Main menu

HighLight News

Powered by Drupal

အွန်လိုင်းငွေကြေးသုံးစွဲရာတွင် သတိပြုလိုက်နာရမည့်အချက်များ အသိပညာပေး TALK SHOW ဆောင်ရွက်

            စားသုံးသူကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် လိုက်လျောညီထွေမှုရှိစေရန် သင်ခန်းစာများ၊ လူထုဆက်သွယ်ရေးနည်းလမ်းများမှတစ်ဆင့် အသိပညာပေးခြင်း၊ www.doca.gov.mm Website မှတစ်ဆင့် အသိပညာပေးခြင်းနှင့် စားသုံးသူများသို့ တိုက်ရိုက်အသိပညာပေးခြင်းစသော နည်းလမ်းများဖြင့်အသိပညာပေးဆောင်ရွက်လျက်ရှိရာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် လူထုဆက်သွယ်ရေးနည်းလမ်းဖြစ်သော Talk Show အစီအစဉ်ကို (၉.၂.၂၀၂၆) ရက်နေ့ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် အင်္ဂပူမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စားသုံးသူများအနေဖြင့် အွန်လိုင်းငွေကြေးဝန်ဆောင်မှုလုပ်ငန်းများ သုံးစွဲရာတွင် သတိပြုလိုက်နာသင့်သည့် အချက်များအား အသိပညာပေး Talk Show အစီအစဉ်ကို ဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါအစီအစဉ်တွင် အငယ်တန်းစာရေး ဒေါ်ခင်သီရိပြည့်စုံက စားသုံးသူများအနေဖြင့် အွန်လိုင်းငွေကြေးဝန်ဆောင်မှုလုပ်ငန်းများ သုံးစွဲရာတွင် ဘဏ်အကောင့်အချက်အလက်များ၊ Debit/ Credit ကတ်၊ ဘဏ် ကတ်နံပါတ်များနှင့် ဒီဂျစ်တယ်ငွေလွှဲဝန်ဆောင်မှု လုပ်ငန်းများ၏ လုပ်ငန်းစဉ် နံပါတ်၊ OTP နှင့် PIN တို့ကို မည်သူတစ်ဦးတစ်ယောက်ကိုမှ မျှဝေခြင်းမပြုရန်၊ ဘဏ်လုပ်ငန်းနှင့်ဝန် ဆောင်မှုလုပ်ငန်းတို့၏ Call Centerနှင့် အပြာရောင်(Blue Mark) ရရှိထားသည့် Facebook Page တို့ တွင်သာ မိမိတို့သိရှိလိုသည့် အ‌ကြောင်းအရာများကို ဆက်သွယ်မေးရန်နှင့် ဘဏ်လုပ်ငန်း သို့မဟုတ် ငွေလွှဲဝန်ဆောင်မှုလုပ်ငန်းတို့၏ ဝန်ထမ်းအဖြစ်ဟန်ဆောင်၍ အခြားဖုန်းနံပါတ်များဖြင့်  ခေါ်ဆိုလာပါက ကိုယ်ရေးအချက်အလက်များ၊ ငွေလွှဲအချက်အလက်များကို အသိပေးပြောကြားခြင်းမပြုကြပါရန်  စားသုံးသူရေးဦးစီးဌာနမှတိုက်တွန်းနှိုးဆော်ထားပါကြောင်း အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA  (ဧရာဝတီ)

