Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

၂၀၂၅-၂၀၂၆ခုနှစ် ငါန်းဇွန်မြို့နယ် နှမ်းရိတ်သိမ်းထွက်ရှိမှုနှင့်ဈေးနှုန်းဈေးကွက်

                             မန္တလေးတိုင်ဒေသကြီး၊ တံတားဦးခရိုင်၊ ငါန်းဇွန်မြို့နယ်သည် လယ်ယာစိုက်ပျိုးရေးကို လုပ်ကိုင်သော မြို့နယ်တစ်ခုဖြစ်ပြီး ဒေသခံများသည် ရာသီအလိုက် ပဲ၊ ပြောင်း၊ နှမ်း၊ ဝါ၊ ဂျုံ နှင့် စားဖိုဆောင်သီးနှံများကို အဓိကထားစိုက်ပျိုးလုပ်ကိုင်ကြပါသည်။ စိုက်ပျိုးသီးနှံများမှ ဆီထွက်သီးနှံ ဖြစ်သော နှမ်းသီးနှံကို မိုးနှင့်ဆောင်းနှစ်ရာသီတွင် စိုက်ပျိုးလျက်ရှိရာ ၂၀၂၅-၂၀၂၆ ခုနှစ်မိုး နှမ်းစိုက်ပျိုးမှုအနေဖြင့် (၆၄၀၈၀)ဧက စိုက်ပျိုးရန်လျာထားခဲ့ပြီး၊ စိုက်ပျိုးမှုအနေဖြင့်(၆၇၈၅၂)ဧက၊ အထွက်နှုန်းမှာ( ၅.၀၂)တင်း၊ အထွက်တင်ပေါင်း( ၃၄၀၆၁၇)တင်း ထွက်ရှိကြောင်း၊ ဆောင်းနှမ်း လျာထားဧက(၆၁၄၅)ဧက၊ စိုက်ပျိုးဧက(၈၁၆၃)ဧက၊ တစ်ဧကအထွက်နှုန်းမှာ(၉.၈၀)တင်း၊ အထွက် တင်းပေါင်း(၇၉၉၉၇)တင်း ထွက်ရှိကြောင်း သက်ဆိုင်ရာဌာနစာရင်းအရ သိရသည်။ စိုက်ပျိုးမှုမှာ ပက်ကျဲနှင့်တန်းစိုက်ဟူ၍ ရှိရာတွင်  နေရာဒေသနှင့်မြေပေါ်မူတည်၍ ဒေသခံ တောင်သူများမှာ ပက်ကျဲစိုက်ပျိုးမှုကိုသာ အများဆုံးစိုက်ပျိုးကြပြီး မျိုးအသုံးချမှုအနေဖြင့် တစ်ဧကလျှင်(၂)ပြည်ခန့် ထည့်သွင်းစိုက်ပျိုးကြပါသည်။မိုးနှမ်းပေါ်စချိန်တွင်နှမ်းတစ်တင်းဈေးနှုန်းမှာ(၉၆၀၀၀/၁၀၀၀၀၀)ကျပ်ရှိခဲ့ကြောင်း၊ဆောင်းနှမ်းပေါ်ချိန်တွင်ဈေးနှုန်းမှာ (၁၀၀၀၀၀/၁၁၀၀၀၀)ကျပ်ခန့်ဖြင့်ရရှိကြောင်း သိရသည်။ မိုးနှမ်းသည် ဆောင်းနှမ်းနှင့်နှိုင်းယှဉ်လျှင် အထွက်နှုန်းထက်ဝက်နီးပါးခန့် လျော့နည်းကြောင်း သိရသည်။  မြို့နယ်အတွင်းရှိ ဆောင်းနှမ်း အများဆုံး စိုက်ပျိုးသောကျေးရွာ များမှာ ဘုရားထူးကျေးရွာ၊ ရွာသစ်၊ စီထိန်း၊ တမာပင်၊ တို့ဖြစ်ပြီး၊ မိုးနှမ်းစိုက်ပျိုးသော ကျေးရွာများမှာ အောက်ရိုး၊ ရွာသာ၊ နတ်စိမ်း၊ ထနောင်းပင်၊ မြို့သာ၊ သရက္ကန်၊ အောင်ချမ်းသာကျေးရွာနှင့် ကုန်းသာကျေးရွာ စသည့် ကျေးရွာများဖြစ်ကြောင်း သိရပါသည်။ ယခုနှစ် နှမ်းမျိုးဈေး အနေဖြင့် တစ်ပြည်လျှင်(၁၀၀၀၀) ကျပ်ဈေးများရှိခဲ့ပြီး နှမ်းတစ်ဧကစိုက်ပျိုးမှု ကုန်ကျစရိတ်အနေဖြင့် မျိုး၊မြေယာပြုပြင်မှု၊ သွင်းအားစု၊လုပ်သားခများအပါအဝင် (၃၅၀၀၀၀)ကျပ် ဝန်းကျင်ခန့်ကုန်ကျ မှုရှိပါသည်။ တောင်သူအကျိုးအမြတ် အနေဖြင့် (၂၅၀၀၀၀)ကျပ်ဝန်းကျင်သာ ရှိပြီး နွားစာရှားပါးသည့် ဒေသများဖြစ်သည့်အတွက် အကျိုးအမြတ်နည်းပါးသော်လည်း တစ်ဖက်မှ လည်း နွားစာရရှိသဖြင့် နှစ်စဉ်စိုက်ပျိုးလျက်ရှိပါသည်။ တစ်ချို့ကျေးရွာများသည် နွားစာအတွက် ကျောက်ဆည်၊ မြစ်သားဒေသဘက်မှ ထွက်ပေါ်သော နှမ်းရိုးများကို သယ်ယူစရိတ်အကုန်အကျခံ၍ နှစ်စဉ်ဝယ်ယူကျွေးမွေးလျက်ရှိပါသည်။ ဒေသထွက် နှမ်းများကို ရောင်းဝယ်မှုဈေးကွက်အနေဖြင့် မန္တလေးမြို့နှင့် ကျောက်ဆည်မြို့များသို့ တောင်သူများကိုယ်တိုင် ဈေးဝယ်လိုက်ရင်းဖြင့်သော် လည်းကောင်း၊ ကားတင်ပေး၍သော်လည်းကောင်း အများဆုံးရောင်းချကြပါသည်။ တောင်သူများအတွက် သီးနှံစိုက်ပျိုးရာတွင် ရာသီဥတုကောင်းမွန်ရန်လိုအပ်သလို ရေခံမြေခံနှင့်မျိုးစေ့များလည်း ကောင်းမွန်၍ ဈေးကွက်ခိုင်မာမှုရှိမှသာ သင့်တင့်လျှောက်ပတ်သော အကျိုးအမြတ်များရရှိနိုင် မည်ဖြစ်ပါသည်။

