Main menu

HighLight News

Powered by Drupal

မြိတ်မြို့ပေါ်ရှိ Hass ထောပတ်သီးကောင်းကျိုးနှင့် စျေးနှုန်း

         မြန်မာနိုင်ငံ‌တောင်ပိုင်းမြိတ်မြို့ရှိ သစ်သီးစျေးကွက်များတွင် အရသာထူးခြားပြီး အာဟာရတန်ဖိုးမြင့်မားသော Hass ထောပတ်သီးများကို စားသုံးသူများ၏ စိတ်ဝင်စားမှုမြင့်တက်လာသဖြင့် အရောင်းအဝယ်များ တဖြည်းဖြည်းသွက်လက်လာကြောင်း သိရပါသည်။ Hass ထောပတ်သီးသည် အခြားထောပတ်သီးမျိုးများနှင့် မတူဘဲ အသီးအခွံထူပြီး မှည့်လာချိန်တွင် အစိမ်းရောင်မှ ခရမ်းနက်ရောင်သို့ ပြောင်းလဲသွားသည်။ Hass ထောပတ်သီးကို ရှမ်းပြည်နယ်၊ တောင်ကြီးမြို့မှ သယ်ယူလာပြီး မြိတ်မြို့ပေါ်ရှိ စူပါမားကတ်များ၊ သစ်သီးဆိုင်များတွင် ရောင်းချလျက်ရှိပြီး စားသုံးသူများ ကြိုက်နှစ်သက်ကြကြောင်း သိရသည်။

      ထောပတ်သီးသည် ကင်ဆာရောဂါအချို့ကိုကာကွယ်နိုင်ပြီး ကင်ဆာဆဲလ်များ စတင်ဖြစ်ပေါ်လာတဲ့အခြေအနေကို တားဆီးနိုင်ပြီး ကင်ဆာဆဲလ်တွေ ပြန့်ပွားနိုင်ခြေကိုလည်း ကာကွယ်ပေးနိုင်သည့်အပြင် ကိုယ်အလေးချိန်များသူတွေ၊ အဝလွန်သူတွေနဲ့ ပြုလုပ်ခဲ့တဲ့ သုတေသနမှာ နေ့လယ်စာစားပြီးချိန် ထောပတ်သီးတစ်ဝက်ကို စားပေးခြင်းဖြင့် ၃ နာရီကနေ ၅ နာရီလောက် ထိအဆာခံနိုင်သည့်အပြင် သွေးတွင်းသကြားဓာတ်ကိုလည်း ငြိမ်အောင်ထိန်းပေးနိုင်ကြောင်း သိရှိရပါသည်။

        Hass ထောပတ်သီးကို ရှမ်းပြည်နယ်၊ တောင်ကြီးမြို့မှ သယ်ယူလာပြီး မြိတ်မြို့ပေါ်ရှိ စူပါမားကတ်များ၊ သစ်သီးဆိုင်များတွင် ရောင်းချလျက်ရှိပြီး စားသုံးသူများကြိုက်နှစ်သက်ကြပါသည်။ Hass ထောပတ်သီးကိုယခင်လက တစ်ကီလိုလျှင်(၈၀၀၀)လောက်ထိရောင်းချကြ‌သော်လည်း ယခုသြဂုတ် လပထမပတ်တွင် ‌ထောပတ်သီးတစ်ကီလိုလျှင် (၅၈၀၀) ကျပ်ဖြင့်သာရောင်းချနေကြောင်း သစ်သီးရောင်းချသူထံမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)

၂၀၂၆ ခုနှစ်၊ ဇူလိုင်လအတွင်း ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်နိုင်မှုအခြေအနေ

        စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှုဖြင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာထည့်သွင်းဖော်ပြထားခြင်း ရှိ/ မရှိ၊ စားသုံးသူများ နေ့စဉ်အသုံးပြုလျက်ရှိသော ကုန်စည်နှင့်ဝန်ဆောင်မှုများဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရမှုရှိစေရန် ရည်ရွယ်၍ လစဉ်သတ်မှတ်ထားသော ဦးစားပေးကုန်စည်အမျိုးမျိုးနှင့် အခြားကုန်စည်များကို သတ်မှတ်စံချိန်စံညွှန်းများ၊ ညွှန်ကြားချက်များနှင့် ကိုက်ညီ မှုရှိ/ မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိပြီး ဝန်ဆောင်မှုလုပ်ငန်းများနှင့်စပ်လျဉ်း၍ ကွင်းဆင်းစောင့်ကြည့်စစ်ဆေးမှုများကိုလည်း ဆောင်ရွက်လျက်ရှိပါသည်။ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် မိတ်ဘက်ဌာနဆိုင်ရာများဖြစ်သော မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍လည်းကောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေအရ ခန့်အပ်ထားသော စစ်ဆေးရေးအရာရှိများက ဦးဆောင်၍သော်လည်းကောင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

         ပခုက္ကူခရိုင်အနေဖြင့် ဇူလိုင်လအတွင်း ဒု-ခရိုင်ဦးစီးမှူးမှ ဦးဆောင်၍ ထုတ်ကုန်လုံခြုံစိတ်ချရမှု ဌာနခွဲတာဝန်ခံနှင့် ဝန်ထမ်းများသည် စားသုံးဆီအမျိုးမျိုးအား ဦးစားပေးကုန်စည်အဖြစ် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာထည့်သွင်းဖော်ပြထားခြင်း ရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ပခုက္ကူမြို့တွင် ရောင်းချလျက်ရှိသော ကုန်စုံဆိုင်နှင့်စတိုးများတွင် ကုန်စည်များ၌ ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာထည့် သွင်းဖော်ပြထားခြင်းရှိ/မရှိ(၁)ကြိမ်၊ ဆိပ်ဖြူမြို့တွင်(၁)ကြိမ်၊ ဂန့်ဂေါမြို့တွင် (၁)ကြိမ်၊ ပခုက္ကူမြို့နှင့်ဆိပ်ဖြူမြို့တွင် စားသုံးဆီအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း(၂)ကြိမ်၊ ဈေးကွက်မရောက်မီ ကြက်သွန်ကြော်နှင့် ကိတ်မုန့်၊ ဆီကြော်မုန့်ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင်များထံသို့ ကွင်းဆင်းဆောင်ရွက်ခြင်းအား ပခုက္ကူမြို့မှ(၂)ကြိမ်၊ စုစုပေါင်းဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်း(၅)ကြိမ်၊ အထူးဈေးကွက်အနေဖြင့် စားသုံးဆီ၊ စက်သုံးဆီနှင့်ဆေးဝါးများအား သတ်မှတ်ရည်ညွှန်းဈေးများနှင့် အချဉ်အတွယ်မှန်ကန်မှုရှိစေရန် မိတ်ဖက်ဌာနများနှင့် ပူးပေါင်းဆောင်ရွက် ကွင်းဆင်းခဲ့ပြီး ဌာန၏ဥပဒေ၊ အမိန့်နှင့်ညွှန်ကြားချက်ပါ အကြောင်းအရာများကို အသိပညာ ပေးဆွေးနွေးပြီး ကုန်အညွှန်းအမှတ်အသားနှင့်စပ်လျဉ်း၍ ကုန်အမှတ်တံဆိပ် (၄)ခု၊ အမျိုးအစား ပေါင်း(၃၅)များအား ကုန်အညွှန်းအမှတ်အသားစိစစ်ခွင့်ပြုချက်လျှောက်ထားမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

