Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မအူပင်မြို့နယ်တွင် စိုက်ပျိုးသော ချဉ်ပေါင်ရွက် သီးနှံထွက်ရှိမှု အခြေအနေ

         မအူပင်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် စိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ကိုင်လျက်ရှိရာ မိုးတွင်းကာလတွင် ဟင်းသီးဟင်းရွက်ကို ပိုမိုစိုက်ပျိုးပြီး စားဖိုဆောင်သီးနှံဖြစ်သည့် ပဲတောင့်ရှည်သီး၊ ချဉ်ပေါင်ရွက်၊ ရုံးပတီသီး၊ သခွားသီး၊ ခရမ်းသီးနှင့်ကန်ဇွန်းရွက်၊ ချဉ်ပေါင်ရွက်၊ သင်္ဘောသီး၊ ကန်ပွန်းချဉ်ရွက်၊ ဆူးပုတ်ရွက်၊ ဖလန်တောင်ဝှေး၊ စသည်အပင်များကို စိုက်ပျိုးလျက်ရှိသည့်အနက် ချဥ်ပေါင်ရွက်ကို တစ်ပိုင်တစ်နိုင် စိုက်ပျိုးလျက်ရှိပြီး၊  မအူပင်မြို့၊ အခွန်လွတ်ဈေးတွင် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရရှိသည်။

         ချဉ်ပေါင်ရွက်သည် ရာသီမရွေး ပေါများစွာ စိုက်ပျိုးထွက်ရှိနိုင်သော အရွက်တစ်မျိုးဖြစ်သည်။  မိုးရာသီတွင်သာ ဟင်းရွက်ဈေးနှုန်း ပေါများလှပြီး ချဉ်ပေါင်ရွက်ကို  အိမ်ရှင်မများ နေ့စဉ်ချက်ပြုတ်စားသောက်ကြသည်။   ၂၀၂၆ ခုနှစ်၊ မေလ ပထမပတ်အတွင်း အခွန်လွတ်ဈေး၊ ၃လမ်းဈေးများတွင် ဖြစ်ပေါ်နေသော ချဉ်ပေါင်ရွက် ဈေးနှုန်းများမှာ ချဉ်ပေါင်ရွက် လက္ကားဈေး အစီး၁၀၀ လျှင်(၈၀၀၀)ကျပ်၊ ချဉ်ပေါင်ရွက် လက်လီဈေး ၁စီးလျှင် (၁၀၀)ကျပ်၊ ဈေးနှုန်းတို့ဖြင့်လည်းကောင်း  ‌အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရသည်။ ချဉ်ပေါင်ပင် စိုက်ပျိုးပါကလည်း ကုန်ကျစရိတ်နည်းပါးပြီး တစ်ဧကလျှင် ၄ သိန်းခန့်ကုန်ကျပြီး အထွက်နှုန်းအနေဖြင့် ချဉ်ပေါင် အစီးရေ ၆၀၀၀-၈၀၀၀ နီးပါးထွက်ရှိကြောင်း၊ စိုက်ပျိုးပြီး ၄၅ရက်- ၆၀ရက်အတွင်း ဈေးကွက်တင်ပို့နိုင်ကြောင်း ဈေးနှုန်းအတက်အကျပေါ်မူတည်၍ အကျိုးအမြတ်ကျန်ရှိကြောင်း၊ ယနေ့ဈေးဖြင့် အမြတ် ၂၄၀၀၀၀ကျပ်မှ ၃၀၀၀၀၀ ကျပ် နီးပါးခန့် ရရှိကြောင်းနှင့် ရန်ကုန်သို့လည်း စီးပွားဖြစ်စိုက်ပျိုး တင်ပို့သူများရှိကြောင်း ကို ကုန်စိမ်းရောင်းချသူထံမှ သိရှိရပါသည်။

DOCA(ဧရာဝတီ)

