Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မုံရွာမြို့တွင် ရောင်းချနေသော ခရမ်းချဉ်သီးဈေးနှုန်း

        စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်ရှိ တောင်သူများသည် နှမ်း၊ ပဲမျိုးစုံ၊ ပြောင်း၊ ငရုတ်စသည့် သီးနှံများကို အများဆုံးစိုက်ပျိုးကြပြီး ခရမ်းချဉ်သီး သီးနှံများလည်း အနည်းငယ် စိုက်ပျိုးထားကြောင်း သိရသည်။ ယခုအချိန်တွင် ဒေသထွက်ခရမ်းချဉ်သီးများ ဈေးကွက်သို့ ဝင်ရောက်မှုနည်းပါးလာသည့်အတွက်  မန္တလေးမြို့နှင့် ရှမ်းပြည်နယ် အောင်ပန်းမြို့တို့မှ မှာယူရောင်းချလျက်ရှိကြောင်း သိရသည်။

          ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ပထမပတ်တွင် မုံရွာမြို့ရှိ ဈေးကွက်တွင် ရောင်းချနေသော ဈေးနှုန်းများမှာ  ခရမ်းချဉ်သီး လက်ကားဈေး တစ်ပိဿာလျှင် ၃၅၀၀ ကျပ် ၊လက်လီ တစ်ပိဿာလျှင် ၄၀၀၀-၄၅၀၀ ကျပ်၊ စျေးနှုန်းများဖြင့် ရောင်းဝယ်လျက်ရှိပြီး ယခင်အပတ်နှင့် ယခုအပတ် နှိုင်းယှဉ်ပါက သယ်ယူစရိတ်များပြားခြင်းနှင့် ဝင်ရောက်မှုနည်းခြင်းတို့ကြောင့် ဈေးနှုန်းမြင့်တက်ရခြင်းဖြစ်ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ရေစကြိုမြို့နယ် ရေသွင်းနှမ်းဖြူ စိုက်ပျိုးတောင်သူများ တွက်ချေကိုက်လျက်ရှိ

     မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်အတွင်းရှိ ကျေးရွာများတွင် လယ်ယာ စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကအားထားပြီး သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိပါသည်။ ရေစကြိုမြို့နယ်တွင် ဆီးထွက်သီးနှံဖြစ်သည့် ရေသွင်းနှမ်းဖြူသီးနှံကို မတ်၊ ဧပြီလများတွင် စတင်စိုက်ပျိုးကြပြီး ဇွန် လတွင် ဈေးကွက်အတွင်းသို့ စတင်ဝင်ရောက်လျက်ရှိပါသည်။ နှမ်းသီးနှံကို ကျဲပတ်စနစ်ဖြင့် စိုက်ပျိုး ကြပြီး () ဧက စိုက်ပျိုးလျှင် နှမ်းမျိုး () ပြည်ခန့် ကုန်ကျကြောင်း၊ () ဧက ကုန်ကျစရိတ် အနေ ဖြင့် မျိုး၊ မြေပြင်ခ၊ သွင်းအားစု၊လုပ်အားခ အပါအဝင် (၁၂) သိန်းခန့် ကုန်ကျကြောင်း၊ အထွက်နှုန်း အနေဖြင့် (၁၅ မှ ၁၇) တင်းခန့်ထွက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် ရေစကြိုမြို့ပေါ်ရှိ ပွဲရုံများသို့ တင်ပို့ရောင်းချကြပြီး ပခုက္ကူမြို့နှင့် မန္တလေးမြို့သို့ တစ်ဆင့် တင်ပို့ရောင်းချကြကြောင်း သိရှိရပါ သည်။ ဈေးနှုန်းအနေဖြင့်၂၀၂၆ခုနှစ်၊ ဇွန်လ(စတုတ္ထပတ်)တွင် နှမ်းဖြူ ()တင်းလျှင် ကျပ်(၁၂၀၀၀၀)ခန့် ရှိကြောင်း သိရှိရပါသည်။ () ဧက အကျိုးအမြတ်အနေဖြင့်  () သိန်းခန့် ရရှိကြောင်း၊ မိမိအနေဖြင့် ယခင်နှစ်က ရေသွင်းနှမ်းဖြူ ()ဧကခန့် စိုက်ပျိုးခဲ့ရာ ရာသီဥတုကောင်းမွန်ခြင်းမရှိ၊ နှမ်းစိုက်ပျိုးချိန်တွင် မိုးရွာသွင်းမှုနည်းခြင်းတို့ကြောင့် ရေသွင်းခဲ့ရသည့် အကြိမ်ရေများသည့်အတွက် ကုန်ကျမှုစရိတ်များ ခဲ့သဖြင့် ()ဧက ကုန်ကျစရိတ် (၁၂) သိန်းခန့်ကုန်ကျခဲ့ပြီး အကျိုးအမြတ်အနေဖြင့်ကျပ် ()သိန်းခန့်သာ ရရှိခဲ့ပါသည်။ ယခုနှစ်တွင် မိမိအနေဖြင့် () ဧက စိုက်ပျိုးခဲ့ရာ ရာသီဥတုကောင်းမွန်ပြီး အထွက်နှုန်း အနေဖြင့် (၄၇) တင်းခန့် ထွက်ရှိခဲ့သဖြင့် အကျိုးအမြတ် သိန်း (၂၄)ခန့် ရရှိခဲ့ကြောင်း နှမ်းစိုက်တောင်သူ တစ်ဦး၏ ပြောပြချက်အရ သိရှိရပါသည်။