     ထို့ပြင် အွန်လိုင်းမှတ်ပုံတင်ခြင်းဆိုင်ရာများနှင့်စပ်လျဉ်း၍ ပခုက္ကူမြို့ပေါ်ရှိ အွန်လိုင်းစနစ်ဖြင့် ရောင်းချနေသော ယခင်အွန်လိုင်းမှတ်ပုံတင်ထားသည့်လုပ်ငန်းရှင်များအား အွန်လိုင်းစနစ်ဖြင့်ရောင်းချသည့် လုပ်ငန်းဆိုင်ရာအမိန့်ကြော်ငြာစာများ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များနှင့်ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်များသိရှိစေရန် အသိပညာပေးခြင်းနှင့် အွန်လိုင်းစနစ် ဖြင့်ရောင်းချနေသော လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ အွန်လိုင်းမှတ်ပုံတင်ရန်အတွက် လိုအပ်သည့် အချက်အလက်များအား အသေးစိတ်ရှင်းလင်းဆွေးနွေးခြင်း၊ အစားအသောက်ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ မိတ်ဖက်ဌာနများနှင့် ပူးပေါင်း၍  စားသောက်ဆိုင်များသို့ ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ပခုက္ကူခရိုင်နှင့် ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လအတွင်း လုပ်ငန်းရှင်များနှင့်တွေ့ဆုံခြင်း ဆောင်ရွက်နိုင်မှုအခြေအနေ

       စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေ ပြဌာန်းချက်ပါ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ထည့်သွင်းဖော်ပြလာခြင်းဖြင့် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းပြီး ဈေးကွက်များပိုမို ရရှိစေရန်ရည်ရွယ်၍ လုပ်ငန်းရှင်တွေ့ဆုံခြင်းများကို စဉ်ဆက်မပြတ် ကွင်းဆင်းအသိပညာပေးလျက်ရှိကြောင်း သိရသည်။

       ပခုက္ကူခရိုင်အနေဖြင့် ဇူလိုင်လအတွင်း စားသုံးသူရေးရာဌာနခွဲ တာဝန်ခံနှင့် ဝန်ထမ်းများသည် ပခုက္ကူမြို့၊ အမှတ်(၁၄)ရပ်ကွက်ရှိ ခါဂျာမုန့်၊ အသားတုကြော်နှင့် ကိတ်မုန့်/ပေါင်မုန့် ထုတ်လုပ်သည့် စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံမှု(၃)ကြိမ် အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

      ဆိပ်ဖြူမြို့နယ်တာဝန်ခံအနေဖြင့် ဆိပ်ဖြူမြို့၊ ယောဝရပ်ကွက်ရှိ ပဲချောင်းကြော်နှင့် ရေလယ်ကျွန်းကျေးရွာရှိ မုန့်မျိုးစုံထုတ်လုပ်သည့်လုပ်ငန်းရှင်များထံသို့ တွေ့ဆုံမှု(၂)ကြိမ် အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

        ဂန့်ဂေါခရိုင်၊ မြို့နယ်တာဝန်ခံအနေဖြင့် စည်ပင်သာယာရပ်ကွက်ရှိ  အိမ်သုံးဆေးဝါးမျိုးစုံ ရောင်းချသည့်လုပ်ငန်းရှင်နှင့် တွေ့ဆုံမှု(၁)ကြိမ်ဆောင်ရွက်ပြီး ပခုက္ကူခရိုင်(၅)ကြိမ်နှင့် ဂန့်ဂေါခရိုင် (၁)ကြိမ် စုစုပေါင်း လုပ်ငန်းရှင်တွေ့ဆုံမှု (၆)ကြိမ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ပခုက္ကူခရိုင်နှင့် ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လအတွင်း စားသုံးသူကာကွယ်ရေး အသိပညာပေးခြင်း ဆောင်ရွက်နိုင်မှုအခြေအနေ

       စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် စားသုံးသူများ စားသုံးသူကာကွယ်ရေးဥပဒေအား သိရှိလိုက်နာစေရေး၊ အခွင့်အရေးနှင့်တာဝန်များအားသိရှိပြီး ဘေးအန္တရာယ်ကင်းရှင်းစေရန် ရည်ရွယ်၍ စဉ်ဆက်မပြတ် အသိပညာပေးဆောင်ရွက်လျက်ရှိသည်။

