Main menu

ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

ဗီယက်နမ်၏ စက်မှုကုန်ထုတ်လုပ်မှု အမြင့်မားဆုံး တိုးတက်လာ

         ဗီယက်နမ်နိုင်ငံ၏ ၂၀၂၆ ခုနှစ်၊ ပထမနှစ်ဝက် (ဇန်နဝါရီမှ ဇွန်လအထိ) စက်မှုထုတ်လုပ်မှု ညွှန်းကိန်း (Index of Industrial Production) သည် ယခင်နှစ်ကာလတူထက် ၁၀.၈ ရာခိုင်နှုန်း တိုးတက်လာခဲ့ပြီး ၂၀၁၉ ခုနှစ်နောက်ပိုင်း အဆိုပါကာလများအနက် အမြင့်မားဆုံး တိုးတက်မှု နှုန်းဖြစ်ကြောင်း ဗီယက်နမ်အမျိုးသားစာရင်းအင်းရုံး၏ ထုတ်ပြန်ချက်ကို ကိုးကား၍ ဒေသတွင်း သတင်းဌာနတစ်ခုဖြစ်သည့် VnEconomy က ဇူလိုင်လ ၃ ရက်နေ့တွင် ဖော်ပြခဲ့ကြောင်း သိရသည်။

         စက်မှုကဏ္ဍတိုးတက်မှု၏ အဓိကမောင်းနှင်အားဖြစ်သော ကုန်ထုတ်လုပ်မှုနှင့် ပြုပြင်မွမ်းမံမှုကဏ္ဍ (Manufacturing and processing sector) သည် ၁၁.၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး စုစုပေါင်း တိုးတက်မှုနှုန်းတွင် ၈.၉ ရာခိုင်နှုန်းအထိ ပါဝင်ပံ့ပိုးပေးခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားကြောင်း သိရသည်။

          ထို့အပြင် လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းနှင့် ဖြန့်ဖြူးခြင်း၊ ရေပေးဝေခြင်းနှင့် စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှုကဏ္ဍများ ပိုမိုအားကောင်းလာခြင်းကလည်း ယခုကဲ့သို့ ကောင်းမွန်သောရလဒ်များ ရရှိစေရန် အထောက်အပံ့ဖြစ်စေခဲ့သည်ဟု ဖြည့်စွက်ဖော်ပြထားသည်။ အစီရင်ခံစာအရ ဗီယက်နမ် တစ်နိုင်ငံလုံးရှိ ဒေသကြီး ၃၄ ခုလုံးတွင် စက်မှုကုန်ထုတ်လုပ်မှုများ အသီးသီးတိုးတက်လာခဲ့ကြောင်း သိရှိရပါသည်။

Source : Xinhua                                                                                 

DOCA (ရန်ကုန်)

အမေရိကန်နိုင်ငံမှ ဗီယက်နမ်လိုင်ချီးသီး ဝယ်ယူမှု ယခင်နှစ်ထက် နှစ်ဆတိုးလာ

        ၂၀၂၆ ခုနှစ် ပထမငါးလအတွင်း အမေရိကန်နိုင်ငံသည် ဗီယက်နမ်လိုင်ချီးသီး ဝယ်ယူမှုအတွက် ၂၀၂၅ ခုနှစ် ကာလတူထက် နှစ်ဆကျော် ပိုမိုသုံးစွဲခဲ့ပြီး ကုန်သွယ်မှုတန်ဖိုး အမေရိကန် ဒေါ်လာ .၂၆ သန်းအထိရှိခဲ့သည်။ ၎င်းသည် ယခင်နှစ်ထက် ၁၂၅ ရာခိုင်နှုန်း တိုးတက်လာခြင်းဖြစ်ပြီး အမေရိကန်သည် တရုတ်နိုင်ငံပြီးလျှင် ဒုတိယအကြီးဆုံး ပို့ကုန်စျေးကွက် ဖြစ်လာခဲ့ကြောင်း သိရသည်။

      အကောက်ခွန်ဦးစီးဌာန၏ အချက်အလက်များအရ ဗီယက်နမ်နိုင်ငံ၏ လိုင်ချီးသီး ပြည်ပတင်ပို့မှုသည် အမေရိကန်ဒေါ်လာ ၁၆.၀၃ သန်း (ဗီယက်နမ်ဒေါင် ၄၂၁ ဘီလီယံခန့်) ရှိခဲ့ပြီး ယခင်နှစ် ကာလတူထက် ၄၃ ရာခိုင်နှုန်း တိုးတက်လာခဲ့သည်။ တရုတ်နိုင်ငံသည် အမေရိကန် ဒေါ်လာ .၀၇ သန်းဖြင့် အကြီးဆုံးစျေးကွက်အဖြစ် ဆက်လက်ရပ်တည်နေပြီး စုစုပေါင်း ပို့ကုန်တန်ဖိုး၏ ထက်ဝက်ကျော်ကို အဓိကယူထားကြောင်း သိရသည်။

       အမေရိကန်နိုင်ငံသည် အမေရိကန်ဒေါ်လာ .၂၆ သန်းဖြင့် ဒုတိယနေရာတွင် ရှိနေပြီး ယခင်နှစ် ကာလတူထက် ၁၂၅ ရာခိုင်နှုန်းနီးပါး တိုးတက်လာခဲ့သည်။ စျေးကွက်ဝေစုမှာလည်း ရာခိုင်နှုန်းမှ ရာခိုင်နှုန်းနီးပါးအထိ မြင့်တက်လာခဲ့သည်။ ဥရောပတွင်လည်း ပင်မစျေးကွက် သုံးခုစလုံး၌ တင်ပို့မှု သိသိသာသာမြင့်တက်ခဲ့ရာ ပြင်သစ်နိုင်ငံသို့ ဒေါ်လာ ၈၄၅,၀၀၀  ဖြင့် အများဆုံးဖြစ်ပြီး၊ နယ်သာလန်နိုင်ငံသို့ ဒေါ်လာ ၇၂၅,၀၀၀ နှင့် ဗြိတိန်နိုင်ငံသို့ ဒေါ်လာ ၇၁၇,၀၀၀ တို့ဖြင့် နောက်မှလိုက်နေကြောင်း သိရသည်။

       တစ်ချိန်တည်းမှာပင် တရုတ်နိုင်ငံသို့ တင်ပို့သည့် အချိုးအစားမှာ ၅၅.၅၇ ရာခိုင်နှုန်းမှ ၅၀.၃၅ ရာခိုင်နှုန်းသို့ ကျဆင်းသွားခဲ့ရာ ၎င်းက ဗီယက်နမ်လိုင်ချီးသီးများသည် တန်ဖိုးမြင့်မားသော အခြားစျေးကွက်များသို့ တဖြည်းဖြည်း တိုးချဲ့နေရာယူလာနိုင်ခြင်းကို ပြသနေကြောင်း သိရသည်။

       ဗီယက်နမ် သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်အသင်း (VINAFRUIT) အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ Dang Phuc Nguyen က ပြည်ပတင်ပို့မှု သိသိသာသာ မြင့်တက်လာခြင်းမှာ အချက်အလက်များစွာကြောင့်ဖြစ်သည်ဟု ပြောကြားခဲ့သည်။ ဗီယက်နမ်-ဥရောပလွတ်လပ်သော ကုန်သွယ်မှုသဘောတူညီချက် (EVFTA) မှရရှိသော အခွန်ကင်းလွတ်ခွင့် အားသာချက်များအပြင် စိုက်ပျိုးသည့် ဒေသအများအပြားသည် GlobalGAP စံနှုန်းများကို ရရှိထားကြသဖြင့် စျေးကွက်ကြီးများ၏ အရည်အသွေးနှင့် နောက်ကြောင်းပြန်ခြေရာခံနိုင်မှု လိုအပ်ချက်များကို ပြည့်မီစေခဲ့ခြင်းကြောင့်ဖြစ်ကြောင်း သိရှိရပါသည်။

Source : VN Express                                                                           

DOCA (ရန်ကုန်)

တောင်ကိုရီးယားနိုင်ငံ၏ စက်ရုံထုတ်လုပ်မှုလုပ်ငန်းများ ဆက်လက်တိုးတက်နေသော်လည်း ပို့ကုန်ဝယ်လိုအား ကျဆင်းလာခြင်းကြောင့် တိုးတက်မှုနှုန်း နှေးကွေးသွား

