Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

တောင်ငူမြို့ညောင်ပင်ဈေးတွင် ရာသီပေါ်မရမ်းသီးများ ဈေးနှုန်းကျဆင်း

          ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်အတွင်းရှိ ညောင်ပင်ဈေးတွင် ပေါ်ဦးပေါ်ဖျား မရမ်းသီးများ ပေါများစွာတွေ့ရှိရပြီး တောင်ငူမြို့နှင့်ထိစပ်နေသော လိပ်သိုဒေသမှ လာရောက်ရောင်းချသော မရမ်းသီးများရှိသည့်အပြင် တောင်ငူဒေသတွင်းစိုက်ပျိုးသူများမှ လာရောက်ရောင်းချသော မရမ်းသီးများလည်းရှိပါသည်။ မရမ်းသီးကို ဒေသခံပြည်သူများအနေဖြင့် မိမိတို့ခြံမြေအလွတ်များတွင်လည်းကောင်း၊ ဥယျာဉ်ခြံမြေများထဲတွင် အခြားနှစ်ရှည်ပင်များနှင့် ရောနှော၍လည်းကောင်း စိုက်ပျိုးကြပါသည်။ ယခုကာလတွင် မရမ်းသီးများစတင်ထွက်ရှိနေပြီး မိမိခြံဝန်းများထဲမှ တစ်ပိုင်တစ်နိုင်ထွက်ရှိသော မရမ်းသီးများအား တောင်ငူမြို့ပေါ်ရှိဈေးများတွင် လာရောက်ရောင်းချလျက်ရှိပါသည်။

      ပေါ်ဦးပေါ်ဖျားမရမ်းသီးကင်းများကို ထောင်းစား၍သော်လည်းကောင်း၊ အရွယ်အစား အနည်းငယ်ကြီးသောမရမ်းသီးများကို ကြော်စား၍သော်လည်းကောင်း စားသုံးနိုင်ပါသည်။ မရမ်းသီးထောင်း၊ မရမ်းသီးကြော်အား ဟင်းချိုဖြင့်တွဲဖက်စားသုံးပါက ယခုအချိန်အခါတွင် အင်မတန်ခံတွင်းမြိန်စေသော ရာသီစာဟင်းတစ်ခွက်လည်းဖြစ်သည်။

          မရမ်းသီးဈေးနှုန်းအနေဖြင့် ယခင်(၂)ပတ်ခန့်က တစ်ဆယ်သားလျှင် (၈၀၀၀) ကျပ်ရှိခဲ့ သော်လည်း ယခုဇန်နဝါရီလ(တတိယပတ်)တွင် တစ်ဆယ်သားလျှင် (၃၀၀၀)ကျပ်ဖြင့် ဈေးနှုန်း ကျဆင်းသွားကြောင်း တောင်ငူမြို့၊ ညောင်ပင်ဈေးရှိ မရမ်းသီးရောင်းချသူတစ်ဦးထံမှ စုံစမ်းသိရှိရသည်။

DOCA(ပဲခူး)   

ဇန်နဝါရီလတတိယပတ်ရှိအစေ့ထုတ်ပြောင်းစျေးကွက်

    ပြောင်းသီးနှံမှာ မွေးမြူရေးအစားစပ်လုပ်ငန်းတွင် သုံးစွဲမှုများပြားသည့်အတွက် အရောင်း သွက်လျက်ရှိကြောင်း သိရှိရပါသည်။ မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၄ - ၂၀၂၅ ခုနှစ်တွင် အစေ့ ထုတ်ပြောင်းစိုက်ပျိုးမှု  ၃၆၆၂၂  ဧက၊ရိတ်သိမ်းမှု ၁၃၃၃၁ ဧက၊အထွက်နှုန်း  ၄၉.၅၅  တင်း၊ အထွက် တင်းစုစုပေါင်း   ၆၆၀၅၉၁ တင်းဖြစ်ကြောင်းသိရပါသည်။

          မန္တလေးပွဲစား၊ကုန်သည်စက်ပိုင်များ မဟာကထိန်တော်အသင်းတွင် ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလတတိယပတ်အတွင်း အစေ့ထုတ်ပြောင်း (ရှမ်း) နှင့်(စီပီ)စျေးမှာ ၃တင်းစျေးမှာ ၇၂၀၀၀ ကျပ်နှင့် ၇၃၅၀၀ကျပ်၊တစ်ပိဿာစျေးမှာ ၁၃၃၃ ကျပ် နှင့် ၁၃၆၁ကျပ်စျေးတို့ဖြစ်ကြောင်း သိရှိရပါသည်။

