Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ပန်းတနော်မြို့နယ်တွင် စိုက်ပျိုးထွက်ရှိ‌သော ကိုင်းခရမ်းချဉ်သီး ဈေးနှုန်းဈေးကွက်နှင့် တစ်ဧက အကျိုးအမြတ်

          ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်၊ ဘဝိုင်းကျေးရွာအုပ်စု၊ ဆယ်နှစ် ကျေးရွာ၌ ပဲ၊ နေကြာ၊ ပြောင်းနှင့် အခြားသီးပင်စားပင်များကို ရာသီအလိုက် စိုက်ပျိုးကြပြီး ခရမ်းချဉ်သီးနှံကိုလည်း စိုက်ဧက ၁၀ ဧကခန့် စိုက်ပျိုးထားရှိကြောင်း သိရသည်။

          ခရမ်းချဉ်သီးနှံကို ၂၀၂၅ခုနှစ် စက်တင်ဘာလတွင် စတင်စိုက်ပျိုး၍ စိုက်ပျိုးပြီး ၃ လခန့် အကြာ ၂၀၂၆ခုနှစ် ဇန်နဝါရီလတွင် စတင်ခူးဆွတ်ရကြောင်း၊ မျိုးအနေဖြင့် ကိုင်းခရမ်းချဉ် သီးမျိုးများကို စိုက်ပျိုးကြပြီး တစ်ဧကလျှင် မျိုးစေ့ထုတ် ၂၀ ထုပ်ခန့် စိုက်ပျိုးရကြောင်း၊ စိုက်ပျိုးရာတွင် မျိုးစေ့ကိုပျိုးထောင်ပြီး အပင်သက်တမ်း ၁လ အရွယ်တွင် မြေချ၍ ဘောင်ခတ်စနစ်ဖြင့် စိုက်ပျိုးရကြောင်း၊ စိုက်ပျိုးမှုကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ မြေပြုပြင်ခ၊ လုပ်သားခအပါအဝင် တစ်ဧကလျှင် စုစုပေါင်း ငွေကျပ် ၂၈-၃၀ သိန်းခန့် ကုန်ကျကြောင်း၊ ယခင်နှစ် အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် ပိဿာချိန် ၅၀၀၀-၆၀၀၀ ထွက်ရှိပြီး မြေအနေအထားနှင့် သီးနှံဖြစ်ထွန်း အောင်မြင်မှုအပေါ်မူတည်၍ အထွက်နှုန်းကွာခြားမှုများရှိကြောင်း၊ ဈေးနှုန်းအနေဖြင့် သီးနှံပေါ်စအချိန်တွင် ခရမ်းချဉ်သီး လက်ကားဈေး တစ်ပိဿာလျှင် ငွေကျပ် ၈၀၀၀ ဖြင့် ရောင်းချရပြီး ဖေဖော်ဝါရီလက ၁ပိဿာ ၅၀၀၀ကျပ်ကျဆင်းလာကြောင်း ယခု မတ်လ ကိုင်းခရမ်းချဉ်းသီးပေါ်ချိန်တွင် ၁ပိဿာလျှင် ၄၀၀၀ ကျပ်သာရှိတောကြောင်း၊ အကျိုးအမြတ်အနေဖြင့် တစ်ဧကလျှင် အရင်းအနှီးနှုတ်ပြီး ငွေကျပ် သိန်း ၂၀-၂၅ ခန့် ရရှိကြောင်း သိရှိရပါသည်။

       ဈေးကွက်အနေဖြင့် ရန်ကုန်တင်ပို့ခြင်း မြို့နှင့်နီစပ်ရာဒေသများသို့တင်ပို့ပြီး ကုန်စိမ်းဒိုင်များသို့ တင်ပို့ရောင်းချကြောင်း၊  ကိုင်း ခရမ်းချဉ်သီးနှံပေါ်ချိန်တွင် အထွက်နှုန်းကောင်းမွန်ပြီး ဈေးကောင်းရရှိပါက အကျိုးအမြတ်များ ပိုမိုရရှိနိုင်ကြောင်း တောင်သူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(ဧရာဝတီ)

ညောင်တုန်းမြို့နယ် တောင်သူ၊ ကုန်သည်၊ စက်ပိုင်၊ ဆန်ဆိုင် စပါး/ဆန် မြေပြင်လက်ကျန် အခြေအနေ

        ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်အတွင်း စပါး/ဆန် သိုလှောင်ထားရှိသူများကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အမိန့် ၈၂/၂၀၂၄ စီးပွားရေးလုပ်ငန်း ဆောင်ရွက်ရန်အလို့ငှာ ဆန်တန်ချိန် ၂၅ နှင့် အထက် သိုလှောင်ရုံ သို့မဟုတ် စပါးတင်း ၂၅၀၀ နှင့် အထက် သိုလှောင်ရုံတစ်မျိုးမျိုးကို ပိုင်ဆိုင်သူသည် www.myro.com.mm တွင်. သတ်မှတ်ထားသည်နှင့်အညီ မှတ်ပုံတင်လျောက်ထားရန်ထုတ်ပြန်ခဲ့ပြီး သိုလှောင်ထားရှိသူ လုပ်ငန်းရှင်များမှာ myro တွင်မှတ်ပုံတင်ထားရှိပြီး ညောင်တုန်းမြို့နယ်အနေဖြင့် ၇၈ လုံး သိုလှောင်ရုံ မှတ်ပုံတင်ထားရှိပြီး ဖြစ်ပါသည်။

          မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်မှ  တောင်သူ၊ စက်ပိုင်၊ ကုန်သည်တို့ သိုလှောင်ထားရှိရာ လုပ်ငန်းများတွင် စပါး ဆန်လက်ကျန်စာရင်းများကို  လစဉ် လဆန်း ၇ရက်နေ့တွင် myro၌ ကုန်ရ၊ ကုန်ထုတ်၊ လက်ကျန် စပါး/ဆန် ဖြည့်သွင်းရေးအခြေအနေများ ဖြည့်သွင်းဆောင်ရွက်နိုင်ရေးကို ကြပ်မတ်ဆောင်ရွက်လျက်ရှိပြီး စာရင်းကောက်ယူခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။ လိုအပ်ပါက ဒေသန္တရာအဖွဲ့အစည်းများဖြင့် မြေပြင် ကွင်ဆင်းအမှန်တကယ် သိုလှောင်မှု အခြေအနေများကို ကွင်ဆင်းခြင်းများ လုပ်ဆောင်လျက်ရှိသည်။ ညောင်တုန်းမြို့နယ် ဖေဖော်ဝါရီလ (၂၈) နေ့နောက်ဆုံး ဆန်/စပါး လက်ကျန်အခြေအနေများမှာ စပါးအနေဖြင့် တောင်သူ ၁၂၂၂၁၄၂ တင်း၊  ဆန်အနေဖြင့် ၅၃၆၂ အိတ်၊  ကုန်သည် စပါးတင်း ၁၃၂၄၀၀ တင်း၊ ဆန်အနေဖြင့် ၄၂၀၀ အိတ်၊ ဆန်စက်ပိုင်ရှင် စပါးသိုလှောင်  ၇၀၂၉၃၄ တင်း၊ ဆန်အနေဖြင့် ၅၀၂၀၃၃ အိတ်၊ ဆန်ဆိုင်များမှ ၂၉၄၀ အိတ်၊  စုစုပေါင်း စပါးတင်း ၂၀၅၇၄၇၉၊ ဆန် ၅၁၄၅၃၅ အိတ် MyRo တွင် ဖြည့်သွင်းဆောင်ရွက်ရှိကြောင်းနှင့် မြို့နယ် နယ်မြေလုပ်ငန်းရှင်များမှ သိုလှောင်မှု မြေပြင်လက်ကျန်စာရင်းဖြစ်ကြောင်း  သိရှိရပါသည်။

DOCA(ဧရာဝတီ)

၂၀၂၆ ခုနှစ် ပီလောပီနံ ထွက်ကုန်ပစ္စည်းများ၏ ဈေးနှုန်း အခြေအနေ

           ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်သည် ပီလောပီနံသီးနှံအား ကျေးလက်ဒေသရှိ ဥယျာဉ်မြေ၊ ခြံ မြေများတွင် လွန်ခဲ့သော နှစ်များစွာကပင် အစဉ်အဆက်စိုက်ပျိုးခဲ့ကြပြီး ကျုံပျော်ခရိုင်၏ အဓိကစိုက်ပျိုးသည့် သီးနှံ (၁၃) မျိုးတွင်လည်း အပါအဝင်ဖြစ်ပါသည်။ ကျုံပျော်ခရိုင်၏ ယခုနှစ် ပီလောပီနံ စိုက်ပျိုးဧက စုစုပေါင်း (၁၉၀၁၉) ဧက၏ ၉၁.၀၃% မှာ ကျုံပျော်မြို့နယ်၏ ပီလောပီနံ စိုက်ဧကဖြစ်ပြီး ဧက (၁၇၅၀၄) စိုက်ပျိုး ထားပါသည်။ တစ်ဧက ပျမ်းမျှ ပီလောပီနံဥ ပိဿာ (၃၀၀၀) အထက်ထွက်ရှိကြပါသည်။

