Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကျိုက်ထိုတွင် ကတွတ်သီးပေါ်ဦးပေါ်ဖျား ဈေးကောင်းရရှိနေသဖြင့် ခြံရှင်များနှင့် ဆွတ်ခူးသူများ အဆင်ပြေလျက်ရှိ

          မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်းရှိ ဒေသခံဥယျာဉ်ခြံသမားများနှင့် တောင်ယာ လုပ်ကိုင်သူများအနေဖြင့် ယခုနှစ် ကတွတ်သီးပေါ်ဦးပေါ်ဖျားရာသီတွင် ကတွတ်သီး ဈေးကွက်အတွင်း ဈေးကောင်းရရှိနေသဖြင့် မိသားစုအပိုဝင်ငွေရရှိကာ အဆင်ပြေလျက် ရှိကြောင်း သိရသည်။

          ကျိုက်ထိုမြို့နယ်သည် သဘာဝအလျောက် ပေါက်ရောက်သော ကတွတ်ပင်များနှင့် စိုက်ပျိုးပင်များမှ ထွက်ရှိသည့် ကတွက်သီး (အချို့ဒေသများတွင် ကတွတ်ချဉ်သီးဟုလည်း ခေါ်ဆိုကြ) များကို ရန်ကုန်နှင့် အခြားမြို့ကြီးများသို့ အဓိကတင်ပို့လျက်ရှိကြောင်း သိရသည်။

          ယခုနှစ် ကတွတ်သီးရာသီအစတွင် အရည်အသွေးနှင့် အရွယ်အစားအပေါ် မှုတည်၍ ဈေးနှုန်းများ ကွာခြားမှုရှိသော်လည်း ယခင်နှစ်များထက်စာလျှင် ပိုမိုကောင်းမွန်သော ဈေးနှုန်းကို ရရှိနေကြသည်။ လက်ကားဈေးနှုန်းအရ ကတွတ်သီး အရွယ်အစားအလိုက် ၁၀ လုံးလျှင် ၈၀၀ ကျပ်မှ ၁၅၀၀ ကျပ်အထိ ပေါက်ဈေးရှိနေသည်။ ကျိုက်ထိုမြို့၊ မြို့မဈေးနှင့် လမ်းဘေးဝဲယာ အရောင်းဆိုင်များတွင်မှု သန့်စင်ပြီးသား အလုံးကြီး ကတွတ်သီးများကို လက်လီဈေး ၁၀ လုံးလျှင် ၂၀၀၀ ကျပ်မှ ၂၅၀၀ ကျပ်အထိ ရောင်းချလျက်ရှိနေကြောင်း သိရသည်။

          ကတွတ်သီးသည် ကျန်းမာရေးအရ အပူငြိမ်းစေခြင်း၊ ဝမ်းမှန်စေခြင်းနှင့် ရိုးရာ ဆေးဖက်ဝင်အသီးအဖြစ် လူကြိုက်များသဖြင့် ဝယ်လိုအား အမြဲရှိနေကာ ကတွတ်သီးကို ယိုထိုးရာတွင် အသုံးပြုကြပြီး ကျိုက်ထိုဒေသမှ ထွက်ရှိသော မိုးမိုး (ကတွတ်ယို)သည် လူကြိုက်အများဆုံး ယိုတစ်မျိုးဖြစ်ကြောင်းလည်း သိရပါသည်။ ထိုကြောင့် ကတွတ်သီးသည် ရာသီချိန်ရောက်တိုင်း ဝယ်လိုအား မြင့်တက်လျှက်ရှိနေပါသည်။

          ထိုသို့ ဝယ်လိုအားများသော ရာသီပေါ်သီးနှံတစ်မျိုးဖြစ်သည့် ကတွတ်သီးသည် ဇူလှိုင်လနှင့် ဩဂုတ်လများတွင် အသီးလှိုင်လှိုင်ထွက်ကာ ဈေးကောင်းရရှိနိုင်ကြောင်းလည်း ခန့်မှန်းရရှိပါသည်။

DOCA (မွန်)

