Main menu

ဗီယက်နမ်၏ ၂၀၂၅ ခုနှစ် ဆန်တင်ပို့မှု ၁၁.၅ ရာခိုင်နှုန်းအထိ လျော့နည်းဖွယ်ရှိ

Powered by Drupal

   ယခုနှစ်တွင် ဖိလစ်ပိုင်သို့ တင်ပို့မှု သိသာစွာကျဆင်းခဲ့သဖြင့် ဗီယက်နမ်နိုင်ငံ၏  ဆန်တင်ပို့မှု သည် ၁၁.၅ ရာခိုင်နှုန်းလျော့နည်းလျက်  မက်ထရစ်တန် ၈ သန်းဝန်းကျင်ခန့်သာရှိမည်ဟု ခန့်မှန်း ရကြောင်း ဗီယက်နမ် စားသောက်ကုန်အသင်း ဥက္ကဋ္ဌက ဒီဇင်ဘာ ၂ ရက်နေ့တွင် ပြောကြားခဲ့သည်။

     ဗီယက်နမ်နိုင်ငံသည် ကမ္ဘာပေါ်တွင် အိန္ဒိယနှင့် ထိုင်းနိုင်ငံတို့၏ နောက်၌ တတိယမြောက် အကြီးဆုံး ဆန်တင်ပို့သည့်နိုင်ငံဖြစ်ပြီး ၎င်း၏ အဓိကဈေးကွက်များမှာ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနှင့် အာဖရိကတို့ ဖြစ်ကြသည်။ ၎င်း၏အကြီးဆုံးဈေးကွက်ဖြစ်သော ဖိလစ်ပိုင်နိုင်ငံ၌ တောင်သူများကို ကာကွယ်ရန်အတွက် ဆန်တင်သွင်းမှုကို အစိုးရကတားမြစ်ခဲ့ပြီးနောက် ဗီယက်နမ်နိုင်ငံ၏ ဖိလစ်ပိုင် သို့ ဆန်တင်ပို့မှုများမှာ စက်တင်ဘာလတွင် ရပ်ဆိုင်းသွားခဲ့သည်။ ယင်း တားမြစ်ချက်သည် ယခုနှစ် ကုန်အထိ သက်ရောက်မည်ဖြစ်သည်။ ဖိလစ်ပိုင်အနေဖြင့် ဆန်တင်သွင်းမှု ပိတ်ပင်ထားခြင်းကို  ထပ်မံသက်တမ်းတိုးသွားရန် ဖြစ်နိုင်ချေများစွာရှိကြောင်း ဗီယက်နမ် စားသောက်ကုန်အသင်း ဥက္ကဋ္ဌ Do Ha Nam က Reuters သတင်းဌာနသို့ ပြောကြားခဲ့သည်။

     ဗီယက်နမ်၏ အကောက်ခွန်ဆိုင်ရာ အချက်အလက်များအရ ယခုနှစ်၏ ပထမ ၁၀ လတာ ကာလအတွင်း ဖိလစ်ပိုင်သို့ ဆန်တင်ပို့မှုသည် ၂၀၂၄ ခုနှစ်၏ အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၁၈.၅ ရာခိုင်နှုန်း လျော့နည်းခဲ့ပြီး တန်ချိန် ၂.၉၆ သန်းသို့ ကျဆင်းခဲ့သည်။

     ကမ္ဘာလုံးဆိုင်ရာ ဆန်လိုအပ်ချက် ဝယ်လိုအားသည် ဆက်လက် ခိုင်မာနေဆဲဖြစ်ကြောင်း၊ ဗီယက်နမ်သည် အရည်အသွေးမြင့်မားသော ဆန်ထုတ်လုပ်မှုအပေါ် အာရုံစိုက်လျက် အခြားသော ဈေးကွက်များသို့ တင်ပို့မှုကို မြှင့်တင်ရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း၊ ၎င်းတို့အနေဖြင့် အရည် အသွေးမြင့်ဆန်များအတွက် ပြင်းထန်သော ဈေးကွက်ပြိုင်ဆိုင်မှုနှင့် ရင်ဆိုင်နေရခြင်း မရှိကြောင်း နှင့် တစ်နှစ်တာ ဆန်တင်ပို့မှုကို တန်ချိန် ၈ သန်းမှ ၉ သန်းအတွင်း ဆက်လက်ထိန်းထားနိုင်မည်ဟု ယုံကြည်ကြောင်း Mr. Nam က ဖြည့်စွက်ပြောကြားခဲ့သည်။

     ၎င်း၏ အဆိုအရ ရေရှည်တွင် ဗီယက်နမ်အစိုးရသည် ဆန်တင်ပို့မှုကို လျှော့ချပြီး ဈေးကွက် အခြေအနေများနှင့် လိုက်လျောညီထွေရှိသော အခြားသီးနှံများ စိုက်ပျိုးရေး မြေယာများကို အသုံးပြု မည့် စီမံကိန်းများရှိကြောင်း သိရှိရသည်။ ဗီယက်နမ်၏ ဆန်အိုးဖြစ်သော မဲခေါင်မြစ်ဝကျွန်းပေါ် ဒေသတွင် ရာသီဥတုပြောင်းလဲမှု၏ သက်ရောက်မှုများကြောင့် တောင်သူအချို့သည် ပြီးခဲ့သည့် နှစ်များက ပုစွန်မွေးမြူရေးနှင့် အခြားသီးနှံများ စိုက်ပျိုးရေးသို့ ပြောင်းလဲခဲ့ကြသည်။

Source: Bangkok Post, 2 Dec 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)