Main menu

ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

ပို့ကုန်လိုအပ်ချက်များ ပြည့်မီစေရန် MSME များအား ကူညီပံ့ပိုးပေးမည့် အင်ဒိုနီးရှား

          အင်ဒိုနီးရှားနိုင်ငံ ကုန်သွယ်ရေးဝန်ကြီးဌာနသည် တင်ပို့မည့်နိုင်ငံများက သတ်မှတ်ထားသော တင်ပို့မှုဆိုင်ရာလိုအပ်ချက်များကို ပြည့်မီစေရန်ရည်ရွယ်၍ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (MSMEs) အား ဆက်လက်ကူညီပံ့ပိုးလျက်ရှိကြောင်း သိရပါ သည်။ ဝန်ဆောင်မှုနှင့် ဖန်တီးမှုထုတ်ကုန်များ တင်ပို့ရေးဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး Ari Satria က အစားအသောက်၊ အဖျော်ယမကာ၊ အလှကုန်နှင့် ဆေးဝါးကဲ့သို့သော အခြေခံထုတ်ကုန်များ၏ တင်ပို့မှုဆိုင်ရာစည်းမျဉ်းစည်းကမ်းများမှာ လူ့ကျန်းမာရေးနှင့် တိုက်ရိုက် သက်ဆိုင်သဖြင့် အစားအသောက်မဟုတ်သောထုတ်ကုန်များထက် ပိုမိုတင်းကျပ်ကြောင်းနှင့် တင်ပို့မည့်နိုင်ငံများတွင် လူ့ကျန်းမာရေးနှင့်သက်ဆိုင်သည့် စည်းမျဉ်းစည်းကမ်းများက ပရိဘောဂ (သို့မဟုတ်) လက်မှုပစ္စည်းများ တင်ပို့ခြင်းထက် ပိုမိုရှုပ်ထွေးတင်းကျပ်သည်မှာ သဘာဝကျကြောင်း ဇူလိုင် ၅ ရက်တွင် ဂျကာတာမြို့၌ ပြောကြားခဲ့ပါသည်။ ၎င်း၏အဆိုအရ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် အစားအသောက်ဘေးကင်းလုံခြုံရေး အသိအမှတ်ပြုလက်မှတ်နှင့် ဟာလာလ်အသိ အမှတ်ပြုလက်မှတ်အပါအဝင် တင်ပို့မည့်နိုင်ငံအသီးသီးက သတ်မှတ်ထားသော စံချိန်စံညွှန်းများနှင့် လိုအပ်ချက်များကို နားလည်ထားရန်လိုအပ်ကြောင်း သိရပါသည်။ ထို့ပြင် ဝန်ကြီးဌာနသည် စီးပွားရေးလုပ်ငန်းရှင်များအား လေ့ကျင့်သင်ကြားပေးခြင်းအပြင် ကမ္ဘာ့ဈေးကွက်တွင် ပေါ်ပေါက်လာသော စည်းမျဉ်းအသစ်များ၊ အထူးသဖြင့် ရေရှည်တည်တံ့ဖွံ့ဖြိုးရေးနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ သတ်မှတ်ချက်များကိုလည်း အသိပညာပေးဆောင်ရွက်လျက်ရှိကြောင်း သိရပါသည်။ Satria က လက်ရှိတွင် ပို့ကုန်လုပ်ငန်းရှင်များအတွက် အရေးပါသောမူဝါဒများအဖြစ် စိုက်ခင်းထွက်ကုန်များကို ထိန်းကျောင်းသည့် ဥရောပသမဂ္ဂသစ်တောပြုန်းတီးမှုဆိုင်ရာ စည်းမျဉ်း (EUDR) နှင့် ကာဗွန်ထုတ်လွှတ်မှုဆိုင်ရာ Carbon Border Adjustment Mechanism (CBAM) တို့ကို ဥပမာပေးပြောကြားခဲ့ကြောင်း သိရပါသည်။ ၎င်းက ပြည်ပက စည်းမျဉ်းစည်းကမ်းများနှင့် ပတ်သက်ပြီး ပို့ကုန်လုပ်ငန်းရှင်များကို ပိုမိုအသိပညာပေးရန်လိုအပ်ကြောင်းနှင့် MSME များ သာမက လုပ်ငန်းကြီးများပါ နောက်ထပ်နားလည်မှုများ လိုအပ်နေတတ်ကြောင်း ပြောကြားခဲ့ ပါသည်။ ထို့အပြင် အင်ဒိုနီးရှားနိုင်ငံ၏ ပြည်ပကုန်သွယ်ရေးကိုယ်စားလှယ်များမှ တစ်ဆင့်လည်း အကူအညီများ ပံ့ပိုးပေးလျက်ရှိပြီး ဒေသထွက်ကုန်များကို နိုင်ငံခြားဈေးကွက်သို့ မိတ်မဆက်မီ လိုအပ်သည့် အသိအမှတ်ပြုလက်မှတ်များနှင့် အခြားလိုအပ်ချက်များကို အရေးပါသော အချက်အလက်များအဖြစ် ပံ့ပိုးပေးလျက်ရှိကြောင်း သိရပါသည်။ ထိုဆောင်ရွက်မှုများသည် အင်ဒိုနီးရှား ထုတ်ကုန်များ နိုင်ငံတကာဈေးကွက်သို့ ဝင်ရောက်ရာတွင် အုပ်ချုပ်ရေးဆိုင်ရာ အခက်အခဲများ (သို့မဟုတ်) ငြင်းပယ်ခံရမှုများမကြုံတွေ့စေရန်နှင့် ပြည်တွင်းပို့ကုန် လုပ်ငန်းရှင်များ၏ အဆင်သင့်ဖြစ်မှုကို မြှင့်တင်ရန်ရည်ရွယ်သည့် အစိုးရ၏ကျယ်ပြန့်သော ကြိုးပမ်းဆောင်ရွက်မှုများ၏ တစ်စိတ် တစ်ပိုင်းဖြစ်ကြောင်း သိရပါသည်။ Satria က ၎င်တို့၏ ကုန်သွယ်ရေးကိုယ်စားလှယ်များ၏ တာဝန်မှာ အရောင်းမြှင့်တင်ရေးသာမကဘဲ ဈေးကွက်ဆိုင်ရာ သတင်းအချက်အလက်များကိုလည်း စုဆောင်းပေးရခြင်းဖြစ်ကြောင်းနှင့် ၎င်းတို့အနေဖြင့် ဈေးကွက်အလားအလာ၊ စည်းမျဉ်းစည်းကမ်းများ၊ သွင်းကုန်အခွန်နှုန်းထားများ၊ ပြိုင်ဘက်အခြေအနေများနှင့် စားသုံးသူများ၏ အပြုအမူများကိုပါ နားလည်ထားရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

 Antara News                                                                            

DOCA (ရန်ကုန်)

အရန်ဆန်ပမာဏ စံချိန်တင်မြင့်တက်လာသဖြင့် အင်ဒိုနီးရှားက ဆန်တန်ချိန် သိန်းနှင့်ချီ တင်ပို့ရန် အသင့်ပြင်ဆင်

ဇွန်လ ၂၉ ရက်နေ့တွင် အင်ဒိုနီးရှားနိုင်ငံ အမျိုးသားထောက်ပံ့ပို့ဆောင်ရေးအေဂျင်စီ (National Logistics Agency) က မလေးရှား၊ စင်ကာပူနှင့် အာရပ်စော်ဘွားများပြည်ထောင်စု (UAE) အပါအဝင် နိုင်ငံတကာဈေးကွက်များသို့ အရည်အသွေးမြင့်ဆန် တန်ချိန် ၂ သိန်း တင်ပို့ရန် အသင့်ပြင်ဆင် ထားကြောင်း ကြေညာခဲ့သည်။

