Main menu

ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

တရုတ်က Internet of Things (IoT) ဝန်ဆောင်မှု ဂြိုဟ်တု စီးပွားဖြစ် စမ်းသပ်လုပ်ဆောင်

     ဂြိုဟ်တုဆက်သွယ်ရေးစျေးကွက်၌ ထောက်ပံ့မှုအမျိုးမျိုးပေးနိုင်ရန်နှင့် စီးပွားဖြစ်အာကာသ လုပ်ငန်းနှင့် ဝေဟင်နိမ့်ပျံစီးပွားရေးကဲ့သို့ ထွန်းသစ်စစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှု အထောက်အပံ့ပေးနိုင်ရန်နှင့် လုံခြုံစိတ်ချရပြီး ကြံ့ခိုင်သည့်ထောက်ပံ့မှုပေးနိုင်ရန် တရုတ်နိုင်ငံက Internet of Things (IoT) ဝန်ဆောင်မှု ဂြိုဟ်တု စီးပွားဖြစ် စမ်းသပ်လုပ်ဆောင်မှု စတင်လိုက်ကြောင်း သိပ္ပံနှင့်နည်းပညာနေ့စဉ်သတင်းစာက နိုဝင်ဘာ ၂၃ ရက်၌ သတင်းဖော်ပြခဲ့သည်။
တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ် ဝူဟန့်မြို့တွင် ကျင်းပသည့် ၂၀၂၅ တရုတ်နိုင်ငံ 5G + စက်မှုလုပ်ငန်းသုံး အင်တာနက်ကွန်ဖရင့်အရ စီးပွားဖြစ်စမ်းသပ်လုပ်ဆောင်မှုသည် နှစ်နှစ်ကြာမြင့် လိမ့်မည်ဖြစ်ပြီး ဥပဒေစည်းမျဉ်းများနှင့် ကိုက်ညီသော IoT ဝန်ဆောင်မှုများ ဂြိုဟ်တု ပံ့ပိုးပေးရန် အရည်အချင်းပြည့်မီသောစီးပွားရေးလုပ်ငန်းများကိုထောက်ပံ့မည်ဖြစ်ကြောင်းသိရသည်။ စမ်းသပ်လုပ် ဆောင်မှုသည် ဂြိုဟ်တုဆက်သွယ်ရေးစျေးကွက်တွင် ထောက်ပံ့မှုအမျိုးမျိုးရရှိစေရန်၊ စျေးကွက် အတွင်းပါဝင်သည့် အဖွဲ့အစည်းများ၏အသက်ဝင်မှု လှုံ့ဆော်နိုင်ရန်၊ စက်မှုလုပ်ငန်း ဝန်ဆောင်မှု စွမ်းရည်ကို မြှင့်တင်နိုင်ရန်၊ လုံခြုံရေးထိန်းညှိသည့်စနစ်တစ်ခု တည်ထောင်ရန်နှင့်တုပနိုင်သော၊ တိုးချဲ့နိုင်သော အတွေ့အကြုံများနှင့်ပုံစံများ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ကြောင်းသိရသည်။
IoT ဂြိုဟ်တုသည် မြေပြင်၊ သမုဒ္ဒရာများနှင့် လေထုအတွင်းရှိ ကြီးမားသောစက်ပစ္စည်းများ နှင့်ချိတ်ဆက်ရန်၊ အချက်အလက်များစုဆောင်းခြင်း၊ လွှဲပြောင်းခြင်း ဝန်ဆောင်မှုများအတွက် ဂြိုဟ်တုဆက်သွယ်ရေးနည်းပညာကို အကျိုးရှိစွာ အသုံးချလျက်ရှိသည်။ ၎င်း၏အသုံးပြုနိုင်သည့် အခင်းအကျင်းများအနေဖြင့် ပင်လယ်ပြင်ငါးဖမ်းလုပ်ငန်းများ၊ သယ်ယူပို့ဆောင်ရေး နှင့်ကုန်ပစ္စည်း ပို့ဆောင်ရေး၊ စွမ်းအင်နှင့်ရေအရင်းအမြစ်များ၊ အရေးပေါ်ဆက်သွယ်ရေးလုပ်ငန်းများ၊ ဝေဟင် နိမ့်ပျံ စီးပွားရေးနှင့်စက်မှုလုပ်ငန်းသုံးအင်တာနက်တို့ကိုလွှမ်းခြုံနိုင်ကြောင်းသိရသည်။အခြေခံအဆောက် အအုံသစ်များ၌ အရေးကြီးသည့် အစိတ်အပိုင်းတစ်ခုအဖြစ် ကြယ်စုတန်းများ ဖွဲ့စည်းတည်ဆောက် ခြင်း၊ နည်းပညာထိုးဖောက်အောင်မြင်ခြင်းနှင့် စက်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုများတွင် အရေးပါ သည့် တိုးတက်မှုများဖြင့် ယခုနှစ်တွင် တရုတ်နိုင်ငံ၌ ဂြိုလ်တုဆက်သွယ်ရေးဖွံ့ဖြိုးမှု အရှိန် အဟုန်မြှင့်တိုးတက်ခဲ့ကြောင်းသိရသည်။ ၂၀၂၅ ခုနှစ် သြဂုတ် တွင် တရုတ်နိုင်ငံစက်မှု နှင့်သတင်း အချက်အလက်နည်းပညာဝန်ကြီးဌာနကဂြိုလ်တုဆက်သွယ်ရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုကိုမြှင့်တင်ရန် စျေးကွက်ဝင်ရောက်ခွင့် အကောင်းဆုံး အဆင့်မြှင့်ခြင်းဆိုင်ရာ လမ်းညွှန်ချက်တစ်ခု ထုတ် ပြန်ခဲ့သည်။ အဆိုပါလမ်းညွှန်ချက်တွင် ဂြိုလ်တုဆက်သွယ်ရေးဝန်ဆောင်မှုများ ဖွင့်လှစ်ပေးရန် စုံလင်သောစီမံဆောင်ရွက်ချက်နှင့် စနစ်ကျသောချဥ်းကပ်မှုတို့ကို အနှစ်ချုပ်ဖော်ပြခဲ့သည်။ 

Source: ဆင်ဟွာ                                                               

DOCA(ပြည်ထောင်စုနယ်မြေ)

 

ကမ္ဘာ့စက်မှုထိပ်သီးနိုင်ငံ ၂၀ အနေဖြင့် လွတ်လပ်စွာကုန်သွယ်မှုကို ထိန်းသိမ်းရန်၊ တံခါးဖွင့် ကမ္ဘာ့စီးပွားရေးစနစ် ဖော်ဆောင်ရန် တရုတ်ဝန်ကြီးချုပ် တိုက်တွန်း

    ကမ္ဘာ့စက်မှုထိပ်သီးနိုင်ငံ ၂၀ (G20) အနေဖြင့် ကမ္ဘာ့စီးပွားရေး ပြန်လည်နာလန်ထူမှု တုံ့ဆိုင်း နေချိန်တွင် ညီညီညွတ်ညွတ်ရှိရေးအတွက် တစ်စိုက်မတ်မတ်လုပ်ဆောင်ရန်၊ လွတ်လပ်စွာ ကုန်သွယ်မှုကို ခိုင်ခိုင်မာမာထိန်းသိမ်းကာ တံခါးဖွင့် ကမ္ဘာ့စီးပွားရေးစနစ်ကို ဖော်ဆောင်ရန် တရုတ်နိုင်ငံ ဝန်ကြီးချုပ်က နိုဝင်ဘာ ၂၂ ရက်၌ တိုက်တွန်းပြောကြားခဲ့သည်။

