Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ဈေးနှုန်းကျဆင်းလာမြင်းခြံမြို့၏လိမ္မော်သီး

            မြင်းခြံမြို့နယ်ရှိ သစ်သီးအရောင်းဆိုင်များ၌ သစ်သီးမျိုးစုံရောင်းချလျက်ရှိရာ ရာသီပေါ် လိမ္မော်သီးများကို ရှမ်းပြည်နယ်တောင်ပိုင်းရှိ အောင်ပန်းမြို့တို့မှ မှာယူရောင်းချကြောင်း၊ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ၌ လိမ္မော်သီးလုံးကြီး တစ်ပိဿာလျှင် (၉၅၀၀)ကျပ်၊အလတ်တစ်ပိဿာလျှင် (၈၀၀၀) အသေးတစ်ပိဿာလျှင် (၆၀၀၀)ကျပ်ခန့်ပေါက်ဈေးများဖြင့် ရောင်းချကြောင်း၊ ယခင်လ နှင့် နှိုင်းယှဉ်ပါက ယခုလတွင် လိမ္မော်သီးအစစုံတစ်ပိဿာလျှင် (၂၅၀၀) ကျပ်ခန့်ဈေးနှုန်း များကျဆင်းခဲ့ကြောင်း၊ ‌ပေါ်ဦးပေါ်ဖျားထွက်ပေါ်ချိန်တွင် လိမ္မော်သီးများ ဈေးနှုန်းမြင့်တက်ခဲ့သော် လည်း ယခုကာလ၌လိမ္မော်သီးများ လှိုင်လှိုင်ထွက်ပေါ်ချိန်ဖြစ်၍ ဈေးနှုန်းများကျဆင်းခြင်းဖြစ်ကြောင်း၊ ရာသီပေါ်သီးနှံဖြစ်၍ စားသုံးမှုများပြားပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း လိမ္မော်သီး ရောင်းချသူ၏ ပြောပြချက်အရ သိရှိရသည်။

DOCA(မန္တလေး)

မင်းဘူးမြို့၊ မြို့မဈေး၌ တစောင်းခါးပင်များစတင်ဝင်ရောက် အရောင်းအဝယ်ဖြစ်လျက်ရှိ

    မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၊ မြို့မဈေး၌ မြို့ပတ်ဝန်းကျင်ရှိ ကျောက်တံခါး၊ ရေမြက်၊ စကုမြို့နှင် ပွင့်ဖြူမြို့ပေါ်ရှိ ဥယျာဉ်ခြံများမှထွက်ရှိသည့် တစောင်းခါးပင်များ နိုဝင်ဘာလ (တတိယပတ်)မှ စတင်၍ ဝင်ရောက်အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရသည်။

            ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ(စတုတ္ထပတ်)တွင် တစောင်းခါးပင်()ပိဿာလျှင် ကျပ်(၈၀၀၀)ဖြင့် ရောင်းချလျက်ရှိပြီး (တတိယပတ်)ပေါ်စအချိန်နှင့် နှိုင်းယှဉ်ပါက ဈေးနှုန်းပြောင်းလဲမှုမရှိပဲ အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း၊ ပေါ်ဦးပေါ်ဖျားဖြစ်သည့်အတွက် အရောင်းအဝယ်သွက်ပြီး ဈေးကောင်း လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)

