Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မတူကွဲပြား မိုးစပါးနှင့်နွေစပါး

      စပါးသီးနှံကို ရှေးယခင်က မိုးရာသီတွင်သာစိုက်ပျိုးကြပြီး ၁၉၉၂-၁၉၉၃ ခုနှစ်မှစ၍ နွေ ရာသီတွင် ကျယ်ကျယ်ပြန့်ပြန့်စိုက်ပျိုးလာရာ ယခုအခါ  မိုးစပါးစိုက်ဧရိယာ ၁၅ သန်းကျော်နှင့် နွေစပါးစိုက်ဧရိယာဧက ၂.၇ သန်းကျော်စိုက်ပျိုးကြောင်း၊မိုးစပါးသည် မိုးရေကိုအားထားစိုက်ပျိုး ရပြီး နွေစပါးသည် ဆည်ရေ(သို့)မြစ်ရေ၊ ကန်ရေ၊ မြေအောက်ရေ စသည့် သွင်းရေတစ်မျိုးမျိုးဖြင့် စိုက်ပျိုးရသည်ဖြစ်ရာ မေလမှ စက်တင်ဘာလကုန်အထိ စိုက်ပျိုးသောစပါးကို မိုးစပါး၊ အောက်တိုဘာလ မှ ဧပြီလကုန်အထိ စိုက်ပျိုးသောစပါးကို နွေစပါးဟု ခွဲခြားနိုင်ကြောင်း၊ နွေစပါးအထွက် နှုန်းပိုခြင်းမှာ မိုးရာသီထက်နွေရာသီတွင် မိုးတိမ်ကင်းစင်ပြီး စပါးပင်အတွက် နေရောင်ခြည် စွမ်းအင် ပိုမိုရရှိသဖြင့် အဆိုပါနေရောင်ခြည်စွမ်းအင်ဖြင့် အပင်အတွက် အစာချက်လုပ်ကာ ကြီးထွားဖွံ့ဖြိုးပွင့်သီးရ၍ဖြစ်ကြောင်း၊ ယေဘူယျအားဖြင့် နွေစပါးသည် မိုးစပါးထက် သက်တမ်းပိုမို ရှည်ရခြင်းမှာ နွေစပါးသည်နိမ့်သောအပူချိန်တွင်ပင်ပိုင်းကြီးထွားမှုကိုစတင်ဖြတ်သန်းရပြီး ရာသီ ဥတုအေးသဖြင့် အပင်ကြီးထွားမှုကို ဟန့်တားခံရခြင်းဖြစ်နိုင်သဖြင့် သက်တမ်းအလယ်အလတ် ရှိသော(သို့)သက်တမ်းကြီးသောစပါးမျိုးကို စိုက်ပျိုးခြင်းမပြုသင့်ခြင်းမှာ မူရင်း သက်တမ်းထက် ပိုမို အသက်ရှည်ခြင်းကြောင့် ရိတ်သိမ်းချိန်တွင် မိုးလှိုင်ချိန်နှင့် ကြုံတွေ့ကာ ထိခိုက်ပျက်စီး လေလွင့်ဆုံးရှုံးမည်ကိုစိုးရိမ်ရကြောင်း၊ ဒေသရေမြေအလိုက် စိုက်ပျိုးနိုင်သောစပါးမျိုး များစွာရှိ ကြောင်း၊ နွေရာသီတွင်စိုက်ပျိုးသင့်သည့်စပါးမျိုးများမှာ ဒေသစပါးမျိုးအုပ်စုနှင့် အထွက်ကောင်း စပါးမျိုးအုပ်စုတို့ဖြစ်ပြီး ဒေသစပါး(သို့) ရာသီစပါး(သို့) ပန်းပွင့်ရက်ပုံသေရှိသော စပါးမျိုးများက အုပ်စုတစ်ခုဖြစ်ရာ အဆိုပါအုပ်စုဝင်စပါးမျိုးများသည် အလင်းရောင်တုံ့ပြန်မှုရှိသောစပါးမျိုးများ ဖြစ်ကြပြီး မိုးရာသီတွင်သာ ဖြစ်ထွန်းကြောင်း(ဥပမာ- အင်းမရဲဘော်၊ နှံကား၊ လုံးသွယ်မွှေး)၊ အထွက်ကောင်းစပါး(သို့)ခေတ်သစ်စပါးမျိုးတို့သည် အခြားအုပ်စုဝင်တစ်ခုဖြစ်ပြီး အလင်းရောင် တုံ့ပြန်မှုမရှိပဲ သက်တမ်းအလိုက် သီးပွင့်ရင့်မှည့်ကြရာ မျိုးစေ့မြေချ စတင် ပျိုးထောင်စိုက်ပျိုး သည်မှ စပါးမျိုးအလိုက် အသက်စေ့လျှင်ရိတ်သိမ်းနိုင်ပြီး မိုးရာသီတွင်သာမက နွေရာသီတွင် လည်းစိုက်ပျိုးနိုင်ရာ နွေစပါးဟူ၍သီးသန့်မရှိကြောင်း၊ မိုးရာသီတွင်စိုက်သည့် အထွက်ကောင်း စပါးမျိုးအုပ်စုဝင်စပါးမျိုးကို နွေရာသီတွင်စိုက်ပျိုးလိုပါက နွေစပါးအဖြစ်အသုံးပြုနိုင်ကြောင်း၊နွေ ရာသီတွင်အများစုစိုက်ပျိုးသည့် အထွက်ကောင်းစပါးမျိုးများမှာ မြန်မာနိုင်ငံအောက်ပိုင်းတွင် သီးထပ်ရင်နှင့် အလယ်ပိုင်းတွင် ရွှေသွယ်ရင်စပါးမျိုးတို့ဖြစ်ပြီး သီးထပ်ရင်နှင့်ရွှေသွယ်ရင် စပါး နှစ်မျိုးစလုံးသည် သက်တမ်းတိုစပါးမျိုးများဖြစ်ကြောင်း၊ ယခုအခါ အခြားအထွက်ကောင်း သက်လျင်မျိုးများဖြစ်သော ရက်-၉၀ ရတနာတိုးတို့ကိုလည်းစိုက်ပျိုးလာသော်လည်း သက်လတ် အထွက်ကောင်းစပါးမျိုးများဖြစ်သော မနောသုခနှင့် ဆင်းသုခတို့ကိုလည်း မိုးရာသီသာမက နွေ ရာသီတွင်လည်းစိုက်ပျိုးနေဆဲဖြစ်ကြောင်း၊ယခုအခါ စပါးကို တိုက်ရိုက်မျိုးစေ့ချစိုက်ပျိုးသည့် စနစ်ကိုကျင့်သုံးသကဲ့သို့ ပျိုးထောင်ကောက်စိုက်သည့်စနစ်ကိုလည်း ဆောင်ရွက်နေကြရာ စိုက် ပျိုးမည့်ဒေသ၏ သွင်းရေရရှိနိုင်မှုအခြေနေ၊ လွယ်ကူမှု၊ ခက်ခဲမှု၊ မြေဆီလွှာ၏ ရေထိန်းထားနိုင်မှု၊ စိုက်ပျိုးသူ၏ ကုန်ကျစရိတ်ကျခံနိုင်မှု၊ စိုက်ပျိုးမည့် မြေဧရိယာပမာဏ အကျယ်အဝန်းအပေါ် မူ တည်၍ စဉ်းစားရန်ဖြစ်ကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးကဲ့သို့သော မြေဧရိယာ ပိုင်ဆိုင်မှု များ သောဒေသများ၌ တိုက်ရိုက်မျိုးစေ့ကြဲပက်စိုက်ပျိုးလေ့ရှိခြင်းမှာ မုတ်သုံမိုးစတင်ကျရောက်သည့် ဒေသဖြစ်၍ မိုးဉီးမကျမီရိတ်သိမ်းလိုခြင်းကြောင့်လည်းဖြစ်နိုင်ကြောင်း၊ မန္တလေးတိုင်းဒေသကြီး နှင့်မကွေးတိုင်းဒေသကြီးတို့၌  နွေစပါးကို နည်းလမ်းနှစ်မျိုးစလုံးကျင့်သုံးစိုက်ပျိုးကြပြီး နေပြည် တော်၊ ပျဉ်းမနားနှင့်လယ်ဝေးဒေသတို့ကဲ့သို့ မိုးစပါး၊ ပဲမျိုးစုံ၊ နွေစပါး သုံးသီးစားပုံစံကို ဆောင် ရွက်ကြသည့်လယ်သမားများက ပဲမျိုးစုံရိတ်သိမ်းအပြီး မြန်ဆန်စွာ နွေစပါးကို စိုက်ပျိုးလိုကြသ ဖြင့် တိုက်ရိုက်မျိုးစေ့ချစိုက်ကြပြီး အချို့ကမျိုးစေ့ချကိရိယာဖြင့်ဆွဲ၍မျိုးစေ့ချကြကြောင်း၊ ပိုးမွှား ရောဂါကျရောက်မှုသည် သဘာဝပတ်ဝန်းကျင်ရာသီဥတုနှင့် ဆက်စပ်လျှက်ရှိရာ မိုးရာသီတွင် ဘက်တီးရီးယားရွက်ခြောက်ရောဂါကျရောက်မှု ဆိုးရွားနိုင်ပြီး နွေစပါးတွင်ဘက်တီးရီးယား ရွက် စင်းရောဂါကျရောက်လေ့ရှိကြောင်း၊ မိုးစပါးတွင် ရွက်ပြားမျိုးနွယ်ဝင်အုပ်စုပေါင်းမြက်များ ပိုမို ပေါက်ရောက်ပြီး နွေစပါးတွင် မြက်မုန်ညင်းနွယ်ဝင်အုပ်စုနှင့် မြက်မျိုးနွယ်ဝင်အုပ်စု ပေါင်းမြက် များပိုမိုပေါက်ရောက်လေ့ရှိကြောင်း၊ မိုးစပါးနှင့်နွေစပါးတွင် သဘာဝမြေဩဇာနှင့်ဓါတ်မြေဩဇာ နှစ်မျိုးစလုံးသုံးစွဲရန်လိုအပ်ရာ သဘာဝမြေဩဇာသုံးစွဲခြင်းဖြင့် စေးသောမြေကိုဖွယ်စေ၍ဖွယ်သောမြေကို စေးစေကြောင်း၊ဓါတ်မြေဩဇာကိုသုံးခြင်းဖြင့် စပါးပင်ရှင်သန်ကြီးထွားရေး၊ပွင့်သီးရေးတို့အတွက် လုပ်ငန်း အဝဝကိုအစဉ်လည်ပတ်နေစေရန်လိုအပ်သည့် phosphorous၊ Nitrogen၊ Potassium ဓါတ်များ ရရှိစေကြောင်း၊နွေစပါးတွင် နိုက်ထရိုဂျင်ဓါမြေဩဇာထည့်ခြင်းကြောင့် ရရှိသည့်အကျိုးအမြတ် သည် မိုးစပါးထက်ပို၍ကောင်းစေသည်သာမက စပါးအထွက်နှုန်းလည်း သိသာစွာတိုးတက်နိုင် ကြောင်း သိရှိရပါသည်။

(ရင်းမြစ်- တောင်သူကြီးများဂျာနယ်)

မြန်မာ့အသံနှင့်ရုပ်မြင်သံကြား(MRTV) သတင်းဌာန မှ Consumer Call Center ဖွင့်လှစ်နိုင်ရေးနှင့်ပတ်သက်၍ မေးမြန်းလာမှုအား ရှင်းလင်းဖြေကြားခြင်း

     စားသုံးသူပြည်သူများအနေဖြင့် စားသုံးသူရေးရာဦးစီးဌာနနှင့်ပတ်သက်သော သတင်း အချက် အလက်များကို အလွယ်တကူ မေးမြန်းစုံစမ်းနိုင်ရန်၊ ကုန်စည်နှင့် ဝန်ဆောင်မှုများ ဝယ်ယူသုံးစွဲရာတွင် နစ်နာဆုံးရှုံးမှုကြုံရပါက ဌာနသို့ အလွယ်တကူ ဆက်သွယ် တိုင်ကြားနိုင်ရန်နှင့် လုပ်ငန်းရှင်များက ၎င်းတို့၏ ကုန်စည်နှင့် ဝန်ဆောင်မှုများ ထုတ်လုပ်၊ ဖြန့်ဖြူး၊ ရောင်းချရာတွင် လိုက်နာ ဆောင်ရွက်ရမည့် သတင်းအချက်အလက်များကို ဌာနသို့ အလွယ်တကူ ဆက်သွယ်စုံစမ်းနိုင်ရန် ရည်ရွယ်၍ Consumer Call Center အား ၂၀၂၁ ခုနှစ် မေလအတွင်း ဖွင့်လှစ်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိပါသည်။

     အဆိုပါ Consumer Call Center ဖွင့်လှစ်နိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ လုပ်ငန်းစဉ်များ၊ Call Center သို့ ဆက်သွယ်တိုင်ကြားလာသူများအနေဖြင့် သိရှိသင့်သည့် သတင်းအချက်အလက်များနှင့် ဆက်လက်ဆောင်ရွက်နေမှုအခြေအနေများအား မြန်မာ့အသံနှင့်ရုပ်မြင်သံကြား သတင်းထောက်မှ မေးမြန်းလာမှုအပေါ် စားသုံးသူရေးရာဦးစီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့်အရည်အသွေးစီမံခန့်ခွဲမှုဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးဆန်းမြင့်က ရှင်းလင်းဖြေကြားခဲ့ပါသည်-

စားသုံးဆီနှင့် ကျန်းမာရေး

          မြန်မာလူမျိုးတို့၏ နေ့စဉ်ချက်ပြုတ်စားသောက်မှုအလေ့အထတွင် စားသုံးဆီသည် အဓိကအခန်း ကဏ္ဍမှ မပါမဖြစ် ပါဝင်နေသည်ကို တွေ့ရှိရပေမည်။ ရှေ့မြန်မာများလက်ထက်ကပင် “ဆီရွဲဖွဲ‌ တောင် ဟင်းဖြစ်” ဟု တင်စားရလောက်အောင် စားသုံးဆီကို နှစ်ခြိုက်စွာစားသုံးခဲ့ကြသည်မှာ ယခုကာလအထိ ပင် ဖြစ်ပေရာ ခေတ်စနစ်များ ပြောင်းလဲလာပြီး လူဦးရေတိုးတက်လာသည်နှင့်အမျှ ဆီကိုရေလို မချိုးနိုင် တော့ဘဲ ပြည်ပနိုင်ငံများမှ ဝယ်ယူတင်သွင်းလာခဲ့ကြရပြီ ဖြစ်ပါသည်။

