Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

စားအုန်းဆီအခြေခံလက်ကား ရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ငွေကျပ် ၇,၂၃၀ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ

      စားသုံးသူပြည်သူများ စားသုံးဆီဝယ်ယူစားသုံးရာတွင် ဘေးအန္တရာယ် ကင်းရှင်းပြီး သင့်တင့်သောဈေးနှုန်းဖြင့်ဝယ်ယူစားသုံးနိုင်စေရန်နှင့်ပြည်တွင်းလိုအပ်ချက်များကို ဖြည့်ဆည်း ပေးနိုင်ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်း သိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရပါသည်။

          စားအုန်းဆီကို ပြည်ပမှဝယ်ယူတင်သွင်းရာတွင် စားအုန်းဆီ တင်ပို့သည့်နိုင်ငံများ၏ စျေးနှုန်းအတက်အကျပေါ်မူတည်၍ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးနှုန်းများ ဖြစ်ပေါ် စေရေးကို ထိန်းကျောင်းဆောင်ရွက်လျက်ရှိပါသည်။

          ပြည်ပမှစားအုန်းဆီထုတ်လုပ်တင်ပို့သည့်နိုင်ငံများတွင် ဈေးကွက်နှင့်ဈေးနှုန်းဖြစ်ပေါ်မှု များအရ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၀ ရက်နေ့မှ ၁၆ ရက်နေ့အထိ ရန်ကုန်အထိုင်ဈေး အခြေခံ လက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာလျှင် ငွေကျပ် ,၂၃၀ ဖြစ်ကြောင်း စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက အသိပေးထုတ်ပြန် ကြေညာထားကြောင်း သိရှိရပါ​သည်။  

          စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို အပတ်စဉ် သောကြာနေ့တိုင်း ထုတ် ပြန်ကြေညာလျက်ရှိပြီး စားသုံးသူပြည်သူများအနေဖြင့် စားသုံးသူရေးရာဦးစီးဌာန၏ Website: www.doca.gov.mm၊  Facebook Page  နှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း၏ Facebook Page တို့တွင် ဝင်ရောက် ကြည့်ရှုလေ့လာနိုင်ကြောင်း သိရှိရပါသည်။

 

ကန့်ဘလူမြို့နယ်၌ ငရုတ်သီးစိုက်တောင်သူများ အကျိုးအမြတ်ရရှိနေ

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် မိသားစုစီးပွားရေး အဆင်ပြေချောမွေ့စေရန်နှင့် ဒေသတွင်းစားနပ်ရိက္ခာဖူလုံစေရန်အတွက် ရာသီအလိုက် သီးနှံစုံကို စိုက်ပျိုးထုတ်လုပ်လျက်ရှိရာ ယခုနှစ်တွင် စိုက်ပျိုးသော မိုးငရုတ်နှင့် ဆောင်းငရုတ် (မိုးထော်ငရုတ်၊ ကျောက်စိမ်းငရုတ်) စိုက်ပျိုးထုတ်လုပ်မှုမှာ အောင်မြင်ဖြစ် ထွန်းလျက်ရှိပြီး ဈေးကွက်အတွင်း အကျိုးအမြတ်များ ရရှိနေကြောင်း သိရသည်။

    ကန့်ဘလူမြို့နယ်တွင် ငရုတ်သီးနှံကို ရာသီအလိုက် စိုက်ပျိုးကြရာ ဆောင်းငရုတ် (သီးညှပ် /သီးသန့်)ကို အောက်တိုဘာလနှင့် နိုဝင်ဘာလများတွင် ပျိုးထောင်စိုက်ပျိုးကြပြီး၊ မိုးငရုတ်ကို မေလနှင့် ဇွန်လများတွင် စတင်စိုက်ပျိုးကြသည်။ ငရုတ်ပင်များ စိုက်ပျိုးပြီးနောက် () လခွဲမှ () ခန့်အကြာတွင် စတင်ဆွတ်ခူးနိုင်ပြီး သီးနှံသက်တမ်းတစ်လျှောက် အကြိမ်ရေ (၁၅) ကြိမ်မှ (၂၀) ကြိမ်အထိ စဉ်ဆက်မပြတ် ဆွတ်ခူးရောင်းချနိုင်ကြောင်း တောင်သူများထံမှ သိရသည်။