      အားလုံးလက်ခံပါဝင်မှုရှိ၍ စဉ်ဆက်မပြတ်ဖြစ်သော စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကဦး တည်ဆွေးနွေးရန် တောင်အာဖရိကနိုင်ငံ ဂျိုဟန်းနက်စ်ဘာ့ဂ်မြို့တွင် ကျင်းပလျက်ရှိသည့် ၂၀ ကြိမ်မြောက် G20 ထိပ်သီးအစည်းအဝေး အဖွင့်အစည်းအဝေး၌ အမှာစကားပြောကြားရာတွင် လီက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ ထိုအစည်းအဝေးအား တောင်အာဖရိကနိုင်ငံ သမ္မတ ဆီရယ်လ် ရာမာဖိုဆာက သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

    စည်းလုံးညီညွတ်ခြင်းက အင်အားဖြစ်ပြီး စိတ်ဝမ်းကွဲခြင်းက မည်သည့်ကောင်းကျိုးကိုမှ မပေးနိုင်ဟု ၁၇ ကြိမ်မြောက် G20 ထိပ်သီးအစည်းအဝေး၌ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ထောက်ပြပြောဆိုခဲ့သည်ဟု လီက ပြောကြားခဲ့သည်။

    မတူညီသော ဒေသများမှဖြစ်သကဲ့သို့ မတူညီသော စနစ်နှင့် ယဉ်ကျေးမှုများလည်းရှိနေသည့် G20 အဖွဲ့ဝင်နိုင်ငံများအနေဖြင့် လွန်ခဲ့သောနှစ်များအတွင်း ညီညွတ်သောစိတ်ဓာတ်ဖြင့် စိန်ခေါ် မှုများကို ဆက်တိုက်ကျော်လွှားနိုင်ခဲ့ကာ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်နိုင်ခဲ့ကြောင်း လီက ထပ်မံ ပြောကြားခဲ့သည်။

    မျက်မှောက်ကာလ၌ ကမ္ဘာ့စီးပွားရေးသည် အထူးသဖြင့် တစ်ဖက်သတ်ဝါဒနှင့် ကိုယ်ကျိုး စီးပွား ကာကွယ်ရေးဝါဒတို့ ခေါင်းထောင်လာခြင်း၊ ကုန်သွယ်ရေးဆိုင်ရာ ကန့်သတ်မှုများနှင့် ထိပ် တိုက်ရင်ဆိုင်မှုများ အရှိန်မြင့်တက်လာခြင်းတို့ကြောင့် ကြီးမားသော စိန်ခေါ်မှုများကို တစ်ကျော့ပြန် ရင်ဆိုင်နေရသည်ဟု လီက ဆိုသည်။

   သက်ဆိုင်ရာနိုင်ငံများအကြား အကျိုးစီးပွားချင်း ကွဲလွဲဆန့်ကျင်မှုနှင့် နိုင်ငံတကာ ပူးပေါင်း ဆောင် ရွက်ရေးယန္တရားများ အားလျော့ချည့်နဲ့လာမှုတို့က ကမ္ဘာလုံးဆိုင်ရာ ညီညွတ်မှုကို အဟန့် အတားဖြစ်စေသည့် သိသာထင်ရှားသော အခြေခံအကြောင်းရင်းများဖြစ်လာသည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။

   သို့ဖြစ်၍ G20 အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ထိုပြဿနာများအား ရဲရဲဝံ့ဝံ့ရင်ဆိုင်ခြင်း၊ နည်းလမ်းများ ရှာဖွေခြင်းနှင့် အဖွဲ့ဝင်နိုင်ငံအားလုံး စည်းစည်းလုံးလုံးဖြင့် ပူးပေါင်းဆောင်ရွက်သော လမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိရေးအတွက် တစ်တပ်တစ်အား ပံ့ပိုးကူညီခြင်း စသည်တို့ကို လုပ်ဆောင်ကြရန်လည်း လီက တိုက်တွန်းခဲ့သည်။

   သဘောထားကွဲလွဲမှုများ၊ ဆန့်ကျင်မှုများနှင့် ရင်ဆိုင်နေရချိန်တွင်လည်း တန်းတူညီမျှရှိမှု အပေါ်အခြေခံကာ ဆွေးနွေးညှိနှိုင်းခြင်းဖြင့် အငြင်းပွားမှုများနှင့် ပဋိပက္ခများကို သင့်တင့်လျောက် ပတ်စွာ ကိုင်တွယ်ဖြေရှင်းရေးအတွက် အတူတကွ ကြိုးပမ်းအားထုတ်ကြရန်လည်း တရုတ်နိုင်ငံ ဝန်ကြီးချုပ်က တိုက်တွန်းပြောကြားခဲ့သည်။

    ထို့အတူ အမြင်မတူညီမှုများ ရှိစေကာမူ ဘုံတူညီမှုကိုရှာဖွေရန်၊ အကျယ်ပြန့်ဆုံး ဘုံအကျိုးစီး ပွား များကို တက်တက်ကြွကြွ ဖော်ဆောင်ရန်၊ လက်တွေ့ကျသော ကိုယ်စီအလေးထားစရာ ကိစ္စရပ်များကို သင့်လျော်မှန်ကန်စွာ ကိုင်တွယ်ဖြေရှင်းရန်လည်း အရေးကြီးကြောင်း လီက အလေးထားပြောကြားခဲ့သည်။

   G20 အဖွဲ့ဝင်နိုင်ငံများအနေဖြင့် စီမံခန့်ခွဲမှုဆိုင်ရာ အခက်အခဲများနှင့် ရင်ဆိုင်ရသည့်အခါ ခေတ်နှင့်လိုက်လျောညီထွေ ဆန်းသစ်ပြောင်းလဲကာ နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးဝါဒကို ထိန်းသိမ်းရာတွင် ဦးဆောင်ရမည်ဖြစ်ကြောင်း လီက တိုက်တွန်းခဲ့သည်။

   ဆက်လက်၍ ကမ္ဘာ့ဘဏ်၊ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့နှင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ စသည့် အဖွဲ့အစည်းများ၏ ပြုပြင်ပြောင်းလဲမှုကို အရှိန်မြှင့်လုပ်ဆောင်ကြရန်လည်း လီက တိုက်တွန်း ပြောဆို ခဲ့သည်။ ထို့ပြင် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ သဘောထားများကို တိုးမြှင့်ဖော်ထုတ်ရေး၊ ပိုမိုတရားမျှတ၍ ပိုမိုပွင့်လင်းသော နိုင်ငံတကာ စီးပွားရေးနှင့် ကုန်သွယ်ရေးစည်းစနစ်ကို ထူ ထောင်ရေးအတွက် ကြိုးပမ်းသွား ကြရန်လည်း ၎င်းက တိုက်တွန်းခဲ့သည်။

   တရုတ်နိုင်ငံက အာဖရိကနှင့် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများတွင် စက်မှုလုပ်ငန်းထူထောင်မှု ပံ့ပိုး အထောက်အကူပြုရေးဆိုင်ရာ G20 အစီအမံ လက်တွေ့ဖော်ဆောင်ရေး လုပ်ငန်းစီမံချက် ထုတ်ပြန် ကြေညာ ခဲ့ကြောင်း၊ နိုင်ငံအားလုံး၏ ဘုံဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်အားပေးရန်လည်း တရုတ်နိုင်ငံက ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း အလေးထားပြောကြားခဲ့သည်။