          ယခင်နှစ်ကာလတူ၌ တစ်ပိဿာစျေးမှာ ပြောင်းဖူးစေ့ (ရှမ်း)နှင့်ပြောင်းဖူးစေ့(စီပီ) ၁၅၅၆ကျပ်၊ ပြောင်းဖူးစေ့ (ဗမာ)၁၅၀၀ကျပ်နှင့် ၁၅၁၈ကျပ် တို့ဖြစ်ကြောင်း သိရှိရပါသည်။ ယခုနှစ်စျေးနှင့်ယခင်နှစ်ကာလတူ စျေးနှိုင်းယှဉ်ပါက အစေ့ထုတ်ပြောင်းစျေး မှာ အနည်းငယ်ကျဆင်းသွားကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

 

စျေးကွက်အတွင်း ငှက်ပျောသီးစျေးအနည်းငယ်မြင့်တက်

     ဘုရားပွဲနှင့်အလှူပွဲများကျင်းပသည့်အချိန်ဖြစ်၍ဆောင်းရာသီအတွင်း ငှက်ပျောသီးဝင်ရောက်မှုလျော့နည်းသည့်အတွက် စျေးမြင့်တက်ကာ အရောင်းသွက်လျက်ရှိကြောင်း စျေးချိုတော်ရှိ ငှက်ပျောသီးရောင်းချသည့်ဆိုင်ရှင်တစ်ဦး၏ပြောပြချက်အရ သိရှိရပါသည်။ မန္တလေးတိုင်းဒေသကြီး အတွင်း ၂၀၂၄-၂၀၂၅ ခုနှစ် ငှက်ပျောသီးစိုက်ပျိုးမှု ၁၃၂၃၀ ဧက၊ ရိတ်သိမ်းမှု ၁၂၈၃၅ ဧက၊ အထွက် နှုန်းခိုင်အရေအတွက် ၁၀၅၅.၈၂ နှင့် အထွက်ခိုင် အရေအတွက် ၁၃၅၅၁၄၄၀ ဖြစ်ကြောင်း သိရှိရပါသည်။ ဖီးကြမ်း၊ သီးမွှေး၊ ရခိုင်၊ငှက်ပျောချဉ်နှင့် ရွှေနီငှက်ပျောသီးတို့မှာ စျေးကွက်အတွင်း အများဆုံးတွေ့ရှိရပါသည်။ ဖီးကြမ်း၊ သီးမွှေးနှင့် ရခိုင်ငှက်ပျောသီးများအား ဘုရားပွဲနှင့်မိရိုးဖလာပွဲ များတွင် သုံးစွဲမှုများပြီး၊ ကန်တော့ပွဲတစ်ပွဲတွင် အုန်းသီးတစ်လုံးနှင့်သုံးစွဲသည့်ငှက်ပျောခိုင် အရေ အတွက်အလိုက်၊ အလုံးအရွယ်အစားအလိုက် စျေးနှုန်း အမျိုးမျိုးရောင်းချကြောင်းသိရှိရပါသည်။ ၂၀၂၆ ခုနှစ်ဇန်နဝါရီလတတိယပတ်အတွင်း ငှက်ပျော ဖီးစျေးနှုန်းများအနေဖြင့် တစ်ဖီးလှျင် ဖီးကြမ်း (အစိမ်း) ၂၀၀ဝိ/-နှင့် ၃၅၀ဝိ/-၊ဖီးကြမ်း(အမှည့်) ၂၀၀ဝိ/နှင့် ၃၀၀ဝိ/-၊သီးမွှေးငှက်ပျောသီးမှာ ၂၀၀ဝိ/- နှင့် ၃၀၀ဝိ/-၊ (တောင်ငူသီး) ၄၀၀ဝိ/-နှင့်၆၅၀ဝိ/-၊ ရခိုင်ငှက်ပျောသီးနှင့် ငှက်ပျောချဉ်သီးမှာ ၂၀၀ဝ/- နှင့်၂၅၀ဝိ/-၊ရွှေနီငှက်ပျောသီး (တောင်ငူသီး)မှာ ၆၀၀ဝိ/- နှင့် ၉၀၀ဝိ/- စျေးတို့ဖြင့် ရောင်းချ လျှက်ရှိ ကြောင်း သိရှိရ ပါသည်။

DOCA(မန္တလေး)

အရောင်းအဝယ်ဖြစ်လျက်ရှိသည့် ကွမ်းသီးစိတ်နှင့်ကွမ်းရွက်ဈေးနှုန်း

                 စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၌ ကွမ်းသီးပင်များကို နေအိမ်ခြံဝင်းများ၌ မိသားစု အပိုဝင်ငွေရရှိသည့်အတွက် တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြကြောင်း ကွမ်းသီးများကို ကန့်ဘလူခရိုင် အတွင်းမှလည်းကောင်း၊ ဘိတ်ဒေသမှလည်းကောင်းဝယ်ယူပြီး ကွမ်းသီးစိတ်များပြုလုပ်၍ ပြန်လည် ရောင်းချကြောင်း သိရသည်။