ဂျကာတာမြို့၌ သတင်းထောက်များအား ပြောကြားရာတွင် အင်ဒိုနီးရှား အမျိုးသား ထောက်ပံ့ ပို့ဆောင်ရေးအေဂျင်စီ ညွှန်ကြားရေးမှူး အာမက် ရီဇယ် ရမ်ဒါနီက လက်ရှိတွင် အေဂျင်စီ၌ ၅ ရာခိုင်နှုန်း ဆန်ကွဲပါဝင်သည့် အရည်အသွေးမြင့်ဆန် တန်ချိန် ၂ သိန်းကို အရန်သိုလှောင်ထားပြီး ဝယ်ယူလို သည့်နိုင်ငံများထံ ချက်ချင်းပို့ဆောင်နိုင်ကြောင်း ပြောကြားခဲ့သည်။

          တင်ပို့ရေးအစီအစဉ်အရ မလေးရှားနိုင်ငံသို့ ဆန်တန်ချိန် ၂ သိန်း၊ စင်ကာပူနိုင်ငံသို့ တန်ချိန် ၁ သောင်းနှင့် UAE သို့ တစ်လလျှင် တန်ချိန် ၅ သောင်းစီ တင်ပို့သွားရန် ရည်ရွယ်ထားသည်။

         နိုင်ငံတကာဈေးကွက် ချဲ့ထွင်ရေးအစီအစဉ်သည် ဇွန်လ ၂၉ ရက်က အင်ဒိုနီးရှား စိုက်ပျိုးရေးဝန်ကြီး အန်ဒီ အမ်ရန် ဆူလိုင်မန်နှင့် စင်ကာပူနိုင်ငံ ရေရှည်တည်တံ့ဖွံ့ဖြိုးရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဂရေ့စ် ဖူတို့၏ နှစ်နိုင်ငံဆွေးနွေးပွဲအပြီး ပိုမိုအရှိန်ရရှိခဲ့သည်။

        ဆွေးနွေးပွဲတွင် အင်ဒိုနီးရှားဘက်က စင်ကာပူသို့ ဆန်တန်ချိန် ၁ သောင်း တင်ပို့ရန် တရားဝင်ကမ်းလှမ်းခဲ့ပြီး အင်ဒိုနီးရှားအစိုးရပိုင်လုပ်ငန်းများနှင့် စင်ကာပူပုဂ္ဂလိကကုမ္ပဏီများအကြား ပူးပေါင်းဆောင်ရွက်မှု မူဘောင်သစ်တစ်ရပ် တည်ဆောက်ရန်လည်း အဆိုပြုခဲ့သည်။ ထို့ပြင် ဆန်အပြင် ကြက်သား၊ ကြက်ဥ၊ စွန်ပလွံဆီနှင့် အုန်းသီးကဲ့သို့သော မဟာဗျူဟာမြောက် စိုက်ပျိုးရေး ထုတ်ကုန်များကိုလည်း စင်ကာပူဈေးကွက်သို့ တင်ပို့နိုင်ရေး အခွင့်အလမ်းများ ရှာဖွေနေကြောင်း သိရသည်။

       စိုက်ပျိုးရေးဝန်ကြီး အမ်ရန်က လက်ရှိ ဆန်ထုတ်လုပ်မှု အလွန်ကောင်းမွန်နေခြင်းကြောင့် ပို့ကုန်တိုးမြှင့်နိုင်မည့် အလားအလာရှိကြောင်း ပြောကြားခဲ့သည်။ လက်ရှိတွင် အစိုးရ၏ ဆန်အရန်လက်ကျန်ပမာဏမှာ စံချိန်တင် တန်ချိန် ၅ ဒသမ ၁ သန်းခန့်အထိ ရောက်ရှိနေသည်။

          သို့သော် အင်ဒိုနီးရှား အမျိုးသားထောက်ပံ့ပို့ဆောင်ရေးအေဂျင်စီ၏ ဂိုဒေါင်သိုလှောင်နိုင်မှုမှာ အများဆုံး တန်ချိန် ၃ သန်းခန့်သာ ရှိသဖြင့် ပိုလျှံနေသော ဆန်များကို သိုလှောင်ရန် ပြင်ပဂိုဒေါင်များကို ထပ်မံငှားရမ်းထားရကြောင်း သိရသည်။

         စင်ကာပူဘက်မှ ဝန်ကြီး ဂရေ့စ် ဖူကလည်း သုတေသန၊ နည်းပညာနှင့် စက်မှုလယ်ယာစနစ်များတွင် အင်အားကြီးမားစွာ ရင်းနှီးမြှုပ်နှံထားခြင်းကြောင့် အင်ဒိုနီးရှား၏ စိုက်ပျိုးရေးကဏ္ဍ တိုးတက်လာမှုကို ချီးကျူးပြောကြားခဲ့သည်။ စင်ကာပူနိုင်ငံသည် အစားအစာ အများစုကို ပြည်ပမှ တင်သွင်းနေရသောကြောင့် အင်ဒိုနီးရှားထံမှ အစားအစာ ထောက်ပံ့ရေး ကွင်းဆက်ကို တိုးချဲ့နိုင်ခြင်းသည် နိုင်ငံ၏ စားနပ်ရိက္ခာလုံခြုံရေးအတွက် အရေးပါသော အခွင့်အလမ်းဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

       ထို့အပြင် အင်ဒိုနီးရှား အမျိုးသားထောက်ပံ့ပို့ဆောင်ရေးအေဂျင်စီသည် အရှေ့တီမောနှင့် ပါပူအာနယူးဂီနီကဲ့သို့သော အိမ်နီးချင်းနိုင်ငံများသို့လည်း ဆန်တင်ပို့ရေးဈေးကွက် တိုးချဲ့နိုင်ရန် ဆက်လက်ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။

DOCA(မန္တလေး)

ထိုင်းနိုင်ငံသို့ အေးခဲတူနာငါးသား ၁၁ မက်ထရစ်တန် ပထမဆုံးတင်ပို့ခဲ့သည့် အင်ဒိုနီးရှား