DOCA(မကွေး)

ပခုက္ကူဒေသ၏ နှမ်းဈေးကွက်အကြောင်း တစ်စေ့တစ်စောင်း

          မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူဒေသအပါအဝင် မြန်မာနိုင်ငံအလယ်ပိုင်း မိုးခေါင် ရေရှားရပ်ဝန်းတွင် နှမ်းကို ရာသီဥတု နှင့် ရေရရှိမှုပေါ်မူတည်၍ မိုးဦးနှမ်း၊ မိုးနှောင်းနှမ်း၊ နွေနှမ်း ဟူ၍ တစ်နှစ်လျှင် ()ကြိမ် ခွဲခြား စိုက်ပျိုးကြပါသည်။ ပခုက္ကူဒေသတွင် မိုးဦးနှမ်းကို အများဆုံးစိုက်ပျိုးကြပြီး မေလနှင့် ဇွန်လ တွင် စတင်စိုက်၍ ဩဂုတ်လ နှင့် စက်တင်ဘာလ တို့တွင် ရိတ်သိမ်းကြမည်ဖြစ်သည်။

ပခုက္ကူဒေသတွင်  ၂၀၂၆ ခုနှစ်၊ ဇွန်လ (စတုတ္ထပတ်)တွင် အရောင်းအဝယ်ဖြစ်နေသော နှမ်း ဈေးနှုန်းမှာ နှမ်းဖြူတစ်တင်းလျှင် ကျပ်(၁၁၂၀၀၀ - ၁၁၆၀၀၀) နှမ်းနက်(စမုံ) တစ်တင်းလျှင် ကျပ် (၁၇၀၀၀၀ - ၁၈၀၀၀၀)ဖြင့် အရောင်းအဝယ်ဖြစ်နေပြီး  နွေနှမ်းသစ်များ လှိုင်လှိုင်ပေါ်ချိန်ဖြစ်သဖြင့် ကုန်စည်ဒိုင်၌ဝင်သမျှ အရောင်းအဝယ်သွက်နေပါသည်။ နှမ်းနက်(စမုံ)ကို မန္တလေး ဝယ်လက်များမှ တစ်ဆင့် တရုတ်နိုင်ငံသို့ တင်ပို့ရန် အဓိက အဝယ်လိုက်နေကြောင်း သိရပါသည်။

          ပခုက္ကူမြို့ပေါ်ရှိ ဆီစက်ပိုင်ရှင်များ၊ နှမ်းလှော်လုပ်ငန်းရှင်များနှင့် စားသောက်ကုန်ထုတ်လုပ် သော လုပ်ငန်းရှင်များက နှမ်းဖြူနှင့် နှမ်းညိုများကို ပုံမှန် အဝယ်ရှိနေကြပါသည်။ ပခုက္ကူခရိုင်အတွင်း ရှိ မြစ်ခြေ၊ ကမ္မနှင့် ရေစကြိုမြို့နယ် ကျေးရွာများမှ နယ်မြေအခြေအနေပေါ်မူတည်၍ နွေနှမ်းများ နေ့စဉ် ဝင်ရောက်လျက်ရှိပါသည်။ ကုန်စည်ဒိုင်တွင် တစ်ရက်လျှင် ပျမ်းမျှ အိတ်ရေ(၁၀၀) မှ (၂၀၀) ဝန်းကျင် ပုံမှန်အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