      ပခုက္ကူခရိုင်အနေဖြင့် ဇူလိုင်လအတွင်း ခရိုင်ဦးစီးမှူး ဦးဝေဠုအောင် ဦးဆောင်၍ ဒု-ခရိုင် ဦးစီးမှူး၊ စားသုံးသူရေးရာဌာနခွဲတာဝန်ခံ၊ ပခုက္ကူမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည်  အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း၊ အ.မ.က(၄)ကျောင်းနှင့် ခရိုင်မီးသတ်ဦးစီးဌာနတွင် ခရိုင်/ မြို့နယ် ဦးစီးမှူးနှင့် ဝန်ထမ်းများအား အသိပညာပေးခြင်း၊ ဆိပ်ဖြူမြို့နယ်အနေဖြင့် သံဇလုံကျေးရွာရှိ အ.လ.က ကျောင်းနှင့် ရေလယ်ကျွန်းကျေးရွာရှိ (အ.မ.က)ကျောင်းများတွင် အသိပညာပေးခြင်း၊ ဂန့်ဂေါခရိုင်အနေဖြင့် ဂန့်ဂေါမြို့၊ (အ.ထ.က)ကျောင်းတွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဆွေးနွေးခဲ့ပြီး ပခုက္ကူ ခရိုင်မှ (၅)ကြိမ်နှင့်ဂန့်ဂေါခရိုင်မှ(၁)ကြိမ်၊ စုစုပေါင်း(၆)ကြိမ် ဟောပြောဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

မြိတ်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်သည့် တောင်သူများအား မြန်မာ့ရေနံနှင့်ဓါတုဗေဒလုပ်ငန်းမှထုတ်လုပ်သည့် ယူရီးယားဓါတ်မြေသြဇာများကို သက်သာသောစျေးနှုန်းဖြင့် ဖြန့်ဖြူးပေးအပ်ပွဲ အခမ်းအနားသို့ စားသုံးသူရေးရာဦးစီးဌာနမှ တက်‌ရောက်

          ၂၀၂၆ ခုနှစ်၊ သြဂုတ်လ၊ ၅ ရက်နေ့၊ ၁၃း၀၀ နာရီအချိန်တွင် မြိတ်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်သည့် မြိတ်မြို့နယ်၏ ၂၀၂၆ ခုနှစ်၊ မိုးစပါးစိုက်အကျိုးဆောင်တောင်သူများအား မြန်မာ့ရေနံနှင့်ဓါတုဗေဒလုပ်ငန်းမှထုတ်လုပ်သည့် ယူရီးယားဓါတ်မြေသြဇာများကို သက်သာသော စျေးနှုန်းဖြင့်ဖြန့်ဖြူးပေးအပ်ခြင်းနှင့် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ (GAP) အသိအမှတ်ပြုလက်မှတ်ပေးအပ်ခြင်း အခမ်းအနားအား ကျင်းပပြုလုပ်ခဲ့ရာ စားသုံးသူရေးရာဦးစီးဌာနနှင့် သက်ဆိုင်ရာဌာနဆိုင်ရာများမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြောင်း သိရသည်။

          အဆိုပါ ဖွင့်ပွဲအခမ်းအနားတွင် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် သဘာဝပတ်ဝန်းကျင်ရေးရာကော်မတီဝင်၊ လွှတ်တော်ကိုယ်စားလှယ်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး တောင်သူများအား သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများမှ တက်ရောက်လာကြာသော တာဝန်ရှိသူများမှ ယူရီးယားဓါတ်မြေသြဇာများပေးအပ်ခြင်း၊ စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်ကောင်းများ (GAP) အသိအမှတ်ပြုလက်မှတ်ပေးအပ်ခြင်းများအား ဆောင်ရွက်ခဲ့ကာ အခမ်းအနားအောင်မြင်စွာ ပြီးမြောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

မြိတ်မြို့ရှိ စားသုံးသူပြည်သူများအား ရောင်းချမည့်စားအုန်းဆီများ ရောက်ရှိလာမှုအား စစ်ဆေးခြင်း