မုံရွာမြို့နယ်ရှိ  ကွမ်း ဈေးနှုန်းဈေးကွက်အခြေအနေ

       စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ အောင်သာကျေးရွာတွင် ကွမ်းကို တစ်နိုင်တစ်ပိုင် အနေဖြင့်သော်လည်းကောင်း၊ စီးပွားဖြစ်သော်လည်းကောင်း စိုက်ပျိုးကြပြီး မိုးစိုက်နှင့် ဆောင်းစိုက်ဟူ၍ စိုက်ပျိုးကြရာ မိုးစိုက်မှာ ပိုးကျလွယ်ပြီး ပျက်စီးဆုံးရှုံးမှုများသဖြင့် ဆောင်းစိုက် ကိုသာ ပိုမိုစိုက်ပျိုးကြကြောင်း သိရသည်။

          ကွမ်းကိုစိုက်ပျိုးရန်အတွက် ကွမ်းမျိုးဖြစ်သည့် ကွမ်းညွန့်တစ်ညွန့်လျှင် လက်ကားဈေး ငွေကျပ် ၅၀၀ ကျပ်ခန့်ဖြင့် ဝယ်ယူကာ တစ်ဧက၏ နှစ်ပုံတစ်ပုံခန့် ၀.၅ ဧက အကျယ်ရှိ ကွမ်းခြံ၌ ကွမ်းအညွန့် ၁၀၀၀-၁၁၀၀ ခန့် စိုက်ပျိုးကြပြီး မျိုးအနေဖြင့် ကွမ်းနုဝါမျိုးကို အများဆုံးစိုက်ပျိုးကြကြောင်း၊ ကွမ်းကို စိုက်ပျိုးပြီး ၅-၆ လခန့်အကြာတွင် စတင်ခူးဆွတ်နိုင်ပြီး  နေရာဒေသ၊ မြေအနေအထားနှင့် ကွမ်းမျိုးကောင်းမျိုးသန့်အပေါ်မူတည်၍  ၃ နှစ်မှ ၅ နှစ်အထိ ခူးဆွတ်ရရှိနိုင်ကြောင်း၊  စိုက်ပျိုးမှုကုန်ကျ စရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် တစ်ဧက၏ နှစ်ပုံတစ်ပုံခန့် ၀.၅ ဧကလျှင် ငွေကျပ် ၇၀ သိန်းခန့် ကုန်ကျကြောင်း၊ အထွက်နှုန်းအနေဖြင့် ကွမ်းရွက်ကို ၁၀ ရက်ခြား တစ်ကြိမ်ခူးဆွတ်ရပြီး တစ်ကြိမ် ခူးဆွတ်လျှင် ၂၀-၂၅ ပိဿာခန့်ထွက်ရှိ၍ တစ်လလျှင်ပိဿာချိန် ၅၀ - ၅၅ ခန့်  ထွက်ရှိရာကွမ်းပင်များ ဖြစ်ထွန်း အောင်မြင်မှုအပေါ်မူတည်၍ အထွက်နှုန်းကွာခြားမှုရှိကြောင်း၊ ဈေးနှုန်းဈေးကွက်အနေဖြင့် မေလ တတိယအပတ်တွင် လက်ကားဈေး ကွမ်းတစ်ပိဿာလျှင် ငွေကျပ် ၈၅၀၀-၉၀၀၀ နှုန်းဖြင့် ရောင်းချလျက်ရှိပြီး ယခင် မေလ ပထမအပတ်နှင့် နှိုင်းယှဉ်လျှင် (၁၀၀၀) ကျပ် ဈေးနှန်းမြှင့်တက်ကြောင်း၊ တစ်လဝင်ငွေ ကျပ် (၄၂၅၀၀၀) ရရှိပါကြောင်း၊ ကွမ်းဈေး အတက်အကျပေါ်မူတည်၍ အပတ်စဉ်၊ လစဉ်ဝင်ငွေရရှိပြီး မုံရွာမြို့ပေါ်ရှိ ကွမ်းအဝယ်ဒိုင်များသို့ တင်ပို့ရောင်းချကြကြောင်း၊ မိုးရာသီရောက်ရှိလာသည်ဖြစ်၍  ကွမ်းများရွက်ခြောက်ပိုးများကျလာသဖြင့် အထွက်နှုန်းနည်းသွားကြောင်း ကွမ်းစိုက် တောင်သူများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်တွင် ဆီထွက်သီးနှံ မိုးမြေပဲများ စတင်စိုက်ပျိုးလျက်ရှိ

         စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်အတွင်းရှိ လိတ္ထူ‌ကျေးရွာ၊ နတ်ပေးကျေးရွာနှင့် အခြားကျေးရွာများတွင် ၂၀၂၆ ခုနှစ် မိုးရာသီ ဧပြီလကုန် ဇွန်လအစပိုင်းမှစ၍ ဆီထွက်သီးနှံဖြစ်သော မိုးမြေပဲများကို တောင်သူများ စတင်စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

       ကန့်ဘလူမြို့နယ်သည် စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်သည့် ဒေသတစ်ခုဖြစ်ပြီး နှမ်း၊ နေကြာ၊ မြေပဲစသည့် ဆီထွက်သီးနှံများကို နှစ်စဉ်စိုက်ပျိုးလျက်ရှိရာ ယခုနှစ်တွင်လည်း မိုးရွာသွန်းမှု စတင်ကောင်းမွန်လာသဖြင့် တောင်သူများက မိုးမြေပဲစိုက်ပျိုးရေးလုပ်ငန်းများကို အချိန်မီဆောင်ရွက်နေကြခြင်းဖြစ်ကြောင်း သိရသည်။

       ဒေသခံတောင်သူများ၏ ပြောကြားချက်အရ မိုးမြေပဲစိုက်ပျိုးရာတွင် မျိုးစေ့၊ မြေယာပြင်ဆင်ခ၊ လုပ်သားခ၊ မြေဩဇာနှင့် စိုက်ပျိုးထိန်းသိမ်းစရိတ်များအပါအဝင် တစ်ဧကလျှင် ခန့်မှန်းကုန်ကျစရိတ် ကျပ် ၆၀၀,၀၀၀ မှ ၈၀၀,၀၀၀ ဝန်းကျင်အထိ ကုန်ကျနိုင်ကြောင်း သိရသည်။ မြေပဲဈေးကွက် ကောင်းမွန်ပါက တောင်သူများအတွက် အကျိုးအမြတ်ရရှိနိုင်သည့် သီးနှံတစ်မျိုးဖြစ်ကြောင်းလည်း သိရသည်။ ဒီနှစ် မိုးဝင်ချိန်ကောင်းတော့ မြေပဲစိုက်ဖို့ အဆင်ပြေတယ်။ မျိုးစေ့နဲ့ လုပ်သားခတွေတော့ တက်နေတယ်။ ဒါပေမယ့် ဈေးကောင်းရရင် တွက်ခြေကိုက်မယ်လို့ မျှော်လင့် ထားပါတယ်ဟု ဒေသခံတောင်သူတစ်ဦးက ပြောကြားကြောင်း သိရသည်။

     ကန့်ဘလူမြို့နယ်တွင် စိုက်ပျိုးရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် တောင်သူများ ဝင်ငွေတိုးတက်လာစေရန်အတွက် သက်ဆိုင်ရာဌာနများမှ နည်းပညာပံ့ပိုးမှုများနှင့် စိုက်ပျိုးရေး အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ပေါက်မြို့နယ်၏ နှမ်းသီးနှံ စိုက်ပျိုးထွက်ရှိမှု၊ အသားတင်အကျိုးအမြတ်နှင့် ဈေးနှုန်း၊ ဈေးကွက်အခြေအနေ

    မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်ရှိ ကျေးရွာများတွင် ဒေသတွင်း စားသုံးဆီ ဖူလုံရေးအတွက် ဆီထွက်သီးနှံဖြစ်သည့် နှမ်းသီးနှံကို ဇန်နဝါရီလ (ပထမပတ်)မှ စတင်စိုက်ပျိုးကြပြီး ယခုအချိန်တွင် ရိတ်သိမ်းပြီးစီးလျက်ရှိပါသည်။ နှမ်းအမျိုးအစားများမှာ နှမ်းဝါ၊ စမုံနက်၊ ဆင်းရတနာ-၁၀ မျိုး များကို  စိုက်ပျိုးလျက်ရှိပါသည်။ ထွက်ရှိလာသော နှမ်းများကို ဆီစက်သို့ တောင်သူကိုယ်တိုင် ဆီကြိတ်၍  ရောင်းချပြီး နှမ်းဖတ်များကို အမှုန့်ကြိတ်၍  သီးနှံများစိုက်ပျိုးရာတွင် မြေဩဇာအဖြစ် အသုံးပြုကြပါသည်။ တောင်သူများသည် ပခုက္ကူမြို့သို့သွားရောက်ရောင်းချရန် နယ်မြေအခက်အခဲ ကြောင့်    ဒေသတွင်းစားသုံးရန်အတွက် စိုက်ပျိုးကြပြီး ပေါက်မြို့၊  မြို့မဈေးသို့ လာရောက်ရောင်းချကြ ပါသည်။

