Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

လက်ပံတန်းမြို့တွင် စားသုံးဆီရောင်းချနေမှုအား ကွင်းဆင်းစစ်ဆေးခြင်း

       ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊လက်ပံတန်းမြို့တွင် စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူအကျိုးစီးပွား ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ၊ ကုန်စည်နှင့်ဝန် ဆောင်မှုများအပေါ် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစွာ သုံးစွဲနိုင်ရေးများကို စဉ်ဆက်မပြတ်လုပ်ဆောင်လျှက်ရှိပါသည်။ ထို့သို့ဆောင်ရွက်ရာတွင်  လက်ပံတန်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံနှင့် အခြားဌာန  ဆိုင်ရာများဖြစ်သော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့နှင့် အထူးစုံစမ်းစစ် ဆေးရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ၂၀၂၆ခုနှစ်ဇန်နဝါရီလ ၂၁ရက်နေ့၊ နံနက် ၁၀:၀၀ နာရီအချိန်တွင် လက်ပံတန်းမြို့၊ မင်းရပ် ရပ်ကွက်ရှိ လက်လီကိုယ်စားလှယ် ဦးစိုးမင်းနောင်ဆိုင်အား ရှောင်တခင်ကွင်းဆင်း စစ်ဆေးခဲ့ပြီး စားအုန်းဆီများ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချမှုအခြေအနေများ၊ စားအုန်းဆီရောင်းချမှုဈေးနှုန်းများ၊ ခွဲတမ်းရရှိသော ဆီပိဿာအတိုင်း ရောင်းချမှုရှိ/ မရှိ၊ သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချခြင်းရှိ/ မရှိ၊ ရောနှောဆီများ ရောင်းချခြင်းမပြုရန် မှာကြားခဲ့ပါသည်။ ဈေးနှုန်းများ အဆမတန် မြှင့်တင်ရောင်းချမှုရှိပါက ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်းကိုလည်း အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)   

အုတ်ဖိုမြို့တွင် ပြောင်းဖူးစိုက်တောင်သူနှင့်တွေ့ဆုံ

          ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံရုံးမှ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် ၂၀၂၆ခုနှစ် ဇန်နဝါရီလ ၂၀ရက်နေ့တွင် အုတ်ဖိုမြို့နယ် စည်ပင်သာရွာမှ ပြောင်းဖူးစိုက်တောင်သူ ဦးသန်းဇော်နှင့် တွေ့ဆုံ၍ ဖူးစားပြောင်း စိုက်ပျိုးမှု တစ်ဧကကုန်ကျစရိတ်နှင့် အကျိုးအမြတ်ရရှိနိုင်မှု အခြေအနေအားမေးမြန်းခဲ့ပါသည်။

          ပြောင်းဖူးစိုက်တောင်သူ ဦးသန်းဇော်၏ ပြောကြားချက်အရ ပြောင်းပင်သည် ပူးအိုက်စွတ်စို သောရာသီဥတုတွင် မြေအမျိုးအစားမရွေးဖြစ်ထွန်းနိုင်ပါကြောင်း ပြောင်းစိုက်မည့်မြေအား  နွားချေးမြေဆွေးများထည့်၍ မြေပြုပြင်ရပါကြောင်း ထယ်တစ်စပ်နှင့် ထွန်နှစ်စက်ဖြင့် မြေပြုပြင်ပြီး တစ်ကျင်းလျှင် တစ်ပင်နှုန်းဖြင့် ပင်ကြား ၈လက်မနှင့် တန်းကြား ၂၄ လက်မထားပြီး ပေါင်းတင်စိုက်ပျိုးရပါကြောင်း တစ်ဧကလျှင် အပင် ၂၄၀၀၀ခန့် ဝင်အောင်စိုက်နိုင်ပြီး အပင်သက်တမ်းရက် ၂၀၊ ၄၀၊ ၆၀ များတွင် ရေစတင်သွင်းရပြီး ရေ (၆)ကြိမ်ခန့်သွင်းရကြောင်း အပင်အားဆေးအဖြစ် ကောမတ်နှင့် ကောမက်ဂျီ(၂၁) အား ရောစပ်၍ ၂ကြိမ်ကြွေးရကြောင်း မြောင်းကြားတန်းကြား ပေါင်းရှင်းခြင်းကို လုပ်သားအင်အားဖြင့် ဆောင်ရွက်ရပြီး တစ်ဧကကုန်ကျစရိတ် ၃၈ သိန်းကျပ်ရှိပြီး တစ်ဧကဝင်ငွေ ၉၆ သိန်းကျပ်ခန့် ရရှိနိုင်၍ အကျိုးအမြတ်အားဖြင့် ၅၈သိန်းခန့် ရရှိနိုင်ကြောင်း ပြောင်းဖူးစိုက်တောင်သူ တစ်ဦးထံမှ သတင်းရရှိပါသည်။