     ယခင်လနှင့် ဈေးနှုန်းနှိုင်းယှဉ်ပါက မေလတွင် နှမ်းအသစ်များအပေါ်သေးဘဲ လက်ကျန် အဟောင်းများဖြင့်သာ အရောင်းအဝယ်ဖြစ်သောကြောင့် လက်ရှိ ဇွန်လ ဈေးနှုန်းများထက် ပို၍ အမြင့်ပိုင်းတွင်ရှိနေခြင်း၊ လက်ရှိအချိန်တွင် နွေနှမ်းပေါ်ချိန်ဖြစ်သော်လည်း ယခင်နှစ်များထက် စိုက်ဧက နှင့် အထွက်နှုန်း အနည်းငယ်လျော့နည်းခြင်းကြောင့် ဈေးနှုန်းများ အဆမတန် ကျဆင်းသွားခြင်းမရှိဘဲ ပစ္စည်းလက်ကျန်နှင့် ပြည်ပဝယ်လိုအားပေါ်မူတည်၍ တည်ငြိမ်နေကြောင်း၊ ပဲကုန်သည်များ၏ သုံးသပ်ချက်အရ သိရှိရပါသည်။

DOCA(မကွေး)

 

ပခုက္ကူဈေးကွက်တွင် ပဲတီစိမ်း အရောင်းအဝယ်ဖြစ်မှုအခြေအနေ

               မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်အတွင်းရှိ ပခုက္ကူ၊ မြိုင်၊ ပေါက်၊ ရေစကြို၊ ဆိပ်ဖြူ မြို့နယ်အတွင်းရှိ ကျေးရွာများတွင် ပဲတီစိမ်းသီးနှံကို အဓိကထား၍ နှစ်စဉ်စိုက်ပျိုးပြီး တစ်နှစ်လျှင် မိုးနှင့်ဆောင်းနှစ်ရာသီစိုက်ပျိုးကြပြီး ယခုနှစ်တွင် (နွေ)ပဲတီစိမ်းစိုက်ဧက(၂၀၀၀၀)ခန့် စိုက်ပျိုး ထားရှိ ကြောင်း သိရှိရသည်။ (နွေ)ပဲတီစိမ်းကို ဖေဖော်ဝါရီလကုန် မတ်လဆန်းတွင် စတင်စိုက်ပျိုးပြီး ဇွန်လ ဆန်းတွင် လှိုင်လှိုင်ထွက်ပေါ်ကြောင်း၊ မျိုးအနေဖြင့် ပဲတီစိမ်း မြကြေးမှုံနှင့် ကျောက်စိမ်းမျိုးကို စိုက်ပျိုး ကြပြီး ယခုနှစ်တွင် ပဲတီစိမ်း(ကျောက်စိမ်း)လုံးကြီးမျိုးကို အများဆုံးစိုက်ပျိုးကြောင်း သိရှိရသည်။ ဈေးနှုန်းအနေဖြင့် ၂၀၂၆ခုနှစ်၊ ဇွန်လ (ပထမပတ်)တွင် ပဲတီစိမ်း(ကြီး)တစ်တင်း လျှင် ကျပ်(၁၂၀၀၀၀-၁၁၅၀၀၀)အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခုဇွန်လ(စတုတ္ထပတ်)တွင် ပဲတီ စိမ်း(ကြီး) တစ်တင်းလျှင် ကျပ်(၇၅၀၀၀-၈၂၅၀၀)ဖြစ်၍ ဈေးနှုန်းနှိုင်းယှဉ်ပါကတစ်တင်းလျှင် ကျပ်(၃၀၀၀-၂၀၀၀)ခန့် ဈေးကျ ပြီး အရောင်းအဝယ် ဖြစ်ကြောင်း၊ ပြည်ပပို့ကုန်ပဲတစ်မျိုးဖြစ်၍ ဈေးကွက်အပေါ်မူတည်ပြီး ဈေးနှုန်းအတက် အကျရှိ ကြောင်း၊ ယခုမိုးရာသီရောက်ရှိ၍ ကုန်းယာ မြေများတွင် “မိုး”ပဲတီစိမ်းသီးနှံ များ စိုက်ပျိုး လျက်ရှိ ကြောင်း သိရှိရသည်။

               ဈေးကွက်အနေဖြင့် ပခုက္ကူမြို့ရှိ သီးနှံပွဲရုံများသို့ တင်ပို့ရောင်းချပြီး ထိုမှတစ်ဆင့် ရန်ကုန်၊ မန္တလေးမြို့များသို့ တင်ပို့ရောင်းချကြောင်း၊ ပြည်ပဈေးကွက်အနေဖြင့် ရန်ကုန်မြို့မှတစ်ဆင့် တရုတ်၊ ဗီယက်နမ်နိုင်ငံများသို့ တင်ပို့ရောင်းချကြောင်း၊ အထွက်နှုန်းမှာ ယခုနှစ်တွင် သီးနှံစိုက်ပျိုးချိန် ဖျက်ပိုး ကျရောက်မှုကင်း၍ ယခင်နှစ်ထက် ပိုမိုကောင်းမွန်သောကြောင့် တောင်သူများအနေဖြင့် ထိုက်သင့်သော အကျိုးအမြတ်ရရှိကြောင်း သိရှိရသည်။