                   ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ တတိယပတ်အတွင်း ကန့်ဘလူမြို့နယ်၌ ကွမ်းသီးစိတ်(ရှယ်) တစ်ပိဿာလျှင် (၃၈၀၀၀)ကျပ်၊ အလတ်စ()ပိဿာလျှင် (၃၀၀၀၀)ကျပ်၊ အညံ့()ပိဿာလျှင် (၁၉၀၀၀)ကျပ်၊ ကွမ်းရွက်ရှယ်()ပိဿာ (၂၂၀၀၀)ကျပ်၊ ရိုးရိုး()ပိဿာ(၁၇၀၀၀)ကျပ်ဈေးနှုန်း တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိရာ ဇန်နဝါရီလ ဒုတိယပတ်၏ ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက ယခုတတိယပတ်အတွင်း ကွမ်းသီးစိတ်ရှယ်()ပိဿာလျှင်(၂၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိရာ ကွမ်းသီးအသစ်များ ဈေးကွက်အတွင်းဝင်ရောက်လာခြင်းကြောင့် ဈေးနှုန်းအနည်းငယ်ကျဆင်းလာကြောင်း၊ ဈေးကွက်အနေဖြင့် ကန့်ဘလူမြို့ပေါ်ရှိဆိုင်များနှင့် ကျွန်းလှမြို့နယ်သို့လက်လီ/လက္ကားရောင်းချလျက်ရှိကြောင်းကွမ်းသီးစိတ်ရောင်းဝယ်ရေး လုပ်ငန်းရှင်ထံမှ သိရှိရသည်။

DOCA(စစ်ကိုင်း)

 

 

ပခုက္ကူမြို့ “ဝါ” ဈေးနှုန်းဈေးကွက်နှင့်ရောင်းချမှုအခြေအနေ

   မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်တွင် “ဝါ”သီးနှံကို ကံတော်၊ ကံလှ၊ ကံတိန်၊ ကံရက်၊ ကံမြင့်ကုန်း၊ မြိုင်နှင့် ရေစကြိုမြို့နယ်အတွင်းရှိ ကျေးရွာများမှ အဓိက စိုက်ပျိုး ကြပါသည်။ ထွက်ရှိသော“ဝါ”များကို ပခုက္ကူမြို့ပေါ်သို့ ဝင်ရောက်အရောင်းအဝယ်ဖြစ် လျက်ရှိပါ သည်။ ပခုက္ကူမြို့ “ဝါ”စိုက်ဧကမှာ ယခင် က (၅၀၀၀ မှ ၆၀၀၀)ရှိခဲ့ပြီး ယခုအခါတွင် စိုက် ဧက(၂၅၀၀) ဝန်းကျင်ခန့်သာ စိုက်ပျိုးကြောင်းသိရှိရပါသည်။ “ဝါ”စိုက်ပျိုးရာတွင်အဓိက ချည်မျှင် ရှည်ဝါနှင့်ချည်မျှင်တိုဝါများကို စိုက်ပျိုးကြပါသည်။ “ဝါ” စတင်ပေါ်စတွင် အစေ့ပါ တစ်ပိဿာလျှင် ကျပ်(၄၀၀၀)ဖြစ်ခဲ့ပြီး တစ်နေ့လျှင် ကုန်ချိန်(၃၀ မှ ၅၀ထိ) ဝင်ရောက်လျက်ရှိကြောင်း “ဝါ” ကုန်သည် များထံမှ သိရှိရပါသည်။

          ဈေးနှုန်းဈေးကွက်အနေဖြင့် ပခုက္ကူမြို့နယ်မှ ထွက်ရှိသော“ဝါ”များကို မန္တလေးတိုင်းဒေသ ကြီးနှင့် သရက်၊ အောင်လံခရိုင်များသို့လည်း တင်ပို့ရောင်းဝယ်လျက်ရှိပါသည်။ ယခုဇန်နဝါရီလ  အစောပိုင်းတွင် “ဝါ”ဝင်ရောက်မှုမှာ အလွန်းနည်းပါးကြောင်း၊ ဈေးနှုန်းအနေဖြင့် ချည်မျှင်ရှည်ဝါ တစ်ပိဿာလျှင် ကျပ်(၃၈၀၀-၃၉၀၀)၊ ချည်မျှင်တိုဝါ တစ်ပိဿာလျှင် ကျပ်(၃၆၀၀)ရှိပြီး  ဝါကြိတ် ဖတ်တစ်ပိဿာလျှင် ကျပ်(၁၀၀၀)၊ ဝါစေ့တစ်ပိဿာလျှင် ကျပ်(၂၃၀၀)၊ ဝါဂွမ်းတစ်ပိဿာလျှင်ကျပ် (၁၁၀၀၀)၊ ဝါစေ့ဆီတစ် ပိဿာလျှင် ကျပ်(၈၈၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခင် ဇန်နဝါရီလ (ပထမပတ်)နှင့် ဈေးနှုန်းနှိုင်းယှဉ်ပါကဈေးငြိမ်နေပြီး  အရောင်းအဝယ်ဖြစ်ကြောင်း၊ “ဝါ”ဝင်ရောက်မှုမှာ နည်းပါးနေကြောင်း “ဝါ”ကုန်သည်များထံမှ သိရှိရပါသည်။