  DOCA(မန္တလေး)

                                                                                             

စားအုန်းဆီအခြေခံလက်ကား ရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ငွေကျပ် ၆,၆၀၀ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ

     စားသုံးသူပြည်သူများ စားသုံးဆီဝယ်ယူစားသုံးရာတွင် ဘေးအန္တရာယ် ကင်းရှင်းပြီး သင့်တင့်သောဈေးနှုန်းဖြင့်ဝယ်ယူစားသုံးနိုင်စေရန်နှင့်ပြည်တွင်းလိုအပ်ချက်များကို ဖြည့်ဆည်း ပေးနိုင်ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်း သိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရပါသည်။

          စားအုန်းဆီကို ပြည်ပမှဝယ်ယူတင်သွင်းရာတွင် စားအုန်းဆီ တင်ပို့သည့်နိုင်ငံများ၏ စျေးနှုန်းအတက်အကျပေါ်မူတည်၍ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးနှုန်းများ ဖြစ်ပေါ် စေရေးကို ထိန်းကျောင်းဆောင်ရွက်လျက်ရှိပါသည်။

          ပြည်ပမှစားအုန်းဆီထုတ်လုပ်တင်ပို့သည့်နိုင်ငံများတွင် ဈေးကွက်နှင့်ဈေးနှုန်းဖြစ်ပေါ်မှု များအရ ၂၀၂၆ ခုနှစ်၊ မတ်လ ၂၀ ရက်နေ့မှ ၂၆ ရက်နေ့အထိ ရန်ကုန်အထိုင်ဈေး အခြေခံ လက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာလျှင် ငွေကျပ် ၆,၆၀၀ ဖြစ်ကြောင်း စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက အသိပေးထုတ်ပြန် ကြေညာထားကြောင်း သိရှိရပါ​သည်။  

          စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို အပတ်စဉ် သောကြာနေ့တိုင်း ထုတ် ပြန်ကြေညာလျက်ရှိပြီး စားသုံးသူပြည်သူများအနေဖြင့် စားသုံးသူရေးရာဦးစီးဌာန၏ Website: www.doca.gov.mm၊  Facebook Page  နှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း၏ Facebook Page တို့တွင် ဝင်ရောက် ကြည့်ရှုလေ့လာနိုင်ကြောင်း သိရှိရပါသည်။

တိုင်းဒေသကြီး/ပြည်နယ် မြို့နယ်များအလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါးနှင့် ဥ‌ဈေးနှုန်းများ(၁၉-၃-၂၀၂၆)

တိုင်းဒေသကြီး/ပြည်နယ် မြို့နယ်များအလိုက် ၁၉-၃-၂၀၂၆ ရက်နေ့တွင် ဖြစ်ပေါ်လျက်ရှိသော ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါးနှင့် ဥ‌ဈေးနှုန်းများကို ပူးတွဲပါ ဖိုင်တွင် ကြည့်ရှုနိုင်ပါသည်-

ခဝဲသီးစားသုံးခြင်းဖြင့်ရရှိလာနိုင်သောကျန်းမာရေးအကျိုးကျေးဇူးများ

                                      ခဝဲသီးမှာနိုင်ငံအလိုက် ပုံသဏ္ဌာန်အမျိုးမျိးကွဲပြားသော်လည်း ပါဝင်သောအာဟာရဓာတ် များမှာ တူညီမှုရှိပါသည်။ ခဝဲသီးသည်ချိုသောအရသာရှိပြီး နူးညံ့သဖြင့်ဆီပြန်ကြော်ချက်သဖြင့်ပြီး အစိမ်း ကြော်ခြင်း၊ ဟင်းချိုချက်ခြင်း၊ ခဝဲသီးကိုပြုတ်၍တို့စရာအဖြစ်လည်း စားသုံးလေ့ရှိကြသည်။ ခဝဲသီး တွင်အဆီပါဝင်မှုနည်းပြီး ကယ်လ်လိုရီပါဝင်မှုလည်းနည်းကာ အမျှင်ဓာတ်၊ ဗီတာမင်စီ၊ ဇင့်၊ သီရာမင်း၊ သံဓာတ်နှင့်မဂ္ဂနီဆီယမ်ကဲ့သို့သော အာဟာရဓာတ်များပါဝင်သောကြောင့် ကျန်းမာရေးအတွက် အကျိုးများစွာရှိပါသည်။ ခဝဲသီးချိုချိုလေးကိုဟင်းရည်ချက်စားစား၊ ဆီပြန်ချက်စားစား၊ အရသာရှိလှ ပါသည်။ ခဝဲသီးသည်သွေးထဲမှအညစ်ကြေးများကို အထိရောက်ဆုံးသန့်စင်ပေးနိုင်ပြီး အသည်းကို ကျန်းမာအောင်လုပ်ဆောင်ပေးနိုင်ပါသည်။အမျှင်ဓာတ်များစွာပါဝင်သောကြောင့်ဝမ်းချုပ်ခြင်းမဖြစ်အောင်လည်းကာကွယ်ပေးနိုင်ပါသည်။ အသားဝါရောဂါ ဖြစ်ပွားနိုင်ချေကို လျော့နည်းစေခြင်း၊ ဆီးချို သွေးချိုရောဂါဖြစ်ပွားနိုင်ချေကို လျော့နည်းစေခြင်း၊ ဝိတ်ကျစေရန်ကူညီပေးခြင်း၊ ရောင်ရမ်းမှုကို သက်သာစေခြင်း၊ ခုခံအားကောင်းစေခြင်း၊ အရေပြားကျန်းမာစေခြင်း၊ လေအောင့်ခြင်း၊ လေနာခြင်း၊ လေပွခြင်း၊ ရင်ပူခြင်းများကိုသက်သာစေခြင်းစသည့် အစာအိမ်ပြဿာနာများ မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ကြောင်းလေ့လာသိရှိရပါသည်။

DOCA(မန္တလေး)

