Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းများ မှတ်ပုံတင်လက်မှတ် စိစစ်ထုတ်ပေးရန် ကွင်းဆင်းစစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဦးစီးမှူးရုံးမှ ဦးနေဝေယံဦး (စစ်ဆေးရေးအရာရှိ)နှင့် အဖွဲ့သည် အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းများ အွန်လိုင်းမှတ်ပုံ တင်ရာတွင် ဖော်ပြထားသည့်အချက်များ ကိုက်ညီမှု ရှိ/မရှိ၊ လုပ်ငန်း လိပ်စာမှန်ကန်မှု ရှိ/မရှိတို့ကို (၂၂..၂၀၂၆) ရက်နေ့၊ နေ့လယ်(၁၃:၀၀) နာရီအချိန်တွင် အိမ်အမှတ်(၅၅၂)၊ဂန္ဓာမာ(၄)လမ်း၊ သပြေကုန်းရပ်ကွက်၊ ဇမ္ဗူသီရိမြို့နယ် ရှိ“Emperor Online Shop” အထည်အလိပ်၊ အဝတ်အထည် နှင့် ဆက်စပ်ပစ္စည်းများရောင်းချခြင်းလုပ်ငန်းသို့ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

    ကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိက လုပ်ငန်းရှင်များကို လိုအပ်သည်များ      မေးမြန်းခြင်း၊ မြေပြင်ကွင်းဆင်းစစ်ဆေးရမည့်အချက်(၁၈)ချက်နှင့် ကိုက်ညီမှု ရှိ/မရှိ စစ်ဆေးခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့် တာဝန်ဝတ္တရားများနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း(၁၇)ရှိ ကုန်စည်(သို့မဟုတ်) ဝန်ဆောင်မှုအပေါ် တာဝန်ရှိမှုနှင့် ပတ်သက်၍ လည်းကောင်း တရားမဝင်ကုန်ပစ္စည်းများ ရောင်းချမှုမရှိစေရေး အသိပညာပေးဟောပြောခဲ့‌ကြောင်း သိရှိရပါသည်။     

 DOCA (ပြည်ထောင်စုနယ်မြေ)

ပြည်မြို့တွင်ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းလုပ်ငန်းဆောင်ရွက်

          စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ပြည်တွင်း၊ ပြည်ပမှ ထုတ်လုပ်တင်သွင်းလာသည့် ကုန်စည်နှင့် ဝန်ဆောင်မှုများအပေါ် နိုင်ငံသားအားလုံး ဘေးအန္တရာယ်ကင်းရှင်းစွာ သုံးစွဲနိုင်ရေးအတွက် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေန် ဈေးကွက်စောင့်ကြည့်စစ်ဆေးရေးလုပ်ငန်းများကို အချိန်နှင့်တပြေးညီ ဆောင်ရွက်လျက်ရှိရာ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၂၀.၁.၂၀၂၆)ရက်နေ့၊ နေ့လည် (၁၃:၀၀)နာရီအချိန်တွင် မိတ်ဖက်ဌာနဆိုင်ရာများ ဖြစ်ကြသည့် ခရိုင် FDA၊ မြို့နယ်ရဲတပ်ဖွဲ့တို့မှ တာဝန်ရှိသူများပါဝင်သည့် မြို့နယ်အစား အသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီဝင်များနှင့် ပူးပေါင်း၍ ပြည်မြို့၊ ခေတ္တရာရပ်ကွက်၊ ၅/၇ လမ်းရှိ Online Media မှ ကြော်ငြာရောင်းချနေသော တရားမဝင် အလှကုန်လူသုံးကုန်ပစ္စည်းများကို ရောင်းချနေမှုအား ရှောင်တခင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းနှင့် Online ဖြင့် ရောင်းချမည်ဆိုပါက အွန်လိုင်းစနစ်ဖြင့် မှတ်ပုံတင်ထားပြီးမှသာ ရောင်းချရန်နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေဖြင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေး၊ သတိပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