         ပီလောပီနံဥ ပိဿာ (၁၀၀) ကြိတ်ခွဲပါက ပီလောပီနံကော်မှုန့် (၂၇) ပိဿာခန့်နှင့်ပီလောပီနံ (အလုံး) တစ်တင်းခွဲခန့် ထွက်ရှိပါသည်။ ယခင်နှစ် ပီလောပီနံထွက်ကုန်ပစ္စည်းများ၏ ဈေးနှုန်းများမှာ ပီလော ပီနံဥ တစ်ပိဿာ (၃၅၀) ကျပ် ဝန်းကျင်၊ ပီလောပီနံကော်မှုန့် တစ်ပိဿာလျှင် (၁၄၀၀-၁၅၀၀) ကျပ် နှင့် ပီလောပီနံ အလုံးတစ်တင်းဈေးမှာ (၁၅၀၀) ကျပ်ဝန်းကျင်သာရှိခဲ့ပါသည်။

         ယခုနှစ် ပီလောပီနံသီးနှံ စတင်ပေါ်ထွက်ချိန်တွင် ပီလောပီနံဥဈေးမှာ တစ်ပိဿာ (၆၅၀- ၈၅၀) ကျပ်ထိ အမြင့်ဆုံးရရှိခဲ့ကြပါသည်။ ကော်မှုန့်ဈေးမှာ ဒေသဈေး တစ်ပိဿာ (၃၇၀၀-၃၈၀၀) ကျပ်မှ အမြင့်ဆုံး (၄၀၀၀) ကျပ် အထိ ရှိခဲ့ပြီး ပီလောပီနံ အလုံးတစ်တင်းဈေးမှာ (၅၀၀၀-၅၅၀၀-၆၀၀၀) ကျပ်ထိ ဝယ်ယူခဲ့ကြပါသည်။

            စိုက်ပျိုးသူတောင်သူများမှ ကိုယ်တိုင်တူးဖော်၍ ဒေသတွင်းစက်များသို့ ထော်လာဂျီများဖြင့်တင်၍ သွားရောက်ရောင်းချခြင်းနှင့် အချို့တောင်သူများမှ ပီလောပီနံကြိတ်ခွဲသည့် စက်ပိုင်များသို့ အခင်းပြတ်ရောင်းချထားပြီး စက်ပိုင်မှ တူးယူကြိတ်ခွဲခြင်းများလည်း ရှိကြပါသည်။ ထွက်ရှိ ပီလောပီနံကော်မှုန့်များနှင့် ပီလောပီနံကြိတ်ဖတ် အလုံးများအား စက်ပိုင်နှင့် ကုန်သည်များမှဒေသပေါက်ဈေးဖြင့် ဝယ်ယူကြပါသည်။

          ပီလောပီနံကော်မှုန့်များအား ထွက်ရှိမှုအတိုင်းလည်းကောင်း၊ အချို့ကုန်သည်များမှ ကုန်ချောမှုန့်အဖြစ် ထပ်မံကြိတ်ခွဲပြီးလည်းကောင်း ရန်ကုန်၊ မန္တလေးနှင့် စစ်ကိုင်းဒေသရှိ မုန့်လုပ်ငန်းများနှင့် ချိတ်ဆက်တင်ပို့ရောင်းချလျက်ရှိကြပါသည်။

          ပီလောပီနံ ကြိတ်ဖတ်များကို အလုံးပြုလုပ်၍ အခြောက်လှမ်းထားသော ပီလောပီနံအလုံး (သို့မဟုတ်) ကလောလုံးများအား အမှုန့်အဖြစ်ကြိတ်ခွဲ၍လည်းကောင်း၊ အလုံးအတိုင်းလည်းကောင်း တွံ့တေးနှင့် ဆားမလောက်ဒေသရှိ ငါးကန်းများမှ ငါးစာအဖြစ် အများစုမှာယူကြပါသည်။ ၎င်းအပြင် ပဲခူးတိုင်းရှိ တိရစ္ဆာန် အစာတောင့်စက်ရုံများသို့လည်း ပေးပို့ရောင်းချကြပါကြောင်း သိရှိရပါသည်။

             ဒေသထွက် ပီလောပီနံကော်မှုန့်နှင့် ပီလောပီနံ အလုံးဈေးကွက်မှာ ပြည်တွင်းလုပ်ငန်းများ၏ ဝယ်လိုအားပေါ် တည်မှီနေသော်လည်း ယခုနှစ်ရရှိသော ပီလောပီနံထွက်ကုန် ပစ္စည်းများ၏ ဈေးနှုန်းဈေးကွက် အနေအထားအရ ပီလောပီနံစိုက်ပျိုးသူ တောင်သူများအတွက် သင့်တင့်သည်ထက် အကျိုးအမြတ်ရရှိစေပါကြောင်း လေ့လာသိရှိရပါသည်။

