Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

လက်ပံတန်းမြို့နယ်တွင်လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေးဟောပြော

       စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် ၊ လက်ပံတန်းမြို့နယ် မင်းရပ်ရက်ကွက်၊ သခင်ဖိုးလှကြီးလမ်းရှိ ဦးသိန်းဦးဇော် စံမဥ္ဇူရေသန့်လုပ်ငန်းရှင်နှင့် (၁၈.၈.၂၀၂၅) ရက်နေ့ ၊နံနက်  ( ၁၁:၀၀ ) နာရီအချိန်တွင်၊ လက်ပံတန်းမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများမှတွေ့ဆုံ၍ စားသုံးသူ ကာကွယ်ရေး ဥပဒေအခန်း (၁၈)ပါ ကုန်စည်များပေါ်တွင် ကုန်အညွှန်းအမှတ်အသား ‌ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကုန်စည် အမျိုးအစားအလိုက်  သတ်မှတ်ချက်များနှင့် အညီဖြန့်ဖြူး ရောင်းချရန်၊ ကုန်စည်၏အရည်အသွေး၊ထုတ်လုပ်ရက်စွဲ၊ သက်တမ်းကုန်ဆုံးရက်စွဲများ၊ ထားသိုသိမ်းဆည်းမှု အညွှန်း၊   သုံးစွဲပုံနည်းလမ်းများအားလည်းကောင်း  ဥပဒေအခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊  ဥပဒေအခန်း(၁၁)ပါကုန်စည်နှင့်စပ်လျဉ်း၍ စားသုံးသူလက်ခံနိုင်သည့်အရည်အသွေးရှိခြင်းကိုအအလေးထားဆောင်ဆောင်ရွက်ရန်အသိပညာပေးဆွေးနွေးဆောင်ရွက်ခဲ့ပြီးလက်ကမ်းစာစောင်ဖြန့်ဝေခဲ့ပါသည်။

DOCA(ပဲခူး)

လက်ပံတန်းမြို့မစျေးအတွင်းကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်

          ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန ၊စားသုံး/ထုတ်လုံဌာနခွဲ တာဝန်ခံဦးချစ်ကိုကို၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာန စားသုံး/ထုတ်လုံဌာနခွဲမှ ဦးဇော်ထွန်း၊ လက်ပံတန်းမြို့နယ်တာဝန်ခံ ဦးကျော်မျိုးထွန်းနှင့် ဝန်ထမ်းများသည် (၁၈.၈.၂၀၂၅) ရက်နေ့ နံနက် (၁၀:၃၀) နာရီတွင် လက်ပံတန်းမြို့မဈေးအတွင်းနှင့်မြို့နယ်အတွင်းရှိဆိုင်များသို့ သွားရောက်၍ Ready Made အရန်သင့်အစားအစာများ ရောင်းချနေမှုများတွင် ကုန်ညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ဖော်ပြပါရှိခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

တောင်ငူခရိုင်ဦးစီမှူး ရေတာရှည်မြို့နယ်မှ လုပ်ငန်းရှင်များအား တောင်ငူမြို့၌တွေ့ဆုံ

         စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူး ဦးမျိုးအောင်သည် ဩဂုတ်လ ၁၆ ရက် နေ့ မွန်းလွဲပိုင်းက ခရိုင်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ရေတာရှည်မြို့နယ်ရှိ စားသုံးဆီလက်လီ လက်ကားရောင်းချသူ (၅)ဦးအား တွေ့ဆုံပြီး ရည်ညွှန်းဈေးဖြင့် ဝယ်ယူခွင့်ရရှိသည့် စားအုန်းဆီ များအား စည်းမျဉ်းစည်းကမ်းများနှင့်အညီ စားသုံးသူပြည်သူအားလုံး လက်ဝယ်သို့ ရောက်ရှိရေး စနစ်တကျ ရောင်းချဖြန့်ဖြူးရန်၊ အမှတ်တံဆိပ်ပါ စားသုံးဆီများအား ရောင်းချရာတွင် ညွှန်ကြား ချက်များနှင့်အညီ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြသည့် ဆီများကိုသာ ရောင်းချရန် အသိပညာပေး ဆွေးနွေးခဲ့ပါသည်။

              စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူးသည် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ခရိုင်ဦးစီးမှူးနှင့်အတူ ဩဂုတ်လ ၁၈ ရက်နေ့ နံနက်ပိုင်းက ရေတာရှည်မြို့နယ်၊ မြို့လှမြို့ရှိ Light House Coffee လုပ်ငန်းရှင် ဦးဇေယျာမင်းအား တောင်ငူမြို့ရှိ ပဲခူးတိုင်းဒေသကြီးအစိုရအဖွဲ့ ဒေသထုတ်ကုန်ရောင်းစင်တာ(တောင်ငူ)၌ တွေ့ဆုံပြီး လုပ်ငန်းဆောင်ရွက်မှုနှင့် ဈေးကွက်အခြေ အနေတို့ကို ဆွေးနွေးပြီး စားသုံးသူနစ်နာဆုံးရှုံးမှုမဖြစ်စေရေး အလေးထား ဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြောင်း သိရပါသည်။

DOCA(ပဲခူး)

တောင်ငူခရိုင်အတွင်း GACC လျှောက်ထားသည့် ဆန်စက်များအားကွင်းဆင်းစစ်ဆေး

             စားသုံးသူရေးရာဦးစီးဌာန၊ ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေးစီမံခန့်ခွဲရေး ဌာနမှ ဌာနမှူး၊ ဦးသန့်စင်နှင့် မြန်မာ့ကုန်ပစ္စည်း စစ်ဆေးရေးနှင့်စမ်းသပ်မှုလုပ်ငန်း လီမီတက် (MITS)မှ လက်ထောက်မန်နေဂျာ ဦးကျော်ဇင်တို့သည် ဩဂုတ်လ ၁၇ ရက်နေ့က The General Administration of Customs of the People’s Republic of China (GACC) မှတ်ပုံတင်လက်မှတ် လျှောက်ထားသည့် တောင်ငူခရိုင် အုတ်တွင်းမြို့ရှိ ရွှေဖလားဆန်စက်သို့ စစ်ဆေးကြည့်ရှုရာ တောင်ငူခရိုင်ဦးစီးမှူး ဦးမျိုးအောင် ပူးပေါင်း ပါဝင်ဆောင်ရွက်ခဲ့ပါသည်။

              တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ဆန်နှင့် ဆန်ထွက်ပစ္စည်းများတင်ပို့သည့် ကုမ္ပဏီများသည် အဆင့်မီဆန်စက်ကြီးများနှင့် စာချုပ်ချုပ်ဆို၍ ဆန်နှင့်ဆန်ထွက်ပစ္စည်းများနိုင်ရေးအတွက် The General Administration of Customs of the People’s Republic of China (GACC) မှတ်ပုံတင်လက်မှတ် လျှောက်ထားရာ စားသုံးသူရေးရာဦးစီးဌာန၊ ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေးစီမံခန့်ခွဲရေးဌာနနှင့် မြန်မာ့ကုန်ပစ္စည်း စစ်ဆေးရေးနှင့်စမ်းသပ်မှုလုပ်ငန်း လီမီတက် (MITS)တို့ ပူးပေါင်း၍ Sanitary and Phytosanitary Protocol - SPS Protocol ပါ သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိ/မရှိကို စစ်ဆေးခြင်း ဖြစ်ပါသည်။

              စစ်ဆေးရေးအဖွဲ့သည် Sanitary and Phytosanitary Protocol -  SPS Protocol ပါ သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိ/မရှိစစ်ဆေးရာတွင် ကုန်ကြမ်းနှင့်ကုန်ချော သိုလှောင်ရုံများကို စစ်ဆေးခြင်း၊ စက်ရုံအတွင်း ကုန်ကြမ်းနှင့်ကုန်ချောထားရှိမှုများကို စစ်ဆေးခြင်း၊ လုပ်သားများ ကျန်းမာရေးနှင့် တစ်ကိုယ်ရေသန့်ရှင်းရေး စစ်ဆေးခြင်းများဆောင်ရွက်ရာ စက်ပိုင်ရှင် ဦးထွန်းဇော်ဦးက လိုက်လံရှင်းလင်းပြသပါသည်။ စစ်ဆေးတွေ့ရှိချက်အပေါ် အခြေခံ၍  (GACC) မှတ်ပုံတင်လက်မှတ် ထုတ်ပေးနိုင်ရေးကို ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရပါသည်။

DOCA(ပဲခူး)