DOCA(မကွေး)

မြေပဲအကြောင်း တစေ့တစောင်း

    မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်အနေဖြင့် ၂၀၂၆ ခုနှစ်၊ မေလ ကုန် ဇွန်လဆန်းပိုင်း၌ မိုးရွာသွန်းမှုဖြစ်ပေါ်ခဲ့သဖြင့် တောင်သူများမှာ မြေပဲစိုက်ပျိုးရန် သင့်တင့်မျှတသော မိုးရေချိန်ရရှိခဲ့ပြီး မြေပဲများကို စတင်စိုက်ပျိုးနေကြပါသည်။ ဒေသတွင်း စားသုံးဆီဖူလုံစေရေးအတွက်  တစ်မြို့နယ်လုံး မြေပဲ စိုက်ဧက(၅၂၀၀၀)ကျော်ရှိသည်ဟု စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရပါသည်။ အထွက်နှုန်းအနေဖြင့် ယခင်နှစ်က တင်း(၄၀)သာ ထွက်ရှိခဲ့သော်လည်း ယခုနှစ်တွင် တစ်ဧကကို တင်း(၅၀)နီးပါး ထွက်မည်ဟု မျှော်မှန်းထားကြောင်းသိရပါသည်။ ယခင်နှစ်က ထွက်ရှိလာသောသီးနှံကို မိမိကိုယ်တိုင်ဆီကြိတ်၍ ရောင်းချပြီး ဆီကြိတ်ရန် မြေပဲအခွံချွတ်ခမှာ ()တင်းလျှင် ကျပ်(၂၀၀၀)ပေးရ ကြောင်း၊ ဆုံကြိတ်လျှင် တစ်ဆုံကို မြေပဲ()ပြည် ကြိတ်ခွဲ၍ ဆီ() ပိဿာထွက်ရှိပြီး မြေပဲဆုံဆီတစ်ပိဿာလျှင် ကျပ်(၃၅၀၀၀)ထိ  ပေါက်မြို့နယ်တွင် ဈေးပေါက်နေကြောင်း သိရှိရပါသည်။

     ယခင်နှစ်က တောင်သူအကျိုးအမြတ်အနေဖြင့် ရင်းနှီးမြုပ်နှံငွေ ကုန်ကျစရိတ်မှာ တစ်ဧက ကျပ်(၁၅)သိန်း ဝန်းကျင်ထိရှိပြီး  တစ်ဧကဝင်ငွေမှာ ကျပ်(၃၅)သိန်းရရှိကြောင်း၊ ကုန်ကျစရိတ်ကို နှုတ်ယူပါက တောင်သူတစ်ဦး၏ တစ်ဧကအကျိုးအမြတ်မှာ ကျပ်(၂၀)သိန်းထိကျန်ရှိကြောင်း မြေပဲစိုက် တောင်သူ၏ ပြောပြချက်အရ သိရှိရပါသည်။

DOCA(မကွေး)

ပခုက္ကူမြို့၌ ဇွန်လ (စတုတ္ထပတ်)တွင် အရောင်းအဝယ်ဖြစ်နေသော ဆန်ဈေးနှုန်း အခြေအနေ

     မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့သည် စပါးစိုက်ဧကနည်းပြီး ဆန်လိုဒေသဖြစ် သောကြောင့် အခြားတိုင်းဒေသကြီးများ နှင့် မြို့နယ်များမှ ဆန်တင်သွင်းရသော မြို့ဖြစ်ပါသည်။ ဧရာဝတီတိုင်းဒေသများဖြစ်သော ပုသိမ်၊ မြောင်းမြမြို့များမှလည်းကောင်း၊ ရွှေဘိုခရိုင်မှ လည်းကောင်း၊ ဆင်ဖြူကျွန်း၊ စလင်းဒေသများမှ ဝင်ရောက်လျက်ရှိပါသည်။