DOCA(မကွေး)

ပခုက္ကူဈေးကွက်၌ ဇန်နဝါရီလ(တတိယပတ်)တွင် ပဲစဉ်းငုံသီးနှံ အရောင်းအဝယ်ဖြစ်

    မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူဈေးကွက်၌ ဇန်နဝါရီလ (တတိယပတ်)တွင် ပဲစဉ်းငုံသီးနှံများ စတင်ဝင်ရောက် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။ ၂၀၂၆ ခုနှစ်၊ သီးနှံပေါ်စ ဇန်နဝါရီလ (ပထမပတ်)တွင် တစ်တင်းလျှင် ကျပ်(၇၉၄၀၀-၈၆၈၀၀)ဈေးဖြင့် အရောင်း အဝယ်ဖြစ် ခဲ့ရာ ပြည်ပဈေးကွက် ဝယ်လိုအားနည်း၍ ဈေးတရိပ်ရိပ်ကျဆင်းပြီး အရောင်းအဝယ် ဖြစ်လျက်ရှိသည်။ ပဲစဉ်းငုံသီးနှံကို ပခုက္ကူ၊ မြိုင်၊ ပေါက်၊ ရေစကြို၊ ဆိပ်ဖြူမြို့နယ် အတွင်းရှိ ကျေးရွာများနှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာများမှ အများ ဆုံးစိုက်ပျိုးပြီး ပခုက္ကူပဲဈေးကွက်သို့ ဝင်ရောက်လျက်ရှိပြီး ယခုရာသီချိန်တွင် တောင်သူများတွင် ပဲလက်ကျန် နည်းပြီး မြို့ပေါ်ရှိ ကုန်သည်များမှ သီးနှံလှိုင်လှိုင်ပေါ်ချိန်တွင် ဝယ်ယူသိုလှောင် ထားသော ပဲစဉ်းငုံနီများ ပြန်လည် ဖြန့်ဖြူးမှုများကြောင်း သိရှိရသည်။

          ဈေးနှုန်းအနေဖြင့် ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ (ဒုတိယပတ်)တွင်  ပဲစဉ်းငုံနီတစ်တင်းလျှင် အမြင့် ဈေး ကျပ်(၈၇၆၀၀-၈၉၀၀၀)၊ (တတိယပတ်)တွင် ကျပ်(၉၀၄၀၀-၉၁၅၀၀)ဈေးဖြင့် အရောင်း အဝယ်ဖြစ်ခဲ့ပြီး (ဒုတိယပတ်)နှင့်နှိုင်းယှဉ်ပါက တစ်တင်းလျှင် ကျပ်(၂၈၀၀-၂၅၀၀)ခန့် ဈေးတက်နေပြီး ဈေးကွက်သို့ ကုန်ဝင်သလောက် အ ရောင်းအဝယ်ဖြစ်ကြောင်း၊ ပခုက္ကူ ဈေးကွက်သို့ ဝင် ရောက်လာသည့် ပဲစဉ်းငုံနီများကို ရန်ကုန်၊ မန္တလေး ဈေးကွက်သို့ တင်ပို့ပြီး ထိုမှတစ်ဆင့် ပြည်ပအိန္ဒိယနိုင်ငံသို့ တင်ပို့လျက်ရှိကြောင်း၊ ပဲစဉ်းငုံသီးနှံသည် ပြည်ပို့ကုန် ပဲတစ်မျိုးဖြစ်၍ ဈေးကွက် ဝယ်လိုအားပေါ် မူတည်ပြီး နေ့စဉ်နှင့်အမျှ ဈေးနှုန်းပြောင်းလဲမှု ရှိကြောင်း ဈေးကွက်မှ သိရှိရသည်။

DOCA(မကွေး)