      အင်ဒိုနီးရှားနိုင်ငံသည် အင်ဒိုနီးရှားရူပီး ၁ ဘီလီယံကျော်တန်ဖိုးရှိသော အေးခဲတူနာငါးအသား (Frozen Tuna Loin)  ၁၁ မက်ထရစ်တန်ကို Maluku ဒေသမှတစ်ဆင့်ထိုင်းနိုင်ငံသို့ ပထမဆုံးအကြိမ် တင်ပို့ခဲ့ကြောင်း သိရပါသည်။ အဆိုပါတင်ပို့မှုကို Maluku ပြည်နယ် Ambon မြို့ရှိ Yos Sudarso ဆိပ်ကမ်းမှ ဇူလိုင်လ ၂ ရက်နေ့တွင် စတင်တင်ပို့ခဲ့ခြင်းဖြစ်ပြီး မတင်ပို့မီ ရေကြောင်းနှင့် ငါးလုပ်ငန်းဝန်ကြီးဌာနကထုတ်ပေးသည့် ငါးလုပ်ငန်းထုတ်ကုန်အရည်အသွေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေးလက်မှတ် (SMKHP) ကို ရရှိခဲ့ကြောင်း သိရပါသည်။ ငါးလုပ်ငန်း ထုတ်ကုန် အရည်အသွေးထိန်းချုပ်ရေးနှင့် ကြီးကြပ်ရေးအေဂျင်စီ၏ ယာယီအကြီးအကဲ Ishartini က ယခုတင်ပို့မှုသည် ဗဟိုအစိုးရနှင့် ဒေသဆိုင်ရာအစိုးရတို့ပူးပေါင်း၍ ပို့ကုန်ဈေးကွက်များ တိုးချဲ့ခြင်းမှတစ်ဆင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အားပေးမြှင့်တင်ရန် ဆောင်ရွက်နေသည့် လက်တွေ့ကျသော ခြေလှမ်းတစ်ရပ်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ အေးခဲတူနာငါးအသားသည် ပြည်ပသို့ ငါးလုပ်ငန်းထုတ်ကုန်တင်ပို့ရာတွင် မဖြစ်မနေလိုအပ်သည့် SMKHP လက်မှတ် ရရှိထားသဖြင့် နိုင်ငံတကာအစားအစာအရည်အသွေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေး စံချိန် စံညွှန်းများနှင့် ကိုက်ညီကြောင်း သိရပါသည်။ ထို့ပြင်အဆိုပါလက်မှတ်ကို နိုင်ငံတကာအစားအစာ အရည်အသွေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေး စံချိန်စံညွှန်းသတ်မှတ်ရေးအဖွဲ့ဖြစ်သည့် Codex Alimentarius က အသိအမှတ်ပြုထားပြီး အင်ဒိုနီးရှားနိုင်ငံ၏ ငါးလုပ်ငန်းထုတ်ကုန်များသည် တင်သွင်းမည့်နိုင်ငံများ၏ သတ်မှတ်ချက်များနှင့် ကိုက်ညီကြောင်း အာမခံပေးနိုင်သည်ဟု သိရပါသည်။ ငါးလုပ်ငန်းထုတ်ကုန်များ၏ အရည်အသွေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေးသည် ပြည်ပပို့ကုန်ဈေးကွက်များတွင် လက်ခံမှုရရှိရေးအတွက် အဓိကကျသည့် အချက်များအနက် တစ်ခုဖြစ်ကြောင်းနှင့် အမျိုးသားအဆင့်အရည်အသွေးအာမခံစနစ်ကို ပိုမိုခိုင်မာစေရန် ဆောင်ရွက်ခြင်းသည် အင်ဒိုနီးရှားပင်လယ်စာထုတ်ကုန်များ၏ ယှဉ်ပြိုင်နိုင်စွမ်းကိုမြှင့်တင်ရန်နှင့် ပြည်ပဈေးကွက်များသို့ ဝင်ရောက်နိုင်မှုပိုမိုကျယ်ပြန့်လာစေရန် အစိုးရ၏မဟာဗျူဟာတစ်ရပ်ဖြစ်ကြောင်း ပြောကြားခဲ့သိဟု သိရှိရပါသည်။

Antara News                                                                             

DOCA (ရန်ကုန်)

နယူးဇီလန်သို့ Palm Kernel Expeller (PKE) တန်ချိန် ၁၄,၀၀၀ တင်ပို့ခဲ့သည့်အင်ဒိုနီးရှား

          အင်ဒိုနီးရှားနိုင်ငံ Lampung ဒေသ တိရစ္ဆာန်၊ ငါးနှင့် အပင် Quarantine Agency သည် Palm Kernel Expeller (PKE) တန်ချိန် ၁၄,၀၀၀ ကို နယူးဇီလန်နိုင်ငံသို့ ဇူလိုင် ၃ ရက်တွင် တင်ပို့နိုင်ခဲ့ကြောင်း သိရပါသည်။အဆိုပါ PKE တင်ပို့မှုတန်ဖိုးမှာ အင်ဒိုနီးရှားရူပီး ၂၀ ဘီလီယံ ခန့်ရှိပြီး တင်ပို့မည့်နိုင်ငံကသတ်မှတ်ထားသည့် စံချိန်စံညွှန်းများအပါအဝင် ပို့ကုန်လိုအပ်ချက်များအားလုံးကို ပြည့်မီပြီးမှ တင်ပို့ခဲ့ခြင်းဖြစ်ကြောင်း Lampung ဒေသ Quarantine Agency အကြီးအကဲ Donni Muksydayan က ပြောကြားခဲ့ပါသည်။ ၎င်းက ယခုတင်ပို့မှုသည် Lampung ဒေသမှထွက်ရှိသော ကုန်စည်များ၏ နိုင်ငံတကာဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်းကို ထင်ရှားစွာ ပြသ နိုင်ခဲ့သကဲ့သို့ ဒေသခံလုပ်ငန်းများ၏ ကမ္ဘာလုံးဆိုင်ရာထောက်ပံ့ရေးကွင်းဆက်တွင် ပါဝင်မှုကိုလည်း ပိုမိုခိုင်မာစေပြီး အင်ဒိုနီးရှားစိုက်ပျိုးရေးထုတ်ကုန်များအပေါ် နိုင်ငံတကာ၏ ယုံကြည်မှုကိုလည်း တိုးမြှင့်ပေးနိုင်ကြောင်း ပြောကြားခဲ့ပါသည်။ PKE သည် စားအုန်းဆီထုတ်လုပ်ရေး လုပ်ငန်းမှထွက်ရှိသည့် တန်ဖိုးမြင့်ဘေးထွက်ထုတ်ကုန်တစ်မျိုးဖြစ်ပြီး အမျှင်ဓာတ်ကြွယ်ဝသည့်အတွက် တိရစ္ဆာန်အစာထုတ်လုပ်ရာတွင် အစားထိုးကုန်ကြမ်းအဖြစ် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလျက်ရှိကြောင်း သိရပါသည်။ နယူးဇီလန်နိုင်ငံသည် ထိုကုန်ပစ္စည်းအတွက် အလားအလာကောင်းသည့် ဈေးကွက်တစ်ခုဖြစ်ကြောင်း သိရပါသည်။ Lampung ဒေသ၏ PKE တင်ပို့မှုမှာ မကြာသေးမီနှစ်များအတွင်း ဆက်တိုက်တိုးတက်လျက်ရှိကြောင်း သိရပါသည်။ ၂၀၂၄ ခုနှစ်တွင် တင်ပို့မှု ၁၇၂ ကြိမ်ဖြင့် စုစုပေါင်း တန်ချိန် ၅၆၉,၀၀၀ ခန့် တင်ပို့နိုင်ခဲ့ပြီး တန်ဖိုးအားဖြင့် ရူပီး ၂ ဒသမ ၅၈ ထရီလီယံခန့် ရရှိခဲ့ကြောင်း သိရပါသည်။ ၂၀၂၅ ခုနှစ်တွင် တင်ပို့မှု ၁၈၄ ကြိမ်ဖြင့် တန်ချိန် ၁ ဒသမ ၃၄ သန်းခန့်နှင့် တန်ဖိုး ရူပီး ၃ ဒသမ ၁၂ ထရီလီယံအထိ တိုးတက်ခဲ့ကြောင်း သိရပါသည်။ ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ ဇွန်လအထိ ခြောက်လတာကာလအတွင်း တင်ပို့မှု ၆၆ ကြိမ်ဖြင့် PKE တန်ချိန် ၅၁၃,၀၀၀ ခန့် တင်ပို့နိုင်ခဲ့ပြီး ပို့ကုန်တန်ဖိုး ရူပီး ၁ ဒသမ ၁၇ ထရီလီယံ ခန့် ရရှိခဲ့ကြောင်း သိရပါသည်။ ကမ္ဘာလုံးဆိုင်ရာ မွေးမြူရေးလုပ်ငန်းများ တိုးချဲ့လာခြင်းနှင့်အမျှ PKE အပေါ် နိုင်ငံတကာဝယ်လိုအား ဆက်လက်မြင့်တက်နေပြီး ၎င်းအခြေအနေသည် အင်ဒိုနီးရှားနိုင်ငံ အထူးသဖြင့် Lampung ဒေသအတွက် ပို့ကုန်ဈေးကွက် ပိုမိုချဲ့ထွင်နိုင်မည့် အခွင့်အလမ်းကောင်းတစ်ရပ်ဖြစ်ကြောင်း သိရပါသည်။ Muksydayan က ယခု တန်ချိန် ၁၄,၀၀၀ တင်ပို့မှုကို အသစ်ထူထောင်ထားသော ပို့ကုန်လုပ်ငန်းရှင်များက ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး Lampung ဒေသ၏ စိုက်ခင်းထွက်ကုန်များအတွက် ပြည်ပဈေးကွက် အခွင့်အလမ်းများ ပိုမိုတိုးပွားလာနေသည်ကိုလည်း ထင်ဟပ်စေကြောင်း ပြောကြားခဲ့ပါသည်။ တင်ပို့မှုလုပ်ငန်းစဉ် တစ်လျှောက် ဒေသဆိုင်ရာ Quarantine Agency က စစ်ဆေးခြင်း၊ ကြီးကြပ်ခြင်းနှင့် အပင် ကျန်းမာရေးဆိုင်ရာ လက်မှတ်ထုတ်ပေးခြင်းများကို ပြည့်စုံစွာဆောင်ရွက်ခဲ့ပြီး နယူးဇီလန်နိုင်ငံ၏ သွင်းကုန်သတ်မှတ်ချက်များနှင့် ကိုက်ညီကြောင်း အတည်ပြုနိုင်ရန် Phytosanitary Certificate ကိုလည်း ထုတ်ပေးခဲ့ကြောင်း သိရပါသည်။ ၎င်းက အသစ်ဝင်ရောက်လာသည့် ပို့ကုန်လုပ်ငန်းရှင်များ၏ အောင်မြင်မှုသည် Quarantine စနစ်နှင့် အသိအမှတ်ပြုလက်မှတ်ထုတ်ပေးမှု လုပ်ငန်းစဉ်များက စီးပွားရေးလုပ်ငန်းများ နိုင်ငံတကာဈေးကွက်သို့ ရေရှည်တိုးချဲ့ဝင်ရောက်နိုင်ရန် ထိရောက်စွာ အထောက်အကူပြုနေကြောင်းကိုလည်း ဖော်ပြနေသည်ဟု ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Antara News                                                                             