     နှမ်းစိုက်တောင်သူများ၏ တစ်ဧက ပျမ်းမျှအထွက်နှုန်းမှာ ()တင်း ပတ်ဝန်းကျင်ထိ ထွက်ရှိ ပြီး တောင်သူများ၏ အကျိုးအမြတ်မှာဆီဈေးနှုန်းပေါ်မူတည်နေကြောင်း၊ နှမ်းတစ်တင်း ကြိတ်လျှင် ဆီ(-)ပိဿာထွက်ရှိကြောင်း၊ တစ်ဧက စိုက်ပျိုးကုန်ကျစရိတ်မှာကျပ်(၁၂)သိန်းခန့်ရှိကြောင်း၊ တစ်ဧက စိုက်ပျိုးထွက်ရှိမှု၏ ဝင်ငွေမှာ ကျပ်(၂၅)သိန်းခန့်ရရှိကြောင်း၊ တောင်သူတစ်ဦး၏ အသား တင် အကျိုး အမြတ် မှာ ကျပ်(၁၃)သိန်းခန့်ထိကျန်ရှိနိုင်ကြောင်း တောင်သူများထံမှ သိရှိရပါသည်။

          ယခင်  သီးနှံ စိုက်ပျိုးချိန်တွင် နှမ်းဆီဈေးနှုန်းမှာ တစ်ပိဿာလျှင်ကျပ် (၉၀၀၀) ထိရှိခဲ့ပြီး  ယခု မေလ (ဒုတိယပတ်)တွင် သီးနှံများ ရိတ်သိမ်းပြီးသွားသောကြောင့် တစ်ပိဿာလျှင် ကျပ် (၅၅၀၀၀) ဈေး ဖြင့် အရောင်းအဝယ်ဖြစ်နေပြီး ()ပိဿာလျှင် ကျပ် (၃၅၀၀) ဈေးနှုန်းကျဆင်းသွားကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

ပေါက်မြို့နယ်ရှိ ကျေးရွာများတွင် ကြက်သွန်နီစိုက်တောင်သူများ အကျိုးအမြတ်ရရှိ၍  တွက်ခြေကိုက်လျက်ရှိ

    မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်အတွင်းရှိ အင်းတော၊ ရှားတော၊ ထန်းတပင်၊ သရက်တော ကျေးရွာများမှာ ရာသီအလိုက်သီးနှံများ စိုက်ပျိုးလျက်ရှိပြီး  ကြက်သွန်နီကို အဓိကအား ထားစိုက်ပျိုးကြပါသည်။ ပေါက်မြို့နယ်တွင် ကြက်သွန်နီ စိုက်ဧက (၁၈၀၀) ရှိကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရပါသည်။ ကြက်သွန်နီကို ပင်စိုက် နှင့် ဥစိုက်ဟူ၍ နှစ်မျိုး စိုက်ပျိုးကြပြီး ပင်စိုက်မှာ ပြာသိုလတွင် စိုက်ပျိုး၍ တန်ခူးလတွင် ရိတ်သိမ်းကြောင်း၊ ဥစိုက်မှာ တန်ဆောင်မုန်းလတွင် စိုက်ပြီး တပိုတွဲလတွင် ရိတ်သိမ်းပါသည်။ တစ်ဧကလျှင် ကုန်ကျစရိတ် ကျပ် သိန်း(၁၀၀)ခန့် ကုန်ကျပြီး အထွက်နှုန်းမှာ  ပိဿာချိန်(၅၀၀၀)ခန့် ထွက်ရှိပါသည်။