အုတ်တွင်းမြို့၌စားအုန်းဆီများ အမှန်တကယ်ရောင်းချမှုရှိ/ မရှိကွင်းဆင်းစစ်ဆေး

        ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၌ စားအုန်းဆီဖြန့်ဖြူးရောင်းချရာတွင် သတ်မှတ်ရည်ညွှန်းဈေးအတိုင်းဖြန့်ဖြူးရောင်းချမှုရှိ/ မရှိ၊ စားအုန်းဆီဝယ်ယူခွင့်စာအုပ်များဖြင့် စနစ်တကျရောင်းချပေးခြင်းရှိ/ မရှိ၊ အလေးချိန်မှန်ကန်စေရေးနှင့် ရရှိလာသည့် ဆီပိဿာချိန်များအား ပြည်သူများထံ အမှန်တကယ်ရောင်းချပေးမှုရှိ/ မရှိ အခြေအနေများကို ယနေ့ ၂၂.၁.၂၀၂၆ ရက်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများအဖွဲ့ဖြင့် မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

          အုတ်တွင်းမြို့နယ်အနေဖြင့် နေ့စဉ်စားအုန်းဆီ ၁၉ ပေပါ၊ တစ်လလျှင် ၄၉၀ ပေပါဖြင့် လစဉ်စားအုန်းဆီပိဿာချိန်ပေါင်း (၅၃၉၀၀) ခွဲတမ်းရရှိပြီး အဆိုပါဆီများကို ပြည်သူများထံ သက်သာသောဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချနိုင်ရေးစစ်ဆေးခဲ့ပြီး ဈေးနှုန်းကြီးမြင့်မှုမရှိစေရေး၊ အလေးချိန်မှန်ကန်စေရေးနှင့် သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချစေရေးအတွက် တောင်ငူခရိုင် စားသုံးသူရေးရာဦးစီးဌာန၊ အုတ်တွင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အုတ်တွင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ တောင်ငူခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့မှ တာဝန်ရှိသူများက ထိုသို့မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)   

မြိတ်မြို့သို့ ဆန်လှေရောက်ရှိလာမှုအား ပူးပေါင်းအဖွဲ့များမှ ကွင်းဆင်းစစ်ဆေး

      တနင်္သာရီတိုင်း၊ မြိတ်ခရိုင်သည် ဆန်လိုအပ်သာဒေသဖြစ်သည့်အတွက် မြိတ်ခရိုင်ဆန်ကုန်သည်များသည် ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းတို့မှ ဆန်များမှာယူလျက်ရှိပြီး (၁၉.၁.၂၀၂၆) ရက်နေ့တွင် ဧရာဝတီတိုင်း‌ဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်မှ သယ်ဆောင်လာသော MV အောင်တက်တိုးရေယာဉ်ဖြင့် ဆန်တန် (၄၅၀)၊ အိတ်ရေ (၉၀၀၀)နှင့် MV မြမြမွန်ရေယာဉ်ဖြင့် ဆန်တန် (၄၇၅)၊ အိတ်ရေ (၉၅၀၀)တို့သည် မြိတ်မြို့သို့ (၂၂.၁.၂၀၂၆)ရက်နေ့တွင် ရောက်ရှိလာခဲ့သဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

     ကွင်းဆင်းစစ်ဆေးရာတွင် မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနအပါအဝင် မြိတ်ခရိုင် အကောက် ခွန်ဦးစီးဌာန၊ မြိတ်ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ မြိတ်ကုန်သွယ်ရေးဦးစီး ဌာန၊ မြိတ်ခရိုင်ရဲတပ်ဖွဲ့တို့ပါဝင်သောအဖွဲ့များဖြင့် ရေယာဉ်တွင်ပါဝင်သောကုန်စည်များအပါအဝင် ဆန်အိတ်များကို စစ်ဆေးခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ရန်ကုန်တိုင်း၊ ဆီကန်များမှ မြိတ်မြို့သို့ စားအုန်းဆီများ ရောက်ရှိလာမှုအား ကွင်းဆင်းစစ်ဆေး