ပခုက္ကူမြို့နယ်၌ ဖြစ်ပေါ်နေသော ငရုတ်သီး ဈေးနှုန်းအခြေအနေ

     မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊  ပခုက္ကူကျွန်းများဖြစ်သော ကျွန်းဦး၊ ကျွန်ညိုနှင့် မြစ်ခြေမြို့နယ်အတွင်းရှိ နန်းတော်ရပ်ကျေးရွာအုပ်စု ဖြစ်သော ဘဲကြီး၊ ငကျော်၊ မြင်းဝင်း ကျေးရွာများတွင် ငရုတ်သီးကို အဓိက စိုက်ပျိုးကြပြီး ယခင်က စိုက်ဧက (၃) ကျော်ရှိပြီး ယခုအချိန်တွင် စိုက်ဧက (၂) ကျော်သာ စိုက်ပျိုးထုတ်လုပ်လျက်ရှိကြောင်း၊ ငရုတ်သီးကိုပျိုးဘောင်စ နစ်ဖြင့် စိုက်ပျိုးပြီး တစ်ဧကလျှင် (၅) ဘောင်မှ (၆) ဘောင်ထိ စိုက်ပျိုးကြောင်း၊ တစ်ဘောင်လျှင် ကျပ် (၅) သိန်းခန့် ကုန်ကျပြီး တစ်ဧကလျှင် ကျပ် သိန်း(၃၀) ကျော်ကုန်ကျကြောင်း သိရှိရပါသည်။

          ငရုတ်သီးစိမ်းများမှာ မိမိတို့ဒေသထွက် သာမက အခြား ဒေသမှထွက်ရှိသော ငရုတ်သီး စိမ်းများလည်းရောင်းချလျက်ရှိပါသည်။ မုံရွာမှထွက်ရှိသော စက္ကာထာသီး(ခေါ်)ကျောက်စိမ်းသီး တစ်ပိဿာလျှင် ကျပ် (၇၀၀၀)၊ ရွှေအပ်သီး တစ်ပိဿာလျှင်ကျပ်(၆၅၀၀) ဖြစ်ပြီး ငရုတ်သီး ခြောက်  အမျိုးအစား ကိုလိုက်၍ တစ်ပိဿာလျှင် ကျပ် (၁၅၀၀၀ မှ ၁၆၀၀၀) ဖြင့် အရောင်း အဝယ် ဖြစ်လျက်ရှိကြောင်း၊ ငရုတ်သီးခြောက်ဈေးနှုန်းအနေဖြင့်  ငရုတ်သီးခြောက် အမျိုးအစားကို လိုက်၍ တစ်ပိဿာလျှင်ကျပ် (၁၂၀၀၀ မှ ၁၄၀၀၀)ထိ ဖြစ်ပြီးငရုတ်သီးခွဲခြမ်း တစ်ပိဿာလျှင် ကျပ်  (၁၆၀၀၀) ဖြင့် ရောင်းချလျက်ရှိကြောင်း မြို့မဈေးသည်များ ထံမှသိရှိ ရပါ သည်။

DOCA(မကွေး)

အထက်မင်းလှမြို့၊ မြေနုကျွန်းကျေးရွာ၌ မတ်ပဲစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိ

   မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့နယ်၊ မြေနုကျွန်းကျေးရွာသည် စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်ပြီး မတ်ပဲ၊ ကုလားပဲ၊ နေကြာ၊ ဝါ၊ မြေပဲ၊ ပဲထောပတ်နှင့် စားဖိုဆောင် သီးနှံများကို ရာသီအလိုက်စိုက်ပျိုးလျက်ရှိရာ ဆောင်းသီးနှံတစ်မျိုးဖြစ်သည့် မတ်ပဲကို ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ(စတုတ္ထပတ်)မှစတင်၍ တောင်သူ(၆၀)ဦးမှ စိုက်ဧက(၁၅၀)ခန့်စိုက်ပျိုးခဲ့ကြောင်း သိရသည်။

          မြေနုကျွန်းကျေးရွာနေ တောင်သူတစ်ဦးက ၎င်းအနေဖြင့် မတ်ပဲကို()ဧကခန့် စိုက်ပျိုးထား ကြောင်း၊ မျိုးအနေဖြင့် ယခင်နှစ်ကစိုက်ခင်းမှ စိုက်ပျိုးထွက်ရှိသည့် မတ်ပဲစေ့များကို မျိုးအဖြစ်ဖယ်ချန် ၍ စိုက်ပျိုးခြင်းဖြစ်ကြောင်း၊ ()ဧကလျှင် မျိုး()ပြည်ခန့်ကုန်ကျပြီး ထွန်ကြောင်းဆွဲအစေ့ချစနစ်ဖြင့် စိုက်ပျိုးခြင်းဖြစ်ကြောင်း၊ စိုက်ပျိုးပြီး ()လခွဲခန့်အကြာတွင် ရိတ်သိမ်းရကြောင်း၊ စိုက်ပျိုးကုန်ကျ စရိတ်အနေဖြင့် လုပ်အားခ၊ မြေပြုပြင်ခနှင့် အခြားသွင်းအားစု စရိတ်အပါအဝင် စုစုပေါင်းကျပ်()သိန်း ခန့် ကုန်ကျကြောင်း သိရသည်။