    ငရုတ်စိုက်ပျိုးရာတွင် တစ်ဧကလျှင် ကုန်ကျစရိတ်အနေဖြင့် မျိုးစေ့နှင့် ပျိုးထောင်ခ၊ မြေပြုပြင်ခ (ထွန်ယက်ခ) သွင်းအားစုများဖြစ်သည့် သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာဖိုး၊ ပိုးသတ်ဆေးနှင့် အပင်အားဆေးဖိုး၊ ရေတင်စရိတ်နှင့် လုပ်အားခ အပါအဝင် စုစုပေါင်း ကုန်ကျစရိတ်မှာ တစ်ဧကလျှင် ငွေကျပ် ၁၀၀၀,၀၀၀ မှ ၁၅၀၀,၀၀၀ ဝန်းကျင်အထိ စိုက်ပျိုးသည့် မျိုးနှင့် စိုက်စနစ်ပေါ်မူတည်၍ ကုန်ကျမှုရှိကြောင်း သိရသည်။

     ယခုနှစ်တွင် ရာသီဥတုမျှတပြီး ဖျက်ပိုးအန္တရာယ် ကင်းစင်သဖြင့် ငရုတ်အထွက်နှုန်း ကောင်းမွန်လျက်ရှိရာ ငရုတ်စိုတစ်ဧကလျှင် ပိဿာချိန် ၁၀၀၀ မှ ၁၅၀၀ ခန့်အထိ ထွက်ရှိသည်။ လတ်တလော ဈေးကွက်အတွင်း ငရုတ်စိုတစ်ပိဿာလျှင် ဒေသတွင်းပေါက်ဈေး (အမျိုးအစား အလိုက်) ၂၀၀၀ ကျပ်မှ ၂၅၀၀ ကျပ်အထိ အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။ ထို့ကြောင့် ကုန်ကျစရိတ်အားလုံး နှုတ်ပယ်ပါက တောင်သူများအနေဖြင့် တစ်ဧကလျှင်  ၁၀ သိန်းကျော် အကျိုးအမြတ်ကျန်ရှိသဖြင့် အခြားသီးနှံများထက် စီးပွားရေးအရ တွက်ခြေကိုက်ကာ မိသားစုအပို ဝင်ငွေ တိုးပွားလျက်ရှိသည်။

    ကန့်ဘလူမြို့နယ်မှ ထွက်ရှိသော ငရုတ်သီးများကို ဒေသတွင်းလတ်ဆတ်သော ကုန်စိမ်းဈေး ကွက်သို့လည်း နေ့စဉ်ဖြန့်ဖြူးပေးလျက်ရှိပြီး ရွှေဘိုမြို့ရှိ သီးနှံပွဲရုံများကိုလည်း  တင်ပို့ရောင်းချလျက်ရှိသည်။ ငရုတ်သီးနှံသည် ရေရှည်ဆွတ်ခူးရောင်းချရသော သီးနှံဖြစ်သည့်အပြင် ယခုကဲ့သို့ အကျိုးအမြတ် ဖြစ်ထွန်းမှုကြောင့် ကန့်ဘလူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် ငရုတ်စိုက်ပျိုးမှုကို တစ်နှစ်ထက်တစ်နှစ် ပိုမိုတိုးချဲ့စိုက်ပျိုးလာကြကြောင်း သတင်းရရှိသည်။

DOCA(စစ်ကိုင်း)

