Main menu

ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

အရှေ့ဂျာဗားပြည်နယ်မှ သရက်သီးများကို ဂျပန်သို့တင်ပို့ရန်ကြိုးပမ်းမည့် အင်ဒိုနီးရှား

        အင်ဒိုနီးရှားနိုင်ငံ ပြောင်းရွှေ့အခြေချရေးဝန်ကြီး Iftitah Sulaiman Suryanagara က အရှေ့ဂျာဗားပြည်နယ်မှ ထွက်ရှိသည့်သရက်သီးများကို ဂျပန်နိုင်ငံသို့ တင်ပို့နိုင်ရေးအတွက် ကုန်စည်အခြေပြုစီးပွားရေးဇုန်များ ဖော်ဆောင်သွားမည်ဖြစ်ပြီး ကုန်သွယ်မှုဆိုင်ရာ နည်းပညာ အတားအဆီးများကို ဖြေရှင်းသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ဂျပန်နိုင်ငံသည် အရည်အသွေးမြင့်သစ်သီးဝလံများအပေါ် ဝယ်လိုအားမြင့်မားသည့်ဈေးကွက်ဖြစ်သောကြောင့် ဦးစားပေး တင်ပို့မည့်နိုင်ငံအဖြစ် သတ်မှတ်ထားကြောင်း သိရပါသည်။ သို့သော် အင်ဒိုနီးရှားသရက်သီးများကို ဂျပန်နိုင်ငံသို့တင်ပို့ရာတွင် Fruit Fly ကင်းစင်ရေးဆိုင်ရာ စံချိန်စံညွှန်းများအပါအဝင် နည်းပညာဆိုင်ရာ အတားအဆီးများကို ရင်ဆိုင်နေရဆဲဖြစ်ကြောင်း သိရပါသည်။ ဝန်ကြီးက အဓိကစိန်ခေါ်မှုမှာ Fruit Fly ပြဿနာဖြစ်ပြီး ထိုပြဿနာကို ဖြေရှင်းနိုင်ရန် သက်ဆိုင်ရာအဖွဲ့ အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း၊ ရင်းနှီးမြှုပ်နှံမှုများလိုအပ်သော်လည်း ထိုအခက်အခဲကိုဖြေရှင်းနိုင်သည်နှင့် ဂျပန်ဈေးကွက်သည် အင်ဒိုနီးရှားသရက်သီးများအတွက် ပိုမိုဖွင့်လှစ်လာမည်ဟုယုံကြည်ကြောင်း၊ ၎င်းအတားအဆီးများကို ဖယ်ရှားနိုင်ပါက အင်ဒိုနီးရှားသရက်သီး များအတွက် ပြည်ပဈေးကွက်ပိုမိုကျယ်ပြန့်လာမည်ဖြစ်သကဲ့သို့ တောင်သူများနှင့် ဒေသတွင်း စီးပွားရေးလုပ်ငန်းများအတွက်လည်း တန်ဖိုးမြင့်ထုတ်ကုန်များ ဖန်တီးနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ Pasuruan ခရိုင်မှ Avocado Mango သရက်မျိုးနှင့် Probolinggo ခရိုင်မှ Arumanis သရက်မျိုးတို့သည် ယှဉ်ပြိုင်နိုင်စွမ်းမြင့်မားပြီး အင်ဒိုနီးရှား၏ အဓိက ဥယျာဉ်ခြံထွက် ပို့ကုန်များအဖြစ် ဖွံ့ဖြိုးလာနိုင်ကြောင်း သိရပါသည်။ ထို့ပြင် အမေရိကန်၊ တရုတ်၊ ဩစတြေးလျ နိုင်ငံများအပါအဝင် မိတ်ဖက်နိုင်ငံများ၏ သံအမတ်ကြီးများအား အရှေ့ဂျာဗားသရက်သီးများကို မကြာခဏမိတ်ဆက်ပြသခဲ့ရာ အရည်အသွေးကောင်းမွန်မှုအပေါ် အလွန်ကောင်းမွန်သည့် တုံ့ပြန်ချက်များရရှိခဲ့ကြောင်း သိရပါသည်။ သရက်သီးတင်ပို့မှု တိုးမြှင့်နိုင်ရေးအတွက် ပြောင်းရွှေ့အခြေချရေးဝန်ကြီးဌာနသည် သက်ဆိုင်ရာအစိုးရအဖွဲ့အစည်းများနှင့်ပူးပေါင်းကာ စိုက်ပျိုးထုတ်လုပ်မှု၊ ပြုပြင်ထုတ်လုပ်မှု၊ ဈေးကွက်တင်ရောင်းချမှုနှင့် ပို့ကုန်တင်ပို့မှုတို့အထိ ထောက်ပံ့ပေးနိုင်မည့် ကုန်စည်အခြေပြုဒေသများကို ဖော်ဆောင်သွားရန် စီစဉ်လျက်ရှိကြောင်း သိရပါသည်။ ဒေသတစ်ခုချင်းစီကို သရက်သီး၊ ဒူးရင်းသီး၊ အုန်းသီးနှင့် အခြားစိုက်ပျိုးရေးထွက်ကုန်များကဲ့သို့ မိမိတို့၏ အားသာချက်ရှိသည့် ကုန်စည်များကို အခြေခံ၍ ဖွံ့ဖြိုးတိုးတက်စေမည်ဖြစ်ကြောင်း ဝန်ကြီးကပြောကြားခဲ့ပါသည်။ ၎င်းအစီအစဉ်သည် လူနေပြောင်းရွှေ့ရေးမူဝါဒကို လူဦးရေပြောင်းရွှေ့ရေးအပေါ်သာ အာရုံစိုက်သည့်ပုံစံမှ စီးပွားရေးတိုးတက်မှုဗဟိုချက်အသစ်များ ဖော်ဆောင်သည့်ပုံစံသို့ အသွင်ကူးပြောင်းရန်ရည်ရွယ်ထားသည့် အစိုးရ၏မူဝါဒတစ်စိတ်တစ်ပိုင်းလည်းဖြစ်ကြောင်း သိရပါသည်။ အရှေ့ဂျာဗားပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူး Emil Elestianto Dardak ကလည်း ပြည်နယ်၏ အဓိကထုတ်ကုန်များယှဉ်ပြိုင်နိုင်စွမ်းမြှင့်တင်နိုင်ရေးအတွက် အစိုးရ၊ ပုဂ္ဂလိကကဏ္ဍ၊ မီဒီယာများနှင့် ဒစ်ဂျစ်တယ်အကြောင်းအရာဖန်တီးသူများ ပူးပေါင်းဆောင်ရွက်ရန်လိုအပ် ကြောင်း ပြောကြားခဲ့ပါသည်။ အစိုးရ၊ စီးပွားရေးလုပ်ငန်းများ၊ မီဒီယာများနှင့် ဒစ်ဂျစ်တယ်ဖန်တီး ရှင်များအားလုံးပူးပေါင်းပြီး ဒေသ၏အလားအလာကို ပိုမိုကျယ်ပြန့်စွာမြှင့်တင်ဖော်ပြရန် လိုအပ်ကြောင်း  ၎င်းက ပြောကြားခဲ့ပါသည်။ ၂၀၂၄ ခုနှစ် ဧပြီလတွင် အင်ဒိုနီးရှား ကွာရန်တင်းအေဂျင်စီ (Barantin) က ဂျပန်နိုင်ငံ၏ နှစ်စဉ် သရက်သီးတင်သွင်းရန်လိုအပ်ချက်မှာ တန်ချိန် ၇,၀၀၀ ခန့်ရှိနိုင်ပြီး ဈေးကွက်တန်ဖိုးမှာ အင်ဒိုနီးရှားရူပီး ၁၄၀ ဘီလီယံ (အမေရိကန်ဒေါ်လာ ၇ ဒသမ ၅ သန်းခန့်) ရှိနိုင်ကြောင်း ခန့်မှန်းထားပါသည်။ ထိုစဉ်က အင်ဒိုနီးရှားအနေဖြင့် နည်းပညာဆိုင်ရာ တင်ပို့မှုလိုအပ်ချက်များကို အပြည့်အဝ ဖြည့်ဆည်းနိုင်ပါက ကနဦးအဆင့်တွင် သရက်သီးတန်ချိန် ၆၀၀ ခန့်ကို ဂျပန်နိုင်ငံသို့ တင်ပို့နိုင်မည်ဟု ခန့်မှန်းထားကြောင်း သိရပါသည်။ Barantin ၏ ထုတ်ပြန်ချက်အရ ဂျပန်ဈေးကွက်သို့ ဝင်ရောက်နိုင်ရန်အတွက် သစ်သီးခြံများ၊ ထုပ်ပိုးရေးစင်တာများနှင့် ကွာရန်တင်းကုသရေးဆိုင်ရာ အဆောက်အအုံများကို မှတ်ပုံတင်ထားရမည်ဖြစ်ပြီး သရက်သီးများတွင် Fruit Fly ကင်းစင်ကြောင်းအာမခံနိုင်ရမည်ဟု သိရပါသည်။ အဆိုပါ နည်းပညာဆိုင်ရာ လိုအပ်ချက်များသည် အရှေ့ဂျာဗားမှ သရက်သီးများကို ဂျပန်ဈေးကွက်သို့ တင်ပို့နိုင်ရေးအတွက် ပြောင်းရွှေ့အခြေချရေးဝန်ကြီးဌာနက လက်ရှိဆောင်ရွက်နေသည့် ကြိုးပမ်းမှုများနှင့် ကိုက်ညီလျက်ရှိကြောင်း သိရှိရပါသည်။