          ယခင်နှစ်က ကုန်ကျစရိတ်အနေဖြင့် စိုက်ပျိုးခနှင့် ရိတ်သိမ်းခအပါအဝင် စုစုပေါင်း ကျပ်()သိန်း ခွဲခန့်ကုန်ကျကြောင်း၊ အထွက်နှုန်းအနေဖြင့် ()ဧကလျှင် (၁၅)တင်းထိထွက်ရှိပြီး ()တင်းလျှင် ကျပ် (၈၀၀၀၀)ခန့်ရရှိကာ အကျိုးအမြတ်အနေဖြင့် ကျပ်()သိန်းခွဲခန့်ရရှိကြောင်း၊ ဈေးကွက်အနေဖြင့် မင်းလှမြို့နှင့် မင်းဘူးမြို့ရှိ ပွဲရုံများသို့ တင်ပို့ရောင်းချခဲ့ကြောင်း သိရသည်။

          ယခုအချိန်တွင် မြေနုကျွန်းကျေးရွာ၌ မတ်ပဲစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ(တတိယပတ်)တွင် မင်းလှမြို့ပွဲရုံများ၌ မတ်ပဲ(အဟောင်း) ()တင်းလျှင် ကျပ် (၇၈၀၀၀)ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရသည်။

DOCA(မကွေး)

တောင်တွင်းကြီးမြို့နယ်၊ ပဲစဉ်းငုံသီးနှံ စိုက်ပျိုးထွက်ရှိမှုအခြေအနေနှင့် စျေးနှုန်းစျေးကွက်အခြေအနေ

    စားသုံးသူရေးရာဦးစီးဌာန၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်တာဝန်ခံဒု-ဦးစီးမှူးဒေါ်ဌေးဌေးသည် (၁၆.၁.၂၀၂၆) ရက်နေ့၊ နံနက်(၁၀:၀၀) အချိန်တွင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်စေရေး အတွက် တောင်တွင်းကြီးမြို့နယ်၊ ဇီးတောကျေးရွာသို့ ပဲစဉ်းငုံသီးနှံစိုက်ပျိုးသော တောင်သူ ဦးအောင်စိုး နှင့် သွားရောက်တွေ့ဆုံခဲ့ပြီး မိုးသီးနှံ ပဲစဉ်းငုံ စိုက်ပျိုးထွက်ရှိမှုအခြေအနေကို ကွင်းဆင်းလေ့လာ မေးမြန်းခဲ့ကြောင်း သိရသည်။

    တောင်တွင်းကြီးမြို့နယ်သည် မြန်မာနိုင်ငံအလယ်ပိုင်း၊ မကွေးခရိုင်အတွင်း တည်ရှိပြီး စိုက်ပျိုး ရေးကို အဓိကထားလုပ်ကိုင်၍ ကြက်သွန်နီ၊ စပါး၊ အာလူး၊ ပဲအမျိုးမျိုးကို နှစ်စဉ်မပြတ်စိုက်ပျိုးကြ ကြောင်း၊ ပဲစဉ်းငုံသီးနှံကို သီးညှပ်အဖြစ် စိုက်ပျိုးလျက်ရှိကြကြောင်း၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် အတွင်း တစ်မြို့နယ်လုံး စိုက်ဧက (၂၁၆၈)ဧကခန့် စိုက်ပျိုးကြောင်း၊ ရာသီဥတုအနေအထားကောင်း မွန်မှုကြောင့် သီးနှံအထွက်နှုန်းမှာ ကောင်းမွန်ကြောင်း သိရှိရပါသည်။ ယခုနှစ်တွင် ပဲစဉ်းငုံ(သီးညှပ်) စိုက်တောင်သူ ဦးအောင်စိုးသည် (၂)ဧကခန့် စိုက်ပျိုးထားရှိကြောင်း၊ အဓိကစိုက်ပျိုးသီးနှံမဟုတ်ဘဲ ကြားညှပ်ပြီးစိုက်ပျိုးခြင်းဖြစ်သောကြောင့် မြေပြုပြင်စရာမလိုဘဲ ကုန်ကျစရိတ်နည်းပါးကြောင်း၊ နှမ်း အခင်းများအကြားတွင် သီးညှပ်စိုက်ပျိုးမှုများပြားပြီး မြေဖျင်း မြေညံ့များတွင်လည်း စိုက်ပျိုးကြောင်း သိရှိရပါသည်။ တစ်ဧကစိုက်ပျိုးလျှင် မျိုးစေ့ (၂)ပြည်ခန့် ကုန်ကျကြောင်း၊ မျိုးစေ့ (၁)ပြည်လျှင် ကျပ်(၆၀၀၀)ဖြင့် ဝယ်ယူစိုက်ပျိုးရကြောင်း၊ (၂)ဧကစိုက်ပျိုး ခြင်းဖြစ်၍ (၄)ပြည်ဝယ်ယူရပြီး မျိုးစေ့ ဝယ်ယူစရိတ်မှာ ကျပ်(၂၄၀၀၀)ကျပ်ဝန်းကျင်ခန့် ကုန်ကျကြောင်း၊ ဇူလိုင်လတွင် စတင်စိုက်ပျိုးပြီး နှမ်းခင်းများအကြားတွင် စိုက်ပျိုးသည့်အတွက် သီးသန့်ဆေးဖြန်းခြင်း၊ ပေါင်းသင် ခြင်းများ ပြုလုပ်ရန် မလိုအပ်ကြောင်း၊ အပင်ဖြစ်စေသည့်အတွက် ၂၀၂၅-ခုနှစ်၊ ဒီဇင်ဘာလအတွင်း စတင်ရိတ်သိမ်း ရကြောင်း၊ စိုက်ပျိုးသက်တမ်းမှာ (၅)လခန့်ကြာမြင့်ကြောင်း သိရှိရပါသည်။