မြင်းခြံမြို့၏ကြိမ်စေ့လှော်ဈေးနှုန်း

     ကြိမ်စေ့လှော်သည် မြန်မာနိုင်ငံတွင်ရေပန်းစားသော သွားရေစာတစ်မျိုးဖြစ်၍ ကြိမ်ပင်များမှ ထွက်သောအစေ့များကို လှော်ထားခြင်းဖြစ်ကြောင်း၊ ‌‌တောင်ကုန်းတောင်တန်း ဒေသများဖြစ်သော ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် ချင်းပြည်နယ်များတွင်ကြိမ်ပင် များပိုမို စိုက်ပျိုးထွက်ရှိကြောင်း သိရှိရသည်။ မြင်းခြံမြို့၊အေးမြသီတာဈေးတွင်ရောင်းချနေသော ကြိမ်စေ့ လှော်များကို ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တို့မှ မှာယူရောင်းချ၍ ဒေသတွင်းဖြန့်ဖြူး ရောင်းချကြောင်း၊ ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ၌ ကြိမ်စေ့လှော် နို့ဆီဗူးတစ်ဗူးလျှင်(၃၀၀၀)ကျပ်၊ တစ်ပြည်လျှင်  (၂၀၀၀၀) ကျပ်ခန့်ပေါက်ဈေးများဖြင့် ရောင်းချကြောင်း၊ ယခင်လအတိုင်း ဈေးနှုန်းများ တည်ငြိမ် လျက်ရှိကြောင်း၊ ကျန်းမာရေးနှင့် ညီညွတ်သည့် အဆီဓာတ်များ ပါဝင်သောကြောင့် နှလုံးကျန်း မာရေးကိုအကျိုးပြုပြီး   ပရိုတင်းဓာတ်ကြွယ်ဝသောကြောင့် ခန္ဓာကိုယ်ကြီးထွားရန်နှင့် ကြွက်သား ဖွံ့ဖြိုးမှုကိုအထောက်အကူပြုကြောင်း၊  ကြိမ့်စေ့လှော်သည် အာဟာရဓာတ် ကြွယ်ဝသဖြင့်ကယ်လိုရီပါဝင်မှုမြင့်မားသောကြောင့် လွန်ကဲစွာစားသုံးပါက ကိုယ်အလေးချိန် တက်နိုင်သဖြင့်  သင့်တင့်မျှတစွာ စားသုံးသင့်ပါကြောင်း သိရှိရသည်။

DOCA(မန္တလေး)

မြင်းခြံမြို့၏ရာသီပေါ်ပဲမြစ်ဈေးနှုန်းကျဆင်းလာခြင်း

                    မြင်းခြံမြို့အေးမြသီတာဈေး၌ ရောင်းချနေသော ပဲမြစ်များကို ကျောက်ဆည်ခရိုင်၊ တံတားဦး မြို့နယ်မှ ဝယ်ယူရောင်းချကြောင်း၊ ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ၌ ရောင်းချနေ‌သော ပဲမြစ် တစ်ပိဿာ လျှင် (၄၀၀၀-၆၀၀၀) ကျပ်ခန့် ပေါက်ဈေး များဖြင့်ရောင်းချကြောင်း၊ ယခင်လနှင့် နှိုင်းယှဉ်ပါက ယခုလတွင် ပဲမြစ်အစစုံတစ်ပိဿာလျှင် (၁၀၀၀-၁၅၀၀) ကျပ်ခန့်ဈေးနှုန်း ကျဆင်းခဲ့ကြောင်း၊ လှိုင်လှိုင်ပေါများစွာ ထွက်ပေါ်ချိန်ဖြစ်သောကြောင့် ဈေးနှုန်းကျဆင်းခြင်း ဖြစ်ကြောင်း၊ နေ့စဉ် ကုန်ချိန် (၂၀-၃၀) ပိဿာခန့်ရောင်းချရကြောင်း ရာသီပေါ်ဖြစ်၍ လူအများ စားသုံးမှုများပြားကြောင်း ပဲမြစ်ရောင်းချရောင်းသူတစ်ဦး၏ ပြောပြချက်အရသိရှိရသည်။  ပဲမြစ်ကိုစားသုံးခြင်းဖြင့် အာဟာရ ဓာတ်ကြွယ်ဝပြီး ဗီတာမင်စီ၊ ဗီတာမင်ကေနှင့် ဖောလစ်အက်ဆစ်ကြွယ်ဝ၍ ပရိုတင်းဓာတ် ကြွယ်ဝစွာပါဝင်ကြောင်း၊ အမျှင်ဓာတ်ပါဝင်မှုမြင့်မားသလို အစာခြေလမ်းကြောင်း ကို ကျန်းမာစေပြီး ဝမ်းမှန်စေကြောင်း၊   ဗီတာမင်စီကြွယ်ဝစွာ ပါဝင်သောကြောင့် ကိုယ်ခံအားစနစ်ကို အားကောင်းစေကြောင်း၊ ကယ်လိုရီနှင့် အဆီဓာတ်အလွန်နည်းသောကြောင့် ကိုယ်အလေးချိန် ထိန်းသိမ်းသူများ အတွက် စားသုံးရန်သင့်တော်ကြောင်း သိရှိရသည်။