မိုးဦးကျကာလ ကျိုက်ထိုငါးဈေးကွက်အတွင်း မြစ်ငါးနှင့် အင်းငါးများ စတင်ဝင်ရောက်လာ

          မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်းရှိ ဒေသခံစားသုံးသူများနှင့် ငါးလုပ်ငန်းရှင်များ အကြား မိုးဦးကျကာလ မြစ်ငါး၊ ချောင်းငါးနှင့် ဆည်ငါးများ ဈေးကွက်အတွင်း ပိုမိုဝင်ရောက် လာသော်လည်း ကုန်ကျစရိတ် မြင့်မားမှုများကြောင့် ငါးဈေးနှုန်းများမှာ ပြီးခဲ့သည့်လများ ထက် အနည်းငယ်မြင့်တက်လျက်ရှိကြောင်း သိရသည်။

          ကျိုက်ထိုမြို့မဈေးသို့ အဓိကအားဖြင့် စစ်တောင်းမြစ်ဝှမ်းမှ ထွက်ရှိသော မြစ်ငါးများ၊ ဒေသတွင်း အင်းအိုင်များမှ ဖမ်းဆီးရမိသော အင်းငါးများနှင့် ရန်ကုန်ဘက်မှ တင်သွင်းလာ သည့် မွေးမြူရေးငါးများ ဝင်ရောက်လျက်ရှိသည်။ မိုးစတင်ရွာသွန်းလာခြင်းကြောင့် လတ်တလောတွင် ငါးရံ့၊ ငါးခူနှင့် ငါးပြေမ ကဲ့သို့သော အင်းငါးများ ဒေသဈေးကွက်အတွင်း ပိုမိုတွေ့မြင်လာရသည်။

          လက်ရှိတွင် ငါးမြစ်ချင်း(မွေးမြူရေး) ငါးများမှာ ပုံမှန်ဝင်ရောက်မှုရှိနေပြီး တစ်ပိဿာလျှင် ကျပ် (၁၂၀၀၀) မှ (၁၆၀၀၀) အထိ ပေါက်ဈေးရှိနေကာ ငါးခူ/ငါးကြင်း (အင်းငါး)များမှာ အရောင်း သွက်သော်လည်း ဈေးကွက်အတွင်း အဝင်နည်း၍ တစ်ပိဿာလျှင် ကျပ် (၂၂၀၀၀) မှ (၂၈၀၀၀) အထိ ရှိနေ ကြောင်း သိရပါသည်။

          ဈေးမြင့်သော်လည်း စားသုံးသူအကြိုက်တွေ့သော ငါးရံ့အကောင်ကြီးများမှာ လက်ရှိ တွင်ဝယ်လိုအားရှိနေပြီး ကျပ် (၂၅၀၀၀) မှ (၄၀၀၀၀) ဝန်းကျင်အထိ ပေါက်ဈေးရှိနေ ကြောင်း သိရပါသည်။

          လာမည့် ဇူလိုင်လနှင့် ဩဂုတ်လ မိုးသည်းထန်စွာ ရွာသွန်းချိန်တွင် လယ်ငါးနှင့် အင်းငါးများ ပိုမိုလှိုင်လှိုင် ပေါ်လာနိုင်သဖြင့် ထိုအချိန်တွင် ငါးဈေးနှုန်းများ အနည်းငယ် ပြန်လည်တည်ငြိမ်သွားနိုင်ကြောင်း ဈေးကွက်ကျွမ်းကျင်သူများက ခန့်မှန်းထားကြသည်။

DOCA (မွန်)

တိုင်းဒေသကြီး/ပြည်နယ် မြို့နယ်များအလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါးနှင့် ဥ‌ဈေးနှုန်းများ(၇-၇-၂၀၂၆)

တိုင်းဒေသကြီး/ပြည်နယ် မြို့နယ်များအလိုက် ၇ -၇ -၂၀၂၆ ရက်နေ့တွင် ဖြစ်ပေါ်လျက်ရှိသော ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါးနှင့် ဥ‌ဈေးနှုန်းများကို ပူးတွဲပါ ဖိုင်တွင် ကြည့်ရှုနိုင်ပါသည်-