          ပဲစဉ်းငုံ(သီးညှပ်)သီးနှံသည် မိုးများစွာရွာသွန်းလျှင် အပင်မသန်၍ အထွက်နှုန်းနည်းကြောင်း၊ စတင်စိုက်ပျိုးချိန်တွင် မိုးအကြိုက် ရေများစွာရွာသွန်းခဲ့သော်လည်း အပွင့်ပွင့်ချိန်တွင် မိုးရွာသွန်းမှုနည်း ပါးသွားသောကြောင့် အပွင့်မကြွေဘဲ အသီးတင်မှုများ၍ အထွက်နှုန်းမှာ အသင့်အတင့်ကောင်းမွန် ကြောင်း၊ မြေအနေအထားကွာခြားခြင်း၊ စိုက်ပျိုးချိန်တွင် မြေအစိုဓါတ်ကွာခြားခြင်း၊ စိုက်ပျိုးပြီး အပင် ပြုပြင်မှု ကွာခြားခြင်း၊ စိုက်ပျိုးမြေသည် သဲမြေဖြစ်လျှင် မိုးများပါက အမြစ်ပုတ်သွားခြင်း၊ အကျဲအစိပ် စိုက်ပျိူးမှုကွာခြားခြင်းတို့ကြောင့် ပဲစဉ်းငုံ(၄)ပြည်စိုက်လျှင် အထွက်နှုန်းမှာ (၄)တင်းမှ (၁၀) တင်းအထိ အမျိုးမျိုးကွဲပြားထွက်ရှိကြောင်း၊ ယခုနှစ် ပဲစဉ်းငုံစိုက်တောင်သူ ဦးအောင်စိုးသည် တစ်ဧကလျှင် (၁၀) တင်းခန့်ထွက်ရှိကြောင်း၊ ယခုနှစ်အတွင်း အထွက်နှုန်းကောင်းမွန်ကြောင်း သိရှိရပါသည်။

          စျေးနှုန်း/ စျေးကွက်အနေဖြင့် ယခုနှစ်တွင် ပဲစဉ်းငုံ (၁)တင်းလျှင် သီးနှံပေါ်စ အချိန်တွင် ကျပ် (၈၃၅၀၀- ၈၅၀၀၀)အထိ ရောင်းချရပြီး ယခင်နှစ်စျေးနှုန်းမှာ ကျပ်(၉၆၅၀၀-၉၇၀၀၀)အထိ အမြင့်ဆုံး စျေးနှုန်းဖြင့် ရောင်းချခဲ့ရကြောင်း၊ ပဲစဉ်းငုံစိုက်တောင်သူများအနေဖြင့် ယခင်နှစ်ထက် စျေးနှုန်း မကောင်းသော်လည်း အထွက်နှုန်းကောင်းသဖြင့် အမြတ်ပိုမိုရရှိကြောင်း၊ စိုက်ပျိုးထွက်ရှိသော ပဲစဉ်းငုံ များကို တောင်တွင်းကြီးမြို့သို့ သွားရောက်ရောင်းချကြောင်း၊တစ်ဧကစိုက်ပျိုးလျှင် ကုန်ကျစရိတ်မှာ ကျပ်(၆၀၀၀၀၀)ခန့် ကုန်ကျကြောင်း၊ တစ်ဧကဝင်ငွေမှာ ကျပ်(၈၅၀၀၀၀)ခန့်ရရှိ၍ ကျပ်(၂၅၀၀၀၀)ခန့် အကျိုးအမြတ်ရရှိကြောင်း ပဲစဉ်းငုံစိုက်တောင်သူ၏ ပြောကြားချက်အရ လေ့လာသိရှိရပါသည်။