လူကြိုက်များပြီးကျန်းမာရေးအကျိုးကျေးဇူးများသောပြောင်းဖူး

               ပြောင်းဖူးအမျိုးအစားများမှာ သကြားပြောင်း၊ ထောပတ်ပြောင်း၊ ပလို့ပြောင်းနှင့် အနီရောင် ရှမ်းပြောင်းဟူ၍အမျိုးမျိုးရှိပြီး များသောအားဖြင့် အဝါမျိုးသည်အချိုဓာတ်များပြီး အနီမျိုးသည် အရ သာဆိမ့်သည်။ ပြောင်းဖူးကို အပြုတ်၊  အသုပ်၊ အကင်၊  အကြော်စသည်ဖြင့် သရေစာအဖြစ် စားကြသလို ဟော့ပေါ့အပါအဝင် အချို့ဟင်းလျာများတွင်လည်း ထည့်သုံးလေ့ရှိကြသည်။ ပြောင်းဖူးစားသုံး ခြင်းဖြင့်ရရှိလာနိုင်သော ကျန်းမာရေးအကျိုးကျေးဇူးများမှာ ဆီးအိမ်ကိုကောင်းစွာအလုပ် လုပ်စေပြီး ကျောက်ကပ်နှင်ဆိုင်သောရောဂါအမျိုးမျိုးကို ကုသပေးနိုင်ခြင်း၊ ကယ်လိုရီဓာတ်မြင့်မားစွာပါဝင်သောကြောင့် ခွန်အားဖြစ်စေခြင်း၊ ခန္ဓာကိုယ်ထဲရှိမကောင်းသော အဆီဓာတ်များကိုလျော့ချပေးနိုင်ခြင်း၊ သွေးအားနည်းရောဂါများကို ကာကွယ်တားဆီးပေးနိုင်ခြင်း၊ ဦးနှောက်ဆဲလ်များကို အားကောင်းစေပြီးမှတ်ဉာဏ်နှင့်သိမြင်နိုင်စွမ်းတို့ကို တိုးတက်ကောင်းမွန်စေခြင်း၊ ကိုယ်ဝန်ဆောင်မိခင်များအနေဖြင့်လည်း ပြောင်းဖူးစားသုံးပေးခြင်းဖြင့် သွေးတိုးခြင်းနှင့် သွေးဆိပ်တက်ကာ ခြေ၊လက်ဖောရောင်ခြင်း များကိုသက်သာစေနိုင်ပါသည်။ ကျန်းမာရေးအတွက်အထောက်အကူများစွာ ပေးသည့်အပြင် ရာသီမရွေးစားသုံးနိုင်သောပြောင်း ဖူးကို ကလေးလူကြီးမရွေးကြိုက်နှစ်သက်ကြပါသည်။

DOCA(မန္တလေး)

                  

မအူပင်မြို့နယ်တွင် ရောင်းချနေသော နနွင်းမှုန့်ဈေးနှုန်း

       ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်အတွင်း၌ နနွင်းများကို စိုက်ပျိုးသူအနည်းငယ်ရှိပြီး နနွင်းစိုက်ပျိုးသူထံမှ နနွင်းတက်များကို ဝယ်ယူ၍ ကြိတ်ခွဲကာ မအူပင်ဈေးကွက်အတွင်းရောင်းချနေကြောင်း သိရသည်။ နနွင်းတက်များကို ၂၀၂၆ခုနှစ် ဖေဖော်ဝါရီလ စတင်၍ တူးဖော်လျက်ရှိရာ မတ်လတွင်  နနွင်းမှုန်အနေဖြင့် ကြိတ်ခွဲထုတ်လုပ်ရောင်းချကြောင်း၊ နနွင်းများ စတင်တူးဖော်ချိန်တွင် စျေးနှုန်းများကောင်းမွန်လျက်ရှိပြီး တောဝယ်နနွင်းအစို ၁ပိဿာလျှင်  ၁၀၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ရာ မတ်လတွင် နနွင်းတက် ၁ပိဿာလျှင် ၁၂၀၀ကျပ် ဖြင့် ဈေးအနည်းငယ်တက်လာကြောင်း နနွင်းမှုန်ကြိတ်ခွဲခြင်းတွင် နနွင်းနုကြိတ်ခွဲမှုနှင့် နနွင်းခေါင်းကြမ်း ကြိတ်ခွဲ၍ ၂မျိုး ရောင်းချကြောင်းသိရသည်။ နနွင်းနုမှုန် ၁ပိဿာလျှင် ၃၀၀၀၀ကျပ်ဖြင့်လည်းကောင်း၊ နနွင်းခေါင်းကြမ်းမှုန့် ၁ပိဿာလျှင် ၂၀၀၀၀ ကျပ်ဖြင့် ဈေးကွက်အတွင်း လက်လီရောင်းချလျက်ရှိပြီး လက်ကားဈေးအနေဖြင့် နနွင်းနုမှုန် ၁ပိဿာ ၂၅၀၀၀ကျပ်၊ နနွင်းခေါင်းကြမ်းမှုန့် ၁ပိဿာလျှင် ၁၅၀၀၀ကျပ်ဖြင့် လက်ကားရောင်းချပေးလျက်ရှိကြောင်း နနွင်းရောင်းချသူထံမှ သိရသည်။ ယခင်နှစ်ဈေးနှင့် နှိုင်းယှည်ပါက ဈေး ၁ပိဿာ ၃၀၀၀ကျပ် မြင့်တက်လာကြောင်း’သိရသည်။ ဈေးကွက်အနေဖြင့် နနွင်းများကို ဝယ်ယူသိုလှောင်သူများ ရှိသလို ဈေးကောင်းချိန်မှ ထုတ်ရောင်းသူများလည်းရှိသည်။  နနွင်းစစ်စစ်ကို ပရဆေးဆိုင်များမှလည်းဝယ်ယူ၍ ကြိတ်ခွဲရောင်းချကြသည်။ တောသည်များမှလည်း ကိုယ်တိုင်းမအူပင်မြို့ ဈေးများအတွင်းရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ညောင်တုန်းမြို့နယ်၊ တာကွေ့၊ ကညင်ကောက်ကျေးရွာ၌  ဘူးပင်စိုက်ပျိုးခြင်းဖြင့် အကျိုးအမြတ်ရရှိ

          ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်၊ ကညင်ကောက်ကျေးရွာတွင် ဟင်းသီးဟင်းရွက် သီးနှံမျိုးစုံကို အဓိကထား စီးပွားဖြစ် စိုက်ပျိုးကြပြီး တစ်နိုင်တစ်ပိုင် စိုက်ပျိုးသူများလဲရှိပြီး ညောင်တုန်းမြို့နယ်တွင် ဘူးပင်    စိုက်ဧက ၁၂၀ ဧကခန့် နှစ်စဉ် စိုက်ပျိုးထားရှိကြောင်း သိရသည်။

         ညောင်တုန်းမြို့နယ်၊ ကညင်ကောက်ကျေးရွာတွင် ဘူးပင် ၁ဧကိုက တောင်သူ ဦးထွန်းဝေမှ စိုက်ပျိုးထားရှိပြီး  ၂၀၂၅ခုနှစ် အောက်တိုဘာ လလယ်တွင် စတင်စိုက်ပျိုးပြီး ၂၀၂၆ခခုနှစ် ဖေဖော်ဝါရီလတွင် ခူးဆွတ်ရကြောင်း၊ မျိုးအနေဖြင့် ဘူးဝိုင်းပုနှင့် ဘူးရှည်မျိုးများကို စိုက်ပျိုးကြပြီး တစ်ဧကလျှင် မျိုးစေ့ ၁၀၀ ဂရမ်ပါ အထုပ် ၁၅ ထုပ်ခန့် ကုန်ကျကြောင်း၊ စိုက်ပျိုးရာတွင် မြစ်ချောင်းရေတင်စနစ်ဖြင့် စိုက်ပျိုးပြီး တစ်ပေခွဲအကွာကျင်းတူး၍ အစေ့ချစိုက်ပျိုးရကြောင်း၊ စိုက်ပျိုးမှု ကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင်  တစ်ဧကလျှင် ငွေကျပ် ၁၈ သိန်းခန့် ကုန်ကျပြီး အထွက်နှုန်းအနေဖြင့် ဘူးသီး အလုံးရေ ၅၀၀၀-၆၀၀၀ ခန့်ထွက်ရှိကြောင်း၊  ဈေးနှုန်းအနေဖြင့် ဘူးသီးအလုံး အရွယ် အစားအပေါ်မူတည်၍ ဖေဖော်ဝါရီ လက  ဘူးသီးတစ်လုံးလျှင် လက်ကားဈေး ငွေကျပ် ၅၀၀-၁၀၀၀ နှုန်းဖြင့် ရောင်းချရပြီး အကျိုးအမြတ်အနေဖြင့် တစ်ဧကလျှင် ငွေကျပ် ၄၀ သိန်းခန့် ရရှိကြောင်း၊ ဈေးကွက်အနေဖြင့် ကုန်စိမ်းသည်များမှ စိုက်ခင်းအထိ လာရောက်ဝယ်ယူကြပြီး ရန်ကုန် သီရီမင်္ဂလာဈေးကြီးသို့ တင်ပို့‌ရောင်းချ ရောင်းချကြကြောင်း၊ ဘူးသီးများကို ရန်ကုန် ပုသိမ်ကားလမ်း‌ဘေးနှင့် ရန်ကုန်ဟင်္သတ ကားလမ်းဘေးတို့တွင် ရောင်းချခြင်းဖြင့် ခရီးသွားဘုရားဖူးကားများမှ များပြားစွားဝယ်ယူကြကြောင်း လက်ရှိဈေးကွက်တွင် ဗူးသီးဈေး လက်လီ ၁လုံးလျှင် ၂၀၀၀ ကျပ်သာရှိ၍ ဈေးအနည်းငယ်ကျဆင်းနေပြီး ရန်ကုန်တင်ပို့မှသာ အကျိုးအမြတ် များကျန်ရှိကြောင်း တောင်သူမှ ရှင်းပြသည်။ ဘူးသီးပင်စိုက်ပျိုးခြင်းသည် ဘူးသီးများသာမက ဘူးညွန့်(ဘူးရွက်)များပါ ရောင်းချရသောကြောင့် အပိုဝင်ငွေများရရှိပြီး ယခုနှစ်တွင် ဘူးသီးစျေးနှုန်း မနည်းငယ်ကျဆင်းပြီး ယခင် နှစ်က ဘူးသီး ၁ လုံး ၃၀၀၀ ကျပ်အထိဈေးရခဲ့ကြောင်း  တောင်သူများအနေဖြင့် အကျိုးအမြတ်များ  ရရှိ ကာ အဆင်ပြေလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဓနုဖြူမြို့နယ်မှ ထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိသော သင်းရနံ့ပဲမုန့်

          ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် အသေးစား၊ အလတ်စား၊ အငယ်စားနှင့် စီးပွားရေးလုပ်ငန်းဖြစ်သည့် သင်းရနံ ပဲမုန့်လုပ်ငန်းကို ကုန်းဘောင်မင်းလမ်းမှ ထုတ်လုပ်ဖြန့်ဖြူးရောင်းချနေမှုများကို ၂၀၂၆ခုနှစ် မတ်လ ၁၃ရက်နေ့ ညနေက ဓနုဖြူမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ သွားရောက်လေ့လာခဲ့ကြကြောင်း သိရသည်။

           သင်းရနံ့ပဲမုန့်လုပ်ငန်းရှင် ဦးသိန်းဝင်းနှင့် တွေ့ဆုံ၍ မုန့်ထုတ်လုပ်မှု အဆင့်ဆင့်ကိုမေးမြန်းခဲ့ရာ လုပ်ငန်းကို ၂၀၂၅ခုနှစ်မှ စတင်ပြုလုပ်ခဲ့ကြောင်း၊ ပဲမုန့်ထုတ်လုပ်ရာတွင် ပါဝင်ကုန်စည်များမှာ ဂျုံ၊ သကြား၊ ဆီ၊ ဆား၊ ကုလားပဲ၊ ပါဝင်ထုတ်လုပ်ပါကြောင်း၊ ကုလားပဲကို နူးအောင်ပြုတ်၍ စက်ဖြင့်ချေပြီး ကုလားပဲအနှစ်၊ ဆား၊ သကြား၊ ဆီကို ထည့်၍ ယိုထိုးထားရပါသည်။ မုန့်ပြုလုပ်သည့်အခါ ဆီဂျုံ၊ ရေဂျုံရှိ ပြုလုပ်ထား၍ ဂျုံနှင့် ပဲအနှစ်တို့ကို မုန့်အဝိုင်းပြုလုပ်၍ အပေါ်အောက်ကို ဆီဂျုံ၊ ရေဂျုံသုတ်လိမ်း၍ မီးဖုတ်ကာ ပဲမုန့်ပြုလုပ်ရကြောင်း ရှင်းပြသည်။ သင်းရနံ့ပဲမုန့်ကို ရင်းနှီးမြုပ်နှံမှုအနေဖြင့် ငွေကျပ် သိန်း ၄၀ ခန့် ရင်းနှီးထားရှိပြီး ထုတ်လုပ်လျက်ရှိကြောင်း၊ ထုတ်လုပ်မှုအနေဖြင့် ၁လလျှင် ပဲမုန့် ဗူး ၃၀၀ခန့်ထုတ်လုပ်ရရှိကြောင်း သိရသည်။ ဈေးကွက်ဖြန့်ဖြူးမှုအနေဖြင့် ဒေသတွင်းသာထုတ်လုပ်ဖြန့်ဖြူးရောင်းချပါကြောင်း လုပ်ငန်းရှင်ထံမှ သိရသည်။ ရောင်းချမှုဈေးနှုန်းအနေဖြင့် သင်းရနံ့ပဲမုန့် ၁ဗူးလျှင် လက်ကားဈေး ၄၀၀၀ကျပ်၊ ဒေသတွင်း မုန့်ဆိုင်များမှ လက်လီ ၁ဗူးလျှင် ၄၃၀၀ကျပ်ဖြင့်ရောင်းချပေးလျက်ရှိကြောင်းသိရပြီး သင်းရနံ့ပဲမုန့်လုပ်ငန်းသည် ဒေသတွင်း အသေးစား၊ အလတ်စား၊ အငယ်စားလုပ်ငန်း တစ်ခု ဖြစ်ပြီး စားသုံးသူရေရာဦးစီးဌာနတွင် ကုန်အညွှန်းအမှတ်အသား အသိအမှတ်ပြုရရှိထားပြီးဖြစ်ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