ဖရဲသီးစားသုံးခြင်း၏ ကျန်းမာရေးကောင်းကျိုးနှင့် မြိတ်မြို့ပေါ်ရှိ လက်ရှိစျေးနှုန်းအခြေအနေ

         ကမ္ဘာပေါ်တွင် ဖရဲသီးမျိုးပေါင်း ၁၂၀၀ ကျော်ရှိသည်ဟု သိရှိရပါသည်။ ဖရဲသီးသည် အရည်ရွှမ်းသော သစ်သီးတစ်မျိုးဖြစ်ပြီး ဖရဲပင်သည် သဲမြေ၊ သဲနုန်းမြေ၊ နုန်းမြေတို့တွင် စိုက်ပျိုးရန် အကောင်းဆုံးဖြစ်ပါသည်။ ယခုဇူလိုင်လတွင် ဖရဲသီးမှာ အရည်ရွှမ်းပြီး အအေးစာဖြစ်သည့်အတွက် မိုးတွင်းကာလအချိန်တွင် အ‌ရောင်းပါးပြီး စိုက်ပျိုးထွက်ရှိမှုလည်း မရှိသလောက်နည်းပါးကာ ရာသီဥတုပူပြင်းသည့် နွေရာသီတွင် စားသုံးသူများပြားကြောင်း သိရပါသည်။ ဖရဲသီးကို လတ်လတ်ဆတ်ဆတ်ခွဲ၍ စားသုံးနိုင်သလို ရေခဲမုန့်၊ ဖျော်ရည်စသည်ဖြင့် ပြုလုပ်၍လည်း စားသုံးနိုင်ပါသည်။

        ဖရဲသီးတွင် ကျန်းမာရေးကို အထောက်အကူပြုနိုင်သော ဓါတ်သတ္တုများစွာပါဝင်ပြီး ဖရဲသီးဖျော်ရည်ကို နေ့စဥ်သောက်ပါက ဗီတာမင်စီ၊ ဗီတာမင်အေကို ရရှိနိုင်ပါသည်။ ဖရဲသီးတွင် ရေဓါတ်နှင့် သကြားဓါတ်များ ပါဝင်ပါသည်။ ရေဓါတ်များသော သစ်သီးတစ်မျိုးဖြစ်သောကြောင့် ရေငတ်ပြေစေပြီး မကြာခဏဆီးသွားစေသဖြင့် ကျောက်ကပ်ကို သန့်စင်စေသည်ဟုလည်းဆိုကြပါသည်။ ဖရဲသီးစားသုံးခြင်းဖြင့် နှလုံးသွေးကြောကျဥ်းမှုကြောင့် သွေးကောင်းစွာမလည်ပတ်နိုင်မှုကို လျော့နည်းသက်သာစေနိုင်ပါသည်။ ခန္ဓာကိုယ်တွင်ရှိသော အဆိပ်အတောက်များကိုလည်း ဖယ်ရှားနိုင်စွမ်းရှိသည်ဟုလည်း ဆိုကြပါသည်။ ယနေ့စျေးကွက်အတွင်း မြိတ်မြို့တွင် အနီရောင်ဖရဲသီးကိုအများဆုံး တွေ့ရှိရပြီး အဝါရောင်ဖရဲသီးမှာတွေ့ရှိမှု နည်းပါးကာ မြိတ်မြို့ပေါ်ရှိစျေးများနှင့် သစ်သီးဆိုင်များတွင် ရောင်းချလျက်ရှိသော ဖရဲနီသီးစျေးနှုန်းမှာ ၈၀၀၀ ကျပ်မှ ၁၅၀၀၀ ကျပ် ဝန်းကျင်ခန့်ရှိကြောင်း သစ်သီးဆိုင်များမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)