          ၂၀၂၆ ခုနှစ်၊ ဇွန်လ(စတုတ္ထပတ်)တွင် အများစားသုံးသောဆန်မှာ ဧရာပဒေသာ၊ မနောသုခ၊ ဖန်သီးသုခ၊ ရက်(၉၀)ဆန်များဖြစ်ပြီး မြောင်းမြဧရာပဒေသာ တစ်အိတ်လျှင် ကျပ်(၁၅၀၀၀၀) မနောသုခ တစ်အိတ်လျှင် ကျပ်(၉၅၀၀၀) ရက်(၉၀)ဆန် တစ်အိတ်လျှင် ကျပ်(၈၀၀၀၀) ဇီယာ တစ်အိတ်လျှင် ကျပ်( ၆၈၀၀၀) ဖန်သီးသုခ တစ်အိတ်လျှင် ကျပ်(၁၀၇၀၀၀) သီးထပ်တစ်အိတ်လျှင် ကျပ်(၁၇၅၀၀၀) ဧရာမင်းဆန် တစ်အိတ်လျှင် ကျပ်(၁၀၅၀၀၀) ဝန်ကြီးပဒေသာ ဆန်တစ်အိတ် လျှင် ကျပ်(၁၆၅၀၀၀) ဈေးနှုန်းဖြင့်  အသီးသီးအရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။

          ပေါ်ဆန်းမွှေးဆန်များမှာ ဒုတိယအများဆုံး စားသုံးသော ဆန်ဖြစ်ပြီး မြောင်းမြဒေသနှင့်  ရွှေဘိုဒေသမှဝင်ရောက်ပါသည်။ မြောင်းမြပေါ်ဆန်းမှာ တစ်အိတ်လျှင်ကျပ်(၁၇၀၀၀၀)ဖြင့် အရောင်း အဝယ်ဖြစ်နေကြောင်း၊ ရွှေဘိုပေါ်ဆန်းမွှေးမှာ ပိုမို အရည်အသွေးကောင်းသောကြောင့် တစ်အိတ် လျှင် ကျပ်(၂၂၀၀၀၀)ဖြင့် ရောင်းချရကြောင်း၊  လက်ရှိအချိန်တွင် ရွှေဘိုပေါ်ဆန်းမှာ လမ်းပန်း ဆက်သွယ် ရေးနှင့် နယ်မြေအခက်အခဲကြောင့်  အဆင့်ဆင့်သယ်ယူရ၍  ကုန်ကျစရိတ်ကြီးမြှင့်ပြီး ဆန်လက်ကျန် များနည်းပါးနေကြောင်း၊ ယခင်လနှင့်နှိုင်းယှဉ်ပါက ဆန်ဈေးနှုန်းများတည်ငြိမ်လျက်ရှိကြောင်းဆန် ကုန်သည်များထံမှ သိရှိရပါသည်။

DOCA(မကွေး)

 

မြိတ်မြို့၊ ကြက်မောက်သီးစျေးနှုန်းနှင့် လက်ရှိဖြစ်ပေါ်နေသောအခြေအနေ

 တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်သည်အသားငါးပေါကြွယ်ဝသောဒေသဖြစ်ပြီး သစ်သီး ဝလံပေါးများသောဒေသလည်းဖြစ်သည့်အပြင် ကြက်မောက်သီးများလည်းစိုက်ပျိုးသော ဒေသဖြစ် သည်။ ကြက်မောက်သီးသည် ဒေသထွက်ရာသီပေါ်သီးနှံဖြစ်ပြီး ယနေ့အချိန်တွင် စျေးကောင်း ရရှိကြောင်းသိရှိရပါသည်။ ကြက်မောက်သီးသည် မိုးရာသီဖြစ်သော မေလအကုန်၊ ဇွန်၊ ဇူလိုင်လတို့ တွင် အများဆုံးထွက်ရှိပြီး ယခင်နှစ်ထက်ယခုနှစ်တွင်ပို၍ စျေးကောင်းရရှိကြောင်းသိရှိရပါသည်။ မြိတ်မြို့တွင်ယခင်ကဇူလိုင်လလယ်အထိထွက်ရှိချိန်တွင် ယခုဇွန်လအကုန်တွင် အချို့ကြက်မောက် ပင်များမှာအသီးထွက်ရှိမှု မရှိတော့ကြောင်းသိရှိရပါသည်။ မြိတ်ဒေသတွင် ကြက်မောက်သီးကိုမြို့ရှိ ခြံများနှင့် ကျေးရွာများတွင် အများဆုံးစိုက်ပျိုးကြပြီး ဒေသတွင်းစျေးကွက်တွင် အဓိကဖြန့်ဖြူးကာ တခါတစ်ရံ ရန်ကုန်မြို့သို့တင်ပို့လျက်ရှိကြောင်းသိရှိရပါသည်။ စိုက်ပျိုးသူများကအလုံးကြွေလိုက် ဖြစ်စေ အခက်ပါအတွဲလိုက်ဖြစ်စေရောင်းချကြပြီး အလုံးကြွေနှင့်အတွဲလိုက်တွင် အတွဲလိုက်က ပို၍စျေးကောင်းရရှိလျက်ရှိပါသည်။  ဒေသတွင်းစျေးကွက်တွင် လိုသလောက်မရရှိနိုင်သဖြင့် စျေး ကောင်းပိုမိုရရှိလာပြီး ယခင်နှစ်ကမြိတ်ဒေသတွင် ကြက်မောက်သီး (၂၀)လုံးပါတစ်တွဲလျှင် ၁၅၀၀ ကျပ်မှ ၃၅၀၀ကျပ်ထိသာ စျေးပေါက်ခဲ့သော်လည်း ယခုနှစ်တွင် ကြက်မောက်သီး (၂၀)လုံးပါ တစ်တွဲလျှင် ၃၅၀၀ ကျပ် မှ ၆၀၀၀ ကျပ်ထိ စျေးရရှိခဲ့ကြောင်းသိရှိရပါသည်။ အလုံးကြွေအနေဖြင့် တစ်လုံး ၂၀၀ကျပ်ဖြင့်ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)