          စားသုံးဆီဆိုသည်မှာ လူတို့ချက်ပြုတ်ကြော်လှော်စားသုံးရာတွင် အဆိပ်အတောက်မဖြစ်ပေါ်စေ ဘဲ စားသုံးရန်သင့်လျော်သောဆီဖြစ်ပြီး အပင်ထွက်ဆီ (Vegetable Oil) နှင့် တိရစ္ဆာန်ထွက်ဆီ (Animal fat) ဟူ၍ နှစ်မျိုးခွဲခြားထားပါသည်။ အမှန်စင်စစ်အားဖြင့် စားသုံးဆီတို့သည် ဓာတု‌ဗေဒဖွဲ့စည်းပုံအရ အဆီအက်ဆစ် (Fatty Acid) အမျိုးမျိုးဖြင့် ဖွဲ့စည်းတည်ဆောက်ထားခြင်းဖြစ်ပြီး ပြည့်ဝအဆီအက်ဆစ် (Saturated Fatty Acid)၊ မိုနို မပြည့်ဝအဆီအက်ဆစ် (Mono Unsaturated Fatty Acid)၊ ပိုလီမပြည့်ဝအဆီအက်ဆစ် (Poly Unsaturated Fatty Acid) တို့ အချိုးအဆအမျိုးမျိုး ပေါင်းစပ်ပါဝင် နေသောကြောင့် စားသုံးဆီတို့၏ အရည်အသွေးများ ကွဲပြားနေရခြင်း ဖြစ်ပါသည်။ မြန်မာလူမျိုးများ အနေဖြင့် ဟင်းချက်ရာတွင် အသုံးများသောစားသုံးဆီများမှာ မြေပဲဆီ၊ နှမ်းဆီ၊ နေကြာဆီ၊ စားအုန်းဆီ နှင့် ပဲပုတ်ဆီတို့ဖြစ်ပြီး ဖွဲနုဆီနှင့် ကနိုလာဆီတို့ကိုမူ အနည်းငယ်သာ အသုံးပြုကြရာ ယေဘူယျအားဖြင့် အပင်ထွက်ဆီ (Vegetable Oil) များကိုသာ စားသုံးဆီအဖြစ် အသုံးပြုကြသည်ဟု ဆိုနိုင်ပေသည်။

          မြန်မာနိုင်ငံ၏ လူဦးရေတိုးတက်လာမှုနှင့်အတူ ခေတ်နှင့်အညီပြောင်းလဲလာသော စားသောက်မှု ပုံစံများကြောင့် ပြည်ပမှ မှာယူတင်သွင်းရသော စားသောက်ကုန်အမျိုးမျိုးအနက် စားသုံးဆီသည်လည်း တစ်ခုအပါအဝင် ဖြစ်ပါသည်။ စားသုံးဆီကို စတင်တင်သွင်းခွင့်ပြုသည့်အချိန်မှစ၍ နှစ်စဉ်လျော့နည်း သွားခြင်းမရှိဘဲ ယနေ့ကာလအထိ တန်ချိန်များ တိုးမြင့်တင်သွင်းနေသည်ကို တွေ့ရမည်ဖြစ်ပါသည်။ ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ တရားဝင် တင်သွင်းလာသော အရည်အသွေး စစ်ဆေးပြီးသည့် စားသုံးဆီများရှိသကဲ့သို့ စစ်ဆေးမှု တစ်စုံတစ်ရာမပါရှိဘဲ တရားမဝင် ဝင်ရောက်လာ သော စားသုံးဆီများလည်းရှိနေပေရာ အလွန်သတိပြုရမည့် အခြေအနေဖြစ်ပါသည်။ အဆိုပါတရားမဝင် ဝင်ရောက်လာသော စားသုံးဆီများတွင် ပုံပြောင်းအဆီအက်ဆစ်များ (Trans Fatty Acid) နှင့် ကျန်းမာရေးနှင့် ကိုက်ညီမှုမရှိသော အခြားဓာတ်သဘာဝ (ဥပမာ- အာဖလာတော့ဆင်မှိုဆိပ်) များ ပါရှိနေနိုင်ပါသည်။ ထိုကဲ့သို့သော စားသုံးဆီများကြောင့် သွေးအတွင်း ကိုလက်စထရောများ မြင့်တက် လာပြီး နှလုံးနှင့် အသည်းအဆီဖုံးခြင်း၊ အသည်းကင်ဆာဖြစ်ခြင်းစသည့် ကုသရန် ခက်ခဲသောဝေဒနာ များ ဖြစ်ပေါ်လာနိုင်ပါသည်။

          စားသုံးဆီ တစ်ဂရမ်( 1 gram) ကို စားပြီးတိုင်း အင်အားဓာတ်(စွမ်းအင်) ကိုး ကယ်လိုရီ ( 9 kal/gm) ရရှိစေပြီး ထိုရရှိလာသော စွမ်းအင်ကို နေ့စဉ်လှုပ်ရှားသွားလာမှုများတွင် အသုံးပြုကြရပါသည်။ ထို့‌ကြောင့် စားသုံးဆီသည် လူတို့အတွက် အင်အားဖြစ်စေသောအစာအုပ်စုဝင် ဖြစ်သော်လည်း လိုအပ် သည့် ပမာဏထက်ပို၍စားသုံးမိပါက အင်အားဓာတ် လွန်ကဲမှုကိုဖြစ်ပေါ်စေပြီး ကိုယ်အလေးချိန် တိုးလာ နိုင်သည်နှင့်အမျှ အဝလွန်လာကာ သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ ဆီးချိုရောဂါ၊ အဆစ်ရောင်ရောဂါ စသည့် နာတာရှည်ဝေဒနာများ ဖြစ်ပေါ်လာစေနိုင်ပါသည်။

          စားသုံးဆီကို အလွန်အကျွံစားသုံးသောကြောင့် ဖြစ်ပေါ်စေနိုင်သည့် ရောဂါဆိုးများမှ ရှောင်ရှား နိုင်ရန်အလို့ငှာ အသက်အုပ်စုအလိုက်တစ်နေ့တာအတွက် အနည်းဆုံးလိုအပ်သော စားသုံးဆီပမာဏကို ကျန်းမာရေးဦးစီးဌာန(အာဟာရဌာနခွဲ)မှ အောက်ပါဇယားအတိုင်း လမ်းညွှန်မှုပြုထားသည်ကို တွေ့ရှိ ရမည်ဖြစ်ပါသည်-

စဉ်

အသက်အုပ်စု

တစ်နေ့တာလိုအပ်သောစားသုံးဆီပမာဏ

(က)

၁နှစ်မှ ၃နှစ်

၁.၂၅ ကျပ်သား

(ခ)

၄နှစ်မှ ၆နှစ်

၁.၅၀ ကျပ်သား

(ဂ)

၇နှစ်မှ ၉နှစ်

၂.၀ ကျပ်သား

(ဃ)

၁၀နှစ်မှ ၁၂နှစ်

၂.၀ ကျပ်သား

(င)

၁၃နှစ်မှ ၁၉နှစ်

၃.၅၀ ကျပ်သား

(စ)

အမျိုးသား(လူကြီး)

၂.၀ ကျပ်သား

(ဆ)

အမျိုးသမီး(လူကြီး)

၁.၅၀ ကျပ်သား

(ဇ)

ကိုယ်ဝန်ဆောင်

၂.၀ ကျပ်သား

(ဈ)

နို့တိုက်မိခင်

၂.၀ ကျပ်သား

 

          အထက်ဖော်ပြပါ ကျန်းမားရေးဦးစီးဌာနက လမ်းညွှန်မှုပြုထားသောစားသုံးဆီပမာဏနှင့်အညီ မိသားစုတိုင်းက တိကျစွာလိုက်နာသုံးစွဲခြင်းဖြင့် ကုသရန်ခက်ခဲသော နာတာရှည်ရောဂါ ဝေဒနာဆိုးများ မှ ကင်းဝေးစေခြင်းကြောင့် ဆေးကုသမှုအတွက် အသုံးပြုရမည့်ကုန်ကျစရိတ် သက်သာခြင်းနှင့် မိသားစု ဝင်များ စိတ်ချမ်းသာမှုကိုရရှိနိုင်ခြင်း၊ မလိုအပ်ဘဲပိုလျှံစွာဝယ်ယူနေရသောစားသုံးဆီအတွက် ကုန်ကျ စရိတ်ကို စုဆောင်းလာနိုင်ခြင်းတို့အပြင် အခြားလူမှုစီးပွားဘဝများကိုလည်း မြင့်မားလာစေနိုင်မည် ဖြစ်ပါသည်။

          မြန်မာနိုင်ငံအတွင်းရှိ ပြည်သူတစ်ဦးတစ်ယောက်ချင်းမှ အစပြူ၍မိသားစုပေါင်းများစွာက စားသုံး ဆီကို လိုအပ်သလောက်သာ သုံးစွဲလိုက်ခြင်းအားဖြင့် ပြည်သူများကျန်းမာသန်စွမ်းပြီး နာတာရှည်ရောဂါ များကင်းဝေးကာ မိမိတို့၏လုပ်ငန်းဆောင်တာများကို စွမ်းအားပြည့်ဆောင်ရွက်လာနိုင်ခြင်းနှင့်အတူ စားသုံးဆီတင်သွင်းမှုအတွက် အသုံးပြုရသော နိုင်ငံခြားငွေ ချွေတာလာနိုင်ခြင်းကြောင့် အခြားပြည်တွင်း လိုအပ်ချက်များကို ပိုမိုဖြည့်ဆည်း တိုးချဲ့ဆောင်ရွက်လာနိုင်မည်လည်း ဖြစ်ပါသည်။

          စားသုံးသူပြည်သူများ၏ ကျန်းမာရေးသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လွန်စွာ အရေးပါသည်ဖြစ်ပေရာ လူတိုင်းကိုယ်စီ စားသုံးဆီနှင့် ကျန်းမာရေးဆက်နွယ်မှုကို ဂရုပြုကြခြင်းဖြင့် စားသုံးဆီကြောင့်ဖြစ်ပွားတတ်သော နာတာရှည်ရောဂါဝေဒနာများမှ ကင်းဝေးကြစေရန် အရည်အသွေး စစ်ဆေးပြီးသော စားသုံးဆီများကို ကျန်းမာရေးဦးစီးဌာနမှ လမ်းညွှန်ထားသော ပမာဏနှင့်အညီ လိုအပ်သလောက်သာဝယ်ယူသုံးစွဲကြပါရန် ရေးသားတင်ပြလိုက်ရပါသည်။

ကျမ်းကိုး။      ။မိသားစုအာဟာရနှင့် မြန်မာ့အစားအစာ (၁၉၉၀၊ ဇန်နဝါရီလ) ကျန်းမာရေးဦးစီးဌာန၊ အာဟာရဌာနခွဲ။

(အိအိချော)