DOCA(မန္တလေး)

 

 

မြန်မာ့အစားအစာမုန့်ကျွဲသည်းဈေးနှုန်း

            အသင့်စား မုန့်အမျိုးမျိုးရှိသည့်အနက် အညာဒေသထွက် မြန်မာ့ရိုးရာအစားအစာ တစ်ခု ဖြစ်သည့် မုန့်ကျွဲသည်းသည်လည်း ဈေးကွက်အတွင်း နေရာတစ်ခုရရှိနေကြောင်း သိရှိရသည်။ မြင်းခြံမြို့၊ အေးမြသီတာ ဈေးအတွင်း ရောင်းချလျက်ရှိသည့် မု့န်ကျွဲသည်းများကို ဆန်မှုန့်၊ ထန်းလျက်(သို့မဟုတ်)သကြား၊ ဆီ၊ ဆား၊ ထုံးရည်ကြည်၊ အုန်းသီးတို့ဖြင့် ကျိုချက်ရကြောင်း၊ ထန်းလျက်ဖြင့် ကျိုချက်ပါက အညိုရောင်ရရှိပြီး သကြားဖြင့်ကျိုချက်ပါက အဖြူရောင်ရရှိကြောင်း၊ ထန်းရည်ချိုရရှိချိန်တွင် ထန်းလျက်၊ သကြားအစား ထန်းရည်ချိုကို ထည့်သုံးကြောင်းနှင့် ထန်းရည် ချိုဖြင့် ကျိုချက်ပါက အနံ့အရသာပိုမိုကောင်းမွန်ကြောင်း၊ မြင်းခြံမြို့နယ် အေးမြသီတာဈေးတွင် ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ၌ ရောင်းချနေသော မုန့်ကျွဲသည်း ၂၅ ကျပ်သားလျှင် (၂၅၀၀) ကျပ်၊ တစ်ပိဿာလျှင် (၉၀၀၀) ကျပ်ပေါက်ဈေးများရှိကြောင်း၊ နေ့စဉ်မုန့်ကျွဲသည်း ပိဿာချိန် (၁၅-၂၀) ပိဿာခန့် ရောင်းချရကြောင်း၊ မြန်မာ့ရိုးရာမုန့်ဖြစ်သောကြောင့် ဒေသတွင်းစားသုံးမှုများပြီး တဆင့်ပြန်လည် ရောင်းချသူများအား ဖောက်သယ်ပေးရကြောင်း၊ အရောင်းအဝယ်ကောင်းပြီး MSME လုပ်ငန်းဖြစ်သော မုန့်ကျွဲသည်းရောင်းဝယ်‌ရေးသည် ရပ်ကွက်ကျေးရွာများတွင် ထုတ်လုပ် ရောင်းချကြပြီး ဈေးကွက်၌ မိသားစုစားဝတ်နေရေးအတွက် စီးပွားဖြစ်အဆင်ပြေကြောင်း သိရှိရသည်။

DOCA(မန္တလေး)

ဆောင်းဦးသီးနှံဖြစ်သော ပိန်းဥဈေးနှုန်းအခြေအနေ

    မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့နယ်ပတ်ဝန်းကျင်ရှိ ကျေးရွာများဖြစ်သော ဘော်ကျေးရွာ၊ တလုပ်ပင်ကျေးရွာ၊ ပျဉ်ထောင်ကျေးရွာနှင့်ရွာသစ်ကျေးရွာများမှ ပိန်းဥများ သရက် မြို့၊ မြို့မဈေးသို့ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