   ထို့အတူ တရုတ်နိုင်ငံအနေဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ကြွေးမြီလျှော့ချနိုင်ရေးအတွက် ပံ့ပိုး ကူညီကာ အာဖရိကဒေသ ခေတ်မီအသွင်ပြောင်းခြင်းကို အထောက်အကူပြုရန် ပူးပေါင်းပါဝင် ဆောင်ရွက်သော အစီအမံတစ်ရပ်အား တောင်အာဖရိကနိုင်ငံနှင့်အတူ ပူးတွဲဖော်ဆောင်ခဲ့ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး အင်စတီကျုကိုလည်း တည်ထောင်သွား မည်ဖြစ်ကြောင်း လီက ပြောကြားခဲ့သည်။

Source: ဆင်ဟွာ                                                                DOCA(ပြည်ထောင်စုနယ်မြေ)

နီပေါနိုင်ငံ၌ လက်ရှိဘဏ္ဍာနှစ် ပထမလေးလအတွင်း နိုင်ငံခြားကုန်သွယ်မှုမြင့်တက်

    နီပေါနိုင်ငံသည် လက်ရှိ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပထမလေးလအတွင်း နိုင်ငံခြားကုန်သွယ် မှု ဆက်လက်မြင့်တက်လျက်ရှိပြီး ယမန်နှစ်  အလားတူကာလနှင့် နှိုင်းယှဉ်လျှင်   ၂၄  ဒသမ   ၁၈ ရာခိုင်နှုန်း  မြင့်တက်မှုရှိကြောင်း အစိုးရအေဂျင်စီတစ်ခုက   နိုဝင်ဘာ ၂၃ ရက်တွင် ပြောသည်။

     ဇူလိုင်လလယ်နှင့် နိုဝင်ဘာလ လယ်ကြားတွင် ပို့ကုန်နှင့်  သွင်းကုန်နှစ်မျိုးစလုံး မြင့်တက်မှု ရှိခဲ့ပြီး  ကုန်သွယ်မှုပမာဏ စုစုပေါင်း နီပေါ ရူပီး ၇၀၂ ဒသမ ၉၄ ဘီလီယံအထိရှိခဲ့ကြောင်း၊ ယခင် ဘဏ္ဍာနှစ် အလားတူကာလတွင် ရူပီး ၅၆၆ ဒသမ ၀၅   ဘီလီယံသာရှိခဲ့ကြောင်း အကောက်ခွန် ဦးစီးဌာန၏  ဖော်ပြချက်အရ သိရသည်။   

Source: ဆင်ဟွာ                                                               

DOCA(ပြည်ထောင်စုနယ်မြေ)

ဖိလစ်ပိုင်နှင့် ဥရောပသမဂ္ဂ ဉာဏ်ရည်တုနည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မည်

     ဖိလစ်ပိုင်နှင့် ဥရောပသမဂ္ဂတို့ကြား ဉာဏ်ရည်တုနည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးကဏ္ဍ များတွင် ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

     နိုင်ငံ၏ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှု မြှင့်တင်ရေးအပါအဝင် ဆိုက်ဘာကွန်ရက်မြှင့် တင်ရေး၊ ကမ္ဘာမြေ စူးစမ်းလေ့လာရေးဆိုင်ရာ ဉာဏ်ရည်တုနည်းပညာ၊ ဆိုက်ဘာလုံခြုံရေးစ သည့်  ကိစ္စရပ်များ ဆောင်ရွက်ရေးအတွက်  တန်ကြေး ယူရို  ၂၂ ဒသမ ၆ သန်းရှိသည့် ၎င်းပူးပေါင်း ဆောင်ရွက်ရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။

     ဥရောပသမဂ္ဂ၏ ဒစ်ဂျစ်တယ်၊ စွမ်းအင်၊ သယ်ယူပို့ဆောင်ရေးကွန်ရက်များကို မြှင့်တင် ရေးနှင့် မိတ်ဖက်နိုင်ငံများ၏ ကျန်းမာရေး၊ ပညာရေးနှင့် သုတေသနလုပ်ငန်များကို ကူညီပေးရေး အတွက် ယခုကဲ့သို့ ဆောင်ရွက်ခြင်းဖြစ်သည်။ ဖိလစ်ပိုင်နှင့်  ဥရောပသမဂ္ဂတို့ကြား စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်မှုရည်မှန်းချက်များ အောင်မြင်ရေးအတွက် ယခုကဲ့သို့ ဆောင်ရွက်ခြင်းဖြစ်သည်။ ယခု ဆောင်ရွက်ချက်သည် သဘာဝဘေးခံစားနေရသည့် ဖိလစ်ပိုင်နိုင်ငံအတွက် အကျိုးရှိသည့် ဆောင်ရွက်ချက်ဖြစ်ကာ အနာဂတ်တွင်ဖြစ်လာမည့် သဘာဝဘေးများအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ဖိလစ်ပိုင်ဘဏ္ဍာရေးဝန်ကြီး ဖရက်ဒရက်ဂိုက ပြောသည်။

Source: ဆင်ဟွာ                                                               

DOCA(ပြည်ထောင်စုနယ်မြေ)

ရာသီအလိုက် ဝယ်လိုအားအရ စားအုန်းဆီကုန်သွယ်မှု ပြန်လည်သွက်လက်လာ

     စားအုန်းဆီသည် ရာသီအလိုက် ၀ယ်လိုအား ပြန်လည်ကောင်းမွန်လာသည့်အတွက် အမြတ် အစွန်း  ဆက်လက်ရရှိလျက်ရှိကြောင်း၊ စားအုန်းဆီ ကုန်သည်များသည် မလေးရှားရှိရေကြီးမှု အပါ အဝင် အာရှတစ်လွှားရှိ ထိပ်တန်း စားအုန်းဆီစိုက်ပျိုးထုတ်လုပ်သည့် အခြားသောဒေသများကို အနီးကပ် စောင့်ကြည့်နေကြကြောင်း၊ အစောပိုင်းပွဲတော်နှင့်ဆက်စပ်၍ ၀ယ်လိုအား လှုပ်ရှားမှုများ အရှိန်မြင့် တက်လာပြီးနောက် စျေးကွက်အနေအထား ပိုမိုကောင်းမွန်လာကြောင်း မလေးရှားနိုင်ငံ အခြေစိုက် Business Today သတင်းဌာနက ဒီဇင်ဘာလ ၂ ရက်နေ့တွင် ဖော်ပြထားသည်။

    ပွဲတော်ရာသီ စားအုန်းဆီ ဝယ်ယူမှုမှာ စတင်ခဲ့ပြီဖြစ်သည်ဟု ပုဂ္ဂလိကကုမ္ပဏီတစ်ခု ဖြစ် သည့် Kaleesuwari Intercontinental မှ ကုန်သွယ်မှုနှင့် စီမံခန့်ခွဲမှုမဟာဗျူဟာ၏ အကြီးအကဲ Gnanasekar Thiagarajan က ပြောကြားခဲ့သည်။ ၂၀၂၆ ခုနှစ် တရုတ်နှစ်သစ်ကူးကာလနှင့် စားသုံး မှုများပြားမည့် ရာမာဒန်ဥပုသ်ကာလတို့ မတိုင်မီတွင် စားအုန်းဆီ သိုလှောင်မှုလက်ကျန် ပြန်လည် မြင့်မားလာပြီး စျေးနှုန်းများသည်လည်း ခိုင်မာမှုရှိမည်ဟု ၎င်းက မျှော်လင့်ထားသည်။