CTQM

ပြည်သူများကျန်းမာဖို့ စားအုန်းဆီ လျော့ချသုံးစွဲစို့

မြန်မာနိုင်ငံ၏ ဆီထွက်သီးနှံ စိုက်ပျိုးထုတ်လုပ်နိုင်မှုမှာ တန်ချိန် (5) သိန်းခန့်သာ ရှိပြီး ပြည်တွင်းစားသုံးဆီသုံးစွဲမှုသည် တစ်နှစ်လျှင် တန်ချိန် (12) သိန်းခန့် ရှိသဖြင့် ပြည်တွင်းသုံးစွဲမှုအား လုံလောက်အောင် ဖြည့်ဆည်းပေးနိုင်ခြင်းမရှိသေးသည့်အတွက် လိုအပ်ချက်အရ ပြည်ပမှ နှစ်စဉ် ပဲပုတ်ဆီ၊ နေကြာဆီ၊ စားအုန်းဆီ အစရှိသည့် ဆီများအား တင်သွင်းလျက်ရှိရာ စားအုန်းဆီသည် ပမာဏအများဆုံးဖြစ်ပြီး တန်ချိန်(7)သိန်းခန့်ရှိပါသည်။
ပြည်တွင်း၌ ထွက်ရှိသော မြေပဲဆီ၊ နှမ်းဆီ၊ နေကြာဆီ၊ ပဲပုတ်ဆီအစရှိသည့် သီးနှံများမှ ရရှိသော စားသုံးဆီများသည် ကျန်းမာရေးအရ ပိုမိုကောင်းမွန်သော်လည်း စျေးနှုန်းကြီးမြင့်မှုကြောင့် အခြေခံလူတန်းစား ပြည်သူများအနေဖြင့် စျေးနှုန်းသက်သာသည့် စားအုန်းဆီကို အဓိကအမှီပြု စားသုံးနေရပါသည်။ နိုင်ငံတစ်နိုင်ငံ၏အခြေခံလူတန်းစားများ သုံးစွဲနေသောစားအုန်းဆီကို တင်သွင်းရာတွင်လည်း ကျန်းမာရေးနှင့်ညီညွတ်ပြီး အရည်အသွေးပြည့်မီသည့် စားအုန်းဆီများအား သတ်မှတ်ထားသော စံချိန်စံညွှန်းများနှင့်အညီ တင်သွင်းခွင့်ပြုပေးလျက်ရှိပါသည်။
ပြည်ပမှ တင်သွင်းခွင့်ပြုရာတွင် Could Point 8 ၊ Iodine Value 58% အဆင့်ရှိသော စားအုန်းဆီများကိုသာ တင်သွင်းခွင့်ပြုပေးလျက်ရှိပါသည်။ စားသုံးသူပြည်သူများ ဘေးန္တရာယ် ကင်းရှင်းစေရေး၊ အရည်အသွေး ပြည့်ဝမှန်ကန်စေရေးတို့အတွက် စားအုန်းဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အမိန့်ကြော်ငြာစာအမှတ် (32/ 2020) ဖြင့် ဖွဲ့စည်း၍ အရည်အသွေးပိုင်းနှင့်ပတ်သက်၍ ပြည့်မီမှု ရှိ/မရှိ ကို စိစစ်ကြပ်မတ်ဆောင်ရွက်လျက်ရှိပါသည်။
စားအုန်းဆီတင်သွင်းမှုအနေဖြင့် 2011-2012 ဘဏ္ဍာနှစ်တွင် တန်ချိန်(3)သိန်းခန့်သာ တင်သွင်း နေရာမှ နှစ်စဉ်တင်သွင်းမှုတိုးတက်လာပြီး 2014-2015 ဘဏ္ဍာနှစ်တွင် တန်ချိန်(6.5)သိန်းခန့်၊ 2018-2019 ဘဏ္ဍာနှစ်တွင် တန်ချိန်(7.4)သိန်း၊ 2019-202၀ ဘဏ္ဍာနှစ်တွင် တန်ချိန် (7.7) သိန်းနှင့် 2020-2021 ဘဏ္ဍာနှစ် အောက်တိုဘာလမှ ဖေဖော်ဝါရီလ အထိ (၅) လတာ ကာလအတွင်း တန်ချိန် (3.1) သိန်းကျော် တင်သွင်းခဲ့ကြောင်း စိစစ်တွေ့ရှိရပါသည်။
တစ်နှစ်ထက်တစ်နှစ် စားအုံးဆီတင်သွင်းမှုများပြားလာသဖြင့် သွင်းကုန်အစားထိုးနိုင်ရန်နှင့် ဆီထွက်သီးနှံ စိုက်ပျိုးထုတ်လုပ်မှုမြင့်မားလာစေရေးအတွက် 2015 ခုနှစ်၊ ဧပြီလတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားခဲ့သော မြန်မာနိုင်ငံအမျိုးသားပို့ကုန်မဟာဗျူဟာ 2015-2019 (National Export Strategy) ၏ ဦးစားပေးကဏ္ဍများအနက် ထုတ်ကုန်တိုးမြှင့်ရေးကဏ္ဍမှာ တစ်ခုအပါအဝင်ဖြစ်ပြီး ၎င်းထုတ်ကုန်များအနက် ပဲမျိုးစုံနှင့် ဆီထွက်သီးနှံမှာ တစ်ခုအပါအဝင်ဖြစ်ပါသည်။
ဆီထွက်သီးနှံများ ပိုမိုစိုက်ပျိုးထုတ်လုပ်ခြင်းနှင့် ဆီစက်များ အဆင့်မြင့်တည်ဆောက်လာနိုင်သည်နှင့်အမျှ စံချိန်မီဘေးကင်းသည့်ဆီများ စားသုံးနိုင်ခြင်း၊ ကျန်းမာသန်စွမ်း ဉာဏ်ရည်မြင့်မားသည့် လူ့စွမ်းအားအရင်းအမြစ်များရရှိနိုင်ခြင်း၊ အရည်အသွေးမီ မွေးမြူရေးအစာ ရရှိနိုင်ခြင်းနှင့် ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်လာနိုင်မည်ဖြစ်သကဲ့သို့ နိုင်ငံခြားငွေသုံးစွဲမှု ခြိုးခြံချွေတာရာလည်း ‌ရောက်မည်ဖြစ်ပါသည်။
ကမ္ဘာနှင့်အဝှမ်း COVID-19 သက်ရောက်နေသည့်ကာလအတွင်း စားအုန်းဆီ အဓိကထုတ် လုပ်သည့် မလေးရှားနိုင်ငံတွင် Malaysian Plan Oil Board (MPOB) စာရင်းများအရ 2019 ခုနှစ် စားအုန်းဆီလက်ကျန်သည် မက်ထရစ်တန် (2) သန်းခန့် ရှိခဲ့ပြီး 2021 ခုနှစ်၊ ဇန်နဝါရီလတွင် မက်ထရစ်တန် (1.2) သန်းခန့်သာ ကျန်ရှိနေသည်ဟု ကြားသိရပြီး လက်ကျန်အရေအတွက် လျော့နည်းနေသည့်အပြင် စားအုန်းဆီအဓိက တင်ပို့သည့်နိုင်ငံများ၏ COVID-19 ကပ်ရောဂါနှင့် ရာသီဥတုအခြေအနေ အကျိုးသက်ရောက်မှုများ ဖြစ်ပေါ်သဖြင့် ထုတ်လုပ်မှုလုပ်ငန်းများ ထိခိုက်ခြင်း၊ ဝယ်လိုအား မြင့်မားလာခြင်း၊ ၎င်းတို့နိုင်ငံအတွင်း စားအုန်းဆီစျေးကွက်တည်ငြိမ်စေရေးတို့ကို ရှေ့ရှု၍ စားအုန်းဆီ ပြည်ပတင်ပို့မှုကို အခွန် (8) ရာခိုင်နှုန်းအထိ တိုးမြှင့် ကောက်ခံခဲ့ကြောင်း လေ့လာသိရှိရပါသည်။
ယင်း၏ အကျိုးဆက်အနေဖြင့် စားအုန်းဆီ CIF စျေးနှုန်းများသည် 2020 ခုနှစ်၊ မတ်လတွင် အနည်းဆုံး USD 600 မှ အများဆုံး USD 675 ဖြစ်ပေါ်ခဲ့ရာမှ 2020 ခုနှစ်၊ ဒီဇင်ဘာလတွင် အနည်းဆုံး USD 885 မှ အများဆုံး USD 1010 ဖြစ်ပေါ်ခဲ့ပြီး၊ ယခုလက်ရှိ 2021 ခုနှစ်၊ ဖေဖော်ဝါရီလတွင် အနည်းဆုံး USD 980 မှ အများဆုံး USD 1090 ထိ ပြည်ပဝယ်ရင်းစျေးမြင့်တက်ခဲ့ပြီး ပြည်တွင်း နိုင်ငံခြားငွေလဲလှယ်နှုန်းထားအပေါ် တည်မှီ၍ စားအုန်းဆီအရင်းစျေးမှာလည်း တစ်ပိဿာလျှင် 2020 ခုနှစ်၊ မတ်လတွင် 1509 ကျပ်မှ 1683 ကျပ် ဖြစ်ပေါ်ခဲ့ရာမှ 2020 ခုနှစ်၊ ဒီဇင်ဘာလတွင် အနည်းဆုံး 2097 ကျပ်မှ အများဆုံး 2401 ကျပ် ဖြစ်ပေါ်ခဲ့ပြီး၊ ယခုလက်ရှိ 2021 ခုနှစ်၊ ဖေဖော်ဝါရီလတွင် 2395 ကျပ်မှ 2785 ကျပ်ထိ မြင့်တက်ခဲ့ကြောင်း တွေ့ရှိရပါသည်။
မြန်မာနိုင်ငံ၌ လူတစ်ဉီးလျှင် တစ်နှစ်ဆီစားသုံးမှုအား ၇.၃၅ ပိဿာ (၁၂ ကီလိုဂရမ်)၊ ၆ ပိဿာ (၉.၇၉၇ ကီလိုဂရမ်)၊ ၈.၂၁ ပိဿာ (၁၃.၄၀ ကီလိုဂရမ်) စသဖြင့် ဖော်ပြနေကြသော်လည်း Science Alert မှ ၂၀၀၀ ပြည့်နှစ်တွင် ဆီစားသုံးမှုများသည့် နိုင်ငံပေါင်း (၁၉) နိုင်ငံအပေါ်အခြေခံ၍ တွက်ချက် ခဲ့သည့် စာရင်းဇယားများအရ လူတစ်ဉီး ဆီစားသုံးမှုသည် ၆.၃၇ ပိဿာ (၁၀.၄၀ ကီလိုဂရမ်) ရှိကြောင်း သိရှိရပါသည်။
ပြည်ပမှ စားအုန်းဆီများကို တစ်နှစ်ထက်တစ်နှစ် ပမာဏ ပိုမိုတင်သွင်းနေရခြင်းကြောင့် မြန်မာနိုင်ငံအတွက် လက်ငင်းမြင်သာသော အကျိုးဆက်အနေဖြင့် စားသုံးသူ ကာကွယ်ရေးဆိုင်ရာကိစ္စရပ်များ အရည်အသွေး နိမ့်ကျခဲ့ပြီး အမျိုးသားကျန်းမာရေး ထိခိုက်ကာ ကျန်းမာသန်စွမ်းသော လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးရန် အားနည်းနေခဲ့ရပါသည်။ ရေရှည်သွယ်ဝိုက်သော အကျိုးဆက်အနေဖြင့် ဆီထွက်သီးနှံနှင့် စားသုံးဆီ ကွင်းဆက်တစ်ခုလုံး ပြတ် တောက်သွားပြီး နိုင်ငံ၏ အဓိကကဏ္ဍတစ်ခုဖြစ်သော တိရစ္ဆာန်အစာထုတ်လုပ်မှု မရှိသလောက် နည်းပါးသွားသည့်အတွက် ပြည်ပမှ ပဲဖတ်၊ နှမ်းဖတ်များ တင်သွင်းရသောကြောင့် အသား၊ ငါး၊ ပုစွန်များ စျေးနှုန်းမြင့်တက်လာနေခဲ့ရာ ယနေ့ မြန်မာနိုင်ငံသည် အရှေ့တောင်အာရှတွင် အသား၊ ငါး၊ ပုစွန် စျေးနှုန်း အမြင့်ဆုံး နိုင်ငံတစ်နိုင်ငံ ဖြစ်နေသည်ကို လေ့လာတွေ့ရှိရပါသည်။
ယခုကဲ့သို့ စားအုန်းဆီစျေးနှုန်းများ မြင့်တက်လာသည့်အချိန်တွင် စားအုန်းဆီအစား ပြည်တွင်း၌ ထုတ်လုပ်သည့် ပဲပုတ်ဆီအား စားသုံးရေးအတွက်လည်းကောင်း၊ ကျန်းမာသန်စွမ်းသော လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးရန်အတွက်လည်းကောင်း၊ မိမိတို့မိသားစုများ၏ ဝင်ငွေအားခြိုးခြံချွေတာခြင်းအတွက်လည်းကောင်း ပြည်ပမှ အမြောက်အများတင်သွင်းနေသည့် စားအုန်းဆီအား လျော့ချသုံးစွဲသင့်ပါကြောင်း တင်ပြလိုက်ရပါသည်။
DomesticTrade

