HighLight News

Powered by Drupal

ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့်အရည်အသွေးစီမံခန့်ခွဲမှုဌာနစုရှိ ဓာတ်ခွဲခန်းများအား အကျိုးတူပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် စိတ်ဝင်စားမှုအဆိုပြုလွှာ (Expression of Interest -EOI) ခေါ်ယူခြင်း

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန လက်အောက်ရှိ ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေးစီမံခန့်ခွဲမှုဌာနစုသည် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ကျွန်းကလေးကျေးရွာ၊ ရန်ကုန်-ပဲခူးလမ်းမကြီးဘေးတွင် တည်ရှိပါသည်။

          ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေးစီမံခန့်ခွဲမှုဌာနစုရှိ ဓာတ်ခွဲခန်းများမှ ပြည်ပ သို့ တင်ပို့သည့် လယ်ယာထွက်ကုန်သီးနှံများနှင့် ပြည်တွင်း၊ ပြည်ပမှ ထုတ်လုပ်တင်သွင်းသည့် စားသုံးဆီများ၏ အရည်အသွေးများအား ဓာတ်ခွဲစမ်းသပ်စစ်ဆေး၍ ရလဒ်များအား  Test Report ထုတ်ပေးလျက်ရှိပြီး နိုင်ငံတကာအသိအမှတ်ပြုလက်မှတ်(ISO/ IEC 17025) ရရှိရေး၊ ပို့ကုန်သွင်းကုန် များအား ဓာတ်ခွဲစမ်းသပ်စစ်ဆေးရာတွင် အထောက်အကူဖြစ်စေရေးနှင့်  စီးပွားဖြစ် တွက်ချေကိုက်မှု ရှိစေရေး (Commercialization) တို့အတွက် ပြည်တွင်းလုပ်ငန်းရှင်များနှင့် Joint Operation စနစ် ဖြင့် အကျိူးတူပူးပေါင်းဆောင်ရွက်ရန် စီစဉ်လျက်ရှိပါသည်။

          သို့ပါ၍ စိတ်ပါဝင်စားသည့် ကုမ္ပဏီများ အနေဖြင့် စိတ်ဝင်စားမှုအဆိုပြုလွှာ (EOI) ပုံစံကို www.doca.gov.mm တွင် download ရယူ၍  ၂၀၂၆ ခုနှစ်၊ သြဂုတ်လ (၃၁) ရက်နေ့ ရုံးချိန်အတွင်း  နောက်ဆုံးထား၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရုံးအမှတ် (၅၂)၊ နေပြည်တော်သို့ လိပ်မူ၍လည်းကောင်း၊ အီးမေးလ် itqmconsumer@gmail.com သို့လည်းကောင်း ပေးပို့လျှောက်ထားနိုင်ပါသည်။

စိတ်ဝင်စားမှုအဆိုပြုလွှာ (EOI)  နှင့်အတူပူးတွဲ တင်ပြရမည့်ကုမ္ပဏီဆိုင်ရာ အထောက်အထားများ

          (က) လုပ်ငန်းဆောင်ရွက်ရန် စိတ်ပါဝင်စားကြောင်းကို တိကျသေချာစွာ ဖော်ပြ၍ ဆောင်ရွက် မည့် လုပ်ငန်းစီမံချက် (Work Plan ၊ Budget Plan) နှင့်အတူ အကြောင်းကြားစာ

          (ခ)   သက်တမ်းရှိ ကုမ္ပဏီမှတ်ပုံတင်လက်မှတ်

          (ဂ)   အဆိုပြုကုမ္ပဏီသည် ပြည်တွင်းကုမ္ပဏီဖြစ်ရန်နှင့် နည်းပညာအရ ပူးပေါင်းဆောင်ရွက် မည့် ပြည်ပကုမ္ပဏီ ရှိပါက ယင်းကုမ္ပဏီ၏ အချက်အလက်များ (ပူးတွဲဖြင့် တင်ပြရန်)

          (ဃ) ရင်းနှီးမြှုပ်နှံလိုသည့်ကုမ္ပဏီ၏ လုပ်ငန်းအတွေ့အကြုံ (ပြည်တွင်းရှိ အစိုးရဌာန၊ အဖွဲ့ အစည်းနှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည့် အတွေ့အကြုံရှိပါက ယင်းဌာန၊ လုပ်ငန်းအဖွဲ့ အစည်း၏ ထောက်ခံချက်၊ ပြည်ပတွင် ဆောင်ရွက်ခဲ့သည့် အတွေ့အကြုံရှိပါက ယင်း အထောက်အထားများကို ပူးတွဲဖြင့် တင်ပြရန်)