ကရင်ပြည်နယ်တွင် ဒေသထွက်ပဲပုတ်လက်ကျန်များ ဈေးကောင်းရလျက်ရှိ

    ကရင်ပြည်နယ်အတွင်း ၂၀၂၆ ဇူလိုင်လအတွင်း အရောင်းအဝယ်ဖြစ်လျက်ရှိသော ပဲမျိုးစုံ ဈေးနှုန်းများမှာ မြေပဲ တစ်ပိဿာလျှင် ၁၂၀၀၀ ကျပ်၊ ပဲနီပြား တစ်ပိဿာလျှင် ၁၀၄၀၀ ကျပ်၊ ပဲတီစိမ်း ၇၈၀၀ ကျပ်၊ ပဲကြီး တစ်ပိဿာလျှင် ၁၃၀၀၀ ကျပ်၊ ပဲလွန်းဖြူ တစ်ပိဿာလျှင် ၄၃၅၀ ကျပ်၊ ပဲကြားမဲ တစ်ပိဿာလျှင် ၄၃၅၀ ကျပ်၊ ပဲဇီးကွက် တစ်ပိဿာလျှင် ၈၀၀၀ ကျပ်၊ မတ်ပဲ တစ်ပိဿာလျှင် ၆၀၀၀ ကျပ်၊ ပဲလိပ်ပြာ  တစ်ပိဿာလျှင် ၆၉၅၀ ကျပ်၊ ပဲပုတ် ၈၅၀၀ ကျပ် တို့ ဖြစ်ကြောင်း သိရသည်။

    သီးနှံပြက္ခဒိန်အရ ကရင်ပြည်နယ်တွင် ဩဂုတ်လ၌ ပဲပုတ်ထွက်ပေါ်လေ့ရှိကြောင်းနှင့် ယခင်နှစ် ပဲပုတ်စပေါ်စဉ်က တစ်ပိဿာလျှင် ၆၀၀၀ ကျပ်ဖြင့် ဈေးဖွင့်ဝယ်ယူခဲ့ကြောင်းနှင့်  ယခုအခါ လက်ကျန်လှောင်ပဲ နည်းပါးလာသည့်အတွက် တစ်ပိဿာလျှင် ၈၅၀၀ ကျပ်နှုန်းဖြင့် အရောင်းအဝယ်ဖြစ်၍ ဈေးကောင်းရလျက်ရှိကြောင်း သိရသည်။  

DOCA(ကရင်)

တိုင်းဒေသကြီး/ပြည်နယ် မြို့နယ်များအလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါးနှင့် ဥ‌ဈေးနှုန်းများ(၉-၇-၂၀၂၆)

တိုင်းဒေသကြီး/ပြည်နယ် မြို့နယ်များအလိုက် ၉ -၇ -၂၀၂၆ ရက်နေ့တွင် ဖြစ်ပေါ်လျက်ရှိသော ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါးနှင့် ဥ‌ဈေးနှုန်းများကို ပူးတွဲပါ ဖိုင်တွင် ကြည့်ရှုနိုင်ပါသည်-

မြိတ်ဒေသထွက် အုန်းသီးဈေးနှုန်း/ဈေးကွက်

         တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်တွင် မြို့နယ်လေးမြို့နယ်ရှိရာ ၄င်းလေးမြို့နယ်မှ ပုလောမြို့နယ်၊ မလိကျွန်းမှအုန်းသီးအများအပြားထွက်ရှိပြီး ထွက်ရှိသော အုန်းသီးများကို မြိတ်မြို့ပေါ်သို့ လာရောက်ရောင်းချကြကြောင်း သိရှိရပါသည်။

      အုန်းသီးသည် တစ်လုံးလုံးအသုံးဝင်သောအသီးဖြစ်ပါသည်။ အုန်းသီးဖက်များမှ ကယ်လိုရီ ပမာဏအများအပြားရရှိသဖြင့် ခန္ဓာကိုယ်အတွက် အထောက်အကူဖြစ်စေပါသည်။ အုန်းသီးအရင့်များကို မြိတ်‌ဒေသတွင် လက်လုပ်အုန်းနို့မုန့်များတွင် အသုံးပြုကြသလို၊ ခေါင်းတွင်လိမ်းရန်အတွက် အုန်းဆီလည်းပြုလုပ်ကြပါသည်။ အုန်းသီးမရင့်မှီ အနုများကိုလည်း ခူးဆွတ်၍ရောင်းကြပါသည်။ အုန်းသီးအရင့်ထက် အုန်းသီးအနုက‌ ဈေးကောင်းပိုရပါသည်။ အုန်းသီးနုအရည်ကို သောက်သုံးခြင်းဖြင့် ပိုတက်ဆီယမ်ကြွယ်ဝစွာပါဝင်သောကြောင့် ကိုယ်တွင်းကအဆိပ်အတောက်တွေကို ဆီးအဖြစ်နဲ့စွန့်ထုတ်စေပြီး ကျောက်ကပ်တွင် ကျောက်ကဖင်းဓါတ်ပါသော ကော်ဖီ၊ လက်ဖက်ရည်များ၊ အဆီဓါတ်များသောအသားကင်များ၊ နို့နှင့်နို့ထွက်ပစ္စည်းများနှင့် အချိန်နီးကပ်စွာစားသုံးခြင်းကို ရှောင်ရှားပေးခြင်းဖြင့် အစာခြေစနစ်ကို ကောင်းမွန်စေပါသည်။ မနက်ခင်း အစာမစားမှီ သောက်သုံးပေးသင့်ပါသည်။