ပြည်ပနိုင်ငံများ၏ ကုန်သွယ်ရေးနှင့်စီးပွားရေးဆိုင်ရာသတင်းများ

စပိန်နိုင်ငံ

အရည်အသွေး၊ တီထွင်ဆန်းသစ်မှု၊ ဈေးကွက်နှင့် စားသုံးသူလိုအပ်ချက်တို့ကိုက်ညီမှု စသည့်အချက်များပေါင်းစပ်လိုက်ခြင်းကြောင့် စပိန်နိုင်ငံသည် အီးယူ၏အသီးအရွက်ဥယျာဉ် (Vegetable garden) အဖြစ် ဆက်လက်ယှဉ်ပြိုင်နိုင်စွမ်းရှိနေသည်ဟု စပိန်နိုင်ငံ စိုက်ပျိုးရေးဝန်ကြီးက ပြောကြားခဲ့ကြောင်း၊ စပိန်နိုင်ငံသည် တစ်နှစ်လျှင် ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံတန်ချိန် သန်း(၃၀)ကျော် ထုတ်လုပ်၍ နှစ်စဉ်ဝင်ငွေ ယူရို(၁၈)ဘီလီယံခန့်ရရှိနေရာ အီးယူတွင် ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ ထုတ်လုပ်မှုကို ဉီးဆောင်နေသည့်နိုင်ငံဖြစ်ကြောင်း၊ စပိန်နိုင်ငံ၏စိုက်ပျိုးရေးစနစ် အောင်မြင်မှုသည် အရည်အသွေး၊ တီထွင်ဆန်းသစ်မှု၊ဈေးကွက်နှင့် စားသုံးသူတို့၏ မျှော်မှန်းချက်နှင့်လိုအပ်ချက်များကိုတုံ့ပြန်နိုင်စေမည့် ရောင်းချနိုင်စွမ်းတို့အပေါ်တွင် မှီတည်နေ၍ဖြစ်ကြောင်း၊ အီးယူ၏စာရင်းအင်းအဖွဲ့အစည်းစာရင်းများအရ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများသည် အီးယူ၏လယ်ယာထွက်စားသောက်ကုန်ကဏ္ဍတွင် တန်ဖိုးအားဖြင့် အမြင့်ဆုံးစီးပွားရေးလုပ်ငန်းများအဖြစ်ကိုယ်စားပြုထားကြောင်း၊ စပိန်နိုင်ငံအနေဖြင့် အချဉ်သီးမျိုးဝင် သစ်သီးများ၊ အနီရောင် အသီးများ၊ ဖရဲ/သခွားသီးများ၊ ခရမ်းချဉ်သီးနှင့် ဟင်းသီးဟင်းရွက်များကို အဓိကစိုက်ပျိုးထုတ်လုပ်ပြီး အီးယူနှင့်တတိယနိုင်ငံများသို့ တင်ပို့ခြင်းဖြစ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ်တွင် စပိန်နိုင်ငံ၏ လယ်ယာစိုက်ပျိုးရေးကဏ္ဍမှ ဝင်ငွေသိသာစွာ မြင့်တက်လာခြင်းနှင့်အတူ လယ်ယာကဏ္ဍ၏ တန်ဖိုးသည်(၁၂%) မြင့်တက်လာခဲ့ရာ နိုင်ငံ၏စီးပွားရေးအပေါ် သက်ရောက်မှုကြီးမားခဲ့ကြောင်း၊ စပိန်နိုင်ငံသည် စိုက်ပျိုးရေးကဏ္ဍတွင် သစ်သီးဝလံနှင့်ဟင်းသီးဟင်းရွက်များကို သင့်တင့်သည့် ဈေးနှုန်းဖြင့် စားသုံးသူများထံရောင်းချနိုင်ရေးနှင့် ကျေးလက်ဒေသ စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုကို အားပေးမြှင့်တင်ရေးဆိုသည့် မဟာဗျူဟာ(၂)ရပ်ကို ပြည့်မီအောင်ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ စိုက်ပျိုးရေးကဏ္ဍသည် လုပ်သားအခြေပြု ထုတ်လုပ်မှုလုပ်ငန်းဖြစ်သဖြင့် ကျေးလက်ဒေသတွင် တစ်နှစ်လျှင် ပျမ်းမျှအလုပ်အကိုင်(၂၈၀၀၀၀)ခန့်ကို ဖန်တီးပေးနိုင်ရာ စပိန်နိုင်ငံစိုက်ပျိုးရေးကဏ္ဍ တစ်ရပ်လုံးရှိ အလုပ်အကိုင်အားလုံး၏(၅၀%)ကျော်ရှိကြောင်း၊ စပိန်နိုင်ငံရှိ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်သူများက ၎င်းတို့၏ ယှဉ်ပြိုင်နိုင်စွမ်းမြင့်မားရေး၊ ဈေးကွက် အကျပ်အတည်းကိုကျော်လွှားနိုင်စေရေးနှင့် ဟင်းသီးဟင်းရွက် ၊သစ်သီးဝလံကဏ္ဍ ဖွဲ့စည်းတည်ဆောက်မှုမြှင့်တင်ရေးတို့အတွက် အီးယူ၏ မူဝါဒပိုင်းပံ့ပိုးမှုများကို တောင်းဆိုလျှက်ရှိကြောင်း၊ အီးယူ၏ စိုက်ပျိုးရေးဆိုင်ရာဘုံမူဝါဒ ပြုပြင်ပြောင်းလဲရေးနှင့် ယင်းမူဝါဒ အကောင်အထည်ဖော်မှု လွယ်ကူချောမွေ့စေရေး စပိန်နိုင်ငံ၏ အမျိုးသားအဆင့်မဟာဗျူဟာအစီအစဉ်များအပြင် ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံကဏ္ဍသည် ဗြိတိန်ခွဲထွက်မှုကိစ္စရပ်(Brexit)၊ အီးယူ-Mercosur ကုန် သွယ်မှုသဘောတူညီချက် စသည်တို့ကြောင့် ပေါ်ပေါက်လာသည့်အခက်အခဲများကိုလည်း ရင်ဆိုင်နေရကြောင်း၊ လက်ရှိကာလတွင် စပိန်နိုင်ငံရှိ သစ်သီးဝလံနှင့်ဟင်းသီးဟင်းရွက် စိုက်ပျိုး ထုတ်လုပ်သူများအနေဖြင့် ၎င်းလုပ်ငန်းကဏ္ဍဆက်လက်ယှဉ်ပြိုင်နိုင်စွမ်းရှိစေရေး၊ ဈေးကွက် ဝေစုဆက်လက်ရရှိရေး၊ ဒစ်ဂျစ်တယ်နှင့်တီထွင်ဆန်းသစ်မှုမြှင့်တင်ရေးတို့အပေါ် အာရုံစူးစိုက် လျှက်ရှိနေကြကြောင်း၊ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံကဏ္ဍသည် စပိန်နိုင်ငံစီးပွားရေးအတွက် မရှိမဖြစ် အရေးပါရုံသာမက မြေထဲပင်လယ်ဒေသအစားအသောက်များ၏ အဓိကအစိတ်အပိုင်း တစ်ရပ်ဖြစ်သည်ကိုစားသုံးသူများပိုမိုသိရှိလာစေရေးအတွက်တိုက်တွန်းထားကြောင်းသိရှိရပါသည်။
(ရင်းမြစ်- ဥရောပသမဂ္ဂနှင့်အဖွဲ့ဝင်နိုင်ငံများ၏စီးပွားရေးသတင်းများဆိုင်ရာစီးပွားရေးသံမှူးပေးပို့သည့် သတင်း)
ဂျပန်နိုင်ငံ
ကိုရိုနာကပ်ရောဂါဆက်လက်ပြန့်ပွားနေသည့်အခြေအနေကြောင့် နိုင်ငံ၏ လူမှုစီးပွားရေး အပိုင်း ထိခိုက်မှုများရှိနေဆဲဖြစ်သော်လည်း ယခင်ကာလများ၏ အခြေအနေထက် ပိုမိုတိုးတက် လာခဲ့ကြောင်း၊ ပုဂ္ဂလိကစားသုံးမှုအပိုင်းမှာ ဆက်လက်အားနည်းနေဆဲဖြစ်ပြီး စီးပွားရေးလုပ်ငန်းပိုင်း ရင်းနှီးမြှုပ်နှံဆောင်ရွက်မှုမှာ လက်ရှိကာလအတွင်း အတန်ပင်တိုးတက်လာသည်သာမက ပို့ကုန် ကဏ္ဍနှင့် အချို့သောကုန်ထုတ်လုပ်မှုကဏ္ဍအပိုင်းတွင် ပြန်လည်မြင့်တက်လာခဲ့ကြောင်း၊ စီးပွားရေးလုပ်ငန်းမှ အမြတ်ငွေရရှိမှုသည် ကိုရိုနာကပ်ရောဂါကြောင့် ကျဆင်းနေဆဲဖြစ်ပြီး ဘဏ်များနှင့်အခြားသော ဝန်ဆောင်မှုဆိုင်ရာလုပ်ငန်းများ၌ သိသာစွာ ဆက်လက်ကျဆင်းနေကြောင်း၊ စီးပွားရေး လုပ်ငန်းများ၏ စွမ်းဆောင်ရည်အပေါ် အကဲဖြတ်မှုမှာ(အထူးသဖြင့်) ကုန်ထုတ်လုပ်မှုလုပ်ငန်းများ မဟုတ်သည့်ဘဏ်များနှင့် အခြားသောဝန်ဆောင်မှုဆိုင်ရာ စီးပွားရေးလုပ်ငန်းများတွင် စောင့်ကြည့်အကဲဖြတ်နေကြောင်း၊ ပြည်တွင်းအလုပ်အကိုင်အခြေအနေမှာ ကူးစက်ရောဂါ၏ သက်ရောက်မှုကြောင့် ဆက်လက်ကျဆင်းနေဆဲဖြစ်ပြီး စားသုံးကုန်ဈေးနှုန်းမှာလည်း ရပ်တန့်နေဆဲ ဖြစ်ကြောင်း၊ ဂျပန်နိုင်ငံ၏အဓိကမိတ်ဖက် ပို့ကုန်တင်ပို့သည့်နိုင်ငံများနှင့် ကုန်သွယ်မှု ပြန်လည် ဆောင်ရွက်ခဲ့သည့်အတွက် မော်တော်ယာဉ်နှင့် ဆက်စပ်ပစ္စည်းတင်ပို့မှုများ ပြန်လည် မြင့်တက် လာခဲ့ကြောင်း၊ ဒေသများနေဖြင့် အာရှတိုက်နိုင်ငံများ၊ အမေရိကန်ပြည်ထောင်စုနှင့်ဥရောပသမဂ္ဂတို့သို့ ပို့ကုန်တင်ပို့မှုများမြင့်တက်လာခဲ့ကြောင်း၊ ဝန်ဆောင်မှုကုန်သွယ်ရေးဖြစ်သည့် ပြည်တွင်း/ ပြည်ပခရီးသွားလုပ်ငန်းသည် ကိုရိုနာကပ်ရောဂါပြန့်ပွားမှုဒဏ်ကြောင့် အထိနာခဲ့ပြီး နိုင်ငံတကာ ခရီးသွားဝင်ရောက်မှုသည် ဆက်လက်ကျဆင်းနေဆဲဖြစ်ကြောင်း၊ ကိုရိုနာပြန့်ပွားမှုထိန်းချုပ်ရေး ဆောင်ရွက်ရာတွင် နိုင်ငံတွင်းဝင်ရောက်ခွင့်များကန့်သတ်ထားခြင်း၊ စီးပွားဖြစ်ဆောင်ရွက်သည့် နိုင်ငံတကာလေကြောင်းခရီးစဉ်အများစုကို ရပ်ဆိုင်းထားရခြင်းများရှိသော်လည်း အခြားသော နိုင်ငံတကာမိတ်ဖက်များ၏ စီးပွားရေးလုပ်ငန်းများ ပြန်လည်ဖွင့်လှစ်ဆောင်ရွက်မှုများကြောင့် ပို့ကုန်အပိုင်းတွင် ပြန်လည်မြင့်တက်လာသော်လည်း အဆိုပါနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုတွင် အားနည်းချက်/အားသာချက်များကိုပါ ထည့်သွင်းစဉ်းစားရမည်ဖြစ်ကြောင်း၊ အဓိကသွင်းကုန်မိတ်ဖက်နိုင်ငံများဖြစ်ကြသည့် အမေရိကန်ပြည်ထောင်စုနှင့် ဥရောပသမဂ္ဂနိုင်ငံများမှ သွင်းကုန်များ ဝင်ရောက်မှုအားနည်းနေပြီး ကာလတို သုံးသပ်မျှော်မှန်းချက်အနေဖြင့် လူမှုစီးပွားရေး ဆောင်ရွက်ချက်များ ပြန်လည်စတင်နေပြီဖြစ်၍ သွင်းကုန်ကဏ္ဍ ပြန်လည်မြင့်တက်လာနိုင်သည်ဟုခန့်မှန်းထားကြောင်း၊ ဂျပန်နိုင်ငံ၏ ၂၀၂၀ ဘဏ္ဍာနှစ်အတွင်း၌ (၅%)ကျဆင်းခဲ့သည့် GDP သည် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးထိုးနှံမှုများနှင့် အမေရိကန်ပြည်ထောင်စု၏စီးပွားရေး မြှင့်တင်ရန်ကတိပေးပြောကြားမှုများကြောင့် ၂၀၂၁ ခုနှစ်တွင် (3.8%) သို့လည်းကောင်း၊ ၂၀၂၂ ခုနှစ်တွင်(2.3%) သို့လည်းကောင်း ပြန်လည်မြင့်တက်လာမည်ဟု ပညာရှင်များက သုံးသပ်ထားကြောင်း၊ အစိုးရအနေဖြင့် ကိုရိုနာကပ်ရောဂါ ကူးစက်မှုလျှော့ချရေးအစီအမံများကို ထိရောက်စွာ ချမှတ်ဆောင်ရွက်နေသကဲ့သို့ ပြည်တွင်းစီးပွားရေးလုပ်ငန်းများကို ကူးစက်ရောဂါသက်ရောက်မှု မှ လျော့ပါးစေရန် ငွေကြေးပံ့ပိုးမှုအစီအစဉ်များကိုလည်း ချမှတ်ဆောင်ရွက်ပေးနေကြောင်း၊ နိုင်ငံ၏စီးပွားရေးတွင် ပင်မထောက်ပံ့ပေးနေသည့် ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများကို ကုန်ထုတ်လုပ်မှုတိုးမြှင့်စေရေးနှင့် လုပ်အားခတိုးမြှင့်ရေးတွန်းအားပေးခြင်းများ ဆောင်ရွက်နေပြီး ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုကို အားပေးမြှင့်တင်ရန် ရည်ရွယ်၍ “Comprehensive Economic Measures to Secure People’s Lives and Livehoods toward Relief and Hope” ကဲ့သို့သော လူမှု စီပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးစီမံချက်များဆောင်ရွက်ခြင်း၊ ၂၀၂၀ ဘဏ္ဍာနှစ်မှ တတိယအကြိမ် ထပ်ဆောင်းဘတ်ဂျက်ကို မြန်ဆန်ထိရောက်စွာ အကောင်အထည်ဖော်ခြင်း၊ ၂၀၂၁ ဘဏ္ဍာနှစ် ဘတ်ဂျက်နှင့် အခြားရန်ပုံငွေများကို ဆောလျင်စွာဆောင်ရွက်နိုင်ရန်ကြိုးပမ်းနေကြောင်း၊ ဂျပန် နိုင်ငံအစိုးရအနေဖြင့် ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါပြန့်ပွားမှုထိန်းချုပ်ရေး ကြိုးပမ်းဆောင်ရွက်နေသကဲ့သို့ နိုင်ငံသားတို့၏အသက်အိုးအိမ်စည်းစိမ်များ၊ အလုပ်အကိုင်များနှင့်စီးပွားရေးလုပ်ငန်းများ ထိခိုက်မှုမှသက်သာလျော့ပါးစေရန်ကိုလည်း အထူးအလေးထား ကြိုးပမ်းဆောင်ရွက်နေကြောင်း၊ ဗဟိုဘဏ်အနေဖြင့် စီးပွားရေးလုပ်ငန်းများနှင့် ငွေကြေးဈေးကွက် တည်ငြိမ်ရေးကို အဓိကထားကာ ငွေကြေးဖြေလျှော့ရေးမူဝါဒများ၊ ဘဏ္ဍာရေးအစီအမံများကို ဆောင်ရွက်နေပြီး ကူးစက်ရောဂါ၏ စီးပွားရေးအပေါ်သက်ရောက်မှုများ၊ သင့်လျော်သည့်ငွေကြေးမူဝါဒ ချမှတ် ဖော်ဆောင်နိုင်မှု၊ ဈေးနှုန်းနှင့်ဘဏ္ဍာရေးဈေးကွက်အခြေအနေများ တည်ငြိမ်မှုတို့ကို အောင်မြင်စွာ ဆောင်ရွက်နိုင်ရန် အစိုးရမျှော်မှန်းထားကြောင်း၊ ဂျပန်နိုင်ငံ၏ စီးပွားရေးသည် အစိုးရ၏ ပြည်တွင်း ကိုရိုနာကပ်ရောဂါပြန့်ပွားမှုတားဆီးရေး ထိန်းချုပ်ဆောင်ရွက်မှုများ၊ စီးပွားရေး ပြန်လည်အားကောင်းလာစေရေး မူဝါဒချမှတ်ကာ ပံ့ပိုးဆောင်ရွက်မှုများနှင့် ဘဏ္ဍာရေးပိုင်း ဖြေလျှော့မှုဆောင်ရွက်ခဲ့ခြင်းတို့ကြောင့် ပြန်လည်ဉီးမော့လာပြီး ပြည်ပနိုင်ငံများနှင့် ဆက်သွယ် ဆောင်ရွက်မှုအပိုင်းလည်း ပြန်လည်တိုးတက်လာခဲ့ကြောင်းနှင့် နိုင်ငံစီးပွားရေးဖွံ့ဖြိုးမှုအပေါ် သက်ရောက်နိုင်သည့်အချက်နှင့် ဒေသတွင်းနိုင်ငံများ၏ ဘဏ္ဍာရေးနှင့် အရင်းအနှီးဈေးကွက် အခြေအနေများအပေါ် ဆက်လက်စောင့်ကြည့်အကဲဖြတ်ရန်လိုအပ်ကြောင်းသိရှိရပါသည်။
(ရင်းမြစ်-ဂျပန်နိုင်ငံ စီးပွားရေးသံမှူးပေးပို့သည့်သတင်း)
စင်ကာပူနိုင်ငံ
ဆိပ်ကမ်းများတွင် ကုန်သေတ္တာများကို သင်္ဘောတင်ရန်အတွက် စောင့်ဆိုင်းရသောအချိန် ကာလသည် ပိုမိုကြာမြင့်နေခြင်းနှင့်ကုန်ပစ္စည်းတင်ပို့မှုပမာဏမြင့်တက်လာသဖြင့် ကုန်သေတ္တာ တင်သင်္ဘောများ လုံလောက်မှုမရှိခြင်းတို့ကြောင့် ကုန်ပစ္စည်းထုတ်လုပ်သူများအပေါ် ဂယက်ရိုက်ခတ်မှုများဖြစ်ပေါ်လျှက်ရှိရာ အဓိကအားဖြင့် သတ္တုများ၊ ရေနံဓါတုပစ္စည်းများနှင့် စိုက်ပျိုးရေး ထွက်ကုန်များတင်ပို့မှုအပေါ် သက်ရောက်မှုများဖြစ်ပေါ်လျှက်ရှိကြောင်း၊ ပုံမှန်အားဖြင့် သင်္ဘောလိုင်းများသည် သာမန်အချိန်ထက် ကုန်ပစ္စည်းများ ပိုမိုတင်ပို့နိုင်ပါက ၎င်းတို့၏ ကုန်ကျစရိတ် သက်သာသည့်အတွက် ကွန်တိန်နာပို့ဆောင်ခများ မြင့်တက်နေခြင်းသည် အများအာရုံစိုက်ရမည့်အချက်တစ်ခုဖြစ်လာကြောင်း၊ ကွန်တိန်နာပို့ဆောင်ခနှုန်းထားများမှာ ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက ၄.၇ ဆ ကျော်ထိ မြင့်တက်နေကြောင်း၊ ကမ္ဘာ့စီးပွားရေး ပြန်လည်နာလန်ထူလာသည့်အတွက် အချို့သောကုန်ပစ္စည်းအမျိုးအစားများအပေါ် ဝယ်လိုအားမြင့်တက်လာသည်ကို မြင်တွေ့ရသော်လည်း ရောင်းလိုအားပိုင်းတွင် အခြေခံအဆောက်အအုံပိုင်းဆိုင်ရာ အခက်အခဲများဖြစ်ပေါ်လျှက်ရှိသည်ကို မြင်တွေ့နေရကြောင်း၊ ထိုကဲ့သို့ဝယ်လိုအားနှင့် ရောင်းလိုအားမညီမျှမှုကြောင့် ကုန်ပစ္စည်း အချို့ ဈေးနှုန်းမြင့်တက်နေကြောင်း၊ နိုင်ငံအလိုက် သင်္ဘောပို့ဆောင်မှုစရိတ်မြင့်တက်မှုကြောင့် သက်ရောက်မှုမှာ ကွဲပြားလျှက်ရှိပြီး လက်ရှိဖြစ်ပေါ်နေသော ကုန်သွယ်ရေးအခက်အခဲများနှင့် ကွန်တိန်နာပြတ်လပ်မှုများကြောင့် အာရှနိုင်ငံများမှ အမေရိကန်နှင့်ဥရောပနိုင်ငံများသို့ တင်ပို့သည့် သီးခြားစိုက်ပျိုးရေးထွက်ကုန်များအပေါ် ကြီးစွာထိခိုက်မှုရှိနိုင်ကြောင်း၊ ထို့အပြင် ကွန်တိန်နာအခွံလွတ်များအား အမေရိကန်ဆိပ်ကမ်းများမှ အာရှသို့ ပုံမှန်အခြေအနေမဟုတ်ဘဲ အရေအတွက်များစွာ ပို့ဆောင်နေသည့်သတင်းများမှာ အမေရိကန်နိုင်ငံ၏ စိုက်ပျိုးရေးထွက်ကုန် တင်ပို့မှုတွင် အတိုင်းအတာတစ်ခုအထိ ယာယီပြတ်တောက်မှုရှိကြောင်းဖော်ပြနေပြီး အာရှတွင် ပြည်တွင်းစားသောက်ကုန်ဈေးနှုန်းများ မြင့်တက်လာမည့်အခြေအနေကို ဆိုက်ရောက်နိုင်သည်ဟု သုံးသပ်ကြကြောင်း၊ စင်ကာပူနှင့် မလေးရှားဆိပ်ကမ်းများတွင် သင်္ဘောများပြန်လည်ထွက်ခွာရန် နှေးကွေးနေခြင်းကြောင့် ပို့ကုန်လုပ်ငန်းများက ကွန်တိန်နာတင်ပို့ရန် Booking များကို ဖျက်သိမ်းခြင်းနှင့် အချိန်နောက်ဆုတ်ခြင်းတို့ကို ပြုလုပ်လျှက်ရှိနေကြသဖြင့် ကွန်တိန်နာအခွံလွတ်များ ပြန်လည်ဖြည့်တင်းရမှုအပေါ် အကျိုးသက်ရောက်မှုရှိကြောင်း၊ Grade B နှင့်အထက်အဆင့် သတ်မှတ်ထားသော အရည်အသွေးကောင်းမွန်သည့် ကွန်တိန်နာများ ရှားပါးမှုရှိသဖြင့် ကုန်ပစ္စည်းပို့ဆောင်မှုခရီးစဉ်အတွင်း ထိခိုက်မှုများလည်းဖြစ်ပေါ်နိုင်ကြောင်း၊ သင်္ဘောလိုင်းများမှာ ကောင်းမွန်သောဝန်ဆောင်မှုမပေးနိုင်သည့်ကာလတွင်ပင် အမြတ်ရရှိနိုင်ရေးအတွက် ပိုမိုမြင့်မားသောပို့ဆောင်ခနှုန်းထားများဖြင့် ရယူဆောင်ရွက်လျှက်ရှိကြောင်း သိရှိရပါသည်။
(ရင်းမြစ်-စင်ကာပူနိုင်ငံ စီးပွားရေးသံမှူးပေးပို့သည့်သတင်း)
ဟောင်ကောင်
စားသုံးနှုန်းမြင့်မားမှုနှင့် ဒုတိယအခွင့်အလမ်းရှိသည့် ဟင်းသီးဟင်းရွက်ဖြစ်သော ဘရိုကိုလီနှင့် ဘရပ်ဆဲလ်ပဲပင်ပေါက်ကို ခရစ်ယာန်ဘာသာဝင်များသာမက စားသုံးသူအများအပြားကပါ ကြိုက်နှစ်သက်ကြကြောင်း၊ စားသုံးသူအများစုမှာ ယခင်က ဟင်းသီးဟင်းရွက်များကို အကျက်လွန်စွာချက်ပြုတ်မှုကြောင့် ရနံ့နှင့် အရသာမှာကောင်းမွန်ခြင်းမရှိဘဲ အများစုမှာ ကျန်းမာရေးနှင့် မညီညွတ်သော အသင့်စားချက်ပြုတ်ထားသော အစားအစာများကို စားသုံးမှု ပိုမိုများပြားလာကြပြီး လတ်ဆတ်သော ဟင်းသီးဟင်းရွက်စားသုံးမှု နည်းပါးကြောင်း၊ ဘရိုကိုလီနှင့် ဘရပ်ဆဲလ် ပဲပင်ပေါက်တို့တွင် antioxidant ပါဝင်မှုမြင့်မားသောကြောင့် ကင်ဆာရောဂါတိုက်ဖျက်နိုင်သည့် အလားအလာကောင်းများလည်းရှိကြောင်း၊ ၂၀၂၀ ပြည့်နှစ် ၊ ဩဂုတ်လကထုတ်ဝေသည့် British Journal ၌ Cruciferous Vegetables ကို ပိုမိုစားသုံးပါက အသက်ကြီးသော အမျိုးသမီးများတွင် သွေးကြောပိုင်းဆိုင်ရာ ရောဂါများဖြစ်ပွားမှုနည်းပါးကြောင်း၊ Cruciferous Vegetables များတွင် Vitamin K ပါဝင်မှုမြင့်မားကြောင်း၊ ရာသီပေါ်သီးနှံများတွင် အနံ့အရသာနှင့်အာဟာရဓါတ် ပါဝင်မှုမှာ အကောင်းဆုံးဖြစ်သောကြောင့် ရေခဲ သေတ္တာတွင် ကြာရှည်စွာသိမ်းဆည်းထားခြင်းထက် လတ်လတ်ဆတ်ဆတ် ချက်ချင်းစားသုံးသင့်ကြောင်း၊ ရေဆူဆူတွင် အချိန်ကြာမြင့်စွာချက်ပြုတ် ပါကလည်း ရေထဲတွင်ပျော်ဝင်သောအာဟာရဓါတ်များဆုံးရှုံးနိုင်သောကြောင့် ဟင်းသီးဟင်းရွက်များကို အကျက်လွန်ချက်စားခြင်းထက် သင့်တော်သောအပူချိန်ဖြင့်ပေါင်း၍စားသုံးသင့်ကြောင်း၊ ဟောင်ကောင်ဒေသ ကျန်းမာရေး website တွင် ဟောင်ကောင်ဒေသ ၌ နှလုံးရောဂါကြောင့် သေဆုံးမှုမှာ တတိယအများဆုံးဖြစ်နေရာ Cruciferous Vegetables မျိုးရင်းတွင်ပါဝင်သည့် ဘရိုကိုလီနှင့် ဘရပ်ဆဲလ်ပဲပင်ပေါက်၊ ဂေါ်ဖီထုပ်၊ ကိုက်လန်၊ ပန်းဂေါ်ဖီ၊ တရုတ်ဂေါ်ဖီအမျိုး အစား(Bok Choy)နှင့်မုန်ညင်းနှင့်ကိုက်လန်မျိုးရင်းစပ်ဖြစ်သည့် Swiss Chard တို့ကို တိုးမြှင့် စားသုံးရန် ကောင်းမွန်ကြောင်း၊ ဘရိုကိုလီနှင့် ဘရပ်ဆဲလ်ပဲပင်ပေါက်နှင့်အတူ ခါကြက်ဥ ဘူး ဖရုံမျိုးရင်းဝင်များ၊ငရုတ်သီးမျိုးရင်းဝင်များကိုလည်း တွဲဖက်စားသုံးမှုမြင့်မားကြောင်း ရေးသား ဖော်ပြထားရာ ဟောင်ကောင်ဒေသ၌ ဘရိုကိုလီနှင့် ဘရပ်ဆဲလ်ပဲပင်ပေါက်ဟင်းသီးဟင်းရွက် (၂)မျိုးအပြင် Cruciferous Vegetables များ စားသုံးမှုနှင့် ဈေးကွက်အခြေအနေ ကောင်းမွန်ကြောင်း သိရှိရပါသည်။
(ရင်းမြစ်-ဟောင်ကောင်မြို့စီးပွားရေးသံမှူးပေးပို့သည့်သတင်း)
အိန္ဒိယနိုင်ငံ
အိန္ဒိယနိုင်ငံ၌ ၂၀၁၅-၂၀၂၀ နိုင်ငံခြားကုန်သွယ်မှု မူဝါဒအရ ဗဟိုအစိုးရက ၂၀၁၇ ခုနှစ်မှ စတင်၍ ကန့်သတ်တင်သွင်းကုန်စည်အဖြစ် သတ်မှတ်ထားသည့် ပဲစင်းငုံ (Pigeon Pea, HS Code 0713 60 00) အား တန်ချိန် ၄ သိန်းနှင့် ပဲတီစိမ်း [Moong (Beans of the SPP Vigna Radiata (L) Wilczek) HS Code 0713 31 90)] ကို တန်ချိန် ၁ ဒသမ ၅ သိန်းအထိ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်အတွင်း အသီးသီးတင်သွင်းခွင့်ပြုမည် ဖြစ်ကြောင်း၊ ပြည်ပကုန်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာန (DGFT) က သတ်မှတ်ထားသည့် လိုင်စင်လျှောက်ထားရန် လုပ်ထုံးလုပ်နည်းများနှင့် အညီ ပဲခွဲစက်များ၊ ပဲပြန်လည်သန့်စင်ရေးလုပ်ငန်းများနှင့် ကုန်သည်များထံသို့ ခွဲတမ်းချထားပေး မည်ဖြစ်ကြောင်းနှင့် အဆိုပါ ပဲတင်သွင်းခွင့် ခွဲတမ်းသတ်မှတ်ချက်သည် နှစ်နိုင်ငံအစိုးရ အချင်း ချင်းကြား ချုပ်ဆိုထားသည့် နားလည်မှုစာချွန်လွှာများ၊ သဘောတူစာချုပ်များနှင့် သက်ဆိုင်မှု မရှိကြောင်းကို အိန္ဒိယကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာနရှိ ကူးသန်းရောင်းဝယ်ရေး ဌာနက ၁၉-၃-၂၀၂၁ နေ့တွင် အမိန့်ကြော်ငြာစာအမှတ် S.O.1266(E) ဖြင့် ထုတ်ပြန်ခဲ့ကြောင်း သိရှိရပါသည်။
(ရင်းမြစ်- အိန္ဒိယနိုင်ငံ၏စီးပွားရေးသတင်းများဆိုင်ရာစီးပွားရေးသံမှူးပေးပို့သည့် သတင်း)