    နိုဝင်ဘာလသည် ပိန်းဥများလှိုင်လှိုင် ထွက်ရှိသောလဖြစ်ပါသည်။ ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ (ဒုတိယပတ်)နှင့်(တတိယပတ်)တွင် ပိန်းဥတစ်ပိဿာလျှင် ကျပ်(၃၀၀၀မှ ၃၅၀၀)ထိဈေးရှိပြီး ယခု (စတုတ္ထပတ်)တွင် တစ်ပိဿာလျှင် ကျပ်(၃၅၀၀မှ၄၀၀၀) ဈေးနှုန်းဖြစ်ပေါ်ခဲ့ပါသဖြင့် တစ်ပိဿာ လျှင် ကျပ်(၅၀၀) အတက်ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ပုံမှန်အရောင်းအဝယ် ဖြစ်နေပါ ကြောင်း ဈေးသည်များထံမှ သိရှိရပါသည်။ ပိန်းဥသည် မြန်မာ့ရိုးရာဟင်းလျာများထဲမှ အဟာရ ပြည့်ဝပြီး ကျန်းမာရေးနှင့် ညီညွတ်သည့် အစားအစာဖြစ်ပြီး လူကြိုက်များ၍ ပုံစံအမျိုးမျိုးဖြင့် ကြော်၍လည်ကောင်း၊ ချက်ပြုတ်၍ သော်လည်ကောင်း စားသုံးရပြီး ရာသီစာအစားအစာအဖြစ် စားသုံးကြကြောင်း သိရှိရပါသည်။

DOCA(မကွေး)

မြင်းခြံမြို့၏ဇောင်ချမ်းချဉ်ဈေးနှုန်း      

         ဇောင်ချမ်းချဉ်သည် အညာသူအညာသားများ  ကြိုက်နှစ်သက်သည့် ဟင်းလျာတစ်မျိုး ဖြစ်ကြောင်း၊  မြင်းခြံမြို့၊ အေးမြသီတာဈေးတွင် ရောင်းချနေသော ရာသီစာဇောင်ချမ်းချဉ်များသည် တောင်သာမြို့ရှိကျေးရွာများမှ လာရောက်ရောင်းချကြောင်း၊ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ၌ ဇောင်ချမ်းချဉ် ၂၅ ကျပ်သားလျှင် (၄၅၀၀-၅၀၀၀) ကျပ်ခန့်ပေါက် ဈေးများရှိကြောင်း၊ အောက်ပြည် အောက်ရွာမှထွက်ရှိသော ပုစွန်ချဉ်၊ ငါးဖယ်ချဉ်များစားကြသလို အညာဒေသမှာလည်း ရာသီပေါ် ဇောင်ချမ်းချဉ် ဟင်းလျာကိုမက်မက်မောမော ကြော်ချက်စားသုံးကြကြောင်း၊ စားသုံးမှုများ၍ လူကြိုက်များပြီး အရောင်းအဝယ်ကောင်းကြောင်း ဇောင်ချမ်းချဉ်ရောင်းချသူတစ်ဦး၏ ပြောပြချက်အရသိရှိရသည်။ အညာ‌‌ဒေသအစားအစာဖြစ်သော ဇောင်ချမ်းချဉ်ပင်သည် အပူပိုင်းဒေသ များတွင်အလေ့ကျပေါက်လေ့ရှိပြီး ၎င်းအပင်၏ အသီးရဲ့အနှစ်ကို အချဉ်စိမ်ကာ ကြော်ချက်စားသုံး ခြင်းဖြစ်ကြောင်း၊ထမင်းအရမ်းမြိန်ပြီးမြန်မာဟင်းလျာများ၌ဆွဲဆောင်မှုအရှိဆုံးသောအညာစာဟင်းတစ်ခွက်ဖြစ်ကြောင်းသိရှိရသည်။ DOCA(မန္တလေး)