မြိတ်ဒေသထွက် အာဟာရပြည့်ဝသည့် ငှက်ပျောသီးစျေးနှုန်း

          မြိတ်မြို့နှင့် အနီးပတ်ဝန်းကျင်ရွာများသည် မိုးရေချိန်ပေါများခြင်း၊ မြေဆီလွှာကောင်းမွန်ခြင်းနှင့် အပူပိုင်းရာသီဥတုသင့်‌လျော်ခြင်းတို့ကြောင့် ငှက်ပျောသီးအပါအဝင် အပူပိုင်းသစ်သီးများ စိုက်ပျိုးရန်အလွန်သင့်‌‌တော်သည့် ‌ဒေသများဖြစ်သည်။ မြိတ်‌ဒေသမှထွက်ရှိသော ငှက်ပျောသီးများသည် လတ်ဆတ်မှု၊ အရသာချိုမြိန်မှုနှင့် အရည်အသွေးကောင်းမွန်မှုတို့ကြောင့် ဒေသတွင်းစျေးကွက်တွင် လူကြိုက်များလျက်ရှိသည်။ မြိတ်ဒေသတွင် ငှက်‌ပျောသီးကို တောင်သူများက စိုက်ပျိုးရေးဝင်ငွေတိုးမြှင့်ရန် အရေးပါသောသီးနှံတစ်မျိုးအဖြစ် စိုက်ပျိုးကြသည်။ ရိတ်သိမ်းပြီးသော ငှက်ပျောသီးများကို ဒေသတွင်းစျေးကွက်များသာမက အခြားမြို့များသို့လည်း တင်ပို့‌ရောင်းချလျက်ရှိပြီး ဒေသခံများ၏စီး ပွားရေးအတွက် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။ ငှက်ပျောသီးသည် ပိုတက်ဆီယမ် ကြွယ်ဝသောသစ်သီးတစ်မျိုးဖြစ်ပြီး အစာချေစနစ်ကို အထောက်အကူပြုခြင်းနှင့် နှလုံးကျန်းမာရေးကို ထိန်းသိမ်းပေးခြင်းတို့အတွက် အကျိုးပြုသောသီးနှံတစ်မျိုးဖြစ်ကြောင်း သိရပါသည်။

       လတ်ဆတ်သောငှက်‌‌ပျောသီးကို တိုက်ရိုက်ရောင်းချနိုင်သည့်အပြင် ငှက်ပျောကြော်၊ ငှက်ပျောပေါင်း၊ မုန့်အမျိုးမျိုး၊ ဖျော်ရည်နှင့် Smoothie များအဖြစ်လည်း ပြုလုပ်ရောင်းချကြပါသည်။ မြိတ်ဒေသထွက်ငှက်ပျောသီးသည် သဘာဝအရသာ၊ လတ်ဆတ်မှုနှင့် အာဟာရမြင့်မားမှုတို့ကို ပေါင်းစပ်ထားသည့် ဒေသထွက်သီးနှံတစ်မျိုးဖြစ်ပြီး ဒေသခံ‌တောင်သူများ၏ ဝင်ငွေတိုးတက်စေရန်နှင့် မြန်မာ့စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း အရေးပါသောသီးနှံတစ်မျိုးအဖြစ် ဆက်လက်ရပ်တည်လျက်ရှိသည်။

          မြိတ်ဒေသရှိစျေးများပေါ်တွင် ငှက်ပျောသီး(၁)ဖီး လက်ကားစျေးမှာ (၁၅၀၀)မှ(၃၅၀၀) ကျပ်၊ လက်လီစျေး(၁)ဖီးကို (၂၀၀၀)မှ(၄၅၀၀) ကျပ်၊ တစ်လုံးစျေး (၂၀၀)မှ(၅၀၀)ကျပ်ဖြင့် ‌ရောင်းချလျက်ရှိကြောင်း ဒေသခံတောင်သူများထံမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)

မြိတ်မြို့တွင် မိုးရာသီအတွင်း စံပယ်ပန်းအထွက်နှုန်းကောင်းမွန်ပြီး ဈေးနှုန်းတည်ငြိမ်

         တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ရှိ ခြံဝန်းကျယ်များတွင် မိသားစုတစ်နိုင်တစ်ပိုင်နှင့် စီးပွားဖြစ် စံပယ်ပန်းပင် ဒေသအခေါ် မလိပန်းပင်များအား စိုက်ပျိုးခြင်းဖြင့် တစ်နှစ်ပတ်လုံးနီးပါး ဝင်ငွေများရရှိလျက်ရှိပါသည်။ ယခုမိုးဦးကျ မိုးရာသီအစအတွင်း  စံပယ်ပန်းများ အထွက်နှုန်း ကောင်းမွန်လာသဖြင့် ဈေးကွက်အတွင်း ပန်းဝင်ရောက်မှုများပြားနေပြီး ဈေးနှုန်းမှာလည်း ယေဘုယျအားဖြင့် တည်ငြိမ်လျက်ရှိကြောင်း ဒေသခံ ပန်းရောင်းဝယ်သူများထံမှ သိရသည်။