      တနင်္သာရီတိုင်း၊ မြိတ်ခရိုင်အတွက် လိုအပ်သောစားသုံးဆီများကို မြိတ်ခရိုင်ဆီအရောင်း ကိုယ်စားလှယ်မှ ရန်ကုန်မြို့ဆီကုမ္ပဏီများမှခွဲတမ်းဖြင့်ဝယ်ယူလျက်ရှိပြီး (၁၄.၁.၂၀၂၆) ရက်နေ့တွင် ဝယ်ယူခဲ့သော စားအုန်းဆီ ပေပါ (၁၄)ပေပါကို ယာဉ်အမှတ် 9B-1094 ဖြင့်လည်းကောင်းသယ် ဆောင်လာပြီး၊ Global Good Pure Group ကုမ္ပဏီမှ (၁၅.၁.၂၀၂၆) ရက်နေ့တွင် ထုတ်ယူခဲ့သော စားအုန်းဆီ ပေပါ (၂၇)ပေပါနှင့် စားအုန်းဆီ ပေပါ (၄၅)ပေပါကို ယာဉ်အမှတ် 9B-1094 နှင့် ယာဉ်အမှတ် 3I-6278 ဖြင့် သယ်ဆောင်လာခဲ့ပြီး မြိတ်မြို့သို့ (၂၁.၁.၂၀၂၆) ရက်နေ့တွင် ရောက်ရှိလာ ခဲ့ကြောင်းသိရှိရသဖြင့် စားသုံးသူရေးရာဦးစီးဌာနမှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

    ကွင်းဆင်းစစ်ဆေးချက်အရ စားအုန်းဆီပေပါ (၈၆)သည် မြိတ်မြို့သို့ရောက်ရှိလာပြီး ၎င်းတို့ ကို မြိတ်ခရိုင်ဆီအရောင်းကိုယ်စားလှယ်မှ ၂% အမြတ်ဖြင့် မြိတ်မြို့ဆီအရောင်းဆိုင်များသို့ ရောင်း ချပေးမည်ဖြစ်ကြောင်း၊ ၎င်းတို့မှတစ်ဆင့်ပြည်သူများသို့ ဖြန့်ဝေရောင်းချပေးမည် ဖြစ်ကြောင်းသိရှိ ရပါသည်။

DOCA(တနင်္သာရီ)

စိုက်ပျိုးရေးသုံးယူရီးယားဓာတ်မြေသြဇာဆိုင်အား ကွင်းဆင်းစစ်ဆေးခြင်း

          ၂၂.၁.၂၀၂၆ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဘီးလင်းမြို့နယ်၊ မြို့နယ်တာဝန်ခံ ဒေါ်ဇင်ဖြူဝင်းသည် မြို့နယ်ယူရီးယားဓာတ်မြေသြဇာ ဝယ်ယူဖြန့်ဖြူး ရောင်းချရေး ကော်မတီအဖွဲ့တို့နှင့်ပူးပေါင်း၍ ဘီးလင်းမြို့နယ်၊ ကန်သာယာရပ်ကွက်ရှိ “စံမေတ္တာ” (၂) မျိုးစေ့ ဓာတ်မြေဩဇာနှင့် စိုက်ပျိုးရေး ဆေးပစ္စည်းအရောင်းဆိုင်သို့ သွားရောက်၍  ဓာတ်မြေသြဇာအမျိုးမျိုးတို့၏ အရည်အသွေးနှင့် စျေးနှုန်းတို့အား လေ့လာ စစ်ဆေးခဲ့ရာတွင် ရွှေတောင်ပုလဲ ၅၀ Kg တစ်အိတ်လျှင် ၁၀၀၀၀၀ ကျပ်၊ အာဗို ၁၅ ပတ်လည် (ရိုးရိုး) အသီး ၅၀ Kg တစ်အိတ်လျှင် ၁၁၅၀၀၀ ကျပ်၊ အာဗို (၉/၂၅/၂၅) အသီး ၅၀ Kg တစ်အိတ်လျှင် (၂၀၈၀၀၀) ကျပ်၊  V super (အသီး) ၅၀ Kg တစ်အိတ်လျှင် (၂၀၄၀၀၀) ကျပ် တို့ဖြင့် ရောင်းချနေပြီး ထိုစျေးနှုန်းများသည် ဒေသအတွင်း သင့်တင့်သော ဈေးနှုန်း ဖြစ်ကြောင်းနှင့် ဓာတ်မြေဩဇာအမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသားနှင့် သက်ဆိုင်ရာ ဌာနများ၏ ထောက်ခံချက်များ ပြည့်စုံစွာ ဖော်ပြထားကြောင်း တွေ့ရှိရပါသည်။ ယခု ရာသီ ကာလသည် စိုက်ပျိုးရေးတောင်သူများ ရာသီသီးနှံများ စိုက်ပျိုးသည့် ကာလဖြစ်သည့်အတွက် ဓာတ်မြေဩဇာများ အရောင်းသွက်နေကြောင်း  သတင်းရရှိပါသည်။