၂၀၂၁ ခုနှစ် မတ်လ(၁၅)ရက်နေ့တွင်ကျရောက်သော ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ် “ ပလပ်စတစ်ညစ်ညမ်းမှု တိုက်ဖျက်အစဉ်ရှေးရှု ”

နှစ်စဉ် မတ်လ(၁၅)ရက်နေ့ကို ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့အဖြစ် သတ်မှတ်ထားပြီး အထိမ်းအမှတ် ဆောင်ပုဒ်တစ်ခု ထုတ်ပြန်၍ ကမ္ဘာလုံးဆိုင်ရာ စားသုံးသူလှုပ်ရှားမှုများကို ဆောင်ရွက်လျက်ရှိပါသည်။ စားသုံးသူအခွင့်အရေးများပြည့်ဝစေဖို့ စားသုံးသူများ၏ လိုအပ်ချက်အသံများကို သက်ဆိုင်ရာ ကဏ္ဍအသီးသီးနှင့် အစိုးရအဖွဲ့အစည်းများက သိမြင်ပြီး အလေးဂရုပြု ဆောင်ရွက်ပေးနိုင်စေဖို့ ရည်ရွယ်ပါတယ်။ ၂၀၂၀ပြည့်နှစ်တုန်းက ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့အထိမ်းအမှတ် ဆောင်ပုဒ်မှာတော့ “Sustainable Consumer” “စားသုံးသူအရေး စဉ်ဆက်မပြတ်ဆောင်ရွက်ပေး” ဖြစ်ပါတယ်။ အပြည်ပြည်ဆိုင်ရာက သတ်မှတ်ထားတဲ့ စားသုံးသူအခွင့်အရေး(၈) ချက်မှာ ပါဝင်တဲ့ “ပစ္စုပ္ပန်တွင် သာမက အနာဂတ် မျိုးဆက်များအတွက်ပါ ကောင်းမွန်သာယာသော လူနေမှုအဆင့်အတန်းနှင့် ပတ်ဝန်းကျင်တွင် နေထိုင်နိုင်ခွင့်ရရှိစေခြင်း” ဆိုတဲ့ ရေရှည်မျှော်မှန်းဆောင်ရွက်ရမည့်အချက်နှင့်အညီ ဦးတည်ဆောင်ရွက်ကြစေဖို့ ရည်ရွယ်ပါတယ်။ ထုတ်လုပ်မှုနှင့် စားသုံးမှုပုံစံတိုင်းတွင် ရေရှည်အတွက် ပိုမိုတည်တံ့ခိုင်မြဲသော အလေ့အကျင့်ကောင်းများ မြှင့်တင်ကျင့်သုံးကြရန်အတွက် စည်းရုံး လှုံ့ဆော် အသိပညာပေးမှုများ ဆောင်ရွက်ခဲ့ကြပါတယ်။

၂၀၂၁ ခုနှစ် ဆောင်ပုဒ်သတ်မှတ်

ပြီးခဲ့တဲ့ ၂၀၂၀ပြည့်နှစ်မှာတော့ ကမ္ဘာတစ်ဝှမ်းလုံးရှိ စားသုံးသူပြည်သူအားလုံးရင်ဆိုင်ရတဲ့ COVID-19 ကပ်ရောဂါကို တွန်းလှန်ခဲ့ကြရပါတယ်။ COVID-19 ကပ်ရောဂါကာကွယ်ထိန်းချုပ် ကုသခြင်းတွေ ဆောင်ရွက်ကြရင်း လူမှု့ဘဝနှင့်လိုက်လျောညီထွေမှုရှိမယ့် New Normal လူနေမှု ဘဝပုံစံအသစ်နဲ့ နေထိုင်လှုပ်ရှားခဲ့ကြပါတယ်။ ရောဂါကာကွယ်ထိန်းချုပ် ကုသရေးဆိုင်ရာ ဆေးဝါးများ၊ ဆေးပစ္စည်းများ၊ အစားအသောက်များကို စားသုံးသူအခွင့်အရေးများနှင့်အညီ ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုခွင့်နှင့် နစ်နာဆုံးရှုံးမှုများ မရှိအောင် ကာကွယ်ပေးနိုင်ခဲ့ပါတယ်။ ရောဂါကူးစက်မှု လျှော့ချနိုင်စေရန် ခရီးသွားလာမှုများ ကန့်သတ်မှုများရှိလို့ စက်သုံးဆီ သုံးစွဲမှု သိသာစွာလျော့ကျသွားတဲ့ ကောင်းကျိုးကိုတွေ့ရပေမယ့် အဆိုပါကာလအတွင်း အသုံးပြုခဲ့ရသော တစ်ခါသုံး Mask များ၊ PPE ဝတ်စုံများ၊ လက်အိတ်များ၊ ပလပ်စတစ်ထမင်းဘူး၊ ဇွန်း၊ ထည့်စရာခွက်နှင့် ရေသန့်ဗူးခွံများ စွန့်ပစ်မှုအများဆုံးနှစ် ဖြစ်လာခဲ့ပါတယ်။