        တောင်ကိုရီးယားနိုင်ငံ၏ စက်ရုံထုတ်လုပ်မှုလုပ်ငန်းများသည် ဇွန်လတွင် ခုနစ်လဆက်တိုက်အဖြစ် ဆက်လက်တိုးတက်လာခဲ့သော်လည်း ပို့ကုန်ဝယ်လိုအား ကျဆင်းလာခြင်းကြောင့် ပြီးခဲ့သည့်လနှင့်နှိုင်းယှဉ်ပါက တိုးတက်မှုနှုန်း နှေးကွေးသွားကြောင်း သိရပါသည်။ S&P Global မှ  ထုတ်ပြန်သော ဝယ်ယူမှုမန်နေဂျာများ ညွှန်းကိန်း (PMI) သည် ဇွန်လတွင် ၅၂.၁ ရှိခဲ့ပြီး၊ ပြီးခဲ့သည့် ငါးနှစ်ကျော်ကာလအတွင်း အမြင့်ဆုံးဖြစ်ခဲ့သည့် မေလ၏ ၅၄.၈ အောက်သို့ ကျဆင်းသွားခဲ့ကြောင်း သိရပါသည်။

         အရှေ့အလယ်ပိုင်းပဋိပက္ခ၏ ဆက်လက်သက်ရောက်နေသည့် အကျိုးဆက်များကြောင့် ထုတ်လုပ်မှုနှင့် အမှာစာအသစ်များ တိုးတက်မှုနှုန်းမှာ ပိုမိုနှေးကွေးသွားခဲ့ပြီး၊ ပြည်ပပို့ကုန်အမှာစာ အသစ်များသည်လည်း နှစ်လဆက်တိုက် ကျဆင်းသွားခဲ့ကြောင်း သိရပါသည်။

         "ကုန်ကြမ်းစျေးနှုန်းများ မြင့်တက်လာခြင်းနှင့်အတူ (ကုန်ပစ္စည်း) သယ်ယူပို့ဆောင်ရေး ကြန့်ကြာမှုများနှင့် ပြတ်လပ်မှုများကြောင့် သွင်းအားစုပစ္စည်းများကို ရှာဖွေရယူရာတွင် အခက်အခဲရှိနေခြင်းတို့က လုပ်ငန်းကဏ္ဍရဲ့ စွမ်းဆောင်ရည်အပေါ် ဝန်ထုပ်ဝန်ပိုးဖြစ်စေတယ်လို့ ကုမ္ပဏီအများစုက ဖော်ပြကြပါတယ်" ဟု S&P Global Market Intelligence မှ စီးပွားရေးပညာရှင် Usamah Bhatti က ပြောကြားခဲ့ပါသည်။

            ပြည်တွင်းစီးပွားရေး အခြေအနေအပေါ် စိုးရိမ်ပူပန်မှုများနှင့် ကုန်ကြမ်းစျေးနှုန်းများ ရေရှည်မြင့်တက်နေနိုင်သည့် အလားအလာများကြောင့် ရှေ့လာမည့်နှစ်အတွက် စီးပွားရေးအပေါ် အကောင်းမြင်မျှော်လင့်ချက်မှာ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလနောက်ပိုင်း အနိမ့်ဆုံးအဆင့်သို့ ကျဆင်းသွားခဲ့ကြောင်း သိရပါသည်။

        တောင်ကိုရီးယားနိုင်ငံ၏ စက်ရုံထုတ်လုပ်မှုသည် မေလတွင် နှစ်လဆက်တိုက် ကျဆင်းသွားခဲ့ပြီး မျှော်မှန်းချက်ထက် လျော့နည်းခဲ့ကြောင်း အင်္ဂါနေ့တွင် ထွက်ပေါ်လာသည့် အချက်အလက်များအရ သိရပါသည်။ သို့သော်လည်း ချစ်ပ် (Chip) တင်ပို့မှု အလွန်ကောင်းမွန်ခဲ့ခြင်း ကြောင့် ပထမသုံးလပတ်တွင် စီးပွားရေးတိုးတက်မှုနှုန်းမှာ ခြောက်နှစ်နီးပါးကာလအတွင်း အားအကောင်းဆုံးဖြစ်ခဲ့ကြောင်း သိရှိရပါသည်။

Source: CNA                                                                             

DOCA (ရန်ကုန်)

နယူးဇီလန်၏ အမဲသား၊ သိုးသားနှင့် ဆိတ်သာတင်ပို့မှု မေလတွင် စံချိန်တင် ဒေါ်လာ ၁.၆ ဘီလီယံအထိ ရောက်ရှိ

         နယူးဇီလန်နိုင်ငံ၏ အမဲသား၊ သိုးသားနှင့် ဆိတ်သားတင်ပို့မှုသည် မေလတွင် ဒေါ်လာ ၁.၆ ဘီလီယံအထိ ရောက်ရှိခဲ့ပြီး၊ ယင်းမှာ ပြီးခဲ့သည့်နှစ် အလားတူလထက် ၄၄ ရာခိုင်နှုန်း ပိုမိုများပြားကာ နှစ်လဆက်တိုက် လအလိုက် စံချိန်သစ်တင်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။ အသားထုတ်လုပ်ရေး လုပ်ငန်းရှင်များအသင်း (Meat Industry Association - MIA) ၏ အဆိုအရ ယခုပမာဏသည် ဧပြီလက တင်ထားခဲ့သည့် ယခင်လအလိုက် စံချိန်ဟောင်းဖြစ်သော ဒေါ်လာ ၁.၄ ဘီလီယံကိုပါ ကျော်လွန်သွားခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။

         MIA ၏ မေလဆိုင်ရာ အချက်အလက်များအရ သိုးသားနှင့်ဆိတ်သား တင်ပို့မှုတန်ဖိုးမှာ ဒေါ်လာ ၅၉၀.၄ သန်းရှိခဲ့ပြီး၊ ဧပြီလ၏ စံချိန်တင်ပမာဏထက် ဒေါ်လာ ၁၇ သန်းခန့် ပိုမိုမြင့်မားခဲ့သလို ၂၀၂၅ ခုနှစ် မေလထက်လည်း ၃၃ ရာခိုင်နှုန်း ပိုမိုမြင့်မားခဲ့ကြောင်း သိရပါသည်။ အမဲသားတင်ပို့မှုမှာမူ တန်ဖိုးအားဖြင့် ဒေါ်လာ ၇၇၁ သန်း ရှိခဲ့ပြီး ဧပြီလ၏ စံချိန်တင်ပမာဏထက် ဒေါ်လာ ၁၆၃ သန်း တိုးတက်လာခဲ့ကာ၊ ပြီးခဲ့သည့် မေလက မှတ်တမ်းတင်ထားခဲ့သည့် တန်ဖိုးထက် ၅၁ ရာခိုင်နှုန်း ပိုမိုမြင့်မားခဲ့ကြောင်း သိရပါသည်။

        MIA ၏ စီအီးအို ဖြစ်သူ Nick Beeby က ယခုအခြေအနေမှာ အထူးထူးခြားဆန်းပြားလှသည်ဟု ပြောကြားခဲ့ပါသည်။ ယခုအခြေအနေသည် စီးပွားရေးအတွက် သတင်းကောင်းတစ်ခုဖြစ်ပြီး နယူးဇီလန်နိုင်ငံထုတ် အမဲသား၊ သိုးသားနှင့်ဆိတ်သားအပေါ် နိုင်ငံတကာဝယ်လိုအား ဆက်လက်အားကောင်းနေမှုကို ထင်ဟပ်စေကြောင်း ၎င်းက ပြောကြားခဲ့ပါသည်။ ပထမသုံးလပတ်တွင်မူ နယူးဇီလန်နိုင်ငံသည် ပြီးခဲ့သည့်နှစ် အလားတူ ကာလနှင့် နှိုင်းယှဉ်ပါက အမဲသား တန်ချိန် ၁၈,၀၀၀ နီးပါးနှင့် သိုး/ဆိတ်သား တန်ချိန် ၁၀,၀၀၀ ခန့် ပိုမိုလျော့နည်း၍ ထုတ်လုပ်ခဲ့ကြောင်း သိရပါသည်။ တရုတ်နိုင်ငံသို့ တင်ပို့မှုတန်ဖိုးများသည် နှစ်အတော်ကြာအတွင်း အမြင့်ဆုံးအဆင့်သို့ ရောက်ရှိခဲ့ပြီး၊ ပင်လယ်ကွေ့ ပူးပေါင်း ဆောင်ရွက်ရေးကောင်စီ (GCC) နိုင်ငံများသို့ တင်ပို့မှုမှာလည်း အရှေ့ အလယ်ပိုင်းပဋိပက္ခနှင့် ဆက်စပ်ပြီး အစောပိုင်းက ကြုံတွေ့ခဲ့ရသည့် အနှောင့်အယှက်များနောက်ပိုင်း ပြန်လည်ဦးမော့လာခဲ့ကြောင်း သိရပါသည်။