          (င)   ရင်းနှီးမြှုပ်နှံလိုသည့်ကုမ္ပဏီ၏ ဘဏ္ဍာရေးအခြေအနေနှင့်သက်ဆိုင်သည့် အထောက် အထားများ (ယခင် ၃ နှစ်အတွင်း လက်မှတ်ရ စာရင်းစစ်အဖွဲ့က စာရင်းစစ်ဆေးထား သည့် အစီရင်ခံစာ)

          (စ)   ကုမ္ပဏီနှင့် ဆက်သွယ်ဆောင်ရွက်နိုင်ရန်အတွက် Contact Person အမည်၊ ရာထူး၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်၊ လိပ်စာ၊ ဖုန်းနံပါတ်နှင့် Email လိပ်စာ

                  (အသေးစိတ်သိရှိလိုပါက ဖုန်း-၀၆၇-၃၄၃၀၄၅၉၊ ၀၆၇-၃၄၃၀၅၁၀)

 

 

 

စားသုံးသူရေးရာဦးစီးဌာန

မြင်းမူမြို့၊ “ချမ်းသာ” ဆီစက်နှင့်ဆီရောင်းဝယ်ရေးလုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေး

            စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်တာဝန်ခံသည် ၂၀၂၆ခုနှစ်၊ အောက်တိုဘာလ ၁၅ရက်နေ့တွင် မြင်းမူမြို့၊ အောင်ဇေယျရပ်ရှိ “ချမ်းသာ” ဆီစက်လုပ်ငန်းရှင် နှင့်တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

         ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် မြင်းမူမြို့နယ်တာဝန်ခံက စားသုံးသူကာကွယ်ရေးဥပ‌ဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များ၊ ဥပဒေအခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ဥပ‌‌ဒေအခန်း(၁၁)ပါ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းဆိုင်ရာ အချက်အလက်များကို ရှင်းလင်းပြောကြားခဲ့ပြီး မန္တလေးမြို့ရှိ Mandaly Global Network Distribution Co;Ltd စားအုန်းဆီကုမ္ပဏီမှ ခွဲတမ်းရရှိသော စားအုန်းဆီများကို ရပ်ကွက်/ကျေးရွာနေပြည်သူများသို့ ဖြန့်ဖြူးရောင်းချရာတွင် ရည်ညွှန်းဈေးအပေါ်တွင် ၂% အမြတ်ပေါင်း၍ ရောင်းချရန်နှင့် ၎င်းဈေးနှုန်းထက်ကျော်လွန်၍ ရောင်းချခြင်းမပြုရန် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

စစ်ကိုင်းမြို့၊ နန္ဒဝန်ရပ် “တီလေး” စားသောက်ကုန်လုပ်ငန်းအား ဈေးကွက်စောင့်ကြည့်

   စားသုံးသူကာကွယ်ရေးဥပ‌ဒေပါ တားမြစ်ချက်များအား ဖောက်ဖျက်မှုရှိ/ မရှိနှင့် ကုန်အညွှန်းအမှတ်အသားပါ အချက်အလက်၊ ကြော်ငြာ၊ ကမ်းလှမ်းချက်၊ အရောင်းမြှင့်တင်ခြင်းတွင် ပါဝင်သောအချက်အလက်များ ကိုက်ညီမှုရှိ/ မရှိ ဈေးကွက်စောင့်ကြည့်ရက် ညွှန်ကြားချက်အရ ၂၀၂၆ခုနှစ်၊ အောက်တိုဘာလ ၁၂ရက်နေ့တွင် စစ်ကိုင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး(၃)ဦးတို့သည် စစ်ကိုင်းမြို့၊ နန္ဒဝန်ရပ်ရှိ “တီလေး” အဆင့်မြင့် ဂျုံခေါက်ဆွဲစက်ရုံသို့ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရသည်။

     ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့မှုတွင် “တီလေး” အဆင့်မြင့်ဂျုံခေါက်ဆွဲ စားသောက်ကုန်လုပ်ငန်းမှ ထုတ်လုပ်သည့်  “တီလေး” ဂျုံခေါက်ဆွဲထုပ်(၈၀၀)ဂရမ် ကုန်စည်များကို အမျိုးအစားအား စစ်ဆေးခဲ့ရာ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်က ထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)နှင့်အညီ ကိုက်ညီမှုရှိကြောင်း စိစစ်တွေ့ရှိရပါသည်။ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူက စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အချက်အလက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ဥပဒေအခန်း(၁၁)ပါ ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံချက်ပေးခြင်းဆိုင်ရာ အချက်အလက်များ ရှင်းလင်းပြောကြားခဲ့ပြီး အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းနှင့် စပ်လျဉ်း၍ အသိပညာပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်၌ စားအုန်းဆီကားရောက်ရှိမှုနှင့် လက်လီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

       စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန ကန့်ဘလူခရိုင်မှ တာဝန်ခံဦးမျိုးဝင်းသန်းသည် ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက် နံနက်ပိုင်းက ကန့်ဘလူမြို့နယ် ဆီကိုယ်စားလှယ်၏ စားအုန်းဆီကားရောက်ရှိမှုနှင့် စားအုန်းဆီ လက်လီအရောင်းဆိုင်များအား   အချိန်အတွယ်မှန်ကန်မှု ရှိ/ မရှိ၊ ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချခြင်းရှိ/ မရှိအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

       ကန့်ဘလူမြို့နယ်၌ ပြည်သူများအား သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် စားအုန်းဆီများ ရောင်းချပေးလျက်ရှိရာ  လက်လီအရောင်းဆိုင်များမှ စားအုန်းဆီကို ရည်ညွှန်းဈေးနှုန်းနှင့် ၂% အမြတ်တို့ဖြင့်  အိမ်ထောင်စုတစ်စု(စာအုပ်တစ်အုပ်)လျှင် (၁)ပိဿာနှုန်းဖြင့် ရောင်းချပေးလျက်ရှိ ကြောင်း၊ သယ်ယူပို့ဆောင်ရေး လမ်းခရီးအခြေအနေအရ ဆီရောက်ရှိမှုအပေါ်မူတည်၍ အိမ်ထောင် စုတစ်စု(စာအုပ်တစ်အုပ်)လျှင် သတ်မှတ်ထားသည့် (၂)ပိဿာနှုန်းပြည့်မီအောင် ဆက်လက်ရောင်းချ ပေးသွားမည်ဖြစ်ကြောင်း လက်လီအရောင်းဆိုင်များထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကိတ်မုန့်၊ ပေါင်မုန့်လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး

        ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ( ၁၅ )ရက်နေ့၊ နံနက်( ၁၁:၀၀ )နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံး အစည်းအဝေးခန်း၌ မုံရွာမြို့ပေါ်ရှိ ကိတ်မုန့်၊ ပေါင်မုန့်  ထုတ်လုပ်ဖြန့်ဖြူးရောင်းချနေသော မြတ်ကိတ် လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏( ၂/၂၀၁၉ )ပါ ကုန်အညွှန်းအမှတ်အသား သတ်မှတ်ချက်များနှင့် စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးခြင်းဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။            

     ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူး ဒေါ်မိုးသီတာလင်းမှဦးဆောင်၍ ဝန်ထမ်း(၃)ဦးတို့သည်က ကိတ်မုန့်၊ ပေါင်မုန့်များ ထုတ်လုပ်ဖြန့်ဖြူးရောင်းချရာတွင် အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သက်တမ်းကုန်ဆုံးရက်၊ ထုတ်လုပ်ရက်စွဲ၊ ပါဝင်ပစ္စည်းများပါဝင်ခြင်းရှိ/ မရှိနှင့် မြန်မာဘာသာဖြင့် မဖြစ်မနေဖော်ပြရန်လိုအပ်ပါကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များသည် မိမိတို့ထုတ်လုပ်ထားသော ကိတ်မုန့်၊ ပေါင်မုန့်များအား စားသုံးသူများစားသုံးရာတွင် ဘေးအန္တရာယ် ကင်းရှင်းစေရေးအတွက် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသား သတ်မှတ်ချက်များနှင့် ကိုက်ညီမှု ရှိ/ မရှိ စားသုံးသူ ရေးရာဦးစီးဌာနတွင် တင်ပြလျှောက်ထားရမည်ဖြစ်ကြောင်း၊ ကုန်အညွှန်းအမှတ် အသား သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိမှသာ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချရမည်ဖြစ်ကြောင်း၊ ထုတ်လုပ်သည့်ရက်စွဲနှင့် သတ်တမ်း ကုန်ဆုံးသည့်ရက်စွဲများကို ကုန်စည်တွင်‌ ‌‌‌ဖော်ပြရာ၌ ထပ်ပိုးလွှာ၊ ထပ်ပိုးကပ်လွှာ( Sticker ) ဖြင့် ကပ်နှိပ်ဖော်ပြရန် သီးခြား ခွင့်ပြုထားခြင်းမရှိကြောင်း၊ ကုန်စည်တွင် တိုက်ရိုက်ရိုက်နှိပ်ခြင်း သို့မဟုတ် ပုံသွင်းခြင်းဖြင့်သာ ဖော်ပြရန်ဖြစ်ကြောင်း၊ ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်အထိ အသိပညာပေးကာလအဖြစ် သတ်မှတ်ထားကြောင်း၊ နိုဝင်ဘာလ ၃၀ ရက်နောက်ပိုင်းတွင် လိုက်နာ ဆောင်ရွက်ရန်အားနည်းသော သို့မဟုတ် လိုက်နာရန်ပျက်ကွက်သော ကုန်စည်နှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ စီးပွားရေးလုပ်ငန်းရှင်ကို ထိရောက်စွာအရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သက်ဆိုင်ရာ အစိုးရဌာနများက ဖော်ပြရန် သတ်မှတ်ထားသော အချက်အလက်များ ထည့်သွင်းသွားရန် လိုအပ်ကြောင်း  အသိပညာပေးရှင်းလင်းဆွေးနွေးခဲ့ပြီးနောက် မုန့်ဖိုလုပ်ငန်းရှင်များမှ သိရှိလိုသည်များ မေးမြန်းခဲ့ရာ တာဝန်ရှိသူများအနေဖြင့် ပြန်လည်ဖြေကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကလေးမြို့၊ သဇင်ရပ်ကွက်အတွင်းရှိ တစ်ပိုင်တစ်နိုင်ထုတ်လုပ်ရောင်းချသည့် " KC "  ချင်းတော်တန်းကော်ဖီလုပ်ငန်းသို့ ကွင်းဆင်းစစ်ဆေးခြင်း

      ( ၁၆.၁၀.၂၀၂၆ ) ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ အသေးစားစက်မှုလုပ်ငန်း ဦးစီးဌာနမှ ဦးဆောင်၍ စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ " KC "  ချင်းတောင်းတန်း ကော်ဖီမုန့်လုပ်ငန်းသို့ သွားရောက်၍ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။      

   ကွင်းဆင်းစစ်ဆေးရာတွင် ‌‌ဒေသတွင်းထုတ်ကုန်ဖြစ်သည့် ကော်ဖီမှုန့်ထုတ်လုပ်ရောင်းချရာတွင် အသုံးပြုသည့် ကုန်ကြမ်းများ၏ ထုတ်ကုန်များကို သန့်ရှင်းစွာပြုလုပ်၍ စနစ်တကျ ထုတ်လုပ်၊ ထုတ်ပိုး၊ သိုလှောင်ထားရှိမှု ရှိ/မရှိ၊ ထုတ်လုပ်ပုံအဆင့်ဆင့်နှင့် ကုန်ကြမ်းပစ္စည်း သိုလှောင် ထားရှိသည့် နေရာများသို့ လေ့လာစစ်ဆေးခဲ့ကြပြီး၊ ကော်ဖီထုတ်များပေါ်တွင်  ကပ်နှိပ်ထားသည့် ကုန်အညွှန်းအမှတ်အသားများ မှန်ကန်ပြည့်စုံစွာ ဖော်ပြထားသည်ကို စစ်ဆေးတွေ့ရှိရပြီး၊ ထုတ်လုပ်သည့်နေ့စွဲ၊ သက်တမ်းကုန်ဆုံးရက်စွဲများကို  စတစ်ကာဖြင့် ကပ်နှိပ်၍ ရောင်းချခြင်းကို ပြုထားခြင်းမရှိသဖြင့် ကုန်စည်ပေါ်တွင် တိုက်ရိုက်ရိုက်နှိပ်ခြင်း ( သို့မဟုတ် ) ပုံသွင်းခြင်းဖြင့်သာ ဖော်ပြရမည်ဖြစ်ကြောင်း၊ ၂၀၂၆ခုနှစ်၊ နိုဝင်ဘာလ ၃၀ရက်နေ့အထိ အသိပညာပေးကာလအဖြစ် သတ်မှတ်ထားပြီး ညွှန်ကြားချက်များနှင့် အညီ လိုက်နာဆောင်ရွက်ရန် အားနည်းသော ( သို့မဟုတ် ) လိုက်နာရန် ပျက်ကွက်သော လုပ်ငန်းရှင်များကို စားသုံးသူကာကွယ်ရေးဥပဒေနှင့် ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပညာပေး ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ဟုမ္မလင်းမြို့ပေါ်ရှိ အ-ထ- က - ၁ ကျောင်းနှင့် အ-မ- က  - ၁ ကျောင်းဝန်းအတွင်းရှိ ကျောင်းမုန့်ဈေးတန်းများအား ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခြင်း