ပလပ်စတစ်ပစ္စည်းများဟာ နှစ်ပေါင်းများစွာဆွေးမြေ့ပျက်စီးနိုင်ခြင်းမရှိလို့ ဂေဟစနစ်ကို ဆိုးကျိုးများ သက်ရောက်လာစေမည့် ကမ္ဘာလုံးဆိုင်ရာစိန်ခေါ်မှုတစ်ရပ် ဖြစ်နေတာတွေ့ရပါတယ်။ ဒီအခြေအနေကို အခြေခံပြီး ယခုနှစ် ၂၀၂၁ ခုနှစ် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ ဆောင်ပုဒ်မှာ “ပလပ်စတစ်ညစ်ညမ်းမှု တိုက်ဖျက်အစဉ်ရှေးရ (Tackling Plastic Pollution) ” ဟူ၍ သတ်မှတ်ထုတ်ပြန်လိုက်ပါတယ်။
ပလပ်စတစ်ညစ်ညမ်းမှုကို မူဝါဒချမှတ်တားဆီးမှုများ၊ ဆန်းသစ်တီထွင်မှုများနှင့် အပြုအမူ အပြောင်းအလဲများ ဆောင်ရွက်နိုင်ခြင်းမရှိပါက အောက်ပါအချက်များဖြစ်ပေါ်လာနိုင်မည်ဟု အစီရင်ခံစာထုတ် ပြန်ထားကြောင်း သိရပါသည်-
- နှစ်စဉ်ထုတ်လုပ်သည့် ပလပ်စတစ်၏ ၅၀ ရာခိုင်နှုန်းကို တစ်နှစ်အတွင်း သုံးစွဲနေကြောင်း၊
- ထုတ်လုပ်သည့် ပလပ်စတစ်၏ ၄၀ ရာခိုင်နှုန်းသည် တစ်ကြိမ်အသုံးပြုပြီး စွန့်ပစ်နေကြသော တစ်ခါသုံးပစ္စည်းများဖြစ်ကြောင်း၊
- သမုဒ္ဒရာအတွင်းသို့ နှစ်စဉ် ပလပ်စတစ်တန်ချိန် (၈)သန်းခန့် ဝင်ရောက်နေကြောင်း၊
- ၂၀၅၀ ပြည့်နှစ်ရောက်လျှင် သမုဒ္ဒရာထဲမှာ ငါးတွေထက် ပလပ်စတစ်တွေ ပိုများလာနိုင် ကြောင်း၊
- အဏ္ဏဝါနို့တိုက်သတ္တဝါများ၊ ပင်လယ်လိပ်၊ ပင်လယ်ငှက်များ သန်းချီသေဆုံးနိုင်ကြောင်း၊
အဆိုပါအစီရင်ခံစာတွင် ဒေသတွင်းနှင့် အပြည်ပြည်ဆိုင်ရာ ပတ်ဝန်းကျင် ညစ်ညမ်းမှုများကြောင့် ဂေဟစနစ် ပျက်စီးခြင်းနှင့် လူများ၏ ကျန်းမာရေးကို များစွာ ထိခိုက်လာနိုင်ကြောင်း မီးမောင်းထိုးပြခဲ့ကာ ကမ္ဘာလုံးဆိုင်ရာ ပြဿနာကို ကိုင်တွယ်ဖြေရှင်းဖို့ လိုအပ်နေကြောင်း ဖော်ပြထားပါသည်။ ပလပ်စတစ်အမှိုက်များကို စားသုံးမိသည့် ငါးများ၊ နွားနှင့်ဝက်များကို အသားငါးအဖြစ် လူသားများက စားသုံးမိပေမည်။ ကမ္ဘာတစ်ဝှမ်းရှိ ပလပ်စတစ် အကြပ်အတည်းနှင့် ပတ်သက်၍ စားသုံးသူများက သိရှိနားလည်လာပြီး ဈေးကွက်ကို ပြုပြင်ပြောင်းလဲပုံသွင်းရန် ထုတ်လုပ်သူများကို တွန်းအားပေးခြင်း၊ အစိုးရမှ ပံ့ပိုးကူညီရန် စည်းရုံးခြင်းတို့ဖြင့် ရေရှည်တည်တံ့သော စားသုံးသူပုံစံကို ရရှိရန် ကြိုးပမ်းကြရပါမည်။
ပလပ်စတစ်ညစ်ညမ်းမှုကိုလျော့ချဖို့ ဆောင်ရွက်နိုင်သည့်နည်းလမ်းများ
နိုင်ငံအသီးသီးတွင် စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှုနည်းလမ်း အမြောက်အများ ကြံဆ ဆောင်ရွက်လျက် ရှိကြောင်း သိရပါသည်။ သို့ရာတွင် ပလပ်စတစ်ပစ္စည်း၏ ၉ ရာခိုင်နှုန်းခန့်ကိုသာ ပြန်လည်ပြုပြင် ပြောင်းလဲသုံးစွဲနိုင်ကြောင်း သိရပါသည်။ ဒါကြောင့် ပလပ်စတစ်ညစ်ညမ်းမှုကို လျော့ချဖို့ အောက်ပါ အချက်(၃)ချက်ကို တစ်ဦးချင်းအနေနဲ့ ဆောင်ရွက်နိုင်ကြောင်း အကြံပြုထားပါတယ် -
- (Reduce) တတ်နိုင်သလောက် လျှော့ချသုံးပါ။(ဈေးဝယ်သွားလျှင် အိမ်မှ အိတ်များ၊ ခြင်းများ ယူဆောင်သွားရန်၊ စားစရာဝယ်မည်ဆိုပါက ပလပ်စတစ်အိတ်သည်ဓာတ်ပြုနိုင်သဖြင့် မိမိတို့နေအိမ်က ထည့်စရာ စတီးချိုင့်ယူသွားရန်)
- (Reuse) နောက်ထပ်ပြန်ပြီး အသုံးပြုနိုင်တဲ့ ပလပ်စတစ်မျိုးရွေးချယ်ပါ။ (တစ်ခါသုံး ရေသန့်ဗူးအစား ပြန်လည်ဖြည့်၍ သုံးလို့ရမယ့် ကြာကြာအသုံးခံမည့်ရေဗူးများသုံးစွဲရန်)
- (Recycle) ပြုပြင်ပြောင်းလဲပြီး အခြားနေရာတွင် ပြန်သုံးရန်။ (စွန့်ပစ်ပလပ်စတစ်ကို ကျောက်ခဲ/အုတ်ခဲ ကဲ့သို့ ဘိလပ်မြေမံ၍ ရေမြောင်းဖောက်ရာတွင် ဘောင်အဖြစ် အသုံးပြုခြင်း၊ ရေသန့်ဗူးခွံကို အမျှင်ပုံစံဖြတ်၍ တံမြက်စည်းကြမ်းပြုလုပ်သုံးစွဲခြင်း)
- (Refuse) အထက်ပါ(၃)မျိုးအပြင် သုံးမယ်ဆိုကတည်းက ပလပ်စတစ်အစားထိုး စက္ကူအိတ်၊ အဝတ်အိတ်၊ ခြင်းတောင်းများကဲ့သို့ တခြားရွေးချယ်စရာ ပစ္စည်းကို ရွေးချယ်လိုက်ခြင်းဖြင့် ပလပ်စတစ်ကို ငြင်းဆန်ခြင်းဟာ အကောင်းဆုံးနည်းပဲ ဖြစ်ပါတယ်။
- သဘာဝပတ်ဝန်းကျင် ထိမ်းသိမ်းရေး ပလပ်စတစ်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေဖြစ်သော အသိပညာပေး‌ဟောပြောခြင်း၊ လက်ကမ်းစာစောင်များဝေခြင်း၊ သရုပ်ဖော်ပန်းချီပြသခြင်း၊ အမေးအဖြေ စစ်တမ်းကောက်ခြင်း၊ သုတေသနပြုလုပ်ခြင်း စသည်တို့မှာ ပါဝင်တဲ့ ဝါသနာအလေ့အကျင့် ထူထောင်ခြင်း၊
- မိမိဒေသမှာပင် တတ်နိုင်သည့် အစုအဖွဲ့အင်အားဖြင့် ပလပ်စတစ်အမှိုက်ကောက်ခြင်း၊ အခြားနေရာတွင် ပြန်လည်အသုံးပြုနိုင်အောင် ဆောင်ရွက်ခြင်း၊
ဆောင်ရွက်ရမည့်အချက်များ
- စွန့်ပစ်ပလပ်စတစ်မှ အသုံးဝင်သည့်ပစ္စည်းပြန်လည်ထုတ်လုပ်နိုင်မည့် တီထွင်မှုများကို အားပေးဖော်ဆောင်ခြင်း၊
- အစိုးရက ဥပဒေစည်းမျဉ်းစည်းကမ်းထုတ်ပြန်၍ တစ်ခါသုံးပလပ်စတစ် ထုတ်လုပ်ခြင်း၊ သုံးစွဲခြင်းကို တားမြစ်ခြင်း (သို့) အလွယ်တကူ မသုံးနိုင်အောင် အခွန်တိုးကောက်ခြင်း၊ ကုန်ကြမ်းတင်သွင်းမှုကန့်သတ်ခြင်းစသည့် မူဝါဒများ ချမှတ်ဆောင်ရွက်ခြင်း။
- ပလပ်စတစ်အစားထိုးပစ္စည်းထုတ်လုပ်သည့် လုပ်ငန်းများကို အားပေးမြှင့်တင်ခြင်း။
- အများပြည်သူ အသုံးပြုသည့်နေရာများမှာ သောက်ရေဖြည့်နိုင်မည့် ရေလိုင်း ပိုက်ခေါင်းစနစ် တပ်ဆင်ထားပေးခြင်း၊
- လစဉ် ပလက်စတစ် မသုံးစွဲရသည့်နေ့ သတ်မှတ် ပြဌာန်းခြင်း

မြန်မာနိုင်ငံတွင် ပလပ်စတစ်သုံးစွဲမှု လျှော့ချရေးဆောင်ရွက်မှု

ရန်ကုန်မြို့ရှိ City Mart စတိုးဆိုင်များတွင် လစဉ်ရက်သတ်မှတ်၍ ပစ္စည်းထည့်သည့် ပလပ်စတစ်လက်ဆွဲအိတ် အခမဲ့ပေးအပ်ခြင်းမရှိသည့် အစီအစဉ်ကို ဆောင်ရွက်ခဲ့ခြင်း၏ ရည်ရွယ်ချက်သည် ထည့်စရာအိတ်ယူလာခဲ့ခြင်းဖြင့် ပလပ်စတစ်အိတ်လျှော့ချနိုင်စေရန် ရည်ရွယ်ကြောင်း၊ ဆိုင်၏အကျိုးအမြတ်အတွက်မဟုတ်ကြောင်း၊ ပြည်ပနိုင်ငံအများအပြားရှိ ကုန်တိုက်များ၌ ဈေးဝယ်လျှင် အခမဲ့ပလပ်စတစ်အိတ်ဖြင့် ထည့်ပေးလေ့မရှိကြောင်း သိရသည်။ ဆွေးမြေ့ပျက်စီးလွယ်သည့် စက္ကူအိတ်များကို အသုံးပြုရန် လှုံ့ဆော်လျက်ရှိကြပါတယ်။

မြန်မာနိုင်ငံတွင် ၂၀၁၈ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားမှာ “ပလပ်စတစ်ညစ်ညမ်းမှုကို တိုက်ဖျက်ကြပါစို့” ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲပြုလုပ်ရာ မြန်မာနိုင်ငံမှာ နှစ်စဉ်မြစ်ချောင်းပင်လယ်ထဲကို စီးဝင်နေတဲ့ ပလပ်စတစ် အမှိုက်တန်ချိန် ၂၀၀ ခန့် ရှိကြောင်း၊ ယခင်တုန်းကထက် ပလပ်စတစ်သုံးစွဲမှု (၃)ဆခန့် မြင့်မားလာကြောင်း၊ မြို့ပြမြေ နေရာတွင် အမှိုက်ပုံအတွက် နေရာမရှိတော့ကြောင်း၊ အဆိုပါ ပလပ်စတစ်များမှာ နှစ်များစွာ မဆွေးမြေ့သည့်အတွက် လျှော့မသုံးစွဲလျှင် နောင်အနာဂတ် မျိုးဆက်များအနေဖြင့် ကိုယ်ပိုင်မြေပေါ်တွင် ပလပ်စတစ်အမှိုက်ကို နေရာပေးနေရ၍ ကျဉ်းမြောင်းလာမည်ဖြစ်ကြောင်း၊ အမှိုက်ကနေ လျှပ်စစ်ထုတ်ဖို့ကြိုးစားကြပေမယ့် ရင်းနှီးမြှုပ်နှံမှုနှင့် နည်းပညာအခက်အခဲများရှိနေသောကြောင့်၊ နေ့စဉ်လျှော့ချသုံးစွဲခြင်း၊ ပြောင်းလဲသုံးစွဲခြင်းတို့ ဆောင်ရွက်ရန် တိုက်တွန်းထားပါတယ်။
ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပင်လယ်သမုဒ္ဒရာများနေ့ အထိမ်းအမှတ်အဖြစ် အသုံးပြုထားသော ပလပ်စတစ်အိတ်အဟောင်း (၁၀)လုံးကို အဝတ်စဖြင့်ချုပ်ထားသော ဈေးဝယ်အိတ်ဖြင့် လဲလှယ်ပေးသည့် အစီအစဉ်များ၊ သင်တန်းများ၊ ကမ်ပိန်းများပြုလုပ်ပြီး “သန့်မြန်မာ”အမည်ရှိ အဖွဲ့ကနေ အသိပညာပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပါတယ်။

၂၀၂၁ ခုနှစ်မှာတော့ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းဖို့၊ ပလပ်စတစ် ညစ်ညမ်းမှု ပြဿနာကို ဖြေရှင်းဖို့ ပလပ်စတစ်ကိုခြေဖျက်တဲ့ ရောနှောဘက်တီးရီးယားများကို ဟန်ဂေရီမှ ဇီဝဓာတုပညာရှင်များက သုတေသနပြုတီထွင်နေလျက်ရှိကြောင်းသိရှိရရာ သိပ္ပံနှင့်နည်းပညာကဏ္ဍမှလည်း နည်းမျိုးစုံ ရှာဖွေဆောင်ရွက်ရလျက်ရှိပါတယ်။
ပလပ်စတစ်ထုတ်လုပ်သူများသည် ပမာဏများများထုတ်လေ ထုတ်လုပ်မှု ကုန်ကျစရိတ် သက်သာလေဖြစ်သောကြောင့် များများမသုံးစွဲသင့်မှန်းသိသော်လည်း ဈေးကွက်ကို ချဲ့ထွင်ဆောင် ရွက်မှုများရှိနေပါတယ်။
စားသုံးသူတို့၏ အသံကို ထုတ်ဖော်ဖို့ အခွင့်အရေးရရှိသည့် ကမ္ဘာ့ စားသုံးသူအခွင့်အရေးများနေ့မှာ နှစ်အလိုက် ခေါင်းစဉ်သတ်မှတ်ပြီး လှုပ်ရှားမှုများ ဆောင်ရွက်ကြပါတယ်။ နိုင်ငံတကာတွင် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့အထိမ်းအမှတ် ညီလာခံ၊ ဆွေးနွေးပွဲ၊ စကားရည်လုပွဲ၊ အမေးအဖြေ၊ စာစီစာကုံးပြိုင်ပွဲများပြုလုပ်ခြင်း၊ ပိုစတာ၊ ဆိုင်းဘုတ်၊ လက်ကမ်းစာစောင်ဖြန့်ဝေအသိပေးခြင်းများ ဆောင်ရွက်ကြပါတယ်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ်အခမ်းအနားများကို ၂၀၁၆ ခုနှစ်မှစတင်၍ နှစ်စဉ် မတ်လ(၁၅)ရက်နေ့တွင် ကျင်းပခဲ့ပါတယ်။ စားသုံးသူကာကွယ်ရေးဉပဒေနှင့်အညီ စားသုံးသူအခွင့်အရေးများရရှိရေး၊ စားသုံးသူများလုံခြုံစိတ်ချရမှုရှိစေရေးအတွက် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိပါတယ်။ အာဆီယံ စားသုံးသူကာကွယ်ရေးကော်မတီနှင့် နိုင်ငံတကာစားသုံးသူအဖွဲ့အစည်းများနှင့် ပူးပေါင်းချိတ်ဆက် ဆောင်ရွက်လျက်ရှိပါတယ်။ အမျိုးသားစားသုံးသူကာကွယ်ရေးအစီအစဉ်(NCPP) တွင် မူဝါဒ၊ အသိပညာပေး၊ ပြန်ကြားဆက်သွယ်ရေး၊ ဈေးကွက်စောင့်ကြည့်စစ်ဆေးရေးနှင့် အရေးယူ ဆောင်ရွက်ခြင်းကဏ္ဍများပါဝင်ပြီး စားသုံးသူပြည်သူများအရေးကို ပိုမိုဆောင်ရွက်ပေးသွားနိုင်ရန် ရည်ရွယ်ဆောင်ရွက်လျက်ရှိပါတယ်။ ယခုနှစ်အတွက် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ ဆောင်ပုဒ်နှင့်အညီ ပလပ်စတစ်ညစ်ညမ်းမှုတိုက်ဖျက်ရေးကိုလည်း စားသုံးသူများနားလည် လက်ခံမှု၊ စီးပွားရေးလုပ်ငန်းရှင်များ၏ ပူးပေါင်းပါဝင်မှု၊ အစိုးရဌာနများ၏ ထိန်းကျောင်းဆောင်ရွက်မှုများဖြင့် ရေရှည်အစဉ် ဂရုပြုဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း ၂၀၂၁ ခုနှစ် မတ်လ(၁၅) ရက်နေ့တွင်ကျရောက်သော ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့အထိမ်းအမှတ်အဖြစ် တင်ပြလိုက်ရပါတယ်။