         GCC သို့ တင်ပို့မှုများသည် ပြီးခဲ့သည့်နှစ် မေလနှင့် နှိုင်းယှဉ်ပါက ပမာဏအားဖြင့် ၁၆ ရာခိုင်နှုန်းနှင့် တန်ဖိုးအားဖြင့် ၂၆ ရာခိုင်နှုန်း ကျဆင်းခဲ့သော်လည်း၊ ၂၀၂၂ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ မေလများ၏ ပျမ်းမျှပမာဏနှင့် နှိုင်းယှဉ်ပါက တင်ပို့မှုပမာဏတွင် ၂ ရာခိုင်နှုန်းသာ လျော့နည်းခဲ့ပြီး တန်ဖိုးတွင် ၉ ရာခိုင်နှုန်းသာ ပြန်လည်ကျဆင်းခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။

         သိုးသားနှင့် ဆိတ်သား တင်ပို့မှုပမာဏမှာ ပြီးခဲ့သည့်နှစ် မေလထက် ၁၇ ရာခိုင်နှုန်း တိုးတက်လာပြီး တန်ချိန် ၃၉,၄၇၂ တန် ရှိခဲ့ကာ ငါးနှစ်တာ မေလများ၏ ပျမ်းမျှပမာဏထက် ၇ ရာခိုင်နှုန်း ပိုမိုမြင့်မားခဲ့ပါသည်။ သိုးသားနှင့်ဆိတ်သား တင်ပို့မှု၏ ပျမ်းမျှတန်ဖိုးမှာလည်း တစ်ကီလိုဂရမ်လျှင် ၁၄.၉၆ ဒေါ်လာအထိရှိခဲ့ပြီး စံချိန်သစ်များ တင်နိုင်ခဲ့ကြောင်း သိရပါသည်။ အဆိုပါ တန်ဖိုးများသည် အဓိကစျေးကွက်များသို့ တင်ပို့ရာတွင်လည်း စံချိန်တင်အဆင့်များသို့ ရောက်ရှိခဲ့ရာ အမေရိကန် ပြည်ထောင်စုသို့ တစ်ကီလိုဂရမ်လျှင် ၂၃.၅၆ ဒေါ်လာ၊ ဥရောပသမဂ္ဂ (EU) သို့ ၂၃.၀၉ ဒေါ်လာနှင့် UK သို့ ၁၆.၇၃ ဒေါ်လာ အသီးသီး ရှိခဲ့ကြောင်း သိရပါသည်။

          တရုတ်နိုင်ငံသို့ တင်ပို့မှုမှာမူ တစ်ကီလိုဂရမ်လျှင် ပျမ်းမျှ ၈.၇၇ ဒေါ်လာ ရှိခဲ့ပြီး ၎င်းမှာ လေးနှစ်အတွင်း အမြင့်ဆုံးအဆင့်ဖြစ်ကြောင်း သိရပါသည်။ ပြီးခဲ့သည့်နှစ် မေလနှင့် နှိုင်းယှဉ်ပါက EU နှင့် ဆော်ဒီအာရေဗျနိုင်ငံတို့မှလွဲ၍ အဓိကစျေးကွက်အများစုသို့ တင်ပို့မှုပမာဏ တိုးတက်လာခဲ့ပြီး၊ အဆိုပါ နှစ်နိုင်ငံသို့ တင်ပို့မှုမှာမူ ၅ ရာခိုင်နှုန်းနှင့် ၄၂ ရာခိုင်နှုန်း အသီးသီး ကျဆင်းခဲ့ကြောင်းနှင့် အမဲသား တင်ပို့မှုပမာဏမှာ ပြီးခဲ့သည့်နှစ် မေလထက် ၂၆ ရာခိုင်နှုန်း တိုးတက်လာပြီး လအလိုက် စံချိန်တင်စုစုပေါင်းပမာဏ တန်ချိန် ၅၇,၈၉၉ တန် သို့ ရောက်ရှိခဲ့ကြောင်း သိရှိရပါသည်။

         ကနေဒါ၊ ကိုရီးယားနှင့် ထိုင်ဝမ်နိုင်ငံများသို့ တင်ပို့မှုပမာဏမှာ ပြီးခဲ့သည့်နှစ် မေလထက် လျော့နည်းခဲ့သော်လည်း၊ အဆိုပါ ကျဆင်းမှုကို နယူးဇီလန်၏ အကြီးဆုံး အမဲသားစျေးကွက်ကြီးနှစ်ခုဖြစ်သည့် အမေရိကန်နှင့် တရုတ်နိုင်ငံတို့သို့ ပိုမိုအလုံးအရင်းဖြင့် တင်ပို့နိုင်မှုက အဖတ်ဆယ် ပိုလျှံစေခဲ့ကြောင်း သိရပါသည်။

        အမေရိကန်သို့ တင်ပို့မှုမှာ ၅၉ ရာခိုင်နှုန်း တိုးတက်လာပြီး တန်ချိန် ၂၈,၁၉၈ တန် ရှိခဲ့ကာ၊ တရုတ်နိုင်ငံသို့ တင်ပို့မှုမှာ ၂၉ ရာခိုင်နှုန်း တိုးတက်လာပြီး တန်ချိန် ၁၄,၆၁၂ တန် ရှိခဲ့ကြောင်း သိရပါသည်။ ကနေဒါ၊ ကိုရီးယားနှင့် ဖိလစ်ပိုင်နိုင်ငံများသို့ တင်ပို့မှုတန်ဖိုး ကျဆင်းသွားခြင်းကို အမေရိကန်နှင့် တရုတ်နိုင်ငံတို့သို့ အဆမတန် တိုးတက်တင်ပို့နိုင်မှုက လွှမ်းမိုးကျော်လွန်သွားခဲ့ရာ၊ အမေရိကန်သို့ တင်ပို့မှုမှာ ၈၈ ရာခိုင်နှုန်း တိုးတက်ပြီး စံချိန်တင် ဒေါ်လာ ၄၁၃ သန်းအထိ ရှိခဲ့ကာ၊ တရုတ်နိုင်ငံသို့ တင်ပို့မှုမှာလည်း ၄၇ ရာခိုင်နှုန်း တိုးတက်၍ ဒေါ်လာ ၁၂၉ သန်းအထိရှိခဲ့ကြောင်း သိရှိရပါသည်။

        အမဲသားတင်ပို့မှု၏ ပျမ်းမျှတန်ဖိုးမှာ တစ်ကီလိုဂရမ်လျှင် ၁၃.၃၂ ဒေါ်လာရှိခဲ့ပြီး ဧပြီလ၏ စံချိန်တင်ပမာဏထက် အနည်းငယ်သာ လျော့နည်းခဲ့ပြီး တရုတ်နိုင်ငံသို့ တင်ပို့မှုမှာမူ တစ်ကီလိုဂရမ်လျှင် ပျမ်းမျှ ၈.၈၆ ဒေါ်လာ ရှိခဲ့ပြီး ၎င်းမှာ လေးနှစ်နီးပါးကာလအတွင်း အမြင့်ဆုံးအဆင့်ဖြစ်ကြောင်း သိရှိရပါသည်။

Source: Farmersweekly                                                              

DOCA (ရန်ကုန်)