   ယခုအခါ ရာသီဥတုအခြေအနေက ထောက်ပံ့ရေးနှင့်သယ်ယူပို့ဆောင်ရေးတို့ကို အချိန်ကိုက် ဆောင်ရွက်နိုင်ရန်အတွက် ခြိမ်းခြောက်မှုတစ်ခုအဖြစ် ပေါ်ထွက်လာပြီဖြစ်သည်။ နေရာဒေသအနှံ့ မိုးရွာသွန်းမှုနှင့် ရေလွှမ်းမိုးမှုများက စားအုန်းဆီထောက်ပံ့ရေးကွင်းဆက်ကို ထိခိုက်စေနိုင်ကြောင်း Thiagarajan က သတိပေးပြောကြားခဲ့သည်။ ရေကြီးမှုက ထောက်ပံ့ပို့ဆောင်ရေးနှင့် ဈေးကွက် လှုပ်ရှားမှုတို့ကို အဟန့်အတား ဖြစ်စေပြီး ဝယ်လိုအားသိသိသာသာမြင့်တက်လာသည့် အချိန်အခါ တွင် ရောင်းလိုအားကိုပါ လျော့ကျစေပါကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

     မလေးရှားနှင့် အင်ဒိုနီးရှားတို့သည် ရာသီဥတုကြောင့် ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်းများကို ကြန့်ကြာစေသည့် ပိတ်ဆို့မှုများ အများဆုံးကြုံတွေ့နေရဆဲဖြစ်သည်။ ရေကြီးရေလျှံမှုများ ဆက် လက်ဖြစ်ပေါ်နေမည်ဆိုပါက ဆီအုန်းခြံမှ ထွက်ရှိလာသည့်စားအုန်းဆီများအား ပြန်လည် သန့်စင် ခြင်းနှင့် ဆိပ်ကမ်းများသို့ ပို့ဆောင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် နှောင့်နှေးမှုများ ဖြစ်ပေါ် လာနိုင်စေသည်။

    ပွဲတော်ကာလ စားအုန်းဆီဝယ်လိုအား အားကောင်းမှုသည် ရာသီဥတုဒဏ်ခံရမှုကြောင့် ရောင်းလိုအား မတည်မငြိမ်ဖြစ်ပေါ်မှုနှင့် တိုက်ဆိုင်နေသောကြောင့် စျေးနှုန်းမတည်ငြိမ်မှု ဆက် လက်ရှိနေမည်ဟု မျှော်လင့်ရကြောင်း Kaleesuwari Intercontinental ကုမ္ပဏီမှ Gnanasekar Thiagarajan ၏ ပြောကြားချက်များကို တင်ပြလိုက်ရပါသည်။

Source: Business Today, December 2, 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

ဗီယက်နမ်နှင့်တရုတ် နှစ်နိုင်ငံကြား ပိန္နဲသီးတင်ပို့မှုဆိုင်ရာ လုပ်ထုံးလုပ်နည်းစနစ် လက်မှတ်ရေးထိုး

     ဗီယက်နမ်မှ ပိန္နဲသီးများအား တရုတ်ဈေးကွက်သို့ တင်ပို့နိုင်ရေးအတွက် တင်ပို့မှုဆိုင်ရာ လုပ်ထုံးလုပ်နည်းစနစ် အခြေပြစာချုပ်ကို ဗီယက်နမ်နှင့် တရုတ်နှစ်နိုင်ငံကြား ချုပ်ဆိုထားကြောင်း စိုက်ပျိုးရေးနှင့် သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာန၏ ကြေညာချက်အရ သိရှိရပါသည်။

     အခြေပြစာချုပ် လက်မှတ်ရေးထိုးခြင်းကို နိုဝင်ဘာလ ၂၇ ရက်နေ့၌ ပြုလုပ်ခဲ့သည့် ဗီယက် နမ်နိုင်ငံ၊ စိုက်ပျိုးရေးနှင့် သဘာဝပတ်ဝန်းကျင်ဝန်ကြီး Tran Duc Thang နှင့် တရုတ် ပြည်သူ့ သမ္မတနိုင်ငံ၊ အကောက်ခွန်အထွေထွေအုပ်ချုပ်မှု အာဏာပိုင်အဖွဲ့၊ ဒုတိယညွှန်ကြားရေးမှူး Zhao Zenglian တို့၏ ဆွေးနွေးမှုအစီအစဉ်တွင် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါသည်။

     ယခုအစီအစဉ်သည် ငရုတ်၊ ပင်မှည့်၊ ဖွဲနုနှင့် သဘာဝငှက်သိုက် စသော တင်ပို့မှုဆိုင်ရာ လုပ်ထုံးလုပ်နည်းစနစ် အခြေပြစာချုပ်များပြီးလျှင် ယခုနှစ်အတွက် လယ်ယာထွက်ကုန်ဆိုင်ရာ နှစ်နိုင်ငံကုန်သွယ်မှု၏ မှတ်တိုင်အသစ်တစ်ခုဖြစ်ကြောင်း သိရှိရပါသည်။ ဗီယက်နမ်သည် လယ်ယာ စိုက်ပျိုးရေးနှင့် သဘာဝပတ်ဝန်းကျင်ကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် ဦးတည် ဆောင်ရွက်လျက်ရှိရာ တရုတ်နိုင်ငံအနေဖြင့်လည်း ဗီယက်နမ်၏ အရည်အသွေးမြင့် လယ်ယာထွက် ကုန်များအား တရုတ်နိုင်ငံဈေးကွက်သို့ တင်ပို့နိုင်ရေး ဈေးကွက်ဖွင့်ခြင်းကို အထူးအလေးထား ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

     ကုန်သွယ်မှုဆုံးရှုံးနိုင်ခြေများ၊ တင်းကျပ်သည့် အရည်အသွေးစံချိန်စံညွှန်းများအား လျော့ချ ခြင်းနှင့် ကောင်းမွန်သည့် စိုက်ပျိုးရေးဆိုင်ရာအလေ့အထများနှင့်အညီ ပိန္နဲသီးစိုက်ပျိုးမှုအား တိုးချဲ့ ရန် ထောက်ပံ့ပေးခြင်းတို့ကြောင့် တရုတ်နိုင်ငံသို့ အစဉ်အလာအရ တင်ပို့လျက်ရှိသည့် ဗီယက်နမ် ပိန္နဲသီးသည် ယခုအခါ  တင်ပို့မှုဆိုင်ရာလုပ်ထုံးလုပ်နည်းစနစ် အခြေပြစာချုပ်အောက်တွင်  စံသတ် မှတ်ချက်နှင့်ကိုက်ညီသည့် သီးနှံတစ်ခု ဖြစ်လာကြောင်းသိရှိရပါသည်။

     ဗီယက်နမ်၏ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်တင်ပို့မှု တန်ဖိုးသည် ၂၀၂၅ ခုနှစ်၊ ပထမ ၁၀ လတွင် ဒေါ်လာ ၇.၁ ဘီလီယံ နီးပါးရောက်ရှိပြီး၊ နှစ်စဉ် ၁၅.၁ ရာခိုင်နှုန်းမြင့်တက်လျက်ရှိရာ တရုတ် ဈေးကွက်၏ ဈေးကွက်ဝေစု ၆၂.၉ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားကြောင်းသိရှိရပါသည်။ ပိန္နဲသီး တင်ပို့မှု ဆိုင်ရာ လုပ်ထုံးလုပ်နည်းစနစ် အခြေပြစာချုပ်ကြောင့် တစ်နှစ်ပတ်လုံး ပို့ကုန်ရည်မှန်းချက် ဒေါ်လာ ၈.၅ ဘီလီယံ ရောက်ရှိအောင် ဆောင်ရွက်နိုင်မည်ဟု မျှော်မှန်းထားကြောင်းသိရှိရပါသည်။