DOCA (ရန်ကုန်)

Syngenta Group China, McDonald’s China McCain China တို့သည် ရေရှည်တည်တံ့သော အာလူးကုန်စည်စီးဆင်းမှု ကွင်းဆက်ကို အားကောင်းစေရန် ပူးပေါင်းဆောင်ရွက်

          Syngenta Group China သည် တရုတ်နိုင်ငံ၏ အာလူးစိုက်ပျိုးထုတ်လုပ်မှုစနစ်ကို ရေရှည်တည်တံ့စေရန်နှင့် အားလူးကုန်စည်စီးဆင်းမှုကွင်းဆက်ကို ပိုမိုခိုင်မာအားကောင်းစေရန်အတွက် McDonald’s China, McCain China တို့နှင့် နားလည်မှုစာချွန်လွှာ (MOU) တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့သည်။ အဆိုပါသဘောတူညီချက်ကို စတုတ္ထအကြိမ်မြောက် တရုတ်နိုင်ငံတကာ ကုန်စည်ထောက်ပံ့မှုပြပွဲ (China International Supply Chain Expo)တွင် ကြေညာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

          အဆိုပါပူးပေါင်းဆောင်ရွက်မှုသည် McDonald’s ၏ အာလူးကြော် (French Fries) ကုန်စည်စီးဆင်းမှုအတွက် အသုံးပြုသည့် အာလူးထုတ်လုပ်မှုကို ပံ့ပိုးပေးနိုင်ရန် ရည်ရွယ်၍ ရေရှည်တည်တံ့သော စိုက်ပျိုးရေးများနှင့် ဒစ်ဂျစ်တယ်နည်းပညာများကို အသုံးပြုခြင်းဖြင့် အာလူးစိုက်ပျိုးခြင်း၊ ပံ့ပိုးခြင်းနှင့် ပြုပြင်ထုတ်လုပ်ခြင်းတို့ကို မြှင့်တင်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရသည်။

       ထို့အပြင် Syngenta Group China သည် မြေဆီလွှာကျန်းမာရေး၊ မြေဩဇာနှင့် ရေပေး  ဝေမှုမှန်ကန်စေရေး၊ သီးနှံထိန်းသိမ်းစောင့်ရှောက်မှု၊ ပေါင်းစပ်ပိုးမွှားစီမံခန့်ခွဲမှုူ၊ စိုက်ခင်းများကို စောင့်ကြည့်လေ့လာမှုနှင့် ရေရှည်တည်တံ့သော စိုက်ပျိုးရေးများအပေါ် အဓိကထားသည့် သိပ္ပံနည်းကျအာလူးစိုက်ပျိုးမှုများကို လေ့လာအကဲဖြတ်သွားမည်ဖြစ်ပြီး အဆိုပါအစီစဉ်တွင် ကုမ္ပဏီ၏စိုက်ပျိုးရေး ဆိုင်ရာဖြေရှင်းချက်များ၊ ဒစ်ဂျစ်တယ်စိုက်ပျိုးရေးပလပ်ဖောင်း (MAP) ဝန်ဆောင်မှု စင်တာများ၏ကွန်ရက်ကို အသုံးပြုသွားမည်ဖြစ်ကြောင်း သိရှိရပြီး အဆိုပါပူးပေါင်းဆောင်ရွက်မှု သည် တောင်သူလယ်သမားများ၏ ကုန်ထုတ်စွမ်းအားနှင့် ဝင်ငွေကိုမြှင့်တင်ပေးရင်း စိုက်ပျိုးရေး ကဏ္ဍတွင် ခံနိုင်ရည်ရှိစေမှု၊ အရင်းအမြစ်များကို ထိရောက်စွာ အသုံးပြုခြင်းတို့ အပေါ်အာရုံစိုက်ရန် လိုအပ်ချက်များကို ထင်ဟပ်ဖော်ပြနေကြောင်းနှင့် ထိုအစပျိုးလုပ်ဆောင်မှုသည် အာလူးတန်ဖိုး ကွင်းဆက်ကို ခိုင်မာစေရန်အတွက် စိုက်ပျိုးရေးနည်းပညာများနှင့် စိုက်ပျိုးရေးဝန်ဆောင်မှုူများကို ပေါင်းစပ်ထားကြောင်း Syngenta Group China ၏ ဥက္ကဌ Su Fu ကပြောကြားခဲ့ကြောင်း သိရသည်။

        ထို့အပြင် McDonald’s China ၏ ကုန်စည်စီးဆင်းမှုဆိုင်ရာ အရာရှိချုပ် (Chief Supply Chain Officer) Jim Shiက ကုမ္ပဏီ၏ ထုတ်ကုန်အရည်အသွေးဆိုင်ရာများသည် စိုက်ပျိုးရေးအဆင့်မှစတင်ကြောင်းနှင့် ထိုပူးပေါင်းဆောင်ရွက်မှုသည် ရေရှည်တည်တံ့သော အာလူး ထုတ်လုပ်မှုကိုပံ့ပိုးပေးသည့်အပြင် တစ်သမတ်တည်းရှိသော ထောက်ပံ့မှုနှင့် အရည်အသွေးစံနှုန်းများကို ထိန်းသိမ်းထားနိုင်မည်ဖြစ်ကြောင်းပြောကြားပြီး McCain China ၏ မန်နေးဂျင်း ဒါရိုက်တာ Liu Linlin က ထိုပူးပေါင်း ဆောင်ရွက်မှုသည် McCain နှင့် McDonald’s တို့အကြား တရုတ်နိုင်ငံတွင် ရှိနှင့်ပြီးဖြစ်သောဆက်ဆံရေးကို အခြေခံထားပြီး၊ အာလူးစိုက်ပျိုးရေး ကဏ္ဍတစ်ခုတွင် ရေရှည်တည်တံ့သော စိုက်ပျိုးရေးအလေ့အကျင့်များ၊ တောင်သူလယ်သမားများ ဖွံ့ဖြိုးတိုးတက်ရေး၊ ဒစ်ဂျစ်တယ်နည်းပညာဖြင့် ခြေရာခံနိုင်မှုနှင့် အရည်အသွေးအာမခံချက်တို့ကို ပံ့ပိုးပေးရန်ရည်ရွယ်ကြောင်း ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

