
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူကုန်စည်ဒိုင်နှင့် ပွဲရုံဈေးကွက်သို့ ကြက်သွန်နီများ နေ့စဉ်ဝင်ရောက်လျက်ရှိပါသည်။ အဓိကဝင်ရောက်သည့်ဒေသများမှာ ပခုက္ကူမြို့နယ်ရှိကျွန်းနယ်များနှင့် ကမ္မ၊ ရေပြာဒေသများ၊ ဆိပ်ဖြူမြို့နယ် အုန်းမှင်ရွာအပါအဝင် ကြက်သွန်နီ အဓိက စိုက်ပျိုးသည့်ရွာများ၊ ပေါက်နယ်ရှိ ယောချောင်းဒေသများ၊ ရေစကြိုဒေသရှိ မိုးကြက်သွန်နီနှင့် ဆောင်းစိုက်ကြက်သွန်နီများမှ ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ(ဒုတိယပတ်)တွင် ကြက်သွန်နီပေါက်ဈေးမှာ အမျိုးအစားနှင့်အရည် အသွေးကိုလိုက်၍ တစ်ပိဿာလျှင် ကျပ် (၃၅၀၀ မှ ၅၆၀၀)ဈေးထိ ဖြစ်ပေါ်နေပါသည်။ ယခင်နှစ် ၂၀၂၅ ခုနှစ် ဩဂုတ်လ(ပထမပတ်)အတွင်း ကြက်သွန်နီ တစ်ပိဿာလျှင် ကျပ်(၅၀၀ မှ ၁၃၅၀)ဈေးသာရှိခဲ့သောကြောင့် ယခင်နှစ်နှင့် ကာလတူနှိုင်းယှဉ်ပါကဈေးနှုန်း သိသိသာသာမြင့်တက်သွားကြောင်း တွေ့ရှိရပါသည်။
ဈေးကွက်သုံးသပ်ချက်
ယခင်နှစ်က ကြက်သွန်နီဈေးကွက်ပျက်ခဲ့သောကြောင့် ယခုနှစ်တွင် တောင်သူများစိုက်ပျိုးမှု နှုန်းလျော့ကျခဲ့သည်။ ကြက်သွန်နီဂိုဒေါင်များတွင်လည်း လက်ကျန်များအလွန်နည်းနေသည်။ ပေါက်မြို့နယ်နှင့် ပုလဲမြို့နယ်ကဲ့သို့ အဓိကထွက်ရှိရာဒေသများမှ နယ်မြေအခက်အခဲကြောင့် ကုန်စည်ဒိုင်သို့ ကုန်ဝင်ရောက်မှု သိသိသာသာနည်းပါးနေသည်။ ပြည်ပ(ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ ထိုင်း) နိုင်ငံများသို့ ပြည်ပပို့ကုန်အဖြစ် တင်ပို့နေရခြင်း၊ မန္တလေးကုန်စည်ဒိုင်၊ ရန်ကုန်(ဘုရင့်နောင်)ကုန်စည်ဒိုင်များမှ အမြင့်ဈေးပေး၍ ဝယ်ယူနေခြင်းကြောင့် ဈေးမြင့်တက်နေခြင်းဖြစ်ကြောင်း သိရသည်။
ဈေးကွက်အလားအလာ
လာမည့် စက်တင်ဘာလ၌ မိုးကြက်သွန်နီအသစ်များ ဈေးကွက်ထဲသို့ စတင်ဝင်ရောက် လာမည့်အချိန်မှသာ လက်ရှိမြင့်တက်နေသော ကြက်သွန်ဈေးနှုန်းမှာ ပြန်လည်ကျဆင်းနိုင်ပြီး တစ်ပိဿာလျှင် ကျပ်(၄၀၀၀)ဝန်းကျင်ခန့်တွင် တည်ငြိမ်နိုင်ကြောင်း မျှော်မှန်းထားကြသည်။ အချုပ်အားဖြင့်(၁)လခွဲခန့်အထိအမြင့်ဈေးတွင် ရှိနေဦးမည်ဖြစ်၍ အောက်တိုဘာ၊ နိုဝင်ဘာ ကြက်သွန် အသစ်ပေါ်ချိန်မှသာ ဈေးနှုန်းပြန်အေးသွားမည့်အလားအလာရှိနိုင်ကြောင်း ကုန်သည်များထံမှ သိရှိရပါသည်။
DOCA(မကွေး)