Source: Vietnam Plus, 27/11/2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

ဗီယက်နမ်၏ ၂၀၂၅ ခုနှစ် ဆန်တင်ပို့မှု ၁၁.၅ ရာခိုင်နှုန်းအထိ လျော့နည်းဖွယ်ရှိ

   ယခုနှစ်တွင် ဖိလစ်ပိုင်သို့ တင်ပို့မှု သိသာစွာကျဆင်းခဲ့သဖြင့် ဗီယက်နမ်နိုင်ငံ၏  ဆန်တင်ပို့မှု သည် ၁၁.၅ ရာခိုင်နှုန်းလျော့နည်းလျက်  မက်ထရစ်တန် ၈ သန်းဝန်းကျင်ခန့်သာရှိမည်ဟု ခန့်မှန်း ရကြောင်း ဗီယက်နမ် စားသောက်ကုန်အသင်း ဥက္ကဋ္ဌက ဒီဇင်ဘာ ၂ ရက်နေ့တွင် ပြောကြားခဲ့သည်။

     ဗီယက်နမ်နိုင်ငံသည် ကမ္ဘာပေါ်တွင် အိန္ဒိယနှင့် ထိုင်းနိုင်ငံတို့၏ နောက်၌ တတိယမြောက် အကြီးဆုံး ဆန်တင်ပို့သည့်နိုင်ငံဖြစ်ပြီး ၎င်း၏ အဓိကဈေးကွက်များမှာ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနှင့် အာဖရိကတို့ ဖြစ်ကြသည်။ ၎င်း၏အကြီးဆုံးဈေးကွက်ဖြစ်သော ဖိလစ်ပိုင်နိုင်ငံ၌ တောင်သူများကို ကာကွယ်ရန်အတွက် ဆန်တင်သွင်းမှုကို အစိုးရကတားမြစ်ခဲ့ပြီးနောက် ဗီယက်နမ်နိုင်ငံ၏ ဖိလစ်ပိုင် သို့ ဆန်တင်ပို့မှုများမှာ စက်တင်ဘာလတွင် ရပ်ဆိုင်းသွားခဲ့သည်။ ယင်း တားမြစ်ချက်သည် ယခုနှစ် ကုန်အထိ သက်ရောက်မည်ဖြစ်သည်။ ဖိလစ်ပိုင်အနေဖြင့် ဆန်တင်သွင်းမှု ပိတ်ပင်ထားခြင်းကို  ထပ်မံသက်တမ်းတိုးသွားရန် ဖြစ်နိုင်ချေများစွာရှိကြောင်း ဗီယက်နမ် စားသောက်ကုန်အသင်း ဥက္ကဋ္ဌ Do Ha Nam က Reuters သတင်းဌာနသို့ ပြောကြားခဲ့သည်။

     ဗီယက်နမ်၏ အကောက်ခွန်ဆိုင်ရာ အချက်အလက်များအရ ယခုနှစ်၏ ပထမ ၁၀ လတာ ကာလအတွင်း ဖိလစ်ပိုင်သို့ ဆန်တင်ပို့မှုသည် ၂၀၂၄ ခုနှစ်၏ အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၁၈.၅ ရာခိုင်နှုန်း လျော့နည်းခဲ့ပြီး တန်ချိန် ၂.၉၆ သန်းသို့ ကျဆင်းခဲ့သည်။

     ကမ္ဘာလုံးဆိုင်ရာ ဆန်လိုအပ်ချက် ဝယ်လိုအားသည် ဆက်လက် ခိုင်မာနေဆဲဖြစ်ကြောင်း၊ ဗီယက်နမ်သည် အရည်အသွေးမြင့်မားသော ဆန်ထုတ်လုပ်မှုအပေါ် အာရုံစိုက်လျက် အခြားသော ဈေးကွက်များသို့ တင်ပို့မှုကို မြှင့်တင်ရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း၊ ၎င်းတို့အနေဖြင့် အရည် အသွေးမြင့်ဆန်များအတွက် ပြင်းထန်သော ဈေးကွက်ပြိုင်ဆိုင်မှုနှင့် ရင်ဆိုင်နေရခြင်း မရှိကြောင်း နှင့် တစ်နှစ်တာ ဆန်တင်ပို့မှုကို တန်ချိန် ၈ သန်းမှ ၉ သန်းအတွင်း ဆက်လက်ထိန်းထားနိုင်မည်ဟု ယုံကြည်ကြောင်း Mr. Nam က ဖြည့်စွက်ပြောကြားခဲ့သည်။

     ၎င်း၏ အဆိုအရ ရေရှည်တွင် ဗီယက်နမ်အစိုးရသည် ဆန်တင်ပို့မှုကို လျှော့ချပြီး ဈေးကွက် အခြေအနေများနှင့် လိုက်လျောညီထွေရှိသော အခြားသီးနှံများ စိုက်ပျိုးရေး မြေယာများကို အသုံးပြု မည့် စီမံကိန်းများရှိကြောင်း သိရှိရသည်။ ဗီယက်နမ်၏ ဆန်အိုးဖြစ်သော မဲခေါင်မြစ်ဝကျွန်းပေါ် ဒေသတွင် ရာသီဥတုပြောင်းလဲမှု၏ သက်ရောက်မှုများကြောင့် တောင်သူအချို့သည် ပြီးခဲ့သည့် နှစ်များက ပုစွန်မွေးမြူရေးနှင့် အခြားသီးနှံများ စိုက်ပျိုးရေးသို့ ပြောင်းလဲခဲ့ကြသည်။

Source: Bangkok Post, 2 Dec 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

အရည်အသွေးမြင့် ဆန်စပါးထုတ်လုပ်မှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများ ဗီယက်နမ်ထုတ်ပြန်

     ဗီယက်နမ်နိုင်ငံ၌ ကောက်ပဲသီးနှံထုတ်လုပ်မှုနှင့် အပင်ကာကွယ်ရေးဦးစီးဌာနသည် မဲခေါင် မြစ်ဝကျွန်းပေါ်ဒေသအတွက် အရည်အသွေးမြင့်မားပြီး မှန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု နည်းပါး သည့် စပါးစိုက်ပျိုး ထုတ်လုပ်မှုဆိုင်ရာ လိုက်နာဆောင်ရွက်ရမည့် စည်းမျဉ်းစည်းကမ်းများကို ထုတ် ပြန်ခဲ့သည့်နည်းတူ စိုက်ပျိုးရေးပတ်ဝန်းကျင်ဆိုင်ရာ သုတေသန သိပ္ပံဌာနကလည်း ယင်းဒေသ အတွင်း အဆိုပါ ဆန်စပါးစိုက်ပျိုးမှုအတွက် တိုင်းတာခြင်း၊ အစီရင်ခံခြင်းနှင့် အတည်ပြုခြင်းဆိုင်ရာ ထုတ်လွှတ်မှုနည်းသောဆန်များ စိုက်ပျိုးမှုကို တိုင်းတာခြင်း၊ အစီရင်ခံခြင်းနှင့် စိစစ်ခြင်းဆိုင်ရာ လိုက်နာဆောင်ရွက်ရမည့် စည်းမျဉ်းစည်းကမ်းများ (MRV Protocol) ကို ထုတ်ပြန်ခဲ့ပါသည်။