Antara News                                                                             

DOCA (ရန်ကုန်)

ဗီယက်နမ်နိုင်ငံ Tay Ninh ပြည်နယ်တွင် အမေရိကန်ဒေါ်လာ သန်း ၃၀၀ တန်ဖိုးရှိသည့် စက်ရုံသစ်ဖွင့်လှစ်ခဲ့သည့် Suntory PepsiCo

            Suntory PepsiCo Vietnam ကုမ္ပဏီသည် အမေရိကန်ဒေါ်လာ သန်း ၃၀၀ ကျော် ရင်းနှီးမြှုပ်နှံထားသည့် အဖျော်ယမကာထုတ်လုပ်ရေး စက်ရုံသစ်ကို ဇူလိုင် ၁၀ ရက်တွင် ဗီယက်နမ်နိုင်ငံတောင်ပိုင်း Tay Ninh ပြည်နယ်၌ဖွင့်လှစ်ခဲ့ရာ ၎င်းသည် ကုမ္ပဏီ၏ ဗီယက်နမ် နိုင်ငံအတွင်း အကြီးဆုံးရင်းနှီးမြှုပ်နှံမှုဖြစ်သည့်အပြင် အဆင့်မြင့်နည်းပညာနှင့် ရေရှည်တည်တံ့ခိုင်မြဲသော ထုတ်လုပ်မှုလုပ်ငန်းများအတွက် အရည်အသွေးမြင့် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) များကို ဆွဲဆောင်နိုင်သည့်နေရာတစ်ခုအဖြစ် ဗီယက်နမ်၏ဆွဲဆောင်မှု မြင့်တက်လာနေ ကြောင်းကို ထင်ဟပ်စေသည်ဟု သိရပါသည်။ Huu Thanh စက်မှုဥယျာဉ်အတွင်း မြေဧရိယာ ဟက်တာ ၂၀ နီးပါးပေါ်တွင် တည်ဆောက်ထားသည့် အဆိုပါစက်ရုံသည် ဗီယက်နမ်နိုင်ငံအတွင်း Suntory PepsiCo ၏ အကြီးဆုံးနှင့် ခေတ်အမီဆုံး စက်ရုံဖြစ်သည့်အပြင် အာရှဒေသရှိ ကုမ္ပဏီ၏ ထုတ်လုပ်မှုကွန်ရက်တွင်လည်း အကြီးဆုံးထုတ်လုပ်ရေးစက်ရုံဖြစ်ကြောင်း သိရပါသည်။ စက်ရုံသည် နှစ်စဉ် အဖျော်ယမကာ လီတာ ၁ ဒသမ ၂၄ ဘီလီယံကျော် ထုတ်လုပ်နိုင်ရန် ဒီဇိုင်းရေးဆွဲထားပြီး အလိုအလျောက်စနစ်မြင့်ထုတ်လုပ်ရေး၊ ဖြည့်သွင်းထုပ်ပိုးရေးနှင့် ဂိုဒေါင်စီမံခန့်ခွဲရေးစနစ်များ တပ်ဆင်ထားကြောင်း သိရပါသည်။ စက်ရုံတွင် ဇီဝလောင်စာစွမ်းအင်၊ အဆောက်အအုံခေါင်မိုးပေါ် နေရောင်ခြည်စွမ်းအင်စနစ်၊ ရေချွေတာသုံးစွဲသည့်နည်းပညာများ၊ ဖန်လုံအိမ်ဓာတ်ငွေ့ လျှော့ချရေးအစီအမံများနှင့် ပြန်လည်အသုံးပြုထားသည့် PET (rPET) ထုပ်ပိုးပစ္စည်းများ အသုံးပြုခြင်းတို့အပါအဝင် ရေရှည်တည်တံ့ခိုင်မြဲရေးဆိုင်ရာနည်းလမ်းများကို ထည့်သွင်းအသုံးပြုထားကြောင်း သိရပါသည်။ စက်ရုံအပြည့်အဝလည်ပတ်နိုင်ချိန်တွင် ပြည်တွင်းဝယ်လိုအားကို ဖြည့်ဆည်းပေးနိုင်မည့်အပြင် ဒေသတွင်းဈေးကွက်များသို့လည်း ပိုမိုတင်ပို့နိုင်မည်ဖြစ်ကြောင်း သိရပါသည်။ ဖွင့်ပွဲအခမ်းအနားတွင် Tay Ninh ပြည်နယ် ပြည်သူ့ကော်မတီဥက္ကဋ္ဌ Le Van Han က အဆိုပါစီမံကိန်းသည် ပြည်နယ်၏စက်မှုဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသည့် မှတ်တိုင်တစ်ခုဖြစ်ပြီး ဗီယက်နမ်၏ရင်းနှီးမြှုပ်နှံမှုဝန်းကျင်အပေါ် ကမ္ဘာ့ထိပ်တန်းကော်ပိုရေးရှင်းများ၏ ယုံကြည်မှုကို ထင်ဟပ်စေကြောင်း၊ စက်ရုံသစ်သည် ကုန်ထုတ်လုပ်မှုကဏ္ဍကို အားကောင်းစေပြီး နည်းပညာလွှဲပြောင်းမှုကိုမြှင့်တင်ပေးကာ ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်းနှင့် ဆက်စပ်စက်မှု လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုမည်ဖြစ်သည့်အပြင် အလုပ်အကိုင်များ ဖန်တီးပေးကာ ဒေသန္တရဘဏ္ဍာငွေတိုးတက်စေရန် အထောက်အပံ့ဖြစ်စေမည်ဖြစ်ကြောင်းနှင့် Tay Ninh ပြည်နယ်အနေဖြင့် စီမံခန့်ခွဲမှုဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများနှင့် အခြေခံအဆောက် အအုံများဖွံ့ဖြိုးတိုးတက်ရေးမှတစ်ဆင့် ရင်းနှီးမြှုပ်နှံမှုဝန်းကျင်ကို ဆက်လက်တိုးတက်ကောင်းမွန်စေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ Suntory Beverage & Food ၏ ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ် Josuke Kimura က စက်ရုံသစ်သည် ဗီယက်နမ်နိုင်ငံအပေါ် Suntory ၏ ရေရှည်ကတိကဝတ်ကိုဖော်ပြသည့် အရေးပါသောမှတ်တိုင်တစ်ခုဖြစ်ကြောင်းနှင့် ဗီယက်နမ်သည် အာရှဒေသအတွင်း ကုမ္ပဏီ၏တိုးတက်မှုအမြန်ဆုံး ဈေးကွက်များထဲမှတစ်ခုဖြစ်ပြီး ယခုရင်းနှီးမြှုပ်နှံမှုသည် စားသုံးသူလိုအပ်ချက်များကို ပိုမိုလျင်မြန်စွာဖြည့်ဆည်းပေးနိုင်မည့်အပြင် ဆန်းသစ်တီထွင်မှုများတိုးမြှင့်ရေးနှင့် ဒေသတွင်းလုပ်ငန်းတိုးချဲ့ရေးကို အထောက်အကူပြုမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ PepsiCo ၏ International Beverages လုပ်ငန်း အမှုဆောင်အရာရှိချုပ်နှင့် အမှုဆောင်ဒုတိယဥက္ကဋ္ဌ Eugene Willemsen ကလည်း ဗီယက်နမ်သည် PepsiCo အတွက် တိုးတက်မှုအလျင်မြန်ဆုံးနှင့် အလားအလာအရှိဆုံး ဈေးကွက်များအနက် တစ်ခုဖြစ်ကြောင်း၊ Tay Ninh စက်ရုံသည် ဗီယက်နမ်၏ ရေရှည်စီးပွားရေးအလားအလာ အပေါ် PepsiCo ၏ ယုံကြည်မှုကိုထင်ဟပ်စေပြီး အဆင့်မြင့်ကုန်ထုတ်လုပ်ခြင်း၊ ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းခြင်း၊ ရေရှည်တည်တံ့ခိုင်မြဲသော လုပ်ငန်းလည်ပတ်မှုနှင့် ပြည်တွင်းထောက်ပံ့ ရေးကွင်းဆက်ဖွံ့ဖြိုးတိုးတက်ရေးတို့တွင် ဆက်လက်ရင်းနှီးမြှုပ်နှံသွားမည့် ကတိကဝတ်ကိုလည်း အားဖြည့်ပေးကြောင်း ပြောကြားခဲ့ပါသည်။ Suntory PepsiCo Vietnam ၏ အဆိုအရ အဆိုပါ စီမံကိန်းကြောင့် ဒေသတွင်းထောက်ပံ့ရေးကွင်းဆက်တစ်လျှောက် အလုပ်အကိုင်ပေါင်း ၃,၀၀၀ ခန့် ဖန်တီးပေးနိုင်မည်ဟု မျှော်မှန်းထားကြောင်း သိရပါသည်။ ထို့ပြင် ဗီယက်နမ်မိတ်ဖက် လုပ်ငန်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုနက်ရှိုင်းစေရန်၊ ပြည်တွင်းထောက်ပံ့ရေးကွင်းဆက် အသုံးပြုမှုတိုးမြှင့်ရန်၊ နည်းပညာသစ်များတွင် ရင်းနှီးမြှုပ်နှံရန်နှင့် ပညာရေး၊ ရေအရင်းအမြစ်ထိန်းသိမ်းရေး၊ သဘာဝပတ်ဝန်းကျင်ကာကွယ်ရေးနှင့် လူမှုအသိုက်အဝန်းဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်များကို အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း သိရပါသည်။ လုပ်ငန်းနယ်ပယ် ကျွမ်းကျင်သူများက ယခုရင်းနှီးမြှုပ်နှံမှုသည် အာရှဒေသတွင် နိုင်ငံစုံကုမ္ပဏီများက ထောက်ပံ့ရေး ကွင်းဆက်များကို ကွဲပြားစွာတိုးချဲ့လျက်ရှိသည့်အခြေအနေတွင် မျိုးဆက်သစ် FDI များကို ဆွဲဆောင်ရာ၌ ဗီယက်နမ်၏ ယှဉ်ပြိုင်နိုင်စွမ်းကို အပြုသဘောဆောင်သော အချက်ပြမှုတစ်ရပ် အဖြစ် ဖော်ပြနေကြောင်း သုံးသပ်ကြပါသည်။ ထို့ပြင် Suntory PepsiCo ၏ အာရှဒေသ အကြီးဆုံးထုတ်လုပ်ရေးစက်ရုံကို ဗီယက်နမ်တွင်တည်ဆောက်ရန်ရွေးချယ်ခဲ့ခြင်းသည် အဆင့်မြင့်နည်းပညာ၊ ဆန်းသစ်တီထွင်မှုနှင့် ရေရှည်တည်တံ့ခိုင်မြဲသော စက်မှုလုပ်ငန်းများအတွက် ဒေသတွင်း မဟာဗျူဟာမြောက်ထုတ်လုပ်မှု ဗဟိုချက်အဖြစ် ဗီယက်နမ်၏အခန်းကဏ္ဍ ပိုမိုမြင့်တက်လာနေသည်ကို ဖော်ပြနေကြောင်း သိရှိရပါသည်။