         ၂၀၂၆ခု၊ ဇူလိုင်လဒုတိယပတ်တွင် အုန်းသီးအများအပြားထွက်ရှိသဖြင့် အုန်းသီးအရင့် ဈေးနှုန်းသည်လည်း အနည်းငယ်ကျဆင်းပါသည်။ မြိတ်ဒေသတွင် ယခုကာလ ဒူးရင်းသီးပေါ်ချိန်ဖြစ်သဖြင့် ဒူးရင်းသီး၊ ကောက်ညှင်း၊ အုန်းနို့ရောမုန့် ပြုလုပ်ရောင်းချသူပိုများပြားပါသည်။ အုန်းသီးအရင့် ဈေးနှုန်းများမှာ တစ်လုံးလျှင် (၁၅၀၀)ကျပ်ဖြစ်၍ အုန်းသီးအနုတစ်လုံးလျှင် (၃၅၀၀)ကျပ် ဈေးနှုန်းခန့်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

တိုးမြစ်အတွင်းမှ ဖမ်းစီးရမိသော မြစ်ငါးရှည့် ဈေးနှုန်းအခြေအနေ

         မအူပင်ခရိုင်၊ တိုးမြစ်အတွင်းမှ ဖမ်းဆီးရမိသော မြစ်ငါးရှည့် (ငါးရှဥ့်) များသည် သဘာဝထွက်ကုန်ဖြစ်၍ ၂၀၂၆ခုနှစ် ဇူလိုင်လ ဒိုင်ပေါက်ဈေးနှင့် လက်လီဈေးကွက်တွင် ဈေးနှုန်းအနည်းငယ် ကွာခြားလေ့ရှိသည်။ ယေဘုယျအားဖြင့် တစ်ပိဿာလျှင် ကျပ် ၁၈၀၀၀, ၁၉,၀၀၀ မှ ၃၀,၀၀၀ ကြားတွင် အရောင်းအဝယ်ဖြစ်နေကြောင်း မြင့်မြတ်သူ ငါးရှည်ဒိုင်မှ သိရသည်။

       ငါးရှည်များကို မြစ်နှင့် ချောင်းများ၊ လယ်ကွင်းများမှ ဒေသတွင်းနေပြည်သူများဖမ်းစီး၍ ရရှိသောငါးရှဥ့်အမျိုးမျိုးကို ဒိုင်များသို့လည်းကောင်း၊ ငါးဈေးများတွင်လည်းကောင်း ရောင်းချကြောင်းသိရသည်။ ငါးရှည့်ဒိုင်များက ရန်ကုန်ဒိုင်ကြီးများသို့ တိုက်ရိုက်တင်ပို့နေပြီး အထူးအရည်အသွေးမီ (Export Quality) သို့မဟုတ် ၁၀ ကျပ်သားအထက် အရွယ်အစားကြီးများက ဈေးပိုကောင်းကြောင်း၊ ယနေ့ ဇူလိုင် ၃ရက်နေ့ ငါးရှဥ့်ဒိုင်များက ဖမ်းဆီးသူများထံမှ တိုက်ရိုက်ဝယ်ယူသည့် ဈေးနှုန်းမှာ တစ်ပိဿာလျှင် ကျပ် ၁၈,၀၀၀ ခန့်ရှိ ဝယ်ယူနေပြီး ဒေသတွင်း ဈေးကွက် လက်လီအရောင်းဆိုင်များတွင် တစ်ပိဿာလျှင် ကျပ် ၂၅,၀၀၀ မှ ၃၀,၀၀၀ အထိ ဈေးပေါက်နေကြောင်း မအူပင်အခွန်လွတ်ဈေးအတွင်း ဈေးရောင်းချသူများထံမှ သိရသည်။ ငါးရှည့်ဈေးသည် ရန်ကုန်တင်ပို့ပါက ၁ပိဿာ လျှင် အမြတ် ၁၀၀၀၀, ၂၀၀၀၀ ကျပ်အထိ အကျိုးအမြတ်ရရှိကြောင်း ငါးရှဥ့်ဒိုင်များမှ သိရှိရပါသည်။