ယူအေအီးနိုင်ငံသို့ ဖိလစ်ပိုင်နာနတ်သီးများ ပထမဆုံးအကြိမ် တင်ပို့ရောင်းချ

        ဖိလစ်ပိုင်နိုင်ငံသည် ယူနိုက်တက်အာရပ်စော်ဘွားများနိုင်ငံ (UAE) သို့ လတ်ဆတ်သော နာနတ်သီးများ တင်ပို့ခြင်းဖြင့် အရှေ့အလယ်ပိုင်းဒေသရှိ ၎င်း၏ စိုက်ပျိုးရေးဆိုင်ရာ ကုန်သွယ်မှုကဏ္ဍကို ချဲ့ထွင်ခဲ့ကြောင်း သိရပါသည်။ ဇွန်လ ၂၈ ရက်နေ့တွင် ပရီမီယံအဆင့်ရှိ MD2 နာနတ်သီး တန်ချိန် ၁၈ ဘီလီယံခန့်သည် ယူအေအီးနိုင်ငံရှိ Khor Fakkan ဆိပ်ကမ်းသို့ ရောက်ရှိလာခဲ့ကြောင်း စိုက်ပျိုးရေးဝန်ကြီးဌာန (DA) က ဇွန်လ ၃၀ ရက်နေ့တွင် ထုတ်ပြန်သည့် ကြေညာချက်တစ်ခု၌ ပြောကြားခဲ့ကြောင်း သိရသည်။

      နာနတ်သီးတင်ပို့မှုများကို သေတ္တာပေါင်း ၁,၅၀၀ ဖြင့် ထုပ်ပိုးထားပြီး၊ အဆိုပါ နာနတ်သီးများကို တောင်ပိုင်း Cotabato ပြည်နယ်၊ Tampakan ရှိ စိုက်ပျိုးရေးခြံများမှ ရယူခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။ ဖိလစ်ပိုင်အစိုးရ တာဝန်ရှိသူများသည် ဒူဘိုင်းမြို့၏ Al Aweer သစ်သီးနှင့် ဟင်းသီးဟင်းရွက်စျေးကွက်တွင် ကျင်းပသည့် အခမ်းအနားတစ်ခုဖြင့် အဆိုပါ ဖွံ့ဖြိုးတိုးတက်မှုကို ဂုဏ်ပြုမှတ်တမ်းတင်ခဲ့ကြောင်း သိရပါသည်။

         Davao အခြေစိုက် ပို့ကုန်လုပ်ငန်းရှင် Mensch Fil-Am Trading သည် Avante Agri-Products Philippines Inc နှင့် ပူးပေါင်း၍ အဆိုပါ ကုန်တင်ပို့မှုကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး၊ Octagon General Trading LLC က ဖြန့်ဖြူးရေးလုပ်ငန်းကို ကူညီပံ့ပိုးပေးခဲ့သည်။ အဆိုပါကုမ္ပဏီသည် ငှက်ပျောသီး၊ သရက်သီး၊ ဒူးရင်းသီးနှင့် ကျွဲကောသီး အပါအဝင် ဖိလစ်ပိုင်သစ်သီးဝလံများကို ဖြန့်ဖြူးရန်အတွက် ဆော်ဒီအာရေဗျနှင့် အခြားသောပင်လယ်ကွေ့ စျေးကွက်များရှိ မိတ်ဖက်များနှင့် လက်တွဲလုပ်ဆောင်နေကြောင်း စိုက်ပျိုးရေးဝန်ကြီးဌာန (DA) မှထုတ်ပြန်သော ထုတ်ပြန်ချက်များအရ သိရပါသည်။

        ယူအေအီးစျေးကွက်သို့ နောက်ဆုံးခြေလှမ်းလှမ်းနိုင်ခဲ့သည့် ယခုလုပ်ငန်းသည် ပို့ကုန် စျေးကွက်များကို ကွဲပြားစုံလင်အောင် ပြုလုပ်ရန်၊ ကုန်သွယ်မှုဆက်ဆံရေးကို အားကောင်းစေရန်နှင့် အရှေ့အလယ်ပိုင်းဒေသတစ်လွှားတွင် ဖိလစ်ပိုင်စိုက်ပျိုးရေးပို့ကုန်များကို မြှင့်တင်ရန် အတွက် စိုက်ပျိုးရေးဝန်ကြီးဌာန (DA) ၏ စဉ်ဆက်မပြတ် ကြိုးပမ်းအားထုတ်မှုများ၏ အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း သိရှိရပါသည်။

Source: Inquirernet                                                                   

DOCA (ရန်ကုန်)

ဗီယက်နမ်နိုင်ငံတွင် ဝက်သားစျေးများ ထိုးကျသွားသော်လည်း လက်လီအသားစျေးနှုန်းများ ဆက်လက်မြင့်မားနေဆဲဖြစ်

​          ၂၀၂၆ ခုနှစ် နှစ်ဆန်းပိုင်းက အမြင့်ဆုံးဖြစ်ခဲ့သည့် စျေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ဝက်သားစျေးနှုန်းများသည် ၁၃ ရာခိုင်နှုန်းမှ ၁၄ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့သော်လည်း ဟိုချီမင်းစီးတီးရှိ ရပ်ကွက်စျေးအများစုတွင် လက်လီအသားစျေးနှုန်းများမှာ ပြောင်းလဲမှုမရှိသ လောက် ဖြစ်နေသဖြင့် စားသုံးသူများမှာ စျေးနှုန်းသက်သာမှု အကျိုးကျေးဇူးကို မခံစားရသေးကြောင်း သိရသည်။

​          ဇူလိုင်လ ရက်နေ့ အစီရင်ခံစာများအရ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဝက်အရှင် စျေးနှုန်းများသည် ယခင်နေ့ကထက် ,၀၀၀ မှ ,၀၀၀ ဗီယက်နမ်ဒေါင် (VND) ခန့် ဆက်လက်ကျ ဆင်းခဲ့ပြီး တစ်ကီလိုဂရမ်လျှင် ၆၀,၀၀၀ မှ ၆၆,၀၀၀ ဒေါင်အထိ ဖြစ်လာခဲ့သည်။ တောင်ပိုင်းဒေသသည် စျေးအနည်းဆုံးဖြစ်ပြီး Dong Thap နှင့် Ca Mau တို့တွင် ၆၀,၀၀၀ ဒေါင်၊ Tay Ninh An GiangVinh Long နှင့် Can Tho တို့တွင် ၆၁,၀၀၀ ဒေါင် ရှိပြီး၊ Dong Nai နှင့် ဟိုချီမင်းစီးတီးတို့တွင်မူ တစ်ကီလိုဂရမ်လျှင် ၆၀,၀၀၀ မှ ၆၂,၀၀၀ ဒေါင်ကြား အတက်အကျရှိနေကြောင်း သိရသည်။

​         မွေးမြူရေးအသင်း၏ ဒုတိယဥက္ကဋ္ဌ Nguyen Kim Doan ပြောကြားချက်အရ ဝက်အရှင်စျေးနှုန်းများ ကျဆင်းရခြင်းမှာ အချက်အလက်များစွာ ပေါင်းစပ်နေခြင်းကြောင့် ဖြစ်သည်။ ပူပြင်းသည့် ရာသီဥတုကြောင့် ဝက်သားဝယ်လိုအား နှေးကွေးသွားသော်လည်း ကုန်ပစ္စည်း ထောက်ပံ့မှုမှာမူ တည်ငြိမ်နေသည်။ ဝက်အုပ်များတွင် ရောဂါကျရောက်နိုင်ခြေရှိသောကြောင့် မွေးမြူရေးသမားအများစုသည် ဆုံးရှုံးနိုင်ခြေကို လျှော့ချရန်အတွက် ၎င်းတို့၏ ဝက်များကို စောစီးစွာ ထုတ်ရောင်းခဲ့ကြောင်း သိရသည်။

​         ထို့အပြင် မကြာသေးမီက အာဏာပိုင်များက မွေးမြူရေးအခြေအနေ၊ ပတ်ဝန်းကျင်နှင့် အစားအသောက်ဘေးကင်းလုံခြုံမှုဆိုင်ရာ စစ်ဆေးမှုများကို တိုးမြှင့်လုပ်ဆောင်ခဲ့ခြင်းကြောင့် အချို့သောမွေးမြူရေးခြံများသည် ဆက်လက်မွေးမြူခြင်းမပြုတော့ဘဲ ဝက်အုပ်များကို စောစီးစွာ ထုတ်ရောင်းခဲ့ကြသဖြင့် ရေတိုတွင် ဝက်သားအဝင် ပိုမိုများပြားလာခဲ့ကြောင်း သိရသည်။