သာစည်မြို့နယ်ရှိ ကျောက်ဖရုံယိုလုပ်ငန်းသို့ ကွင်းဆင်းစစ်ဆေးခြင်း

           စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် စားသုံးသူရေးရာဦးစီးဌာန၊  သာစည်မြို့နယ်တာဝန်ခံဦးဆောင်၍ သာစည်မြို့နယ် ကွမ်းခြံရိုးကျေးရွာရှိ ဦးကြည်ဦး၏ ကျောက်ဖရုံယိုလုပ်ငန်းသို့ ၁၈-၈-၂၀၂၅ ရက်နေ့တွင် ကွင်းဆင်းခဲ့ပါသည်။

         ထိုသို့ကွင်းဆင်းခဲ့ရာတွင် သာစည်မြို့နယ်တာဝန်ခံမှ ၂၀၁၉ ခုနှစ်၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၉)ပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ(၈)ချက်၊ အခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ(၁၁)ချက်၊ အခန်း (၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မခွဲ(ခ)နှင့်(ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာ တစ်ခု(သို့)တစ်ခု ထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ပြီး၊ ကုန်စည်အမျိုးအစားလိုက် သတ်မှတ်ထားသည့် ဥပဒေညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်သွားရန် လုပ်ငန်းရှင်အား ဟောပြောဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

သာစည်မြို့နယ်၊ ကြက်မောက်ကျေးရွာတွင် စားသုံးသူကာကွယ်ပေးရေး အသိပညာပေးခြင်း

            မန္တလေးတိုင်း‌ဒေသကြီး၊မိတ္ထီလာခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး၏လမ်းညွှန်မှုဖြင့် သာစည်မြို့နယ်၊ ကြက်မောက်ကျေးရွာတွင်  စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ၂၀၂၅ခုနှစ်၊ဩဂုတ်လ(၂၀)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီချိန်တွင် စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောဆွေးနွေးခဲ့ပါသည်။

            ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်တာဝန်ခံ ဒေါ်ဖြူဖြူထွန်းမှ စားသုံးသူရေးရာဦးစီးဌာနတွင် လက်ရှိဆောင်ရွက်နေသော စားသုံးသူကာကွယ် ရေးအသိပညာပေးဟောပြောပွဲလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းရေး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများနှင့် နစ်နာဆုံးရှုံးမှုများအတွက် ညှိနှိုင်းဖြေရှင်းမှုများလုပ်ဆောင်ရွက်လျက်ရှိကြောင်း ၂၀၁၉ စားသုံးသူကာကွယ်ရေး ဥပဒေအရ စားသုံးသူအခွင့်အရေးများ၊ လိုက်နာရမည့််တာဝန်များအကြောင်း၊ စားသုံးသူအခွင့်အရေး နစ်နာဆုံးရှုံးမှုများအတွက် ဖြေရှင်းပေးမှုမျာအား အကျယ်တဝင့် ဆွေးနွေးခဲ့ပါသည်။ လုပ်ငန်းရှင်များအနေဖြင့်လည်း အခြားကုန်စည်ကို ဝယ်ယူသုံးစွဲရာတွင်  မိမိတို့ကိုယ်တိုင် စားသုံးသူများဖြစ်သည့်အတွက် စာသုံးသူအခွင့်အရေးနစ်နာဆုံးရှုံးမှုများရှိခဲ့လာပါက တိုင်းဒေသကြီး/ ပြည်နယ်နှင့် ခရိုင်ရုံးများတွင် ဖွင့်လှစ်ထားသော စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံ ဆောင်ရွက်ရေးစင်တာ (CICC) ရုံးများတွင် တိုင်ကြားနိုင်ပါကြောင်း၊  DOCA Myanmar Application နှင့်စားသုံးသူရေးရာဦးစီးဌာန၏ Website www.doca.gov.mm တွင် ဝင်ရောက်လေ့လာ တိုင်ကြားနိုင်ကြောင်း၊ Consumer Cell Center နံပါတ် (၁၅၃၅) သို့လည်း ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းဆောင်ရွက်နိုင်ပါကြောင်းကို ဆွေးနွေးပြောကြားခဲ့ပြီး ဟောပြောပွဲတွင် ကျေးရွာနေပြည်သူ (၇၅)ဦးခန့်တက်ရောက်ခဲ့ပါသည်။ လက်ကမ်းစာစောင်များလည်း ဖြန့်ဝေခဲ့ပြီး ဟောပြောပွဲကို နေလယ် (၁၅း၀၀) နာရီအချိန်တွင် ရုတ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

