့များနှင့် အခြားမြို့ကြီးများသို့လည်း တင်ပို့ ရောင်းချလျက်ရှိကြောင်း မြို့ပေါ်ရှိ ပွဲရုံများထံမှ သိရှိရပါသည်။DOCA(မန္တလေး)