    အဆိုပါ စည်းမျဉ်းစည်းကမ်းနှစ်ရပ်သည် ၂၀၃၀ ပြည့်နှစ်တွင် မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသ စိမ်းလန်းစိုပြေစေရေး မှန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု နည်းပါးပြီး အရည်အသွေးမြင့်မားသော ဆန်စပါး ထုတ်လုပ်မှုဧရိယာ  ဟက်တာတစ်သန်းရှိသော စိုက်ခင်းများ ရေရှည်တည်တံ့ဖွံ့ဖြိုးစေရန် ချိတ်ဆက်ထားသော အစိတ်အပိုင်းတစ်ခုဖြစ်ပါသည်။

    ယင်းတို့ကို ၂၀၂၅-၂၀၂၆ ခုနှစ်အတွင်း နွေစပါးသီးနှံရာသီ၌ ကနဦးစမ်းသပ်စိုက်ပျိုးမည်ဖြစ် ပြီး ၂၀၂၇ ခုနှစ်မှ စတင်လျက် ဒေသအလိုက် စိုက်ပျိုးသွားမည်ဖြစ်သည်။ အဆိုပါ စည်းကမ်းချက် များတွင် ဓာတ်ငွေ့ထုတ်လွှတ်မှုလျှော့ချရေး စွမ်းဆောင်ရည်နှင့် လယ်သမားများအတွက် စီးပွားရေး အကျိုးအမြတ် ဖြစ်ထွန်းမှုတို့အား စောင့်ကြည့်အကဲဖြတ်ရန် အထောက်အကူပြု ကိရိယာပစ္စည်း များ ဖွံ့ဖြိုးတိုးတက်ရေးတို့လည်း ပါဝင်သည်။

    အရည်အသွေးမြင့်ပြီး ဓာတ်ငွေ့ထုတ်လွှတ်မှုနည်းသော စပါးထုတ်လုပ်မှု အစီအစဉ်တွင် စပါး မျိုးများ ရွေးချယ်ခြင်း၊ စိုက်ပျိုးမြေပြင်ဆင်ခြင်း၊ မျိုးစေ့ကြဲခြင်း၊ မျိုးအောင်ခြင်း၊ ရေစီမံခန့်ခွဲခြင်း၊ ပိုးမွှားထိန်းချုပ်ခြင်း၊ ရိတ်သိမ်းခြင်း၊ သိုလှောင်ခြင်းနှင့် စျေးကွက်ချိတ်ဆက်ခြင်းတို့ဖြင့် ပြီးပြည့်စုံ သော လမ်းညွှန်မှုများပါဝင်ပါသည်။ ယင်း၏ရည်ရွယ်ချက်မှာ ဓာတ်ငွေ့ထုတ်လွှတ်မှု လျှော့ချရန်၊ ထုတ်လုပ်မှု ကုန်ကျစရိတ်လျှော့ချရန်နှင့် အထွက်နှုန်းနှင့် စပါးအရည်အသွေး မြှင့်တင်ရန်တို့ ဖြစ် သည်။

    MRV protocol သည် စပါးစိုက်ပျိုးမှုတွင် မှန်လုံအိမ်ဓာတ်ငွေ့လျှော့ချမှုကို တိုင်းတာခြင်း၊ အစီရင်ခံခြင်းနှင့် စစ်ဆေးခြင်းအတွက် စနစ်တစ်ခု တည်ထောင်ထားခြင်းဖြစ်ပြီး စိုက်ပျိုးရေးဆိုင်ရာ ကာဗွန် ထုတ်လွှတ်မှုဆိုင်ရာများ အသိအမှတ်ပြုခြင်းနှင့် အတည်ပြုခြင်းတို့အတွက် အခြေခံစနစ် တစ်ခု ဖြစ်သည်။ စမ်းသပ်လုပ်ငန်းခွင်နေရာများမှ ကွင်းဆင်းအချက်အလက်များကို အသုံးပြု၍ သုတေသနဌာနများ၊ တက္ကသိုလ်များ၊ ဒေသဆိုင်ရာ အာဏာပိုင်များနှင့် နိုင်ငံတကာ ကျွမ်းကျင်သူ များအကြား အနီးကပ် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် စည်းကမ်းချက်များကို ဗီယက်နမ်၏ ဆန်စပါး ကဏ္ဍအတွက် ပထမဆုံးအကြိမ် ထုတ်ပြန်ခဲ့ခြင်းလည်း ဖြစ်သည်။

    ဗီယက်နမ်သည် နိုင်ငံတကာစံနှုန်းများနှင့်ကိုက်ညီပြီး လက်ရှိကမ္ဘာ၏ အချက်အလက်များ ကို အခြေခံ၍ တိုင်းတာခြင်းနှင့် စိစစ်ခြင်းစနစ်ကို ဆောင်ရွက်ခြင်းဖြင့်  Conference of the Parties 26 (COP26) သတ်မှတ်ချက်များ၊ သဘောတူညီချက်နှင့်စပ်လျဉ်းသည့် ၎င်း၏ ကတိကဝတ်များကို  ခိုင်မာသောတိုးတက်မှုအောင် လုပ်ဆောင်နေခြင်းဖြစ်သည်။ ဤရေရှည်တည်တံ့သော ထုတ်လုပ်မှု များနှင့် MRV protocol  များ ပြီးမြောက်အောင်ဆောင်ရွက်နိုင်ပါက လာမည့်နှစ်များတွင် တစ်နိုင်ငံ လုံး အတိုင်းအတာဖြင့် အကောင်အထည်ဖော်ရန် တရားဝင်အခြေခံအုတ်မြစ်တစ်ခုအဖြစ် ပံ့ပိုးပေး နိုင်မည်ဖြစ်ကြောင်း စိုက်ပျိုးရေးနှင့် ပတ်ဝန်းကျင်ရေးရာ ဒုတိယ၀န်ကြီး Tran Thanh Nam က ပြောကြားခဲ့ပါသည်။

    ဝန်ကြီးဌာန၏ အဆိုအရ ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်  နှစ်ရပ်ကို လက်ခံကျင့်သုံး ခြင်းသည် နည်းပညာလိုအပ်ချက်တစ်ခုမျှသာမကဘဲ ဗီယက်နမ်၏ ဆန်စပါးကဏ္ဍကို ရိုးရာစိုက်ပျိုး ထုတ်လုပ်မှုမှသည် စိမ်းလန်းသော (Green)၊ ခေတ်ဆန်သော (Smart)၊ လည်ပတ်သုံးစွဲနိုင်သော (Circular)၊ ထုတ်လွှတ်မှုနည်းပါးသော (Low-emission) ထုတ်လုပ်မှုပုံစံသို့ ပြောင်းလဲရေးအတွက် ခြေလှမ်းတစ်ခု စတင်ခြင်းဖြစ်သည်။ ဝန်ကြီးဌာနသည် ပြည်နယ်များ၊ လုပ်ငန်းအဖွဲ့အစည်းများ၊ သမဝါယမအဖွဲ့အစည်းများနှင့် တောင်သူလယ်သမားများအားလုံး ပူးပေါင်းဆောင်ရွက်ကြရန် ညွှန် ကြားထားပြီး ယင်းစံလုပ်ထုံးလုပ်နည်းများအား မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသတစ်လျှောက်ရှိ ဆန် စပါးထုတ်လုပ်မှုအတွက် စံနှုန်းအသစ်များအဖြစ် ပြောင်းလဲဖော်ဆောင်ကြရန် တိုက်တွန်းနှိုးဆော် ခဲ့သည်။

