Main menu

၂၀၂၆ ခုနှစ်တိုင်အောင် ဆန်ဈေးနှုန်းများ နိမ့်ကျနေမည်ဟု အိန္ဒိယကုန်သည်အသင်း ပြောဆို

Powered by Drupal

      ကမ္ဘာ့ထိပ်တန်း ဆန်ထုတ်လုပ်ရောင်းချသည့်နိုင်ငံဖြစ်သည့် အိန္ဒိယနိုင်ငံက ဆန်ပိုလျှံမှု ကြောင့် ဆန်ဈေးနှုန်းများ နိမ့်ကျမှုသည် ယခုနှစ်ကုန်ပိုင်းမှ ၂၀၂၆ ခုနှစ်အတွင်း ဆက်လက်ကြာရှည် နိုင်ကြောင်း သတိပေးခဲ့သည်။ ထို့အပြင် အရှေ့တောင်အာရှတွင် ရာသီဥတု ဖောက်ပြန်နေမှုကြောင့် ထုတ်လုပ်မှုကို ထိခိုက်စေနိုင်ကြောင်း သိရှိရသည်။

      ကမ္ဘာ့အဓိက ဆန်ထုတ်လုပ်သည့် နှစ်နိုင်ငံဖြစ်သည့် ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတို့တွင် ယခင် လများအတွင်း ထုတ်လုပ်မှုကို ကျဆင်းစေနိုင်သည့် ရာသီဥတု ဆိုးဝါးခြင်းများကို ကြုံတွေ့နေရပြီး အရှေ့တောင်အာရှ ဆန်ဈေးကွက်သည် မတည်ငြိမ်မှုများနှင့် ရင်ဆိုင်နေရကြောင်း သိရှိရသည်။ အိန္ဒိယ ဆန်တင်ပို့ရောင်းချသူများ အသင်းချုပ် (IREF) က အဆိုပါ ဆန်တင်ပို့သည့် အရှေ့တောင် အာရှ နှစ်နိုင်ငံ၏ ဆန်ထုတ်လုပ်မှုကျဆင်းခြင်းသည် အနည်းဆုံး ယာယီအခိုက်အတန့် ကာလတစ်ခု အတွင်း ကမ္ဘာ့ဆန် ဈေးကွက်အပေါ် သက်ရောက်မှုရှိနိုင်ကြောင်း ပြောကြားခဲ့သည်။

      နယူးဒေလီမြို့ အခြေစိုက် IREF အသင်းချုပ် ဥက္ကဋ္ဌ Dr Prem Garg က Bernama သတင်း ဌာနသို့ ပြောကြားရာတွင် ၂၀၂၅ ခုနှစ် တစ်လျှောက်လုံးနှင့် ၂၀၂၆ ခုနှစ်တို့တွင် ဈေးကွက်အတွင်း ကမ္ဘာ့ဆန်ဈေးနှုန်းများ နိမ့်ကျနေဦးမည်ဖြစ်ကြောင်း၊ ပြင်းထန်သော ဈေးကွက်မတည်ငြိမ်မှုများကို သုံးနှစ်ကြာ ခံစားခဲ့ရပြီးနောက် ၂၀၂၄ ခုနှစ်တွင် ကမ္ဘာ့ဆန်ထုတ်လုပ်မှု မက်ထရစ်တန် ၅၄၁ သန်း ရှိခဲ့မှုနှင့်အတူ ဈေးကွက် ပိုလျှံမှုကို ရင်ဆိုင်နေရပြီး ယင်းအခြေအနေသည် ဈေးနှုန်းကျဆင်းမှုများကို ဖိအားပေးနေကြောင်း သိရှိရသည်။

      ကမ္ဘာ့ကုန်သွယ်မှုဆိုင်ရာ ချေးငွေအန္တရာယ် စီမံခန့်ခွဲမှုကုမ္ပဏီဖြစ်သည့် ပြင်သစ်အခြေစိုက် Coface ၏ ထုတ်ပြန်ချက်အရ အိန္ဒိယသည် ဘာစမာတီမဟုတ်သော ဆန်တင်ပို့မှု ပိတ်ပင်ချက်ကို ရုတ်သိမ်းခဲ့သည့် တစ်နှစ်အတွင်း ဆန်ဈေးနှုန်းများ ၃၅ ရာခိုင်နှုန်း ကျဆင်းသွားပြီး နိုင်ငံတကာ ဆန် ဈေးကွက်သည် လွန်ခဲ့သော ဆယ်စုနှစ်အတွင်း အနိမ့်ဆုံးကြုံခဲ့ရသည့် ဆန်ဈေးနှုန်းများအနက် တစ်ခုအဖြစ် ကြုံတွေ့နေရသည်။