DOCA (ဧရာဝတီ)

တိုင်းဒေသကြီး/ပြည်နယ် မြို့နယ်များအလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါးနှင့် ဥ‌ဈေးနှုန်းများ(၁၂-၃-၂၀၂၆)

တိုင်းဒေသကြီး/ပြည်နယ် မြို့နယ်များအလိုက် ၁၂-၃-၂၀၂၆ ရက်နေ့တွင် ဖြစ်ပေါ်လျက်ရှိသော ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါးနှင့် ဥ‌ဈေးနှုန်းများကို ပူးတွဲပါ ဖိုင်တွင် ကြည့်ရှုနိုင်ပါသည်-

ရွှေဘိုဈေးကွက်တွင်  ကုလားပဲလုံးနှင့် ကုလားပဲဆံဈေးငြိမ်ပြီး  အရောင်းအဝယ်ဖြစ်လျက်ရှိ

                 စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်တွင် စပါးကိုအဓိကစိုက်ပျိုးကြပြီး ပဲမျိုးစုံသီးနှံများကို အနည်းငယ်သာစိုက်ပျိုးသော်လည်း သက်ဆိုင်ရာဌာန၏ ၂၀၂၅-၂၀၂၆ခုနှစ် ရွှေဘိုခရိုင် ဆောင်းသီးနှံ စိုက်ပျိုးမှုစာရင်းများအရ ကုလားပဲ(၃၀၁၄၃)ဧကစိုက်ပျိုးကြောင်း သိရှိရပါသည်။ ဒေသထွက် ကုလားပဲများမှာ ဇန်နဝါရီလ၊ ဒုတိယအပတ်မှစတင်၍ ဈေးကွက်အတွင်းသို့ ဝင်ရောက်ခဲ့ပြီး ရွှေဘိုခရိုင်အနေဖြင့် ကုလားပဲစိုက်ပျိုးမှုရှိသော်လည်း ထွက်ရှိသည့်ကုလားပဲများကို ကုန်ကြမ်းအဖြစ်သာ ရောင်းချပြီး ပဲခွဲစက်ဖြင့်ခွဲ၍ ကုလားပဲဆံများ ရောင်းချမှုမရှိသည့်အတွက် ရွှေဘိုမြို့တွင်ရောင်းချသည့် ကုလားပဲဆံများကို မန္တလေးမြို့မှ ဝယ်ယူရောင်းချကြောင်း သိရှိရပါသည်။

              ရွှေဘိုမြို့ ဈေးကွက်အတွင်း မတ်လ၊ ပထမအပတ်တွင် ရောင်းချသည့် ကုလားပဲလုံးဈေးနှုန်းမှာ ()ပြည်လျှင် (၆၀၀ဝိ/-)ကျပ်နှင့် တစ်တင်းလျှင်(၉၆၀၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကို နှိုင်းယှဉ်ပါက ယခင်အပတ်၌ ကုလားပဲ လုံး(၁)ပြည်လျှင် (၆၀၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတူညီကြောင်း၊  အဝင်/အထွက်ပုံမှန်သာရှိကြောင်း၊ ဈေးကွက်အနေဖြင့် ဒေသတွင်းရှိစားသုံးသူများ၊ တစ်ဆင့်ပြန်လည်ရောင်းချမည့်သူများ၊ ကုလားပဲသုတ်ရောင်းချသူများမှ ဝယ်ယူကြကြောင်း ပဲမျိုးစုံ ရောင်းချသည့်ဆိုင်များမှ သတင်း ရရှိပါသည်။

            ရွှေဘိုမြို့ဈေးကွက်အတွင်း မတ်လ၊ ပထမအပတ်တွင်ရောင်းချသည့် ကုလားပဲဆံဈေးနှုန်း မှာ()ပြည်လျှင်(၇၈၀ဝိ/-)ကျပ်နှင့် တစ်တင်းလျှင်(၁၂၄၈၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကို နှိုင်းယှဉ်ပါက ယခင်အပတ်၌ ကုလားပဲဆံ (၁)ပြည်လျှင်(၇၈၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ် ဖြစ်သည့်ဈေးနှုန်းတူညီကြောင်း၊ ရွှေဘိုမြို့ ဈေးကွက်အတွင်းသို့ ကုလားပဲဆံအသစ်များ ဝင်ရောက်ခြင်း မရှိသေးကြောင်း၊ ကုလားပဲဆံအသစ်များ ရွှေဘိုဈေးကွက်သို့ဝင်ရောက်ခြင်းမရှိသေးဘဲထိုင်ဝမ်ကုလားပဲဆံအဟောင်းများသာရောင်းချလျက်ရှိပြီးအရောင်းအဝယ်ပုံမှန်သာရှိကြောင်း၊ ဈေးကွက် အနေဖြင့် တစ်ဆင့်ပြန်လည်ရောင်းချမည့်သူများ၊ ကိုယ်တိုင်ကြော်သည့် ကုလားပဲဆံကြော်ဖိုများ၊ အလှူမင်္ဂလာပွဲလမ်း ဆောင်ရွက်မည့်သူများမှ ဝယ်ယူကြကြောင်း ပဲမျိုးစုံရောင်းချသည့်ဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