ဒေသထွက်ကုန် ရွှေဘိုပေါ်ဆန်းစပါး/ဆန် ဈေးနှုန်းနှင့် ဆန်စီးထွက်မှုအခြေအနေ

        စစ်ကိုင်းတိုင်းဒေသကြီးသည် နိုင်ငံတော်၏ တတိယစပါးကျီတစ်ခု ဖြစ်သည့်အတိုင်း ရွှေဘိုခရိုင် သည်လည်း စစ်ကိုင်းတိုင်းဒေသကြီး၏ ပထမစပါးကျီတစ်ခုအဖြစ် ရပ်တည်လျှက် ရှိပါသည်။ ရွှေဘိုခရိုင်အနေဖြင့် သဖန်းဆိပ်ဆည်ရေသောက် လယ်ဧက (၄.၄)သိန်းခန့်တွင် ရွှေဘိုပေါ်ဆန်းစပါးကို ဧက(၃)သိန်း ခန့်  နှစ်စဉ် စိုက်ပျိုးလျက်ရှိပါသည်။

          ရွှေဘိုခရိုင်တွင် ဇွန်လ နောက်ဆုံးပတ်တွင် ရွှေဘိုပေါ်ဆန်းစပါး တင်း(၁၀၀)လျှင် (၅၇၀၀၀၀၀)ကျပ်၊ ရွှေဘိုပေါ်ဆန်းဆန် (၂၄)ပြည်ပါ တစ်အိတ်လျှင် (၂၁၀၀၀၀)ကျပ် ပေါက်ဈေးဖြင့် ဈေးနှုန်းတည်ငြိမ်လျက်ရှိပြီး၊ဒေသတွင်းသာမက ပိုလျှံသော ဆန်များကို အခြားတိုင်း/ပြည်နယ် ဒေသအသီးသီးသို့ တင်ပို့ရောင်းချလျက်ရှိပါသည်။

       ယခု၂၀၂၆ခုနှစ် ဇွန်လ နောက်ဆုံးပတ်အတွင်း ရွှေဘိုပေါ်ဆန်းဆန် စီးထွက်မှုမှာ ရန်ကုန်သို့ (၁၆၂၇၁)အိတ်၊ မန္တလေးသို့ (၄၁၅၆) အိတ်၊ နေပြည်တော်သို့ (၈၅) အိတ်၊ပဲခူးသို့ (၂၈၀)အိတ်၊ ပြည်သို့ (၃၂၀)အိတ်၊ တောင်ငူသို့ (၂၃၅)အိတ်၊ ကျောက်ပန်းတောင်းသို့ (၁၇၅)အိတ်၊ မိတ္ထီလာသို့ (၁၆၀)အိတ်၊ ကရင်ပြည်နယ် ဘားအံမြို့သို့ (၁၃၀၅)အိတ်၊ ရှမ်းပြည်နယ် (တောင်ပိုင်း)သို့ (၃၅၅၄)အိတ်၊ မွန်ပြည်နယ်သို့ (၂၉၂၅)အိတ်၊ မကွေးတိုင်းသို့(၁၉၅)အိတ်၊ ကချင်ပြည်နယ်သို့ (၁၅၃၀)၊  စုစုပေါင်း အိတ်ရေ (၃၁၁၉၁)၊ တန်အားဖြင့် (၁၅၆၀)တန် စီးထွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