Vietnam Plus                                                                            

DOCA (ရန်ကုန်)

အသေးစားစီးပွားရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်မည့် ဗီယက်နမ်နှင့် တောင်ကိုရီးယား

         ဗီယက်နမ်နိုင်ငံ၏ တောင်ကိုရီးယားနိုင်ငံဆိုင်ရာ ကုန်သွယ်ရေးရုံးနှင့် တောင်ကိုရီးယားနိုင်ငံ အသေးစားစီးပွားရေးလုပ်ငန်းများအဖွဲ့ချုပ် (Korea Federation of Micro Enterprise - KFME) တို့သည် နှစ်နိုင်ငံရှိ အသေးစားစီးပွားရေးလုပ်ငန်းများနှင့် လုပ်ငန်းရှင်များအကြား ချိတ်ဆက်ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန်နှင့် နှစ်နိုင်ငံစီးပွားရေး၊ ကုန်သွယ်ရေးဆက်ဆံမှု ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ဇူလိုင် ၁၀ ရက်က ဆိုးလ်မြို့၌ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီမှုစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရပါသည်။ လက်မှတ်ရေးထိုးပွဲတွင် တောင် ကိုရီးယားနိုင်ငံဆိုင်ရာ ဗီယက်နမ်သံအမတ်ကြီး Vu Ho က ထိုသဘောတူညီမှုသည် နှစ်ဖက်စလုံး၏ စီးပွားရေးအသိုက်အဝန်းများအကြား လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်လိုသောဆန္ဒကိုဖော်ပြသည့် အရေးပါသောမှတ်တိုင်တစ်ခုဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ၎င်းက အသေးစားနှင့် အငယ်စားစီးပွားရေးလုပ်ငန်းများသည် ဗီယက်နမ်နှင့် တောင်ကိုရီးယားနှစ်နိုင်ငံစီးပွားရေး၏ အဓိကမောင်းနှင်အားများဖြစ်ကြောင်းနှင့် ၎င်းလုပ်ငန်းများအကြား ပိုမိုနီးကပ်သည့် ပူးပေါင်းဆောင်ရွက်မှုသည် နှစ်နိုင်ငံ၏ဘက်ပေါင်းစုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို ပိုမိုခိုင်မာစေမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ သဘောတူညီမှုအရ စျေးကွက် ချိတ်ဆက်မှုမြှင့်တင်ရေး၊ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေးနှင့် Franchise လုပ်ငန်းပုံစံများ ဖွံ့ဖြိုးတိုးတက်ရေး၊ လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များနှင့် Start-up လုပ်ငန်းများကို ထောက်ပံ့ကူညီရေး၊ ဥပဒေရေးရာနှင့် စီးပွားရေးဆိုင်ရာ အကြံပေးဝန်ဆောင်မှုများပံ့ပိုးရေး စသည့် အဓိကကဏ္ဍလေးရပ်တွင် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပါသည်။ ဗီယက်နမ်သံရုံးနှင့် ကုန်သွယ်ရေးရုံးတို့သည် အဆိုပါအစီအစဉ်များကို လက်တွေ့အကောင်အထည်ဖော်နိုင်ရန် အနီးကပ်ပူးပေါင်းဆောင်ရွက်ကာ နှစ်နိုင်ငံလုပ်ငန်းရှင်များအတွက် အကျိုးရှိသောရလဒ်များ ဖော်ဆောင်ပေးသွားမည်ဖြစ်ကြောင်းလည်း Ho က ပြောကြားခဲ့ပါသည်။ KFME ဥက္ကဋ္ဌ Song Chi Young က ထိုသဘောတူညီမှုသည် တောင်ကိုရီးယား အသေးစားစီးပွားရေးလုပ်ငန်းများ ပြည်ပစျေးကွက်သို့ တိုးချဲ့ဝင်ရောက်နိုင်ရေးအတွက် အဖွဲ့ချုပ်၏ ပထမဆုံးခြေလှမ်းဖြစ်ကြောင်း၊ ထို့ပြင် စီးပွားရေးဖလှယ်မှုများတိုးမြှင့်ကာ စျေးကွက်သစ်များရှာဖွေဖော်ထုတ်ရေးနှင့် နှစ်ဖက်အကျိုးရှိစေမည့် ပူးပေါင်းဆောင်ရွက်မှုပုံစံများ တည်ဆောက်ရေးကို အထောက်အကူပြုမည် ဖြစ်ကြောင်းနှင့် ဗီယက်နမ်၏ လူငယ်ဦးရေများပြားမှု၊ တက်ကြွသည့်စျေးကွက်နှင့် မြင့်မားသောဖွံ့ဖြိုး တိုးတက်ရေးအလားအလာတို့သည် တောင်ကိုရီးယား အသေးစားစီးပွားရေးလုပ်ငန်းများ၏ K-brand များ၊ နည်းပညာနှင့် ဝန်ဆောင်မှုကျွမ်းကျင်မှုများနှင့် ကိုက်ညီမှုရှိကြောင်း ပြောကြားခဲ့ပါသည်။ ထို့ပြင် ပို့ကုန်မြှင့်တင်ရေး၊ အီလက်ထရွန်နစ်ကုန်သွယ်ရေး (E-commerce)၊ လူငယ် လုပ်ငန်းရှင်များ အပြန်အလှန်ဖလှယ်ရေး၊ ဉာဏ်ရည်တု (AI) အခြေပြု ဒစ်ဂျစ်တယ်အသွင် ကူးပြောင်းရေးနှင့် AI Transformation (AX) ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးချဲ့ဆောင်ရွက်ရန်အဆိုပြုခဲ့ပြီး ဗီယက်နမ်တွင် လုပ်ငန်းတိုးချဲ့လိုသော တောင်ကိုရီးယားကုမ္ပဏီများကို အပြည့်အဝထောက်ခံပံ့ပိုးကာ ကမ္ဘာ့စျေးကွက်၌ ယှဉ်ပြိုင်နိုင်စွမ်းရှိသော စီးပွားရေးပုံစံများ တည်ဆောက်နိုင်ရေးကို ကူညီသွားမည်ဟု ကတိပြုခဲ့ကြောင်း သိရပါသည်။ သဘောတူညီမှုအရ နှစ်ဖက်သည် စျေးကွက်သတင်းအချက်အလက်များ မျှဝေရေး၊ စီးပွားရေးလုပ်ငန်းချိတ်ဆက်မှုများ ဆောင်ရွက်ရေးနှင့် ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးတို့အတွက် ပုံမှန်ညှိနှိုင်းဆောင်ရွက်ရေး ယန္တရားတစ်ရပ် ထူထောင်သွားမည်ဖြစ်ကြောင်း သိရပါသည်။ ထို့ပြင် စီးပွားရေးချိတ်ဆက်ပွဲများ၊ ကုန်စည်ပြပွဲများ၊ ပြပွဲများ၊ ဆွေးနွေးပွဲများနှင့် အခြားကုန်သွယ်မှုမြှင့်တင်ရေး လှုပ်ရှားမှုများ ကိုပူးတွဲကျင်းပကာ ဗီယက်နမ်နှင့် တောင်ကိုရီးယားကုမ္ပဏီများအကြား ပူးပေါင်းဆောင်ရွက်မှုများ တိုးချဲ့နိုင်ရေး အားပေးသွားမည်ဖြစ်ကြောင်း သိရပါသည်။ KFME သည် တောင်ကိုရီးယား နိုင်ငံရှိ အသေးစားစီးပွားရေးလုပ်ငန်းများနှင့် လုပ်ငန်းရှင်များကို ကိုယ်စားပြုသည့် ဥပဒေအရ အသိအမှတ်ပြုအဖွဲ့အစည်းဖြစ်ပြီး နိုင်ငံတစ်ဝန်းရှိ စက်မှုလုပ်ငန်းအသင်းများနှင့် စီးပွားရေးအဖွဲ့ အစည်းများကိုစုစည်းထားသည့် အဖွဲ့ချုပ်ဖြစ်ကြောင်း သိရပါသည်။ ၎င်းအဖွဲ့ချုပ်သည် ဗီယက်နမ်အပါအဝင် နိုင်ငံခြားအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်လျက်ရှိပြီး ၎င်း၏ အဖွဲ့ဝင်များ အားနိုင်ငံတကာစျေးကွက်အခွင့်အလမ်းများရှာဖွေကာ လုပ်ငန်းများတိုးချဲ့နိုင်ရေးကို အထောက်အကူပြုလျက်ရှိကြောင်း သိရှိရပါသည်။