ရီလင်းထွဋ် (မုံရွာ)

စားသုံးသူများ ကျန်းမာစေဖို့ ဆီစားသုံးမှုလျှော့ချစို့

     မြန်မာနိုင်ငံသည် စိုက်ပျိုးရေးအခြေခံနိုင်ငံတစ်နိုင်ငံဖြစ်သည့်အားလျော်စွာ ဆန်၊ ပဲမျိုးစုံ နှင့် ဆီထွက်သီးနှံများ၊ ပြောင်း တို့ကို အဓိကထားစိုက်ပျိုးလျက်ရှိပါသည်။ ဆီထွက်သီးနှံစိုက်ပျိုးမှု သည် စုစုပေါင်းစိုက်ပျိုးဧရိယာ၏ ၁၆ ရာခိုင်နှုန်း (စိုက်ဧက ၈.၁ သန်းကျော်)ရှိပြီး ပြည်တွင်းစိုက် ပျိုးသီးနှံများအနက် တတိယအများဆုံး စိုက်ပျိုးသီးနှံဖြစ်ကြောင်း လေ့လာသိရှိရပါသည်။
ဆီထွက်သီးနှံများကို ပြည်တွင်းစားသုံးခြင်းနှင့် ပြည်ပသို့တင်ပို့ခြင်းတို့ရှိရာ ဈေးကွက်ရရှိမှုအရ မြေပဲ၊ နှမ်းအမျိုးမျိးတို့ကို ပြည်ပသို့ တင်ပို့ပြီး စားအုန်းဆီ၊ နေကြာဆီ၊ သံလွင်ဆီ စသည့် စားသုံးဆီအမျိုးမျိုးကို ပြည်ပမှ တင်သွင်းလျက်ရှိပါသည်။
စားသုံးဆီများတွင် အခြေခံအားဖြင့် ကျန်းမာရေးအရ သင့်တင့်စွာစားသုံးနိုင်သည့် မပြည့်ဝဆီများ၊ တတ်နိုင်သမျှလျော့၍ စားသုံးသင့်သည့် ပြည့်ဝဆီများနှင့် လုံးဝမစားသုံးသင့်သော အသွင်ပြောင်း ဆီများဟူ၍ (၃) မျိုးရှိပါသည်။ မပြည့်ဝဆီအုပ်စုတွင် မြေပဲဆီ၊ နှမ်းဆီ၊ နေကြာဆီ၊ ငါးမှရသော အဆီများ ပါဝင်ပါသည်။ ပြည့်ဝဆီအုပ်စုတွင် စားအုန်းဆီ၊ ဆီကြော်အစားအစာများ၊ တိရစ္ဆာန်မှ ရသော အဆီများ ပါဝင်ပါသည်။ အသွင်ပြောင်းဆီအုပ်စုတွင် အသင့်စားအစားအစာ များဖြစ်သည့် အာလူးကြော်၊ ကြက်ကြော်၊ စမူဆာ၊ ပဲကပ်ကြော်၊ ကိတ်မုန့်၊ ပေါင်မုန့် စသည်တို့တွင်ပါဝင်သည့်ဆီများ ဖြစ်ပါသည်။
    ကမ္ဘာပေါ်တွင် စားအုန်းဆီ၊ ပဲပိစပ်ဆီ၊ နေကြာဆီ၊ မြေပဲဆီ၊ အုန်းဆီ၊ သံလွင်ဆီနှင့် မုန်ညင်းဆီ စသည့်စားသုံးဆီအမျိုးမျိုးကို သုံးစွဲလျက်ရှိသည့်အနက် အများဆုံးစားသုံးသည့်ဆီအမျိုးအစားမှာ စားအုန်းဆီ (Palm Oil) ဖြစ်ပြီး ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် မက်ထရစ်တန်ချိန် ၆၆.၉၃ သန်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ၇၂.၄၆ သန်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ၇၁.၉ သန်းရှိကြောင်းနှင့် အာဆီယံ အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ဆီထုတ်လုပ်တင်ပို့မှုကဏ္ဍ၌ ပိုမိုများပြားပြီး၊ ဒေသတွင်း စားသုံးမှုမှာ ထုတ်လုပ်တင်ပို့မှုထက်လျော့နည်းကြောင်း စာရင်းအင်းဆိုင်ရာ သုတေသနကုမ္ပဏီ ဖြစ်သည့် ဂျာမဏီနိုင်ငံအခြေစိုက် Statista ၏ ကိန်းဂဏန်းအချက်အလက်များအရသိရှိရပါသည်။
    ဆီစားသုံးရာတွင် ကျန်းမာရေးနှင့်ညီညွတ်စေရန် လူတစ်ဦးအတွက် တစ်နေ့လျှင် လ္ဘက်ရည်ဇွန်း (၆) ဇွန်းခန့် (၁.၈ ကျပ်သား)၊ တစ်လလျှင် ၅၄ ကျပ်သားသာ စားသုံးသင့်ကြောင်း The Health Site.com မှ သိရှိရပါသည်။ မြန်မာနိုင်ငံတွင် လူတစ်ဦးအတွက် စားသုံးဆီ စားသုံးမှုနှုန်းမှာ တစ်နေ့လျှင် ၂.၂၅ ကျပ်သား၊ တစ်လလျှင် ၆၈ ကျပ်သား စားသုံးနေကြောင်း သိရှိရကာ ပုံမှန်သုံးစွဲ သင့်သည့်ပမာဏထက် ပိုမိုသုံးစွဲနေသည်ကို လေ့လာတွေ့ရှိရပါသည်။
ဆီကိုစားသုံးသင့်သည့် ပမာဏထက် ကျော်လွန်စားသုံးခြင်းနှင့် အရည်အသွေးမပြည့်မီသည့် ဆီများ စားသုံးခြင်းတို့ဖြင့် နှလုံးရောဂါ၊ နှလုံးသွေးကြောပိတ်ရောဂါ၊ ဆီးချိုရောဂါ၊ သွေးတိုးရောဂါ၊ ကင်ဆာရောဂါ၊ အဝလွန်ခြင်း၊ အသည်းအဆီဖုံးခြင်း၊ လေဖြတ်ခြင်း စသည့် ကျန်းမာရေးဆိုင်ရာ ဆိုးကျိုးများစွာ ခံစားရစေပါသည်။ ထိုသို့ကျန်းမာရေးဆိုင်ရာဆိုးကျိုးများစွာ ခံစားလာရသည်နှင့်အမျှ စီးပွားရေး၊ လူမှုရေးဆိုင်ရာ ထိခိုက်မှုများကိုပါ တွေ့ကြုံစေနိုင်သောကြောင့် ဆီစားသုံးမှုကို အတတ်နိုင်ဆုံး လျော့ချစားသုံးသင့်ပြီး ကျန်းမာရေးနှင့်ညီညွတ်သော အရည်အသွေးပြည့်မီသည့်ဆီနှင့် ၎င်းဆီဖြင့်ပြုလုပ်ထားသည့် အစားအစာများကိုသာ ချင့်ချိန်စားသုံးသင့်ပါသည်။
    ဆီစားသုံးမှု လျှော့ချနိုင်ရေးအတွက် စားသုံးမှုပုံစံကို ပြောင်းလဲရန် လွန်စွာအရေးကြီးလှပါသည်။ ဆီကို လူတစ်ဦးစားသုံးသင့်သည့်ပမာဏသာ အသုံးပြုခြင်း၊ ဆီကုန်သက်သာစေသည့် ဟင်းလျာများချက်ပြုတ်စားသုံးခြင်း၊ အကြွပ်ကြော်အစားအစာများ ချက်ပြုတ်စားသုံးမှုမှ ရှောင်ကြဉ် ခြင်းတို့အပြင် ပြန်ကြော်ဆီကိုထပ်ခါထပ်ခါအသုံးပြုခြင်းသည် ကျန်းမာရေးကို ဆိုးရွားစွာထိခိုက် စေသည့်အတွက် ဆီကုန်သက်သာစေရန်ရည်ရွယ်ချက်ဖြင့် ဆီကိုထပ်ခါထပ်ခါအသုံးပြု၍ ကြော်ချက်ခြင်း မပြုလုပ်သင့်ပေ။ ဆီကိုဝယ်ယူသုံးစွဲရာတွင်လည်း ကုန်အညွှန်းအမှတ် အသား ပြည့်စုံပြီး ဆီထုပ်ပိုးမှုစနစ်မှန်ကန်သည့် Consumer Pack စနစ်ဖြင့် ထုပ်ပိုးရောင်းချသည့် စားသုံးဆီများကိုသာ ဝယ်ယူသုံးစွဲသင့်ပါကြောင်း အကြံပြုတိုက်တွန်းလိုက်ရပါသည်။
ITQM (DOCA H.O)
ရင်းမြစ်: မော်လမြိုင်ပြည်သူ့ဆေးရုံကြီးမှ အထွေထွေရောဂါကုဆရာဝန်မကြီးနှင့်အဖွဲ့ဝင်နှစ်ဦး တို့၏သုတေသနစာတမ်း(https://myanmar.mmtimes.com/news/119601.html)
https://www.statista.com/statistics/263937/vegetable-oils-global-consump...
https://www.thehealthsite.com/

စားသုံးဆီကိုတတ်နိုင်သမျှ လျှော့စားဖို့ ဘာကြောင့်လိုအပ်တာလဲ?

• စားသုံးဆီများတွင် အခြေခံအားဖြင့် ကျန်းမာရေးအရ သင့်တင့်စွာစားသုံးနိုင်သည့် မပြည့်ဝဆီများ၊ တတ်နိုင်သမျှလျှော့၍ စားသုံးသင့်သည့် ပြည့်ဝဆီများနှင့် လုံးဝမစားသုံးသင့်သော အသွင်ပြောင်းဆီများဟူ၍ (၃)မျိုးရှိသည်။
• မပြည့်ဝဆီသင့်တင့်စွာ စားသုံးခြင်းဖြင့် ခန္ဓာကိုယ်အတွက်ကောင်းမွန်သော သွေးတွင်းအဆီဓာတ်တို့ကို မြင့်တက်စေပြီး မကောင်းသောအဆီဓာတ်များအား လျှော့ချပေးခြင်းဖြင့် နှလုံးရောဂါနှင့် အမျိုးအစား (၂) ဆီးချိုရောဂါစသည့် မကူးစက်နိုင်သည့်ရောဂါများ ဖြစ်ပွားနိုင်ခြေကို လျှော့နည်းစေပါသည်။ (ဥပမာ – မြေပဲဆီ၊ နှမ်းဆီ၊ နေကြာဆီ၊ ငါးမှရသော ဆီများ)
• ပြည့်ဝဆီစားသုံးခြင်းကြောင့် မကောင်းသောသွေးတွင်းအဆီဓာတ်များ လွန်ကဲစွာမြင့်တက်စေ၍ အဝလွန်ခြင်း၊ အသည်းအဆီဖုံးခြင်း၊ သွေးကြောနံရံတွင် အဆီများကပ်ခဲ၍ သွေးကြောများကျဉ်းကာ နှလုံးသွေးကြောပိတ်ရောဂါနှင့် လေဖြတ်ခြင်းတို့ကို ဖြစ်စေနိုင်ပါသည်။ (ဥပမာ – စားအုန်းဆီ၊ ဆီကြော်အစားအစာများ၊ တိရစ္ဆာန်မှရသော အဆီများ)
• အသွင်ပြောင်းဆီသည် အစားအသောက်များ ပိုမိုတာရှည်ခံ၍ အရသာရှိစေရန် ပုံမှန်အသုံးပြုသောဆီတွင် ဟိုက်ဒရိုဂျင်ဓာတ်ထည့်ပေါင်းထားသော ဆီဖြစ်ပြီး ပြည့်ဝဆီစားသုံးခြင်း၏ ဆိုးကျိုးများအပြင် သွေးတွင်းဆီများကို ပိုမို၍တက်စေခြင်း၊ ကောင်းမွန်သော သွေးတွင်းအဆီ ဓာတ်ကိုကျစေခြင်းနှင့် ခန္ဓာကိုယ်တွင်း ရောင်ရမ်းမှုများ ဖြစ်စေခြင်းတို့ကြောင့် အထက်ဖော်ပြပါ ရောဂါများအပြင် အမျိုးအစား (၂) ဆီးချိုရောဂါကိုပို၍ ဖြစ်ပွားစေနိုင်ပြီး နောက်ဆက်တွဲဆိုးကျိုးများစွာ ခံစားရနိုင်ပါသည်။ (ဥပမာ – အသင့်စား အစားအစာများဖြစ်သည့် အာလူးကြော်၊ ကြက်ကြော်၊ ကိတ်မုန့်ပေါင်မုန့် စသည်တို့တွင် ပါဝင်သည့်ဆီ)
******ပြည့်ဝဆီများကို တတ်နိုင်သမျှလျှော့စား၍ အသွင်ပြောင်းဆီများ စားသုံးခြင်းကို လုံးဝရှောင်ကြဉ်ရမည်ဖြစ်ပါသည်*****
ရင်းမြစ် – ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန

ပြည်တွင်းဆန်စပါး ဝယ်ယူမှု၊ ဈေးကွက် အခြေအနေနှင့် မြန်မာ့ဆန် ပြည်ပတင်ပို့နိုင်မှု ကိစ္စရပ်များနှင့် စပ်လျဉ်းသည့် အစည်းအဝေးကျင်းပ