ရန်ကင်းမြို့နယ်ရှိ Online Shop  ရောင်းချနေမှုနှင့်စပ်လျဉ်း၍  မှတ်ပုံတင်မြေပြင်စစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ ဒေါ်မိုးမိုးကြည်နှင့်ဝန်ထမ်းများသည် အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းများ မှတ်ပုံတင်လက်မှတ် စိစစ်ထုတ်ပေးခြင်း၊ မြေပြင်လုပ်ငန်းနှင့် မှတ်ပုံတင်ထားရှိမှုကိုက်ညီမှုရှိ/ မရှိ၊ လုပ်ငန်းလိပ်စာ မှန်ကန်မှုရှိ/ မရှိကို (၂၆.၂.၂၀၂၆) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ရန်ကင်းမြို့နယ် အလှကုန်ပစ္စည်းများ အွန်လိုင်းမှတ်ပုံတင်လျောက်ထားခြင်းနှင့်စပ်လျဉ်း၍  မြေပြင်စစ်ဆေးခြင်းဆိုင်ရာအချက်အလက်များ ကိုက်ညီမှုရှိ/ မရှိကို စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိက လုပ်ငန်းရှင်များကို ဆွေးနွေးရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေနဲ့ စားသုံးသူများကိုအကာအကွယ်ပေးရန်နှင့် e-Commerce လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် အွန်လိုင်းစနစ်နဲ့ရောင်းချခြင်းလုပ်ငန်းများ ကို အရေးကြီးကုန်စည်ဝန်ဆောင်မှုအဖြစ် သတ်မှတ်ပြီး လုပ်ငန်းမှတ်ပုံတင်လက်မှတ်များကို ခွင့်ပြုထုတ်ပေးလျက်ရှိကြောင်း၊ e-Commerce Registration စနစ်မှတစ်ဆင့် လျှောက်ထားလာသော အွန်လိုင်းစနစ်နဲ့ရောင်းချခြင်းလုပ်ငန်းမျာ၏ လျှောက်လွှာများနှင့် သက်တမ်းတိုးသော လျှောက်လွှာများကို သက်ဆိုင်ရာတာဝန်ရှိသူများက အချက်အလက်မှန်ကန်မှု ရှိ/ မရှိ မြေပြင်ကွင်းဆင်းစစ်ဆေးပြီးမှသာ Online Sale လုပ်ငန်းမှတ်ပုံတင်လက်မှတ်များ ထုတ်ပေးသွားမှာဖြစ်ကြောင်းပြောကြားခဲ့ပြီး အလှကုန်လုပ်ငန်းဖြစ်သည့်အတွက် စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း၁၁၊ ပုဒ်မ ၂၃ ပါ စီးပွားရေးလုပ်ငန်းရှင်၏ အာမခံချက်များပါ အချက်အလက်များကိုလည်း ကောင်းစားသုံးသူကာကွယ်ရေးဥပဒေပါ  အခန်း(၁၈)ရှိ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သတ်၍ အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုများအား ကွင်းဆင်းစစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိနှင့် ဝန်ထမ်းများ၊ ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီမှ ဦးဇေယျာမင်းကြည်၊ အကြီးတန်း စာရေးပါ(၂) ဦး တို့မှ ပူးပေါင်းပါဝင်လျက် (၄.၃.၂၀၂၆)ရက်နေ့ နံနက်(၁၀:၃၀)နာရီအချိန်တွင် လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်ရှိ ဒဂုံဧရာအဝေးပြေးအတွင်းရှိ ခရီးသည်သယ်ယူပို့ဆောင်ရေး ယာဉ်လိုင်းများသို့ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

        ထိုသို့ဆောင်ရွက်ခဲ့ရာတွင် ခရီးသည်ပို့ဆောင်မှုအခြေအနေများ၊ ကုန်စည်တန်ဆာများ ပေးပို့မှုအခြေအနေနှင့် စပ်လျဉ်း၍ အဝေးပြေးယာဉ်လိုင်းများအား ကြီးကြပ်စစ်ဆေးခြင်း၊  အများသုံးသယ်ယူပို့ဆောင်ရေးမော်တော်ယာဉ်များကို သက်ဆိုင်ရာဌာနများမှ ထုတ်ပြန်ထားသောစည်းမျဉ်းစည်းကမ်းများကို လိုက်နာဆောင်ရွက်ခြင်းရှိ/ မရှိ၊ ခရီးသည်ပို့ဆောင်မှုနှင့် ကုန်စည်တန်ဆာပေးပို့ရေး၊ ဝန်ဆောင်မှုတို့ကို အသုံးပြုသည့်စားသုံးသူများအနေဖြင့် အခြေခံလိုအပ်ချက်များကို စိတ်ကျေနပ်မှုရှိစေရေး၊ နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက ဖြေရှင်းဆောင်ရွက်ပေးခြင်းကို စစ်ဆေးခဲ့ပြီး တာဝန်ခံအား ခရီးသည်နှင့်ကုန်ပစ္စည်းတန်ဆာများကို စားသုံးသူများ၏ လိုအပ်ဆန္ဒနှင့်အညီ လုံခြုံချောမွေ့စွာဖြင့် ပို့ဆောင်ပေးရန်၊ ဝန်ဆောင်မှုတို့ကို အသုံးပြုသည့် စားသုံးသူများအနေဖြင့် အခြေခံလိုအပ်ချက်အပေါ် စိတ်ကျေနပ်မှုရှိစေရေး ဆောင်ရွက်ပေးရန် ယာဉ်အန္တရာယ်ကင်းရှင်းစေရေးအတွက် သက်ဆိုင်ရာဌာနများမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်၊ အမိန့်များသေချာစွာလိုက်နာဆောင်ရွက်ခြင်းရှိ/ မရှိကို စစ်ဆေးပြီးမှသာ မော်တော်ယာဉ်အား ထွက်ခွာခွင့်ပြုရန် အသိပညာပေးဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