သာစည်မြို့နယ်၊Regency စက်သုံးဆီဆိုင်အား အထူးဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

         စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် သာစည်မြို့နယ်တာဝန်ခံဒေါ်ဖြူဖြူထွန်း(ဒု-ဦးစီးမှူး)နှင့် ဝန်ထမ်းများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့နှင့် ပူးပေါင်း၍ စျေးကွက်တွင်း ရောင်းချနေသော စက်သုံးဆီများအားသတ်မှတ်အချိန်အတွယ်နှင့် အရည်အသွေး စံချိန်စံညွှန်းပြည့်မီခြင်းရှိ/ မရှိ၊ MSMEနှင့် စက်မှုလုပ်ငန်းများအတွက် စက်သုံးဆီလိုအပ်ချက်များ ဝယ်ယူရာတွင် အဆင်ပြေစေရေးနှင့် စက်သုံးဆီများပြတ်လပ်မှုရှိ/ မရှိ ၂၀၂၅ ခုနှစ်၊ ဩဂုတ် (၁၉) ရက်နေ့တွင် သာစည်မြို့နယ်ရှိ Regency စက်သုံးဆီဆိုင်အား ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့သည်။

           ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာ စက်သုံးဆီဆိုင်များတွင် စက်သုံးဆီ ရည်ညွှန်းဈေးတို့ကို အပတ်စဉ်သောကြာနေ့တိုင်း သက်ဆိုင်ရာဌာနများမှ ထုတ်ပြန်ပေးလျက်ရှိရာ သတ်မှတ်ဈေးနှုန်းများဖြင့်သာ ဖြန့်ဖြူးရောင်းချပေးကြရန်နှင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမပြုလုပ်ကြရန်၊ သိုလှောင်ကန်များ၏ လက်ကျန်အခြေအနေနှင့် နေ့စဉ်ဆီဝင်ရောက်မှုအခြေအနေများ၊ ဆီဆိုင် ဖွင့်လှစ်/ ပိတ်သိမ်းမှုအခြေအနေများ၊  တရားမဝင် စက်သုံးဆီများရောင်ချခြင်းမပြုရန် အသိပညာပေး ဆွေးနွေးခဲ့ပြီး ဆီဆိုင်တွင်တပ်ဆင်ထားသော CCTV များမှControl စနစ်ကောင်းမွန်ခြင်းရှိ/ မရှိတို့အား အထူး ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း (၂၆)ကြိမ်မြောက်  မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ တိုင်းဒေသကြီးအဆင့်ပြိုင်ပွဲကျင်းပနိုင်ရေးနှင့် ဗဟိုအဆင့်ပြိုင်ပွဲအောင်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်

       ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် (၂၆)ကြိမ်မြောက်  မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ တိုင်းဒေသကြီးအဆင့်ပြိုင်ပွဲကျင်းပနိုင်ရေးနှင့် ဗဟိုအဆင့်ပြိုင်ပွဲအောင်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က (၂၆)ကြိမ်မြောက်  မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲအား ၂၀၂၆ခုနှစ်၊ အောက်တိုဘာလ ပထမပတ်တွင် ကျင်းပပြုလုပ်မည်ဖြစ်ရာ  ဗဟိုအဆင့်ပြိုင်ပွဲတွင် ဆုတံဆိပ်ပိုမိုရရှိခဲ့သည့် အတီးဘာသာရပ်တွင် ပိုမိုအားထည့်ဆောင်ရွက်လိုပါကြောင်း၊ တိုင်းဒေသကြီးအဆင့်ပြိုင်ပွဲကို စက်တင်ဘာ ပထမပတ်တွင် ကျင်းပသွားမည်ဖြစ်ပြီး ဆက်လက်၍ ဗဟိုအဆင့်ပြိုင်ပွဲဝင်ရန် စခန်းသွင်းလေ့ကျင့် သွားမည်ဖြစ်ပါကြောင်း၊ ပြိုင်ပွဲဝင်များထားရှိရန် တည်းခိုမည့်နေရာများကို ကြိုတင်ပြင်ဆင် ဆောင်ရွက်ရန် အမှာစကား ပြောကြားသည်။