မအူပင်မြို့နယ် လယ်ကိုင်းကျေးရွာ၌ ပြောင်းသီးနှံစိုက်ပျိုးခြင်းဖြင့် အကျိုးအမြတ်ရရှိ

            ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့၊ အရှေ့ဘက်ကမ်းကျေးရွာအုပ်စုရှိ လယ်ကိုင်းကျေးရွာတွင် သီးနှံမျိုးစုံစိုက်ပျိုးကြပြီး ပြောင်းသီးနှံများကို စိုက်ဧက ၄၂၇၀ ဧကခန့် စိုက်ပျိုးထားရှိကြောင်း သိရသည်။ ဖူးစားပြောင်းကို စိုက်ပျိုးကာလမတူညီပဲ တောင်သူများစိုက်ပျိုးကြကြောင်း ၂၀၂၅ခုနှစ် ဩဂုတ်လက စိုက်ပျိုးသူများလည်းရှိကြောင်း ပွင်းလင်းရာသီတွင် စတင်စိုက်ပျိုးကြပြီး ၂၀၂၆ခုနှစ် ဇန်နဝါရီလအထိ စိုက်ပျိုးလျက်ရှိကြောင်းသိရသည်။

          ပြောင်းသီးနှံကို ၂၀၂၅ခုနှစ် ဒီဇင်ဘာလတွင် စတင်စိုက်ပျိုး၍ စိုက်ပျိုးပြီး ၂ လကျော်အကြာ ၂၀၂၆ခုနှစ် ဖေဖော်ဝါရီတွင် ခူးဆွတ်ရကြောင်း၊ မျိုးအနေဖြင့် သကြားပြောင်းနှင့် ပြောင်းစီး(အဖြူ) မျိုးများကို စိုက်ပျိုးကြပြီး တစ်ဧက လျှင် မျိုးထုပ် ၄ ထုပ်ခန့် ကုန်ကျကြောင်း၊ စိုက်ပျိုးရာတွင် ထွန်ကြောင်းဆွဲအစေ့ချစနစ်ဖြင့် စိုက်ပျိုးကြပြီး စိုက်ပျိုးမှုကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ မြေပြုပြင်ခ၊ လုပ်သားခအပါအဝင် တစ်ဧက လျှင် ငွေကျပ် ၇၀၀၀၀၀ ခန့် ကုန်ကျကြောင်း၊ ယခင်နှစ်အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် ပြောင်းဖူးအရေအတွက် ၄၀၀၀ ခန့် ထွက်ရှိရာ ယခုနှစ် ၅၀၀၀ခန့် ထွက်ရှိကြောင်းသိရသည်။  စိုက်ပျိုးမြေ အနေအထားနှင့် သီးနှံဖြစ်ထွန်းအောင်မြင်မှုအပေါ်မူတည်၍ သီးနှံအထွက်နှုန်းများ ကွဲပြားမှုရှိကြောင်း၊ ဈေးနှုန်းအနေဖြင့် ပြောင်းဖူးတစ်ဖူးလျှင် စတင်ပေါ်ပေါက်ချိန် ၂၀၂၅ခုနှစ် အောက်တိုဘာလက လက်ကား ဈေး ငွေကျပ် ၇၀၀ နှုန်းဖြင့် ဈေးပေါ်ပေါက်ခဲ့ပြီး၊ ယနေ့ စိုက်ပျိုးထွက်ရှိသော ပြောင်းဖူးလက်ကားဈေးမှာ ၃၀၀ကျပ်ခန့်သာ ရောင်းချရပြီး အကျိုးအမြတ်အနေဖြင့် တစ်ဧကလျှင် ကျပ် ၈ သိန်းခန့် ရရှိခဲ့ကြောင်း၊ ဈေးကွက်အနေဖြင့် မအူပင်မြို့ပေါ်ရှိ ကုန်စိမ်းပွဲရုံများသို့လည်းကောင်း၊ ရန်ကုန်မြို့သို့လည်း တင်ပို့ရောင်းချလျက်ရှိရာ ပြောင်းသီးနှံစိုက်ပျိုးခြင်းဖြင့် တောင်သူများ အကျိုးအမြတ်ရရှိကာ အဆင်ပြေလျက်ရှိကြောင်း ပြောင်းစိုက်တောင်သူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(ဧရာဝတီ)