DOCA(ပဲခူး)

မိုးညိုမြို့တွင် ဆေးနှင့် ဆေးပစ္စည်းဈေးနှုန်းမြင့်တက်ရောင်းချခြင်းရှိ/ မရှိကွင်းဆင်းစစ်ဆေး

          ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်တွင် နေထိုင်ကြသော ပြည်သူများ၏ နေ့စဉ်စားဝတ်နေရေး၊ စီးပွားရေးလူမှုရေးများတွင် သက်သာချောင်ချိမှုရှိစေရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိရာ မိုးညိုမြို့နယ်အတွင်းရှိ မြို့နယ်များ၌အင်္ဂါနေ့တိုင်း  ဆေးနှင့်ဆေး ပစ္စည်းရောင်းချနေသည့် ဆေးဆိုင်များသို့ကွင်းဆင်း၍ ဆေးနှင့်ဆေးပစ္စည်းများ ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးနှုန်းနှင့် ဒေသအတွင်း ရောင်းဝယ်ဖောက်ကားခြင်းများရှိ/ မရှိနှင့် ဆေးများပြတ်လပ်ခြင်းရှိ/ မရှိ ဈေးကွက်အတွင်း၌ စပ်ဆေးများရောင်းချခြင်းရှိ/ မရှိတို့ကို စားသုံးသူ ရေးရာဦးစီးဌာန ဝန်ထမ်းများမှ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)   

ဦးကျော်ဌေး (ကုန်စုံဆိုင်) သို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးကျော်မိုးလွင် သည် ၂၆..၂၀၂6 ရက်နေ့ ၁၀:၀၀ နာရီအချိန်တွင် မိုးညှင်းမြို့၊ နားခါရပ်ကွက် ရှိ ဦးကျော်ဌေး (ကုန်စုံဆိုင်) သို့ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက် များနှင့် ကိုက်ညီခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

    ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ Shin Shin အမှတ်တံဆိပ်ပါ စူပါကြက်စပ်အရသာသည် အသင့်စားခေါက်ဆွဲခြောက်ထုပ်အမျိုးမျိုးတို့တွင် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့် အညီ မြန်မာဘာသာဖြင့် ပြည့်စုံစွာ ဖော်ပြရမည့် ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက် အသားတင်ပမာဏနှင့် သုံးစွဲပုံနည်းလမ်းတို့ကို ကုန်အညွှန်းအမှတ်အသား ဖော်ပြထားခြင်း ရှိ/မရှိ ဈေး ကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြထားရှိကြောင်း စစ်ဆေး တွေ့ရှိရပြီး ကုန်စုံဆိုင်ပိုင်ရှင်အား ကုန်စည်အမျိုးမျိုး ဖြန့်ဖြူးရောင်းချရာတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်စွာ ဖော်ပြထားသော ကုန်စည်များကိုသာ ဝယ်ယူဖြန့်ဖြူး ရောင်းချရန် အသိပညာပေး ဆွေး နွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။

DOCA(ကချင်)

ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

        စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး  ဦးဇေယျာအောင် (ခရိုင်ဦးစီးမှူး) သည် ၂၆.၁.၂၀၂၆ ရက်နေ့တွင် မြစ်ကြီးနားမြို့၊ အကူးရပ်ကွက်နှင့် မန်ခိန်ရပ်ကွက် အတွင်းရှိ လက်လီ/လက်ကား ဖြန့်ဖြူးရောင်းချသော Golden Land (သောက်ရေသန့်စက်ရုံ)နှင့် TwoBoy(ကုန်စုံဆိုင်)သို့သွားရောက်၍ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံ စိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များ ဈေးကွက်အတွင်းမှပပျောက်စေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ ကိုက်ညီမှု ရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

          ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် Golden Land အမှတ်တံဆိပ်ပါ သောက်ရေသန့် နှင့် Sesame အမှတ်တံဆိပ်ပါ နှမ်းဝိုင်းကြီးဘီစကစ်တွင် ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)အရ ကုန်စည် ပေါ်တွင် မြန်မာဘာသာဖြင့်ဖော်ပြရမည့်အချက်များ ပြည့်စုံစွာဖော်ပြပါရှိကြောင်း စစ်‌ဆေးတွေ့ရှိရပြီး ကုန်စုံဆိုင်ပိုင်ရှင်များအား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုမရှိသည့် ကုန်စည်များ ဈေးကွက်အတွင်း  ရောင်းချခြင်း မပြုလုပ်ကြရန် အသိပညာပေးဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါ သည်။

DOCA(ကချင်)

စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ ဦး‌ဘောမ်ဇုံး(ရုံးအုပ်) သည် ၂၆ . ၁ .၂၀၂၆ ရက်နေ့တွင် ဝိုင်းမော်မြို့နယ်၊ အမှတ်(၁)ရပ်ကွက်အတွင်းရှိ ကုန်မျိုးစုံရောင်းချသည့် လုပ်ငန်းရှင်(၂)ဦးနှင့် တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဥပဒေပြဋ္ဌာန်းချက်ပါ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရန် အချက် အလက်များနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ပါသည်။   

           ထိုသို့ဆွေးနွေးရာတွင် ဦး‌ဘောမ်ဇုံး(ရုံးအုပ်) က စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်နှင့်ဝန်ဆောင်မှု၏ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုအပေါ်တာဝန်ရှိမှု ၊ ကုန်စည် / ဝန်ဆောင်မှု နှင့် စပ်လျဉ်း၍ အာမခံချက် ပေး ခြင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှု လုပ်ငန်းများ၏ အာမခံချက်နှင့်စပ်လျဉ်း၍ စားသုံးသူက တောင်းဆိုနိုင်သည့် အခွင့်အရေးများ၊ စားသုံးဆီနှင့်ပတ်သက်၍တ်မှတ်ထုတ်ပြန် ထားသည့် ညွှန်ကြားချက်များအကြောင်း၊ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေနှင့်ပတ်သက်သည့် အမိန့် ညွှန်ကြားချက်များအကြောင်း ၊ အွန်လိုင်းစီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည့် အချက်များ အကြောင်း၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိစေရန်နှင့် သက်ဆိုင်ရာ FDA ထောက်ခံချက်များပါရှိရန် လိုအပ်ကြောင်း၊ တားမြစ်ချက်များနှင့် ပြစ်မှုပြစ်ဒဏ်များကို ရှင်းလင်းဆွေးနွေးခဲ့ ပါသည်။

DOCA(ကချင်)                                                                                                               

 

သာယာဝတီခရိုင်တွင် အွန်လိုင်းဈေးရောင်းဝယ်မှု မြေပြင်ကွင်းဆင်းစစ်ဆေး

        ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံးမှ စားသုံး/ ထုတ်လုံဌာနခွဲ တာဝန်ခံဦးချစ်ကိုကိုသည် လက်ပံတန်းမြို့နယ်တာဝန်ခံနှင့်အတူ ၂၀၂၆ခုနှစ် ဇန်နဝါရီလ ၂၁ရက်နေ့၊နေ့လည်(၁:၃၀)အချိန်တွင် လက်ပံတန်းမြို့၊မင်းရပ်ရပ်ကွက်၊ဆရာစံလမ်းရှိ ဦးကိုကိုဒွေး၏ KKD.Burma Digital Marketing အွန်လိုင်းကြော်ငြာဝန်ဆောင်မှု လုပ်ငန်းသို့ ကွင်းဆင်းသွားရောက်စစ်ဆေးခဲ့ပြီး အွန်လိုင်းဝန်ဆောင်မှုလုပ်ငန်းနှင့် ပတ်သတ်၍ လိုက်နာရမည့် တာဝန်နှင့်အခွင့်အရေးများ တရားမဝင်တင်သွင်းလာသော ကုန်ပစ္စည်းများအား ဝယ်ယူရောင်းချခြင်းမပြုရန်နှင့် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေပါပြစ်မှုပြစ်ဒဏ်များ ရှင်းလင်းဆွေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)   