          ပဲစဉ်းငုံစိုက်တောင်သူများသည် ပြည်တွင်းမှစိုက်ပျိုးထွက်ရှိသည့် သီးနှံများကို ပြည်တွင်း သာမက ပြည်ပအထိ သီးနှံကုန်သည်အသင်းမှ နှစ်စဉ်တင်ပို့ရောင်းချမှု ပြုလုပ်ဆောင်ရွက်ပေးနိုင်ပါက စျေးနှုန်း၊ စျေးကွက်များ ပိုမိုကောင်းမွန်လာပြီး အကျိုးအမြတ်များစွာ ရရှိနိုင်မည်ဖြစ်ပါကြောင်း ပဲစဉ်းငုံသီးနှံသည် စားသုံးသူပြည်သူများ နေ့စဉ် စားသုံးသင့်ပြီး ကျန်းမာရေးအတွက် များစွာ အထောက်အကူပြုသော သီးနှံတစ်မျိုးဖြစ်သောကြောင့် နှစ်စဉ်မပြတ် စိုက်ပျိုးပေးသင့်ပါကြောင်း ပဲစဉ်းငုံစိုက်တောင်သူထံမှတစ်ဆင့် သိရှိရပါသည်။

DOCA(မကွေး)

လွိုင်ကော် အာလူးဈေးကွက်အခြေအနေ

   ပြည်နယ်အတွင်း စားသုံးကုန်/လူသုံးကုန်များပစ္စည်း၊ စားဖိုဆောင်သီးနှံများကို အများအားဖြင့် အခြားမြို့ကြီးများမှတဆင့် ဝယ်ယူရောင်းချကြသည်။ စားဖိုဆောင်သီးနှံတစ်ခုဖြစ်သော   အာလူးကိုဒေသတွင်း ၂၀၂၅ - ၂၀၂၆ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် (မိုး)ရာသီစိုက်ပျိုးဧက (၃) ဧကရှိ တူးဖော်ရိတ်သိမ်းပြီးကြောင်း၊ (ဆောင်း)ရာသီ အာလူးအောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာလ များတွင် (ဆောင်း) ရာသီအာလူးစိုက်ပျိုးဧက (၁၅၉)စိုက်ပျိုးထားပြီးဖြစ်ကြောင်း စိုက်ပျိုးရေး ဦးစီးဌာနမှမေးမြန်းသိရှိရပါသည်။ ဇန်နဝါရီလနောက်ဆုံး ပတ်ဈေးကွက်တွင် ဖြစ်ပေါ်နေသော ဈေးနှုန်းမှာ အာလူး(မျက်စပ်နီ) တစ်ပိဿာကျပ်(၇၀၀၀/၈၀၀၀)ဖြင့် ရောင်းချနေကြောင်းတွေ့ရှိ ရသည်။ ဒေသအတွင်းမှာစိုက်ပျိုးသော်လည်း ပြည်နယ်အတွင်း ထွက်ရှိမှုသည် ပြည်နယ် အတွင်းနေထိုင်သူများအင်အားနှင့်ယှဉ်ကြည့်မည်ဆိုလျှင် စားသုံးမှုဖူလုံမှု လိုအပ်သည်များရှိနေ၍ အခြားမြို့ကြီးများဖြစ်သောအောင်ပန်း၊ ကလောမြို့တို့မှ သယ်ယူရောင်းချလျက်ရှိပါသည်။ အာလူး အရွယ်အစားအလိုက် အကြီး၊ အလတ်၊ အသေးပေါ်မူတည်၍ ဈေးနှုန်းကွာခြားမှုများရှိပါသည်။ ဇန်နဝါရီလ တတိယပတ်တွင် အာလူးတစ်ပိဿာလျှင်ကျပ် (၆၀၀၀ မှ ၇၀၀၀) အထိရှိပြီး ဇန်နဝါရီလ စတုတ္ထပတ်တွင် တစ်ပိဿာလျှင် ကျပ်(၇၀၀၀မှ ၈၀၀၀)ဈေးနှုန်းဖြင့်ရောင်းချလျက်ရှိကြောင်း၊ ဈေးနှုန်းမှာလည်း အနည်းတက်လျက်ရှိကြောင်း သိရှိရသည်။ ဈေးနှုန်းပြောင်းလဲသော်လည်း ဈေးရောင်းပါးခြင်းမရှိဘဲ ရောင်းသူ ၊ ဝယ်များပုံမှန် လည်ပတ်လျက်ရှိကြောင်း  စားဖိုဆောင်သီးနှံရောင်းချသူတစ်ဦးထံမှသိရှိရပါသည်။

DOCA(ကယား)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း