အွန်လိုင်းစနစ်ဖြင့် မှတ်ပုံတင်ခြင်းဆိုင်ရာ အသိပညာပေးဟောပြောခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ  ဒေါ်မိုးမိုးကြည်သည် (၂၃-၂-၂၀၂၆)ရက်နေ့၊ နံနက်(၁၁:၃၀)နာရီချိန်တွင် မြောက်ဒဂုံမြို့နယ်အတွင်းရှိ အွန်လိုင်းမှတ်ပုံတင်လျောက်ထားခြင်းနှင့် စပ်လျဉ်း၍ မြောက်ဒဂုံမြို့နယ်၊ Green United Green Energy Co.Ltd ၌ အွန်လိုင်းအသိပညာပေးဟောပြောခြင်းပြုလုပ်ခဲ့ပါသည်။

          ထိုသို့ ဟောပြောရာတွင် စားသုံးသူ၏အဓိပ္ပာယ်၊ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းအဓိပ္ပါယ်၊ အွန်လိုင်းစနစ်ဖြင့်ရောင်းချသူများအနေဖြင့် မှတ်ပုံတင်လျှောက်ထားရန်အတွက် ကုမ္မဏီဖြစ်ပါက ကုမ္ပဏီမှတ်ပုံတင်လက်မှတ်ရောင်းချမည့် ဆိုင်လိပ်စာမှန်ကန်ကြောင်း ရပ်ကွက်ထောက်ခံစာနှင့် ရဲစခန်ထောက်ခံစာ၊ လိုင်စင်ဓါတ်ပုံ၊ Online Sale Owner၏ မှတ်ပုံတင်၊ နေထိုင်ကြောင်းလိပ်စာမှန်ကန်ကြောင်း၊ ရပ်ကွက်ထောက်ခံစာ၊ ရဲစခန်းထောက်ခံစာ၊ Online Sale Lago များ ပြင်ဆင်ထားရန်လိုအပ်ကြောင်း Online Sale လျှောက်ထားရာတွင် email သို့မဟုတ် Mobile Phone Number ဖြင့် Sing Up (Register) ပြုလုပ်၍ဆောင်ရွက်ရ မည်ဖြစ်ကြောင်း၊ အွန်လိုင်းစနစ်ဖြင့်မှတ်ပုံတင်နိုင်ကြောင်းနှင့်  www.eComreg.gov.mm  မှတဆင့် မှတ်ပုံတင်လျောက်ထားနိုင်ကြောင်း၊ Online Shopping မှတ်ပုံတင်လျှောက်ထားခြင်းမရှိပဲ Online မှ ‌ရောင်းဝယ်မှုများပြုလုပ်ခြင်းများတွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ၊ ပုဒ်မ (၅)အရ အရေးယူခံရမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြား၍ ဆွေးနွေးပွဲသို့တက်ရောက်လာသူများအနေဖြင့် အွန်လိုင်းစနစ်ကိုကိုယ်တိုင်လုပ်ကိုင်ခြင်း မရှိပါကလည်း မိမိတို့ပတ်ဝန်းကျင်၌ လုပ်ကိုင်ဆောင်ရွက်သူများရှိပါက အသိပေးပြောကြားရန်လိုအပ်ကြောင်း၊ ယခုအခါအွန်လိုင်း စနစ်ဖြင့်ရောင်းချနေသော စားသောက်ကုန်၊ လူသုံးကုန်၊ ဝန်ဆောင်မှုစသည်တို့မှာများစွာရှိကြောင်း၊ အွန်လိုင်းစနစ်ကိုမှတ်ပုံတင်ခြင်းအားဖြင့် လုပ်ငန်းလုပ်ကိုင်သူနှင့်ဝယ်ယူစားသုံးသူနှစ် ဦးနှစ်ဖက်လုံခြုံစိတ်ချရမှုရှိမည်ဖြစ်ကြောင်း အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း သိကောင်းစရာ အသိပညာပေး Talk Show

      စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်ခိုင်ရွှေ၊ ဒုကြီးကြပ်ရေးမှူးသည် (၂၁.၂.၂၀၂၆) ရက်နေ့ နေ့လယ် (၁၃:၃၀) နာရီအချိန်တွင် ရွှေပြည်သာမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စားသုံးသူကာကွယ် ရေးဥပဒေအကြောင်း သိကောင်းစရာအသိပညာပေး Talk Show အစီအစဉ်ကို ဆောင်ရွက်ခဲ့ပါသည်။

      အဆိုပါ အစီအစဉ်တွင် ဒေါ်ခိုင်ရွှေ၊ ဒုကြီးကြပ်ရေးမှူးက စားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၉ ခုနှစ်၊ မတ်လ (၁၅)ရက်နေ့၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ်(၉)ဖြင့် ပြဌာန်းခဲ့ပြီး အခန်း(၂၅)ခန်းနှင့်ပုဒ်မ(၈၄)ခုပါဝင်ကြောင်း၊ စားသုံးသူကာကွယ်ရေးနည်းဥပဒေကို ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၁၈)ရက်နေ့ ပြဌာန်းခဲ့ကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၉)တွင် ပြဌာန်းထားသည့် စားသုံးသူအခွင့်အရေး(၈)ချက်နှင့် စားသုံးသူ၏တာဝန်များကိုလည်းကောင်း၊ သုံးသူကာကွယ်ရေးဥပဒေအခန်း(၁၈) တွင် စီးပွားရေးလုပ်ငန်းရှင်သည် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ သိသာထင်ရှားစွာ ဖော်ပြရမည့်အချက်(၈)ချက်ကို အသေးစိတ်ရှင်းလင်းပြောကြားခြင်း၊ စားသုံးသူကာကွယ်ရေး ဥပဒေသည် စားသုံးသူများကို ကာကွယ်ပေးခြင်းနှင့်လုပ်ငန်းရှင်များကို ထိန်းကြောင်းပေးသည့် ဥပဒေတစ်ခုဖြစ်ပါကြောင်း၊ ပြည်သူတိုင်းသည်စားသုံးသူများဖြစ်ပြီး စားသုံးသူတိုင်းမှာ စားသုံးသူ အခွင့်အရေးများရှိကြောင်း၊ စားသုံးသူအခွင့်အရေးနစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့် နည်းလမ်းများ၊ Call Center နံပါတ်(1535)သို့လည်း သိလိုသည်များ မေးမြန်းဆောင်ရွက်နိုင်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပါကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

Colgate သွားတိုက်ဆေးထုတ်လုပ်သည့်လုပ်ငန်းခွင်သို့ ကွင်းဆင်းလေ့လာ

       စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိများ၊ စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးမှ ဦးသိန်းကို၊ အကြီးတန်းစာရေးနှင့် စက်မှုဇုန်ကော်မတီရုံးမှ တာဝန် ရှိသူတို့သည် ပူးပေါင်းပါဝင်လျက် (၂၃.၂.၂၀၂၆) ရက်နေ့ နေ့လယ် (၁၂:၂၅) နာရီအချိန် အမှတ် (၁၀၁)၊ ချယ်ရီလမ်း၊ စက်မှုဇုန် (၁)၊ ရွှေပြည်သာမြို့နယ်ရှိ Colgate သွားတိုက်ဆေး လုပ်ငန်းရှင်ထံတွေ့ဆုံပြီး ထုတ်လုပ်ဖြန့်ဖြူးရောင်းချနေမှုအား တွေ့ဆုံမေးမြန်းကွင်းဆင်းလေ့လာခဲ့ပါသည်။

         တာဝန်ခံ ဦးအောင်ထွေးစိုးက Colgate သွားတိုက်ဆေးလုပ်ငန်းမှ ထုတ်လုပ်သော အမှတ်တံဆိပ်များမှာ Max Fresh (Green & Blue)၊ Super Strong၊ Double Cool Stripe နှင့် လေဆာသွား တိုက်ဆေးများကို (၄၀)ဂရမ်မှ (၁၈၀)ဂရမ်ထိ ဗူးသေး၊ ဗူးကြီးထုတ်လုပ်ကာ တစ်ရက်ထုတ်လုပ်မှုပမာဏမှာ (၂၄)တန်ထုတ်လုပ်ပြီး တစ်လလျှင် ပျမ်းမျှတန် (၇၀၀) ထုတ်လုပ်ကာ မြန်မာပြည်အနှံ့ အပြားဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း၊ ဝန်ထမ်းအင်အားမှာ ကျား(၈၄)ဦး၊ မ (၄၉) ဦး စုစုပေါင်း(၁၃၃) ဦးဖြင့် လုပ်ငန်းအဆက်မပြတ်လုပ်ကိုင်နေကြောင်း ကွင်းဆင်းလေ့လာချက်အရ သိရှိရပါသည်။