Vietnam Plus                                                                            

DOCA (ရန်ကုန်)

ဇွန်လအတွင်း တရုတ်နိုင်ငံ၏ ရေနံတင်သွင်းမှု ၁၀ နှစ်နီးပါးကာလအတွင်း အနိမ့်ဆုံးအဆင့်သို့ ကျဆင်း

       အီရန်စစ်ပွဲကြောင့် စွမ်းအင်လုံခြုံရေးကို ကာကွယ်ရန် ပြည်တွင်းဝယ်လိုအား ကျဆင်းလာခြင်းနှင့် ပြုပြင်ပြီးသား ရေနံထွက်ပစ္စည်းများ ပြည်ပသို့ တင်ပို့မှုအပေါ် ကန့်သတ်ချက်များကြောင့် ရေနံချက်စက်ရုံများ၏ လည်ပတ်နှုန်းမှာ ဆယ်စုနှစ်တစ်ခုအတွင်း အနိမ့်ဆုံးသို့ ရောက်ရှိသွားခဲ့ပြီး၊ ဇွန်လတွင် တရုတ်နိုင်ငံ၏ ရေနံစိမ်းတင်သွင်းမှုသည် ၄၁.၃ ရာခိုင်နှုန်းအထိ ထိုးဆင်းသွားကာ ဆယ်စုနှစ်တစ်ခုနီးပါးကာလအတွင်း အနိမ့်ဆုံးအဆင့်သို့ ရောက်ရှိသွားခဲ့ကြောင်း သိရပါသည်။

         တရုတ်နိုင်ငံသည် ဇွန်လတွင် ရေနံစိမ်း တန်ချိန် ၂၉.၂၇ သန်း (သို့မဟုတ်) တစ်ရက်လျှင် ဆီပေပါ ၇.၁၂ သန်း တင်သွင်းခဲ့ပြီး ၎င်းသည် ၂၀၁၆ ခုနှစ် အောက်တိုဘာလနောက်ပိုင်း အနိမ့်ဆုံးဖြစ်ကြောင်း သိရပါသည်။

         မေလတွင် ရေနံတင်သွင်းမှု ရှစ်နှစ်တာကာလအတွင်း အနိမ့်ဆုံးအဆင့်သို့ ရောက်ရှိခဲ့ပြီးနောက်၊ ဇွန်လတွင် တင်သွင်းမှု နောက်ထပ် ၁၂% ထပ်မံကျဆင်းခဲ့သဖြင့် အဆိုပါ ကျဆင်းမှုအခြေအနေသည် မေလမှ ဇွန်လအထိ ဆက်လက်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။
         သင်္ဘောလိုင်းများ လေ့လာစောင့်ကြည့်ရေးကုမ္ပဏီ Vortexa ၏ အဆိုအရ ဇွန်လတွင် တရုတ်နိုင်ငံ၏ ပင်လယ်ရေကြောင်းမှ ရေနံစိမ်းတင်သွင်းမှုသည် တစ်ရက်လျှင် ဆီပေပါ ၆ သန်း ခန့်ရှိခဲ့ပြီး အရှေ့အလယ်ပိုင်းမှ တင်သွင်းမှုမှာ ဆယ်နှစ်တာကာလအတွင်း အနိမ့်ဆုံးအဆင့်သို့ ရောက်ရှိသွားကြောင်းနှင့် အီရန်နိုင်ငံမှ ရေနံတင်သွင်းမှုသည်လည်း ယခင်လနှင့်နှိုင်းယှဉ်ပါက ၄၀% ကျဆင်းသွားပြီး တစ်ရက်လျှင် ဆီပေပါ ၈ သိန်းအောက်သို့ ရောက်ရှိသွားကြောင်း သိရပါသည်။

           ရေနံဈေးနှုန်းများ မြင့်တက်လာပြီးနောက် စက်သုံးဆီသုံးစွဲမှု သိသိသာသာ ကျဆင်းသွားခြင်းက တရုတ်နိုင်ငံအနေဖြင့် ၎င်း၏ ကြီးမားလှသော လျှပ်စစ်ကား (EV) အုပ်စုကြောင့် ရေနံသုံးစွဲမှု လျော့နည်း၍လည်း ရပ်တည်နိုင်ကြောင်း ပြသနေသဖြင့် စျေးကွက်အတွင်း တရုတ်နိုင်ငံထံမှ ဝယ်လိုအားအပြီးတိုင် ဆုံးရှုံးသွားနိုင်ခြေကိုလည်း တွက်ချက်နေကြကြောင်း သိရပါသည်။ အကောက်ခွန်အချက်အလက်များအရ ဇွန်လတွင် သဘာဝဓာတ်ငွေ့ တင်သွင်းမှုမှာ ယမန်နှစ် အလားတူကာလထက် ၃.၇ ရာခိုင်နှုန်း တိုးတက်လာပြီး တန်ချိန် ၁၀.၉ သန်း ရှိခဲ့ကြောင်း သိရပါသည်။ သို့သော်လည်း ၂၀၂၆ ခုနှစ် ပထမနှစ်ဝက်အတွင်း သဘာဝဓာတ်ငွေ့ တင်သွင်းမှုမှာ ပြီးခဲ့သည့်နှစ် အလားတူကာလထက် ၃.၄ ရာခိုင်နှုန်းခန့် ကျဆင်းခဲ့ပြီး တန်ချိန် ၅၇.၄၅ သန်း ရှိခဲ့ကြောင်း သိရပါသည်။ အဆိုပါ အချက်အလက်များတွင် သဘာဝဓာတ်ငွေ့ရည်နှင့် ကုန်းတွင်းပိုင်းပိုက်လိုင်းမှတစ်ဆင့် တင်သွင်းသော ဓာတ်ငွေ့များကို သီးခြားစီခွဲခြားဖော်ပြထားခြင်းမရှိကြောင်း သိရပါသည်။ ဇွန်လတွင် တရုတ်နိုင်ငံ၏ ရေနံထွက်ပစ္စည်း တင်ပို့မှုမှာ တန်ချိန် ၄.၃၆ သန်းခန့် ရှိခဲ့ကြောင်း သိရပါသည်။

        ဇန်နဝါရီလမှ ဇွန်လအတွင်း တရုတ်နိုင်ငံသည် ပြုပြင်ပြီးသား ရေနံထွက်ပစ္စည်း တန်ချိန် ၂၃.၅၉ သန်း တင်ပို့ခဲ့ပြီး အီရန်စစ်ပွဲအတွင်း ပြည်တွင်းထောက်ပံ့မှုကို ကာကွယ်ရန် မတ်လတွင် ချမှတ်ခဲ့သော ပြည်ပတင်ပို့မှု ကန့်သတ်ချက်များကြောင့် ယမန်နှစ် အလားတူကာလထက် ၁၃.၂ရာခိုင်နှုန်း ကျဆင်းသွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

Source: The Edge Malaysia                                                        

DOCA (ရန်ကုန်)

အမေရိကန်ဒေါ်လာ ၁ ဘီလီယံခန့်တန်ကြေးရှိသော ကုန်သွယ်ရေးသဘောတူညီချက် ပြုလုပ်တော့မည့် Pakistan နိုင်ငံနှင့် Vietnam နိုင်ငံ

         Pakistan နှင့် Vietnam တို့အကြား အမေရိကန်ဒေါ်လာ ၁ ဘီလီယံတန်ဖိုးရှိ ကုန်သွယ်ရေးသဘောတူညီချက်ရရှိရန် နီးစပ်နေပြီး နှစ်နိုင်ငံအကြား ကုန်သွယ်မှုလွတ်လပ်ခွင့်နှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ ပိုမိုခိုင်မာစေရန် ရည်ရွယ်သည့် နှစ်ဦးနှစ်ဖက် အထူးအခွင့်အရေးပေး ကုန်သွယ်မှုသဘောတူညီချက် (PTA) ကို မကြာမီ လက်မှတ်ရေးထိုးတော့မည်ဖြစ်ကြောင်း သိရပါသည်။