     ဆက်လက်၍ ရှေးဟောင်းသုတေသနနှင့်အမျိုးသာပြတိုက်ဦးစီးဌာန၊ တိုင်းဦးစီးမှူးနှင့် တာဝန်ရှိသူများက တိုင်းဒေသကြီးအဆင့် ပြိုင်ပွဲကျင်းပနိုင်ရေးအတွက် ယှဉ်ပြိုင်ရန်လျာထားသည့် ပြိုင်ပွဲဝင်အဆင့်များနှင့် ဘာသာရပ်များ၊ ယခင်နှစ်က ပါဝင်ယှဉ်ပြိုင်ခဲ့သည့် ပြိုင်ပွဲဝင် အင်အားစာရင်းနှင့် ဆုတံဆိပ်ရရှိခဲ့မှု အခြေအနေများ၊ (၂၆)ကြိမ်မြောက်  မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် ယှဉ်ပြိုင်ရန် ပြဌာန်းထားသော ပြိုင်ပွဲဝင် တေးသီချင်းများနှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြခဲ့ကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ပြီး (၂၆)ကြိမ်မြောက်  မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ တိုင်းဒေသကြီးအဆင့် အောင်မြင်စွာကျင်းပနိုင်ရေးနှင့် ဗဟိုအဆင့်ပြိုင်ပွဲ အောင်နိုင်ရေးအတွက်  ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

(DOCA ဧရာဝတီ)

 

မိတ္ထီလာမြို့နယ်၊ မြို့မဈေးအတွင်း အချိုရည်များအား ကွင်းဆင်းစစ်ဆေး

       စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် မိတ္ထီလာမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့ မိတ္ထီလာမြို့မဈေးအတွင်းရှိ ကုန်စုံဆိုင်များအား ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (၁၈) ရက်နေ့တွင် အချိုရည်အမျိုးမျိုးအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

             ကွင်းဆင်းစစ်ဆေးချက်အရ မြို့နယ်တာဝန်ခံမှ အရောင်းဆိုင်များအား  အချိုရည်အမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြပါရှိသော ထုတ်ကုန်များရောင်းချကြရန်နှင့် ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် ဆောင်ရွက်ရန် ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

ရမည်းသင်းမြို့နယ် ကုန်ဈေးနှုန်းတည်ငြိမ်စေရေးအတွက် စားသောက်ကုန်များအား သက်သာသောဈေးနှုန်းများဖြင့် ပြည်သူများအား ရောင်းချပေးလျက်ရှိ

         စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ခရိုင်ဦးစီးမှူး၏လမ်းညွှန်မှု ရမည်းသင်းမြို့နယ်တာဝန်ခံ၊ ဦးစန်းအောင် (ဒု-ဦးစီးမှူး)နှင့် ဝန်ထမ်းများသည် ၂၀.၈.၂၀၂၅ ရက်၊ နံနက် (၀၈း၃၀) နာရီအချိန်တွင် မြို့နယ်ကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီဥက္ကဌနှင့် အဖွဲ့ဝင်များ၏ ဦးဆောင်ကြီးကြပ်မှုဖြင့် ရမည်းသင်းမြို့နယ်၊ သီလဝါခန်းမရှေ့တွင် ဆန်၊ စားအုန်းဆီ၊အသားငါးနှင့် ကြက်ဥများကို သက်သာသောဈေးနှုန်းများဖြင့် ပြည်သူများအားရောင်းချပေးခဲ့ကြောင်း သိရပါသည်။

          ထိုသို့ရောင်းချပေးရာ စားသုံးသူပြည်သူများအား ဆန်တစ်ပြည်(၃၀၀၀)ကျပ်၊ စားအုန်းဆီ တစ်ပိဿာ(၇၀၀၀)ကျပ်၊ အမဲသားတစ်ပိဿာ(၂၅၀၀၀)ကျပ်၊ ဝက်သားတစ်ပိဿာ(၂၆၀၀၀)ကျပ်၊ ဆိတ်သားတစ်ပိဿာ(၂၈၀၀၀)ကျပ်နှင့် ကြက်ဥတစ်လုံး(၄၅၀)ကျပ် အစရှိသည့် သက်သာသောဈေးနှုန်းများဖြင့် စားသုံးသူပြည်သူများအား မည်သူမဆိုလွတ်လပ်စွာဝယ်ယူနိုင်ရန် ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