      ဆန်ဈေးကွက်တွင် ဆန်ဈေးနှုန်းများသည် မက်ထရစ်တန် တစ်တန်လျှင် မလေးရှားရင်းဂစ် ၁၄၈၈ နှင့်ညီမျှသော အမေရိကန်ဒေါ်လာ ၃၆၀ ဝန်းကျင်ခန့်တွင် ရှိနေကြောင်း၊ ဒေသတွင်း ဆန်ဈေး ကွက်သည် ယခုနှစ်အတွင်း စိန်ခေါ်မှုများစွာနှင့် ရင်ဆိုင်နေရကြောင်း၊ နှစ်စဉ် ဆန်မက်ထရစ် တန် ပေါင်း ၈ သန်းခန့် တင်ပို့လေ့ရှိသည့် ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတို့သည် လက်ရှိတွင် မိုးသည်းထန်စွာ ရွာခြင်း၊ ရေလျှံခြင်းနှင့် မြေပြိုမှုများ ကြုံတွေ့နေရပြီး လယ်ကွင်းအချို့ ပျက်စီးခဲ့ရကြောင်း၊ အဆိုပါ အခြေအနေသည် လာမည့်လများအတွင်း ဆန်တင်ပို့မှုကို ထိခိုက်စေနိုင်ကြောင်း သိရှိရသည်။

    အဓိက ဆန်တင်သွင်းသည့် နှစ်နိုင်ငံဖြစ်သည့် အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်နိုင်ငံတို့သည် ၎င်းတို့ ၏ ပြည်တွင်းဈေးကွက်ကို ကာကွယ်ရန် ဆန်တင်သွင်းမှုကို ယာယီပိတ်ပင်ခဲ့ကြောင်း၊ အရှေ့တောင် အာရှ၌ ရာသီဥတုဆိုးရွားမှု (ရေလျှံခြင်း၊ မိုးရေချိန်မမှန်ခြင်းနှင့် ဆားငန်ရေဝင်ရောက်ခြင်း) သည် ထိုင်းနှင့် ဗီယက်နမ်ကဲ့သို့သော ဆန်အဓိက ထုတ်လုပ်သည့်နိုင်ငံများတွင် ဖြစ်ပွားပါက ကမ္ဘာ့ ဆန် ထောက်ပံ့မှုကို ထိခိုက်စေနိုင်ပြီး ကမ္ဘာ့ဆန်ဈေးနှုန်းများကို လွှမ်းမိုးနိုင်ကြောင်း၊ သို့သော် စုစုပေါင်း အကျိုးသက်ရောက်မှုသည် ရာသီဥတုနှင့်ဆက်စပ်သော ဆုံးရှုံးမှုများကို အိန္ဒိယကဲ့သို့ အခြားဒေသ များမှ ထုတ်လုပ်မှုနှင့် ကမ္ဘာ့လိုအပ်ချက်တို့က မည်မျှတုံ့ပြန် ဖြေရှင်းနိုင်သည့် အပေါ် မူတည်နေ ကြောင်း သိရှိရသည်။

    အဆိုပါ ဆန်တင်သွင်းမှု ယာယီပိတ်ပင်ချက်များသည် လာမည့်ကာလအတွက် ဆန်တင် သွင်းမှု လိုအပ်ချက်ကို လျော့နည်းစေပြီး ကမ္ဘာ့ဆန်ဈေးနှုန်းများအပေါ် ဖိအားကျဆင်းမှုကို တည်ငြိမ် စေနိုင်သော်လည်း ၎င်းတို့သက်သက်ဖြင့် ပိုလျှံမှုကြောင့်ဖြစ်သော ကျယ်ပြန့်သည့်အားနည်းမှုကို ပြန် လည်ပြောင်းလဲနိုင်မည် မဟုတ်ကြောင်း၊ အိန္ဒိယနိုင်ငံအနေဖြင့် ၂၀၂၅-၂၀၂၆ ကာလအတွင်း ဆန် မက်ထရစ်တန် ၂၄ သန်းမှ ၂၅ သန်းအထိ တင်ပို့ဖွယ်ရှိကြောင်းဖြင့် ဆန်လုပ်ငန်းနယ်ပယ်၌ နှစ်ပေါင်း ၁၁၈ နှစ်ကြာမျှ လုပ်ကိုင်လာခဲ့သော Shri Lal Mahal Group ၏ ဥက္ကဋ္ဌ ဖြစ်သူ Garg က ပြောကြားခဲ့သည်။

Bernama, December 2, 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)