DOCA (မွန်)

အလှကုန်တားမြစ်ပစ္စည်းများ ရောင်းချမှုမရှိစေရေး ကွင်းဆင်းစစ်ဆေး

         မအူပင်ခရိုင်၊ မအူပင်မြို့နယ် လူသုံးကုန် ပစ္စည်းရောင်းချနေမှု စျေးကွက်အတွင်း ဖြန့်ဖြူးရောင်းချနေသည့် အလှကုန်ပစ္စည်းများ တားမြစ်ထားသည့်ကုန်ပစ္စည်းများ ရောင်းချမှုမရှိစေရေးအတွက် ၂၀၂၆ခုနှစ် ဇန်နဝါရီလ ၁၉ရက်နေ့နံနက်ပိုင်းက မအူပင်မြို့ပေါ် လင်းတာရာအလှကုန်နှင့် စတိုးဆိုင်၊ မြတ်မဟာ အလှကုန်ဆိုင်၊ အာဂျီးမား မီနီမက်ဆိုင်များ၌ တားမြစ်အလှကုန်ပစ္စည်းများ ရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါ သည်။

      ကွင်းဆင်းစစ်ဆေးရာတွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ စာသုံးသူရေးရာဦးစီးဌာနမှ တာဝန်ခံနှင့် တာဝန်ရှိသူများကပူးပေါင်း၍ စျေးအတွင်း ဖြန့်ဖြူးရောင်းချနေသည့် အလှကုန်ပစ္စည်းများ အရောင်းဆိုင်တွင် ကျန်းမာရေးအတွက် ဘေးအန္တရာယ်ကင်းရှင်းပြီး အရည်အသွေးကောင်းမွန်သည့် အကျိုးအာနိသင်ကောင်းရရှိနိုင်သော အလှကုန်ပစ္စည်းများကို ပြည်သူများရောင်းဝယ်သုံးစွဲနိုင်စေရေး၊ FDA တွင် မှတ်တမ်းတင်ထားသော အလှကုန်ပစ္စည်းများကိုသာ ရောင်းချနိုင်ရေးနှင့် တားမြစ်အလှကုန်ပစ္စည်းများ၊ သက်တမ်းလွန်ကုန်ပစ္စည်းများ ရောင်းချမှုမရှိစေရေး၊ စားသုံးသူရေးရာဦးစီးဌာန၏ ကုန်အညွှန်းအမှတ်အသားဖော်ပြချက် ညွှန်ကြားချက်အမှတ်(၂/၂၀၁၉) မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ချက် ကုန်စည်အုပ်စု(စ) ပါ ဖော်ပြရမည့် အသေးစိတ်စိစစ်ချက် ဖော်ပြပါဝင်မှု ရှိ/ မရှိတို့အား စစ်ဆေးခဲ့ပြီး မအူပင်ဈေးကွက်အတွင်း တားမြစ်ကုန်စည်များ ရောင်းချမှုမရှိပဲ သတ်မှတ်ချက်နှင့် ကိုက်ညီသော ကုန်စည်များကိုသာရောင်းချနေကြောင်း စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ပန်းတနော်မြို့နယ် ပြည်သူအသိပညာပေး ဟောပြောခြင်း

         စားသုံးသူရေးရာဦးစီးဌာန၊   ပန်းတနော်မြို့နယ်ဦးစီးမှူးသည် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၁၉)ရက်နေ့ နံနက် (၁၀:၃၀) နာရီအချိန်တွင် ပန်းတနော်မြို့နယ်၊ အလယ်ပိုင်းရပ်ကွက်၊ မြို့နယ်စားသုံးသူရေးရာဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌  စားသုံးသူပြည်သူ (၃၅ )ဦးအား စားသုံးသူကာကွယ်ရေးဆိုင်ရာ  အသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