DOCA(ဧရာဝတီ)

မအူပင်ခရိုင်၏ ၂၀၂၅-၂၀၂၆ ခုနှစ်ထွက် (မိုး-နွေ) စပါး/ဆန် ဈေးနှုန်းအခြေအနေ

         ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်သည် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများနှင့် လယ်ယာထွက်ကုန် အခြေခံတန်ဖိုးမြင့်  စားသောက်ကုန်ချောထုတ်လုပ်ငန်းများ မြှင့်တင်ဆောင်ရွက်ရေးလုပ်ငန်းများဖြင့် ဖွံ့ဖြိုးတိုးတက်သော ခရိုင်တစ်ခုဖြစ်သည်။ မအူပင်ခရိုင် လယ်ယာထွက်ကုန် စပါးမျိုးကောင်း မျိုးသန့်များ စိုက်ပျိုးထွက်ရှိသော ခရိုင်တစ်ခုဖြစ်သည်။ မအူပင်ခရိုင်အသီးသီးမှ စပါး၊ ဆန် ထွက်ရှိသော ဆန်ကွဲများကို ရန်ကုန်သို့ အဓိကထားတင်ပို့ပြီး ဆန်ကွဲကို ရန်ကုန် စက်မှုဇုန်ကြီးများ၊ ဆိတ်ကမ်းများသို့ တင်ပိုကြောင်း သိရသည်။

         စပါးဈေးနှုန်း အနေဖြင့် ၂၀၂၅-၂၀၂၆ ခုနှစ် ထွက် (၄၆)ပေါင်စပါးတင်း ၁၀၀ ဈေး (အသစ်)အနေဖြင့် ပေါ်ဆန်း ဈေး ၂၈၅၂၀၀၀ ကျပ်၊ ဧည့်မထ(မိုး) ငွေကျပ် ၁၉၃၂၀၀၀ ကျပ်၊ ဧည့်မထ(နွေ) ငွေကျပ် ၁၇၉၄၀၀၀ကျပ်၊ (၁၀၈)ပေါင် ဆန် ၁အိတ်ဈေး ပေါ်ဆန်း ငွေကျပ် ၁၅၅၀၀၀ကျပ်၊ ဧည့်မထ(မိုး)လတ်စ ၁အိတ် ငွေကျပ် ၈၅၀၀၀ကျပ်၊ ဧည့်မထ(နွေ)လတ်စ ငွေကျပ် ၇၁၀၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း မြို့နယ်ဈေးကွက်အတွင်းမှ သိရပါသည်။ ယခင်နှစ် ဈေးဖြင့်နှိုင်းယှဉ်ပါက ငွေကျပ် ၁၅၀၀၀ကျပ် မြင့်တက်လာကြောင်း၊ ဧည်မထ ဆန် ငွေကျပ် ၂၀၀၀၀ ကျပ် မြင့်တက်လာကြောင်း စိစစ်တွေ့ရှိရပါသည်။

DOCA(ဧရာဝတီ)