       ၂၀၂၆ ခုနှစ်၊ သြဂုတ်လ ၄ ရက်နေ့၊ ၁၅း၀၀ နာရီအချိန်တွင် မြိတ်မြို့၊ ရွှေပြည်တန်ရပ်ကွက်ရှိ မြိတ်အဝေးကားဝင်းသို့ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ စီစဥ်မှုဖြင့် Global Good Pure Group Co,Ltd တင်ပို့ရောင်းချသည့် စားအုန်းဆီ ၁ ပေပါလျှင် ၁၁၀ ပိဿာပါ စားအုန်းဆီ (၇၀)ပေပါ၊ Padauk War Co,Ltd မှ(၅၀)ပေပါတို့အား ယာဥ်‌မောင်းဦးရဲကိုကို ယာဥ်အမှတ် 5R-6364 MAN အမျိုးအစားယာဥ်ဖြင့်လည်းကောင်း၊  Mahar Bhone Lat Yone Co,Ltd စားအုန်းဆီ(၈၀) ပေပါအား ယာဥ်‌မောင်း ဦးကိုကိုဝင်း ယာဥ်အမှတ် 4N-3529 MAN အမျိုးအစားယာဥ်ဖြင့်လည်းကောင်း တင်ဆောင်၍အသီးအသီး ရောက်ရှိလာရာ မြိတ်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများမှ သွားရောက်စစ်ဆေးပြီး ရောက်ရှိလာသောစားအုန်းဆီစုစုပေါင်း (၂၀၀) ပေပါအား ကုမ္ပဏီ၏ လက်ကားအ​ရောင်း ကိုယ်စားလှယ်မှတစ်ဆင့် မြိတ်မြို့ရှိ ဒေါ်တင်တင်မြတ်၏ Top Trading ကုန်စုံဆိုင်အပါအဝင် လက်လီဆိုင် ၄၄ ဆိုင်မှတစ်ဆင့် သတ်မှတ်ရည်ညွှန်းစျေးအတိုင်း စားသုံးသူများအား ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

မြိတ်ခရိုင်ဦးစီးမှူးမှ မြိတ်ခရိုင်ရွှေလုပ်ငန်းရှင်များအသင်းနှင့် တွေ့ဆုံဆွေးနွေးခြင်း

         ၂၀၂၆ ခုနှစ်၊ သြဂုတ်လ၊ ၃ ရက်နေ့၊ ၁၀း၀၀ နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမတွင် ခရိုင်ဦးစီးမှူးဦးဆောင်၍ မြိတ်မြို့၊ မြိတ်ခရိုင်ရွှေလုပ်ငန်းရှင်များအသင်းအား အွန်လိုင်းရောင်းချမှုဆိုင်ရာများနှင့်စပ်လျဥ်း၍ အသိပညာပေးရှင်းလင်းဆွေးပွဲအား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

       အဆိုပါဆွေးနွေးပွဲတွင် ခရိုင်ဦးစီးမှူးမှ နှုတ်ခွန်းဆက်သခြင်းနှင့် စီးပွားရေးလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များအကြောင်း ရှင်းလင်းဆွေးနွေးခြင်း၊ လုပ်ငန်းရှင်များအနေဖြင့် မိမိတို့ရောင်းချလုပ်ကိုင်သည့် ကုန်စည်များ၊ လုပ်ငန်းများ၊ ဝန်ဆောင်မှုများအား Online Social Media အသုံးပြု၍ ကြော်ငြာခြင်း၊ ရောင်းချခြင်းများပြုလုပ်ပါက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အွန်လိုင်းမှတ်ပုံတင်စနစ် www.ecomreg.gov. mm တွင် အွန်လိုင်းမှတ်ပုံတင်လျှောက်ထားဆောင်ရွက်ပြီးမှသာလျှင် ရောင်းချရန်လိုအပ်ကြောင်း၊ မှတ်ပုံတင်လက်မှတ်လျှောက်ထားရာတွင် လိုအပ်သည့်အချက်အလက်များ၊ လျှေက်ထားပုံနည်းလမ်းများအား ရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကာ  မှတ်ပုံတင်လက်မှတ်မရှိဘဲ အွန်လိုင်းမှရောင်းချနေမှုများအား ဥပဒေပြဌာန်းချက်များနှင့်အညီ အရေးယူဆောင်ရွက်ရမည်ဖြစ်သဖြင့် အွန်လိုင်းမှရောင်းချမှုများအား မှတ်ပုံတင်ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