ဓနုဖြူမြို့နယ် ဆန်စက်နှင့် သိုလှောင်ရုံ လုပ်ငန်းရှင်များ၏ ဖေဖော်ဝါရီလ နောက်ဆုံးပါတ်၏ စပါး/ ဆန် သိုလှောင်မှု လက်ကျန်အခြေအနေ

         မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်ရှိ ဆန်စပါးသိုလှောင်ရုံများတွင် မြေပြင်အမှန်တကယ် သိုလှောင်နေမှုနှင့် စပါးဆန် လက်ကျန်အခြေအနေများ  doca.gov.mm ကို စစ်ဆေးလျက်ရှိပြီး၊ MyRo တွင် စပါး ဆန် လက်ကျန် Update စာရင်းများ  ကို မှန်ကန်စွာ ဖြည့်သွင်းဆောင်ရွက်နိုင်စေရန် မြို့နယ်အတွင်းရှိ ဆန်စက်၊ ကုန်သည်၊ တောင်သူ၊ ဆန်ဆိုင်များအား မြေပြင်ကွင်းဆင်းခြင်းများ စီးပွားရေးအလိုငှာ သိုလှောင်လုပ်ကိုင်သူ လုပ်ငန်းရှင်ထံ ဖေဖော်ဝါရီလကုန် သိုလှောင်မှု စာရင်းများကောက်ခံ စစ်ဆေးဆောင်ရွက်လျက်ရှိပါသည်။

         ဓနုဖြူမြို့နယ်အတွင်းရှိ လုပ်ငန်းရှင်များအနေဖြင့် သိုလှောင်ရုံများတွင် စပါးနှင့်ဆန် လက်ကျန်များရှိနေပြီး၊ သိုလှောင်မှု မှတ်ပုံတင် သက်တမ်းတိုးခြင်းများကိုလည်း စနစ်တကျလုပ်ဆောင်လျက်ရှိပါသည်။ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနက ဆန်စပါးသိုလှောင်မှုများ မှန်ကန်စေရန်နှင့် ဈေးကွက်အတွင်း စပါး၊ ဆန် လက်ကျန်အခြေအနေများကို ပုံမှန်စစ်ဆေးလျက်ရှိသည် MyRo တွင် စပါး ဆန် လက်ကျန် Update စာရင်းများ ကို မှန်ကန်စွာ ဖြည့်သွင်းဆောင်ရွက်နိုင်စေရန် လုပ်ငန်းရှင်များအား တိုက်တွန်းနိုးဆော်ဆောင်ရွက်လျက်ရှိကာ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလကုန် စပါးဆန် လက်ကျန်စာရင်းအခြေအနေများမှာ တောင်သူ စပါး ၁၅၉၀၀၀၀ တင်း၊ ဆန် ၁၀၀ အိတ်၊ စက်ပိုင်စပါး ၇၃၄၇၉၀ တင်း၊ ဆန် ၁၃၁၂ အိတ်၊ ကုန်သည် စပါး ၈၈၃၂၀ တင်း၊ ဆန် ၃၇၃ အိတ်၊ ဆန်ဆိုင် ၂၄၄ အိတ်၊ စုစုပေါင်း  စပါး ၂၄၁၃၁၁၀ တင်း၊ ဆန် ၂၀၂၉ အိတ်ရှိကြောင်း မြို့နယ် နယ်မြေစာရင်းများအရ သိရှိရပါသည်။