Source : Global Agriculture                                                                

DOCA (ရန်ကုန်)

လယ်ယာဝင်ငွေများ ဆယ်စုနှစ်အတွင်း တိုးတက်လာနိုင်သော်လည်း မတည်ငြိမ်မှုများကြောင့် အကျိုးအမြတ်များ စိုးရိမ်နေရ

             ကမ္ဘာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) နှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (OECD) တို့၏ ထုတ်ပြန်သောအစီရင်ခံစာသစ်အရ ကမ္ဘာ့ပျမ်းမျှ လယ်ယာလုပ်သားတစ်ဦး၏ စုစုပေါင်းဝင်ငွေသည် ကုန်ထုတ်စွမ်းအားတိုးတက်မှုနှင့် စိုက်ပျိုးရေး ထွက်ကုန်ဈေးနှုန်းများ တည်ငြိမ်မှုကြောင့် ၂၀၃၅ ခုနှစ်တွင် ၉ ရာခိုင်နှုန်းအထိ တိုးတက်လာမည်ဟု ခန့်မှန်းထားကြောင်း သိရသည်။

     သို့သော်လည်း ထိုမျှော်မှန်းချက်သည် အကျပ်အတည်းများနှင့် ပဋိပက္ခများကြောင့် ဖြစ်ပေါ်လာသည့် ဈေးကွက်မတည်ငြိမ်မှုများ၏ အန္တရာယ်ကို ခံနေရဆဲဖြစ်ပြီး မကြာသေးမီနှစ်များအတွင်း ဖြစ်ပွားခဲ့သည့် အခြေအနေများဆက်လက်ဖြစ်ပေါ်နေပါက ၂၀၃၅ ခုနှစ်တွင် လယ်ယာဝင်ငွေများသည် လက်ရှိအဆင့်ထက် လျော့နည်းသွားနိုင်သည့် ဖြစ်နိုင်ခြေ ၂၅ ရာခိုင်နှုန်း ရှိနေကြောင်း ခန့်မှန်းထားကြသည်။ ထို့ပြင် ၂၀၂၆ ခုနှစ် ပထမနှစ်ဝက်တွင် ကြုံတွေ့ခဲ့ရသည့် စွမ်းအင်ဈေးနှုန်း ၃၃ ရာခိုင်နှုန်း မြင့်တက်မှုမျိုး ဆက်လက်ဖြစ်ပေါ်ပါက ၂၀၂၇ ခုနှစ်တွင် ကမ္ဘာ့ကောက်ပဲသီးနှံ ထုတ်လုပ်မှု ၀.၉ ရာခိုင် နှုန်းလျော့ကျသွားမည်ဖြစ်ပြီး ဝင်ငွေနည်းပါးသော နိုင်ငံများတွင်မူ ၁.၇ ရာခိုင်နှုန်းအထိ ပိုမိုပြင်းထန်စွာ ကျဆင်းနိုင်ကြောင်း သိရှိရသည်။

      ထို့အပြင် OECD အတွင်းရေးမှူးချုပ် Mathias Cormann က “ကျွန်ုပ်တို့၏ စားနပ်ရိက္ခာစနစ်များ ဖိအားပေးခံနေရပြီး တောင်သူလယ်သမားများသည် စွမ်းအင်နှင့် မြေဩဇာစရိတ်များ မြင့်တက်မှု၏ရှေ့တန်းတွင် ရှိနေကြသည်” ဟု ပြောကြားခဲ့ပြီး FAO ညွှန်ကြားရေးမှူးချုပ် QU Dongyu ကမူ “ခံနိုင်ရည်ရှိခြင်းသည် နောက်ဆုံးကြုံတွေ့ရသည့် အကျပ်အတည်းမှ လွတ်မြောက်ခြင်းမဟုတ်ပဲ နောက်လာမည့် အကျပ်အတည်းအတွက် ကြိုတင်ပြင်ဆင်ခြင်းဖြစ်သည်” ဟု အလေးပေးပြောကြားခဲ့ပြီး ကမ္ဘာ့စားနပ်ရိက္ခာဖူလုံရေးကို ခိုင်မာစေရန်အတွက် ဘက်စုံပူးပေါင်း ဆောင်ရွက်မှုနှင့် စည်းမျဉ်းများကိုအခြေခံသော နိုင်ငံတကာကုန်သွယ်မှုစနစ်များသည် မရှိမဖြစ် လိုအပ်နေဆဲဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားကြောင်း သိရှိရပါသည်။

Source : Global Agriculture                                                                

DOCA (ရန်ကုန်)

ထိုင်းနိုင်ငံတွင် ကမ္ဘာ့စားသောက်ကုန်ဘေးကင်းလုံခြုံမှုနေ့အတွက် အသိပညာပေးလှုပ်ရှားမှုများ ကျင်းပပြုလုပ်

        ၂၀၂၆ ခုနှစ်၊ ကမ္ဘာ့စားသောက်ကုန်ဘေးကင်းလုံခြုံမှုနေ့ကို ဂုဏ်ပြုသောအားဖြင့် ထိုင်းနိုင်ငံ၏ စိုက်ပျိုးရေးကုန်စည်နှင့် စားသောက်ကုန်စံနှုန်များဆိုင်ရာ အမျိုးသားဗျူရို (ACFS) သည် ဘန်ကောက်မြို့တွင် “တာဝန်များမှသည် ဖြေရှင်းနည်များဆီသို့-နေရာတိုင်းတွင် ဘေးကင်းသော အစားအစာများ” ဟူသောခေါင်းစဉ်ဖြင့် အသိပညာပေးအခမ်းအနားတစ်ခုကို ကျင်းပခဲ့ကြောင်း သိရသည်။

          အဆိုပါအခမ်းအနားတွင် ကုန်ကြမ်းရွေးချယ်ခြင်း၊ သန့်စင်ခြင်း၊ အစားအစာပြင်ဆင်ခြင်း၊ သိုလှောင်ခြင်းနှင့် စနစ်တကျချက်ပြုတ်ခြင်းတို့နှင့် ပတ်သတ်သည့် “ဘေးကင်းသောအစားအစာ စားသုံးမှု” ဟူသောခေါင်းစဉ်ဖြင့် တိုက်ရိုက်သရုပ်ပြပွဲကို ကျင်းပပြုလုပ်ခဲ့ပြီး အမျိုးသားစံနှုန်းများနှင့်အညီ အသိအမှတ်ပြုထားသော အဖွဲ့အည်းများနှင့် စိုက်ပျိုးရေးထွက်ကုန်များအား ပြသသည့်ပြပွဲတစ်ခုနှင့် “စားသောက်ကုန်ဘေးကင်းရေး စံနှုန်များအောက်ရှိ အနာဂတ်အစားအစာလမ်းကြောင်းများ” ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲများကိုလည်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