မြိတ်မြို့ စားသုံးဆီဖြန့်ဖြူး‌ရောင်းချမှုနှင့် ပတ်သက်၍ မြိတ်ခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းနှင့် တွေ့ဆုံဆွေးနွေးခြင်း

          ၂၀၂၆ ခုနှစ်၊ သြဂုတ်လ၊ ၁ ရက်နေ့၊ ၁၃း၀၀ နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူုးရုံးတွင် ခရိုင်ဦးစီးမှူးမှ စားသုံးဆီဖြန့်ဖြူးရောင်းချမှုနှင့် ပတ်သက်၍ မြိတ်ခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

     အဆိုပါ တွေ့ဆုံဆွေးနွေးရာတွင် ခရိုင်ဦးစီးမှူးမှအဖွင့်အမှာစကားပြောကြားခြင်းနှင့် လက်ကားကိုယ်စားလှယ်များမှ ဆီကန်များမှဆီထုတ်ယူမှုအခြေအနေများ၊ ဆီကားရောက်ရှိမှု အခြေအနေများ၊ လက်လီဆိုင်များများသို့ဆီဖြန့်ခွဲမှုများ၊ လက်လီဆိုင်များမှ စားသုံးဆီများအား ဖြန့်ဖြူးရောင်းချမှုစနစ်များ၊ ရည်ညွှန်းသတ်မှတ်စျေးနှုန်းများအပေါ် ၂% အမြတ်ထက်မပိုဘဲရောင်းချသွားရန်၊ အရည်အသွေးပမာဏ ပြည့်စုံမှန်ကန်မှုရှိစေရေး၊ နေ့စဥ်ရောင်းချမှုစျေးနှုန်းများအား ဗီနိုင်းဖြင့်ဖော်ပြထားရှိရန်၊ ရောင်းချမှုအခြေအနေများအား စာရင်းထားရှိတင်ပြသွားရန် စသည့်ကိစ္စများနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသူများမှ သိရှိလိုသည်များအား မေးမြန်းဆွေး‌နွေးခဲ့ကာ တွေ့ဆုံဆွေးနွေးပွဲအား အောင်မြင်စွာရုတ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ဓနုဖြူမြို့နယ်ရှိ Gasifier လုပ်ငန်းနှင့် ဆန်စက်များအား ကွင်းဆင်းစစ်ဆေး

         (၃၁-၇-၂၀၂၆) ရက်နေ့တွင် မအူပင်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများသည် ဓနုဖြူမြို့နယ်အတွင်းရှိ Gasifier လုပ်ငန်း (ဦးတေဇာမင်း) နှင့် J ဝင်းဆန်စက်၊ မြဉ္ဇူဆန်စက် (ဒေါ်သူဇာလင်း) တို့သို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

      ကွင်းဆင်းစစ်ဆေးရာတွင် Gasifier လုပ်ငန်း၏ လည်ပတ်ဆောင်ရွက်နေမှုအခြေအနေ၊ စပါးခွံ လောင်စာအသုံးပြုမှု၊ ထုတ်လုပ်သည့် ဓာတ်ငွေ့စနစ်၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေနှင့် စက်ကိရိယာများ လုံခြုံစိတ်ချစွာ အသုံးပြုနေမှုတို့ကို လေ့လာစစ်ဆေးခဲ့ကြောင်း သိရသည်။

       ထို့အပြင် J ဝင်းဆန်စက်နှင့် မြဉ္ဇူဆန်စက်တို့တွင် စပါးဝင်ရောက်ကြိတ်ခွဲမှု၊ ဆန်ထုတ်လုပ်မှု၊ ဆန်နှင့် စပါးလက်ကျန်အခြေအနေများ၊ လုပ်ငန်းလည်ပတ်နေမှုနှင့် MyRo စနစ်တွင် လစဉ်စာရင်းများကို အချိန်နှင့်တစ်ပြေးညီ မှန်ကန်စွာ ဖြည့်သွင်းထားရှိမှုအခြေအနေများကို စိစစ်စစ်ဆေးခဲ့ကြောင်း သိရသည်။