ရွှေတောင်မြို့တွင် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်

          ရွှေတောင်မြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများသည် မြို့နယ်ဈေးကွက်စောင့်ကြည့် စစ်ဆေးရေးအဖွဲ့ဝင်များနှင့် ပူးပေါင်း၍ (၂၂.၁.၂၀၂၆) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ကြာနီကန်ရပ်ကွက်၊ သရက်တောရပ်ကွက်ရှိ အလှကုန်ပစ္စည်းရောင်းချသောဆိုင်များတွင် (၁၀) ဂရမ်အောက် အလှကုန်အမျိုးမျိုးပစ္စည်းများအား သွားရောက်စစ်ဆေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်မှုရှိပါကြောင်း စစ်ဆေးတွေ့ရှိမှုအား သိသာနိုင်ပါရန်နှင့် လိုအပ်သလို လမ်းညွှန်မှုရှိစေရေး စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း ရှင်းလင်းပြောကြားပြီး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)   

အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းများ မှတ်ပုံတင်လက်မှတ် စိစစ်ထုတ်ပေးရန် ကွင်းဆင်းစစ်ဆေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဦးစီးမှူးရုံးမှ ဦးတင်စိုးနိုင် (စစ်ဆေးရေးအရာရှိ)နှင့် အဖွဲ့သည် အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းများ အွန်လိုင်းမှတ်ပုံ တင်ရာတွင် ဖော်ပြထားသည့်အချက်များ ကိုက်ညီမှု ရှိ/မရှိ၊ လုပ်ငန်း လိပ်စာမှန်ကန်မှု ရှိ/မရှိတို့ကို (၂၃..၂၀၂၆) ရက်နေ့၊ နေ့လယ်(၁၄:၀၀) နာရီအချိန်တွင် အိမ်အမှတ်(၆၈၇)၊ပုန်းညက်(၁)လမ်း၊ ပုဗ္ဗသီရိမြို့နယ်ရှိ “P & S Amazon box & Japan Container” လူသုံးကုန် နှင့် အိမ်သုံးပစ္စည်းများ ရောင်းချခြင်းလုပ်ငန်းသို့ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

     ကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိက လုပ်ငန်းရှင်များကို လိုအပ်သည်များ      မေးမြန်းခြင်း၊ မြေပြင်ကွင်းဆင်းစစ်ဆေးရမည့်အချက်(၁၈)ချက်နှင့် ကိုက်ညီမှု ရှိ/မရှိ စစ်ဆေးခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့် တာဝန်ဝတ္တရားများနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း(၁၇)ရှိ ကုန်စည်(သို့မဟုတ်) ဝန်ဆောင်မှုအပေါ် တာဝန်ရှိမှုနှင့် ပတ်သက်၍ လည်းကောင်း တရားမဝင်ကုန်ပစ္စည်းများ ရောင်းချမှုမရှိစေရေး အသိပညာပေးဟောပြောခဲ့‌ကြောင်း သိရှိရပါသည်။     

 

 DOCA (ပြည်ထောင်စုနယ်မြေ)

ပြည်ခရိုင်၊ ပြည်မြို့ စင်္ကြန်တောင်တောရ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်

          စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများသည် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ (၂၀.၁.၂၀၂၆) ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် ပြည်ခရိုင်၊ ပြည်မြို့၊ ပြည်မြို့ စင်္ကြန်တောင်တောရ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၌ ဆရာ၊ ဆရာမ (၄) ဦး၊ ကျောင်းသား/ ကျောင်းသူ (၁၀၅)ဦး၊ စုစုပေါင်း (၁၀၉) ဦးတို့အား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။

          အဆိုပါ ဟောပြောပွဲတွင် ပြည်မြို့နယ်ဦးစီးမှူး ဦးထွန်းနိုင်လင်းက ဌာနဖွဲ့စည်းပုံနှင့် ယခု ဌာနမှတာဝန်ယူဆောင်ရွက်နေသည့် လုပ်ငန်းများအကြောင်း၊ စားသုံးသူမိဘပြည်သူများ၏ အခွင့်အရေးများကိုသိရှိပြီး နစ်နာဆုံးရှုံးမှုရှိခဲ့လျှင် တိုင်ကြားနိုင်စေရန် စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ “CICC” ရုံးများဖွင့်လှစ်ထားရှိနေပြီဖြစ်ကြောင်း၊ ထိုသို့ လည်းတိုင်ကြားနိုင်ကြောင်း၊ ဒါ့အပြင် facebook စာမျက်နှာတွင်လည်းကောင်း၊ DOCA. Doca.com. mm တွင်လည်းကောင်း၊ Consumer Call Center ဖွင့်လှစ်ထားသည့် (1535) Call Center တွင်လည်းကောင်း တိုင်ကြားနိုင်ကြောင်း အသေးစိတ်အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)   

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