မြင်းခြံမြို့၏ကွမ်းသီးဈေးနှုန်းမြင့်တက်လာခြင်း

                 မြင်းခြံမြို့နယ်အတွင်းရောင်းချနေသော ကွမ်းသီးများကို ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နှင့် မန္တလေးမြို့တို့မှ တင်သွင်းရောင်းချကြောင်းသိရှိရသည်။ ကွမ်းသီးပင်များသည် ရာသီဥတုသင့်တင့်မျှ တသော ဒေသများတွင်ဖြစ်ထွန်းပြီး ကွမ်းသီးပင်များသည် စိုက်ပျိုးပြီး (၈)နှစ်အကြာတွင် ကွမ်းသီး များစတင်ခူးဆွတ်နိုင်ကြောင်း၊ အပင်မြင့်မျိုးဖြစ်ပြီး လေဒဏ်မခံနိုင်သောကြောင့် လေပြင်းပါက အပင်လဲနိုင်သဖြင့် အပူချိန်မြင့်မားချိန်တွင် အပူဒဏ်ခံနိုင်ရန် လေကာပင်များနှင့် တောင်အရိပ် ရှိပါက ကွမ်းသီးပင်များဖြစ်ထွန်းနိုင်ကြောင်းသိရှိရသည်။ ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ၌ ကွမ်းသီးအစိပ် ထိပ်စတစ်ပိဿာလျှင် (၃၇၀၀၀) ကျပ်၊ ကွမ်းသီးစိပ်အလတ်စ တစ်ပိဿာလျှင် (၃၂၀၀၀)ကျပ်၊ ကွမ်းသီးလုံးတစ်ပိဿာလျှင် (၂၆၀၀၀) ကျပ်ခန့်ပေါက်ဈေးများဖြင့်‌ ရောင်းချကြောင်း၊ ယခင်လနှင့် နှိုင်းယှဉ်ပါက ယခုလတွင် ကွမ်းသီးအစစုံ တစ်ပိဿာလျှင်(၂၀၀၀) ကျပ်ခန့်ဈေးနှုန်းမြင့် တက်ခဲ့ကြောင်း၊ ထိုသို့မြင့်တက်ခြင်းမှာ သယ်ယူစရိတ်မြင့်တက် ခြင်းကြောင့်ဖြစ်ပြီး   အရည်အသွေး အမျိုးအစားပေါ်မှုတည်၍ ဈေးနှုန်းများကွာခြားကြောင်း၊ မြန်မာနိုင်ငံတွင်ကွမ်းယာစားသုံး မှုများသောကြောင့် ကွမ်းသီးရောင်းဝယ်ရေးသည် ဈေးကွက်တစ်ခုအဖြစ် ခိုင်ခိုင်မာမာရပ် တည်လျက်ရှိကြောင်း၊ အရောင်းအဝယ်လည်းကောင်းကြောင်း ကွမ်းရွက်နှင့် ကွမ်းသီးရောင်းချသူများထံမှသိရှိရသည်။

DOCA(မန္တလေး)

                  