    ယခု ၂၀၂၆ ခုနှစ်၊ မေလ( ဒုတိယပတ်)တွင် ကြက်သွန်နီဈေးနှုန်းမှာ တစ်ပိဿာလျှင် ကျပ် (၃၀၀ဝ ဈေးဖြင့်ရောင်းချရပြီး တောင်သူတစ်ဦး၏ အသားတင်အကျိုးအမြတ်မှာ ကျပ် သိန်း(၅၀)ခန့်ကျန်ရှိ ကြောင်း၊ ဈေးကွက်အနေဖြင့် လက်ရှိ နယ်မြေအခက်အခဲအရ အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများမှ ပေါက်မြို့၊ မြို့မဈေးသို့ လာရောက်ရောင်းချပြီး အနောက်ဘက်ခြမ်းရှိ ကျေးရွာများမှာ ပခုက္ကူမြို့သို့ သွားရောက်ရောင်းချကြောင်း၊ ကုန်ကျစရိတ်မြင့်မားသော်လည်း တွက်ခြေကိုက်မှုရှိကြောင်း၊  ကြက်သွန် နီစိုက်တောင်သူများထံမှ သိရှိရပါသည်။

DOCA(မကွေး)

တိုင်းဒေသကြီး/ပြည်နယ် မြို့နယ်များအလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါးနှင့် ဥ‌ဈေးနှုန်းများ(၁၉-၅-၂၀၂၆)

တိုင်းဒေသကြီး/ပြည်နယ် မြို့နယ်များအလိုက် ၁၉-၅-၂၀၂၆ ရက်နေ့တွင် ဖြစ်ပေါ်လျက်ရှိသော ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါးနှင့် ဥ‌ဈေးနှုန်းများကို ပူးတွဲပါ ဖိုင်တွင် ကြည့်ရှုနိုင်ပါသည်-

ယခုနှစ် ပေါင်မြို့နယ်ဒေသထွက် ရာသီစာမင်းဂွတ်သီးများ စျေးကောင်းရရှိ

    မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ဒေသထွက် ရာသီစာမင်းဂွတ်သီးများ ယခုနှစ် ပေါ်ဦးပေါ်ဖျားချိန်ကတည်းက စျေးကောင်းရရှိနေတာကြောင့် ခြံပိုင်ရှင်များ အဆင်ပြေကြ တယ်လို့ အရောင်းဒိုင်များထံမှ သိရသည်။

    ပေါင်မြို့နယ်ထွက်အအေးဓာတ်စာမင်းဂွတ်သီးများမှာ စျေးကွက်အတွင်း ဝယ်ယူ စားသုံးသူ များပြားနေတာကြောင့် စတင်ခူးဆွတ်ချိန်မှ ယနေ့အထိ စျေးကောင်းရရှိ နေဆဲဖြစ်တယ်လို့ ပေါင်မြို့နယ်မှ မင်းဂွတ်ရောင်းဝယ်ရေးဒိုင်တစ်ဦးက ပြောသည်။

    "ဒီနှစ် စခူးတဲ့အချိန်ကတည်းက စျေးကောင်းရတယ်၊ အခုချိန်ထိလို့ပြောလို့ရတယ်၊ စျေးကွက်မှာလည်း အရောင်းအဝယ်ရှိတော့ ဒီဘက်ဒေသထွက်မင်းဂွတ်ကို ရသလောက်ပွဲရုံက ယူနေတယ်။ အခုက ရာသီဥတု အရမ်းပူတယ်လေ၊ မင်းဂွတ်က အအေးဓာတ်စာဆိုတော့ ဝယ်စားကြတာလဲပါတယ်။ ဒီနှစ်က ခြံပိုင်ရှင်တွေအတွက် အဆင်ပြေတဲ့နှစ်လို့ပဲ ပြောရမယ်" ဟု ၎င်းက ပြောသည်။