​          ရောင်းစျေးများ ကျဆင်းသွားသော်လည်း ကုန်ထုတ်လုပ်မှုစရိတ်များမှာမူ မြင့်တက်လာခဲ့သည်။ နှစ်ဆန်းပိုင်းကတည်းက တိရစ္ဆာန်အစာစျေးနှုန်းများ အကြိမ်ကြိမ် မြင့်တက်ခဲ့ရာ ဝက်ကီလိုဂရမ် ၁၀၀ မွေးမြူရန်အတွက် ကုန်ကျစရိတ်မှာ ၃၀၀,၀၀၀ ဒေါင်ခန့် ထပ်မံတိုး လာခဲ့သည်။ လက်ရှိတွင် စျေးနှုန်းမှာ တစ်ကီလိုဂရမ်လျှင် ၆၀,၀၀၀ ဒေါင်ခန့်သာရှိသဖြင့် မွေးမြူရေးသမားအများစုမှာ အရှုံးပေါ်နေကြပြီး စျေးနှုန်းများ ဆက်လက်ကျဆင်းနေခြင်းနှင့် ရောဂါဘေးအန္တရာယ် ခြိမ်းခြောက်မှုများ ရှိနေခြင်းတို့ကြောင့် ဆုံးရှုံးမှု သက်သာစေရန် စောစီးစွာ အတင်းအကျပ် ထုတ်ရောင်းနေကြရကြောင်း သိရသည်။

​        ပြည်တွင်းထောက်ပံ့မှုအပြင် အသားတင်သွင်းမှု များသည်လည်း သိသိသာသာ မြင့်တက်လာခဲ့သည်။ စိုက်ပျိုးရေးနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန၏ အဆိုအရ ၂၀၂၆ ခုနှစ် ပထမငါးလ အတွင်း မွေးမြူရေးကဏ္ဍ သွင်းကုန်ပမာဏသည် အမေရိကန်ဒေါ်လာ . ဘီလီယံအထိ ရှိခဲ့ပြီး ယခင်နှစ် ကာလတူထက် ၃၀ ရာခိုင်နှုန်းနီးပါး တိုးတက်လာခဲ့သည်။ အသားနှင့် စားသုံးနိုင်သော ဘေးထွက်ပစ္စည်းများ တင်သွင်းမှုမှာ အမေရိကန်ဒေါ်လာ ၉၁၀ သန်းကျော် ရှိခဲ့ပြီး ၂၆ ရာခိုင်နှုန်း တိုးတက်လာခဲ့သည်။ ပြည်တွင်းအသားစျေးနှုန်းများသည် ဒေသတွင်းစျေးကွက်အများစုထက် ၃၀ ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်းခန့် ပိုမိုမြင့်မားနေသဖြင့် ပြည်ပမှ တင်သွင်းလာသော အသားများသည် ပြည်တွင်းဝက်သားစျေးကွက်အပေါ် နောက်ထပ် ယှဉ်ပြိုင်မှုဆိုင်ရာ ဖိအားများကို ဆက်လက်ဖြစ်ပေါ်စေလျက်ရှိကြောင်း သိရှိရပါသည်။

Source : VN Express                                                                           

DOCA (ရန်ကုန်)

မလေးရှားနိုင်ငံ စားအုန်းဆီကြမ်းဈေးနှုန်း ရင်းဂစ် ၄,၀၀၀-၄,၃၀၀ ကြား ဆက်လက်ခိုင်မာနေမည် ဟု ခန့်မှန်း

    လတ်တလောဖြစ်ပေါ်လျက်ရှိသည့် ကမ္ဘာ့ရေနံဈေးနှုန်းအခြေအနေများကြောင့် ယခုနှစ် အတွင်း စားအုန်းဆီကြမ်းဈေးနှုန်းမှာ ပျမ်းမျှအားဖြင့် ရင်းဂစ် ၄,၀၀၀-၄,၃၀၀ ကြားမှာ ဆက်လက် ၍ အခိုင်အမာ တည်ရှိနိုင်မည်ဟု မလေးရှားနိုင်ငံစားအုန်းဆီဘုတ်အဖွဲ့ (MPOB) က ခန့်မှန်းထား သည်။

     မလေးရှားနိုင်ငံစားအုန်းဆီဘုတ်အဖွဲ့၏ ညွှန်ကြားရေးမှူးချုပ် Datuk Dr Ahmad Parveez Ghulam Kadir က ဟော်မုဇ်ရေလက်ကြားပြဿနာများကြောင့် ဖြစ်ပေါ်လျက်ရှိသည့် ကမ္ဘာ့စက် သုံးဆီ ဈေးနှုန်းမြင့်တက်ခြင်းသည် စားအုန်းဆီကြမ်းဈေးနှုန်းအပေါ် ဆက်လက်သက်ရောက်နိုင် မည်ဖြစ်ကြောင်း၊ လက်ရှိဖြစ်ပွားလျက်ရှိသော အခြေအနေများကြောင့် စားအုန်းဆီဈေးနှုန်းသည် ဆက်လက်အခိုင်အမာ တည်ရှိနိုင်ပြီး ယခုနှစ်တွင် ပျမ်းမျှအားဖြင့် ရင်းဂစ် ၄,၀၀၀ - ၄,၃၀၀ ကြား မျှော်မှန်းထားကြောင်း အင်္ဂါနေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် စားအုန်းဆီနည်းပညာလွှဲပြောင်းခြင်း (TOT) အစီအစဉ်၌ ၎င်းကပြောကြားခဲ့သည်။

    ဟော်မုဇ်ရေလက်ကြားတင်းမာမှုများသည် ကမ္ဘာ့ရေနံဆီလိုအပ်ချက်သည်အပေါ် တိုက်ရိုက် သက်ရောက်နေကြောင်းနှင့် ရေနံဆီ၊ စားအုန်းဆီနှင့် အခြားဟင်းသီးဟင်းရွက်ဆီတို့သည် ဆက်စပ် မှု များရှိနေသောကြောင့် စားအုန်းဆီနှင့် အခြားဟင်းသီးဟင်းရွက်ဆီဈေးနှုန်း မြင့်တက်စေခြင်း များကို ဖြစ်စေကြောင်းကိုလည်း ထည့်သွင်းပြောကြားခဲ့သည်။

    Ahmad Parveez က အယ်နီညိုဖြစ်စဉ်အလွန်၌ စားအုန်းဆီဝတ်မှုန်ကူးခြင်းအပေါ် သက်ရောက်မှုများဖြစ်ပေါ်ပြီး ကုန်ထုတ်လုပ်မှုအပေါ် ကန့်သတ်ရန် မျှော်မှန်းထားရှိသည့် စိန်ခေါ်မှု များကိုလည်း စားအုန်းဆီကဏ္ဍတွင် ရင်ဆိုင်နေရကြောင်းပြောကြားခဲ့သည်။

    ဆက်လက်၍ အယ်နီညိုဖြစ်စဉ်အလွန် အပူလွန်ကဲခြင်းနှင့် မိုးလျော့နည်းဆိုင်ရာ သက်ရောက်မှုများကို စောင့်ကြည့်နေကြောင်း၊ ယင်းသက်ရောက်မှုများသည် ချက်ချင်း မဖြစ်ပေါ်ဘဲ ဆီအုန်းဝတ်မှုန်ကူးသည့်ပိုးကောင် (Oil palm weevils) များ၏ ဝတ်မှုန်ကူးခြင်းလုပ်ငန်းစဉ်အပေါ် ရေရှည်တွင် သက်ရောက်မှုရှိစေကြောင်း၊ အလွန်အမင်းရာသီဥတုပူပြင်းခြင်းသည် ဝတ်မှုန်ကူး သည့် ပိုးကောင်များ လုပ်ဆောင်ချက်များကို လျော့ကျစေကြောင်း၊ ဝတ်မှုန်ကူးနှုန်းကျဆင်းပြီး ဆီအုန်းသီးနှံအထွက်နှုန်းကို လျော့ကျစေကြောင်း ၎င်းက ထပ်မံ ပြောကြားခဲ့သည်။

    ဥရောပသမဂ္ဂ သစ်တောပြုန်းတီးမှုတားဆီးရေးစည်းမျဉ်း (EUDR)နှင့်ပတ်သက်၍ Ahmad Parveez က မလေးရှားကျွန်းဆွယ်ရှိ စားအုန်းဆီစိုက် တောင်သူငယ် (Smallholders) များ၏ ၈၀ ရာခိုင်နှုန်းကျော်သည် စည်းမျဉ်းသတ်မှတ်ချက်များကို လိုက်နာရန် အဆင်သင့်ဖြစ်နေကြောင်း ပြောကြားခဲ့သည်။