မြင်းခြံကုန်စည်ဒိုင်၌ ဆောင်းကြက်သွန်နီ ဈေးနှုန်းအနည်းငယ်မြင့်တက်လာခြင်း

             မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်အတွင်းရှိ  ကြက်သွန်နီ စိုက်ပျိုးရာဒေသများဖြစ်သော ကံဆင့်ရွာ၊ တလုပ်ရွာ၊ တောပုရွာ၊ နနွင်းတော်ဘိုးရွာ၊ ကံရွာ၊ တူရွင်းဘိုးရွာ၊ ကျားတိုင်းရွာနှင့် သင်ပြွန်းရွာတို့တွင် ဆောင်းစိုက် (ပင်စိုက်) ကြက်သွန်နီများကို အဓိကစိုက်ပျိုးကြောင်း၊  မြင်းခြံဈေးကွက်၌ ဆောင်းကြက်သွန်နီသည် ယခုတစ်ပတ်တွင် ဈေးနှုန်းအနည်းငယ်တက်လျက်ရှိပြီး တစ်ရက်လျှင် ပျမ်းမျှကုန်ချိန်(၄၀၀၀၀)ပိဿာခန့် အရောင်းအဝယ် ဖြစ်လျှက်ရှိကြောင်း သိရှိရသည်။

          ၂၀၂၆ခုနှစ်၊ ဇွန်လ(နောက်ဆုံးပတ်)တွင် မြင်းခြံကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်နေသော ကြက်သွန်နီ  ဈေးနှုန်းမှာ  ထိပ်စတစ်ပိဿာလျှင် (၃၆၀၀-၃၈၀၀)ကျပ်၊ အလတ်စ  (၃၃၀၀-၃၅၀၀) ကျပ်၊ အသေးစ (၂၇၀၀-၃၂၀၀)ကျပ်ခန့် ပေါက်ဈေးများရှိခဲ့ကြောင်း၊  ယခင်တစ်ပတ်နှင့် နှိုင်းယှဉ် ပါက ကြက်သွန်နီကြီးစတစ်ပိဿာလျှင် (၄၀၀)ကျပ်၊ အလတ်စတစ်ပိဿာလျှင်( (၃၅၀) ကျပ်၊ အသေးစတစ်ပိဿာလျှင် (၂၅၀)ကျပ်ခန့် ဈေးနှုန်းများမြင့်တက်ခဲ့ကြောင်း၊ တင်ပို့မှုအနေဖြင့် မန္တလေး၊ ရန်ကုန်၊ နေပြည်တော်၊ တောင်ကြီးနှင့် မော်လမြိုင်မြို့များသို့ နေ့စဉ်တင်ပို့ကြောင်း၊  တစ်အိတ်လျှင်ကုန်ချိန်ပိဿာဝင် (၃၀) အိတ်များဖြင့် (၁၀၀၀ မှ ၂၀၀၀ ထိ)တင်ပို့ကြောင်း၊ ဆောင်းကြက်သွန်နီသီးနှံသည် သိုလှောင်ရာတွင် တာရှည်ခံသလို စားသုံးရာတွင် နူးညံ့သောကြောင့် ဈေးကွက်၌ ဝယ်လက်များသဖြင့် ဈေးနှုန်းမြင့်တက်ခြင်း ဖြစ်ကြောင်း၊ ကုန်သည်များထံမှ သိရှိရ ပါသည်။

DOCA(မန္တလေး)

ကန့်ဘလူတွင် ပြောင်းချို စိုက်ပျိုးရောင်းချသူများ အောင်မြင်ဖြစ်ထွန်းကာ အကျိုးအမြတ်များရရှိနေ

   စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် မိသားစုအပို ဝင်ငွေရရှိစေရန်အတွက် ရေသွင်းစိုက်ပျိုးရလွယ်ကူပြီး ဈေးကွက်ခိုင်မာမှုရှိသည့် ပြောင်းချို (Sweet Corn) ကို တိုးချဲ့စိုက်ပျိုးလာကြရာ လက်ရှိအချိန်တွင် အောင်မြင်ဖြစ်ထွန်းပြီး မိသားစုအဆင်ပြေ လျက်ရှိကြောင်း သိရသည်။