          ထိုကျင်းပပြုလုပ်သည့် ရည်ရွယ်ချက်မှာ သိပ္ပံနည်းကျ ဗဟုသုတများ၊ အထောက်အထားများနှင့် စားသောက်ကုန်ဘေးကင်းရေးစံနှုန်းများကို အစားအစားထုတ်လုပ်မှု ကွင်းဆက်တစ်လျှောက် လက်တွေ့လုပ်ဆောင်ချက်များအဖြစ် ပြောင်းလဲခြင်းဖြင့် အစားအစာမှတစ်ဆင့် ကူးစက်သောရောဂါများကို ကာကွယ်ရန်နှင့် လူတိုင်အတွက်ဘေးကင်းသော အစားအစာများရရှိစေရန် အလေးပေးဖော်ပြခြင်းဖြစ်ပြီး အဆိုပါအခမ်းအနားတွင် စားသောက်ကုန်ဘေးကင်းရေး စံနှုန်းများကို လိုက်နာဆောင်ရွက်မှုအတွက် အသိအမှတ်ပြုထားသော စိုက်ပျိုးရေးထွက်ကုန်ဈေးများ၊ အော်ဂဲနစ်ထုတ်ကုန်ဈေးများနှင့် စိုက်ပျိုးရေးလက်ကားဈေးများကို ဂုဏ်ပြုသည့် တရားဝင်အခမ်းအနားကိုလည်း ထည့်သွင်းကျင်းပခဲ့ပြီး ကမ္ဘာ့စားသောက်ကုန်ဘေးကင်းလုံခြုံမှုနေ့၏ အဓိကသတင်းစကားများကို မြှင့်တင်ရန်အတွက် Facebook Live မှတစ်ဆင့် တိုက်ရိုက်ထုတ်လွှင့်ခဲ့ကြောင်း သိရှိရသည်။

          ထိုလှုပ်ရှားမှုများသည် အစားအစာဘေးကင်းလုံခြုံမှုဆိုင်ရာ ပြည်သူလူထု၏ အသိပညာကို မြှင့်တင်ရန်နှင့် အစားအစာမှတစ်ဆင့် ကူးစက်သောရောဂါများကို ကာကွယ်ရန်၊ ပိုမိုဘေးကင်းပြီး ရေရှည်တည်တံ့သော စားသောက်ကုန်စနစ်ကို တည်ဆောက်ရန်အတွက် အစားအစာထုတ်လုပ်မှု ကွင်းဆက်တစ်လျှောက် စုပေါင်းလုပ်ဆောင်မှု၏အရေးပါမှုကို အလေးပေးဖော်ပြရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

Source : Global Agriculture                                                                

DOCA (ရန်ကုန်)

Telangana ပြည်နယ်သည် ကမ္ဘာ့ဈေးကွက်သို့ တင်ပိုနိုင်ရန်အတွက် ဆန်စပါးတင်ပို့မှုဆိုင်ရာ မူဝါဒအသစ်တစ်ရပ် ရေးဆွဲနေ

      Telangana ပြည်နယ်အစိုးရသည် ပြည်နယ်အတွင်း နှစ်စဉ်ဆန်စပါး ထွက်ရှိမှုမှာ ပြည်တွင်းစားသုံးမှုထက် များစွာပိုလျှံနေသဖြင့် နိုင်ငံတကာဈေးကွက်တွင် ပြည်နယ်၏ အခန်းကဏ္ဍကို မြှင့်တင်ရန်အတွက် ဆန်းစပါးတင်ပို့မှုဆိုင်ရာ သီးသန့်မူဝါအသစ်တစ်ရပ်ကို ရေးဆွဲလျက်ရှိကြောင်း သိရပါသည်။

        Telangana ပြည်နယ်၊ ဆည်မြောင်းနှင့် စိုက်ပျိုးရေးမြေများ ဖွံ့ဖြိုးတိုးတက်ရေး စားနပ်ရိက္ခာနှင့် အရပ်ဘက်ဆိုင်ရာ ထောက်ပံ့ရေးဝန်ကြီး N.Uttam Kumar Reddy က အဆိုပါမူဝါဒအကြောင်း ကြေညာရာတွင် ပြည်နယ်ဖြင့် Kharif နှင့် Rabi စိုက်ပျိုးရာသီနှစ်ခုလုံးတွင် ဆန်စပါး တန်ချိန်ပေါင်း ၃၀ နီးပါးထွက်ရှိသော်လည်း နှစ်စဉ်စားသုံးမှုမှာ တန်ချိန် ၃.၆ သန်း ခန့်သာရှိကြောင်းနှင့် Telangana ပြည်နယ်မှာ ထွက်ရှိတဲ့ဆန်၏ ဆယ်ပုံတစ်ပုံလောက်ကိုသာ စားသုံးကြကြောင်းပြောကြားခဲ့သည်။ ထို့ပြင် ပြည်နယ်၏ ဆန်စပါးလုပ်ငန်းအတွက် ပို့ကုန်က အဓိကတိုးတက်မှု အခွင့်အလမ်းတစ်ခုဖြစ်ပြီး အစိုးရအနေဖြင့် ဆန်တင်ပို့မှုများ လွယ်ကူချောမွေ့စေရန် ဆန်စက်လုပ်ငန်းရှင်များအား ပြည်တွင်းမှာသာမက နိုင်ငံတကာဈေးကွက်မှာပါ ဝင်ရောက်နိုင်စေရန် ကူညီပေးဖို့ မူဝါဒသစ်တစ်ရပ်ကို ရေးဆွဲနေသည်ဟု ပြောကြားခဲ့ကြောင်း သိရပါသည်။

            ထို့အပြင် Telangana ပြည်နယ်သည် ဖိလစ်ပိုင်နိုင်ငံအပါအဝင် အခြားနိုင်ငံများသို့ ဆန်စပါးများ စတင်တင်ပို့နေပြီဖြစ်ကြောင်းနှင့် ပြည်ပဈေးကွက်သို့ ချဲ့ထွင်နေသည့် ဆန်စက်လုပ်ငန်းကဏ္ဍကို အစိုးရမှ ဆက်လက်ကူညီသွားမည်ဖြစ်ကြောင်း အတည်ပြုပြောကြားပြီး ဝန်ကြီး၏ ပြောကြားချက်အရ Telangana ပြည်နယ်သည် လက်ရှိတွင် အိန္ဒိယနိုင်ငံ၏ ဆန်စပါးထုတ်လုပ်မှုနှင့် အစိုးရ၏ ဝယ်ယူစုဆောင်းမှုအများဆုံးပြည်နယ်ဖြစ်ပြီး ပို့ကုန်အခွင့်အလမ်းများ တိုးတက်လာသည်နှင့်အမျှ ကမ္ဘာ့ဆန်စပါး ကုန်သွယ်မှုတွင် ပိုမိုကြီးမားသော အခန်းကဏ္ဍမှ ပါဝင်လာနိုင်မည်ဖြစ်ပြီး အဆိုပါကြေညာချက်ကို “အာဟာရဖြည့်ဆန်များ မြှင့်တင်ခြင်း” ခေါင်းစဉ်ဖြင့်ပြုလုပ်သော အလုပ်ရုံဆွေးနွေးတွင် ပြောကြားခဲ့ ခြင်းဖြစ်သည်။ အဆိုပါပွဲ၌ ဆန်စက်လုပ်ငန်းရှင်များ၊ အစားအစာ ပြုပြင်ထုတ်လုပ်ရေးကဏ္ဍ၊ အာဟာရပညာရှင်များနှင့် အစိုးရတာဝန်ရှိသူများက တန်ဖိုးမြှင့်ဆန်ဈေးကွက်ကို အားကောင်းလာစေရန် ဆွေးနွေးခဲ့ကြောင်း သိရသည်။

