
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်တွင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထား လုပ်ကိုင်ကြပြီး စပါး၊ ပဲ၊ ပြောင်း၊ နှမ်း စသည့်သီးနှံများ စိုက်ပျိုးသည့်အပြင် စားဖိုဆောင်သီးနှံများကိုလည်း ရာသီအလိုက် စိုက်ပျိုးလျက်ရှိရာ ရုံးပတီသီး သီးနှံကိုလည်း စီးပွားဖြစ် စိုက်ပျိုးကြကြောင်း သိရသည်။
ရုံးပတီသီးမျိုးအနေဖြင့် ပင်ပုမျိုး၊ ပင်လတ်မျိုး၊ ပင်မြင့်မျိုးများဖြစ်ပြီး ပင်မြင့်မျိုး (Finger One) ရုံးပတီမျိုးကို အများဆုံးစိုက်ပျိုးကြကြောင်း၊ တစ်ဧကလျှင် မျိုးစေ့ ၁၅ ထုပ် စိုက်ပျိုးရပြီး စိုက်ပျိုးမှု ကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် စုစုပေါင်း ငွေကျပ် ၈၀၀၀၀၀ ခန့် ကုန်ကျကြောင်း၊ ရုံးပတီသီးနှံကို စိုက်ပျိုးပြီး ၄၅ ရက်အကြာတွင် စတင်ခူးဆွတ်ရ၍ တစ်ရက်ခြား တစ်ကြိမ် ခူးဆွတ်လျက်ရှိရာ သက်တမ်းအနေဖြင့် ၂ လထိ ခူးဆွတ်ရကြောင်း၊ အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် ရုံးပတီသီးပိဿာချိန် ၂၀၀၀ ခန့် ထွက်ရှိပြီး ဈေးနှုန်းအနေဖြင့် လက်ကားဈေး တစ်ပိဿာလျှင် ငွေကျပ် ၂၅၀၀-၂၇၀၀၊ လက်လီဈေး တစ်ပိဿာလျှင် ငွေကျပ် ၃၀၀၀ ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ အကျိုးအမြတ်အနေဖြင့် တစ်ဧကလျှင် ငွေကျပ် ၁၈-သိန်းမှ ၂၀ သိန်းခန့် အကြားရရှိပြီး ဈေးကွက်အနေဖြင့် ကုန်စိမ်းပွဲစားများမှာ စိုက်ခင်းအထိ လာရောက်ဝယ်ယူကြကြောင်း၊ ရုံးပတီပင်သည် ရာသီမရွေးစိုက်ပျိုးနိုင်ပြီး ဈေးကောင်းရရှိသည့်အတွက် တောင်သူများအနေဖြင့် အကျိုးအမြတ်များ ပိုမိုရရှိကြောင်း တောင်သူတစ်ဦးထံမှ သိရှိရပါသည်။
DOCA (ဧရာဝတီ)