    ကန့်ဘလူမြို့နယ်အတွင်းရှိ တောင်သူများသည် ဈေးကွက်အတွင်း အဝယ်လိုက်ပြီး အထွက်နှုန်း ကောင်းမွန်သည့် မျိုးကောင်းမျိုးသန့် ပြောင်းချိုစေ့များကို အဓိကထားရွေးချယ်စိုက်ပျိုးကြသည်။ ပြောင်းချိုသည် စိုက်ပျိုးပြီးနောက် ရက်ပေါင်း ၇၀ မှ ၇၅ ရက် (၂ လခွဲဝန်းကျင်) အတွင်းမှာတင် စတင်ခူးဆွတ်ရောင်းချနိုင်သည်။ ရေသွင်းရေထုတ် ကောင်းမွန်ပါက တစ်နှစ်ပတ်လုံး ရာသီမရွေး စိုက်ပျိုးနိုင်သောကြောင့် တောင်သူများအတွက် မြေလွတ်မထားဘဲ စဉ်ဆက်မပြတ် ဝင်ငွေရရှိစေ သည့် သီးနှံဖြစ်သည်။

    ပြောင်းချိုစိုက်ပျိုးရာတွင် အခြားသီးနှံများနှင့်နှိုင်းယှဉ်ပါက စိုက်ပျိုးစရိတ် သက်သာပြီး အကျိုး အမြတ် ပိုမိုများပြားကြောင်း တောင်သူများထံမှ သိရသည်။ မြေပြုပြင်ခ၊ မျိုးစေ့ဖိုး၊ သဘာဝနှင့် ဓာတ်မြေသြဇာဖိုး၊ သွင်းရေနှင့် လုပ်အားခအပါအဝင် တစ်ဧကလျှင် စိုက်ပျိုးစရိတ် စုစုပေါင်း ကျပ် ၇ သိန်းမှ ၁၀ သိန်းဝန်းကျင်သာ ကုန်ကျသည်။ ပြောင်းချိုတစ်ဧကလျှင် ပျမ်းမျှအဖူးရေ ၈၀၀၀ မှ ၁၀၀၀၀ နီးပါးအထိ ထွက်ရှိပြီး စိုက်ပျိုးစရိတ်အားလုံး နှုတ်ပါက တစ်ဧကလျှင် ကျပ် ၇ သိန်းမှ ၁၀ သိန်းအထိ အသားတင်အမြတ်ငွေ ပြန်လည်ရရှိသဖြင့် တွက်ခြေကိုက်လျက်ရှိသည်။

     လက်ရှိအချိန်တွင် ကန့်ဘလူဒေသထွက် ပြောင်းချိုများသည် အရသာချိုမြိန်ပြီး ဖူးထွက် ကောင်းမွန်သောကြောင့် ဈေးကွက်အတွင်း အဝယ်လိုက်လျက်ရှိသည်။ ပြောင်းချိုအဖူးအကြီး၊ အသေးနှင့် အရည်အသွေးပေါ်မူတည်၍ ခူးဆွတ်ချိန်တွင် ခြံဈေးတစ်ဖူးလျှင် ကျပ် ၂၀၀ မှ ၂၅၀ အထိ မိမိတို့စိုက်ခင်းထဲအထိ လာရောက်ဝယ်ယူကြသည်။ ကန့်ဘလူမြို့ပေါ်ရှိ ကုန်စိမ်းဒိုင်များနှင့် ဒေသတွင်းဈေးများတွင် အရောင်းအဝယ်သွက်လျက်ရှိကြောင်း သိရသည်။ "ပြောင်းချိုက သက်တမ်း လည်းတိုပြီး  စိုက်ပျိုးရသည်မှာ လွယ်ကူသည့်အတွက် စိုက်ပျိုးသူများ အောင်မြင်ဖြစ်ထွန်း လျက်ရှိပါ သည်။ ခူးရသည့် အချိန်တွင်လည်း ပွဲစားများက ခင်းပြတ်ဝယ်ယူ၍ သယ်ယူစရိတ်သက်သာပြီး အကျိုးအမြတ်များရရှိကြောင်း ကန့်ဘလူမြို့နယ်မှ ပြောင်းချိုစိုက်တောင်သူတစ်ဦးက ပြောကြား ခဲ့သည်။

