Main menu

ကန့်ဘလူမြို့နယ်တွင် ဂန္ဓမာပန်းတစ်ပိုင်တစ်နိုင်စိုက်ပျိုး

Powered by Drupal

           စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တွင် ဂန္ဓမာပန်းကို မိသားစုတစ်ပိုင်တစ်နိုင် စိုက်ပျိုးကြပြီး အောင်မြင်ဖြစ်ထွန်းမှုကြောင့် တောင်သူများ အဆင်ပြေကာ မိသားစုပုံမှန်ဝင်ငွေ ရရှိလျက်ရှိပါ သည်။ ဂန္ဓမာပန်းသည် ရေသွင်းရလွယ်ကူပြီး ရေမဝပ်သော သဲနုန်းမြေ သို့မဟုတ် မြေပွများတွင် အောင်မြင်ဖြစ်ထွန်းမှု အကောင်းဆုံးဖြစ်သည်။

           ဂန္ဓမာပန်းစိုက်ပျိုးရာတွင် မြေကို ညက်နေအောင် ထွန်ယက်ပြီးနောက် အကျယ် ၃ ပေ၊ အမြင့် ၆ လက်မခန့်ရှိသော စိုက်ပေါင်များကို ပြုလုပ်ကြသည်။ မြေဆီလွှာကောင်းမွန်စေရန် နွားချေးဆွေး သို့မဟုတ် သဘာဝမြေဩဇာကို မြေပြင်ကတည်းက သမအောင် ရောစပ်ထည့်သွင်းသည်။ မျိုးကိုင်း (သို့မဟုတ်) ပျိုးပင်ပေါက်များကို တစ်ပင်နှင့်တစ်ပင် ၆ လက်မမှ ၈ လက်မခန့် အကွာအဝေးဖြင့် စိုက်ပေါင်ပေါ်တွင် စနစ်တကျ စိုက်ပျိုးကြသည်။ အစိုဓာတ်ရရှိစေရန် ရေမှန်မှန်သွင်းပေးရသော်လည်း ရေမဝပ်စေရန် သတိပြုရသည်။ အပင်သက်တမ်း တစ်လခွဲခန့်တွင် အကိုင်းအခက်များ ပိုမိုဝေဆာပြီး ပန်းပွင့်များများပွင့်စေရန် အညွန့်ဖျားများကို ဆိတ်ပေးရသည့် "ခေါင်နှိမ်ခြင်း" စနစ်ကို လုပ်ဆောင်ကြသည်။ လိုအပ်ပါက ပိုးမွှားရောဂါကာကွယ်ရန်နှင့် ပန်းပွင့်အရွယ်အစားကြီးရန်အတွက် အဖူးအနည်းငယ်သာချန်ပြီး ကျန်အဖူးများကို ခြွေပစ်လေ့ရှိကြောင်း သိရသည်။

           ကန့်ဘလူမြို့နယ်တွင် ဂန္ဓမာပန်းကို ရာသီမရွေး စိုက်ပျိုးနိုင်သော်လည်း ရာသီဥတုအခြေ အနေအရ များသောအားဖြင့် မိုးနှောင်းကာလဖြစ်သည့် စက်တင်ဘာနှင့် အောက်တိုဘာလများတွင် အဓိကထားစိုက်ပျိုးကြသည်။ ယခုအခါ ရေသွင်းစနစ်ကောင်းမွန်သော နေရာများတွင် နွေရာသီနှင့် မိုးရာသီများ၌ပါ မိမိတို့အဆင်ပြေမည့် အချိန်ကို ရွေးချယ်စိုက်ပျိုးလာကြသည်။ ဂန္ဓမာပန်းသည် စိုက်ပျိုးပြီး သက်တမ်း ၃ လမှ ၄ လ (ရက်ပေါင်း ၉၀ မှ ၁၂၀) အတွင်းတွင် စတင်ခူးဆွတ်နိုင်ပြီ ဖြစ်သည်။ ဒီဇင်ဘာ၊ ဇန်နဝါရီနှင့် ဖေဖော်ဝါရီ လများတွင် အများဆုံး လှိုင်လှိုင်ထွက်ရှိလေ့ရှိသည်။

           ဂန္ဓမာပန်းသည် ကာလတိုအတွင်း ဝင်ငွေရရှိစေသော သီးနှံဖြစ်သဖြင့် စိုက်ပျိုးသည့် တောင်သူများအတွက် အကျိုးအမြတ်များစွာဖြစ်ထွန်းစေသည်။ ဂန္ဓမာပန်းသည် ဘုရားပန်းအဖြစ် လည်း ကောင်း၊ အလှူအတန်းနှင့် မင်္ဂလာဆောင်ပွဲများတွင်လည်းကောင်း နေ့စဉ်မပြတ် အသုံးပြုသဖြင့် ဈေးကွက်ခိုင်မာမှုရှိသည်။ ပန်းပွင့်ချိန်တွင် နေ့စဉ် (သို့မဟုတ်) တစ်ရက်ခြားတစ်ခါ ပုံမှန်ခူးဆွတ် ရောင်းချနိုင်သဖြင့် မိသားစုအတွက် နေ့စဉ်ဝင်ငွေကို ရရှိစေသည်။ အထူးသဖြင့် သီတင်းကျွတ်၊ တန်ဆောင်မုန်းနှင့် နတ်တော်လကဲ့သို့ ပွဲလမ်းသဘင်များပြားသည့် ရာသီများတွင် ပန်းဈေးနှုန်း ပိုမိုရရှိသဖြင့် တောင်သူများအဆင်ပြေကာ မိသားစုစီးပွားရေးကို များစွာအထောက်အကူပြုသည့်အတွက် စိုက်ပျိုးသင့်သည့်ပန်းမျိုးဖြစ်ကြောင်း အမှတ်()ရပ်ကွက်ရှိ ပန်းစိုက်ပျိုးရောင်းချသူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)