ဖရုံစေ့လှော်၏အာဟာရအကြောင်း

     ဖရုံစေ့လှော်တွင် အပင်ကရရှိသော မပြည့်ဝဆီများ၊ ဗီတာမင်B2နှင့် ဖောလိတ်အက်ဆစ်ဓာတ် တို့ပါဝင်ပြီး ခန္ဓာကိုယ်အတွက် အကျိုးပြုအာဟာရဓာတ်များ ကြွယ်ဝစွာပါဝင်ကြောင်း၊ ဖရုံစေ့လှော်ကို တစ်နေ့လျှင် လက်တစ်ဆုပ်စာ (၂၈-၃၀) ဂရမ်ခန့် စားသုံးပေးခြင်းဖြင့် ကျန်းမာရေးအကျိုးကျေးဇူး များကို ရရှိစေပြီး ပရိုတင်းဓာတ်ပါဝင်သောကြောင့် ကြွက်သားနှင့် ဆဲလ်များ အားကောင်းစေပြီး Omega 3၊ Omega 6  မဂ္ဂနီဆီယမ် ကြွယ်ဝစွာ ပါဝင်သောကြောင့် အရိုးကျန်းမာရေး၊ နှလုံးကျန်းမာရေး ကိုအထောက် အကူပြုကြောင်း၊ ဦးနှောက်လုပ်ဆောင်မှုနှင့် အရေပြားကျန်းမာရေးကို လည်းအထောက် အကူပြုကြောင်း သိရှိရသည်။ အမျှင်ဓာတ်ပါဝင်သောကြောင့် အစာခြေစနစ်ကို ကောင်းမွန်စေပြီး ဝမ်းမှန်စေကာ အူလမ်းကြောင်း ကျန်းမာရေးကို ကောင်းမွန်ကြောင်း၊ ဖရုံစေ့လှော်စားသုံးခြင်းဖြင့် ဆီးကျိတ်ရောင်ရမ်းခြင်း လက္ခဏာ တွေကို သက်သာစေကြောင်း၊ ညအိပ်မပျော်ဖြစ်နေသော သူများအတွက်မအိပ်ခင်ဖရုံစေ့လှော် အနည်းငယ်စားပေးပါက ၎င်းတွင်အမိုင်နိုအက်ဆစ် ပါဝင်သောကြောင့် အိပ်စက်ခြင်းကို အထောက် အကူပြုကြောင်း  ဖရုံစေ့လှော်သည် အာဟာရဓာတ်များစွာပါဝင် သောကြောင့် ပြည်တွင်း၌ အလွယ် တကူရနိုင်ပြီး ပရိုတင်းဓါတ်ကြွယ်ဝသော ဖရုံစေ့လှော်ကို စားသုံးသင့်ပါကြောင်း သိရှိရသည်။

DOCA(မန္တလေး)

အဆစ်အမြစ်ရောင်ရောဂါကိုသက်သာစေသောမိဿလင်

          မိဿလင်ပင်သည် မြန်မာနိုင်ငံတွင် သဘာဝအလျောက်ပေါက်ရောက်သည့် ဆေးဖက်ဝင် အပင် တစ်မျိုးဖြစ်၍ ၎င်းကို "ချင်းပင်" ဟုလည်း ခေါ်ဆိုကြကြောင်း၊ ရိုးရာဆေးပညာ၊ အိမ်သုံးဆေး နှင့်ဟင်းလျာချက်ပြုတ်ရာတွင် အစဉ်အဆက်အသုံးပြုလာခဲ့ကြကြောင်းသိရှိရသည်။ မိဿလင်ပင် သည်အမြင့် ၄–၆ ပေထိရှိပြီး အမြဲစိမ်းနှစ်ကြာခံပင်ငယ်မျိုး ဖြစ်ကြောင်း၊ အရွက်များသည် ချင်းရွက်နှင့်ဆင်တူကာ လှံစွပ်ပုံရှိ၍ ရွက်နားညီပြီး ချောမွေ့၍ အပွင့်များမှာ ညိုဝါရောင်ရှိကာ ပင်ခြေရင်းမှပွင့်ပြီး ချင်းပွင့်နှင့်တူကြောင်း၊ အမြစ်ဥမှာ ညိုဝါရောင်၊ အသားထူ၍မြစ်မြွှာ များဖြာ ထွက်၍   ပေါက်ရောက်ရာဒေသများအနေဖြင့် မြန်မာနိုင်ငံအနှံ့ (အထူးသဖြင့်မြောက်ပိုင်း ဒေသများ) တွင် သဘာဝအလျောက် ပေါက်ရောက်သည်။