    ယခုနှစ် မင်းဂွတ်သီးပေါ်ဦးပေါ်ဖျားချိန် အလုံးကြီးတစ်လုံးကို ငွေကျပ် (၇၀၀) ဝန်းကျင်ခန့်နှင့် ပုံမှန်အလုံးတစ်လုံးကို (၅၀၀) ကျပ်ခန့် စျေးကွက်အတွင်းပေါက်စျေးရှိခဲ့ပြီး လက်ရှိစျေးမှာ (၄၀၀) ကျပ်ဝန်းကျင်ခန့်သာ လျော့ကျသွားတယ်လို့ ၎င်းက ဆက်ပြော သည်။

   ရာသီစာမင်းဂွတ်ကို မွန်ပြည်နယ်ရှိ မြို့နယ်အများစုတွင် စိုက်ပျိုးကြပြီး ထွက်ရှိသော မင်းဂွတ်သီးများကို ဒေသတွင်းစားသုံးရောင်းချမှုများအပြင် အလုံး (၁၅၀)ပါ ပလတ်စတစ် ကဒ်ဖာခြင်းများဖြင့် ထုတ်ပိုးကာ ရန်ကုန်ပွဲရုံနှင့် မန္တလေးတို့ကို အဓိကတင်ပို့ရောင်းချ ကြောင်း ပေါင်မြို့နယ်အရောင်းဒိုင်များမှ သိရသည်။

    ဒေသထွက် မင်းဂွတ်သီးကို တောင်ပေါ်သီးနှင့် ရွာသီးဟု ဒေသအတွင်း ခွဲခြားထားပြီး တောင်ပေါ်သီးမှာ ရွာသီးထက် အလုံးပိုကြီးသော်လည်း အခွံထူကာ အချဉ်ဓါတ်နည်းနည်း ဖောက်ပြီး ရွာသီးမှာအခွံပါးကာပိုချိုပြီး စျေးနှုန်းအတူတူပင်ဖြစ်ကြောင်း မင်းဂွတ်ခြံပိုင်ရှင် များထံမှ သိရသည်။

    ဒါအပြင် ယခုလို ပူပြင်းတဲ့ကာလမှာ အပူဓါတ်ကိုသက်ရောက်စေသည့် ဒူးရင်းသီးကို စားသုံးပါက ဆန့်ကျင်ဘက် အအေးဓာတ်စာ မင်းဂွတ်သီးနှင့် တွဲဖက် စားသုံးသင့်တယ်လို့ ခြံပိုင်ရှင်များမှ အကြံပြုပြောဆိုခဲ့သည်။

DOCA (မွန်)

တောင်တွင်းကြီးမြို့နယ်၌ နွေစပါးစိုက်ပျိုးပြီးစီးမှု အခြေအနေ

 

          မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊တောင်တွင်းကြီးမြို့နယ်၌ ဆည်ရေသောက်စနစ်ကို အသုံးပြု ပြီး နွေစပါးလယ် (၁၀၀၂)ဧက စိုက်ပျိုးပြီးစီးနိုင်ခဲ့ကြောင်း စိုက်ပျိုးရေးဌာနမှ သိရှိရပါသည်။

          တောင်တွင်းကြီးမြို့နယ်အတွင်းရှိ ရန်ပယ်ဆည်ရေသောက်၊ ငမင်ဆည်ရေသောက်စနစ်ဖြင့် နွေစပါး ဧက(၉၀၀)ကျော်စိုက်ပျိုးရန် လျာထားသတ်မှတ်ပြီး ယခုအခါတွင် သတ်မှတ်လျာထား ဧက ထက် ကျော်လွန်စိုက်ပျိုးနိုင်ခဲ့ကာ နွေစပါးဧကများ ပန်းတိုင်အထွက်နှုန်းရရှိရေး မြို့နယ်စိုက်ပျိုးရေးဦးစီး ဌာနမှ ဒေသခံတောင်သူများနှင့် ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိပါသည်။  တောင်တွင်းကြီးမြို့နယ်တွင် အောင်နိုင်တိုး နွေစပါးမျိုးကို အဓိကထားစိုက်ပျိုးပြီး စပါးမျိုးစေ့ တစ်တင်းခွဲ (၁)အိတ်လျှင် (၇၅၀၀၀) ကျပ်ဖြင့် ဝယ်ယူရရှိပြီး တစ်ဧကလျှင် တစ်တင်းခွဲအိတ်(၁)အိတ် ကုန်ကျကြောင်း၊ တောင်တွင်းကြီး မြို့နယ်အနေဖြင့် နွေစပါးစိုက်ပျိုးထုတ်လုပ်မှုမှာ ရန်ပယ်ဆည်ရေသောက်စနစ်ဖြင့် (၉၅၂)ဧက၊ ငမင် ဆည်ရေသောက်စနစ်ဖြင့် နွေစပါး (၅၀)ဧက၊ စုစုပေါင်း (၁၀၀၂)ဧက လျာထားဧက ထက်ကျော် လွန်စိုက်ပျိုးနိုင်ခဲ့ကြောင်းနှင့် ရက်ပေါင်း (၁၂၀)ရှိလျှင် စတင်ရိတ်သိမ်းနိုင်မည်ဖြစ်ကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

