Main menu

အိန္ဒိယနိုင်ငံ၏ ပဲပုပ်ဆီ တင်သွင်းမှုပမာဏ စံချိန်တင်မြင့်တက်လာဖွယ်ရှိ

Powered by Drupal
       စားသုံးဆီဈေးနှုန်းများ အားပြိုင်မှုရှိလာခြင်းကြောင့် အိန္ဒိယနိုင်ငံတွင် သန့်စင်ထုတ်လုပ် သူများက ပွဲတော်ကာလအတွက် ဝယ်ယူမှုများ တိုးမြှင့်လုပ်ဆောင်လာခြင်းနှင့် ရုရှား - ယူကရိန်း စစ်ပွဲကြောင့် နေကြာဆီတင်ပို့မှုများအနှောင့်အယှက်ဖြစ်ပေါ်ကာ ဝယ်ယူသူများအနေဖြင့် အခြား စားသုံးဆီအမျိုးအစားများသို့ ပြောင်းလဲဝယ်ယူလာရခြင်းတို့ကြောင့် အိန္ဒိယနိုင်ငံ၏ ပဲပုပ်ဆီ တင် သွင်းမှုပမာဏသည် ဩဂုတ်လတွင် စံချိန်တင် မြင့်တက်လာဖွယ်ရှိသည်ဟု ကုန်သည်များက ခန့်မှန်း ပြောကြားထားကြောင်း Reuters သတင်းဌာနက ဩဂုတ်လ ၁၇ ရက်နေ့တွင် ဖော်ပြထားသည်။

       ကုန်သွယ်မှုလုပ်ငန်းများတွင် တိုက်ရိုက်ပါဝင်ဆောင်ရွက်နေသည့် ကုန်သည် ၄ ဦး၏ ပြောကြားချက်အရ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လအတွင်း ပဲပုပ်ဆီတင်သွင်းမှုပမာဏသည် တန်ချိန် ၆၂၀,၀၀၀ အထိ မြင့်တက်လာနိုင်ဖွယ်ရှိကြောင်း၊ အဆိုပါပမာဏသည် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ တွင် စတင်ခဲ့သော လက်ရှိဈေးကွက်နှစ်အတွင်း ယခုအချိန်အထိ ပျမ်းမျှလစဉ် တင်သွင်းမှု ပမာဏ ဖြစ်သည့် တန်ချိန် ၄၂၄,၅၄၉ထက် ၄၆ ရာခိုင်နှုန်းနီးပါး များပြားနေကြောင်း သိရှိရပါသည်။

       ပဲပုပ်ဆီဈေးနှုန်းများသည် ယှဉ်ပြိုင်နိုင်သည့်အဆင့်တွင် ရှိနေပြီး နေကြာဆီတင်ပို့မှုများ တွင် အနှောင့်အယှက်များ ဖြစ်ပေါ်နေခြင်းက ပဲပုပ်ဆီ၏ ဆွဲဆောင်မှုကို ပိုမိုမြှင့်တင်ပေးနေသည် ဟု မွန်ဘိုင်းအခြေစိုက် ဟင်းသီးဟင်းရွက်ဆီ အရောင်းအဝယ်လုပ်ငန်းဖြစ်သည့် Sunvin Group ၏ အမှုဆောင်အရာရှိချုပ် Sandeep Bajoria က ပြောကြားခဲ့သည်

       မကြာသေးမီလများအတွင်း ရုရှားနှင့် ယူကရိန်းတို့သည် ပင်လယ်နက်နှင့်၎င်း၏ ပတ်ဝန်း ကျင်ဒေသများရှိ တစ်နိုင်ငံနှင့်တစ်နိုင်ငံ၏ ဆိပ်ကမ်းနှင့် ရေကြောင်းဆိုင်ရာ အခြေခံ အဆောက် အအုံများကို ပစ်မှတ်ထား တိုက်ခိုက်မှုများ ပိုမိုလုပ်ဆောင်လာခဲ့ကြရာ ဂျုံ၊ စပါးကဲ့သို့ သီးနှံများ နှင့် ဟင်းသီးဟင်းရွက်ဆီ တင်ပို့မှုများကို အနှောင့်အယှက်ဖြစ်စေပြီး တင်ပို့နိုင်စွမ်းကို လျော့ကျ စေခဲ့ကြောင်း ဖော်ပြထားသည်။ အိန္ဒိယနိုင်ငံ၏ နေကြာဆီတင်သွင်းမှုအများစုမှာ ရုရှားနှင့် ယူကရိန်းတို့ထံမှ ဝယ်ယူခြင်းဖြစ်ပြီး၊ တင်သွင်းမှုပမာဏသည် သြဂုတ်လတွင် တန်ချိန် ၁၈၀,၀၀၀ အထိ ကျဆင်းဖွယ်ရှိကြောင်း ကုန်သည်များက ပြောကြားခဲ့သည်။ အဆိုပါပမာဏသည် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလနောက်ပိုင်း အနိမ့်ဆုံးအဆင့်ဖြစ်ပြီး ယခင်လကထက် ၂၈ ရာခိုင်နှုန်းလျော့ကျ သွားခြင်းလည်း ဖြစ်သည်။