         စစ်ဆေးမှုအတွင်း လုပ်ငန်းရှင်များအား စာရင်းဇယားများကို တိကျမှန်ကန်စွာထားရှိရေး၊ ကုန်စည်စီးဆင်းမှုနှင့် လက်ကျန်အခြေအနေများကို မှန်ကန်စွာတင်ပြရေး၊ သက်ဆိုင်ရာဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ လုပ်ငန်းများကို စနစ်တကျဆောင်ရွက်ကြရန် အသိပညာပေး လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ညောင်တုန်းမြို့နယ်၌ MyRo စနစ်ဖြင့် ဆန်၊ စပါးလက်ကျန်စာရင်းများကို လစဉ်ကြပ်မတ်ဆောင်ရွက်လျက်ရှိ

       ညောင်တုန်းမြို့နယ်အတွင်း ဆန်၊ စပါးလက်ကျန်အခြေအနေများကို တိကျမှန်ကန်စွာ စာရင်းကောက်ယူနိုင်ရေးနှင့် စားနပ်ရိက္ခာဖူလုံမှုအခြေအနေများကို စဉ်ဆက်မပြတ် စောင့်ကြည့်နိုင်ရေးအတွက် MyRo စနစ်ဖြင့် မှတ်ပုံတင်ထားသည့် လုပ်ငန်းရှင်များ၏ ဖြည့်သွင်းထားသော စာရင်းများကို မြို့နယ်စားသုံးသူရေးရာဦးစီးဌာနက လစဉ် ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

       (၃၁-၇-၂၀၂၆) ရက်နေ့အထိ MyRo စနစ်၌ ဖြည့်သွင်းထားသော စာရင်းများအရ တောင်သူများထံတွင် စပါး ၁,၆၃၄,၀၈၀ တင်းနှင့် ဆန် ၁,၇၀၀ အိတ်၊ စက်ပိုင်များထံတွင် စပါး ၃၇၉,၈၂၃ တင်းနှင့် ဆန် ၂၈၀,၄၃၃ အိတ်၊ ကုန်သည်များထံတွင် စပါး ၁၀၀,၂၀၀ တင်းနှင့် ဆန် ၁,၃၀၀ အိတ်၊ ဆန်ဆိုင်များတွင် ဆန် ၅,၂၀၀ အိတ်ရှိကြောင်း စာရင်းများအရ သိရသည်။

       ထို့ကြောင့် ညောင်တုန်းမြို့နယ်အတွင်း စုစုပေါင်း စပါး ၂,၁၁၄,၁၀၃ တင်းနှင့် ဆန် ၂၈၈,၆၃၃ အိတ် လက်ကျန်ရှိကြောင်း MyRo မှတ်ပုံတင်လုပ်ငန်းရှင်များ၏ (၃၁-၇-၂၀၂၆) ရက်စွဲဖြင့် ဖြည့်သွင်းထားသည့် စာရင်းများအရ ဖော်ပြထားကြောင်း သိရသည်။

         မြို့နယ်စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် MyRo စနစ်တွင် လုပ်ငန်းရှင်များက စာရင်းများကို အချိန်နှင့်တစ်ပြေးညီ မှန်ကန်စွာဖြည့်သွင်းနိုင်ရေး၊ ဆန်နှင့် စပါးလက်ကျန်အခြေအနေများကို စဉ်ဆက်မပြတ် စောင့်ကြည့်နိုင်ရေးနှင့် လစဉ်စာရင်းများကို တိကျမှန်ကန်စွာ ပြုစုတင်ပြနိုင်ရေးအတွက် သက်ဆိုင်ရာလုပ်ငန်းရှင်များအား ကြပ်မတ်လမ်းညွှန် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - HighLight News