         စံပယ်ပန်းသည် မွှေးရနံ့သင်းပျံ့၍ ဘုရားပန်းကပ်လှူခြင်း၊ ပန်းကုံးသီခြင်းနှင့် အလှဆင် အသုံးပြုခြင်းတို့အတွက် ဝယ်လိုအားမြင့်မားသည့်ပန်းတစ်မျိုးဖြစ်သည်။ မိုးရေချိန်လုံလောက်စွာဖြင့် အသင့်အတင့် ရရှိသည့်ကာလတွင် ပန်းပွင့်နှုန်းကောင်းမွန်လာပြီး နေ့စဉ်ဈေးကွက်သို့ တင်ပို့ရောင်းချသည့် ပမာဏလည်းတိုးလာကြောင်း သိရသည်။

           “မိုးကျပြီးနောက် စံပယ်ပန်းအပွင့်တွေ ပိုများလာပါတယ်။ ပန်းအဝင်များတဲ့ရက်တွေမှာ ဈေးကအေးပေမယ့် ဥပုသ်နေ့နဲ့ ဘုရားပန်းအသုံးများတဲ့ရက်တွေဆိုရင်တော့ ဝယ်လိုအားတက်ပြီး ဈေးလည်းနည်းနည်းမြင့်လာပါတယ်”ဟု မြိတ်မြို့ရှိ ပန်းရောင်းချသူတစ်ဦးကပြောကြားခဲ့ကြောင်း သိရပါသည်။ လက်ရှိဈေးကွက်အတွင်း စံပယ်ပန်းအား အပွင့်ပါဝင်မှုအရေအတွက်ပေါ်မူတည်၍ စံပယ်တစ်ကုန်းလျှင်ကျပ် ၅၀၀ ဝန်းကျင်ဖြင့် မြိတ်မြို့ပေါ်ရှိ စျေးများတွင်ရောင်းချလျက်ရှိသော ပန်းဆိုင်များထံမှ စုံစမ်းသိရှိရပါသည်။

DOCA(တနင်္သာရီ)

၂၀၂၆ ခုနှစ် ဇူလိုင်လ ပထမပတ် ဘုရင့်နောင်ကုန်စည်ဒိုင် ပဲနှမ်းအသင်းမှ ပဲအမျိုးအစားအလိုက် ဈေးနှုန်းစာရင်းနှင့် ပဲလက်ကျန်စာရင်း

          ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ဘုရင့်နောင်ကုန်စည်ဒိုင် ပဲနှမ်းအသင်းမှ ၂၀၂၆ ခုနှစ် ဇူလိုင်ပထမပတ် ပဲလက်ကျန်နှင့်ဈေးနှုန်းများမှာ မြေပဲတစ်ပိဿာလျှင် မြေပဲလုံးဆံ ၁၀၅၀၀ ကျပ်ခန့်၊ မြေပဲဆီဆံ တစ်ပိဿာလျှင် ၁၀၀၀ ကျပ်ခန့်ရှိပါသည်။ လက်ရှိတွင် မြေပဲ ထွက်ချိန်မဟုတ်ပါ အသစ်များမှာ ဩဂုတ်လလယ်နှင့် စက်တင်ဘာလပိုင်းတို့တွင် ထွက်မည်ဖြစ်ပါသည်။ လက်ရှိလှောင်ပဲလက်ကျန်ရှိပါသည်။ နှမ်းဖြူ မန္တလေးဈေးမှာ ၄၅ ပိဿာ တစ်အိတ်လျှင် ၃၀၀၀၀ ကျပ်ခန့်ရှိပါသည်။ နှမ်းဖြူသစ်ပေါ်ချိန်ဖြစ်ပါသည်။ ကျောက်ဆည်၊ ရွှေဘိုနယ်နှင့် ဝက်လက်နယ်တို့တွင် နှမ်းဖြူအသစ်ပေါ်ပြီး တစ်ရက်လျှင် ၂၅ ပိဿာဆန့် (အရိုင်းအိတ်) အိတ် (၈၀၀) ဝန်းကျင်ခန့်  ဝင်သည်ဟု ခန့်မှန်းပါသည်။ နှမ်းနက်(ရိုးရိုး) ဈေးနှုန်းမှာ ၄၅ ပိဿာ တစ်အိတ်လျှင် ၅၅၀၀၀၀ ကျပ် ခန့်ရှိပြီး နှမ်းနက်အသစ်ပေါ်ချိန်ဖြစ်ပါသည်။ ကျောက်ဆည်၊ ရွှေဘိုနယ်နှင့် ဝက်လက်နယ်တို့တွင် နှမ်းနက်အသစ်ပေါ်ပြီး တစ်ရက်လျှင် ၂၅ ပိဿာဆန့် (အရိုင်းအိတ်) အိတ် (၁၅၀၀) ဝန်းကျင်ခန့်  ဝင်သည်ဟု ခန့်မှန်းပါသည်။ ရန်ကုန်ဈေးကွက်တွင် မုန့်ညှင်းဈေးကွက်မရှိပါ၊ ပဲပုတ် ၂၀၂၆ ခုနှစ်အတွက် လက်ကျန်တန်ချိန် (၁၆၀၀) ဝန်းကျင် ရှိကြောင်းနှင့် ဇွန်လ စတုတ္ထပတ်တွင် မြေပဲဆီဆံ တစ်ပိဿာလျှင် ၁၀၀၀ ကျပ်ရှိရာမှ ယခုတစ်ပတ်တွင် ၁၀၀၀၀ ကျပ်ခန့်၊ ပဲပုတ် ၂၀၂၆ ခုနှစ် အတွက် လက်ကျန်တန်ချိန် (၁၆၀၀)ရှိရာမှ ယခုတစ်ပတ်တွင် တန်ချိန် (၁၆၅၀၀) ရှိကြောင်း ဘုရင့်နောင်ကုန်စည်ဒိုင် ပဲနှမ်းအသင်းမှ သိရှိရပါ သည်။

DOCA(ရန်ကုန်)

ရွှေဖရုံသီး စိုက်ပျိုးထွက်ရှိမှုနှင့် တောင်သူအကျိုးအမြတ်ရရှိမှု

          ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်၊ ချောင်ကလးကျေးရွာတွင် ဆောင်းသီးနှံနှင့် ပဲမျိုးစုံသီးနှံများကို အဓိက စိုက်ပျိုးကြပြီး ဟင်းသီးဟင်းရွက်သီးနှံများလည်း တစ်နိုင်တစ်ပိုင်စိုက်ပျိုးလျက်ရှိရာ ရွှေဖရုံသီး စိုက်ဧက ဧကခန့် စိုက်ပျိုးထားရှိကြောင်း သိရသည်။