“နွေစပါးများအောင်မြင်ဖြစ်ထွန်းလျက်ရှိ”

                    မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင်သည် စိုက်ပျိုးရေးဒေသတစ်ခုဖြစ်သည့် အလျှောက် သီးနှံမျိုးစုံ စိုက်ပျိုးဖြစ်ထွန်းလျက်ရှိပြီး အဓိကအသက်သွေးကြောဖြစ်သော စပါးသီးနှံ ကိုလည်းစိုက်ပျိုးလျက်ရှိပါသည်။ မတ်လကုန် ဧပြီလဆန်းမှစတင်၍ နွေစပါးများစတင်စိုက်ပျိုးလျက် ရှိပါသည်။ ကျောက်ဆည်ခရိုင်အတွင်းတွင် နွေစပါး စိုက်ပျိုးမှုအနေဖြင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် ကျောက်ဆည်မြို့နယ်တွင် (၃၅၅၉)ဧက ၊ စဉ့်ကိုင်မြို့နယ်တွင်(၇၁၈)ဧက ၊ မြစ်သားမြို့နယ်တွင် (၂၀၁၁၀) ၊ စုစုပေါင်း(၂၄၃၈၇)ဧက စိုက်ပျိုးထားကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရ သိရှိရပါသည် ။ နွေစပါးသည်မိုးစပါးထက် သက်တမ်းပိုရှည်ကြောင်း ၊ နွေစပါးစိုက်ပျိုးမှုအနေဖြင့် ပတ်ကြဲ စိုက်ပျိုးမှုများရှိသလို ပျိုးနှုတ်၍ စိုက်ပျိုးကြသူများလည်းရှိကြောင်း ၊ အများဆုံးစိုက်ပျိုးမှုမှာ ပျိုးထောင် ၊ ပျိုးနှုတ်စိုက်ပျိုးခြင်းဖြစ်ကြောင်း၊ နွေစပါး စိုက်ပျိုးမှု(၁)ဧက ကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု ၊ လုပ်သားခအပါအဝင် စုစုပေါင်း (၈၀၀၀၀၀/-)ကျပ်ခန့် ကုန်ကျကြောင်း ၊ နွေစပါး စိုက်ပျိုးထွက်ရှိမှုအနေဖြင့် ဇူလိုင်လတွင် စတင်ထွက်ရှိမှာဖြစ်ပြီး ယခုအချိန်တွင် မိုးရွာသွန်းမှု ကောင်းသောကြောင့် နွေစပါးများ ကောင်းမွန်စွာအောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း ၊ အများဆုံး စိုက်ပျိုးသောမျိုးမှာ မနောသုခမျိုးဖြစ်ကြောင်း ၊ ယခုလက်ရှိ စပါးပေါက်ဈေးအနေဖြင့် ဧရာပဒေသာ တစ်တင်းလျှင်(၃၀၀၀၀/၃၂၀၀၀)ကျပ်၊နောသုခတစ်တင်းလျှင်(၁၈၀၀၀/၁၉၀၀၀)ကျပ်၊ ဧရာပဒေသာ ဆန်တစ်အိတ်လျှင် (၁၃၀၀၀၀/၁၄၀၀၀၀) ကျပ် ၊ နောသုခဆန် တစ်အိတ်လျှင်(၆၅၀၀၀-၇၅၀၀၀) ကျပ်စျေးနှုန်းများဖြင့် ရောင်းဝယ်လျက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် ပွဲစားများမှ စပါးစိုက်ပျိုးသည့် ကျေးရွာများသို့ တိုက်ရိုက်လာရောက်ဝယ်ယူကြကြောင်း ၊ နွေစပါးထွက်ပေါ်ချိန်တွင် ဈေးနှုန်းများ ကောင်းမွန်ပါက တောင်သူများ အကျိုးအမြတ် ဖြစ်ထွန်းနိုင်ကြောင်း နွေစပါးစိုက်ပျိုးသော တောင်သူတစ်ဦး၏ ပြောကြားချက် အရသိရှိရသည်။ 

DOCA(မန္တလေး)

 

“နွေနှမ်းများဖြိုင်ဖြိုင်ရိတ်သိမ်းမှုနှင့်စျေးနှုန်းစျေးကွက်အခြေအနေ”

              မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်သည် ဆည်ရေသောက်ဒေသတစ်ခု ဖြစ်သော ကြောင့်စပါး၊ပဲ၊ပြောင်း၊နှမ်းသီးနှံမျိုးစုံ စိုက်ပျိုးဖြစ်ထွန်းလျက်ရှိရာ ၄င်းသီးနှံများအနက် ဆီထွက်သီးနှံ တစ်မျိုးဖြစ်သောနွေနှမ်းသီးနှံကို၂၀၂၅-၂၀၂၆ဘဏ္ဍာနှစ်တွင် ကျောက်ဆည်မြို့နယ်တွင်(၄၅၅၆၅)ဧက၊ စဉ့်ကိုင်မြို့နယ်တွင်(၂၃၃၈၀)ဧက ၊ မြစ်သားမြို့နယ်တွင် (၂၉၂၀၈)ဧက ၊ စုစုပေါင်း(၉၈၁၅၃)ဧက စိုက်ပျိုးထားရှိပြီး ရိတ်သိမ်းမှုအနေဖြင့်  ကျောက်ဆည်မြို့နယ်တွင်(၄၄၆၂၂)ဧက၊ စဉ့်ကိုင်မြို့နယ်တွင် (၂၃၃၈၀)ဧက ၊ မြစ်သားမြို့နယ်တွင် (၁၉၀၀၅)ဧက ၊ စုစုပေါင်း(၈၇၀၀၇)ဧက ရိတ်သိမ်းပြီးစီးပြီ ဖြစ်ကြောင်းသက်ဆိုင်ရာဌာန၏ စာရင်းများအရသိရှိရပါသည် ။ နွေနှမ်းကို မတ်လနှင့်ဧပြီလများတွင် စတင်စိုက်ပျိုးခဲ့ပြီး ယခုအချိန်တွင် နွေနှမ်းများဖြိုင်ဖြိုင် ရိတ်သိမ်းလျက်ရှိကြောင်း ၊ နှမ်းစိုက်ပျိုးမှု အနေဖြင့် ဘောင်ကြောင်းပေး စနစ်ဖြင့် စိုက်ပျိုးကြပြီး အများဆုံး စိုက်ပျိုးသောမျိုးများမှာ နှမ်းဖြူ၊နှမ်းညိုနှင့်နှမ်းနက်မျိုးများကိုစိုက်ပျိုးကြပါသည်။ (၁)ဧက စိုက်ပျိုးမှု အနေဖြင့် နှမ်းမျိုး ၁ပြည်လျှင်(၈၀၀၀-၈၅၀၀)ကျပ်အထိ ပေးဝယ်ရကြောင်း ၊ (၁)ဧက ကုန်ကျစရိတ် အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင်  စုစုပေါင်း(၅၅၀၀၀၀/-) ကျပ်ခန့် ကုန်ကျကြောင်း၊ (၁)ဧကမျိုး(၂-၃)ပြည် စိုက်ပျိုးရကြောင်း၊ (၁)ဧကအထွက်နှုန်းအနေဖြင့် (၁၁-၁၂)တင်းခန့်ထွက်ရှိ ကြောင်း ၊ နှမ်းစျေးနှုန်းအနေဖြင့် ဇွန်လ စတုတ္တပတ်တွင် နှမ်းဖြူ တစ်တင်းလျှင်(၁၁၃၀၀၀/-)ကျပ်၊ နှမ်းညိုတစ်တင်းလျှင်(၁၀၇၀၀၀/-)ကျပ်၊ နှမ်းနက် တစ်တင်းလျှင် (၁၀၇၀၀၀/-)ကျပ်စျေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်နေပြီး နှမ်းဆီ ၁ပိဿာလျှင် (၁၈၀၀၀/-)ကျပ် စျေးနှုန်းများဖြင့် ရောင်းဝယ် လျက်ရှိကြောင်း ၊ (၁)ဧက အကျိုးအမြတ်အနေဖြင့် (၆၉၀၀၀၀/-)ကျပ်ခန့်မြတ်ကြောင်း ၊ ကုန်သွယ် ရောင်းဝယ်မှုအနေဖြင့် တောင်သူများမှ နှမ်းသီးနှံ ထွက်ပေါ်ချိန်တွင် နီးစပ်ရာ ကျောက်ဆည်မြို့ပေါ်ရှိ ပွဲရုံများသို့ တိုက်ရိုက်သွားရောက်ရောင်းချကြကြောင်း ၊ ပွဲရုံများမှတဆင့် ရန်ကုန် ၊ မန္တ‌လေးမြို့များသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း ပွဲရုံများမှသိရှိရပါသည်။ DOCA(မန္တလေး)

 

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း