Source: SS Rice News, 27 November 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

၂၀၂၆ ခုနှစ်တိုင်အောင် ဆန်ဈေးနှုန်းများ နိမ့်ကျနေမည်ဟု အိန္ဒိယကုန်သည်အသင်း ပြောဆို

      ကမ္ဘာ့ထိပ်တန်း ဆန်ထုတ်လုပ်ရောင်းချသည့်နိုင်ငံဖြစ်သည့် အိန္ဒိယနိုင်ငံက ဆန်ပိုလျှံမှု ကြောင့် ဆန်ဈေးနှုန်းများ နိမ့်ကျမှုသည် ယခုနှစ်ကုန်ပိုင်းမှ ၂၀၂၆ ခုနှစ်အတွင်း ဆက်လက်ကြာရှည် နိုင်ကြောင်း သတိပေးခဲ့သည်။ ထို့အပြင် အရှေ့တောင်အာရှတွင် ရာသီဥတု ဖောက်ပြန်နေမှုကြောင့် ထုတ်လုပ်မှုကို ထိခိုက်စေနိုင်ကြောင်း သိရှိရသည်။

      ကမ္ဘာ့အဓိက ဆန်ထုတ်လုပ်သည့် နှစ်နိုင်ငံဖြစ်သည့် ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတို့တွင် ယခင် လများအတွင်း ထုတ်လုပ်မှုကို ကျဆင်းစေနိုင်သည့် ရာသီဥတု ဆိုးဝါးခြင်းများကို ကြုံတွေ့နေရပြီး အရှေ့တောင်အာရှ ဆန်ဈေးကွက်သည် မတည်ငြိမ်မှုများနှင့် ရင်ဆိုင်နေရကြောင်း သိရှိရသည်။ အိန္ဒိယ ဆန်တင်ပို့ရောင်းချသူများ အသင်းချုပ် (IREF) က အဆိုပါ ဆန်တင်ပို့သည့် အရှေ့တောင် အာရှ နှစ်နိုင်ငံ၏ ဆန်ထုတ်လုပ်မှုကျဆင်းခြင်းသည် အနည်းဆုံး ယာယီအခိုက်အတန့် ကာလတစ်ခု အတွင်း ကမ္ဘာ့ဆန် ဈေးကွက်အပေါ် သက်ရောက်မှုရှိနိုင်ကြောင်း ပြောကြားခဲ့သည်။

      နယူးဒေလီမြို့ အခြေစိုက် IREF အသင်းချုပ် ဥက္ကဋ္ဌ Dr Prem Garg က Bernama သတင်း ဌာနသို့ ပြောကြားရာတွင် ၂၀၂၅ ခုနှစ် တစ်လျှောက်လုံးနှင့် ၂၀၂၆ ခုနှစ်တို့တွင် ဈေးကွက်အတွင်း ကမ္ဘာ့ဆန်ဈေးနှုန်းများ နိမ့်ကျနေဦးမည်ဖြစ်ကြောင်း၊ ပြင်းထန်သော ဈေးကွက်မတည်ငြိမ်မှုများကို သုံးနှစ်ကြာ ခံစားခဲ့ရပြီးနောက် ၂၀၂၄ ခုနှစ်တွင် ကမ္ဘာ့ဆန်ထုတ်လုပ်မှု မက်ထရစ်တန် ၅၄၁ သန်း ရှိခဲ့မှုနှင့်အတူ ဈေးကွက် ပိုလျှံမှုကို ရင်ဆိုင်နေရပြီး ယင်းအခြေအနေသည် ဈေးနှုန်းကျဆင်းမှုများကို ဖိအားပေးနေကြောင်း သိရှိရသည်။

      ကမ္ဘာ့ကုန်သွယ်မှုဆိုင်ရာ ချေးငွေအန္တရာယ် စီမံခန့်ခွဲမှုကုမ္ပဏီဖြစ်သည့် ပြင်သစ်အခြေစိုက် Coface ၏ ထုတ်ပြန်ချက်အရ အိန္ဒိယသည် ဘာစမာတီမဟုတ်သော ဆန်တင်ပို့မှု ပိတ်ပင်ချက်ကို ရုတ်သိမ်းခဲ့သည့် တစ်နှစ်အတွင်း ဆန်ဈေးနှုန်းများ ၃၅ ရာခိုင်နှုန်း ကျဆင်းသွားပြီး နိုင်ငံတကာ ဆန် ဈေးကွက်သည် လွန်ခဲ့သော ဆယ်စုနှစ်အတွင်း အနိမ့်ဆုံးကြုံခဲ့ရသည့် ဆန်ဈေးနှုန်းများအနက် တစ်ခုအဖြစ် ကြုံတွေ့နေရသည်။

      ဆန်ဈေးကွက်တွင် ဆန်ဈေးနှုန်းများသည် မက်ထရစ်တန် တစ်တန်လျှင် မလေးရှားရင်းဂစ် ၁၄၈၈ နှင့်ညီမျှသော အမေရိကန်ဒေါ်လာ ၃၆၀ ဝန်းကျင်ခန့်တွင် ရှိနေကြောင်း၊ ဒေသတွင်း ဆန်ဈေး ကွက်သည် ယခုနှစ်အတွင်း စိန်ခေါ်မှုများစွာနှင့် ရင်ဆိုင်နေရကြောင်း၊ နှစ်စဉ် ဆန်မက်ထရစ် တန် ပေါင်း ၈ သန်းခန့် တင်ပို့လေ့ရှိသည့် ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတို့သည် လက်ရှိတွင် မိုးသည်းထန်စွာ ရွာခြင်း၊ ရေလျှံခြင်းနှင့် မြေပြိုမှုများ ကြုံတွေ့နေရပြီး လယ်ကွင်းအချို့ ပျက်စီးခဲ့ရကြောင်း၊ အဆိုပါ အခြေအနေသည် လာမည့်လများအတွင်း ဆန်တင်ပို့မှုကို ထိခိုက်စေနိုင်ကြောင်း သိရှိရသည်။

    အဓိက ဆန်တင်သွင်းသည့် နှစ်နိုင်ငံဖြစ်သည့် အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်နိုင်ငံတို့သည် ၎င်းတို့ ၏ ပြည်တွင်းဈေးကွက်ကို ကာကွယ်ရန် ဆန်တင်သွင်းမှုကို ယာယီပိတ်ပင်ခဲ့ကြောင်း၊ အရှေ့တောင် အာရှ၌ ရာသီဥတုဆိုးရွားမှု (ရေလျှံခြင်း၊ မိုးရေချိန်မမှန်ခြင်းနှင့် ဆားငန်ရေဝင်ရောက်ခြင်း) သည် ထိုင်းနှင့် ဗီယက်နမ်ကဲ့သို့သော ဆန်အဓိက ထုတ်လုပ်သည့်နိုင်ငံများတွင် ဖြစ်ပွားပါက ကမ္ဘာ့ ဆန် ထောက်ပံ့မှုကို ထိခိုက်စေနိုင်ပြီး ကမ္ဘာ့ဆန်ဈေးနှုန်းများကို လွှမ်းမိုးနိုင်ကြောင်း၊ သို့သော် စုစုပေါင်း အကျိုးသက်ရောက်မှုသည် ရာသီဥတုနှင့်ဆက်စပ်သော ဆုံးရှုံးမှုများကို အိန္ဒိယကဲ့သို့ အခြားဒေသ များမှ ထုတ်လုပ်မှုနှင့် ကမ္ဘာ့လိုအပ်ချက်တို့က မည်မျှတုံ့ပြန် ဖြေရှင်းနိုင်သည့် အပေါ် မူတည်နေ ကြောင်း သိရှိရသည်။