   ရွှေဖရုံသီးကို ၂၀၂၆ခုနှစ် ဧပြီ လတွင် စတင်စိုက်ပျိုး၍ ဇူလိုင်လတွင် အသီးရင့်မှည့်ကာ ခူးဆွတ်နိုင်ကြောင်း၊ မျိုးအနေဖြင့် အလုံးပြား ရွှေဖရုံသီးမျိုးကို စိုက်ပျိုးကြပြီး တစ်ဧကလျှင် မျိုးစေ့ ၁၀၀ ဂရမ်ပါ အထုပ် ၁ ထုပ်ခန့် ကုန်ကျကြောင်း၊ စိုက်ပျိုးရာတွင် စင်ဖြင့်စိုက်ပျိုးကြသလို မြေချစိုက်ပျိုးခြင်းများလည်း ရှိပါသည်။ ရေကို ချောင်း၊ မြောင်းနှင့် မြေအောက်ရေတင်စနစ်ဖြင့် စိုက်ပျိုးပြီး တစ်ပေခွဲအကွာ ကျင်းများတူး၍ အစေ့ချစိုက်ပျိုးရကြောင်း၊  စိုက်ပျိုးမှုကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် တစ်ဧက လျှင် ငွေကျပ် ၃၅ သိန်းခန့် ကုန်ကျကြောင်း၊ အထွက်နှုန်းအနေဖြင့်  တစ်ဧကလျှင် အလုံးရေ ၁၅၀၀ ခန့် ထွက်ရှိပြီး ဈေးနှုန်းအနေဖြင့် ၂၀၂၆ခုနှစ် ဇွန်လကုန်တွင် ရွှေဖရုံသီးတစ်လုံးလျှင် လက်ကားဈေး ငွေကျပ် ၀၀၀ ဖြင့် ရောင်းချရပြီး အကျိုးအမြတ်အနေဖြင့် တစ်ဧကလျှင် ငွေကျပ် ၂၅  သိန်းခန့်ရရှိကြောင်း၊ ဈေးကွက်အနေဖြင့် လက်လီ/ လက်ကား ကုန်စိမ်းသည်များမှ စိုက်ခင်းအထိ လာရောက်ဝယ်ယူကြပြီး ရန်ကုန်မြို့သို့ ပြန်လည်ရောင်းချကြကြောင်း၊ ရွှေဖရုံသီးပင် စိုက်ပျိုးခြင်းသည် အသီးများသာမက အညွန့် (အရွက်)များပါ ရောင်းချရသောကြောင့် အပိုဝင်ငွေများရရှိပြီး ယခုနှစ်တွင် စျေးနှုန်းကောင်းမွန်သောကြောင့် တောင်သူများအနေဖြင့် အကျိုးအမြတ်များပိုမိုရရှိကာ အဆင်ပြေလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ပန်းတနော်မြို့နယ်တွင် စိုက်ပျိုးထွက်ရှိ အကျိူးအမြတ်ရသော ပဲတောင့်ရှည်

         ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော် မြို့နယ်အတွင်းရှိ ကျေးရွာများသည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်ကြပြီး သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိကြောင်း၊  မိသားစုအပိုဝင်ငွေရရှိရန်အတွက် စားဖိုဆောင်သီးနှံများကိုလည်း ရာသီအလိုက် စိုက်ပျိုးလျက်ရှိရာ တိုင်ထောင်ပဲ (ခေါ်) ပဲတောင့်ရှည်သီးနှံများကို တစ်နိုင်တစ်ပိုင်စိုက်ပျိုးရာမှ စီးပွားဖြစ်စိုက်ပျိုးလာကြကြောင်း သိရသည်။

         ပဲတောင်ရှည်စိုက်ပျိုးရာတွင် မျိုးစေ့ Super 222 မျိုး ၁ထုတ်လျှင် ငွေကျပ် ၂၅၀၀၀ဖြင့် ဝယ်ယူရကြောင်း၊  ၁ဧကလျှင် မျိုးထုတ် ၁၂ထုတ် စိုက်ပျိုးရကြောင်း၊ စတင်စိုက်ပျိုးချိန်မှာ ၂၀၂၅ခုနှစ် မေလက စတင်စိုက်ပျိုးပြီး  စိုက်ပျိုးပြီး ၄၅ရက်အကြာတွင် အသီးစတင် သီးကြောင်း ၂လအကြာတွင် အသီးခူးရောင်းချလို့ ရပြီဖြစ်ကြောင်း၊  တစ်ခါခူးပြီး လျှင် ၅ရက်မှ ၇ရက်ခြားအကြား ထပ်မံခူးရကြောင်း၊ စိုက်ပျိုးမှုကုန်ကျစရိတ် အနေဖြင့် မျိုး၊ သွင်းအားစု၊ မြေပြုပြင်ခ၊ လုပ်သားခအပါအဝင် တစ်ဧကလျှင် စုစုပေါင်း ငွေကျပ် ၇၀၀ ၀၀၀/- ကုန်ကျကြောင်း၊ အသီးကျသည်အထိ ခူးဆွပ်ရ၍ ခူးဆွပ်ကာလ ၄လအထိ ကြာမြင့်ကြောင်း သိရသည်။ ရောင်းချသော လက်ကားဈေးနှုန်းအနေဖြင့် ၁၀တောင့် ၁စီးလျှင် ၅၀၀ကျပ်ဖြင့် ရောင်းချရကြောင်း အထွက်နှုန်းအနေဖြင့် ၁၀တောင့်စီး ၂၅၀၀ခန့် ထွက်ရှိကြောင်း သိရသည်။ အကျိုးအမြတ်အနေဖြင့် ငွေကျပ် ၅၅၀ ၀၀၀/- ကျော် အကျိုးအမြတ်ကျန်ရှိကြောင်း နှစ်စဉ် ပဲတောင့်ရှည်သီးနှံကို စီးပွားဖြစ်လုပ်ငန်းတစ်ခုအဖြစ် စိုက်ပျိုးကြောင်း စိုက်ပျိုးသူထံမှ သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဧည်မထ ဆန်ဟောင်း အနည်းငယ်မြင့်တက်၍ ဆန်အသစ်နှင့် ဧရာဝတီပေါ်ဆန် အနည်းကျဆင်း  ဆန်ကွဲ၊ ဖွဲ့နု ဈေးနှုန်းတည်ငြိမ်လျက်ရှိ