    ယခုနှစ် လလယ်ပိုင်းတွင် စားအုန်းဆီစိုက် တောင်သူငယ်များ (Smallholders) အတွက် ဥရောပသမဂ္ဂ သစ်တော ပြုန်းတီးမှုတားဆီးရေးစည်းမျဉ်း (EUDR) အကောင်အထည် မဖော်မီ တရားဝင်လိုင်စင်ရှိပြီး မြေယာပိုင်ဆိုင်မှု ရှင်းလင်းသော တောင်သူငယ်များ၏ ၉၀% မှ ၉၅% ကို လိုက်နာဆောင်ရွက်မှုစနစ် (Compliance system) ထဲသို့ အပြီးထည့်သွင်းသွားရန် MPOB က မျှော်မှန်းထားရှိကြောင်းကိုလည်း ၎င်းကပြောကြားခဲ့သည်။

   စည်းမျဉ်းများအကောင်အထည်မဖော်မီ တောင်သူငယ် အနည်းဆုံး ၉၀% မှ ၉၅% ကို စနစ် အတွင်း ထည့်သွင်းပေးမှာ ဖြစ်သည့်အတွက် ဥရောပဈေးကွက်သို့ အတားအဆီးမရှိ တင်ပို့နိုင်မှာ ဖြစ်ကြောင်း Ahmad Parveez က ပြောကြားခဲ့သည်။

Source: The Edge Malaysia, June 30, 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

အိန္ဒိယတွင် အရန်ပဲသိုလှောင်မှုနှင့် တင်သွင်းမှုများကြောင့် ပဲမျိုးစုံဈေးနှုန်းများ တည်ငြိမ်နေ

   မိုးရွာသွန်းမှု ပုံမှန်အောက်လျော့နည်းနိုင်ခြင်းနှင့် မိုးသီးနှံစိုက်ပျိုးမှု ‌နောက်ကျခြင်းအပေါ် စိုးရိမ်မှုများရှိသော်လည်း အစိုးရအရန်ပဲသိုလှောင်မှုလုံလောက်စွာရှိခြင်းနှင့် ပဲတင်ပို့သည့် အဓိက နိုင်ငံများတွင် ထုတ်လုပ်မှုမြင့်တက်လာခြင်းတို့ကြောင့် ပဲမျိုးစုံဈေးနှုန်းများသည် ဒီဇင်ဘာလအထိ တည်ငြိမ်နေမည်ဖြစ်ကြောင်း ပဲလောကကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

    မတ်လမှ စတင်၍ ဝယ်လိုအားလျော့နည်းလာခြင်းကြောင့် ပဲဈေးနှုန်းများမှာ မြင့်တက်လာ ခြင်းမရှိဘဲ ဈေးနှုန်းတည်ငြိမ်နေကြောင်း ကုန်သည်များနှင့် တင်သွင်းသူများက ပြောကြားထား သည်။ ပြည်တွင်းထွက်ရှိသည့် ပဲအများစု၏ ဈေးနှုန်းများသည် အခြေခံရည်ညွှန်းဈေး (MSP) ထက် လျော့နည်းနေသော်လည်း အာဖရိက၊ မြန်မာနှင့် ဘရာဇီးနိုင်ငံတို့ကဲ့သို့ ပဲအဓိကတင်ပို့သည့်နိုင်ငံ များတွင် ထုတ်လုပ်မှုကောင်းမွန်သဖြင့် အိန္ဒိယအတွက် ပဲရရှိမှုလုံလောက်ကြောင်းနှင့် အစိုးရတွင် လည်း အရန်ပဲသိုလှောင်မှုလုံလောက်စွာရှိနေကြောင်း အိန္ဒိယနိုင်ငံ ပဲမျိုးစုံနှင့် ကောက်ပဲသီးနှံ အသင်း (IPGA) ဥက္ကဋ္ဌက ပြောကြားခဲ့သည်။

   အိန္ဒိယနိုင်ငံ၏ ပဲမျိုးစုံ တင်သွင်းမှုစုစုပေါင်းသည် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ၁၇ ရာခိုင်နှုန်းလျော့ကျခဲ့ပြီး တန်ချိန် ၆ သန်းအထိရှိခဲ့သည်။ အိန္ဒိယသည် ပဲစင်းငုံကို အာဖရိကနှင့် မြန်မာမှ အဓိကတင်သွင်းပြီး မတ်ပဲကို မြန်မာနှင့် ဘရာဇီးမှ တင်သွင်းနေရသည်။ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း ပဲစင်းငုံတန်ချိန် ၁.၄၈ သန်းတင်သွင်းခဲ့ရာ အာဖရိကမှ တန်ချိန် ၁.၁၁ သန်း ပါဝင်ခဲ့သည်။ မတ်ပဲတင်သွင်းမှု ၇၈၁,၀၀၀ တန်အနက် ၅၄၀၀၀၀ တန်ခန့်ကို မြန်မာနိုင်ငံမှ တင်သွင်းခဲ့ကြောင်းသိရသည်။

    အစိုးရ၏ အရန်ပဲသိုလှောင်မှု အားကောင်းနေခြင်းသည် ဒီဇင်ဘာအထိ ပဲရရှိနိုင်မှုကို လုံလောက်စွာ ထိန်းသိမ်းပေးနိုင်မည်ဖြစ်ကြောင်း ကုန်သွယ်မှုကျွမ်းကျင်သူများက ပြောကြား ထားသည်။ လယ်သမားများကို ကူညီထောက်ပံ့ရန်အတွက် အစိုးရမှ ပဲစင်းငုံ၊ မတ်ပဲနှင့် ပဲနီလေးတို့ ကို ၁၀၀ ရာခိုင်နှုန်းဝယ်ယူပေးမည်ဟု အာမခံထားသဖြင့် အရန်ပဲသိုလှောင်မှုပမာဏ တိုးလာခဲ့ ခြင်းဖြစ်သည်။ လက်ရှိတွင် အစိုးရသည် ယခင်နှစ် မိုးသီးနှံနှင့်ဆောင်းသီးနှံများမှ စုဆောင်းထား သော ပဲမျိုးစုံ တန်ချိန် ၄.၃ သန်းခန့်ကို ကိုင်ဆောင်ထားကြောင်း၊ ၎င်းပမာဏသည် ယခင်နှစ် ကာလတူထက် နှစ်ဆနီးပါးများပြားကြောင်း၊ ဥတ္တရာပရာဒေ့ရှ်၊ တမီးနာဒူး၊ ဂူဂျာရတ်နှင့် ဟာရီ ယာနာပြည်နယ်များမှ နွေပဲတီစိမ်းနှင့် မတ်ပဲများကို အစိုးရဝယ်ယူမည်ဖြစ်ကြောင်း ယခင်လက ကြေညာခဲ့သည်။

Source: Economic Times, July 3, 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

အိန္ဒိယလွှတ်တော်ကော်မတီက ဆီထွက်သီးနှံနှင့် ပဲမျိုးစုံအတွက် ၁၀၀ ရာခိုင်နှုန်း MSP ဖြင့် ဝယ်ယူရန် တောင်းဆို

   အိန္ဒိယစိုက်ပျိုးရေးဆိုင်ရာလွှတ်တော်အမြဲတမ်းကော်မတီသည် ဆီထွက်သီးနှံနှင့် ပဲမျိုးစုံတို့ ၏ သွင်းကုန်ကုန်ကျစရိတ်ကို လျှော့ချနိုင်ရန်အတွက် အခြေခံရည်ညွှန်းစျေး (Minimum Support Price - MSP) ဖြင့် အစိုးရမှ ဝယ်ယူမှုကို လက်ရှိ ၂၅ ရာခိုင်နှုန်းမှ ၁၀၀ ရာခိုင်နှုန်းအထိ တိုးမြှင့် ဝယ်ယူရန် တိုက်တွန်းလိုက်သည်။ ထို့ပြင် ပြည်တွင်းတောင်သူများကို စျေးနှုန်းတက်ခြင်း၊ ကျခြင်း တို့မှ ကာကွယ်ရန် ကမ္ဘာ့စားအုန်းဆီစျေးနှုန်း တစ်တန်လျှင် ဒေါ်လာ ၈၀၀ အောက် ကျဆင်းပါက ၂၀ ရာခိုင်နှုန်း အကာအကွယ်ခွန်စည်းကြပ်ခြင်းအပါအဝင် ပြောင်းလဲနိုင်သော သွင်းကုန်ခွန် ယန္တရား တစ်ခုကျင့်သုံးရန်လည်း အကြံပြုထားသည်။