         ဟောပြောပွဲတွင် မြို့နယ်ဦးစီးမှူး ဦးအောင်ကျော်သက်က အလယ်ပိုင်းရပ်ကွက်နေပြည်သူများကို အသိပညာပေးဟောပြောရာ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ ဆန်စပါးသိုလှောင်ရုံ မှတ်ပုံတင်ခြင်းဆိုင်ရာကိစ္စရပ်များ၊ Online မှတစ်ဆင့် ကုန်စည်ရောင်းဝယ်ခြင်းဆိုင်ရာကိစ္စရပ်များအကြောင်း၊ ကျေးရွာအုပ်ချုပ်ရေးမှူးများအနေဖြင့် မိမိတို့ ကျေးရွာအတွင်း ကုန်စုံဆိုင်များမှတစ်ဆင့် ပြည်သူများထံ စားသုံးဆီဖြန့်ဖြူးရောင်းချနေမှု့အပေါ် မသမာသောနည်းလမ်းဖြင့် ပါဝင်ပတ်သတ်ရောင်းချခြင်းမပြုရန်၊ စားသုံးဆီဝယ် ယူခွင့်စာအုပ်များဖြင့် စနစ်တကျဖြန့်ဖြူးရောင်းချနိုင်ရေး ရှင်းလင်းဆွေးနွေးခြင်း၊ စားသုံးသူများ သည် ကုန်စည်ကိုရွေးချယ်ဝယ်ယူတတ်စေရန် ကုန်အညွှန်းအမှတ်အသားနှင့် စပ်လျဉ်း၍ ဖော်ပြပါရှိသည့် အချက်အလက်များကို သေချာစွာစိစစ်ဝယ်ယူနိုင်ရန်၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မိမိတို့ရောင်းချနေသော ကုန်စည်နှင့် ဝန်ဆောင်မှုများတွင် အာမခံချက်ပေးနိုင်ခြင်းများအကြောင်း၊  စားသုံးသူကာကွယ်ရေးဥပဒေပါ ပြစ်မှုနှင့် ပြစ်ဒဏ်များအကြောင်း၊ စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (Consumer Information and Complaint Center) CICC ဖွင့်လှစ်ထားရှိမှု အခြေအနေကိုလည်ကောင်း၊ စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များအကြောင်း သိရှိလိုပါက www.doca.gov. mm Website တွင် ဝင်ရောက်လေ့လာနိုင်ကြောင်းနှင့် Consumer Call Center 1535 သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်းကိုလည်းကောင်း စသည်တို့ကို အသိပညာပေးဟောပြောခဲ့ပြီး၊ တက်ရောက်သူများမှလည်း သိလိုသည်များကိုမေးမြန်း၍ ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

‌လျှပ်စစ်သုံးမော်တော်ယာဉ်အရောင်းပြခန်းသို့ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

   မန္တလေးတိုင်းဒေသကြီး၊မော်တော်ယာဉ်အရောင်းစင်တာမြေပြင်စစ်ဆေးရေးအဖွဲ့ဝင်(၇)ဦးပါဝင်သည့်အဖွဲ့အနေဖြင့်  လျှပ်စစ်သုံးမော်တော်ယာဉ်အရောင်းပြခန်းနှင့် ၂ဘီး/ ၃ ဘီး မော်တော် ဆိုင်ကယ်အရောင်းပြခန်းဖွင့်လှစ်ခွင့်တင်ပြထားသည့်နေရာများသို့ သွားရောက်၍ ပြခန်းအတွက် အနိမ့်ဆုံး  သတ်မှတ်ထားသည့်သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိမရှိ  ကွင်းဆင်းစစ်ဆေးခြင်းနှင့် တင်ပြခြင်းလုပ်ငန်း များဆောင်ရွက်လျှက်ရှိပါသည်။  ၂၀.၁.၂၀၂၆ ရက်နေ့နံနက်(၁၀:၀၀)နာရီအချိန် တွင်  Aung Gabar Motor Services Co.,Ltd.(BAIC Brand)၏လျှပ်စစ်သုံးမော်တော်ယာဉ်အရောင်း ပြခန်းဖွင့်လှစ်ခွင့်တင်ပြထားသည့်မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ် ကွက်နေရာနှင့်ပြောင်းရွှေ့ဖွင့်လှစ်ခွင့်တင်ပြထားသည့် မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ (စျ)ရပ်ကွက်ရှိ သိုလှောင်ရုံနေရာများသို့  သွားရောက်၍  မြေပြင်စစ်ဆေးရေးအဖွဲ့ဝင်(၇)ဦးပါဝင် သည့် ဌာနစုံပူးပေါင်းအဖွဲ့များဖြင့် ပြခန်းအတွက် သတ်မှတ်ထားသည့်အနိမ့် ဆုံးသတ်မှတ်ချက်များနှင့်အညီ  ဆောင်ရွက်ထားမှုရှိမရှိ ကွင်းဆင်းစစ်ဆေးခြင်းနှင့် တင်ပြခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