       ပါကစ္စတန်နိုင်ငံဆိုင်ရာ ဗီယက်နမ်သံအမတ်ကြီး Pham Anh Tuan က အဆိုပြုထားသည့် သဘောတူညီချက်အတွက် ဆွေးနွေးမှုများသည် သိသာထင်ရှားစွာ တိုးတက်လျက်ရှိပြီး ဆွေးနွေးပွဲလေးကြိမ်တိုင်တိုင် ပြီးစီးခဲ့ပြီဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

       ၎င်းက PTA သဘောတူညီချက်ကို မကြာမီ အပြီးသတ်နိုင်မည်ဖြစ်ပြီး နှစ်နိုင်ငံ ခေါင်းဆောင်များအကြား လက်မှတ်ရေးထိုးနိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့ပါသည်။ သံအမတ်ကြီးက အဆိုပါ သဘောတူညီချက်သည် နှစ်နိုင်ငံကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် စျေးကွက်ရရှိမှုတို့အတွက် ပိုမိုခိုင်မာသော မူဘောင်တစ်ရပ်ကို ထူထောင်ပေးမည်ဖြစ်ကြောင်းနှင့် ကုန်သွယ်မှု အတားအဆီးများကို လျှော့ချပေးကာ ကဏ္ဍအသီးသီး၌ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ပေးနိုင်လိမ့်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

         ပါကစ္စတန်နိုင်ငံနှင့် ဗီယက်နမ်နိုင်ငံအကြား ကုန်သွယ်မှုသည် လက်ရှိတွင် ဒေါ်လာ သန်း ၉၀၀ ဝန်းကျင်သို့ ရောက်ရှိနေပြီဖြစ်ပြီး အဆိုပါသဘောတူညီချက်သည် နှစ်နိုင်ငံအကြား တိုးတက်လာနေသည့် စီးပွားရေးဆက်ဆံရေးကို ပြသနေကြောင်း သိရပါသည်။ ထို့ပြင် PTA စတင်အသက်ဝင်လာပါက နှစ်နိုင်ငံကုန်သွယ်မှုသည် ဒေါ်လာ ၁ ဘီလီယံကျော်အထိ ရောက်ရှိလိမ့်မည်ဖြစ်ကြောင်း သိရပါသည်။ Tuan က နှစ်နိုင်ငံစလုံးတွင် အထည်အလိပ်၊ စိုက်ပျိုးရေး၊ ရေလုပ်ငန်း၊ သတင်းအချက်အလက် နည်းပညာ (IT)၊ ဆေးဝါးလုပ်ငန်း၊ အစားအစာ ပြုပြင်ထုတ်လုပ်ရေးနှင့် အပေါ့စားကုန်ထုတ်လုပ်မှု လုပ်ငန်းများ၌ တစ်ဦးနှင့်တစ်ဦး ဖြည့်ဆည်းပေးနိုင်စွမ်းရှိပြီး အသုံးမချရသေးသည့် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု အလားအလာကောင်းများစွာရှိနေကြောင်း ပြောကြားခဲ့ပါသည်။

     သံအမတ်ကြီးသည် နှစ်နိုင်ငံကုန်သွယ်မှု၏ ရေရှည်တည်တံ့သော တိုးတက်မှုကို အထောက်အကူပြုစေရန် ပုဂ္ဂလိကကဏ္ဍများ၊ ကုန်သည်ကြီးများအသင်းများနှင့် နှစ်နိုင်ငံ လုပ်ငန်းကိုယ်စားလှယ်များအကြား ပိုမိုခိုင်မာသော ပူးပေါင်းဆောင်ရွက်မှု၏ အရေးပါပုံကို အလေးပေး ပြောကြားခဲ့ပါသည်။ ၎င်းက စီးပွားရေးကိုယ်စားလှယ်အဖွဲ့များ စေလွှတ်ခြင်း၊ ကုန်စည်ပြပွဲများကျင်းပခြင်း၊ ရင်းနှီးမြှုပ်နှံမှုဖိုရမ်များနှင့် တိုက်ရိုက် စီးပွားရေးချင်း ချိတ်ဆက်ဆောင်ရွက်မှုများ (B2B) သည် ကုန်သွယ်မှု မိတ်ဖက်အသစ်များ ဖန်တီးရန်နှင့် အပြန်အလှန်ယုံကြည်မှုကို ခိုင်မာစေရန် အထောက်အကူပြုလိမ့်မည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။
       သံတမန်၏ ပြောကြားချက်အရ အဆိုပြုထားသည့် PTA သဘောတူညီချက်သည် ဖက်စပ်လုပ်ငန်းများ လုပ်ဆောင်ခြင်း၊ နည်းပညာ လွှဲပြောင်းပေးခြင်းနှင့် ရင်းနှီးမြှုပ်နှံမှု စီးဆင်းမှုများကိုလည်း မြှင့်တင်ပေးမည်ဖြစ်ရာ ၎င်းသည် ပိုမိုနက်ရှိုင်းသော စီးပွားရေး ပေါင်းစည်းမှုကို ဖြစ်ပေါ်စေပြီး နှစ်နိုင်ငံစလုံးရှိ ကုန်တင်ပို့သူများနှင့် စေတနာ့ဝန်ထမ်း စီးပွားရေးလုပ်ငန်းရှင်များအတွက် အခွင့်အလမ်းအသစ်များကို ဖန်တီးပေးလိမ့်မည်ဖြစ်ကြောင်း သိရပါသည်။ Tuan က ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှု ပိုမိုအားကောင်းစေခြင်းနှင့် တစ်ဦး၏ စီးပွားရေးအားသာချက်များကို တစ်ဦးက ပိုမိုနားလည်သဘောပေါက်စေခြင်း တို့မှတစ်ဆင့် ပါကစ္စတန်-ဗီယက်နမ် ဆက်ဆံရေးအပေါ် ပြည်သူများ၏ သတိပြုမိမှုကို မြှင့်တင်ရန်လိုအပ်ကြောင်းကိုလည်း အလေးပေးပြောကြားခဲ့ကြောင်း သိရသည်။

          ပါကစ္စတန်နှင့် ဗီယက်နမ်တို့သည် မကြာသေးမီ နှစ်များအတွင်း သံတမန်ရေးနှင့် စီးပွားရေးဆိုင်ရာ ဆက်ဆံရေးများကို ဆက်တိုက်တိုးချဲ့ ဆောင်ရွက်လျက်ရှိပြီး အစိုးရနှစ်ရပ်စလုံးက ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် ဒေသတွင်း ချိတ်ဆက်မှုများကို မြှင့်တင်ရန် ကတိကဝတ်ပြုထားကြကြောင်း သိရပါသည်။ အဆိုပြုထားသည့် PTA သည် နှစ်နိုင်ငံ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်နှင့် ကုန်သွယ်မှုကို ဒေါ်လာ ၁ ဘီလီယံအထက်သို့ မြှင့်တင်ရန် ရည်မှန်းချက်ကို အထောက်အပံ့ဖြစ်စေရန် အဓိက အခန်းကဏ္ဍမှ ပါဝင်လာလိမ့်မည်ဖြစ်ကြောင်း သိရှိရပါသည်။

Source: Link news                                                                     

DOCA (ရန်ကုန်)

ဒေသထွက်ကုန်ပစ္စည်းများဖြင့် နိုင်ငံခြားငွေရရှိ

         မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံဖြစ်သည်နှင့်အညီ စပါး၊ ပဲ၊ ပြောင်း၊ နှမ်း၊ နေကြာ၊မြေပဲ၊ နနွင်း၊ ကော်ဖီ၊ ဝဥ၊ မျှစ်တို့ကို ပြည်တွင်း၌စားသုံးပြီး ပိုလျှံသည့်ကုန်ပစ္စည်းများ အားနိုင်ငံခြားဝင်ငွေ ရရှိစေရန် ပြည်ပသို့တင်ပို့ရောင်းချလျက်ရှိပါသည်။ ထို့အပြင် ကွမ်းသီး(နု)၊ ဆေးပုလဲ နှင့် ကြောင်လျှာစေ့တို့ကိုလည်း ပြည်ပသို့တင်ပို့ ရောင်းချလျက်ရှိရာ နိုင်ငံခြားဝင်ငွေများ တိုးပွားလျှက်ရှိ ပါသည်။

     ဆန်၊ မတ်ပဲ၊ ပဲတီစိမ်း၊ နှမ်း၊ နနွင်း၊ ကြောင်လျှာစေ့၊ ကော်ဖီတို့အပြင် ကရင်ပြည်နယ် သံတောင်၊ ဘောဂလိ၊ လိပ်သိုဒေသများမှထွက်ရှိသည့် ချဉ်ပေါင်ဖာလာ၊ ကွမ်းသီးနု၊ ဆေးပုလဲ၊မျှစ်တို့ အားတောင်ငူဒေသအတွင်းစားသုံးပြီး ပိုလျှံသည့်ကုန်ပစ္စည်းများအား ရန်ကုန်မြို့၊မန္တလေးမြို့များမှ တဆင့် ပြည်ပသို့တင်ပို့လျှက်ရှိပါသည်။ သံတောင်၊ လိပ်သို၊ ဘောဂလိဒေသများမှ ထွက်ရှိသည့် ချဉ်ပေါင်ဖာလာများကို (၂၀၂၅-၂၀၂၆) ဘဏ္ဍာနှစ်အတွင်းတစ်ပိဿာလျှင် (၂၀၀၀၀)ကျပ်နှုန်းဖြင့် ပိဿာချိန်(၂၀၀၀၀၀၀)အား မန္တလေးမြို့မှတဆင့်ပြည်ပသို့ တင်ပို့နိုင်ခဲ့ပါသည်။ ကော်ဖီ (Robusta) များကို တစ်ပိဿာလျှင် (၂၅၀၀၀) ကျပ်နှုန်းဖြင့် ပိဿာချိန် (၂၀၀၀၀၀)အား မန္တလေးမြို့မှတဆင့် ပြည်ပသို့တင်ပို့နိုင်ခဲ့ပါသည်။