နေပြည်တော်၊ မတ် ၂၂
ပြည်တွင်း ဆန်စပါးဈေးကွက် အခြေအနေနှင့် ဝယ်ယူမှု အခြေအနေများ၊ မြန်မာ့ဆန် ပြည်ပတင်ပို့နေမှု အခြေအနေများနှင့် စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို (၂၂-၃ -၂၀၂၁) ရက်နေ့တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၌ Virtual Meeting စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပြီးအစည်းအဝေးသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညွန့်အောင်၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်းနှင့် မြန်မာနိုင်ငံ ဆန်စက် လုပ်ငန်းရှင်များ အသင်းတို့မှ တာဝန်ရှိသူများနှင့် ဆန်စပါးကဏ္ဍတွင် ပါဝင်ဆောင်ရွက် နေကြ သည့် Stakeholder များ တက်ရောက်ဆွေးနွေးကြပါသည်။
အစည်းအဝေးတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးက နိုင်ငံတော်အနေဖြင့် စိုက်ပျိုး၊ မွေးမြူရေးကို အခြေခံ၍ အခြားစီးပွားရေးကဏ္ဍများ တိုးတက်အောင် ဦးတည်ချက်များ ချမှတ်ဆောင်ရွက်လျက်ရှိရာ ဆန်စပါးကဏ္ဍ Supply Chain တလျောက် စဉ်ဆက်မပြတ်တိုးတက်မှုများ ဖြစ်ပေါ်စေရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ပုဂ္ဂလိက ကဏ္ဍမှ ပါဝင် ဆောင်ရွက်လျက်ရှိသူများ ဝိုင်းဝန်း၍ ပူးပေါင်းဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဥပဒေအရ ဆောင်ရွက်နေသည့် လုပ်ငန်းများ အောင်မြင်စေရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ကြဖို့ လိုပါကြောင်း ပြောကြားပါသည်။
ဆက်လက်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးက ပြည်တွင်း၌ မိုးစပါးနှင့် နွေစပါးစိုက်ပျိုးထွက်ရှိမှု အခြေအနေများ၊ ရိတ်သိမ်းမှု အခြေအနေများနှင့် သယ်ယူပို့ဆောင်မှု အခြေအနေများ၊ စပါးအထွက်နှုန်း တိုးတက်လာစေရေး အတွက် စက်မှုလယ်ယာစနစ်သို့ ကူးပြောင်းဆောင်ရွက်နိုင်ရေးနှင့် စိုက်ပျိုးရေ ပိုမိုရရှိစေရေး အတွက် ဆောင်ရွက်သွားမည့် အစီအစဉ်များ၊ ပြည်တွင်း ဆန်စပါး ဈေးကွက် ဖြစ်ပေါ်နေမှု အခြေအနေများနှင့် ဆန် ပြည်ပတင်ပို့ရာတွင် လိုအပ်သည့် အပင်ပိုးမွှား ရောဂါ ကာကွယ်ရေးဆိုင်ရာ ထောက်ခံချက်များ ထုတ်ပေးနေသည့် အစီအစဉ်များကို ဆွေးနွေး ပြောကြားပါသည်။
ဆက်လက်၍ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ G to G အစီအစဉ်ဖြင့် ဆန်တန်ချိန် (၁) သိန်း တင်ပို့ရောင်းချရေးနှင့် ပတ်သက်၍ လုပ်ငန်းများ အဆင်ပြေ ချောမွေ့စေ ရေးအတွက် Export Financing အနေဖြင့် ကျပ်ငွေ (၃၀) ဘီလီယံကို ချေးပေးခဲ့ပါကြောင်း၊ မြန်မာ Exporter များအနေဖြင့် နိုင်ငံတကာဆန်ဈေးကွက်ပြောင်းလဲမှု များကို မျက်ခြေမပြတ် လေ့လာကာ ကြိုတင်ပြင်ဆင်ထားရှိမှုများ ဆောင်ရွက်သင့်ပါကြောင်း၊ မြန်မာ့ဆန် ပြည်ပသို့ အရှိန်အဟုန်မပျက် တင်ပို့နိုင်ရေးအတွက် အစိုးရနှင့်ပုဂ္ဂလိက ပိုမိုပူးပေါင်းဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း ပြောကြားပါသည်။
ထို့နောက် တက်ရောက်လာကြသည့် အသင်းအဖွဲ့တာဝန်ရှိသူများ၊ Exporter များနှင့် လုပ်ငန်းရှင်များမှ လုပ်ငန်းများဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အခက်အခဲများကို ရှင်းလင်း တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်းဖြေရှင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
ပြည်တွင်း

ဂျုံရိုးခမောက်(ခေါ်)ဂျုံရိုးဦးထုပ်လုပ်ငန်း (Wheat Straw Hats)

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်၊ ငါးလုံးတင်ကျေးရွာရှိ ဂျုံရိုးခမောက်(ခေါ်)ဂျုံရိုးဦးထုပ်လုပ်ငန်းမှ တာဝန်ရှိသူအချို့ထံမှ လုပ်ငန်းလုပ်ငန်းမှုအခြေအနေများကို လေ့လာ၍ သုံးသပ်တင်ပြလိုက်ရပါသည်။ ဂျုံရိုးခမောက်လုပ်ငန်းသည် မြန်မာ့လက်မှုပညာများထဲတွင် တစ်ခုအပါအဝင်ဖြစ်ပါသည်။ ရှေးနှစ်ပေါင်းများစွာကတည်းကပင် မိရိုးဖလာလုပ်ငန်းအဖြစ် ဆောင်ရွက်ခဲ့ကြပြီး မြန်မာလူမျိုးများ နှစ်သက်စွာ အသုံးပြုခဲ့သော ဦးထုပ်တစ်မျိုးဖြစ်ပါသည်။ ချောင်းဦးမြို့နယ်၊ ငါးလုံးတင်ကျေးရွာအုပ်စုရှိ ငါးလုံးတင်ကျေးရွာ၊ မထိသာကျေးရွာနှင့် ဆင်မြေကျေးရွာများတွင် ဂျုံစိုက်ဧက (၂၀၀၀)ကျော်မှ ရရှိသော ဂျုံရိုးများကိုစုဆောင်း၍ ကြိုးကျစ်ခြင်းလုပ်ငန်းများကို ကျေးရွာသူ/သားများ အားလုံး လုပ်ကိုင်ကြပါသည်။ ငါးလုံးတင်ကျေးရွာတွင် ဂျုံရိုးခမောက် ထုတ်လုပ်သည့် လုပ်ငန်းရှင် (၇)ဦးခန့် ရှိပါသည်။
ဂျုံရိုးအဆစ်ချိုးခြင်းနှင့် အဆစ်ခွဲခြားခြင်း
ကုန်ကြမ်းဂျုံရိုးများကို အခြောက်လှန်း၍ သန့်စင်ပြီးပါက ဂျုံရိုးများကို သုံးဆစ်ချိုးယူ၍ အဆင့်အတန်း(၃)မျိုးခွဲခြားပါသည်။ ဂျုံရိုးတစ်ရိုး၏ အပေါ်ဆုံးအဆစ်သည် နူးညံ့သည့်အတွက် ဂျုံရိုး ဦးထုပ်အချောအတွက်လည်းကောင်း၊ အလယ်အဆစ်မှာ ဦးထုပ်ကြမ်းချောအတွက်လည်းကောင်း၊ နောက်ဆုံးအဆစ်မှာ ဦးထုပ်အကြမ်းအတွက်လည်းကောင်း အဆင့်ခွဲခြား၍ ဦးထုပ်(၃)မျိုး(၃)စား ထုတ်လုပ်ပါသည်။ ဂျုံရိုးအဆစ်များကို ကောင်း၊ သင့်၊ ညံ့ (၃)စားခွဲ၍ တစ်ပိဿာစည်းများ စည်းထားပါသည်။
ကြိုးကျစ်ခြင်း နှင့် ကုန်ချောထုတ်လုပ်ပုံအဆင့်ဆင့်
ဂျုံရိုး ဦးထုပ်တစ်လုံး ဖြစ်ပေါ်စေရန်အတွက် ပထမအဆင့်အနေဖြင့် ကုန်ကြမ်း ဂျုံရိုးကို ကျစ်ပင်စပိုင်းဖြစ်သော အပေါ်နှံကို ချိုးယူကြရပါသည်။ ကုန်ချောထုတ်လုပ်ပုံအဆင့်ဆင့်မှာ -
ချိုးပြီးသော ဂျုံရိုးများကို (၁၀)မိနစ်ခန့် ရေစိမ်ပြီးပါက ကြိုးကျစ်နိုင်ပါသည်။ (ရေစိမ်မှသာ ဂျုံရိုးများ ပျော့ပြောင်းသွားသည့်အတွက် ကြိုးကျစ်ရန် အဆင်ပြေမည်ဖြစ်ပါသည်) ဂျုံရိုးဦးထုပ် တစ်လုံးစာ အတွက် ကျစ်ကြိုးအရှည် အတောင်(၄၀)ခန့် လိုအပ်သည်။ (ဂျုံရိုး တစ်ပိဿာစည်း တစ်စည်းလျှင် ကျစ်ကြိုးအခွေ(၁၂)ခွေ ရရှိပါသည်) ကြိုးကျစ်ပြီးပါက ဆက်ထားသည့်ဂျုံရိုးတွင် ထွက်နေသည့် အစလေးများကို ကပ်ကြေးနှင့်ညှပ်ထုတ်ရပါသည်။ ဂျုံကျစ်ကြိုးကို ရေအနည်းငယ်စွတ်ပြီး အပ်ချုပ်စက် နှင့်ဂျုံရိုးဦးထုပ်များ ချုပ်ကြပါသည်။ (ကျား၊ မ၊ လူကြီး၊ လူငယ် မရွေး အသုံးပြုနိုင်သည့် ဒီဇိုင်း ပုံစံ (၇) မျိုးခန့် ချုပ်လုပ်ကြပါသည်) ချုပ်ပြီးဦးထုပ်များကို နေရောင်တွင် အချိန်အနည်းငယ် လှန်းပါသည်။ ဂျုံရိုး၏သဘာဝအရောင်သည် ညိုဝါရောင်ဖြစ်၍ ကန့်မှုန့်ကိုမီးရှို့ပြီး ပေါင်းခံအိုးနှင့် တစ်ည ပေါင်းခံကာ အရောင်ချွတ်လိုက်ပါက အဖြူရောင်သမ်းလာပါသည်။ အဖြူရောင်သမ်းနေသော ဦးထုပ်များကို နေရောင်ခြည်အောက်တွင် တစ်ရက်လှန်းပါသည်။ အချို့ဦးထုပ်များပေါ်ကို ဆေးရောင်စုံဖြင့် ပန်းအလှရေးဆွဲကြပါသည်။ နောက်ဆုံးအဆင့်အနေဖြင့် ဦးထုပ်မေးသိုင်းကြိုးတပ်ရန် ရိုက်သီးကွင်း ကလေးနှစ်ခု ရိုက်တပ်ပြီးပါက ဈေးကွက်သို့ တင်ပို့ရောင်းချရန် အသင့်ဖြစ်ပြီးဖြစ်ပါသည်။
ဈေးကွက်၊ ဈေးနှုန်းအခြေအနေ
ဂျုံရိုးဦးထုပ်တစ်လုံးလျှင် ဖောက်သည်ဈေးမှာ အရွယ်အစားအမျိုးမျိုးပေါ်မူတည်၍ ကျပ် (၁ဝဝဝ/- မှ ၂ဝဝဝ/- ကြား)ရရှိပြီး ဈေးဆိုင်များတွင် လက်လီရောင်းဈေးနှုန်းများမှာ ကျပ် (၁၅ဝဝ/-မှ ၄ဝဝဝ/-) ဈေးအသီးသီးဖြင့်ရောင်းချကြပါသည်။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း၊ ရန်ကုန်မြို့၊ မြစ်ကြီးနားမြို့၊ ပခုက္ကူမြို့၊ မြင်းခြံမြို့များသို့ အများဆုံးတင်ပို့ခြင်းနှင့် မြန်မာနိုင်ငံတစ်ဝှမ်းလုံးသို့ တစ်နှစ်ပတ်လုံးတင်ပို့ရောင်းချရာ လုပ်ငန်းရှင်တစ်ဦးလျှင် အလုံးရေ(၁)သိန်းကျော် ရောင်းချနိုင်ပါသည်။
အလုပ်အကိုင်အခွင့်အလမ်းများနှင့် လုပ်သားခပေးချေရမှု အခြေအနေ
ဂျုံရိုးကျစ်ခြင်းလုပ်ငန်းသည် လွယ်ကူပြီး ကျွမ်းကျင်စွာရက်လုပ်ပါက လူတစ်ဦးလျှင် တစ်ရက် ဦးထုပ်(၃/၄)လုံးစာ ရက်လုပ်နိုင်ပါသည်။ ကျစ်ကြိုးဈေးနှုန်းမှာ ဦးထုပ်တစ်လုံးစာ အတောင်(၄၀)ကို ကျပ်(၈၀၀ မှ ၁၀၀၀ ကြား) ပေးချေရပါသည်။ စက်ချုပ်ရာတွင် လှပသေသပ်သည့် ဦးထုပ်များရရှိရန် အမျိုးသမီးတစ်ဦး၏ ကျွမ်းကျင်မှုအရ တစ်ရက်လျှင် ဦးထုပ်လုံးရေ(၄၀/၅၀)ခန့် ချုပ်လုပ်နိုင်ပြီး စက်ချုပ်အလုပ်သမားတစ်ဦး တစ်ရက်လုပ်ခမှာ ကျပ်(၄၀၀၀/- မှ ၅၀၀၀/- ကြား) ရရှိပါသည်။ ဂျုံရိုးဦးထုပ် ထုတ်လုပ်သည့် လုပ်ငန်းရှင်တစ်ဦးသည် အလုပ်သမား (၁၅ဦး မှ ၂၀ဦးထိ) ငှားရမ်းလုပ်ကိုင်ပါသည်။
သုံးသပ်ချက်
ဂျုံရိုးခမောက်(ခေါ်) ဂျုံရိုးဦးထုပ်၏ အားသာချက်များမှာ ထုတ်လုပ်မှုစရိတ် သက်သာသော လက်မှုလုပ်ငန်းတစ်ခုဖြစ်ခြင်း၊ ရိုးရှင်းလှပပြီး ပေါ့ပါးခြင်း၊ အများပြည်သူဝယ်ယူနိုင်သည့် ဈေးနှုန်းဖြစ်ခြင်း၊ လူသုံးများသည့် ဈေးကွက်ဝင် ထုတ်ကုန်တစ်မျိုးဖြစ်ခြင်း၊ နေပူဒဏ်ကာကွယ်ပေးသော ပြည်တွင်းဖြစ် အသုံးအဆောင်တစ်မျိုးဖြစ်ခြင်း၊ အိမ်တွင်းလက်မှုလုပ်ငန်းဖြစ်ပြီး အလုပ်အကိုင်အခွင့်အလမ်းများ များစွာဖန်တီးပေးနိုင်ခြင်းတို့ကြောင့် အရင်းအနှီး၊ နည်းပညာနှင့်ဈေးကွက်စသည့် အထောက်အပံ့ကောင်းများပံ့ပိုးပေးနိုင်ပါက ကျေးလက်ဒေသ လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရန် များစွာ အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း သုံးသပ်တင်ပြလိုက်ရပါသည်။

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