       ( ၁၆.၁၀.၂၀၂၆ ) ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာနမှ ဦးဆောင်၍ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးကော်မတီ၊ မီးသတ်တပ်ဖွဲ့နှင့် ကျောင်းအုပ်များ ပူးပေါင်း၍ ကျောင်းမုန့်ဈေးတန်းအတွင်းရှိ မုန့်ဆိုင်များအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

          စျေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စာသင်ကျောင်းဝန်းအတွင်း ရောင်းချလျက်ရှိသည့် အသုပ်ဆိုင်များအနေဖြင့် သန့်ရှင်းသပ်ရပ်မှု ရှိ/မရှိ၊ စနစ်တကျဖုံးအုပ်၍ ​ရောင်းချမှု ရှိ/ မရှိကို စစ်ဆေးခဲ့ကြပြီး အရန်သင့်အစားအစာများ ရောင်းချရာတွင်လည်း ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ဖော်ပြပါရှိသည့် အစားအသောက်များကိုသာရောင်းချကြရန်နှင့် တားမြစ်ထားသည့် စားသောက်ကုန်များအား ရောင်းချခြင်းမပြုရန်ပြောကြားခဲ့ပြီး သက်တမ်းလွန်သည့် အစားအသောက်များကို သတိမူ၍ ရောင်းချခြင်းမပြုရန် ပြောကြားခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ဟုမ္မလင်းမြို့ပေါ်ရှိ ဆန်/စပါး ဈေးနှုန်းတည်ငြိမ်စေရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်

     ( ၁၆.၁၀.၂၀၂၆ ) ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာနမှ ဦးဆောင်၍ ပူးပေါင်း အဖွဲ့များဖြစ်သည့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးကော်မတီ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ ဟုမ္မလင်းမြို့ပေါ်ရှိ ဆန်/စပါး အရောင်းဆိုင်များသို့ ဆန်/စပါး ဈေးနှုန်းတည်ငြိမ်စေရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြပါသည်။

         ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဦးကျော်ကျော်မိုး ( မြို့နယ်တာဝန်ခံ ) က ဆန်ရောင်းဝယ်ရေးလုပ်ငန်းရှင်များအား စားသုံးသူများနစ်နာဆုံးရှုံးမှုမရှိစေရေးအတွက် ရောင်းချသည့် ဆန်အိတ်များ အလေးချိန် အချင်အတွယ် မှန်ကန်စေရေး၊ ဈေးနှုန်းအနေဖြင့်လည်း ဖြစ်သင့်ဖြစ်ထိုက်သောဈေးနှုန်းဖြင့်သာ ရောင်းချစေ‌ရေး၊ ဈေးကစားရန်ရည်ရွယ်၍ သိုလှောင်မှု မရှိစေ‌ရေး အလေးထားလိုက်နာ ဆောင်ရွက် သွားရန်နှင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများ မပြုလုပ်ကြရန်နှင့် ရောင်းနှုန်းမြှင့်တင်၍ ရောင်းချမည်ဆိုပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေအရ  အရေးယူသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး  ဆန်တန်ချိန် ( ၂၅ ) တန်နှင့် အထက် ( သို့မဟုတ် ) စပါးတင်း (၂၅၀၀) နှင့်အထက် သိုလှောင်ထားရှိသော ဆန်စပါးသိုလှောင်ရုံ ပိုင်ရှင်များသည် မြန်မာဆန်စပါး အွန်လိုင်း (MyRO) www.myro.com.mm တွင် ဆန်စပါး သိုလှောင်ရုံ မှတ်ပုံတင်လက်မှတ် လျှောက်ထားရယူရန်လိုအပ်ကြောင်း  လုပ်ငန်းရှင်များ အား အသိပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကလေးမြို့ပေါ်ရှိ ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးအရောင်းဆိုင်များအား ပစ္စည်းပြတ်လပ်မှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း