    အဆိုပါ ဆန်တင်သွင်းမှု ယာယီပိတ်ပင်ချက်များသည် လာမည့်ကာလအတွက် ဆန်တင် သွင်းမှု လိုအပ်ချက်ကို လျော့နည်းစေပြီး ကမ္ဘာ့ဆန်ဈေးနှုန်းများအပေါ် ဖိအားကျဆင်းမှုကို တည်ငြိမ် စေနိုင်သော်လည်း ၎င်းတို့သက်သက်ဖြင့် ပိုလျှံမှုကြောင့်ဖြစ်သော ကျယ်ပြန့်သည့်အားနည်းမှုကို ပြန် လည်ပြောင်းလဲနိုင်မည် မဟုတ်ကြောင်း၊ အိန္ဒိယနိုင်ငံအနေဖြင့် ၂၀၂၅-၂၀၂၆ ကာလအတွင်း ဆန် မက်ထရစ်တန် ၂၄ သန်းမှ ၂၅ သန်းအထိ တင်ပို့ဖွယ်ရှိကြောင်းဖြင့် ဆန်လုပ်ငန်းနယ်ပယ်၌ နှစ်ပေါင်း ၁၁၈ နှစ်ကြာမျှ လုပ်ကိုင်လာခဲ့သော Shri Lal Mahal Group ၏ ဥက္ကဋ္ဌ ဖြစ်သူ Garg က ပြောကြားခဲ့သည်။

Bernama, December 2, 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

စားအုန်းဆီများ၏ အခြေခံသွင်းကုန်ဈေးနှုန်း သတ်မှတ်ချက်များ အိန္ဒိယ လျှော့ချ

      အိန္ဒိယနိုင်ငံ၌ အစိုးရသည် စားအုန်းဆီတင်သွင်းမှုအပေါ် သတ်မှတ်ထားသည့် အခြေခံ ဈေးနှုန်းများကို တစ်တန်လျှင် ၃ ဒေါ်လာမှ ၂၂ ဒေါ်လာအတွင်း လျှော့ချခဲ့ပြီး ပဲပုပ်ဆီကြမ်းအတွက် အခြေခံသွင်းကုန်ဈေးနှုန်း သတ်မှတ်ထားရှိမှုကိုမူ တစ်တန်အပေါ် ၁၄ ဒေါ်လာထပ်ဆောင်းတိုးမြှင့် လိုက်သည်ဟု သွယ်ဝိုက်အခွန်နှင့် အကောက်ခွန်များ ကြီးကြပ်မှု ဗဟိုအဖွဲ့က နိုဝင်ဘာ ၂၈ ရက်နေ့ တွင် အမိန့်ကြော်ငြာစာထုတ်ပြန်၍ ပြောဆိုခဲ့သည်။ သို့သော် အဆင့်မြင့် စားအုန်းဆီ (palmolein oils) များ၏ အခြေခံသွင်းကုန်ဈေးနှုန်းများကို ပြောင်းလဲမှုမရှိကြောင်း၊ ယခုကဲ့သို့ ပြင်ဆင်လိုက် သော နှုန်းထားများသည် နိုဝင်ဘာ ၂၉ ရက်နေ့မှ စတင်သက်ရောက်မှုရှိကြောင်း သိရသည်။

      အိန္ဒိယဗဟိုအစိုးရသည် သွင်းကုန်၏တန်ဖိုးအပေါ်အခြေခံသည့် အကောက်ခွန်ကို စည်းကြပ် သည့်အပြင် ကမ္ဘာလုံးဆိုင်ရာ ဈေးနှုန်းများ ပြောင်းလဲမှုနှင့် နိုင်ငံခြားငွေလဲနှုန်းများ ပြောင်းလဲမှုတို့ အပေါ်မူတည်၍လည်း အခြေခံသွင်းကုန်ဈေးနှုန်းများ သတ်မှတ်ခြင်းကို သုံးသပ်ဆောင်ရွက်လျက်ရှိ သည်။ ပုံမှန်အားဖြင့် အစိုးရသည် စားသုံးဆီများအတွက် အခြေခံသွင်းကုန်ဈေးနှုန်းများ သုံးသပ် သတ်မှတ်ခြင်းကို နှစ်ပတ်တစ်ကြိမ် လုပ်ဆောင်လေ့ရှိပြီး ၎င်းဈေးနှုန်းများကို တင်သွင်းလာသော ကုန်စည်အပေါ် ကျသင့်အကောက်ခွန်တွက်ချက်ရာ၌ အသုံးပြုသည်။ စားသုံးဆီများ၏ အခြေခံ သွင်းကုန်ဈေးနှုန်းများကို နိုဝင်ဘာ ၁၄ ရက်နေ့၌ နောက်ဆုံးအကြိမ် ပြင်ဆင်ခဲ့ခြင်းဖြစ်သည်။

      ယခုအမိန့်ကြော်ငြာစာအရ စားအုန်းဆီကြမ်း၏ အခြေခံသွင်းကုန်ဈေးနှုန်းကို တစ်တန်လျှင် ၂၂ ဒေါ်လာ လျှော့ချခဲ့ပြီး အရောင်ချွတ်၊ အနံ့သတ်၊ သန့်စင်ပြီးသည့် စားအုန်းဆီချော၏ အခြေခံ သွင်းကုန်ဈေးနှုန်းကို တစ်တန်လျှင် ၃ ဒေါ်လာ လျှော့ချခြင်းဖြစ်သည်။ သို့သော် အဆင့်မြင့် စားအုန်း ဆီကြမ်းနှင့် အရောင်ချွတ်၊ အနံ့သတ်၊ သန့်စင်ပြီးသည့် အဆင့်မြင့်စားအုန်းဆီချောတို့၏ ဈေးနှုန်း များကို ပြင်ဆင်ခြင်းမပြုပဲထားရှိသည်။

      အိန္ဒိယအစိုးရက စားသုံးဆီများ၏ တစ်တန်လျှင် အခြေခံသွင်းကုန်ဈေးနှုန်းများ ပြင်ဆင် သတ်မှတ်ခဲ့သည့် နှိုင်းယှဉ်ချက်ဇယားကို အောက်ပါအတိုင်း တွေ့ရှိရသည်-

စားသုံးဆီ အမျိုးအစား

နိုဝင်ဘာ ၂၈ ဈေးနှုန်း

နိုဝင်ဘာ ၁၄ ဈေးနှုန်း

အတိုး/ အလျော့

စားအုန်းဆီကြမ်း (Crude palm oil)

၁၀၄၄

၁၀၆၆

(-) ၂၂

စားအုန်းဆီချော (RBD palm oil)

၁၀၈၁

၁၀၈၄

(-) ၃

အဆင့်မြင့် စားအုန်းဆီကြမ်း (Crude palmolein)

၁၀၈၈

၁၀၈၈

-

အဆင့်မြင့် စားအုန်းဆီချော (RBD palmolein)

၁၀၉၁

၁၀၉၁

-

ပဲပုပ်ဆီကြမ်း (Crude soyoil)

၁၁၇၃

၁၁၅၉

၁၄

Source: Infomist Media, 29 Nov 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