DOCA(ဧရာဝတီ)

တနင်္သာရီတိုင်း၊မြိတ်မြို့ပေါ်ရှိ ကြက်သွန်နီနှင့်ကြက်သွန်ဖြူဈေးနှုန်း/ဈေးကွက်

     တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် အဓိကအခြေခံစားသောက်ကုန်ဖြစ်သည့် ကြက်သွန်နီ နှင့် ကြက်သွန်ဖြူသည် လက်ရှိကာလတွင် အခြားတိုင်းဒေသကြီးများမှ အဓိကတင်သွင်း ဝင်ရောက် လျက်ရှိပြီး ဈေးကွက်အတွင်း ဝယ်လိုအားနှင့်အညီ ရောင်းဝယ်လျက်ရှိသည်။ ကြက်သွန်နီ နှင့် ကြက်သွန် ဖြူများကို အများအားဖြင့် ရှမ်းပြည်နယ်၊ မန္တလေး တိုင်းဒေသကြီးနှင့် ပခုက္ကူဒေသများမှ ကားလမ်း ကြောင်းဖြင့် တင်ပို့လာကြပြီး မြိတ်မြို့ရှိ စျေးများနှင့် ပွဲရုံများသို့ဖြန့်ချိရောင်းချလျက်ရှိသည်။ လက်ရှိ အချိန်တွင် မြိတ်မြို့သို့ ကြက်သွန်နီနှင့် ကြက်သွန်ဖြူ ဝင်ရောက်မှုမှာ ပုံမှန်ရှိနေသော်လည်း သယ်ယူ ပို့ဆောင်ရေးစရိတ်နှင့် ကုန်ပစ္စည်းဝယ်လိုအားအပေါ် မူတည်၍ ဈေးနှုန်းများမှာ အနည်းငယ် ပြောင်းလဲ လျက်ရှိကြောင်းသိရပါသည်။ ထို့အပြင် စားသုံးသူများအနေဖြင့် အခြေခံစားသောက်ကုန်ဖြစ်သော ကြက်သွန်နီနှင့် ကြက်သွန်ဖြူကို နေ့စဉ် အသုံးပြုမှုများရှိနေသဖြင့် ဈေးကွက်အတွင်း ဝယ်လိုအားမှာ ပုံမှန်ရှိနေပြီး ဈေးနှုန်းများမှာ အချို့ အချိန်များတွင် အနည်းငယ်အတက်အကျရှိနိုင်ကြောင်း သိရှိရပါ သည်။ မြိတ်မြို့တွင် ကြက်သွန်နီနှင့် ကြက်သွန်ဖြူများကို မြိတ်မြို့ဆိပ်ငယ် ဈေးကြီးနှင့် စမ်းချောင်း ကုန်စိမ်းများတွင် နေ့စဉ်အရောင်းအဝယ်သွက်လျက်ရှိကြောင်းလည်းသိရှိရပါသည်။  ကြက်သွန်နီနှင့် ကြက်သွန်ဖြူများသည် အဓိကမပါမဖြစ်သော စားဖိုချောင်သုံးဖြစ်သည့်အပြင် အလွယ်တကူ ဝယ်ယူချက် စားရသော အသီးအနှံတစ်မျိုးလည်းဖြစ်သည်။

          ၂၀၂၆ခုနှစ်၊ မတ်လတတိယပတ်တွင် မြိတ်မြို့ပေါ်တွင် ရောင်းချနေသော ကြက်သွန်နီ တစ်ပိဿာ လျှင် (၃၀၀၀)ကျပ်မှ (၃၅၀၀)ကျပ်၊ ကြက်သွန်ဖြူ (ရှမ်း) တစ်ပိဿာလျှင် (၁၄၀၀၀)ကျပ်မှ(၁၅၀၀၀) ကျပ်၊ ကြက်သွန်ဖြူ(ကြူဂုတ်)တစ်ပိဿာလျှင် (၁၄၀၀၀)ကျပ်ခန့် ရှိကြောင်း မြိတ်မြို့ ကုန်စုံဆိုင်များမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း