      ပဋိပက္ခဖြစ်ပွားမှုများကြောင့် သြဂုတ်လနှင့် စက်တင်ဘာလတို့တွင် တင်ပို့ရန်စီစဉ်ထား ပြီး ပင်လယ်နက်ဒေသမှထွက်ရှိသည့်နေကြာဆီ တန်ချိန် ၁၅၀,၀၀၀ ခန့်မှာ ကြန့်ကြာမှုများနှင့် ကြုံတွေ့နေရကြောင်း၊ အိန္ဒိယတောင်ပိုင်းရှိ ဝယ်ယူသူများသည် နေကြာဆီကို ပိုမိုနှစ်သက်လေ့ ရှိ သော်လည်း တင်သွင်းမှုဆိုင်ရာအခက်အခဲများကြောင့် ပဲပုပ်ဆီသို့ ပြောင်းလဲသုံးစွဲလာကြကြောင်း၊ အနောက်ဘက်ကမ်းရိုးတန်းရှိ Kandla နှင့် JNPT ဆိပ်ကမ်းများအပြင် အိန္ဒိယတောင်ပိုင်းရှိ Krishnapatnam နှင့် Kakinada ဆိပ်ကမ်းများသို့လည်း ယခုအခါ ပဲပုပ်ဆီတင်သင်္ဘောများ ရောက်ရှိလာနေပြီဖြစ်ကြောင်း ကုန်သည်များက ပြောကြားခဲ့သည်။
      ပဲပုပ်ဆီနှင့် စားအုန်းဆီတို့၏ ဈေးနှုန်းကွာခြားချက်သည် ဧပြီလက တစ်တန်လျှင် ဒေါ်လာ ၁၀၀ ကျော်ရှိခဲ့ရာမှ ယခုအခါ ဒေါ်လာ ၅၀ ဝန်းကျင်အထိ ကျဆင်းလာကြောင်း နယူးဒေလီ အခြေစိုက် ကုန်သည်တစ်ဦးက ပြောကြားခဲ့သည်။ ရာသီဥတုအခြေအနေ ဆိုးဝါးမှုကြောင့် ထုတ်လုပ်မှုကို ထိခိုက်နိုင်သည်ဟူသော စိုးရိမ်ပူပန်မှုများနှင့် ဇီဝလောင်စာအတွက် စားအုန်းဆီ သုံးစွဲမှုကို တိုးမြှင့် ရန် အင်ဒိုနီးရှား၏ ဆောင်ရွက်ချက်များကြောင့် စားအုန်းဆီဈေးနှုန်းများ မြင့်တက်လာကာ ပဲပုပ် ဆီနှင့်နေကြာဆီ ဈေးနှုန်းကွာခြားချက်ကို ကျဉ်းမြောင်းလာစေခြင်းဖြစ်ကြောင်း၊ ဈေးနှုန်း အပြောင်းအလဲအပေါ် အာရုံစိုက်လေ့ရှိသည့် အိန္ဒိယဝယ်လက်များအတွက် ပဲပုပ်ဆီသည် ပိုမို ဆွဲဆောင်မှုရှိလာပြီး ရွေးချယ်စရာတစ်ခု ဖြစ်လာကြောင်း သိရှိရပါသည်။
       ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလတွင်ပင် အိန္ဒိယ၏ တင်သွင်းမှုပမာဏသည် တန်ချိန် ၆၀၀,၀၀၀ ကျော်လွန်နိုင်ဖွယ်ရှိကြောင်း၊ စက်တင်ဘာလမှ ဒီဇင်ဘာလအတွင်း တင်ပို့မှုအတွက် အိန္ဒိယသည် တန်ချိန် ၁.၄ သန်းနီးပါး ဝယ်ယူထားပြီးဖြစ်ကြောင်း၊ အယ်လ်နီညိုရာသီဥတုဖြစ်စဉ် ကြောင့် ပြည်တွင်းဆီထွက်သီးနှံ ထုတ်လုပ်မှုကို ထိခိုက်နိုင်သည်ဟူသော စိုးရိမ်မှုများ ရှိနေသော် လည်း ပဲပုပ်ဆီ လုံလောက်စွာ ရရှိနိုင်မှုနှင့် ယှဉ်ပြိုင်နိုင် စွမ်းရှိသော ဈေးနှုန်းများကြောင့် အိန္ဒိယ အနေဖြင့် ဝယ်ယူမှုများကို တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း အဆိုပါကုန်သည်က ပြောဆိုခဲ့သည်။
       ပုံမှန်အားဖြင့် အိန္ဒိယ၏ ပဲပုပ်ဆီတင်သွင်းမှု အများစုမှာ အာဂျင်တီနားနှင့် ဘရာဇီးနိုင်ငံ တို့မှဖြစ်သော်လည်း ယခုအခါ အိန္ဒိယသည် လျင်မြန်စွာ တင်ပို့ရယူနိုင်ရန်အတွက် တရုတ်၊ အီဂျစ်၊ ထိုင်းနှင့် တူရကီကဲ့သို့သော နိုင်ငံများမှလည်း ဝယ်ယူလျက်ရှိသည်။ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာ လမှ ဒီဇင်ဘာလအတွင်း တင်ပို့မည့် စားအုန်းဆီနှင့် ပဲပုပ်ဆီတို့၏ (သယ်ယူပို့ဆောင်စရိတ် အပါ အဝင်) ကုန်ကျစရိတ်မှာ တူညီလုနီးပါးဖြစ်ပေါ်နေပြီး နေကြာဆီ ဈေးနှုန်းမှာမူ တစ်တန်လျှင် အမေရိ ကန်ဒေါ်လာ ၂၀၀ နီးပါး ပိုမိုမြင့်မားနေသောကြောင့် အိန္ဒိယသည် လပေါင်းများစွာ ကြိုတင် ၍ ပဲပုပ်ဆီများကိုပါ ဝယ်ယူလျက်ရှိကြောင်း၊ အိန္ဒိယသည် စားအုန်းဆီကို အဓိကအားဖြင့် အင်ဒိုနီးရှား၊ မလေးရှားနှင့် ထိုင်းနိုင်ငံတို့မှ တင်သွင်းလေ့ရှိကြောင်း သိရှိရပါသည်။
Source: Reuters, 17 August 2026 (လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)