            မြန်မာဆေးကျမ်းများအလိုအရ မိဿလင်သည် စပ်သောအရသာရှိ၍ အာနိသင်များအနေဖြင့် သွေးကိုကြေစေခြင်း၊ ဝမ်းမီးတောက်စေခြင်း၊ ဆီးများ စေပြီး လေကိုသက်စေခြင်း၊ ပူသောဂုဏ်သတ္တိရှိ၍ အအေးဒဏ်၊ လေနာများကို ကာကွယ်ပေး ခြင်းအာနိသင်များကို ပိုင်ဆိုင်သည်။ မိဿလင်ပင်၏ ပဉ္စငါးပါး(ဥ၊ ပွေ့ပိုင်၊ အရွက်၊ အပွင့်၊ အမြစ်)ကို ရောဂါအမျိုးမျိုးအတွက် အသုံးပြု နိုင်ပါသည်။ ခန္ဓာကိုယ် အတွင်းရောဂါများနှင့်ပတ်သက်၍ ချောင်းဆိုး၊ ပန်းနာ၊ သန်ချခြင်း များအတွက် ပဉ္စငါးပါးကို ဆေးဖော်စပ်အသုံးပြုနိုင်သည်။ ဝမ်းလျှောပါက မိဿလင်ဥကို နံနံစေ့နှင့် ရောကျိုပြီး သောက်သုံးနိုင်သည်။ ဝမ်းဗိုက်ထိုးအောင့်ခြင်းအတွက် မိဿလင်ဥ (၈)ပဲသားကို ရေနှင့်ကျိုတိုက်နိုင်သည်။ မီးယပ်ချုပ်ခြင်းများအတွက် အရည်ညှစ်၍ ဆားအနည်း ငယ်ထည့် သောက်ပါက သက်သာစေနိုင်သည်။ အတွင်းလိပ်ခေါင်းရောဂါအတွက် အစိုဥကိုထုခြေ၍ ပေါင်းရည် ယူကာ နံနက်စာ/ညစာစားပြီး သောက်သုံးနိုင်သည်။ခန္ဓာကိုယ်အပြင်ရောဂါများနှင့်ပတ်သက်၍ အဆစ်ရောင်၊ ဒူးရောင်၊ ခြေမျက်စိရောင် အမြစ် ဥကို ထုထောင်း၍ ကြပ်စည်းပေးနိုင်သည်။ ထိခိုက်ဒဏ်ရာ၊ အကြောထုံးနာများအတွက် ဥကိုကြိတ်၍ အုံပေးခြင်းဖြင့် နာကျင်မှုသက်သာစေသည်။ အအေးပတ်ခြင်း၊ လေဖြန်းခြင်း များအတွက် အရည်ညှစ်ပြီး ငရုတ်ကောင်းမှုန့်ထည့်ကာ လိမ်းပေးနိုင်သည်။ အရေပြားနှင့် နာတာရှည်ရောဂါများ နူနာ၊ ယားနာ၊ အနာကြီးရောဂါများအတွက် ပဉ္စငါးပါးကို ကုလားကင်ပွန်းသီး၊ နွားကျင်ငယ်ရည် တို့နှင့် ရောပြုတ်၍ လိမ်းနိုင်သည်။စားစရာအဖြစ် စားသုံးရာတွင် အပွင့်ကို ပြုတ်၍တို့စရာအဖြစ် စားသုံးနိုင်သည်။ ဟင်းချို ဟင်းခါး ချက်သောက်နိုင်ပြီး သုတ်၍လည်း စားကြသည်။ ဥနှင့်အရွက်ကို ဟင်းခတ်အမွှေး အကြိုင်အဖြစ် အသုံးပြုနိုင်သည်။  မိဿလင်ပင်သည် ရိုးရာဆေးဝါးအပြင် ခေတ်ပေါ်ကျန်းမာ ရေးထုတ်ကုန်များတွင်ပါ အရေးပါသော ကုန်ကြမ်းတစ်ခုဖြစ်သည်။ ၎င်း၏ ဘက်စုံသုံးဆေးဖက် ဝင်ပုံ၊ လွယ်ကူစွာရှာဖွေရရှိနိုင်မှုတို့ကြောင့် မြန်မာ့ဆေးဝါးရင်းမြစ်များတွင် အဖိုးတန်အပင် တစ်မျိုး အဖြစ် တွင်တွင်ကျယ်ကျယ်အသုံးဝင်လျက်ရှိကြောင်း လေ့လာသိရှိရသည်။ 

DOCA(မန္တလေး)

 

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း