        ( ၁၆.၁၀.၂၀၂၆ ) ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့ပေါ်ရှိ ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးအရောင်ဆိုင်များသို့ အမျိုးအစားအလိုက် ပစ္စည်းပြတ်လပ်မှုရှိ/ မရှိနှင့် ပစ္စည်းလက်ကျန်အခြေအနေတို့အား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ သမဝါယမဦးစီးဌာနနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

        ကွင်းဆင်းစစ်ဆေးရာတွင် ဓာတ်မြေဩဇာ အမျိုးအစားအလိုက် ဖြန့်ဖြူးရောင်းချလျက်ရှိသော ဈေးဆိုင်များတွင် ရောင်းချလျက်ရှိသော ဓာတ်မြေဩဇာအမျိုးအစားအလိုက် ဈေးနှုန်းများအား သက်ဆိုင်ရာဌာနများမှ သတ်မှတ်ထား သောရည်ညွှန်းဈေးနှုန်းအတိုင်း ဖြန့်ဖြူးရောင်းချစေရေး၊ ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချခြင်းများ မပြုလုပ်စေရေးနှင့် ဈေးနှုန်းမြှင့်တက်စေရေး၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းများ မပြုလုပ်ကြရန် အသိပညာပေး ဆွေးနွေးပြောကြားခဲ့ပြီး ဓာတ်မြေဩဇာအမျိုး အစားအလိုက် ယခင်ဈေးနှုန်း၊ ယခုဈေးနှုန်းနှင့် ပစ္စည်းလက်ကျန်အခြေအနေနှင့် ပစ္စည်းပြတ်လပ်မှုရှိ/ မရှိ အခြေအနေတို့အား စာရင်းကောက်ယူ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့၊ ဘုရားကြီးရပ်ကွက်ရှိ ဆေးနှင့် ဆေးပစ္စည်းများအား ဈေးနှုန်းများမြှင့်တင် ရောင်းချခြင်းရှိ/ မရှိ  ကွင်းဆင်းစစ်ဆေးခြင်း

            စားသုံးသူရေးရာဦးစီးဌာနသည် ဆေးနှင့်ဆေးပစ္စည်းများအား အဆမတန်ဈေးနှုန်းမြှင့်တင် ရောင်းချမှုမရှိစေရေးနှင့် ပစ္စည်းပြတ်လပ်မှုမရှိစေရေးတို့အတွက် အပတ်စဉ် ကွင်းဆင်းစိစစ် ကြပ်မတ်ဆောင်ရွက်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် (၁၃.၁၀.၂၀၂၆)ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် မုံရွာမြို့၊ ဘုရားကြီးရပ်ကွက်ရှိ ဆေးနှင့် ဆေးပစ္စည်း အရောင်း ဆိုင်များအား တိုင်းဒေသကြီးအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ခရိုင်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန  မြို့နယ်စီအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ဆေးဆိုင်များအား အထူးစျေးကွက် စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

       ထိုသို့စစ်ဆေးရာတွင် ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များ၌ ဆေးဆိုင်လိုင်စင် သက်တမ်းတိုးစစ်ဆေးခြင်းနှင့် ထိန်းချုပ်ဆေးဝါးများ ထားသိုသိမ်းဆည်းမှု မှတ်ပုံတင်စာရင်းများအားစစ်ဆေးခြင်း၊ တရားမဝင်မှတ်ပုံတင်မဲ့ ဆေးဝါးများရောင်းချခြင်းရှိ/ မရှိ၊ သက်တမ်းလွန် ဆေးဝါးများရောင်းချခြင်းရှိ/ မရှိ၊ ဆေးနှင့်ဆေးပစ္စည်းများအား ဈေးနှုန်းများမြှင့်တင် ရောင်းချ ခြင်းရှိ/ မရှိ၊ ဆေးဈေးနှုန်းများမြှင့်တင် ရောင်းချရန်ရည်ရွယ်ချက်ဖြင့် ဆေးများစုပုံသိုလှောင်ထားခြင်း ရှိ/ မရှိနှင့် ဆေးများပစ္စည်းပြတ်လပ်မှုရှိ/ မရှိ စစ်ဆေးခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင်၏ ကျင့်ဝတ်တို့နှင့်အညီ ရောင်းချရန် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - HighLight News