            ထို့အပြင် အဆိုပါပွဲတွင် မရှိမဖြစ်လိုအပ်သော Vitamins, Iron, Zincဓာတ်များ ကြွယ်ဝစွာပါဝင်သည့် “KCP Nutri Poshan” ဟုခေါ်သော အာဟာရဖြည့် ဆန်အမျိုးအစားသစ်ကို မိတ်ဆက်ခဲ့သည်။ Kolam, HMT နှင့် Sona Masoori စသည့် လူကြိုက်များသော ဆန်အမျိုးအစားများဖြင့် ရရှိနိုင်သည့် အဆိုပါထုန်ကုန်သည် လူတို့၏ စားသောက်မှုပုံစံကို မပြောင်းလဲစေဘဲ အာဟာရဆိုင်ရာ ရလာဒ်များကို မြှင့်တင်ပေးရန် ရည်ရွယ်သည့် တန်ဖိုးမြှင့် အခြေခံစားသောက်ကုန်များအပေါ် လုပ်ငန်းကဏ္ဍ၏ စိတ်ဝင်စားမှု တိုးလာခြင်းကိုပြသနေပြီး အာဟာရဖြည့်ဆန်သည် စားသုံးသူများအတွက် ရင်းနှီးပြီးသား အရသာနှင့် ချက်ပြုတ်မှုပုံစံကို ထိန်းသိမ်းထားခြင်းဖြင့် အာဟာရလုံခြုံမှုကို မြှင့်တင်ပေးနိုင်သည့် အရေးကြီးသော ခြေလှမ်းတစ်ခုဖြစ်ကြောင်း ဝန်ကြီး Uttam Kumar Reddy က ပြောကြားခဲ့ကြောင်း သိရသည်။

           ကမ္ဘာ့တစ်ဝန်းတွင် အစားအစာများ၌ အာဟာရဓာတ်ဖြည့်ဆည်းခြင်းသည် ကုန်ကျစရိတ်သက်သာပြီး ထိရောက်သော ပြည်သူ့ကျန်းမာရေးဆိုင်ရာကြားဝင် ဆောင်ရွက်မှုတစ်ခုအဖြစ် အသိအမှတ်ပြုထားသည်။ဆယ်စုနှစ်များစွာအတွင်း နိုင်ငံအများအပြားတွင် အခြေခံစားသောက် ကုန်များ၌ အာဟာရဖြည့်စွက်ခြင်းကို အသုံးပြုခဲ့ကြသော်လည်း၊ အာဟာရဖြည့်ဆန်မှာမူ အိန္ဒိယကဲ့သို့ ဆန်စားသုံးမှုများသည့် ဒေသများတွင် အလားအလာကောင်းများဖြင့် ထွက်ပေါ်လာသော နယ်ပယ်သစ်တစ်ခု ဖြစ်နေဆဲဖြစ်ကြောင်း သိရှိရပါသည်။

Source : Dailyhunt                                                                                 

DOCA (ရန်ကုန်)

အိန္ဒိယနိုင်ငံသည် မုတ်သုံမိုးခေါင်ခြင်းနှင့် ရေနံစိမ်းဈေးနှုန်း မြင့်တက်လာခြင်းတို့ကြောင့် ငွေကြေးဖောင်းပွမှုအန္တရာယ်နှင့် ရင်ဆိုင်နေရ

                   အနောက်အာရှပဋိပက္ခကြောင့် ရေနံစိမ်းဈေးနှုန်းများ သိသိသာသာ မြင့်တက်လာပြီး နောက်ပိုင်းတွင် အိန္ဒိယနိုင်ငံအတွက် စိုးရိမ်စရာအသစ်တစ်ခုမှာ မုတ်သုံမိုးခေါင်မှုက ငွေကြေးဖောင်းပွမှုအပေါ် သက်ရောက်နိုင်သည့် အလားအလာပင်ဖြစ်ကြောင်း သိရှိရပါသည်။

          အယ်လ်နီညို (El Nino) ဖြစ်ပေါ်လာခြင်းသည် မိုးရွာသွန်းမှုကို ခြိမ်းခြောက်နေပြီး အစားအစာဈေးနှုန်းများ မြင့်တက်လာစေနိုင်ပြီး စီးပွားရေးပညာရှင်များက ထိုအခြေအနေကို စိုးရိမ်စရာအကြောင်း အရင်းသစ်တစ်ခုအဖြစ် ရှုမြင်ကြပြီး အိန္ဒိယနိုင်ငံ၏ နှစ်ပတ်လည် မိုးရေချိန် ၇၀% ခန့်ကို ပံ့ပိုးပေးသည့် အနောက်တောင်မုတ်သုံမိုးသည် အမေရိကန်ဒေါ်လာ ၃၀၀ ဘီလီယံတန်ဖိုးရှိ စိုက်ပျိုးရေးကဏ္ဍအတွက် အရေးပါပြီး အစားအစာဈေးနှုန်းများနှင့် ကျေးလက်ဒေသ၏ ဝယ်လိုအားအပေါ် တိုက်ရိုက်သက်‌ရောက်မှုရှိကြောင်း သိရပါသည်။

           အကြီးတန်းစီးပွားရေးပညာရှင် Mitali Nikore က ရေနံစိမ်းအကျပ်အတည်းပြီးနောက်၊ မုတ်သုံမိုး ခေါင်ခြင်းသည် ၂၀၂၆ ခုနှစ်အတွက် အိန္ဒိယနိုင်ငံ၏ ဒုတိယမြောက် အရေးကြီးသော ထောက်ပံ့မှုူဆိုင်ရာ စိန်ခေါ်မှုူဖြစ်ပြီး၊ ၎င်းသည် ပိုမို၍ ဖွဲ့စည်းပုံဆိုင်ရာ အကျပ်အတည်းတစ်ရပ်ဖြစ်ကြောင်း မှတ်ချက်ပြုခဲ့ပြီး အိန္ဒိယနိုင်ငံ၏ မိုးလေဝသဌာန (IMD)က မိုးရေချိန်သည် ရေရှည်ပျမ်းမျှ၏ ၉၀% သာရှိမည်ဟု ခန့်မှန်းထားပြီး၊ ၎င်းမှာ ၂၀၁၅ ခုနှစ်နောက်ပိုင်း အားအနည်းဆုံးခန့်မှန်းချက်ဖြစ်ပြီး ဆယ်စုနှစ်များစွာအတွင်း ဆည်မြောင်းနှင့် ရေဝေရေလဲစီမံခန့်ခွဲမှုတွင် ရင်းနှီးမြှုပ်နှံမှု မလုံလောက်မှုကြောင့် စိုက်ပျိုးမြေဧရိယာ ၄၅% နီးပါးသည် မိုးရေကိုသာ အဓိကမှီခိုနေရခြင်းဖြစ်သဖြင့် ဤအခြေအနေမှာ အထူးစိုးရိမ်ဖွယ်ရာဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။

             ဇွန်လသို့ ချဉ်းကပ်လာချိန်တွင် အဓိကရေလှောင်ကန်သုံးပုံနှစ်ပုံနီးပါးသည် ၎င်းတို့၏ စွမ်းဆောင်ရည်ထက်ဝက်အောက် လျော့နည်းနေပြီး၊ ၎င်းမှာ ရာသီစိုက်ပျိုးမှု၊ ကျေးလက်ဝင်ငွေနှင့် အစားအစာ ငွေကြေးဖောင်းပွမှုအပေါ် ဖိအားပေးနိုင်သည့် လက္ခဏာဖြစ်ပြီး ထိုပြသနာသည် ကျေးလက်ဒေသများတွင်သာမက မြို့ပြဒေသများတွင်ပါ သက်ရောက်နေပြီး မြို့ပြအပူကျွန်းများ (Urban Heat Islands) ကြောင့် မြို့ပြအပူချိန်များသည် ကျေးလက်ဒေသများထက် ၂-၈ ဒီဂရီစင်တီဂရိတ် ပိုမိုမြင့်တက်လာစေကြောင်း သိရှိရပါသည်။