    ကန့်ဘလူမြို့နယ်တွင် စပါးနှင့် အခြားမိုးသီးနှံများအပြင် ယခုကဲ့သို့ သက်တမ်းတိုပြီး တွက်ခြေ ကိုက်သည့် ပြောင်းချိုစိုက်ပျိုးခြင်းလုပ်ငန်းသည် ဒေသခံတောင်သူများ၏ မိသားစုစီးပွားရေးနှင့် လူမှုစီးပွားဘဝကို များစွာအထောက်အကူပြုလျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်တွင် နှမ်းနက်၊ နှမ်းဖြူနှင့် နေကြာသီးနှံများ အရောင်းအဝယ်အေးနေ

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်၌ ယခုတစ်ပတ်အတွင်း နှမ်းနက်၊ နှမ်းဖြူနှင့် နေကြာသီးနှံများ အရောင်းအဝယ်ဖြစ်လျက်ရှိသော်လည်း တောင်သူများ၏ လက်ကျန် ပစ္စည်းနည်းပါးလာခြင်းနှင့် ဝယ်လိုအားပုံမှန်သာရှိနေခြင်းတို့ကြောင့် ဈေးကွက်အခြေအနေမှာ တည်ငြိမ်လျက်ရှိကြောင်း၊ ဒေသခံကုန်သည်များထံမှ သိရသည်။

          ကန့်ဘလူမြို့နယ်၌ နှမ်းနက်တစ်တင်းလျှင် ကျပ် ၁၈၇၀၀၀၊ နှမ်းဖြူတစ်တင်းလျှင် ကျပ် ၁၀၄၀၀၀နှင် နေကြာတစ်တင်းလျှင် ကျပ် ၅၆၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။ မန္တလေးဈေးကွက်နှင့် နှိုင်းယှဉ်ပါက ကန့်ဘလူမြို့နယ်မှ သီးနှံများမှာ သယ်ယူပို့ဆောင် ရေးကုန်ကျစရိတ်နှင့် အရည်အသွေးအလိုက် ဈေးနှုန်းအနည်းငယ်ကွာခြားမှုရှိသော်လည်း အခြေခံ ဈေးနှုန်းမှာတည်ငြိမ်နေကြောင်း သိရသည်။ နှမ်းနက်နှင့် နှမ်းဖြူတို့သည် ဆီစက်လုပ်ငန်းများနှင့် ပြည်ပတင်ပို့မှုလိုအပ်ချက်ကြောင့် ဝယ်လိုအားဆက်လက်ရှိနေပြီး နေကြာမှာလည်း စားသုံးဆီထုတ် လုပ်ရေးလုပ်ငန်းများ၏ ဝယ်ယူမှုကြောင့်ပုံမှန် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။

    ဒေသခံကုန်သည်တစ်ဦးကလက်ရှိမှာ တောင်သူလက်ထဲသီးနှံများ လက်ကျန် နည်းသော်လည်း  ပုံမှန်အရောင်းအဝယ်ဖြစ်နေကြောင်း၊ မန္တလေးဈေးကွက်နှင့် အရောင်းအဝယ်ပြု လုပ်သည့်အတွက်  ဈေးနှုန်းအနည်း ငယ် အတက်အကျရှိနိုင်ပြီး လတ်တလောတော့ တည်ငြိမ် နေကြောင်း သိရသည်။

   ယခုမိုးရာသီကာလအတွင်း စိုက်ပျိုးရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက် နေပြီဖြစ်ရာ  ရာသီဥတုအခြေအနေနှင့် မန္တလေးဈေးကွက်ဝယ်လိုအားအပေါ်မူတည်၍ နှမ်းနှင့်နေကြာဈေးနှုန်းများ အပြောင်အလဲရှိလာနိုင်ကြောင်း သီးနှံရောင်းဝယ်ရေးလုပ်ငန်းရှင်များက သုံးသပ်ထားသည်။ ကန့်ဘလူမြို့နယ်တွင် ဆီထွက်သီးနှံများ ဈေးကွက်ခိုင်မာလာခြင်းကြောင့် တောင်သူများအနေဖြင့် မိုးရာသီနှင့် လာမည့်ဆောင်းရာသီ စိုက်ပျိုးရာသီများ၌ ဆီထွက်သီးနှံ စိုက်ပျိုးထုတ်လုပ်မှုကို ပိုမိုတိုးမြှင့်လုပ်ကိုင်ရန် ပြင်ဆင်လျက်ရှိကြောင်း သတင်းရရှိသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း