    ထို့အပြင် ကော်မတီသည် ရာသီဥတုဒဏ်ခံနိုင်သော၊ အထွက်နှုန်းကောင်းသော၊  ပိုးမွှားဒဏ် ခံနိုင်သော သီးနှံမျိုးစိတ်သစ်များ ထုတ်လုပ်နိုင်ရန်နှင့် Marker-Assisted Selection (MAS) ကဲ့သို့ သော ခေတ်မီနည်းပညာများတွင် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရန် တောင်းဆိုခဲ့သည်။ လက်ရှိတွင် လိုအပ်နေသော မျိုးရိုးဗီဇပြုပြင်ထားသည့် အစားအစာများ (GM foods) ကို ထိန်းကျောင်းရန်နှင့် ယင်းတို့ အလွန်အကျွံ ပြန့်နှံ့လာမှုကို စစ်ဆေးရန် ပိုမိုခိုင်မာသော စည်းမျဉ်းစည်းကမ်း ယန္တရား တစ်ခုဖော်ဆောင်ရန်လည်း တိုက်တွန်းထားသည်။

    ၂၀၂၆ ခုနှစ် မတ်လ၂၇ ရက်နေ့က လွှတ်တော်သို့ တင်သွင်းခဲ့သော ၎င်းကော်မတီ၏ ၃၃ ကြိမ်မြောက် အစီရင်ခံစာတွင် အိန္ဒိယနိုင်ငံသည် စားသုံးဆီလိုအပ်ချက်၏ ၅၆ ရာခိုင်နှုန်းခန့်နှင့် ပဲတန်ချိန် ၂.၁၃ သန်းကို ပြည်ပမှ တင်သွင်းနေရဆဲဖြစ်ကြောင်း၊ ၎င်းသည် တောင်သူများကို ကမ္ဘာ့ စျေးနှုန်းမတည်ငြိမ်မှု ဒဏ်ခံရစေပြီး နိုင်ငံခြားငွေ အရန်သီးသန့်အပေါ်တွင်လည်း ဖိအားဖြစ်စေ ကြောင်း၊ ၎င်းကို ဖြေရှင်းရန်အတွက် ကော်မတီက PM-AASHA စီမံကိန်းအောက်တွင် ဆီထွက် သီးနှံထုတ်လုပ်မှု ၁၀၀ ရာခိုင်နှုန်းအထိ ဝယ်ယူရန်နှင့် ပဲစင်းငုံ၊ မတ်ပဲ၊ ပဲနီလေး စသည့် အဓိက ပဲမျိုးစုံကို စိုက်ပျိုးသည့် ပြည်နယ်အားလုံးတွင် အပြည့်အဝဝယ်ယူရန် အကြံပြုထားသည်။

     အဆိုပါအစီရင်ခံစာတွင် ဝေးလံခေါင်ဖျားသော ဒေသများတွင် ဝယ်ယူရေးစင်တာများ ပိုမို ဖွင့်လှစ်ရန်၊ ဒစ်ဂျစ်တယ်ပေါ်တယ်တစ်ခု ဖော်ဆောင်ရန်နှင့် တောင်သူများအတွက် ၂၄ နာရီ ဝန်ဆောင်မှုပေးမည့် အကူအညီပေးရေးဖုန်းလိုင်းများ ထားရှိရန်လည်း အကြံပြုထားကြောင်း၊ အထွက်နှုန်း နည်းပါးခြင်းသည် အဓိကအတားအဆီးဖြစ်ကြောင်း အလေးပေးဖော်ပြကာ ကော်မတီ က ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ရန် တောင်းဆိုထားသည်။ ရာသီဥတုဒဏ် ခံနိုင်ရည်ရှိပြီး အထွက်နှုန်း ကောင်းသော မျိုးစိတ်များ ထုတ်လုပ်နိုင်ရန် CRISPR နှင့် Marker-Assisted Selection ကဲ့သို့သော အဆင့်မြင့် မျိုးစေ့နည်းပညာများတွင် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရန် တိုက်တွန်းထားသည်။ အိန္ဒိယ စိုက်ပျိုးရေးသုတေသနကောင်စီ (ICAR) အနေဖြင့် ဒေသအလိုက်ကိုက်ညီသော မျိုးစေ့များကို ၂၀၂၈ ခုနှစ်တွင် ထုတ်ပြန်ပေးရန်နှင့် မျိုးစေ့လဲလှယ်နှုန်း ပိုမိုမြင့်မားလာစေရန် ၂၀၃၀ ပြည့်နှစ်တွင် ခရိုင် တိုင်း၌ မျိုးစေ့ဗဟိုဌာန (Seed Hubs) များ တည်ထောင်ရန် အကြံပြုထားသည်။

    လက်ရှိအသုံးပြုနေသော SATHI Portal ကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မျိုးစေ့ ထောက်ပံ့မှုကွင်းဆက်တစ်ခုလုံးကို ဒစ်ဂျစ်တယ်စနစ်ဖြင့် ချိတ်ဆက်နိုင်ရန်၊ QR Codeများမှ တစ်ဆင့် မူရင်းဇစ်မြစ်ကို ပြန်လည် ခြေရာခံ နိုင်ရန်နှင့် အစိုးရ ထောက်ပံ့ကြေးများ လေလွင့်ဆုံးရှုံးမှုကို လျှော့ချနိုင်ရန်အတွက် ဘက်စုံသုံး "National Seed Grid" အဖြစ် ပြောင်းလဲရန်အဆိုပြုထား သည်။

   တောင်သူများကို အကာအကွယ်ပေးရန် ရည်ရွယ်သည့် လုပ်ဆောင်ချက် အဖြစ် မျိုးစေ့ စျေးနှုန်းများကို ကန့်သတ်ရန်နှင့် မျိုးစေ့တု/မျိုးစေ့ညံ့များကြောင့် ထိခိုက်မှု ရှိပါက လျော်ကြေး ရရှိ စေရန်အတွက် အမျိုးသားအဆင့် စည်းမျဉ်း စည်းကမ်း ထိန်းကျောင်းရေးအဖွဲ့တစ်ခု ဖွဲ့စည်းရန် အကြံပြုထားသည်။ ကော်မတီသည် ၁၉၆၆ ခုနှစ် မျိုးစေ့အက်ဥပဒေကို အစားထိုး၍ မှတ်ပုံ တင်ခြင်း၊ အသိအမှတ်ပြုလက်မှတ်ရယူခြင်းတို့ကို မဖြစ်မနေလုပ်ဆောင်ရမည့်အပြင် ပြစ်ဒဏ် များကို ပိုမို တင်းကျပ်ထားသည့် ခေတ်မီဥပဒေတစ်ခုဖြင့် အမြန်ဆုံးအစားထိုးရန် အလေးပေး ပြောကြားခဲ့သည်။

    ဒေသအလိုက် မမျှတမှုများကို ဖြေရှင်းရန်အတွက် ၂၀၂၈ ခုနှစ်တွင် အရှေ့ပိုင်းနှင့် မြောက် အရှေ့ပိုင်းပြည်နယ်များ၌ ဆီထွက်သီးနှံနှင့် ပဲမျိုးစုံ စိုက်ပျိုးထုတ်လုပ်မှုဇုန်များ (Clusters) ဖော် ဆောင်ရန်နှင့် "တစ်စက်ချင်းစီမှ သီးနှံ ပိုမိုရရှိရေး" (Per Drop More Crop) စီမံကိန်းအောက်တွင် ရေသွင်း စိုက်ပျိုးမှုကို တိုးချဲ့ရန်၊ မိုးရေကိုသာ အားကိုးရသော ဒေသများတွင် စွန့်စားရမှုကို လျှော့ချ ရန်အတွက် အသေးစားရေသွင်းစနစ်၊ စိုက်ပျိုးရေးသုံး ရေကန်များနှင့် IoT အခြေခံ ရေစီမံခန့်ခွဲမှု စနစ်များကို အသုံးပြုရန်လည်း အလေးပေးဖော်ပြထားသည်။

    တောင်သူများ၏ ဝင်ငွေတိုးတက်စေရန်အတွက် တောင်သူထုတ်လုပ်ရေးအဖွဲ့အစည်းများ (FPOs) ကို အားကောင်းစေရန်၊ ကုန်ချောထုတ်လုပ်သည့် စက်ရုံများ တည်ထောင်ရန်နှင့် 'Bharat Dal' ကဲ့သို့သော အမှတ်တံဆိပ်ဖြင့် ရောင်းချသည့် လုပ်ငန်းများကို တိုးချဲ့ရန် အကြံပြုထားပြီး၊ သင့်တင့်သော စျေးနှုန်းဖြင့် စားသုံးဆီများ ရရှိနိုင်ရန် 'Bharat Oil' အမှတ်တံဆိပ်အသစ်ကိုလည်း အဆိုပြုထားကြောင်း သိရှိရသည်။