DOCA(မကွေး)

ကရင်ပြည်နယ်အတွင်းရှိ ရာဘာဈေးနှုန်းဈေးကွက်

          ကရင်ပြည်နယ်အတွင်းရှိ စိုက်ပျိုးရေးဦးစီးဌာန၏ စာရင်းများအရ (၂၀၂၆ ခုနှစ်) စိုက်ပျိုးရာသီ အတွက် ရာဘာစိုက်ဧကမှာ (၂၇၁၃၀၆) ဖြစ်ပြီး ရာဘာရိတ်သိမ်းဧကမှာ (၂၆၁၁၅၉)ဖြစ်ကာ ရာဘာ အထွက်နှုန်းမှာတော့ (၅၇၅ ၄၇) ပေါင် တို့ဖြစ်ကြောင်း သိရသည်။

          ရာဘာစိုက်ပျိုးတောင်သူများအနေဖြင့် ရာဘာစေးများကို အောက်တိုဘာလမှစတင်၍ မိုးမကျမီ မေလဆန်းအထိ အစေးခြစ်ကြောင်း၊ ရာဘာအစေးကို ည ၁၁:00 နာရီမှနံနက် ၅း၀၀ နာရီအချိန် အထိ အစေးခြစ်ယူပြီး ရရှိလာသော ရာဘာစေးကို အက်စစ်နှင့်အအေးခံကာ ခွက်နှင့် ပုံသွင်း၍ စက်ဖြင့်ကြိတ်ကာ ၃ ပေါင်ခွဲ ၄ ပေါင်ခန့် ရှိသော ရာဘာများကို ၄/၅ ရက်ခန့် နေလှန်းပြီး ဈေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိကြောင်း ၊ ဈေးကွက်တွင် ရာဘာကို Grade 1,2,3,ခွဲကာ ရောင်းချပြီး ကရင်ပြည်နယ်ဒေသအသီးသီးမှထွက်ရှိသော ရာဘာကုန်ကြမ်းများကို ဘားအံမြို့ပေါ် ရှိ အဝယ်ဒိုင်များသို့ ရောင်းချလျက်ရှိပြီး ဘားအံမြို့ရှိအဝယ်ဒိုင်များမှ ရန်ကုန်ရှိ ကုမ္ပဏီများသို့ တင်ပို့ရောင်းချလျက်ရှိကြောင်းနှင့် အစေးစတင်ခြစ်သောအချိန် အောက်တိုဘာလတွင် ရာဘာ တစ်ပေါင်ဈေးနှုန်းမှာ (၂၈၀၀)ကျပ်နှင့်မေလတတိယပတ်တွင် ရာဘာတစ်ပေါင်ဈေးနှုန်းမှာ (၃၂၀၀) ကျပ်အထိ ဈေးပိုရကာ ရာဘာစိုက်တောင်သူများအတွက် အကျိုးအမြတ်ပိုရရှိကြောင်း ရာဘာစိုက် တောင်သူများထံမှ သိရသည်။

DOCA(ကရင်)

“စဉ့်ကိုင်မြို့နယ်တွင်မိုးပြောင်းဖူးများစတင်စိုက်ပျိုးမှုနှင့်ဈေးနှုန်းဈေးကွက်အခြေအနေ”      

               မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်သည် ဆည်ရေသောက်ဒေသ ဖြစ်သောကြောင့် စပါးကိုအဓိကထားစိုက်ပျိုးကြပြီး ကျေးလက်နေတောင်သူများသည် ရာသီအလိုက် သီးနှံမျိုးစုံကိုလည်း စိုက်ပျိုးကြပါသည်။  မိုးသီးနှံတစ်မျိုးဖြစ်သော ပြောင်းဖူးသီးနှံကိုလည်း မိသားစု အပိုဝင်ငွေရရှိရေးအတွက် တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြရာမှ ယခုအချိန်တွင် စီးပွားဖြစ်စိုက်ပျိုး လာကြပြီး၊ ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာနှစ်၊  စဉ့်ကိုင်မြို့နယ်တွင် မိုးပြောင်းဖူး စိုက်ဧက ( ၅၂၈  )ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရသိရှိရသည်။ အများဆုံးစိုက်ပျိုးသော မျိုးများမှာ သကြားပြောင်းမျိုးဖြစ်ပြီး (၁)ဧက မျိုးအနေဖြင့် ပြောင်းဖူးစေ့(၈)ပြည် စိုက်ပျိုးရကြောင်း ၊ မျိုးစျေးနှုန်းအနေဖြင့် မျိုးစေ့(၁)ပြည် လျှင်(၈၀၀၀/-)ကျပ်ဖြင့် ဝယ်ယူစိုက်ပျိုးကြကြောင်း ၊ မေလတွင် စတင်စိုက်ပျိုးကြပြီး မိုးပြောင်းဖူးများ သြဂုတ်လမှစတင်၍ ထွက်ရှိမည်ဖြစ်ကြောင်း၊  (၁)ဧက စိုက်ပျိုးမှု ကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် စုစုပေါင်း (၆၀၀၀၀၀/-)ကျပ်အထိ ကုန်ကျကြောင်း ၊ (၁)ဧက အထွက်နှုန်းအနေဖြင့် ပြောင်းဖူးစုစုပေါင်း (၄၀၀၀-၄၅၀၀)ဖူးခန့် ထွက်ရှိကြောင်း၊ ထိုင်ဝမ်သကြားပြောင်းဖူးမှာ လူကြိုက်များသောကြောင့် ဈေးကွက်တွင် အရောင်းသွက်ပြီး ဈေးကောင်းရရှိကြောင်း၊  ပြောင်းဖူးစျေးနှုန်းအနေဖြင့် တစ်ဖူးလျှင် လက်ကား(၃၀၀/-)ကျပ်နှင့် လက်လီတစ်ဖူးလျှင်(၄၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက် ရှိကြောင်း၊ ပြောင်းဖူးပြုတ် တစ်ဖူးလျှင် (၇၀၀-၈၀၀)ကျပ် စျေးများဖြင့်ရောင်းဝယ်လျက်ရှိကြောင်း ၊ ဈေးကွက်အနေဖြင့် မန္တလေးကုန်စိမ်းပွဲရုံများသို့ သွားရောက်ရောင်းချကြပြီး အချို့ပွဲစားများမှလည်း ကျေးရွာစိုက်ခင်းအထိ လာရောက်ဝယ်ယူလျက်ရှိကြောင်း၊ တောင်သူများမှ ရန်ကုန်၊မန္တလေး ကားလမ်းဘေးတွင်လည်း ရောင်းချကြကြောင်း သိရှိရပါသည်။ အကျိုးအမြတ်အနေဖြင့် အထွက် နှုန်းနှင့် ဈေးနှုန်းပေါ်မူတည်ပြီး အကျိုးအမြတ်များရရှိပါသည်။ ဖူးစားပြောင်း စိုက်ပျိုး ခြင်းဖြင့် ကျွဲစာ၊နွားစာများ ဖူလုံသည့်အပြင် ပြောင်းဖူးမျိုးပင်များကိုလည်း ပြန်လည်ရောင်းချ ရသဖြင့် တွက်ချေကိုက်သည့် သီးနှံဖြစ်သောကြောင့် ပြောင်းဖူးသီးနှံကို ပိုမိုတိုးချဲ့စိုက်ပျိုးသင့်ကြောင်း ရေးသားတင်ပြအပ်ပါသည်။

DOCA(မန္တလေး)      

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း