 

ကျိုက်လတ်မြို့၊ မြို့မဈေးကြီးအတွင်းရှိ စားအုန်းဆီ အရောင်းဆိုင်များအား ရှောင်တခင်ဝင်ရောက်စစ်ဆေးခြင်း

          ကျိုက်လတ်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် (၁၉.၁.၂၀၂၆) နေ့၊ နေ့လယ် (၁၃:၀၀) နာရီ အချိန်တွင် စားအုန်းဆီ လက်လီ/လက်ကား ရောင်းချနေသော ဆိုင်များသို့ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအဖွဲ့၊ ကုန်ဈေးနှုန်းတည်ငြိမ်ရေးအဖွဲ့၊ စားအုန်းဆီတင်သွင်းဖြန့်ဖြူးရေး ကြီးကြပ်မှုကော်မတီ ဥက္ကဌဖြစ်သော မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီ ဥက္ကဌ ဦးမင်းအောင်ဦး ဦးဆောင်၍ စားသုံးသူရေးရာဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ ဈေးကော်မတီ ဆီကိုယ်စားလှယ်များ ပါဝင်သော ပူးပေါင်းအဖွဲ့တို့ဖြင့် ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့ပါသည်။

       ကျိုက်လတ်မြို့နယ်အတွင်း စားအုန်းဆီ လက်လီ/လက်ကား ရောင်းချနေသောဆိုင်များတွင် ရည်ညွှန်းဈေး ဆိုင်းဘုတ်တင်ရောင်းချခြင်းရှိ/ မရှိ၊ အလေးချိန်တွယ် ပြည့်မပြည့်၊ ဆီအရည်အသွေး ကောင်းမကောင်း၊ ပြင်ပ၌ သတင်းထွက်ပေါ်နေသော စားအုန်းဆီ တစ်ပိဿာဈေး (၁၀၀၀၀) နှင့် အထက် ရောင်းချနေမှုရှိ/ မရှိတို့ကို ဈေးဝယ်သူစာအုပ်နှင့် ထုတ်ယူသူတို့ကိုပါ မေးမြန်းစုံစမ်းခဲ့ကြပါသည်။ ဆီဆိုင်များတွင် သက်ဆိုင်ရာဌာနများ၏ ညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ထားကြောင်း၊ မှန်(၆) မှန်ဖြင့် တိုက်ဆိုင်စစ်ဆေးခဲ့ကြောင်း၊ ကောလဟာလသတင်းမှာ မမှန်ကန်ကြောင်း စစ်ဆေးတွေ့ရှိရပါသည်။

          ကျိုက်လတ်မြို့နယ်အနေဖြင့် လူဦးရေ(၁၉၆၂၂၂) ဦးရှိပြီး အိမ်ထောင်စုဦးရေအနေဖြင့် မြို့ပေါ်နေအိမ်ထောင်စုဦးရေ (၆၁၄၁)နှင့်  ကျေးရွာနေအိမ်ထောင်စုဦးရေ (၃၉၈၂၆) စုစုပေါင်း အိမ်ထောင်စု ဦးရေ (၄၅၉၆၁၇) ရှိပြီး ဆီထုတ်စာအုပ်များဖြင့် ထုတ်ပေးလျက်ရှိကြောင်း စားအုန်းဆီခွဲတမ်းရရှိမှုမှာ နေ့စဉ် ပေပါ (၂၀) ပိဿာ (၂၂၀၀၀) ပိဿာ၊ တစ်လလျှင် ပေပါ (၅၀၈) ပေပါ ဆီပိဿာ (၅၅၈၈၀) ပိဿာ ရရှိပြီး ရပ်ကွက်၊ ကျေးရွာများသို့ ဆီထုတ်စာအုပ်များဖြင့်လည်းကောင်း ဝန်ထမ်းများ ဘဏ်ပင်စင်စားများ၊ သာရေးနာရေး အသင်းအဖွဲ့များအား ရောင်းချပေးလျက်ရှိကြောင်း စိစစ်သိရှိရပါသည်။ယခုအပတ် စားအုန်းဆီရောင်းချဈေးနှုန်း (၆၆၇၂) ကျပ်ဖြင့်သာ ရောင်းချနေကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