          ဒေသထွက် နနွင်းများကို တစ်ပိဿာလျှင် (၁၈၀၀၀) ကျပ်နှုန်းဖြင့် ပိဿာချိန်(၂၀၀၀၀၀၀) အားမန္တလေးမြို့မှတဆင့် ပြည်ပသို့တင်ပို့ခဲ့ပြီး ဒေသတွင်းစားသုံးရန်အတွက် ရှမ်းပြည်နယ်မှ မှာယူစားသုံးကြပါသည်။ သံတောင်၊ ဘောဂလိ၊ လိပ်သိုနှင့်မုန်းဒေသများမှထွက်ရှိသည့် ကွမ်းသီး(နု) များကို တစ်ပိဿာ လျှင် (၆၀၀၀) ကျပ်နှုန်းဖြင့် ပိဿာချိန်(၃၀၀၀၀၀၀)အားရန်ကုန်မြို့မှတဆင့် ပြည်ပသို့ တင်ပို့နိုင်ခဲ့ပြီး ကွမ်းသီး(နု)(C-Grade)များကို တစ်ပိဿာလျှင်(၆၀၀၀)ကျပ်နှုန်းဖြင့် ပိဿာချိန် (၂၀၀၀၀၀)အား ရန်ကုန်မြို့မှ တဆင့်ပြည်ပသို့တင်ပို့နိုင်ခဲ့ပါသည်။ ကြောင်လျှာစေ့များကို တစ်ပိဿာလျှင် (၂၀၀၀၀) ကျပ် နှုန်းဖြင့် ပိဿာချိန် (၅၀၀၀၀)အား မန္တလေးမြို့မှတဆင့် ပြည်ပသို့ တင်ပို့နိုင်ခဲ့ပါသည်။ ဝဥ(အစို) များကို တစ်ပိဿာ လျှင် (၃၀၀၀)ကျပ်နှုန်းဖြင့် ပိဿာချိန် (၅၀၀၀၀၀) အား မန္တလေးမြို့၊ နေပြည်တော်နှင့် ရန်ကုန်မြို့များမှ တဆင့် ဆေးပုလဲများကို တစ်ပိဿာ လျှင်(၁၆၀၀၀)ကျပ်နှုန်းဖြင့် ပိဿာချိန် (၅၀၀၀၀)အား မန္တလေးမြို့မှ တဆင့်ပြည်ပသို့တင်ပို့နိုင်ခဲ့ပါသည်။ မျှစ်များကို တစ်ပိဿာလျှင် (၂၅၀၀)ကျပ်နှုန်းဖြင့် ပိဿာ ချိန် (၅၀၀၀၀၀) အား ရန်ကုန်မှ တဆင့် ပြည်ပသို့တင်ပို့သည့်အပြင် နေပြည်တော်၌ မျှစ်ခြောက် ပြုလုပ်၍လည်း မျှစ်ခြောက်များအား ပြည်ပသို့တင်ပို့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

တောင်သူလယ်သမားများ မြေဆီလွှာအရည်အသွေးကို စစ်ဆေးနိုင်မည့် မိုဘိုင်းအက်ပ်ကို မကြာမီ ထုတ်လုပ်မည်ဟု Shivraj Singh Chouhan ပြောကြား

         အိန္ဒိယနိုင်ငံ၏ ပြည်ထောင်စုစိုက်ပျိုးရေးဝန်ကြီး Shivraj Singh Chouhan သည် အစိုးရအနေဖြင့် တောင်သူလယ်သမားများ မြေဆီလွှာအရည်အသွေးကို စစ်ဆေးနိုင်စေရန်အတွက် မိုဘိုင်းအက်ပ်ပလီကေးရှင်းတစ်ခုကို မကြာမီထုတ်လုပ်ပေးသွားမည်ဖြစ်ပြီး မြေဩဇာများကိုမျှတပြီး သင့်တော်သလို အသုံးပြုရန်လည်း တိုက်တွန်းပြောကြားခဲ့ကြောင်း သိရပါသည်။

          ထို့အပြင် ဝန်ကြီးသည် ဓာတုမြေဩဇာများအပေါ်မှီခို အားထားရမှုကို သဘာဝအတိုင်း လျှော့ချနိုင်ရန်အတွက် အော်ဂဲနစ်စိုက်ပျိုးရေးစနစ်ကို ကျင့်သုံးရန်လည်းတိုက်တွန်းခဲ့ပြီး ဟာရီယာနာပြည်နယ်၊ ရီဝါရီခရိုင်၊ ဘာဝယ်မြို့၌ ကျင်းပသည့် “Khet Bachao Abhiyaan” (လယ်ယာမြေ ကယ်တင်ရေးလှုပ်ရှားမှု) ပိတ်ပွဲအခမ်းအနားတွင် ဝန်ကြီးက ဓာတုမြေဩဇာများကို အလွန်အကျွံ သုံးစွဲနေခြင်းအပေါ် စိုးရိမ်းကြောင်း ပြောကြားခဲ့သည်။ အဆိုပါ တစ်လကြာမြင့်သည့် လှုပ်ရှားမှုကို ဇွန်လ ၁ ရက်နေ့တွင် မာဒရပရာဒက်ရှ်ပြည်နယ်၊ ရိုင်ဆန်ခရိုင်မှ စတင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

          လက်ရှိတွင် တောင်သူလယ်သမားများသည် သက်ဆိုင်ရာ ပြည်နယ်အစိုးရများမှ ထုတ်ပေးသောမြေဆီလွှာအရည်အသွေး ကတ်ပြားပေါင်း ၂၆ ကုဋေ (သန်း ၂၆၀) ထုတ်ပေးထားပြီးဖြစ်ပြီး ယူရီးယားနှင့် DAP မြေဩဇာများကို အလွန်အကျွံသုံးစွဲခြင်းသည် မြေဆီလွှာကို တဖြည်းဖြည်း ပျက်စီးစေသောကြောင့် ၎င်းတို့အား အလွန်အကျွံသုံးစွဲခြင်းမှုကြောင့် မြေဆီလွှာရဲ့ ကျန်းမာရေးအဟာတ ဖြည်းဖြည်းယိုယွင်းလာကြောင်းပြောကြားပြီး တောင်သူများအား သဘာဝစိုက်ပျိုးရေးစနစ်ကို စမ်းသပ်ကြည့်ရန်တိုက်တွန်းခဲ့ပြီး သဘာဝစိုက်ပျိုးရေးကို စနစ်တကျကျင့်သုံးပါက ထွက်နှုန်းများ ပိုမိုရရှိမည်ဖြစ်ကြောင်း ပြောကြာခဲ့ပြီး အဆိုပါအခမ်းအနားသို့ ဟာရီယာနာပြည်နယ် ဝန်ကြီးချုပ် Nayab Singh Saini လည်း တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

Source : Business Standard                                                                

DOCA(ရန်ကုန်)

မလေးရှားစားအုန်းဆီကဏ္ဍသည် အင်ဒိုနီးရှား၏ စားအုန်းဆီ ၅၀ % ပါဝင်သည့် ဇီဝဒီဇယ်ဆီ (B50) ထုတ်လုပ်ရေး ခွင့်ပြုမိန့်မှ အကျိုးဖြစ်ထွန်းနိုင်

       အင်ဒိုနီးရှား၏ စားအုန်းဆီ အချိုးအစား ၅၀ % ပါဝင်သည့် ဇီဝဒီဇယ်ဆီ (B50) ထုတ်လုပ် ရေး လုပ်ပိုင်ခွင့်ပြုမိန့်အသစ်က ရွေးချယ်ထားသည့်နေရာများတွင် ပို့ကုန်စျေးကွက်ဝေစုကို ချဲ့ထွင်ပြီး လက်ရှိစားအုန်းဆီဈေးကွက်ကို အားကောင်းလာစေရန် မလေးရှားအတွက် အခွင့်အလမ်း တစ်ရပ် ဖြစ်ကြောင်း မလေးရှားစားအုန်းဆီကောင်စီ (MPOC)မှ အမှုဆောင်အရာရှိချုပ် Ms. Belvinder Sron က ပြောကြားခဲ့ကြောင်း သိရသည်။

       အင်ဒိုနီးရှား၏ B50 မူဝါဒပြဋ္ဌာန်းပြီးနောက် တင်ပို့နိုင်သော စားအုန်းဆီပမာဏ လျှော့ချ ခြင်းမှ မလေးရှားအနေဖြင့် အကျိုးအမြတ်ရရှိရန် စီစဉ်နေကြောင်း၊ အင်ဒိုနီးရှားသည် စားအုန်းဆီ များကို ပြည်တွင်းစားသုံးမှုဆီသို့ လမ်းကြောင်းပြောင်းအသုံးပြုဖွယ်ရှိကြောင်း အမှုဆောင်အရာရှိချုပ် Belvinder က ပြောကြားခဲ့သည်။