DOCA(ရန်ကုန်)

ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးနှင့် MSME လုပ်ငန်းဖွံ့ဖြိုး‌ရေးGold Delta ဆန်စက် သို့ကွင်းဆင်းခြင်း

          ဧရာဝတီတိုင်းဒေသကြီး၊  ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာ၀န်ခံနှင့်၀န်ထမ်းတို့သည်"Gold Delta"ဆန်စက်အား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိ‌စေရေးနှင့်MSME လုပ်ငန်းဖွံ့ဖြိုး‌ရေးအတွက်ကွင်းဆင်းလေ့လာ စီစစ်ခြင်းကို (၉.၂.၂၀၂၆) ရက်နေ့၊ နေ့လည်(၁၂:၀၀)တွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

        ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် Gold Deltaဆန်စက်တာ၀န်ခံနှင့်တွေ့ဆုံ၍ ဆန်စက်ကြိတ်ခွဲ ထုတ်လုပ်မှုအဆင့်ဆင့်အကြောင်းနှင့် ထွက်ရှိလာသောဆန်များကို ရန်ကုန်ဈေးကွက် သို့တင်ပို့ခြင်း၊ ဆန်/ စပါးဈေးနှုန်းဈေးကွက်အခြေအနေများ၊ ဆန်စက်မှထွက်ရှိလာသောဆန်များကို ရန်ကုန်ဘုရင့်နောင် ဈေးကွက်မှသည် အရည်အသွေးမြင့်ကုန်စည်အဖြစ် တိုးတက်ထုတ်လုပ်၍ ပြည်ပပို့ကုန်အထိ တိုးမြှင့်ဆောင်ရွက်နိုင်ရန် နည်းလမ်းကောင်းများကိုဆွေးနွေးပြီး လုပ်ငန်းရှင်တို့၏ ကုန်စည်အပေါ် အာမခံချက်ပေးနိုင်ခြင်းနှင့် စပ်လျဉ်၍ ဆွေးနွေးခြင်း၊ လုပ်ငန်းရှင်လိုက်နာရမည့်တာဝန်၊ တားမြစ်ချက်များ၊ ပြစ်မှုနှင့် ပြစ်ဒဏ်များအကြောင်းများကို အပြန်အလှန်ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ဒေးဒရဲမြို့နယ် အ.ထ.က(ခွဲ) လေးအိမ်ကုန်းအခြေခံပညာအထက်တန်းကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြော

  ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်စားသုံးသူ‌ရေးရာဦးစီးဌာနမှ မြို့နယ်တာ၀န်ခံနှင့် ၀န်ထမ်းတို့သည်(၅-၂-၂၀၂၆)ရက်နေ့၊ နံနက်(၀၉:၄၅)နာရီအချိန်တွင် အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် ပူးပေါင်း၍ အ.ထ.က(ခွဲ)လေးအိမ်ကုန်း အခြေခံပညာအထက်တန်းကျောင်းတွင် စားသုံးသူကာကွယ် ရေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
           အဆိုပါ အသိပညာပေး ဟောပြောပွဲတွင် ဒေးဒရဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးမှ ကျောင်းသား၊ ကျောင်းသူများအား စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉) အရ စားသုံးသူအခွင့်အရေးနှင့် တာဝန်များအကြောင်းအားလည်းကောင်း၊ ကုန်စည်များအား အွန်လိုင်းမှဝယ်ယူအသုံးပြုရာတွင် အွန်လိုင်းစနစ်ဖြင့် ရောင်းချသူများ(Online Sales) မှတ်ပုံတင်ပြီးသော Pageများတွင်သာ ဝယ်ယူအသုံးပြုကြရန်၊  အွန်းလိုင်စနစ်ဖြင့် ကုန်စည်များရောင်းချခြင်းမျိုးရှိပါက eComReg System (
https://www.ecomreg.gov.mm)တွင် မှတ်ပုံတင်နိုင်ကြောင်းနှင့် အွန်လိုင်းစနစ်ဖြင့် မှတ်ပုံတင်ရန်နည်းလမ်းများ၊ မှတ်ပုံတင်ရာတွင် ပူးတွဲတင်ပြရမည့်အချက်များ၊ မှတ်ပုံတင်မည့်သူများ သိရှိလိုက်နာရမည့်စည်းကမ်းချက်များ၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း(Online Sales)လုပ်ငန်း မှတ်ပုံတင်(အသစ်) လျှောက်ထားရမည့် လုပ်ငန်းစဉ် အဆင့်ဆင့်များကို ရှင်းလင်း‌‌ပြောကြားခဲ့ပြီးအွန်လိုင်းရောင်းချသူများ လိုက်နာဆောင်ရွက်ခြင်းမရှိပါက အရေးကြီးကုန်စည် ဝန်ဆောင်မှု ဥပဒေအရ အရေးယူခံရနိုင်ကြောင်းများအား ရှင်းလင်းဟောပြောရာ အဆိုပါ အခမ်းအနားသို့ ဆရာ/ဆရာမနှင့် ကျောင်းသား/ကျောင်းသူစုစုပေါင်း(၁၁၀)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ပြန်ဆက်ရုံးတွင် စာဖတ်ပြည်သူများအား စားသုံးသူကာကွယ်ရေးဟောပြော