Source: Business line, June 23, 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

ဖိလစ်ပိုင်နိုင်ငံသည် ၂၀၂၆ ခုနှစ်တွင် ဆန်တန်ချိန် ၅.၇ သန်းအထိ တင်သွင်းမည်ဟု ခန့်မှန်း

   ဖိလစ်ပိုင်နိုင်ငံတွင် စိုက်ပျိုးရေးသွင်းအားစု စရိတ်စကများ မြင့်တက်လာခြင်း၊ စပါးစိုက်ပျိုး မြေဧရိယာများ နည်းလာခြင်းနှင့် ရေပြတ်လပ်မှုအန္တရာယ်ကြုံတွေ့လာရခြင်းတို့ကြောင့် ပြည်တွင်း ဆန်ထုတ်လုပ်မှုအပေါ် ဖိအားများရှိနေပြီး လျော့ကျလာသည့် ပြည်တွင်းရောင်းလိုအားကို ပြန်လည်ဖြည့်ဆည်းရန်အတွက် ၂၀၂၆ ခုနှစ်တွင် ဖိလစ်ပိုင်နိုင်ငံအနေဖြင့် ဆန်တန်ချိန် ၅.၇ သန်း ခန့် တင်သွင်းရလိမ့်မည်ဟု အမေရိကန်စိုက်ပျိုးရေးဦးစီးဌာန (USDA) က ခန့်မှန်းထားသည်။

   အမေရိကန်စိုက်ပျိုးရေးဦးစီးဌာန (USDA) သည် ၎င်း၏ နောက်ဆုံးထုတ်ပြန်သည့် ကောက်ပဲ သီးနှံနှင့် အစားအစာဆိုင်ရာ နောက်ဆုံးရအခြေအနေ (Grain and Feed Update) အစီရင်ခံစာ တွင် ဖိလစ်ပိုင်နိုင်ငံ၏ ဆန်တင်သွင်းမည့် ခန့်မှန်းချက်ပမာဏကို ယခင်ခန့်မှန်းထားသည့် တန်ချိန် ၅.၆ သန်းမှ နောက်ထပ် တန်ချိန် ၁၀၀,၀၀၀ (၁ သိန်း) တိုးမြှင့်သတ်မှတ်လိုက်သည်။

     ပြည်တွင်းထုတ်လုပ်မှု ကျဆင်းခြင်းကြောင့် ဆန်လက်ကျန်များ လျော့နည်းသွားနိုင်သဖြင့် ကျဆင်းလာသည့် ပြည်တွင်းရောင်းလိုအားကို ဖြည့်ဆည်းနိုင်ရေး ဆန်တင်သွင်းမှုပမာဏ တိုးမြှင့် သွားရန် လျာထားကြောင်း အမေရိကန်အေဂျင်စီ (USDA) က ပြောကြားခဲ့သည်။

    အမေရိကန်စိုက်ပျိုးရေးဦးစီးဌာန (USDA) ၏ ခန့်မှန်းချက်ပမာဏများသည် ဖိလစ်ပိုင်နိုင်ငံ စိုက်ပျိုးရေးဦးစီးဌာန (DA) က ယခင်လျာထားချက်ဖြစ်သည့် ဆန်တင်သွင်းမှုပမာဏ တန်ချိန် ၄.၈ သန်းထက် ပိုမိုမြင့်မားနေသည်။

    အစိုးရ၏ အချက်အလက်များအရ ဖိလစ်ပိုင်နိုင်ငံသည် ယခုနှစ် ဇန်နဝါရီလမှ ဇွန်လ ၁၁ ရက်နေ့ အထိ ဆန်တန်ချိန် ၂.၄၂ သန်း တင်သွင်းခဲ့ပြီး ဖြစ်သည်။စိုက်ပျိုးရေးသွင်းအားစု စရိတ်စက များ မြင့်တက်လာခြင်းက တောင်သူများ၏ စိုက်ပျိုးလိုစိတ် အပေါ် ဖိအားပေးလျက်ရှိနေသဖြင့် ယခုနှစ်အတွင်း ဖိလစ်ပိုင်နိုင်ငံ၏ စုစုပေါင်း ကြိတ်ခွဲပြီး ဆန် ထုတ်လုပ်မှုပမာဏသည် ၁၂.၃ သန်း တန်သာ ရှိလိမ့်မည်ဟု ခန့်မှန်းထားပြီး ယင်းသည် ယခင်က ခန့်မှန်းတွက်ချက်ထားသည့် တန်ချိန် ၁၂.၄ သန်းထက် ၀.၈ ရာခိုင်နှုန်း လျှော့ချသတ်မှတ်လိုက်ခြင်း ဖြစ်သည်။

    ဓာတ်မြေဩဇာဈေးနှုန်းများ မတ်လမှစ၍ အဆမတန် ထိုးတက်လာခဲ့ပြီး ကမ္ဘာ့ယူရီးယား (Urea) မြေဩဇာဈေးနှုန်းသည် ၅၅ ရာခိုင်နှုန်းကျော်အထိ သိသိသာသာ မြင့်တက်လာခဲ့ကြောင်း နှင့် ယင်းသည် တောင်သူများ၏ ဝင်ငွေကို လျော့ကျစေသည့်အပြင် တိုးချဲ့စိုက်ပျိုးမည့် ဧရိယာများ ကို ကန့်သတ်သကဲ့သို့ ဖြစ်စေကြောင်း အမေရိကန် စိုက်ပျိုးရေးဦးစီးဌာန (USDA) က မှတ်ချက်ပြု ထားသည်။

    ဖိလစ်ပိုင်စိုက်ပျိုးရေးဦးစီးဌာန (DA) အနေဖြင့် တောင်သူများအား စက်သုံးဆီထောက်ပံ့ ကြေးများပေးအပ်ခြင်း မျိုးစပါးနှင့်ဓာတ်မြေဩဇာစရိတ်အချို့ကို ကူညီပံ့ပိုးပေးခြင်းများ ဆောင်ရွက် နေသော်လည်း ယင်းလုပ်ဆောင်ချက်များသည် ကြီးမြင့်နေသော စိုက်ပျိုးရေး သွင်းအားစုစရိတ် များ၏ ဝန်ထုပ်ဝန်ပိုးကို အတိုင်းအတာတစ်ခုအထိသာ သက်သာစေနိုင်ကြောင်း လုပ်ငန်းနယ်ပယ် အတွင်းရှိ သတင်းရင်းမြစ်များက မှတ်ချက်ပြုကြသည်ဟု USDA က ပြောကြားခဲ့သည်။

    ပြင်းထန်သော အယ်လ်နီညိုဖြစ်စဉ် ဖြစ်ပွားပါက ဆန်စပါးထုတ်လုပ်မှုပမာဏ တန်ချိန် ၇၀၀,၀၀၀ ခန့်အထိ ကျဆင်းသွားနိုင်ကြောင်း ဖိလစ်ပိုင်စိုက်ပျိုးရေးဦးစီးဌာန (DA) က ယခင်က ပြောကြားထားသည်။

    ဖိလစ်ပိုင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ ယခုနှစ် နှောင်းပိုင်းမှ ၂၀၂၇ ခုနှစ် အစောပိုင်းကာလအတွင်း နိုင်ငံ၌ အသင့်အတင့်မှ ပြင်းထန်သော အယ်လ်နီညို ဖြစ်စဉ်ကို ကြုံတွေ့ရနိုင်ကြောင်း သိရသည်။ အဆိုပါ ရာသီဥတုဖြစ်စဉ်ကို ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်တွင် နောက်ဆုံးအကြိမ်အဖြစ် မှတ်တမ်းတင်ခဲ့ပြီး ထိုစဉ်က မိုးခေါင်ရေရှားမှုများ ကြောင့် စိုက်ပျိုးရေးကဏ္ဍ၏ ထုတ်လုပ်မှု အမြောက်အမြား ထိခိုက်ပျက်စီးခဲ့ရသည်။

Source: Vietnam Plus, June 29, 2026 (လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