       မလေးရှားသည်ကမ္ဘာ့ဒုတိယအများဆုံး စားအုန်းဆီထုတ်လုပ်သည့်နိုင်ငံဖြစ်ပြီး ကမ္ဘာလုံး ဆိုင်ရာ စားအုန်းဆီတင်ပို့မှု၏ ၈၅ ရာခိုင်နှုန်းခန့်တွင် အင်ဒိုနီးရှားနှင့်အတူ ယုံကြည်စိတ်ချရသော စားအုန်းဆီထောက်ပံ့မှုရရှိရန် တင်သွင်းသူများအတွက် သဘာဝအရ ရွေးချယ်စရာ အရင်းအမြစ် ဖြစ်သည်။

       သို့သော် ယခုအကျိုးကျေးဇူး၏အတိုင်းအတာသည် စျေးကွက်အချက်များစွာပေါ်တွင် မူတည်ပါကြောင်း၊ စားအုန်းဆီကမ္ဘာ့ဝယ်လိုအားသည် အင်ဒိုနီးရှားပြည်ပတင်ပို့နိုင်မှုတွင်သာမက ပြိုင်ဘက် ဟင်းသီးဟင်းရွက်ဆီများ အထူးသဖြင့် ပဲပုပ်ဆီ၏ရောင်းလိုအားနှင့် ဈေးနှုန်းယှဉ်ပြိုင် နိုင်မှုတို့ကြောင့်လည်း သက်ရောက်မှုရှိကြောင်း Belvinder က Bernama သို့ ပြောကြားခဲ့ကြောင်း သိရှိရသည်။

       B50 အစီအစဉ်သည် နှစ်စဉ် စားအုန်းဆီ တန်ချိန် ၃ သန်းခန့် ထပ်မံလိုအပ်မည်ဖြစ်ပြီး ဇီဝဒီဇယ်ဆီအတွက် စားအုန်းဆီ လိုအပ်ချက် တန်ချိန် ၁၆ သန်းခန့် တိုးလာကာ စုစုပေါင်း ပြည်တွင်း စားသုံးမှု တန်ချိန် ၂၆ သန်းအထိ တိုးလာမည်ဟု Belvinder က ပြောကြားခဲ့သည်။ အဆိုပါစားအုန်းဆီလိုအပ်ချက်ပမာဏသည် အင်ဒိုနီးရှား၏ ၂၀၂၅ ခုနှစ် စားအုန်းဆီ ထုတ်လုပ် မှု၏ ၅၂ %နှင့် ညီမျှသည်။
       အင်ဒိုနီးရှားသည် ပြည်တွင်းစားအုန်းဆီလိုအပ်ချက်က ထုတ်လုပ်မှု၏ ၅၂ % ဖြစ်သည့် အတွက် ၄၈ % ကို ပြည်ပသို့ တင်ပို့ရန် ချန်ထားခဲ့ပါလိမ့်မည်ဖြစ်ကြောင်း၊ ယင်းသည် အင်ဒိုနီးရှား ၏ ဇီဝဒီဇယ်ဆီ B20 ထုတ်လုပ်ခွင့်ပြုခဲ့သည့် ၂၀၁၉ ခုနှစ်နှင့်နှိုင်းယှဉ်ပါက အင်ဒိုနီးရှားအနေအဖြင့် နှစ်စဉ် စားအုန်းဆီထုတ်လုပ်မှု၏ ၆၈ %ခန့်ကို တင်ပို့ရောင်းချခဲ့ခြင်းဖြစ်သည်။
      ယခုကဲ့သို့ အင်ဒိုနီးရှား၏ ဇီဝဒီဇယ်ဆီ တိုးမြှင့်ထုတ်လုပ်ရေးအပြောင်းအလဲအစီအစဉ်က ကမ္ဘာ့ကုန်သွယ်ရေးတွင်ထင်ဟပ်နေကြောင်း၊ စားအုန်းဆီသည် ၂၀၁၉ ခုနှစ်တွင် ကမ္ဘာလုံးဆိုင်ရာ ဆီနှင့် အဆီကုန်သွယ်မှု၏ ၅၆ %ခန့် ဖြစ်သော်လည်း ၂၀၂၅ ခုနှစ်တွင် ၄၉ % အထိ ကျဆင်း သွားခဲ့ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
       အစီရင်ခံစာများအရ အင်ဒိုနီးရှား၏ B50 ဇီဝဒီဇယ်ဆီလုပ်ပိုင်ခွင့်အသစ်သည် ဇူလိုင် ၁ ရက်တွင် စတင်အသက်ဝင်ခဲ့ပြီး ယခင်က စားအုန်းဆီ အချိုးအစား ၄၀ % ပါဝင်သည့် ဇီဝဒီဇယ်ဆီ ကို ယခုအခါ စားအုန်းဆီ ၅၀ %ထိပါဝင်ရန် လိုအပ်မည်ဖြစ်ကြောင်းသိရသည်။ အင်ဒိုနီးရှားတွင် စားအုန်းဆီသည် ပြည်တွင်းဈေးကွက်အတွက် ပိုမိုလိုအပ်နိုင်မည်ဖြစ်၍ တင်ပို့နိုင်သော ပမာဏကို လျှော့ချနိုင်သောကြောင့် ဇီဝဒီဇယ်ဆီ တိုးမြှင့်ထုတ်လုပ်ရေး ခွင့်ပြုမိန့် က စားအုန်းဆီကြမ်း (CPO) စျေးနှုန်းကို အထောက်အပံ့ ဖြစ်စေနိုင်ကြောင်း Belvinder က မှတ်ချက်ပြုပြောကြားခဲ့သည်။ စားအုန်းဆီကြမ်းစျေးနှုန်းများက အဓိကအားဖြင့် ကမ္ဘာ့ရောင်းလိုအား၊ ဝယ်လိုအားအပေါ် ဆက်လက် လွှမ်းမိုးနေဦးမည်ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။
       အဆင့်မြင့်စားသုံးဆီ(ပဲပုပ်ဆီ၊ နေကြာဆီ) ရရှိနိုင်မှုနှင့် ဈေးနှုန်းစွမ်းဆောင်ရည်၊ စက်သုံး ဆီစျေးနှုန်းများ၊ ပထဝီဝင်နိုင်ငံရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် ကုန်သွယ်မှုမူဝါဒများ အပြောင်းအလဲများ ကလည်း ရေရှည်ကာလ စားအုန်းဆီ စျေးနှုန်းအလားအလာကို ပုံဖော်ပေးလျက်ရှိသည်။ အင်ဒိုနီးရှား တွင် တင်းကျပ်သော စားအုန်းဆီထောက်ပံ့မှုအလားအလာနှင့် အယ်နီညိုရာသီဥတု ဖြစ်ပေါ်မှု ဆိုးကျိုးအန္တရာယ် တိုးပွားလာခြင်းတို့ကြောင့် ၂၀၂၆ ခုနှစ်၏ ဒုတိယနှစ်ဝက်အတွက် စားအုန်းဆီ ကြမ်း ဈေးနှုန်းသည် တစ်တန်လျှင် မလေးရှား ရင်းဂစ် ၄၃၀၀ မှ ၄၇၀၀ ရင်းဂစ်အထိ ဖြစ်ပေါ်နိုင် ကြောင်း ခန့်မှန်းထားသည်ဟု Belvinder ကပြောကြားခဲ့သည်။
       မည်သို့ပင်ဆိုစေကာမူ တရုတ်နှင့် အိန္ဒိယတို့ကဲ့သို့ အဓိကတင်သွင်းသည့်ဈေးကွက်များ တွင် စားသုံးဆီသိုလှောင်မှု တိုးမြှင့်ထားရှိမည်ဆိုပါက စားအုန်းဆီကြမ်းစျေးနှုန်းများ မြင့်တက်လာ နိုင်ကြောင်း သိရှိရသည်။ ရေနံဈေးနှုန်းက စားအုန်းဆီဈေးနှုန်းအောက် ကျဆင်းသွားသည့်အတွက် ဇီဝဒီဇယ်ဆီ စီးပွားရေးကလည်း အထောက်အကူနည်းလာပါသည်ဟု မလေးရှားစားအုန်းဆီ ကောင်စီ (MPOC)မှ အမှုဆောင်အရာရှိချုပ် Ms. Belvinder Sron က ဆက်လက်ပြောကြားလိုက် ကြောင်း Bernama သတင်းဌာန၏ ဖော်ပြချက်များအရ သိရှိရသည်။

Source: Bernama, 13 July 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

အင်ဒိုနီးရှားနိုင်ငံက ကမ္ဘာ့ပထမဆုံး B50 Biodiesel အစီအစဉ်ကို စတင်အကောင်အထည်ဖော်

   အင်ဒိုနီးရှားနိုင်ငံသည် စားအုန်းဆီ (Palm Oil) ၅၀ ရာခိုင်နှုန်း ရောစပ်အသုံးပြုမည့် ဇီဝ ဒီဇယ်ဆီ (B50) အစီအစဉ်ကို တရားဝင်စတင် အကောင်အထည်ဖော်လိုက်သည်။ ယင်းအစီအစဉ် ၏ ရည်ရွယ်ချက်မှာ နိုင်ငံ၏ စွမ်းအင်ဖူလုံမှုကို မြှင့်တင်ရန်နှင့် တင်သွင်းရသည့် ဒီဇယ်ဆီအပေါ် မှီခို အားထားမှုကို လျှော့ချရန်အတွက် ဖြစ်ကြောင်း သိရသည်။