          ဖျာပုံခရိုင်၊ဒေးဒရဲမြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာ၀န်ခံသည် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌စာဖတ်ပြည်သူ(၁၀)ဦးအားစားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ဖေဖော်ဝါရီလ(၅)ရက်နေ့၊‌ နေ့လယ်(၁၂:၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
           အဆိုပါ‌ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမြို့နယ်တာ၀န်ခံမှ စားသုံးသူများ၏ အခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များ၊ စီမံခန့်ခွဲရေးအရအရေးယူခြင်း၊ စားသုံးသူ၏အဓိပ္ပါယ်နှင့် စီးပွားရေးလုပ်ငန်းရှင်များ၏ အဓိပ္ပါယ်၊ အကျိုးစီးပွားကို ကာကွယ်ပေးနိုင်ရန်အတွက် စားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၉ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့တွင် အတည်ပြုပြဋ္ဌာန်းခဲ့ကြောင်းနှင့်  စားသုံးသူအခွင့်အရေး (၈)ချက်အကြောင်းအရာများ၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာများ၊ စားသုံးသူထိခိုက်နစ်နာလျှင် တိုင်ကြားနိုင်မည့် နည်းလမ်းများ၊ အွန်လိုင်းစျေးရောင်းချမှုနှင့် ပတ်သက်၍ သုံးစွဲသူများ သိရှိရမည့်အကြောင်းအရာများကို ရှင်းလင်းဆွေးနွေး ဟောပြောခဲ့ကြောင်းသတင်းရရှိပါသည်။ 

DOCA(ဧရာဝတီ)

ကျေးရွာဆီကော်မတီဝင်များအား ဆွေးနွေးပြောကြား

              ဖျာပုံခရိုင်ဦးစီးမှူးရုံး၊ စားသုံးသူရေးရာဦးစီးဌာနတွင် ၂၀၂၆ခုနှစ်၊ဖေဖော်ဝါရီလ (၆) ရက်နေ့၊ နေ့လယ် (၁၃:၀၀)နာရီအချိန်တွင် ခရိုင်ဦးစီးမှူးက ကျေးရွာရှိ စားအုန်းဆီကော်မတီ အဖွဲ့ဝင်များအား ဆွေးနွေးမှာကြားခဲ့ပါသည်။

          အဆိုပါတွေ့ဆုံပြောကြားရာတွင် “ဖျာပုံတမံ” ကျေးရွာအုပ်စုရှိ ပြည်သူများသက်သာသော ဈေးနှုန်းဖြင့် စာအုန်းဆီဖြန့်ဖြူးရောင်းချနိုင်ရေးအတွက်   ကျေးရွာအတွင်း ရှိအိမ်ထောင်စု ဝင်အားလုံး စားသုံးဆီရရှိစေ‌ရေး၊  သတ်မှတ်ညွှန်ကြား ပေးသောဈေးနှုန်းအတိုင်း ရောင်းချစေရေး၊ အလေးချိန် အချိန်အတွယ် မှန်ကန်မှုရှိစေရေးနှင့် ပြည်သူများထံသို့ရောင်းချနေမှုတို့အား ဓာတ်ပုံမှတ်တမ်းများ ပေးပို့ရန်ပြောကြားခဲ့ပြီး ကျေးရွာရှိစားသုံးဆီ ကော်မတီအဖွဲ့ဝင်များအား လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - HighLight News