ကြံစိုက်ပျိုး ထွက်ရှိမှုမှ တောင်သူဝင်ငွေရ

        မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် ရှမ်းစုကျေးရွာအုပ်စု၊ ရေကျော်ကျေးရွာတွင် တောင်သူ ဦးဝင်းမောင်မှ ကြံစိုက်ပျိုးထားကြောင်းသိရပြီး နှစ်စဉ် စီးပွားဖြစ် စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။ ဓနုဖြူမြို့နယ် ကြံစိုက်ပျိုးဧက (၃၈)ဧကရှိသည်။

        ကြံစိုက်ပျိုးမှု မျိုးအနေဖြင့် ကြံအညိုကို စိုက်ပျိုးပြီး စိုက်ဧက ၀.၅၀ ဧကတွင် စိုက်ခင်း ၃ခင်း စိုက်ပျိုးထားကြောင်း၊ ကြံအပင်ရေ ၁၀၀၀၀ ပင် စိုက်ပျိုးထားပြီး ၊ ကြံမျိုး ၁ပင်လျှင် ၅၀၀/-ကျပ်ဖြင့် ဝယ်ယူစိုက်ပျိုးရသည်။ ၂၀၂၅ခုနှစ် ဩဂုတ်လတွင် စတင်စိုက်ပျိုးခဲ့ပြီး စိုက်ပျိုးပြီး ၈လ အကြာတွင် ၂၀၂၆ခုနှစ် မတ်လဆန်းတွင် စတင်ရောင်းတမ်းဖြန့်ချီမည်ဖြစ်ကြောင်း စိုက်ပျိုးသူထံမှ သိရသည်။ ကြံမျိုးပင်သည် တစ်နှစ်သက်တမ်းအကြာထွက်ရှိပြီး စိုက်ပျိုးမှု ကုန်ကျစရိတ် မျိုး၊ သွင်းအားစု၊ လုပ်သားခ၊ ရေတင်ခ၊ အနေဖြင့်  ကြံညို   သိန်း ၇၀ ခန့် ကုန်ကျကြောင်း သိရသည်။  ယခင်နှစ် ၂၀၂၅ခုနှစ် မတ်လက ကြံထွက်ရှိရောင်းချမှု လက်ကားဈေးအနေဖြင့် တစ်ချောင်းလျှင် ၁၀၀၀ ကျပ်ဈေးအရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ ယခုနှစ် ၂၀၂၆ခုနှစ်တွင် ကြံဈေးနှုန်းအနေဖြင့် ၁၃၀၀-၁၅၀၀ကျပ် ယနေ့ ဈေးပေါက်နေပြီး  ကြံထွက်ရှိမှုအနေဖြင့် အပင်တစ်သောင်းတွင် အလေအလွင့်နှုတ်ပြီး ၇၀၀၀ခန့် ထွက်ရှိနိုင်ကြောင်း၊ ဈေးနှုန်းအပြောင်းအလဲပေါ်မူတည်၍ အကျိုးအမြတ်ကျန်ရှိနိုင်ပြီး စိုက်ဧကတွင် ပျမ်းမျှ ငွေကျပ် ၂၅-၃၀ သိန်းခန့် ကျန်ရှိနိုင်ကြောင်း စိုက်ပျိုးသူ တောင်သူထံမှ သိရှိရပါသည်။

DOCA(ဧရာဝတီ)

မင်းဘူးမြို့နယ်ရှိ ကျေးရွာအချို့တွင် မေမြို့ပန်းစိုက်ပျိုးခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိနေ

           မကွေးတိုင်းဒေသကြီး၊မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ် ကျောက်တန်းကျေးရွာနှင့် ရေတွင်းကုန်း ကျေးရွာရှိ တောင်သူများသည် ဆားပွက်ချောင်းရေကိုအမှီပြု၍ မေမြို့ပန်းများစိုက်ပျိုးရောင်းချလျက်ရှိရာ ယခုနှစ်တွင် အပင်များအောင်မြင်ဖြစ်ထွန်း၍ မိသားစုအပိုဝင်ငွေရလျက်ရှိကြောင်း သိရ သည်။