          ၂၀၃၀ ခုနှစ်အရောက်တွင် အိန္ဒိယနိုင်ငံအနေဖြင့် အပူချိန်လွန်ကဲမှုကြောင့် အလုပ်ချိန် ၅.၈.% ခန့်  ဆုံးရှုံးနိုင်ဖွယ်ရှိပြီး မြို့ပြများတွင် လူဦးရေ၏ သုံပုံနှစ်ပုံကို ထုတ်လုပ်ပေးနေသည့်အတွက် အပူဒဏ်၏ သက်ရောက်မှုကို မြို့ပြဖွံ့ဖြိုးတိုးတက်မှုအတွက် စိန်ခေါ်မှုတစ်ခုအဖြစ် ယခုအခါ အသိအမှတ်ပြုလာကြပြီး မြို့ပြခံနိုင်ရည်အား (Urban Resilience) ဆိုင်ရာ လေ့လာချက်များအရ Lucknow Chennai နှင့် Surat ကဲ့သို့သော မြို့ကြီးများတွင် အပူဒဏ်ကြောင့် ကုန်ထုတ်စွမ်းအား ဆုံးရှုံးမှုူသည် ၂၀၅၀ ခုနှစ် အရောက်တွင် စီးပွားရေးထုတ်ကုန်၏ ၂-၄% အထိ ရှိလာနိုင်ကြောင်း သိရပြီး ကျွမ်းကျင်သူများက မုတ်သုံမိုး ပုံမှန်အောက်လျော့နည်းခြင်းသည် အိန္ဒိယဗဟိုဘဏ်(RBI) အတိုးနှုန်းကို ထပ်မံ လျှော့ချနိုင်သည့် စွမ်းရည်ကိုကန့်သတ်နိုင်ပြီး၊ အနာဂတ်တွင် ချေးငွေကုန်ကျစရိတ်နှင့် စားသုံးသူဝယ်လိုအားအပေါ် သက်ရောက်မှုရှိလာနိုင် ကြောင်းကို သတိပေးထားကြောင်း သိရှိရပါသည်။

Source : Dailyhunt    

DOCA (ရန်ကုန်)

ကမ္ဘောဒီးယားနှင့် ဗီယက်နမ်ကုမ္ပဏီများ Kratie အထူးစီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ ရှာဖွေ

       ကမ္ဘောဒီးယား-ဗီယက်နမ် စီးပွားရေးကိုယ်စားလှယ်အဖွဲ့သည် ပြီးခဲ့သည့်အပတ်က Kratie ပြည်နယ်ရှိ Snoul အထူးစီးပွားရေးဇုန် (SEZ) တွင် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများကို လေ့လာခဲ့ပြီး စိုက်ပျိုးရေးပြုပြင်မွမ်းမံခြင်း၊ ထောက်ပံ့ပို့ဆောင်ရေးနှင့် စက်မှုလုပ်ငန်းပူးပေါင်း ဆောင်ရွက်မှုတို့ကို အဓိကထားဆွေးနွေးခဲ့ကြသည်။ ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြို့ရှိ ကမ္ဘောဒီးယား ကုန်သွယ်ရေးရုံးမှ ၃-၇-၂၀၂၆ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော ကြေညာချက်တစ်ခုအရ ဗီယက်နမ်နိုင်ငံရှိ ကမ္ဘောဒီးယားသံရုံးမှ စီးပွားရေးသံမှူး Ho Daret ဦးဆောင်သော ဗီယက်နမ် ရင်းနှီးမြှုပ်နှံသူများ၏ ကိုယ်စားလှယ်အဖွဲ့သည် ကမ္ဘောဒီးယားနိုင်ငံ၊ Kratie ပြည်နယ်ရှိ Snoul အထူးစီးပွားရေးဇုန် (SEZ) သို့ သွားရောက်လေ့လာခဲ့ကြသည်။ Kratie ပြည်နယ်အုပ်ချုပ်ရေးနှင့် ပူးပေါင်းစီစဉ်သော လေ့လာရေးခရီးစဉ်တွင် ကမ္ဘောဒီးယားနှင့် ဗီယက်နမ်စီးပွားရေးလုပ်ငန်းများနှင့် ပုဂ္ဂလိကကဏ္ဍအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများကို  လေ့လာရန်နှင့် နှစ်နိုင်ငံစီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေရန် စုပေါင်းလေ့လာခဲ့ကြသည်။  ခရီးစဉ်အတွင်း ကိုယ်စားလှယ်များသည် SEZ ၏ အခြေခံအဆောက်အအုံ၊ ရင်းနှီးမြှုပ်နှံမှု ပံ့ပိုးမှုဝန်ဆောင်မှုများ၊ သယ်ယူပို့ဆောင်ရေးချိတ်ဆက်မှု၊ ထောက်ပံ့ပို့ဆောင်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုမူဝါဒများကို ပြန်လည်သုံးသပ်ခဲ့ကြသည်။ နှစ်ဖက်စလုံးသည် Kratie ပြည်နယ်ရှိ သီဟိုဠ်စေ့နှင့် သရက်သီးပြုပြင်ထုတ်လုပ်သည့် စက်ရုံများကို ပူးတွဲတည်ဆောက်ရန် အစီအစဉ်များနှင့်အတူ ထောက်ပံ့ပို့ဆောင်ရေးနှင့် နယ်စပ်ဖြတ်ကျော် သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများကိုလည်း ဆွေးနွေးခဲ့ကြသည်။  အထူးစီးပွားရေးဇုန်တွင် အဆိုပြုထားသော စီမံကိန်းများသည် ကမ္ဘောဒီးယား၏ စိုက်ပျိုးရေးထွက်ကုန်များကို တန်ဖိုးမြှင့်တင်ပေးမည်ဖြစ်ပြီး ပြည်တွင်းတန်ဖိုးကွင်းဆက်များကို အားကောင်းစေကာ ဒေသတွင်းနှင့် ကမ္ဘာ့ဈေးကွက်များသို့ တင်ပို့မှုများကို တိုးချဲ့နိုင်မည်ဟု မျှော်လင့်ထားကြသည်။  ထို့အပြင် ကမ္ဘောဒီးယားအရာရှိများက Snoul အထူးစီးပွားရေးဇုန် (SEZ)အတွင်း လည်ပတ်လျက်ရှိသော တာယာထုတ်လုပ်ရေးနှင့် ပြုပြင်ထုတ်လုပ်ရေးစက်ရုံသို့ သဘာဝရော်ဘာထောက်ပံ့မှုများ တိုးမြှင့်ခြင်းဖြင့် ရော်ဘာကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့ရန် စိတ်ဝင်စားကြောင်း ဖော်ပြခဲ့ကြသည်။ အဆိုပါ လေ့လာရေးခရီးစဉ်သည် ဒေသထွက်ကုန်ကြမ်းများကို အသုံးပြုမှုကိုမြှင့်တင်ရန်၊ တန်ဖိုးမြှင့်တင်ထားသော ထုတ်လုပ်မှုကို မြှင့်တင်ရန်နှင့် ကမ္ဘောဒီးယား-ဗီယက်နမ် စက်မှုလုပ်ငန်းထောက်ပံ့ရေး ကွင်းဆက်များကို ပိုမိုပေါင်းစည်းရန် မျှော်လင့်ရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားကြောင်း သိရှိရပါသည်။  

Source: Khmer Times

DOCA(ရန်ကုန်)

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