    ကြာသပတေးနေ့တွင် သမ္မတ Prabowo Subianto သည် အနောက်ဂျာဗားပြည်နယ်၊ Karawang မြို့၌ B50 Biodiesel မူဝါဒကို စတင်ဖွင့်လှစ်ကြေညာခဲ့ပြီး အင်ဒိုနီးရှားသည် ယင်း စံနှုန်းကို အပြည့်အဝ အကောင်အထည်ဖော်သည့် ကမ္ဘာ့ပထမဆုံးနိုင်ငံအဖြစ် ဖြစ်လာခဲ့သည်။ စက်သုံးဆီဆိုင်များရှိ ယာဉ်မောင်းအများစုက အဆိုပါအစီအစဉ်ကို ထောက်ခံကြသော်လည်း ဒီဇယ် ဈေးနှုန်း မြင့်တက်လာနိုင်ခြေအပေါ် စိုးရိမ်မှုများလည်း ရှိနေဆဲဖြစ်သည်။

    အင်ဒိုနီးရှားသည် ကမ္ဘာတွင် စားအုန်းဆီ (Palm Oil) အဓိကထုတ်လုပ်သည့်နိုင်ငံဖြစ်ပြီး ၂၀၀၈ ခုနှစ်တွင် လောင်စာရောစပ်အသုံးပြုရေး မူဝါဒကို စတင်ကျင့်သုံးခဲ့ပြီးနောက် B2.5 B30 နှင့် B40 စံနှုန်းများကို အဆင့်လိုက် အကောင်အထည်ဖော်ခဲ့သည်။ စွမ်းအင်နှင့် သဘာဝ သယံဇာတ ဝန်ကြီးဌာန၏ အချက်အလက်များအရ ဇီဝဒီဇယ်ဆီ ထုတ်လုပ်ရန် အသုံးပြုသည့် စားအုန်းဆီ ပမာဏသည် ယခင်နှစ်က တန်ချိန် ၁၅.၂ သန်း ရှိခဲ့ရာမှ B50 စနစ်အောက်တွင် ၁၆.၃ မှ ၁၇ သန်း တန်အထိ မြင့်တက်လာမည်ဟု ခန့်မှန်းထားသည်။

   ကျွမ်းကျင်သူများက B50 မူဝါဒကြောင့် စားအုန်းဆီလိုအပ်ချက် မြင့်တက်လာမည်ဖြစ်သဖြင့် စားအုန်းဆီဈေးနှုန်းများသည် အင်ဒိုနီးရှားနိုင်ငံအတွင်းသာမက နိုင်ငံတကာဈေးကွက်တွင်ပါ မြင့်တက်လာနိုင်ကြောင်း သတိပေးထားသည်။

    အင်ဒိုနီးရှား၏ Center of Reform on Economics (CORE) မှ သုတေသီ Dipo Satria Ramli က B50 စနစ်ကြောင့် စားအုန်းဆီလိုအပ်ချက်မှာ အလွန်မြင့်မားလာမည်ဖြစ်ကြောင်း၊ ရောစပ်နှုန်းကလည်း ၄၀ ရာခိုင်နှုန်းကနေ ၅၀ ရာခိုင်နှုန်းအထိ တိုးလာကြောင်း သိရှိရသည်။ ထို့အပြင် အယ်လ်နီညိုရာသီဥတု ဖြစ်ပေါ်လာနိုင်သဖြင့် အပူချိန်မြင့်တက်လာပြီး  တောမီးလောင် ကျွမ်းနိုင်ခြေ ပိုများနိုင်သဖြင့် စားအုန်းဆီထုတ်လုပ်မှုကို ထိခိုက်စေပြီး ထောက်ပံ့မှုပမာဏ လျော့ကျ စေနိုင်ပါသည်။ ထိုကြောင့် အင်ဒိုနီးရှားတွင်သာမက နိုင်ငံတကာဈေးကွက်အထိပါ စားအုန်းဆီ ဈေးနှုန်းများ သေချာပေါက်မြင့်တက်လာနိုင်မည်ဟု ထင်မြင်ကြောင်း အဆိုပါသုတေသီက ပြောကြား ခဲ့သည်။

      ဈေးနှုန်းမြင့်တက်လာနိုင်ခြေအပြင် B50 အစီအစဉ်ကို အကောင်အထည်ဖော်ရာတွင် ထောက်ပံ့ရေးကွင်းဆက် (Supply Chain) တစ်လျှောက် စိန်ခေါ်မှုများလည်း ပိုမိုကြီးမားလာမည် ဟု ကျွမ်းကျင်သူများက ဆိုသည်။ လက်ရှိတွင် အင်ဒိုနီးရှား၌ မီသနော (Methanol) ထောက်ပံ့မှု၊ လောင်စာသိုလှောင်ရေးစနစ်၊ သယ်ယူပို့ဆောင်ရေးနှင့် အခြေခံအဆောက်အအုံများတွင် လိုအပ် ချက်များ ရှိနေသေးသဖြင့် B50 အစီအစဉ်ကို ရေရှည်အောင်မြင်စွာ ဆက်လက် အကောင်အထည် ဖော်နိုင်ရန် ဆက်လက်ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် အရေးကြီးကြောင်း ကျွမ်းကျင်သူများက ထောက်ပြခဲ့သည်။

Source:    Bastillepost, 12 July 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

စိုက်ပျိုးဧရိယာလျော့နည်းမှုနှင့် ကမ္ဘာ့ဈေးနှုန်းမြင့်တက်မှုကြောင့် အိန္ဒိယဝါဂွမ်းဈေးနှုန်းများ မြင့်တက်လာ

   ကမ္ဘာ့ဝါဂွမ်းဈေးနှုန်းများ မြင့်တက်နေမှုကြောင့် အိန္ဒိယနိုင်ငံ၏ ဝါဂွမ်းဈေးနှုန်းများလည်း မြင့်တက်လာခဲ့သည်။ ထို့အပြင် မိုးရွာသွန်းမှု မလုံလောက်ခြင်းကြောင့် စိုက်ပျိုးဧရိယာ လျော့နည်း လာနိုင်သည်ဟု စိုးရိမ်မှုများလည်း ရှိနေသည်။ စိုက်ပျိုးရေးဝန်ကြီးဌာန၏ နောက်ဆုံးထုတ်ပြန် ချက်အရ ၂၀၂၆ ခုနှစ် ဇူလိုင် ၁၀ ရက်အထိ ဝါဂွမ်းစိုက်ဧရိယာမှာ ဟက်တာ ၇၉.၅၄ သိန်းသာ ရှိပြီး ယခင်နှစ်က ၉၃.၉၅ သိန်းဟက်တာနှင့် နှိုင်းယှဉ်ပါက ၁၅ ရာခိုင်နှုန်း လျော့နည်းခဲ့သည်။

    အိန္ဒိယ ဝါဂွမ်းကော်ပိုရေးရှင်း (Cotton Corporation of India – CCI) သည် စက်ရုံများနှင့် ကုန်သည်များဘက်မှ ဝယ်လိုအားကောင်းနေခြင်းကြောင့် လွန်ခဲ့သည့် နှစ်ရက်အတွင်း ၁ ကန်ဒီ (၃၅၆ ကီလိုဂရမ်) လျှင် ရူပီး ၈၀၀ တိုးမြှင့် သတ်မှတ်ခဲ့သည်။

     ရိုင်ချူးမြို့ရှိ ဝါဂွမ်းဝယ်ယူရေးကိုယ်စားလှယ် Ramanuj Das Boob က ဈေးကွက်အတွင်း ရောင်းလိုအားအခြေအနေကြပ်တည်းနေပြီး နယူးယောက် ICE Futures ဈေးကွက်ရှိ ဝါဂွမ်း ဈေးနှုန်းများသည် တစ်ပေါင်လျှင် ၇၅–၇၆ ဆင့်မှ ၈၁–၈၂ ဆင့်အထိ မြင့်တက်လာခဲ့ကြောင်း၊  မုတ်သုံမိုးနောက်ကျနေခြင်းကြောင့် လာမည့်ဝါဂွမ်းသီးနှံအပေါ် မသေချာမရေရာမှုများက ဈေးကွက် ကို လှုပ်ရှားစေကြောင်း ပြောကြားခဲ့သည်။

    အိန္ဒိယ ဝါဂွမ်းကော်ပိုရေးရှင်း၏ ရောင်းချမှုများမှာလည်း ဝယ်လိုအားကောင်းနေသဖြင့် တနင်္လာနေ့တွင် ဝါဂွမ်းအထုပ် Bales ၁.၂ သိန်းကျော်(၂၀၄၀၀ မက်ထရစ်တန်) နှင့် အင်္ဂါနေ့တွင် Bales ၁.၅ သိန်း(၂၅၅၀၀ မက်ထရစ်တန်) ရောင်းချနိုင်ခဲ့ကြောင်း သိရှိရသည်။

Source : The Hindu BusinessLine, 15 July 2026 (လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