          မေမြို့ပန်းစိုက်ပျိုးရာတွင် ယခင်နှစ်ကချန်ထားသောမျိုးစေ့များကို ပျိုးထောင်စိုက်ပျိုးကြ ကြောင်း၊ နတ်တော်လတွင်စိုက်ပျိုးကြပြီး အပင်သက်တမ်း(၃)လခန့်ရှိလျှင် ဈေးကွက်တွင်ရောင်းချ နိုင်ကြောင်း၊ ဆောင်းရာသီတွင်စိုက်ပျိုးလျှင် အပင်များပိုမိုအောင်မြင်ဖြစ်ထွန်းကြောင်း၊ အပင်ကို ဘောင်ဖော်၍စိုက်ပျိုးရပြီး ရေဝပ်ခြင်းကိုမကြိုက်ကြောင်း၊ မြေတောင်မြှောက်ခြင်း၊ ပေါင်းထိုးခြင်း၊ ခေါင်နှိမ်ခြင်းများလည်းပြုလုပ်ပေးရကြောင်း၊ အပင်အားမြေဩဇာကျွေး၍ တစ်ပတ်လျှင်တစ်ကြိမ် ခန့် ပိုးသတ်ဆေးဖြန်းပေးရကြောင်း၊ သို့မှသာ အပင်ပိုးမကျဘဲ ရောင်းပန်းလှကြောင်း၊ အပင်ရေ (၂၀၀၀)ခန့် တစ်ပိုင်တစ်နိုင်စိုက်ပျိုးကြကြောင်း၊ မေမြို့ပန်းအမျိုးမျိုးရှိရာ အက်စတာ၊ ကြက်လည်ဆံ၊ ရိုးစိမ်းကျောက်နီ၊ ခိုပြာမျိုးများကို ပိုမိုအားထားစိုက်ပျိုးကြကြောင်း သိရသည်။ ၂၀၂၆ခုနှစ်၊ မတ်လ ဆန်းတွင် မေမြို့ပန်းလက်ဆုပ်  တစ်စည်းလျှင် (၁၀၀၀)ကျပ်မှ(၁၂၀၀)ကျပ်ခန့်ထိ ဈေးကောင်းရရှိပြီး ဝယ်လို အားပေါ်မူတည်၍ တစ်ခါခူးဆွတ်လျှင် အစည်းရေ(၅၀)မှ(၁၀၀)ခန့်ထိ ခူးဆွတ်ရောင်း ချကြကြောင်း၊ မင်းဘူးမြို့နယ်ထွက် မေမြို့ပန်းများကို ပွင့်ဖြူ၊ မင်းဘူး၊ စကု၊ မကွေးမြို့များသို့ တင်ပို့ရောင်းချရာ မိသားစု အပိုဝင်ငွေရရှိပြီး အဆင်ပြေလျက်ရှိကြောင်း သိရသည်။

DOCA(မကွေး)

 

ဇီးကုန်းမြို့တွင်ငရုတ်သီးစိမ်းစိုက်ပျိုးခြင်းဖြင့် ဝင်ငွေများရရှိ

           ဇီးကုန်းမြို့နယ်၊ ဥယျာဉ်ခြံမြေများ၌ မိသားစု အပိုဝင်ငွေရရှိစေရန် တစ်နိုင်တစ်ပိုင် စိုက်ပျိုးသည့်  ဒေသထွက် ငရုတ်သီးတောင့်များ ဆွတ်ခူးချိန် လှိုင်လှိုင်ထွက်ပြီး ဈေးကောင်းလည်းရရှိသဖြင့် ကန္တလီကျေးရွာမှ ငရုတ်သီး တစ်နိုင်တစ်ပိုင်စိုက်ပျိုးသူများ မိသားစုဝင်ငွေတိုးကာ စီးပွားရေးအဆင်ပြေလျက်ရှိကြောင်း သိရ သည်။

               ကန္တလီကျေးရွာရှိ ခြံစိုက်တောင်သူများက ငရုတ်သီးပင်များကို အများအားဖြင့် မြေအစိုဓာတ်ဖြင့်သာကြီးထွားပြီး အပင်(၃)လသား၌ အပင်သန်ဆေးအား ပိုးသတ်ဆေးတို့ကို ဖျန်းပေးရသည်။ ငရုတ်ခင်းအတွင်းပေါင်းမြက်ရှိပါက ပေါင်းလိုက်ပေးရသည်။ ကန္တလီကျေးရွာရှိ စိုက်ပျိုးသည့် ငရုတ်သီးမျိုးမှာ မိုးမျှော်သီး ဒေသခေါ်ကုလားအော်သီးမျိုးများကိုသာ အဓိကထားစိုက်ပျိုးကြပြီး ငရုတ်သီးက စပ်သည့်အတွက် ဒေသခံပြည်သူများအလွန်ကြိုက်နှစ်သက်သောကြောင့် ဈေးကွက်ဝင်ကြောင်း နွေငရုတ်သီးကို နှစ်လလျှင် တစ်ကြိမ်ခူးဆွတ်ရောင်းချနိုင်ပြီးဖြစ်ကြောင်း ယခုလို ခူးဆွတ်ချိန်တွင် တစ်ပိသာလျှင် (၁၀၀၀၀)ကျပ်ခန့်  ဖောက်သည်ပေးရပြီး တစ်ခါ ခူးဆွတ်လျှင် (၆) ပိဿာ ခန့်ရသဖြင့် တစ်ပတ်ကို ဝင်ငွေ (၆၀၀၀၀)ကျပ်ရရှိကြောင်း  ငရုတ်သီးများ စနစ်တကျစိုက်ပျိုးသူ တစ်ဦး၏ ပြောပြချက်အရ သိရသည်။ 