        ဧရာဝတီတိုင်းဒေသကြီးအနေဖြင့် ဆန်မျိုးစုံရောင်းဝယ်မှုတွင် ဒေသတွင်း စိုက်ပျိုးထွက်ရှိသော ဆန်များကို ဆန်စက်များမှ ဝယ်ယူ၍ ရောင်းချနေပြီး ပြည်တွင်းစားသုံးပိုလျှံသော ဆန်များကို ရန်ကုန်သို့ ကုန်ထုတ်ပြေစာနှင့်အတူ တင်ပိုလျက်ရှိကြောင်း သိရသည်။

       မအူပင်ခရိုင် အနေဖြင့် (၂၉.၆.၂၀၂၆)ရက်နေ့တွင် ဧည့်မထဆန်(ဆင်းသုခ)မိုး တစ် အိတ် ၈၇၀၀၀ကျပ်၊ ဧည့်မထဆန်(ဆင်းသုခ)နွေ တစ်အိတ် ၇၅၀၀ဝကျပ်၊ ဧရာဝတီပေါ်ဆန်းမွှေး ဆန်တစ် အိတ် ၁၆၅၀၀ဝကျပ်၊ ဆန်ကွဲB(1,2)တစ်အိတ် ၄၇၀၀ဝ ကျပ်၊ ဆန်ကွဲB(2,3,4) တစ်အိတ် ၄၁၀၀ဝ ကျပ်နှင့် ဖွဲနုတစ်အိတ် ၂၅၀၀၀ ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။ 

      ယခင်လဈေးဖြင့် နှိုင်းယှဉ်ချက်အရ ဧည့်မထဆန်(ဆင်းသုခ) မိုးတစ်အိတ် ၂၀၀၀ကျပ် ဈေး ကျဆင်း၍  ပေါ်ဆန်း တစ်အိတ် ၁၅၀၀ဝ ကျပ် ကျဆင်းပြီး၊ ဆန်များပုံမှန်ဝယ်လိုအား ကောင်းမွန်လျက်ရှိပါသည်။ ကျန် ဆန်ကွဲB(1,2)၊  ဆန်ကွဲB(2,3,4)နှင့် ဖွဲနု ဈေးများတည်ငြိမ်လျက်ရှိပါသည်။ ဒေသတွင်း စိုက်ပျိုးထွက်ရှိသော ဆန်များကိုသာ ရောင်းချနေပြီး MRF မှ လစဉ်ထုတ်ပြန်ကြေငြာချက်အပေါ်တွင် အမြတ် ၂ ရာခိုင်နှုန်းဖြင့်သာ ရောင်းချပေးလျက်ရှိကြောင်းနှင့် မြို့နယ်တွင်း ပြည်သူများအတွက်ဈေးနှုန်း တည်ငြိမ်ကျဆင်းရေး ဌာနဆိုင်ရာမျာမှ ပြည်သူများအား သက်သာသောဈေးဖြင့် ဆန်များကို ရောင်းချစီစဉ်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း