 DOCA(ပဲခူး)

ပေါင်းတည်မြို့နယ်အတွင်းရှိမတ်ပဲစိုက်တောင်သူများပဲဈေးနှုန်းပိုမိုရှိရန်ယခုနှစ်မျှော်မှန်း

                  ပေါင်းတည်မြို့နယ်အတွင်းရှိ အဓိကစိုက်ပျိုးခဲ့သည့် မတ်ပဲဧက (၄၂၀၀၀)ကျော် စတင်ရိတ် သိမ်းလျှက်ရှိပြီး ပဲခူးတိုင်းဒေသကြီး ပေါင်းတည်မြို့နယ်ရှိ တောင်သူများသည် အဓိကသီးနှံအဖြစ် ပဲမျိုးစုံစိုက်ပျိုးကြရာယခုနှစ်တွင်မတ်ပဲဧက(၄၂၀၀၀)ကျော် စိုက်ပျိုးရာ အောင်မြင်ဖြစ်ထွန်းခဲ့ပြီး ဒေသခံတောင်သူများအနေဖြင့် မတ်ပဲသီးနှံများကို ယခုရက်ပိုင်းအတွင်းမှာ စတင်ရိတ်သိမ်းလျက် ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရပါသည်။

          ထိုသို့ ပဲမျိုးစုံစိုက်ပျိုးရာတွင် မျိုးကောင်းမျိုးသန့် အထွက်ကောင်းမျိုးကို အားထားစိုက်ပျိုးခဲ့ ကြကြောင်း နိုင်ငံတော်မှ မတ်ပဲသီးနှံအပါအဝင် ပဲမျိုးစုံစိုက်ပျိုးထုတ်လုပ်ရေးကို အလေးထားအား ပေးလျက်ရှိရာ တောင်သူများ၏ စိုက်ပျိုးရေးစရိတ်လိုအပ်ချက်များ စိုက်ပျိုးရေးနည်းပညာများနှင့် သွင်းအားစုများကို ကူညီဖြည့်ဆည်း ပေးခဲ့ကြောင်း တောင်သူအကျိုးစီးပွား ကြိုဖြစ်ထွန်းနိုင်ရေးနှင့် သီးနှံပိုကုန်တိုးတက်ရေးတို့အတွက် မတ်ပဲသီးနှံ အနေဖြင့် ပန်းတိုင်အထွက်နှုန်းသတ်မှတ်ချက် တစ်ဧက(၂၅)ရာခိုင်နှုန်း ပြည့်မီကျော်လွန်အောင် ထုတ်လုပ်ရရှိနိုင် ရေးအတွက် မြို့နယ်စိုက်ပျိုး ကြီးကြပ်ရေးကော်မတီအဖွဲ့က တောင်သူများနှင့် တွေဆုံဆွေးနွေးကာ ပူးပေါင်း ကူညီကြိုးစား အားထုတ်ခဲ့ကြကြောင်း သိရပါသည်။

          ပဲပေါ်စယခုလက်တလောအချိန်၌ ဒေသတွင်းပဲမျိုးစုံရောင်းဝယ်ရေး လုပ်ကိုင်သူများအနေဖြင့် မတ်ပဲတစ်တင်းလျှင် (၁၀၀၀၀၀)ကျပ် ဝန်းကျင်ခန့်ဖြင့် ဈေးဖွင့်ထားလျက်ရှိပြီး တောင်သူများ အနေဖြင့် လက်တလော ရိတ်သိမ်းပြီးပဲများကို လက်ဝယ်စုဆောင်းထားရှိကာ ပဲဈေးနှုန်းပိုမို ရရှိရေးအတွက် ဆက်လက်မျှော်လင့်လျက်ရှိ ကြောင်းသိရပါသည်။ 

DOCA(ပဲခူး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း